ကြွား၀ါခြင်း
Vol. 09 Ch. 432
ထန်ရှု၏အင်္ကျီစအား ဆွဲလိုက်ပြီး ဟူချင်းစုန့်သည် ကြည့်ရှုသူများ စုဝေးနေသည့်နေရာကို ညွှန်ပြကာ ရယ်လိုက်ရင်း
“ဒါပေမယ့် ဒါပဲ။ သူမက ငါတို့ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ အလှနတ်သမီး ၁၀ပါးထဲက နံပါတ်၁ မိန်းမလှလေးလေ။”
…တက္ကသိုလ်ဝင်းထဲက အလှနတ်သမီး၁၀ပါးထဲက
နံပါတ်၁ မိန်းမလှလေးတဲ့လား…
ထန်ရှု၏မျက်လုံးများတွင် ထူးဆန်းသောအမူအရာတစ်ခု ထွက်ပေါ်လာပြီး
"ငါတို့ရှန်ဟိုင်းတက္ကသိုလ်မှာ မိန်းမလှလေးတွေကို အဆင့်ဖော်ပြတဲ့ဇယားရှိနေတာလား။ ဒီနံပါတ်တစ်မိန်းမလှလေးက ဘယ်သူများလဲ။"
"အစ်ကိုကြီးရဲ့သူငယ်ချင်းကောင်းလေးလေ။" ဟူချင်းစုန့်က ရယ်ကြဲကြဲဖြင့်
"မုဝမ်ရင်လေ။ အစ်ကိုကြီး ငါတို့ကို မိတ်ဆက်ပေးမယ်ဆိုတဲ့ မိန်းကလေးလေ။ ဟီးဟီး … အဲ့ဒီအနားကို လူတွေ အများကြီး အုံနေကြလို့။ မဟုတ်ရင် မင်း သူ့ကို မြင်နိုင်လိမ့်မယ်။”
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်ရာ သေးသွယ်သော မုဝမ်ရင်သည် လူအုပ်အလယ်တွင် တင့်တယ်စွာ ရပ်နေကာ ဟစ်ဟော့အက ကနေကြသည့် မိန်းကလေးများအား ကြည့်ရှုနေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
သိပ်မကြာလိုက်ပဲ သူ၏စိတ်ဝိညာဉ်အာရုံအား ပြန်ရုတ်သိမ်းကာ ခေါင်းခါယမ်းလိုက်ပြီး အပြုံးဖြင့်
"သူမက ငါ့အတွက် စာရင်းပေးခဲ့တယ်။ ဒါပေမယ့် အဲဒါကို ထည့်မတွက်သင့်ဘူး မဟုတ်ဘူးလား။ ဘွဲ့လွန်ပရိုဂရမ်ကို တက်ဖို့ သူမက ငါတို့တက္ကသိုလ်ကို လာတာလေ။ ငါတို့ အတန်းဖော်မှ မဟုတ်တာ မင်းတို့လည်း သိသားပဲ။"
"ဟားဟားဟား” ကျောက်လျန့်က ရယ်မောလိုက်ပြီး
“မင်း မသိသေးဘူး ညီအကိုထန်။ ငါတို့အတန်းပိုင်ဆရာမဟန်က အစီအစဉ်စာရင်းမှာ မင့်နာမည်ထည့်ဖို့ဆိုတဲ့ မုဝမ်ရင်ရဲ့ အကြံကို လက်ခံထားတယ်။ ဒါပေမယ့် မင်း ဘာကိုပြမလဲ ဆိုတာကတော့ အလွတ်ထားထားတယ်။ မင်းပြန်လာမလား သေချာမသိတော့ မင်းကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးလိုက်တာ။ အဲ့ဒါကြောင့် ငါတို့ညီအစ်ကိုတွေက မင်း ဖျော်ဖြေနေတဲ့ပွဲကို ကြည့်ချင်နေလို့ မင်းကို စောင့်နေကြတာ။”
ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး
“မဖြစ်နိုင်ဘူး။ အဲ့ဒါ အဆင်ပြေနိုင်မယ်မထင်ဘူး။ ငါ ငြင်းလို့ရမလား။"
“မရဘူး။” ကျောက်လျန့်က ခေါင်းခါလိုက်ပြီး
"အမှန်က ဒီအစီအစဉ်ကို စာနယ်ဇင်းတွေကို အကြောင်းကြားပြီးပြီဆိုတော့ ဖယ်ရှားဖို့ နည်းလမ်းမရှိဘူး။ မင်းမရှိဘဲ အဲဒီအချိန်မှာ ဘယ်သူမှ မင်းနေရာ ဝင်လို့မရဘူး။ နောက်ပြီး စာရင်းပေးထားပြီး မဖျော်ဖြေခဲ့ဘူးဆိုရင် ကျောင်းသားအားလုံးက ကဲ့ရဲ့တာကို ခံရနိုင်သလို ကျောင်းက ခရက်ဒစ်အမှတ်နဲ့ အဆင့်တွေကို လျှော့ချလိမ့်မယ်။ မင်းဆီကိုလည်း သတိပေးစာ ဒါမှမဟုတ် တစ်စုံတစ်ခု ပေးပို့လိမ့်မယ်။”
ထန်ရှုက တုံ့ဆိုင်းမနေဘဲ ပြုံးကာ ခေါင်းခါလိုက်ရင်း
“အင်း ဒါဆို ထားလိုက်ပါ။ ငါက အဲ့ဒီပွဲမှာ ဖျော်ဖြေရမယ် ဆိုလည်း လုပ်ရုံပေါ့။ ဒါလည်း ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ငါ့မှာ ပြသဖို့ တခြားအရည်အချင်းတွေ မရှိပေမယ့် ကျွမ်းကျင်မှု ဒါမှမဟုတ် စွမ်းရည်ကို ပြသဖို့တော့ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး။ စစ်တုရင်ကစားတာ၊ ဇီသာတီးတာ၊ ပန်းချီဆွဲတာ၊ လက်ရေးလှရေးတာ အဲ့ဒီနေရာတွေမှာ ငါက မဆိုးဘူးလို့ ပြောလို့ရတယ်။ လင်္ကာ၊ ကဗျာ၊ တမ်းချင်းနဲ့ သီချင်းတွေမှာလည်း ကောင်းတယ်လို့ ပြောနိုင်သေးတယ်။ အဟမ်း … အဟမ်း… တိုတိုပြောရမယ်ဆိုရင်ကွာ ငါ စင်မြင့်ပေါ်မှာရှိရင် လူတိုင်း အံ့သြတုန်လှုပ်သွားကြမှာ အသေအချာပဲ။”
“ဒါ အမှန်ပဲ။"
ယွဲ့ခိုင်၊ ကျောက်လျန့်နှင့် ဟူချင်းစုန့်တို့ သုံးယောက်သည် ထန်ရှုအား တစ်ပြိုင်နက် လက်မထောင်ကာ အားပေးသည်။
"ညီအစ်ကိုတို့ … ငါ ပြန်လာပြီ။"
အသားညိုညိုနှင့် ရွှဲ့ချောင်သည် ရေသန့်ဘူးအနည်းငယ်ကို ကိုင်ဆောင်ကာ အဝေးမှ အားရပါးရ ပြေးလာသည်။ ထန်ရှုအား မြင်သည့်အခါ အံ့အားသင့်သွားဟန်ဖြင့် ချက်ချင်း အော်တော့သည်။
"ဝိုး … ဘော့စ်ထန် မင်းပြန်လာပြီ။ သိပ်ကောင်းတယ်။ နောက်ဆုံးတော့ ငါတို့ညီအကိုတွေ အတူတကွ ရှိကြပြီ။”
"ရွှဲ့ချောင် … မင်းဒဏ်ရာ သက်သာသွားပြီလား။" ထန်ရှုက ပြုံးကာ မေးလိုက်သည်။
“ကောင်းသွားပြီ။ ငါတို့တောင်ပေါ်သားတွေက အရေပြားမာပြီး အသားထူပါတယ်ကွ။ မင်း မြင်တဲ့အတိုင်း ငါ အဆက်မပြတ် ခုန်ရတာတောင် ပြဿနာ မရှိပါဘူး။" ရွှဲ့ချောင်က သူ၏ရင်ဘတ်အား ပုတ်ပြကာ စပ်ဖြဲဖြဲ ပြောလိုက်သည်။
