ဆန္ဒရှိသော်လည်း အားနည်းသည်
Vol. 09 Ch. 431
ထိတ်လန့်တုန်လှုပ်နေသော ချန်းစီလွေ့ကို ကြည့်ရင်း ဖေးရှန်က လေသံပေါ့ပေါ့ဖြင့် ဆက်ပြောသည်။
"အဲ့ဒီအင်အားစုတွေ ပါဝင်မှုရှိ၊မရှိ ၁၀၀%ထိ ငါ သေချာ မပြောနိုင်ပေမယ့် ကျန်းတို့ ပြိုကွဲသွားပြီးတဲ့နောက် ပိုင်ဆိုင်မှုအားလုံးကို သူတို့ ခွဲဝယေူတာကိုတော့ ငါ ပြောရဲတယ်။ ဒီမှာ ရှိတဲ့လူတိုင်းက ထက်မြက်ကြပါတယ် … အဲ့ဒါက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိတယ် မဟုတ်လား။"
ချန်းစီလွေ့ တိတ်ဆိတ်သွားသည်။ သူ၏ချန်းမိသားစုသည် ကျန်းမိသားစုထက် နှစ်ဆပို၍ အင်အားကြီးသော်လည်း ဖေးရှန်၏စကားကို ကြားရသည့်အချိန်တွင် သူ အလွန် တုန်လှုပ်မိလေသည်။
ဖေးရှန်ပြောသည့်စကားသာ အမှန်ဖြစ်ပါက ထန်ရှု၏စွမ်းရည်သည် သူခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်ပေသည်။ ထန်ရှုအား တုံ့ပြန်မှု စတင်လိုက်သည်နှင့် သူတို့ချန်းမိသားစုသည် ထိုအင်အားစုများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။
"ဖေးရှန် … မင်းပြောပြတာတွေက သခင်လေးချန်းကို ထိတ်လန့်စေပေမယ့် သူ တကယ်ကြောက်နေလိမ့်မယ်လို့ ငါ မထင်ဘူး။ ထန်ရှုကို လက်စားချေမယ့် သူ့အကြံအစည်တွေ မဖြစ်ပေါ်စေဖို့ဆိုရင် ထန်ရှုရဲ့အကြီးမားဆုံးဝှက်ဖဲကို ပြောရတော့မယ်ထင်တယ်။" ဟွမ်ရှို့က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဟင်… ထန်ရှုမှာ နောက်ထပ်ဝှက်ဖဲတစ်ခုရှိသေးတာလား။" အဲ့ဒါ ဘာများလဲ။"
သူ့အား အေးစက်စက် စိုက်ကြည့်ရင်း ဟွမ်ရှို့က ခံစားချက်မဲ့စွာ ပြောလိုက်သည်။
"လုံကျန့်လင်းက ငါ့ကို သူနဲ့အတူကစားဖို့ဖို့ ခေါ်ခဲ့တာ တော်တော်ကြာနေပြီ။ ငါတို့ အတူတူ တွဲခဲ့ဖူးတာမို့ အတူသောက်ပြီး မူးတုန်းက သူ့ဆီက သတင်းအချို့ ပွင့်ထွက်လာတယ်။ ထန်ရှုရဲ့ နောက်ခံအကြောင်းလို့လည်း ဆိုနိုင်တယ်။ ငါ့ကို မင်း အခုပြောပြကြည့် … ထန်ရှုက သူ့ရဲ့ ခမ်းနားသောထန်လုပ်ငန်းစုကို သူတစ်ယောက်တည်းနဲ့ ကောင်းကောင်းကြီး စီမံခန့်ခွဲနိုင်မယ်လို့ မင်း ထင်နေလား။”
"သူ့နောက်ခံက ဘာလဲ" ချန်းစီလွေ့က လေးလေးနက်နက် မေးလိုက်သည်။
"သူက ပေကျင်းမြို့ ထန်မိသားစုဝင်တစ်ယောက်ပဲ။"
ဟွမ်ရှို့က ပြောပြလိုက်သည်။
…ရှူး…
