← Chapters

လက်တုံ့ပြန်ရန်အတွေး ပေါက်ဖွားလာခြင်း

Vol. 09 Ch. 430

လက်တုံ့ပြန်ရန်အတွေး ပေါက်ဖွားလာခြင်း

Vol. 09 Ch. 430

ခန်းရှ ယခုအချိန်တွင် အတော်လေး ကူကယ်ရာမဲ့နေသည်။ ထန်ရှုသည် သူမနှင့်အင်ဒီတို့၏ ကုမ္ပဏီလည်ပတ်နိုင်စွမ်းကို တန်ဖိုးထားရုံသာမက သူတို့၂ယောက်၏ ကျင့်ကြံမှုကိုလည်း အလေးထားကြောင်း ယခု သူမ နားလည်လာခဲ့သည်။

"ငါ သေချာပေါက် ကြိုးစားပါ့မယ်သူဋ္ဌေး။" ခန်းရှ လေးနက်စွာ ပြောလိုက်သည်။

"မင်းရဲ့စကားတွေကို မှတ်ထားပါ။ မင်းလည်း အင်ဒီ့ရဲ့အဆင့်ကို မကြာခင်ရောက်ဖို့ ငါ မျှော်လင့်တယ်။" ထန်ရှုက ပြုံးလိုက်ရင်း

"မင်း အဲ့ဒီအဆင့်ကို ရောက်ရင် ကျင်းမန်ကျွန်းကို ငါ အလည်ခေါ်သွားမယ်။"

“အိုကေ…”

ခန်းရှသည် ကျင်းမန်ကျွန်းရှိ ထာဝရခန်းမရုံးချုပ်သို့ အမြဲ သွားရောက်ချင်ခဲ့သည်။ ထန်ရှု၏ကတိက ထိုဆန္ဒကို ပိုမိုခိုင်မာစေခဲ့ပြီး သူမအား ယခုမှစ၍ ပိုမိုကြိုးစားရန် လှုံ့ဆော်ပေးနေသကဲ့သို့ပင်။

ထန်ရှုက သူ၏လက်အား ဝှေ့ယမ်းပြီး "မင်းတို့နှစ်ယောက်လည်း ပြန်ကြတော့။ ငါ မနက်စောစော ရှန်ဟိုင်းကို ပြန်မယ်။ ခမ်းနားသောထန်လုပ်ငန်းက ကိစ္စတွေကတော့ မင်းတို့နဲ့ပဲ လွှဲထားခဲ့မယ်။"

"မနက်ဖြန် ရှန်ဟိုင်းကို ပြန်တော့မလို့လား သူဋ္ဌေး။ ဒါဆို နင် ဘယ်တော့ ပြန်လာမှာလဲ။”ခန်းရှက အလျင်စလို မေးလိုက်သည်။

"စိတ်အေးအေးနေပါ။ အခုက စက်တင်ဘာ ၂၀ရက်နေ့ ရောက်ပြီလေ။ နိုဝင်ဘာလအားလပ်ရက်မှာ ပြန်လာခဲ့မယ်။" ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားရတော့မှ ခန်းရှ ပြန်ပြုံးလာနိုင်ပြီး ခေါင်းညိတ်ပြကာ

"အွန်း … ဒါဆို ငါတို့ ပြန်တော့မယ်။ ကျန်းမာရေး ဂရုစိုက်ပါ သူဋ္ဌေး…”

ထန်ရှုက ခေါင်းညိတ်ကာ အပြုံးဖြင့် တုံ့ပြန်သည်။

ခန်းရှနှင့် အင်ဒီထွက်သွားပြီးနောက် လုံကျန့်လင်းက မေးစေ့ကို ပွတ်ကာ ပြုံးနေရင်း

"ဝိုး…ဝိုး… ခန်းရှက မင်းကို သေချာပေါက် ချစ်နေပြီလို့ ငါ ပြောရဲတယ် အစ်ကိုကြီး။ မင်းကို စကားပြောတဲ့အချိန် သူမရဲ့မျက်လုံး၊ အမူအရာနဲ့ စကားသံက ချစ်သူနဲ့ ခွဲခွာနေရတာကို မကြိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံစံ အသေအချာပဲ။