"အသာလုပ်ပါကွာ။" ထန်ရှုက ရယ်သံစွက်ပြီး တုံ့ပြန်သည်။
"ပြဿနာမရှိပါဘူး။ ဒါနဲ့ ငါ လစာရလာတယ်။ မင်းချေးထားတဲ့ ပိုက်ဆံကို ငါ ပြန်မပေးရဘူးဆိုပေမယ့် ဒီည မင်းကို ငါ လိုက်ကျွေးချင်တယ်။ မင်းရဲ့ကျေးဇူးကို သိတဲ့အနေနဲ့ပေါ့။" ရွှဲ့ချောင်က အပြုံးဖြင့် ပြောသည်။
ယွဲ့ခိုင်နှင့် ကျန်တဲ့သူများသည် ထန်ရှုက ရွှဲ့ချောင်အား ပိုက်ဆံချေးထားသည်ကို သိပြီးကြပြီဖြစ်သည်။
ရွှဲ့ချောင်၏စကား ကြားသည့်အခါ ယွဲ့ခိုင်က အမြန်ဝင်ပြောသည်။
“နိုး…နိုး…မဟုတ်သေးဘူး။ ဒီည သူ့ကို ကျွေးမွေးရမယ့် မင်းရဲ့အလှည့်မဟုတ်ဘူး။ အစ်ကိုကြီးထန်က ချိန်းတိုင်း ခဏခဏ ပျက်ကွက်နေတော့ ဒီနေ့ညက သူ ကျွေးရမယ်။ နောက်ပြီး ငါတို့က စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်သွားခဲ့တယ်။ ပင်ပန်းတာ သေလုမတတ်ပဲ။ ဒါကြောင့် သူ့ကို လွယ်လွယ်နဲ့ မလွှတ်ပေးသင့်ဘူး။ ညီအကိုတို့ … ဒီည ဘယ်ကို သွားလည်ပြီး ပျော်စရာရှာမလဲဆိုတာကို ဦးနှောက်ကို အလုပ်ပေးလိုက်ကြစို့။ ငါတို့က အစ်ကိုကြီးကို ကောင်းကောင်း သွေးယိုအောင် လုပ်ရမယ် ငိငိ။"
ကျောက်လျန့်က သဘောတူဟန်ဖြင့် လက်မြှောက်ပြီး
“မှန်တယ်။ ငါ အဲ့ဒီဒုတိယအကြံကို သဘောတူတယ်။ အစ်ကိုကြီးက များသောအားဖြင့် သိုသိုသိပ်သိပ်နေပေမယ့် တွန့်တိုတဲ့၊ ကပ်စေးနည်းတဲ့လူ မဟုတ်တာတော့ အသေအချာပဲ။ ယွဲ့ခိုင်က ပြီးခဲ့တဲ့တစ်ခေါက်က သုံးခဲ့တဲ့ စံနှုန်းတွေအတိုင်း ဧကရာဇ်နဲ့တူတဲ့ ကျွေးမွေးပြုစုမှုမျိုး ကျွန်တော်တို့တွေကို ပေးဖို့ အကြံပြုတယ်။”
ဟူချင်းစုန့်၏မျက်လုံးများ ဝိုင်းစက်လာကာ ရုတ်တရက် ပြုံးပြပြီး
"ခဏလေး … ခဏလေး။ ညီအစ်ကိုတို့ … အစ်ကိုကြီးထန်က ငါတို့ကို ကတိတစ်ခုပေးခဲ့တာ မင်းတို့အားလုံး အဲဒါကို မမှတ်မိဘူးလား။ သူက နံပါတ်၁ မိန်းမလှလေးမုကို ငါတို့နဲ့ မိတ်ဆက်ပေးမယ်ပြောထားတာလေ။ ခုအချိန်ထိ သူ မလုပ်ရသေးဘူး။ ဒါကြောင့် မိန်းမလှလေးမုကို ဒီကိုလာဖို့ ဖိတ်ရမယ်လို့ ငါ ထင်တယ်။”
“သဘောတူတယ်။”
“အကောင်းဆုံးအကြံပဲ။”
“ငါလည်းထင်တယ်။”
ယွဲ့ခိုင်တို့၃ဦးသည် ရုတ်ခြည်းပင် စိတ်အားတက်ကြွလာကာ အလွန်စိတ်လှုပ်ရှားစွာဖြင့် ထန်ရှုအား တစ်ယောက်ပြီးတစ်ယောက် ကြည့်လာကြသည်။
ထန်ရှုက မချိပြုံး ပြုံးလိုက်ပြီး