ချန်းစီလွေ့ ထိတ်လန့်သွားပြီး လေအေးတစ်ချက် ရှူသွင်းလိုက်ရသည်။
ပေကျင်းမြို့က ထန်မိသားစုကို သူ မည်ကဲ့သို့ မသိရှိဘဲ နေပါမည်နည်း။ တစ်ခါက သူသည် ချန်းမိသားစုတွင် ထိပ်ဆုံးအာဏာရှိသူဖြစ်သည့် သူ၏အဖိုးနှင့် ပေကျင်းမြို့သို့ သွားရောက်ခဲ့ပြီး ထိုနေရာရှိ ထင်ရှားကျော်ကြားသော မိသားစုများမှ ထိပ်တန်းပုဂ္ဂိုလ်အချို့ထံ သွားရောက်လည်ပတ်ခဲ့သည်။ သို့သော်လည်း ထန်မိသားစု၏ခေါင်းဆောင်သည် ထိပ်တန်းအဆင့်ရှိ လူတစ်ဦး ဖြစ်သောကြောင့် သူ၏အဖိုးသည် ထိုသူ့အား တွေ့ဆုံရန် အရည်အချင်းပင် မပြည့်မီခဲ့ပါပေ။ နောက်ဆုံးတွင် သူ၏အဖိုးအား လက်ခံတွေ့ဆုံမည့်သူမှာ ထန်မိသားစု၏ တတိယအကြီးအကဲ ထန်ကောရှို့ဖြစ်သည်။ ထန်ကောရှို့သည်ပင် ချန်းမိသားစုခေါင်းဆောင်နှင့် သူ၏မြေးက မျှော်ကြည့်ရလောက်သည့်အထိ အဆင့်အတန်း မြင့်မားသော သူတစ်ယောက် ဖြစ်ခဲ့သည်။
"ထန် ... ထန်ရှုက တကယ်ပဲ ပေကျင်း ထန်မိသားစုဝင်လား။"
ချန်းစီလွေ့ တုန်လှုပ်စွာဖြင့် ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။
"ဟုတ်တယ်။ လုံကျန့်လင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ကြွားမယ်မထင်ဘူး။ နောက်ပြီး ဖေးရှန်နဲ့ ငါက ဒီသတင်းကို သူ့ဆီကနေ ကြားပြီးပြီးချင်း မြို့တော်မှာရှိတဲ့ ငါတို့သူငယ်ချင်းကိုလည်း စုံစမ်းပေးဖို့ တောင်းဆိုခဲ့သေးတယ်။ ငါတို့ ဘာတွေ့ခဲ့လဲ မင်းသိလား။"
"ဘာများလဲ။" ချန်းစီလွေ့ အမြန်မေးလိုက်သည်။
“ထန်မိသားစုက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ သူတို့မျိုးနွယ်တစ်ယောက်ကို မကြာသေးခင်က ရှာတွေ့ခဲ့တယ်တဲ့။ ထန်မိသားစုရဲ့အထင်ရှားဆုံးလူဖြစ်တဲ့ ထန်မိသားစုခေါင်းဆောင် — ထန်ကောရှန့်က အဲ့ဒီရှာတွေ့ခဲ့တဲ့လူရဲ့ အဖိုးဆိုပဲ။ နောက်တော့ ဖေးရှန်နဲ့ ငါက ထန်ရှုနဲ့ပတ်သက်တဲ့ကိစ္စတွေကို တိတ်တဆိတ် စုံစမ်းခဲ့သေးတယ်။ ငါတို့သိခဲ့ရသလောက်ဆိုရင် သူက ဦးနှောက်ထိထားတဲ့၊ တစ်ခုခု ဖြစ်ထားတဲ့ ငတုံးလေးတစ်ယောက်ပဲ။ ဒါပေမယ့် ရုတ်တရက် ပြောင်းလဲသွားပြီး အလွန် ကျွမ်းကျင်တဲ့လူ ဖြစ်လာတယ်။ သူရဲ့ စာပေလေ့လာမှု၊ ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုတွေနဲ့ စီးပွားရေးလုပ်နေတာပဲဖြစ်ဖြစ် သူက လူတွေကို ပြင်းပြင်းထန်ထန် တုန်လှုပ်စေတယ်။ ကဲ ငါ့ကို ပြောပါဦး။ ထန်မိသားစုက သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ မျိုးဆက်သစ် ထန်ရှုကို ရှာတွေ့တဲ့အချိန် သူက သူ့ရဲ့ ထူးချွန်ထက်မြက်မှုကို ထုတ်ဖော်ပြသတယ်။ ဒါရယ်စရာကောင်းတယ်လို့ မင်း မထင်ဘူးလား။"