ထန်ရှုက အပြုံးဖြင့်

“ဒုတိယသခင်လေးလုံ … ငါတို့မတွေ့တာ အတော်ကြာသွားတဲ့အချိန် မင်းက စကားချိုချိုလေးတွေကို ပြောဆိုရာမှာ တိုးတက်လာတယ်လို့ ငါ နားလည်သွားပြီ။ ငါ့ကို ပြောပါဦး … အပြာရောင်မြို့ကို သွားပြီး အရူးလုပ်ကစားနေတာ အဲ့ဒီမှာ ကောင်းတာတစ်ခုခုများ ရလာခဲ့တာလား။”

လုံကျန့်လင်း၏မျက်နှာထက်မှ အကြောအချဉ်များ တောင့်တင်းသွားသည်။ ခဏအကြာတွင် သူက နောက်စိကို ကုတ်ကာ ပြုံးပြရင်း

"အကိုကြီး … ဒီစိတ်မကောင်းစရာအကြောင်းတွေ ပြောနေတာ ကျော်သွားလို့ရမလားဗျာ။"

"ငါ မင်းကို သတိပေးသင့်တယ် ကျန့်လင်း။ မင်းက သူငယ်ချင်း အပေါင်းအသင်းအပေါ်  ဖြောင့်ဖြောင့်မတ်မတ်နဲ့ သစ္စာစောင့်သိတယ်ဆိုပေမယ့်လည်း အဲ့ဒီလိုတရားရုံးတွေကို ချဉ်းကပ်ပြီး လုပ်ဆောင်တာက ဘေးဖြစ်စေနိုင်သလို အခြားသူတွေနဲ့ အလွယ်တကူ ရန်သူဖြစ်သွားစေလိမ်မယ်။ သူများကို သွားအရူးလုပ်နေတာကို ရပ်လိုက်တော့ ကျန့်လင်း။ မင်းရဲ့လုံမိသားစုက အထင်ကြီးလောက်စရာကောင်းပေမယ့် ပိုမို သန်မာပြီး ပိုကြောက်စရာကောင်းတဲ့ မိသားစုကြီးတွေ နိုင်ငံထဲမှာ ရှိသေးတယ်။”

လုံကျန့်လင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖန် ရပ်တန့်သွားပြန်သည်။ သူသည် တုံးအပြီး မစဉ်းစားတတ်သောသူတစ်ယောက် မဟုတ်ပေ။ ဒီနေ့ည ဖြစ်ပွားခဲ့သော ကိစ္စနှင့်စပ်လျဉ်းပြီး တစ်ခုခုတွေးခဲ့သည်။ ယခု ထန်ရှု၏စကား ကြားသည့်အခါ တိတ်တဆိတ် ခေါင်းညိတ်ပြီး "ဟုတ်တယ်။ ငါလည်း အဲဒါကို စဉ်းစားပြီးပြီ အစ်ကိုကြီး။”

"မင်းရဲ့ကိုယ်ပိုင်စိတ်နှလုံးသားကို မင်းက အကောင်းဆုံးသိထားတာပဲ။" ထန်ရှုက ရယ်ပြီး

"ဒါနဲ့ ငါ တစ်ညလုံး ဘာမှ မစားရသေးဘူး။ သွားကြရအောင်။ ငါ့ကို တစ်ခုခုစားဖို့ မင်းအိမ်ကို ခေါ်မသွားချင်ဘူးလား။"

"အမ်…" လုံကျန့်လင်း အံ့သြဝမ်းသာသွားပြီး

"အစ်ကိုကြီး … ငါ့နဲ့ လိုက်ချင်တာလား။"

“ငါ့အဝတ်အစားတွေမှာ သွေးစွန်းနေတယ်။ ငါသာ ဒီအတိုင်း အိမ်ပြန်ရင် ငါ့မိဘတွေက သေချာစစ်ဆေးတော့မှာကွ။” ထန်ရှုက သူ၏ကုတ်အင်္ကျီကို ကြယ်သီးဖြုတ်ကာ ချွတ်ရင်း ပြောလိုက်သည်။

"အဲ့ဒါကြောင့် မင်းအိမ်ကို သွားကြရအောင်။ ငါ ရေချိုးဖို့ လိုတယ်။ ပြီးရင် ဝိုင်သောက်မယ်။ ငါ့ကားနောက်ဖုံးထဲမှာ နတ်ဘုရားဝတ်ရည်တွေ ထည့်ထားတယ်။"

ထန်ရှုနှင့် အပြင်ဘက်သို့ လျှောက်လာသော လုံကျန့်လင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက အားရပါးရ ရယ်ပြီး

