ရန်ကျောက်ကဲကို သွားပြီးရန်မစနဲ့
Vol. 39 Ch. 544
အခန်း (၅၄၄) ရန်ကျောက်ကဲကို သွားပြီးရန်မစနဲ့
“ငါ့ကို မုန်းတယ် ဟုတ်လား ၊ ဘာအကြောင်းကြောင့်များလဲ”
နျန်ချန်က ရှန်စစ်ချန်ကို နားမလည်နိုင်စွာကြည့်ရင်း မေးခွန်းထုတ်သည်။
ရှန်စစ်ချန်က တည်ငြိမ်သောမျက်နှာအမူအရာဖြင့်...
“ရန်ကျောက်ကဲ အချိန်မရွေး ရောက်လာနိုင်တယ် ၊ တခြားဂိုဏ်းကလူတွေလဲ ရောက်လာနိုင်သေးတယ် ၊ စကားများနေလို့ မရဘူး”
သူက ဆက်ပြောသည်။
“ကျွန်တော် ဆရာ့ကို ဘာ့ကြောင့်မုန်းရသလဲဆိုတာ ပြောမပြနိုင်တာ ခွင့်လွှတ်ပါ ၊ ပြီးတော့ ဒီတပည့်က ဆရာ့အပေါ် ဘာ့ကြောင့်အငြိုးထားရသလဲဆိုတာ ထုတ်မပြောနိုင်ပါဘူး ၊ ဘာပဲဖြစ်ဖြစ် ဆရာ့ကို တည်တည်ငြိမ်ငြိမ်နဲ့ သေလမ်းပို့ပေးခွင့်ရတာ ဒီတပည့် ကျေနပ်ပါတယ်”
ပြောပြီးသည်နှင့် နျန်ချန်၏ ရင်ဝတွင် ထိုးစိုက်ထားသော သူ၏လက်ချောင်းများကို ရှန်စစ်ချန်က စွန်ကုတ်လက်သည်းသဏ္ဌန် ဆွဲဆုပ်လိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအား အနှစ်သာရက နျန်ချန်၏ ကိုယ်တွင်းအင်္ဂါများကို ပြတ်တောက်သွားစေပြီး လက်ကျန်အသက်ဓာတ်လေးကို ပျက်ဆီးသွားစေသည်။
“ဝေါ့...”
နျန်ချန် သွေးတစ်ပွက်အန်ထုတ်လိုက်ပြီး မူလက ငွေရောင်တောက်ပနေသော ဆံပင်များက မှောင်မှိုင်းသော မီးခိုးပြာရောင်အဖြစ် ပြောင်းလဲသွားသည်။ သွေးနီနဂါးဂိုဏ်း၏ ထိပ်တန်းအဆင့် ဝါရင့်အကြီးအကဲ၏မျက်နှာသည် ယခုတော့ သေမင်းအရိပ် ဖုံးလွှမ်းလျှက် ရှိ၏။
အသက်မသေခင် နောက်ဆုံးအနေဖြင့် စိတ်က ကြည်လင်ရှင်းလင်းနေပြီး စိတ်အာရုံအတွေးများ ပိုမိုထင်ရှားစွာ ခံစားနေရသည့်တိုင် ခန္ဓာကိုယ်ပကတော့ အားနည်းသည်ထက် အားနည်းလာသည်။
သေခါနီးအချိန် သူ့စိတ်ထဲတွင် ထိုးထွင်သိမြင်မှုတစ်ခု ပေါ်လာသည်။ ယခင်က သူ အရေးမစိုက်မိခဲ့သော ပြဿနာအချို့ သူ့စိတ်အာရုံထဲတွင် ထင်ဟပ်လာသည်။
“အရာရာ... အရာအားလုံးကို မင်း... အစကတည်းက ကြံစည်ထားခဲ့တာပဲ”
နျန်ချန်က ရှန်စစ်ချန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း...