ချန်းစီလွေ့ ထပ်မံတိတ်ဆိတ်သွားရသည်။ ဖေးရှန်နှင့် ဟွမ်ရှိုတို့၏ စကားများမှတဆင့် နောက်ဆုံးတွင် သူ၏ညီဖြစ်သူသည် မည်ကဲ့သို့သော လူတစ်ယောက်အား စိတ်အနှောင့်အယှက်ပေးခဲ့သည်ကို သူ နားလည်ခဲ့ပြီဖြစ်သည်။ သူသည် အပြာရောင်မြို့၏ ချန်းမိသားစုမှ ဖြစ်သည့်တိုင် ထန်ရှုက မအံ့သြဘဲ သည်လောက် လုပ်ရဲကိုင်ရဲ မောက်မာရဲသည့် သတ္တိရှိနေသည်မှာ မထူးဆန်းတော့ချေ။
"ချန်းစီလွေ … ငါတို့ ပြောပြချင်တာတွေကို မင်းကို ပြောပြီးပြီ။ ဒါကိုမှ မင်း မယုံသေးရင် သူ့ရဲ့ နောက်ခံကို စုံစမ်းဖို့ ချန်းမိသားစုရဲ့ စွမ်းအားအားလုံးကို မင်း အသုံးချလို့ရတယ်။ ငါတို့ ပြောခဲ့တာတွေက မှန်သလား မမှန်ဘူးလားဆိုတာ အဖြေရရင် မင်းကိုယ်တိုင်တိုက်ကြည့်ပါ။ သူ့ကို လက်စားချေဖို့အတွက် ဆုံးဖြတ်ချက်မချခင် မင်းတို့ညီအစ်ကိုတွေ သေချာစဉ်းစားရလိမ့်မယ်။”ဟွမ်ရှို့က တည်ကြည်စွာ ပြောလိုက်သည်။
ဖေးရှန်က မတ်တပ်ထရပ်ပြီး
“စီလွေ့ … ငါတို့တွေက မင်းနဲ့ သူငယ်ချင်းဖြစ်တာ နှစ်များစွာ ကြာနေပြီ။ ဒါကြောင့် မင်းကို ဒါတွေပြောပြဖို့ လာခဲ့တာ။ ငါတို့အကြံပေးတာကို နားမထောင်ဘဲ ရှေ့ဆက်တိုးဖို့ပဲ အာရုံစိုက်မယ်ဆိုရင် မင်းကို သတိမပေးဘူးလို့ နောက်မှ ငါတို့ကို အပြစ်မတင်နဲ့။”
ချန်းစီလွေ့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး
"ဖေးရှန် … ဟွမ်ရှို့ ငါ့ကို ဒီကိစ္စကို လာပြောပြတဲ့အတွက် မင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ထန်ရှုကို စုံစမ်းဖို့ လူတချို့ကို ငါစေလွှတ်လိုက်မယ်။ သူ့နောက်ခံက မင်းတို့ပြောသလိုမျိုးဖြစ်ခဲ့ရင် လက်တုံ့ပြန်ဖို့ ငါတို့စိတ်ပိုင်းဖြတ်ထားပေမယ့် လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပါ။ ဒါကြောင့် မင်းတို့ စိတ်မပူကြပါနဲ့။"
“ကောင်းပြီ။” ဟွမ်ရှို့နှင့် ဖေးရှန်တို့ စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် မကြာမီ ထွက်ခွာသွားကြသည်။