“အစ်ကိုကြီး … မင်းက ဖေးရှန်နဲ့ ဟွမ်ရှို့တို့ကို နတ်ဘုရားဝတ်ရည်ဝိုင်တချို့ ပေးမယ်လို့ ကတိပေးတယ်။ ငါ့ကိုလည်း ချန်မထားနဲ့ဦး။ ဘာပဲဖြစ်ဖြစ် ဆယ်သေတ္တာ ... မဟုတ်ဘူး … နတ်ဘုရားဝတ်ရည် သေတ္တာ နှစ်ဆယ် လိုချင်တယ်။”

"ကောင်းပြီ ငါ မင်းကို သေတ္တာသုံးဆယ်ပေးမယ်။" ထန်ရှုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး

"ဒါပေမယ့် မင်းအဘိုးကြီးအတွက် ဆယ်သေတ္တာနဲ့ မင်းအစ်ကိုကြီးအတွက် ဆယ်သေတ္တာတော့ မင်း ပေးရလိမ့်မယ်။"

ရုတ်ခြည်းပင် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ထန်ရှုသည် သူ၏ဖုန်းကို ထုတ်ကာ ခန်းရှဆီ ဆက်လိုက်သည်။ ခန်းရှနှင့် အဆက်အသွယ်ရပြီးနောက် သူက

“နောက်နှစ်ရက်လောက်ကျရင် ချန်းကျီကျုံးနဲ့ ယွမ်ကျန်းရွှမ်တို့ဆီ နတ်ဘုရားဝတ်ရည် ဆယ်သေတ္တာစီ ပို့ပေးလိုက်ပါဦး။”

"အိုကေ…" ခန်းရှက အသံလွင်လွင်လေးဖြင့် ရယ်ရင်း နူးညံ့စွာ တုံ့ပြန်သည်။

"နောက်ပြီး ကိုယ့်အတွက် ဝိုင်သေတ္တာငါးလုံးကို ပြင်ပြီး တောင်တံခါးမြို့အိမ်ရာကို တစ်ယောက်ယောက်ကို ပို့ခိုင်းပေးပါ။ မနက်ဖြန် ရှန်ဟိုင်းကို ယူသွားမလို့။" ထန်ရှုက ထပ်မံဖြည့်စွက်လိုက်သည်။

"အိုကေ … အဆင်ပြေရစေမယ်။" ခန်းရှက ထပ်ပြီး ကတိပေးလိုက်သည်။

ဖုန်းပြောပြီးနောက် ထန်ရှုနှင့် လုံကျန့်တို့သည် လုံစားသောက်ခန်းမမှ ထွက်လာခဲ့ကြသည်။ အံ့အားသင့်နေသော လုံခြုံရေးဝန်ထမ်းများ၏ အကြည့်များအောက်တွင် သူသည် လုံခြုံရေးအစောင့်တစ်ဦးထံမှ သူ၏ကားသော့အား ပြန်ယူကာ ကားမောင်းထွက်ခွာသွားခဲ့သည်။

လုံကျန့်လင်း နေထိုင်သည့် အိမ်ဝင်းသည် ကြယ်တာရာတက္ကသိုလ်အနီးတွင် တည်ရှိရာ နေရာအနေအထားနှင့် ပတ်ဝန်းကျင်အရ ကောင်းမွန်ပေသည်။ ကြယ်တာရာတက္ကသိုလ်မှ  အမျိုးသမီးကျောင်းသူများ၏ အနောက်သို့ လိုက်ရန် လွယ်ကူသောကြောင့် ဤအိမ်ကြီးကို ဝယ်ယူရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟူသော အကြံကောင်းအား သကောင့်သားလုံကျန့်လင်းထံမှ ထန်ရှု သိခဲ့ရသည်။

ကြယ်တာရာ ယလောင်ဥယျာဉ်…

ထိုနေရာသည် ကြယ်တာရာ၏ အဆင့်မြင့်အိမ်ရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် အိမ်တစ်လုံးတည်း မဟုတ်သော်လည်း ချမ်းသာသောသူများသာ အိမ်ဝယ်ဖို့ တတ်နိုင်ကြပေသည်။ ချန်းစီလွေ့သည် ကြယ်တာရာသို့ လာသည့်အခါတိုင်း ဤနေရာတွင် နေလေ့ရှိသည်။