“မင်းရဲ့သမီးက အခုထိ အပျိုစင်ဘဝ မပျက်ဆီးသေးပါဘူး ၊ ဟို အယုတ်တမာလေး ရှီကျွင်းက သူ့ကို လုံးဝ မထိခဲ့ဘူး”
သူက ခက်ခက်ခဲခဲဖြင့် ဆက်ပြောသည်။
“ဟုတ်တယ်... ၊ ဝေအာ ရမ္မက်စိတ်တွေကြွပြီး မင်းရဲ့သမီးကို မတရားကြံတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ဒါပေမဲ့ မင်းရဲ့သမီးနဲ့ပတ်သက်ပြီး ရှီကျွင်းကသာ သူ့ကို မကျေမနပ်ဖြစ်အောင် တစ်ခုခုမလုပ်ခဲ့ဘူးဆိုရင် သူ ဒီလိုကြံစည်မှာ မဟုတ်ဘူး ၊ ဂိုဏ်းထဲကလူတွေလည်း ဒီလိုတွေးကောင်းတွေးကြမှာပဲ ၊ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့ ဂုဏ်သတင်းကိုထောက်ထားပြီး အမှန်ကိုမပြောဘဲ ရှီကျွင်းကိုပဲ အပြစ်ပုံချခဲ့ကြတယ်”
“ဒါပေမဲ့ အဘိုးတစ်ယောက်အနေနဲ့ ဝေအာက မင်းရဲ့သမီးလေးကို တကယ်မေတ္တာရှိတယ်ဆိုတာ ငါ သိနေပါတယ် ၊ ထူးခြားတဲ့အခြေအနေတစ်ခုကြောင့်သာမဟုတ်ရင် သူ့စိတ်တွေ ဒီလိုဖောက်ပြန်သွားမှာ မဟုတ်ဘူး ၊ ဟို ‘ရှီ’ မျိုးနွယ်ကောင်လေးကလည်း မင်းရဲ့သမီးနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုရင်... တကယ့်ပြဿနာက ဘာများလဲ”
နျန်ချန်၏မျက်ဝန်းများ လှုပ်ခါသွားသည်။
“အစက ဝေအာများ ရုတ်တရက် ဆင်ခြင်တုံတရားကင်းမဲ့သွားသလားလို့ ထင်နေခဲ့တာ ၊ လက်စသတ်တော့ ရှီကျွင်းနဲ့ ဝေအာကြားမှာ ပြဿနာဖြစ်အောင် မွှေနှောက်ခဲ့တာက မင်းရဲ့ အကျင့်ပျက်နေတဲ့သမီးပဲ ၊ ဒါ မင်းတို့သားအဖရဲ့ အကြံတွေပဲ”
ရှန်စစ်ချန်က နျန်ချန်ကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း ချီးကျူးစကားဆိုလိုက်သည်။
“ခင်ဗျား ခန့်မှန်းတာ အကုန်မှန်တယ် ၊ ဒါကြောင့် ယင်းအာက ဒီအစီအစဉ်ကို ပြောပြတော့ အန္တရယ်များလွန်းတယ်လို့ ခံစားမိလို့ သဘောမတူချင်ခဲ့ဘူး ၊ ဘာလို့လဲဆိုတော့ မအောင်မြင်ရင် ဆရာ ဂလဲ့စားချေတာကို ခံရမှာလေ ၊ အနည်းဆုံးတော့ ဆရာသံသယဝင်သွားနိုင်တယ် မဟုတ်လား”
“ဒါပေမဲ့လည်း... ခင်ဗျား သိုင်းသူတော်စင်ဖြစ်သွားတဲ့တစ်နေ့ကျ ဒီလိုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ ၊ ဒါကြောင့် ရတဲ့အခွင့်အရေးကို ဆုပ်ကိုင်လိုက်တာပဲ ၊ ပြီးတော့ အခွင့်အရေးဖန်တီးပေးတဲ့သူကလည်း ငါ့သမီးပဲ ၊ ဒီလိုကိစ္စမျိုးတွေမှာ ငါက ငါ့သမီးလောက် မတော်ဘူးလေ”
အခြေအနေအားလုံး ရှင်းလင်းသွားသည့်အခါ နျန်ချန်မှာ စိတ်တစ်ခုလုံး လွတ်ထွက်သွားမတတ် ခံစားလိုက်ရသည်။
သူက အသက်ကို ရုန်းကန်ရှူရှိုက်ရင်း...