ဧည့်ခန်းထဲတွင် လုံး၀ တိတ်ဆိတ်နေခဲ့သည်။ ချန်းစီလွေ့က ညီဖြစ်သူ ချန်းစီအန်းကို တစ်ချက်ကြည့်လိုက်ပြီး
"ဖေးရှန်နဲ့ ဟွမ်ရှို့ပြောတာကို မင်း ကြားတယ်မဟုတ်လား။ ထန်ရှုက သူတို့ပြောသလို ကြောက်စရာကောင်းရင် ဒီအရှက်တရားကို တိတ်တဆိတ်ပဲ မျိုသိပ်ရလိမ့်မယ်။"
ချန်းစီအန်း၏မျက်ဝန်းများတွင် အေးစက်မှု အရိပ်အယောင်များ ဖုံးလွှမ်းနေပြီး စကားပြောသည့် လေသံမှအစ အေးစက်သော အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။
"ပေကျင်းရဲ့ ထန်မိသားစုက သူ့နောက်ကွယ်မှာ တကယ်ရှိနေရင် ချန်းမိသားစုက ငါ့ရန်ငြိုးထဲ ပါဝင်ဖို့ မလိုအပ်ဘူး။ အဆိုးတကာ့အဆိုးဆုံးဖြစ်ရင် နိုင်ငံခြားက လူသတ်သမားကို ငှားပြီး ဆောင်ရွက်ခိုင်းလို့ရသေးတယ်။”
…ဖုန်း…
ချန်းစီလွေက ချန်းစီအန်း၏ရောင်ကိုင်းနေသော မျက်နှာအား တစ်ချက်တီး လိုက်ပြီး သူ့အင်္ကျီကို ဆွဲကိုင်လိုက်ကာ လေသံမာမာဖြင့် အော်လိုက်သည် ။
"ကျန်းတွေ ပျက်စီးရတဲ့ အကြောင်းရင်းကို မင်း မကြားလိုက်ဘူးလား။ မင်း သူ့ကိုသတ်ဖို့ လူသတ်သမားကို ငှားလိုက်ရင် ထန်တွေက အဲဒါကို ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေလား။ သူတို့ရဲ့ စွမ်းအားနဲ့ဆို စုံစမ်းရှာဖွေဖို့ လွယ်လွယ်လေးကွ လွယ်လွယ်လေး။ ချန်းမိသားစုနဲ့ အဲ့ဒီကိစ္စကို တကယ် မပတ်သက်ပါဘူးလို့ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မယ်လို့ရော မင်း ထင်လား။ ထန်မိသားစု ဒေါသပေါက်ကွဲသွားရင် ငါတို့ချန်းမိသားစုကို တစ်ခါတည်း ဗုံးကြဲသလို အပြုတ်ဆော်လိမ့်မယ်။ ငါတို့မိသားစုတစ်ခုလုံး မင်းနဲ့အတူ မြှုပ်ပစ်စေချင်တာလား။"
“ငါ …” ချန်းစီအန်းက သူ့ပါးကို ကိုင်ထားရင်း ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။
ဒါအမှန်ပင် ဖြစ်သည်။ ထန်တွေကသာ ကလဲ့စားချေမှုကို လုပ်ဆောင်ခဲ့မည်ဆိုပါက သူတင်သာမက ချန်းမိသားစုဝင်တွေလည်း ပါဝင်ပတ်သက်လာပေမည်။
ထိုအချိန်တွင် သူ့စိတ်အတွင်း၌ စွမ်းအားမဲ့မှုအား ခါးခါးသီးသီး နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့သည်။
ညဉ့်နက်နက်တွင် …