“ဘော်ဒါတို့ အဲ့ဒါတော့ သည်းခံကွာ။ ငါက မုဝမ်ရင်နဲ့ သိပ်ခင်မင်တာမဟုတ်ဘူး သဘောပေါက်တယ်ဟုတ်။ ငါ ဖိတ်ရင်တောင် သူမက လာပါ့မလား။”
“လာမှာပါ။” ယွဲ့ခိုင်က အသံကျယ်ကျယ်ဖြင့် ပြောသည်။
“ကြိုးစားပါ ကြိုးစားလိုက်ပါ။” ဟူချင်းစုန့်က အားပေးသည်။
တခဏတာ ချီတုံချတုံ ဖြစ်သွားပြီးနောက် ထန်ရှုသည် ခေါင်းညိတ်ကာ တစ်ချက်ပြုံးလိုက်ပြီး
“ငါ သွားမေးကြည့်လိုက်ဦးမယ်။ မင်းတို့ ဒီမှာပဲ စောင့်နေရစ်။”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် မုဝမ်ရင် ရပ်နေသောနေရာသို့ သွားလိုက်သည်။ အတွင်းဆုံးထိ ရောက်အောင် တိုးသွားလိုက်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်သည်။
“မုဝမ်ရင် … ကျွန်တော် သူငယ်ချင်းတွေကို ဒီည ထမင်းလိုက်ကျွေးမလို့။ စိတ်မရှိရင် ကျွန်တော်တို့နဲ့ လိုက်ခဲ့ဖို့ ဖိတ်ပါရစေ။”
ထိုအချိန်တွင် မုဝမ်ရင်သည် အဆောင်တူ ညီအစ်မများနှင့်အတူ တင်ဆက်ပြသနေသည့် ဟစ်ဟော့ပ်အကတွင် အာရုံစိုက်ထားသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ခေါ်သံအား ကြားလိုက်ရပြီး လူအုပ်ကြီး၏အကြည့်များအောက်တွင် ညစာစားရန်ပင် ဖိတ်ခေါ်ခြင်းအား ခံလိုက်ရပေရာ ချက်ချင်းပင် သူမ မျက်မှောင်ကြုပ်သွားမိသည်။ သို့သော် သူမ လှည့်ကြည့်လိုက်သောအခါ ထန်ရှု၏အပြုံးယဲ့ယဲ့အား တွေ့လိုက်ရသဖြင့် တွေကနဲဖြစ်သွားကာ မျက်မှောင်ကြုပ်ထားသည်မှာ ပြေလျော့သွားသည်။ သူမသည် ထန်ရှု၏အရှေ့သို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။
“ကောင်းသားပဲ။ ဒါနဲ့ ကျွန်မအဆောင်က သူငယ်ချင်းတစ်ချို့ကို ခေါ်လာခဲ့လို့ရမလား။ ဒီညနေ ကျွန်မတို့တတွေ ညစာအတူစားမယ်ဆိုပြီး ပြောထားကြလို့။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
“ပြသနာ မရှိဘူး။”
ဘေးပတ်လည်တွင် ကြည့်နေသော ကျောင်းသားများသည် ထန်ရှုနှင့် မုဝမ်ရင်တို့၏စကားပြောဆိုနေကြသည်ကို ကြားသောအခါ ရုတ်ခြည်းပင် အံ့သြကုန်ကြသည်။ အမျိုးသားကျောင်းသားအများစုသည် ထန်ရှုအား မြင်သောအခါ ထိုသူတို့၏အမူအရာသည် ရှုံ့မဲ့လျက် ရန်လိုသော အကြည့်ဖြင့် ကြည့်လာကြသည်။