“ရန်ကျောက်ကဲက ရှီကျွင်းအတွက် ငါတို့ဂိုဏ်းကို တိုက်ခိုက်မယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ”
အဘိုးအို၏မေးခွန်းမဆုံးခင်မှာပင် ရှန်စစ်ချန်က သူ၏လက်ကို ပိုမိအားစိုက်လိုက်ပြီး နျန်ချန်ကို အသေသတ်ပစ်လိုက်သည်။
နျန်ချန်၏မျက်လုံးများက ပြူးကျယ်စွာ ပွင့်ဟနေသော်လည်း အသက်ဓာတ်လင်းလက်မှု ပျောက်ဆုံးသွားခဲ့သည်။
ရှန်စစ်ချန်က နျန်ချန်ကို စူးစိုက်ကြည့်နေသည်။
ဆရာဖြစ်သူကို သူ့လက်ဖြင့်ကိုယ်တိုင်သတ်ဖြတ်ကာ နှစ်ပေါင်းများစွာ အောင့်အည်းခဲ့ရသောဆန္ဒကို ဖြည်းဆည်းပြီးသည့်နောက် များစွာသောစိတ်ခံစားချက်များ ရောယှက်လျှက် ခဏမျှ အတွေးလွတ်သွားသည်။
သို့သော် ချက်ချင်း သတိပြန်ဝင်လာပြီး သူ့လက်တစ်ဖက်ကို နျန်ချန်၏ရင်ဝမှ ပြန်လည်ထုတ်ယူလိုက်သည်။ ထို့နောက် သူက အဘိုးကြီးလက်ထဲမှ နဂါးကိုးကောင်လက်ချောင်းကို အာရုံစိုက်လိုက်သည်။ ထိုပစ္စည်းက သူတို့ဂိုဏ်း၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည် မဟုတ်ပါလား။
ပြီးပြည့်စုံခြင်းမရှိတော့သော နဂါးကိုးကောင်လက်ချောင်းကိုကြည့်ရင်း တည်ငြိမ်နေသော ရှန်စစ်ချန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
သူ ပြောခဲ့သလိုပင် သွေးနီနဂါးဂိုဏ်းတွင် နျန်ချန်ဖြစ်ဖြစ် ၊ ရှန်စစ်ချန်ဖြစ်ဖြစ် မရှိလျှင်ဖြစ်သည့်တိုင် “နဂါးကိုးကောင်လက်ချောင်း” ကတော့ ဆုံးရှုံး၍မဖြစ်နိုင်ပေ။
“ယင်းအာက တကယ်ဉာဏ်ကောင်းတယ် ၊ အခု နျန်ချန်သေပြီဆိုတော့... အရင်က ပြင်ဆင်ထားတဲ့အတိုင်း ဆက်လုပ်ရမလား ၊ တခြားအကြံအသစ်တစ်ခု ထုတ်ရမလားပဲ ၊ ဒီကိစ္စက ဂိုဏ်းရဲ့သိက္ခာကို ထိခိုက်နိုင်တယ်ဆိုပေမယ့် ဒီ နဂါးလက်အိတ်ကိုတော့ ရအောင်ပြန်ပြင်ရမှာပဲ”
ရှန်စစ်ချန် သက်ပြင်းချလိုက်သည်။
“ရန်ကျောက်ကဲကို သွားရှာတာကတော့ လုံးဝ အသုံးမဝင်နိုင်ဘူး ၊ ဟို ‘ရှီ’ မျိုးနွယ်ကောင်လေးကိုပဲ အားကိုးရမယ်ထင်တယ်”
ရန်စစ်ချန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ နဂါးလက်သည်း (၇)ချောင်းကျန်ရှိသော နဂါးလက်အိတ်က သူ့ထံ လွင့်ပျံလာသော်လည်း အပိုင်းအစလက်သည်းတစ်ချောင်းကတော့ လေထဲတွင် အေးခဲရပ်တန့်နေသည်။
“ဟင်...”