ထန်ရှုသည် တောင်တံခါးအိမ်ရာသို့ ကားမောင်းလာခဲ့သည်။ သူသည် လုံကျန့်လင်း၏နေအိမ်တွင် ရေချိုးလိုက်ပြီး ခန်းရှ ဝယ်ပေးထားသည့် နောက်အဝတ်အစားတစ်စုံအား လဲလိုက်သည်။ ညစာစားပြီး ဝိုင်သောက်ပြီးသည်နှင့် ချက်ချင်း သူ့အိမ်သို့ ပြန်သွားတော့သည်။ လုံကျန့်လင်းဆိုသည့် သကောင့်သားကတော့ နည်းနည်းသောက် များများမူးပြီး အိပ်ရာပေါ် အလျားထိုးကာ အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။
ထန်ရှုသည် လင်ရိုဗာဆာ့ဖ်ကားအား အိမ်၏ခြံဝင်းအဝင်ပေါက်သို့ မောင်းနှင်လာသောအခါ အိမ်အတွင်းဘက်တွင် မီးလင်းနေသေးသည်ကို တွေ့ရသည်။ စုလင်းယွမ်သည် ဧည့်ခန်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် မှီ၍ စာအုပ်ဖတ်နေပြီး ထန်ယွင်သဲ့သည် သူမ၏ဘေးတွင်ထိုင်ကာ လက်ပ်တော့ဖြင့် အကြောင်းအရာတစ်ခုခုအား ကြည့်နေသည်။ ထိုအချိန်တွင် ကားရှေ့မီးရောင်သည် သူတို့၏လုပ်လက်စအလုပ်များအား အာရုံပျက်သွားစေခဲ့သည်။
ထိုင်နေရာမှထလာသော စုလင်းယွမ်သည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူမသည် အိမ်ထဲမှ အပြေးတပိုင်း ထွက်လာပြီး ထန်ရှု ကားပေါ်မှ ဆင်းလာသည်ကို တောက်ပသော အပြုံးဖြင့် ကြည့်နေခဲ့သည်။
"သား … အမေ ဒီနေ့ နေ့လယ်က အိပ်ပျော်နေတုန်း သားပြန်လာတယ်လို့ မင်းအဖေဆီက အမေ သိရတယ်။ ဘာလို့ အမေကို မနှိုးတာလဲ။"
စုလင်းယွမ်က ပြုံးပြီး ပြောသည်။
“အမေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ မနှိုးသွားတာ။ ကျွန်တော် အခု ဒီမှာ ရောက်နေပြီလေ။" ထန်ရှုက ရယ်ရယ်မောမော ဖြေသည်။
"သားသာ ပြန်မလာသေးရင် အမေ မင်းကို ဘယ်လို သင်ခန်းစာ သင်ပေးမလဲ စောင့်ကြည့်နေလေ။"
စုလင်းယွမ်က ကြည်နူးစွာ ပြုံးနေရင်း
"ဒါနဲ့ သား ရှန်ဟိုင်းမှာ မနေသေးဘူးလား။"
“စာသင်တန်းတွေက တရားဝင် မစသေးဘူးအမေ။ အဲ့ဒါကြောင့် အတန်းတွေ တရားဝင်မစခင် ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေအတွက် ဂုဏ်ပြုပွဲပါတီလေး လုပ်ပေးဖို့ ကျွန်တော် ပြန်လာခဲ့တာ။"
…တီ…တီ…
ထန်ရှု၏ဖုန်းမှ စာတိုဝင်သံထွက်ပေါ်လာခဲ့သဖြင့် ဖုန်းကို ယူစစ်လိုက်ရာ ခပ်သဲ့သဲ့အပြုံးတစ်ခုသည် သူ၏မျက်နှာထက်တွင် ထင်ဟပ်လာတော့သည်။ စာတိုတွင် ဖော်ပြထားသည်မှာ သူ၏ဘဏ်အကောင့်ထဲတွင် မီလီယံ၂၀၀ ရောက်ပါသည်ဟူသောအကြောင်းပင် ဖြစ်သည်။
ထန်ရှုက သူ၏ဖုန်းအား သိမ်းလိုက်သည်ကို ကြည့်နေရင်း စုလင်းယွမ်က
"သား ညစာစားပြီးပြီလား။ ဗိုက်ဆာရင် သားစားဖို့ အမေ တစ်ခုခု လုပ်ပေးမယ်။"