ထိုအချိန်တွင် နာမည်ကြီးတံဆိပ်အဝတ်အစားများအား ကြည့်ကောင်းစွာ ဝတ်ဆင်ထားပြီး ရုပ်ရည်ချောမောသော အမျိုးသားကျောင်းသားတစ်ဦးက မုဝမ်ရင်အား ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“မုဝမ်ရင် … ကျွန်တော်လည်း ဒီည ခင်ဗျားကို ညစာကျွေးချင်ပါတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ မြို့တော်ရဲ့စားသောက်ဆိုင်မှာ သီးသန့်ခန်းတစ်ခု ကြိုတင်မှာထားပြီးပြီ။”
“စိတ်မကောင်းပါဘူး။ ငါ အခုပဲ လူတစ်ယောက်ကို ကတိပေးပြီးပြီမို့ ငြင်းပါရစေ။” မုဝမ်ရင်သည် ထိုကျောင်းသားအား တစ်ချက်ကြည့်ကာ ခေါင်းခါပြပြီး တုံ့ပြန်လိုက်သည်။
ပြောပြီးသည်နှင့် သူမသည် ဟစ်ဟော့အကအား လက်ခုပ်တီးကာ အားပေးနေသော ကျောင်းသူ၃ယောက်ဆီသို့ သွားကာ ပြောလိုက်သည်။
“အမျိုးသမီးလေးတွေ … ခုန်ပေါက်ကြည့်မနေနဲ့တော့။ ငါ လေးစားရတဲ့ လူက ဒီည ငါတို့ကို ညစာကျွေးမယ်လို့ ဖိတ်နေတယ်။ နင်တို့ ငါတို့နဲ့အတူ သွားချင်လား။”
မိန်းကလေး၃ယောက်သည် ကခုန်အားပေးနေရာမှ ရပ်လိုက်ကာ မုဝမ်ရင်၏ဘေးသို့ စူးစမ်းလိုသောအကြည့်ဖြင့် လျှောက်လာကြသည်။ ထို၃ယောက်ထဲအနက် အရပ်မြင့်မြင့်ဖြင့် ရုပ်ရည်ချောမောသော မိန်းကလေးတစ်ယောက်က မေးလာသည်။
“တကယ်ကြီး ဝမ်ရင်ရဲ့စံပြလူသားလေးလား။ ငါတို့ တက္ကသိုလ်ထဲမှာ အဲ့လိုလူ ရှိသေးတယ်ပေါ့။”
ထန်ရှုအား ညွန်ပြလိုက်ပြီး မုဝမ်ရင်က အပြုံးဖြင့်
“သူက ငါ့ရဲ့အိုင်ဒေါလ်လေ။ ငါတို့တက္ကသိုလ်က ကျောင်းသားသစ်ပဲ။”
ထိုအရပ်မြင့်မြင့် မိန်းကလေးက မယုံကြည်သော အမူအရာဖြင့်
“ဝမ်ရင် … ငါ့ကို နောက်နေတာလား။ ဒီလိုကျောင်းသားသစ်တစ်ယောက်က ဝမ်ရင်ရဲ့အိုင်ဒေါလ် ဘယ်လိုဖြစ်နိုင်မလဲ။ နင်တို့ အရင်ကတည်းက သိနေတာလို့ ငါ့ကို မပြောနဲ့နော်။”
“ဟုတ်တယ်။ ငါတို့ သူ တက္ကသိုလ်ကျောင်းသား မဖြစ်ခင်ကတည်းက တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာကြတာ။” မုဝမ်ရင် အသံလွင်လွင်လေးဖြင့် ရယ်လိုက်ပြီး ပြန်ဖြေသည်။
“ဒါပေမယ့် သူက တကယ်ပဲ ငါ့အိုင်ဒေါလ်ပါ။ ဆိုတော့ နင်တို့ ငါတို့နဲ့အတူ လိုက်ချင်လား။”
“ငါ လိုက်မယ်။”
“ငါ့ကိုပါ ထည့်တွက်ပေး။”
ထန်ရှုအား စူးစမ်းသောအကြည့်များဖြင့် အကြိမ်အနည်းငယ်ခန့် ကြည့်ပြီးကြသော ကျန်သည့်မိန်းကလေး၂ယောက်က ရယ်သံချိုချိုလေးများဖြင့် ပြန်ဖြေသည်။ ဇာတ်လမ်းတစ်ခု စတင်ရန် ရုပ်ချောချောကောင်လေးများသည် နေရာတိုင်းတွင် ရှိကြပေသည်။ အရပ်မြင့်မြင့် ကျောင်းသူလည်း သူ့အား မြင်သောအခါ ခေါင်းညိတ်ပြီး