ရှန်စစ်ချန်စိတ်ထဲ သတိပေးခေါင်းလောင်းသံများ မြည်ဟည်းသွားသည်။
ထိုအချိန် နဂါးလက်သည်းအပိုင်းအစဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“ကြယ်စင်လှည့်ပြောင်းပင်လယ်မှာ မင်းနဲ့ မင်းရဲ့သမီး ဘယ်လိုဆက်သွယ်ခဲ့သလဲဆိုတာ ငါလည်း အရမ်းသိချင်နေမိတာ”
နဂါးကိုးကောင်လက်ချောင်းအပိုင်းအစမှ အလင်းတန်းတစ်ခုထွက်ပေါ်လာသည်ကို တွေ့ရသည့်အခါ ရှန်စစ်ချန် အလွန်အမင်း ထိတ်လန့်သွားသည်။ အလင်းတန်းထဲတွင် အလွန်တရာကြီးမားသော ကျောက်တိုင်လုံးကြီးတစ်ခုနှင့် ထုတ်တန်းကြီးတစ်ခုရှိနေပြီး ထိုအရာနှစ်ခုက ထူးခြားစွာ ပေါင်းစည်းလျှက် ရှိကြသည်။
ကျောက်တိုင်လုံးကြီးအောက်မှာ လူတစ်စုရပ်နေပြီး ခေါင်းဆောင်ကတော့ ရန်ကျောက်ကဲ ကိုယ်တိုင် ဖြစ်၏။ ရန်ကျောက်ကဲအနားတွင် ရွှီဖေး ၊ ရှီကျွင်းနှင့် ချန်လီတောင်မှ သိုင်းသမားများ ရှိနေကြသည်။ ရှန်စစ်ချန်၏နှလုံးသားကို ပိုမိုကြေမွသွားစေသည့်အချက်မှာ ရေသလင်းနန်းတော် ၊ ဓားအသင်္ချေရေကန်နှင့် ပြန်လမ်းမဲ့ဝိညာဉ်ကျွန်းမှ သိုင်းသမားများလည်း အတူတူ ရှိနေကြခြင်းပင်။
အခြားဂိုဏ်းသားများက သိပ်အများအပြားမရှိကြပေ။ တစ်ယောက်တန်သည် နှစ်ဘောက်တန်သည်သာ ရှိကြသည်။ သို့သော် သူတို့က ကဲ့ရဲ့လှောင်ပြောင်လိုသောအကြည့်များ ၊ အံ့သြတုန်လှုပ်သောအကြည့်များဖြင့် ရှန်စစ်ချန်ကို ကြည့်နေကြသည်။
မြင်ကွင်းကိုကြည့်ရင်း ရှန်စစ်ချန်မှာ အလွန်တရာ ရင်နင့်ခံစားလိုက်ရ၏။
သူထိန်းချုပ်ထားသည့် နဂါးကိုးကောင်လက်ချောင်းဖြင့်သာ အားလုံးကို တိုက်ခိုက်လိုက်ချင်သည်။
သို့သော် နဂါးကိုးကောင်လက်ချောင်းမှာ အချိန်တိုအတွင်း ပြုပြင်နိုင်ခြင်းမရှိသဖြင့် အခြားသူများကို တိုက်ခိုက်ရာတွင် အသုံးမပြုနိုင်ပေ။ သူ့ကိုယ်တိုင်ထွက်ပြေးလွတ်မြောက်ရန်အတွက်တော့ ကူညီပေးနိုင်ပေမည်။