“ကျွန်တော် စားခဲ့ပြီးပြီ အမေ။" ထန်ရှုက အပြုံးဖြင့် ပြန်ဖြေသည်။
ထန်ယွင်သဲ့က ရယ်မောရင်း
"ယွင်လေး … ရှုအာ ပြန်ရောက်ပြီဆိုတော့ မင်းရဲ့စိုးရိမ်မှုတွေကို မေ့လိုက်တော့။ နောက်လည်း ကျနေပြီ။ သူ တစ်နေကုန် အလုပ်တွေရှုပ်နေတာဆိုတော့ ပင်ပန်းနေလောက်ပြီ။ ရှုအာကို စောစော အနားယူပါစေဦး။ မနက်ဖြန် မင်း သူနဲ့ စကားပြောလို့ရပါတယ်။"
“အင်း ဟုတ်ပါတယ်။ ရှုအာက ရှန်ဟိုင်းကနေ ပြန်လာတယ်ဆိုပေမယ့်လည်း ကုမ္ပဏီမှာ အလုပ်သွားလုပ်ရသေးတယ်။ ပင်ပန်းနေမှာပဲ။ သား မြန်မြန် အနားယူတော့။"
"ဟုတ်ကဲ့ အမေ။"
ထန်ရှုက သူမကို ပြုံးပြလိုက်ပြီး ထိုနေရာတွင် ဆက်မနေတော့ပဲ ဒုတိယထပ်ရှိ သူ၏အခန်းသို့ တက်လာခဲ့သည်။ ကုမ္ပဏီ၏ဘဏ်အကောင့်သို့ မီလီယံ၂၀၀ လွှဲပြီးနောက် ထန်ရှုသည် ခန်းရှအား စာတိုတစ်စောင် ပေးပို့ကာ ပေါ့ပေါ့ပါးပါး အဝတ်အစားများလဲပြီး ကုတင်ပေါ်သို့ လှဲချလိုက်တော့သည်။
နောက်နေ့မနက်…
မိဘများနှင့်အတူ မနက်စာစားပြီးသည်နှင့် ရှန်ဟိုင်းကို ပြန်ရန် ထန်ရှု ဆုံးဖြတ်လိုက်သည်။ အချိန်အတော်များများ ကျန်ရှိနေသေးသောကြောင့် လေယာဉ်မစီးတော့ဘဲ သူ၏လင်ရိုဗာဆာ့ဖ်ကားကို မောင်းလာခဲ့သည်။
ရှန်ဟိုင်းသို့ တက်သွားစဉ်တွင် ထန်ရှုသည် သူ၏သားရဲလေးကိုသာ ခေါ်ဆောင်လာသည်။ လမ်းတွင် ဂူရှောင်ရွှဲ့ထံမှ ဖုန်းဝင်လာပြီး အိမ်ယာမဲ့ကလေးများသည် ကျင်းမန်ကျွန်း ထာဝရခန်းမ၏ဌာနချုပ်သို့ လုံခြုံစွာ ရောက်ရှိကြောင်း ပြောပြသည်။ ဂူရှောင်ရွှဲ့ကလည်း ထိုကလေးများ အခြေကျစေရန် လူအချို့ကို သင့်တော်စွာ တာဝန်ပေးထားသည်။
ထို့နောက် ထန်ရှုမှ ဂူရှောင်ရွှဲ့အား ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင်များအား တာဝန်ပေးအပ်စေပြီး အကောင်းဆုံးကလေးဆယ်ယောက်ကို ရွေးထုတ်ရန်အတွက် ငါးလကြာ လေ့ကျင့်ရေးအစီအစဉ်ကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။
ညနေ ၄ နာရီ…
ထန်ရှုသည် နောက်ဆုံးတွင် ရှန်ဟိုင်းတက္ကသိုလ်သို့ ရောက်ရှိလာပြီသည်။ သူသည် ကျောင်းဝင်းအတွင်း ကားမောင်းလာသော်လည်း စာသင်ခန်းထဲတွင် မည်သူမှ မရှိပေ။ ထို့နောက် အဆောင်သို့ ရောက်လာသော်လည်း အဆောင်တံခါးကို သော့ခတ်ထားကြောင်း တွေ့ရသည်။ ထို့ကြောင့် သူ့တွင် ယွဲ့ခိုင်၏ဖုန်းနံပါတ်ကို ဆက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ချေ။