ပုံမှန်အားဖြင့် ချန်းစီလွေ့သည် သည်နေရာသို့ ရောက်တိုင်း ဆိတ်ငြိမ်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း တစ်ခုခုကို ခံစားရသည်။ သို့သော် ဒီနေ့တွင် သူ၏မျက်နှာသည် ရေခဲတမျှ အေးစက်နေပြီး ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေရသည်။ ထို့ပြင် သူ၏အနောက်တွင် ပါလာသော ချန်းစီအန်းသည်လည်း သွေးများစီးကျနေသော နှာခေါင်းနှင့် ဖူးရောင်နေသည့် မျက်နှာဖြင့် ရှိနေလေရာ

မူလရုပ်ရည်နှင့် အတော်ကွာခြားလှပေသည်။ ချန်းစီအန်းက အိမ်ထဲဝင်သွားပြီး ဒေါသတကြီး ပစ္စည်းများအား ရိုက်ခွဲပစ်လိုက်သည်။

"အစ်ကို … ငါ့ကို ပြောပါ။ ဘာကြောင့်လဲ။"

ချန်းစီအန်း၏မျက်လုံးများသည် ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည့်အလားပင်။ သူ၏ဒေါသအတွက် ထွက်ပေါက်ရှာပြီးနောက် ချန်းစီလွေ့အား ဒေါသတကြီး အော်ဟစ်မေးမြန်းရင်း နွမ်းနယ်လာသည်။

ချန်းစီလွေ့က ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်ရန် ချန်းစီအန်းအား ညွှန်ပြလိုက်သည်။ ထို့နောက် သူက ပေါ့ပါးသောလေသံဖြင့်

" ထန်ရှုသာ အပြာရောင်မြို့ မှာဆိုရင် ငါ့မှာ ရှိသမျှ အကုန်သုံးပြီး သူ့ကို ဟိုတယ်ကနေတောင် ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ကြယ်တာရာက သူတို့ရဲ့ နယ်မြေ။ ဘာပဲဖြစ်ဖြစ် သန်မာတဲ့ နဂါးတစ်ကောင် ဖြစ်ရင်တောင်  ဒေသခံမြွေတွေကို ဘယ်သောအခါမှ မနှိမ်နင်းနိုင်ဘူး။ ဒါကို မင်းလည်း ရှင်းရှင်းလင်းလင်း သိထားသားပဲ။”

“ယီး … ယီးလိုပဲ…” ချန်းစီအန်း အော်ဟစ်လိုက်သည်။

"ထန်ရှုက အရမ်းသန်မာတယ်ဆိုပေမယ့် သူ့ပတ်ဝန်းကျင်မှာ သာမန်အညတတြလူအုပ်ကလွဲလို့ ဘာမှမရှိဘူး။ သူ့ကို ငါတို့ချန်းမိသားစုက အညံ့ခံလိုက်ရတယ်ဆိုတာ  ယုံတောင် မယုံနိုင်ဘူး။"

"ထန်ရှုချည်းသာဆိုရင် ငါ အလျှော့ပေးမယ်လို့ မင်း ထင်လား။" ချန်းစီလွေ့က လေသံအေးစက်စက်ဖြင့် ပြန်အော်ပေးလိုက်သည်။

"နောက်ထပ် ဘယ်သူ ဖြစ်နိုင်သေးလဲ။" ချန်းစီအန်းက  တွေဝသွေားကာ လေသံမာဆတ်ဆတ်ဖြင့် မေးလိုက်သည်။

"လုံမိသားစု…" ချန်းစီလွေ့က ဖြေသည်။

"သောက်ကျိုးနည်း … မင်း ငါ့ကို နောက်နေတာလား … အစ်ကိုကြီး။ လုံကျန့်လင်းက အသုံးမကျ၊ အပျော်အပါးမက်တဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ပလေးဘွိုင်တစ်ယောက်ပဲ။ သူ့လိုကောင်က လုံမိသားစုကို ကိုယ်စားပြုနိုင်ပါ့မလား။" ချန်းစီအန်း အော်ပြောလိုက်သည်။