သို့ရာတွင် ရန်ကျောက်ကဲက လက်တစ်ဖက်အသာဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ထုတ်တန်းကြီးမှ အလင်းရောင်များရောယှက်သွားပြီး တောက်ပသော သက်တံ့ရောင်များ ထွက်ပေါ်လာကာ နဂါးကိုးကောင်လက်သည်းကို ငြိမ်သက်သွားအောင် ဖိနှိပ်လိုက်၏။
ရှန်စစ်ချန် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။
ရန်ကျောက်ကဲက ရှားလော်ဂိုဏ်းချုပ် ‘ဖုန်းကျင်းရှန်’ ကို မည်သို့ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ပြန်လည်မြင်ယောင်လာသည်။ လက်ရှိ ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အသုံးမပြုသော်လည်း နဂါးကိုးကောင်လက်ချောင်း မပါရှိဘဲ ဤနေရာမှ ထွက်မပြေးနိုင်ကြောင်း ရှန်စစ်ချန် နားလည်သွားသည်။
ရန်ကျောက်ကဲက သူ့ဘေးနားတွင် မှင်တက်စွာမတ်တတ်ရပ်နေသည့် ရှီကျွင်းကို လှည့်ကြည့်ရင်း...
“ကျွင်းအာ... မင်း ငါ့ကိုတွေ့တုန်းကအချိန်ကို မှတ်မိသေးလား ၊ မင်း ငါ့ကိုတွေ့တော့ ပျော်သွားတာပဲရှိတာ ၊ အံ့အားသင့်တာထက် ပျော်တဲ့ဘက်ကိုပိုများတယ် ၊ ပြီးတော့ မင်း ငါ့ကို ရှန်ယင်းနဲ့ မိတ်ဆက်ပေးတုန်းကလည်း ငါ့အကြောင်းသိပြီးသားလိုမျိုး မိတ်ဆက်ပေးတယ်လေ”
သူက ဆက်ပြောသည်။
“ဒီတော့ အရင်ကတည်းက မင်း ငါ့အကြောင်း သတင်းတစ်ခုခု ကြားထားတယ် မဟုတ်လား ၊ မင်း ကြယ်စင်လှည့်ပြောင်းပင်လယ်ထဲ ခရီးထွက်နေတာ ချန်လီတောင်က ငါရောက်နေတဲ့သတင်းပို့တာတော့ ရရှိဖို့ ခက်ခဲမှာပဲ”
ရှီကျွင်းက...
“ကျွန်တော် ချန်လီတောင်ကသတင်းကို မရခဲ့ပါဘူး ၊ ဒါပေမဲ့ ကြယ်စင်လှည့်ပြောင်းပင်လယ်မှာ ကျွန်တော့်ထက်နောက်ကျပြီး ရောက်လာတဲ့လူတွေနဲ့ တွေ့ဆုံခဲ့ရတယ် ၊ သူတို့ ပြောဆိုနေတဲ့သတင်းတွေကတစ်ဆင့် ဆရာဦးလေး ရောက်လာတယ်ဆိုတာ သိလိုက်ရတာ”
ရှီကျွင်းက အနည်းငယ် မျက်နှာမကောင်းဖြစ်သွားပြီး...
“အဲဒီတုန်းက ‘ရှန်’ မိန်းကလေးနဲ့ သွေးနီနဂါးဂိုဏ်းကလူတွေလည်း အနားမှာ ရှိနေကြတယ်”
ရှီကျွင်းက မချိပြုံးပြုံးရင်း...