"ဟေ့ အစ်ကိုအကြီး ထန် … မင်း လျှောက်သွားနေတုန်းပဲလား။"
ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် ယွဲ့ခိုင်၏ အော်ဟစ်သံများနှင့်အတူ တစ်ချိန်တည်းမှာပင် ဖုန်းထဲမှ ပွက်လောရိုက်နေသောအသံများ ထွက်လာသည်။
"ငါက အဆောင်မှာ။ မင်း အခု ဘယ်မှာလဲ။" ထန်ရှုက စိတ်ဝင်တစား မေးသည်။
"ငါ တက္ကသိုလ်ရဲ့ စည်းဝေးခန်းမမှာ ရှိနေတယ်။ ငါတို့ ကျောင်းဝင်းထဲမှာ မနက်ဖြန် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပမလို့လေ။ ပွဲအတွက် စာရင်းပေးသွင်းထားတဲ့ ကျောင်းသူကျောင်းသားတွေက အခု အစမ်း လေ့ကျင့်နေကြတယ်။”
…မောင်မယ်သစ်လွင် ကြိုဆိုပွဲ…
ထန်ရှုက ခပ်သဲ့သဲ့ပြုံးလိုက်ပြီး
“ရပြီ။ ငါ မင်းကို လာရှာမယ်။"
ဖုန်းချပြီးနောက် ထန်ရှုသည် ယောက်ျားလေးကျောင်းသားအိပ်ဆောင်မှ ထွက်လာသည်။ အနီးဝန်းကျင်အား မေးမြန်းပြီးနောက် တက္ကသိုလ်စည်းဝေးခန်းမအား လျင်မြန်စွာ သူ ရှာတွေ့ခဲ့ပေသည်။ ခန်းမအတွင်းသို့ ဝင်လိုက်သောအခါ အထဲတွင် သက်ဝင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရတော့သည်။ ကြီးမားသော စင်မြင့်အား သေးငယ်သော ဧရိယာများစွာ ပိုင်းခြားထားပြီး ကျောင်းသားများသည် မနက်ဖြန်ပွဲအတွက် အစမ်းလေ့ကျင့်နေကြသည်။
"ဟေး အစ်ကို ထန် … ဒီကို လာ။"
အရှေ့မြောက်လေယူလေသိမ်းပီပီသသဖြင့် ကျယ်လောင်သောအသံတစ်ခုသည် ထွက်ပေါ် လာသည်။
ထန်ရှုက သူတို့ဆီကို သွားကာ အပြုံးဖြင့်
“မင်းတို့ ဘာတွေ တင်ဆက်ကြမှာလဲ။”
သူ၏မျက်လုံးများအား ကစားရင်း ဟူချင်းစုန့်က ခေါင်းခါလိုက်ကာ
"နိုးပါ။ တစ်မျိုးမှ မလုပ်ဘူး။ ငါတို့မှာ အဲ့လိုအရည်အချင်းတွေ လုံးဝမရှိဘူးလေ။ နောက်ပြီး ငါတို့က အစီအစဉ်တစ်ခုကို စာရင်းသွင်းပြီး ကိုယ့်ကိုယ် အရှက်ကွဲခံရအောင် စင်ပေါ်မတက်ဘူး ဟဲဟဲ။ ဒါပေမယ့် ဘယ်လိုလဲ အစ်ကိုကြီး။ မင်းက စစ်ရေးလေ့ကျင့်မှုအတွက် စာရင်းမသွင်းထားတော့ ပွဲအတွက် စာရင်းပေးချင်လား။ ဒါပေမယ့် တစ်ယောက်ယောက်က အဲ့ဒါအတွက် မင်းကို စာရင်းပေးထားပြီးသားလို့ ငါထင်တယ်။"
"ဟင်…" ထန်ရှုက တစ်ချက်ကြောင်သွားပြီး "တစ်ယောက်ယောက်က ငါ့အတွက် စာရင်းပေးထားတယ်ဟုတ်လား။ ဘယ်သူကလဲ။"
***