"မင်းထက်စာရင် လုံမိသားစုခေါင်းဆောင် လုံဟန်ဝမ်ရဲ့ စိတ်နေသဘောထားကို ငါက ပိုရှင်းရှင်းလင်းလင်း သိတယ်။ သူက သားသမီးကို ချစ်တတ်တဲ့ မိဘပဲ။ လုံကျန့်လင်းက ကြားဝင်စွက်လို့ သူနဲ့ ထိပ်တိုက်တွေ့ခဲ့ရင် လုံဟန်ဝမ်ရဲ့ လက်တုံ့ပြန်မှုကို ငါတို့ မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်ရမယ်။ နောက်ပြီး ခမ်းနားသောထန်မှာ သူ့ရဲ့အစုရှယ်ယာတွေ ရှိတယ်လို့ လုံကျန့်လင်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ အဲ့ဒီကုမ္ပဏီက ထုတ်ကုန်အများကြီး ရှိလို့ တစ်ခုစီကနေ အမြတ်အစွန်းများစွာ ရနိုင်တယ်။ ငါတို့က ကုမ္ပဏီရဲ့အကျိုးစီးပွားကို သွားနှောင့်ယှက်လိုက်မယ်ဆိုရင် လုံမိသားစုရဲ့အကျိုးစီးပွားကို ထိခိုက်စေတာနဲ့အတူတူပဲ။ ဒီလိုအခြေအနေမျိုးကြုံလာရင် ငါတို့က  အကျိုးဆက်တွေ ဖြစ်လာမှာ၊ လုံမိသားစုက တုံ့ပြန်မှာကိုတောင် မတွေးဘဲ ကြယ်တာရာမှာ လှုပ်ရှားတယ်လို့ မထင်ပေဘူးလား။”

ချန်းစီအန်း တိတ်ဆိတ်သွားသည်။ သာမန်အချိန်များတွင် သူသည် အလွန်လိမ္မာပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ ဒီနေ့ညတွင် သူ အရမ်း မဆင်မခြင်ဖြစ်နေရသည့် အကြောင်းအရင်းသည် သူ အသည်းကွဲရမည်ဟု မထင်ထားသောကြောင့် ရုတ်တရက် ထူပူသွားကာ လုပ်ခဲ့မိခြင်းဖြစ်သည်။ ယခုအချိန်တွင် ထိုအကြောင်းအား သေချာစဉ်းစားပြီးသည့်နောက် သူ့အစ်ကိုကြီး ပြောသည့်စကားသည် အဓိပ္ပာယ်ရှိမှန်း သူ သိလာခဲ့သည်။

"ဒါဆို ငါတို့ ဒီတိုင်း ငြိမ်ခံလိုက်ရမှာလား။"

"ငါတို့ချန်းမိသားစုရဲ့ရာဇဝင်မှာ ရှုံးတာဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး။" ချန်းစီလွေ့က ထီမထင်ဟန်ဖြင့် ပြောလိုက်ပြီး

"ဒီည အဲ့ဒီထန်ရှုဆိုတဲ့ကောင် မိုက်မိုက်ကန်းကန်း လုပ်လိုက်တာကို တစ်နေ့တော့ သူ့ကို ငိုအောင် ငါ သေချာပေါက်လုပ်မှာ။ ကြည့်နေပါ အဲဒီနေ့က သိပ်မကြာတော့ဘူး။"

…ဒေါက် … ဒေါက် ...

သူ့စကားဆုံးသွားသည်နှင့် တံခါးခေါက်သံပြင်းပြင်း ထွက်ပေါ်လာသည်။

ချန်းစီလွေ့က ထပြီး တံခါးဖွင့်ပေးလိုက်သည်။ ဟွမ်ရှို့နှင့် ဖေးရှန် အပြင်တွင် ရပ်နေသည်ကိုမြင်သည်နှင့် ချက်ချင်း မျက်မှောင်ကြုတ်သွားကာ လေသံအေးစက်စက်ဖြင့်

"မင်းတို့က ဘာလိုချင်လို့လဲ။"

ဖေးရှန်က အားတင်းပြုံးပြီး

“ငါ မင်းကို တစ်ခုပြောစရာရှိလို့ အဲဒါကြောင့် လာခဲ့တာ။"

ချန်းစီလွေသည် တစ်ခဏမျှ ငြိမ်သက်နေပြီးမှ အိမ်ထဲသို့ ဝင်သွားသည်။

ဟွမ်ရှို့နှင့် ဖေးရှန် ဧည့်ခန်းထဲသို့ ဝင်လာပြီးနောက် သူတို့နှစ်ယောက်သည် ချန်းစီလွေနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် ဖေးရှန်က တည့်တိုးပင် ပြောသည်။