“အဲဒီတုန်းက ဓားအသင်္ချေရေကန်နဲ့ ကြံ့ဝိညာဉ်ကျွန်းကလူတွေလည်း ရှိနေတယ် ၊ အမေ့အတွက် ဆေးဝါးရှာဖွေနေတာမို့လို့ ဘယ်သူနဲ့မှ မတိုက်ခိုက်ချင်တာနဲ့ ကျွန်တော်တို့ ဆက်ဆံရေးကိုလည်း မပြောခဲ့သလို ဘာမှလည်း မမေးမြန်းခဲ့ပါဘူး ၊ ဒါပေမဲ့ ကျွန်တော် အမူအရာတစ်ခုခုပြောင်းလဲတာ ‘ရှန်’ မိန်းကလေးက သတိထားမိသွားပုံရတယ်”
ရန်ကျောက်ကဲ သမုဒ္ဒရာကမ္ဘာသို့ရောက်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သန့်စင်ကာ ဖန်းခန်းကို သတ်ဖြတ်ပြီး လင်ချန်းချန်ကို ပြန်လည်ဆုတ်ခွာသွားစေသည့်အကြောင်း ရှီကျွင်း သတင်းကြားခဲ့ရသည်။ ဆရာဦးလေးဖြစ်သူ၏ တန်ခိုးစွမ်းအားကို ကြားသိရသည့်အခါ ရှိကျွင်းမှာ တုန်လှုပ်အံ့သြသလို အလွန်တရာလည်း ပျော်ရွှင်သွာခဲ့သည်။ ရန်ကျောက်ကဲနှင့်လည်း တွေ့ချင်စိတ်အလွန်တရာ ပြင်းပြခဲ့၏။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“သေချာတယ် ၊ မင်းကို ငါ့ရဲ့တူလေးမှန်းမသိပေမယ့် ငါတို့တစ်ခုခုပတ်သက်ရမယ်ဆိုတာကို သူ ရိပ်မိသွားလိမ့်မယ်”
သူက ရှီကျွင်း၏ပခုံကို အသာပုတ်ရင်း...
“မင်းကို အပြစ်တင်လို့မရဘူး ကျွင်းအာ ၊ တကယ်တော့ ‘ရှန်’ မိန်းကလေးက အရမ်း သရုပ်ဆောင်ကောင်းတယ်လေ”
ရန်ကျောက်ကဲက ရှန်စစ်ချန်ကို လှမ်းကြည့်ရင်း...
“မင်းရဲ့သမီးက အသက်ငယ်ငယ်နဲ့ အတော်လေးကို ကျွမ်းကျင်တာပဲ ၊ တကယ်တော့ သူ ငါ့ရှေ့မှာ ဘာအမှားအယွင်းမှ မရှိခဲ့ဘူး ၊ ငါနဲ့ ကျွင်းအာကြားက ဆက်ဆံရေးကို ရိပ်မိပြီး တစ်ခုခု မကောင်းကြံနေတယ်လို့ ထင်ရက်စရာမရှိဘူး ၊ ဒါပေမဲ့ ငါ အစကတည်းက သံသယဝင်မိလို့ အတော်လေး ခံသာသွားတယ် ၊ ဟက်... ငါနဲ့တွေ့ရတာ မင်းတို့သားအဖ ကံဆိုးဖို့ ဖြစ်လာတာပဲ”
စကားဆုံးသွားသည့်နောက် ရန်ကျောက်ကဲ ဘယ်ဘက်မျက်ဝန်းမှ အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ဝေဟင်အလယ်တွင် ရုပ်ပုံများထင်ဟပ်လာသည်။
အားလုံး ခေါင်းမော့ကြည့်လိုက်တော့ မြင်ကွင်းတစ်ခု တွေ့မြင်ရ၏။
ရှီကျွင်းက နျန်ဝေကို သတ်ဖြတ်ပြီးနောက် ရေအောက်ကျောက်ဂူအတွင်းရှိ နန်းတော်ကြီးထဲတွင် ရှိနေသော ရှီကျွင်းနှင့် ရှန်ယင်းတို့၏ မြင်ကွင်းပုံရိပ် ဖြစ်သည်။