“စီလွေ့ … ငါပြောတာကို နားထောင်။ ဒီနေ့ညရဲ့ အဖြစ်အပျက်ကို ဒီမှာပဲ အခု ပြီးသွားပါစေ။ လက်တုံ့ပြန်ဖို့ ဘယ်တော့မှ မတွေးပါနဲ့။ သင်ခန်းစာတစ်ခုသင်ယူဖို့ ပိုက်ဆံနည်းနည်းလောက်သုံးလိုက်ရတာပဲလို့ စဉ်းစားပါ။”

"ဒါအမှန်ပဲ။ ထန်ရှုရဲ့ နောက်ကြောင်းကို အခုထိ ငါတို့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။”ဟွမ်ရှို့က ခေါင်းညိတ်ပြီး

"အဲ့ဒါကြောင့် မင်း ကလဲ့စားချေမယ့် အကြံအစည်တွေကို ဖျောက်လိုက်တာ ပိုကောင်းတယ်။ လူတွေပြောသလို ရန်ငြိုးမဖွဲ့တာ ပိုကောင်းတယ်။ ငါတို့အားလုံး စီးပွားရေးသမားတွေချည်းပဲ။ အနာဂတ်မှာ ဖြစ်နိုင်ရင် မင်းရယ်၊ သူရယ်နဲ့ ငါတို့ရယ် တစ်နည်းမဟုတ်တစ်နည်း ပူးပေါင်းလုပ်ဆောင်ကြတာပေါ့။”

"မင်းတို့နှစ်ယောက်က ငါ့ကို စည်းရုံးဖို့အတွက် လာတာဆိုရင် ငါ မင်းတို့ကို မောင်းထုတ်လိုက်မယ်။" ချန်းစီလွေ့က အေးစက်စွာ ပြောလိုက်သည်။

"ထန်မျိုးရိုးကောင်က လုပ်တာများသွားပြီ။ ငါ လုံးဝ ဒီအတိုင်း လွှတ်မပေးနိုင်ဘူး။ မင်းတို့ သူ့ရဲ့နောက်ခံသမိုင်းကြောင်းကို ရှင်းရှင်းလင်းလင်း မသိဘူးလို့ ပြောခဲ့တယ်။ ဒါဆို ငါ့ဘာသာ သူ့ကို စုံစမ်းမယ်။ သူ့မှာ ဆိုင်ခွဲဘယ်လောက်ရှိလဲ သိချင်တယ်။”

ဟွမ်ရှို့နှင့် ဖေးရှန်တို့သည် အကြည့်ချင်းဖလှယ်မိကြရင်း မချိပြုံး ပြုံးလိုက်သည်။ ခဏလောက် နှုတ်ဆိတ်နေပြီးနောက် ဖေးရှန်က ဖြည်းညှင်းစွာ မေးသည်။

"ညီအစ်ကိုစီလွေ့ … ဟိုတုန်းက ကြယ်တာရာရဲ့ ကျန်းမိသားစုအကြောင်း သိတယ်မဟုတ်လား။"

ချန်းစီလွေက မျက်မှောင်ကြုတ်သွားရင်း ပေါ့ပါးသော လေသံဖြင့်

"ကျန်းမိသားစုက သုတ်သင်ရှင်းလင်းခံရပြီး သူတို့ရဲ့ ကုမ္ပဏီအုပ်စုကို လူတချို့က ခွဲထုတ်လိုက်တာမလား။"

“ဟုတ်တယ်။ ငါက အဲ့ဒီကျန်းမိသားစုအကြောင်း ပြောနေတာ။" ဖေးရှန်က ခေါင်းညိတ်သည်။

“သူတို့အကြောင်း ငါ သိတယ်လေ။ ဒါပေမယ့် မင်း ဘာတွေပြောနေတာလဲ။” ချန်းစီလွေ့ အေးစက်စွာ ပြောလိုက်သည်။

"ငါ မင်းကို ပြောပြချင်တာက ကျန်းတွေ ဘာကြောင့် သုတ်သင်ခံခဲ့ရတာလဲကိုပဲ။" ဖေးရှန်က လေးနက်စွာ ပြောသည်။

"ကျန်းမိသားစုကို ဖျက်ဆီးဖို့ အင်အားစုများစွာ တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတာ ထန်ရှုကြောင့်ပဲ။ အခု ငါ မင်းကို တစ်ခုလောက်မေးချင်တယ်။ မင်းတို့ချန်းမိသားစုက ကျန်းမိသားစုကို အချိန်တိုလေးအတွင်းမှာ အမြစ်ပြတ် ချေမှုန်းနိုင်ပါ့မလား။"