ရှီကျွင်းက ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးထက်မှ အင်းသင်္ကေတများကို လေ့လာနေစဉ် နောက်တွင် ရပ်နေသည့် ရှန်ယင်းမျက်နှာထက်မှ အပြုံးကိုတွေ့ရသည့်အခါ သူတို့စိတ်ထဲ အေးစက်စွာ ခံစားလိုက်ကြရသည်။
ထိုအပြုံးက ကရုဏာတရား ၊ ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နက်နေသော အပြုံးတစ်ပွင့်မဟုတ်သလို ကောက်ကျစ်အေးစက်သည့်အပြုံးတစ်ပွင့်လည်း မဟုတ်ပေ။ သို့သော် သူမဖြစ်ချင်သည့်အရာအားလုံး အစီအစဉ်အတိုင်းဖြစ်လာသည်ဆိုသော ယုံကြည်မှုနှင့် ကျေနပ်မှုများ လွှမ်းမိုးနေသည့် အပြုံးဖြစ်သည်။
ထိုအပြုံးကို တွေ့မြင်လိုက်ရသဖြင့် ရန်ကျောက်ကဲစိတ်ထဲ ရှန်ယင်းကို အနည်းငယ် သံသယဝင်မိခြင်းဖြစ်သည်။ သူတို့ ကျွန်းငယ်လေးထက် ရောက်လာတော့ “နျန်ဝေက သူမကို မတရားကြံခြင်း မဟုတ်ပါ” ဟု အဖြေကို ကြားရသည့်အခါ ရန်ကျောက်ကဲ၏သံသယများက ပိုမိုခိုင်မာသွားသည်။
ဒီမြင်ကွင်းကိုမြင်တော့ ရှန်စစ်ချန် က သက်ပြင်းတစ်ချက်ချရင်း...
“မင်း အစောကြီးကတည်း သိနှင့်နေပြီးသားပဲ... ၊ ဒါနဲ့တောင်များ... ဘာကြောင့် ဒီလိုလုပ်ရတာလဲ”
ရန်ကျောက်ကဲက...
“တရားခံက မင်းတို့ဆိုတာသိလျက်နဲ့... နျန်ချန်နဲ့ သူသေကိုယ်သေ ဘာလို့တိုက်ရသလဲဆိုတာကို မေးချင်တာ မဟုတ်လား...”
“ဟက်... ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က နျန်ချန်ကို သတ်ပစ်ချင်လို့ပဲ ၊ ပြီးတော့ နျန်ချန်တင်မကဘူး ငါ့ရန်သူတွေကိုပါ အကုန်ရှင်းပစ်ချင်တာလေ... ရှားလော်ဂိုဏ်းတို့ ၊ ကြံ့ဝိညာဉ်ကျွန်းတို့ရောပေါ့ကွာ...”
သူက နေရောင်ခြည်ပမာ တောက်ပစွာ ပြုံးလိုက်ရင်း...
“အခုလို ကြုံတုန်း လက်စတုံးလိုက်ရတာ သူတို့ဂိုဏ်းအထိ သွားသတ်ရတာထက် ပိုလွယ်ကူတယ်လေ”
ရန်ကျောက်ကဲအပြုံးက နွေးထွေးဟန်ရှိသော်လည်း ရှန်စစ်ချန်မှာတော့ တစ်ကိုယ်လုံးတုန်ယင်သွားပြီး အရိုးထဲအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
သူတို့သားအဖက နျန်ချန်ကိုသတ်ဖြတ်ရန်အတွက် ရန်ကျောက်ကဲကို အသုံးချခဲ့သော်လည်း ယခုတော့ ရန်ကျောက်ကဲက သူ၏ရန်သူများကို သတ်ဖြတ်ရန် သူတို့အားလုံးကို အသုံးချသွားခဲ့သည်။
ဤနေရာတွင်ရှိနေကြသူများအားလုံး ခြေဖဝါးအောက်ခြေမှ ငယ်ထိပ်အထိ အေးခဲမတတ် တုန်လှုပ်သွားကြရ၏။
“ဒီလူငယ်ကို သွားပြီး ရန်စလို့ မဖြစ်ဘူးပဲ”