ချန်းစီလွေ့၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် သူသည် လေးလေးနက်နက် အသံဖြင့်

"ဖေးရှန် … ငါတို့အားလုံးက သူငယ်ချင်းပါပဲ။ မင်း ငါ့ကို လက်တုံ့မပြန်စေချင်တာနဲ့ ဒီလိုအကြောင်းပြချက်ကို ပြင်ဆင်လာမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။"

"မင်းကို ငါပြောခဲ့တာတွေက တမင်တကာ ဖန်တီးထားတာလို့ မင်းထင်ရင် ငါ ခုချက်ချင်း ထွက်သွားနိုင်တယ်။" ဖေးရှန်က ဘုဆတ်ဆတ် ပြန်ပြောဆိုလိုက်ပြီး

"ဒါပေမယ့် ငါ သိထားတဲ့အကြောင်းအရာက မင်းတို့ချန်းမိသားစုက စုံစမ်းနိုင်တဲ့အရာနဲ့ဆို အကွာကြီးပဲ။"

ချန်းစီလွေ၏မျက်ဝန်းများ အရောင်တဖျတ်ဖျတ် လက်လာပြီးနောက် အမူအရာနှင့် လေသံ အနည်းငယ် ပျော့ပြောင်းလာသည်။

" ကျန်းတွေနဲ့ ထန်ရှု ပြသနာဖြစ်ရတဲ့ အကြောင်းရင်းက ကျန်းမျိုးဆက်သစ်ကျန်းသဲကျင်နဲ့ ကျန်းယုံကျင်းတို့ကြောင့်ပဲ။ ကျန်းမောင်နှမနှစ်ယောက်က ထန်ရှုရဲ့အသက်ကို ထိပါးတဲ့အတွက် ထန်ရှုက ကျန်းမိသားစုကို ကိုင်ဖို့ အဲ့ဒီအင်အားစုအားလုံးကို ဆက်သွယ်လိုက်တာ။ ငါသိသလောက်တော့ ကြယ်တာရာက အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းက သူဋ္ဌေးကြီးချန်းကျီကျုံးက ထန်ရှုရဲ့ တပည့်ဖြစ်သလို လုံမိသားစုနဲ့ ထန်ရှုကလည်း အတော်ရင်းနှီးတယ်။ မြို့သစ်စီမံကိန်းဆိုရင်လည်း ထန်ရှုနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတာပဲ။ ပတ်သက်နေတဲ့ တခြားအင်အားစုတွေကိုလည်း မင်း မှန်းဆပြီးပြီလို့ ငါ ထင်ပါတယ်။”

"ဟင့်အင်း … ငါ မသိဘူး။" ချန်းစီလွေ့ မျက်မှောင်ကြုပ်သွားသည်။

"မြို့သစ်စီမံကိန်းအတွက် ဗိသုကာဒီဇိုင်းပုံစံ အသေးစိတ်က ထန်ရှုရဲ့လက်ရာပဲ။ အခုအချိန် အဲ့ဒီစီမံကိန်းမှာ ပါဝင်တဲ့ ပြည်တွင်းအင်အားစုတွေက ကျန်းမိသားစုကို ဖျက်ဆီးဖို့ အစကတည်းက လက်တွဲခဲ့တဲ့ အင်အားစုတွေပဲ။" ဖေးရှန်က အေးအေးဆေးဆေး ပြောပြသည်။

ချန်းစီလွေ့ မယုံကြည်နိုင်ဟန်ဖြင့် ရုတ်တရက် ထရပ်မိသည်။ ထို့နောက် သူက အမောတကောလေသံဖြင့်

"မင်းဆိုလိုတာက ... ကျင်းမန်ကျွန်းရဲ့ အိုးရန်မိသားစု၊ ပေကျင်းရဲ့ ချူမိသားစု၊ ပိုင်မိသားစု၊ ဟိုက်ချင်းရဲ့ မြောင်အုပ်စုနဲ့ အခြားလျှို့ဝှက်အင်အားစုဝင်တချို့က ကျန်းမိသားစု ပျက်စီးသွားတဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့တယ် အဲ့ဒီလိုလား။”

***

All Chapters