“နင်တို့အားလုံး သွားမယ်ဆိုတော့ ငါလည်း သွားရမှာပေါ့။ အဲ့ဒီကျောင်းသားက စတိုင်ကျကျ အဝတ်စားကောင်းတွေ ဝတ်ထားတော့ ကြည့်ရတာ ကောင်းကောင်းမွန်မွန်လေးပဲ။ အဲ့ဒါကြောင့် ဒီည သူ့ကို သွေးယိုအောင် ညှင်းကြတာပေါ့။”
ထန်ရှုက အေးချမ်းသောအပြုံးအား ပြုံးလိုက်ရင်း
“ကောင်းပြီ။ မင်းတို့ လုပ်စရာ ရှိရင် ပြန်ပြီးလုပ်လိုက်လေ။ ညနေ၆နာရီကျရင် တက္ကသိုလ်ဝင်ပေါက်မှာ ဆုံကြတာပေါ့။”
“အိုကေ…” မုဝမ်ရင်က အပြုံးဖြင့် ခေါင်းညိတ်သည်။
ထန်ရှု ထိုနေရာတွင် ရပ်မနေတော့ဘဲ အားကျမနာလို ဖြစ်နေကြသော အမျိုးသားကျောင်းသားများ၏ အကြည့်များအောက်မှ ထွက်သွားတော့သည်။ ယွဲ့ခိုင်တို့နေရာသို့ ပြန်ရောက်သောအခါ မျှော်လင့်ချက်ကြီးစွာ ကြည့်နေကြသည့် ထိုသူတို့၏အကြည့်များကို မြင်ကာ ရယ်ချင်လာတော့သည်။
“သွားပြောတာ အောင်မြင်ခဲ့တယ်။ ဒီည ညစာစားဖို့ကို မုဝမ်ရင်တင်မကဘူး သူမရဲ့အဆောင်တူ ညီမလေးတွေပါ ပါလာလိမ့်မယ်။”
“ဟူး…ရေး…အစ်ကိုကြီး ထန် အသက်ရာကျော် ရှည်ပါစေ။”
“ဘော်ဒါကြီး ကောင်းကောင်းလုပ်ခဲ့တာပဲ။”
ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့သည် အံ့သြကျေနပ်ကာ ချီးမွမ်းကြသည်။ ထန်ရှုက ခေါင်းယမ်းလိုက်ပြီး အပြုံးဖြင့်
“မင်းတို့ အစက သိပ်မကျေနပ်ဘူးမလား။ မုဝမ်ရင်ကို ပိုးပန်းချင်ရင် မင်းတို့ရဲ့အစွမ်းအစနဲ့ မင်းတို့ဘာလဲဆိုတာ သိအောင် ထုတ်ပြသင့်တယ်။ ဒါနဲ့ မင်းတို့ ဒီမှာ နေဖို့အကြောင်း ရှိသေးလား။”
“မရှိဘူး။ ငါတို့ ဒီကိုလာတာ ကောင်မလေးတွေကို ငမ်းဖို့သက်သက်ပဲ။” ဟူချင်းစုန့်က ခေါင်းယမ်းကာ ပြောလိုက်သည်။
ထန်ရှုက ရယ်လိုက်ရင်း
“အဆင်ပြေရင် ငါတို့ ပြန်ကြစို့။ အခု လေးနာရီခွဲနေပြီ။ သူတို့နဲ့ ၆နာရီ ချိန်းထားတယ်။”
ယနေ့ညတွင် နံပါတ်၁မိန်းမလှလေးနှင့်အတူ ညစာစားနိုင်တော့မည်ဖြစ်ရာ ယွဲ့ခိုင်တစ်ယောက် အခြားမိန်းမချောလေးများကို မျက်စိအစာကျွေးမည့် အတွေးအား မည်ကဲ့သို့ ရှိနိုင်ပါဦးမည်နည်း။ ထို့ကြောင့် သူသည် အဆောင်ပြန်ရန် စတင်လှုံ့ဆော်သူ ဖြစ်လာသည်။
“သွား…သွားရအောင်ဟေ့။”
“သွားစို့။” ဟူချင်းစုန့်ကလည်း စပ်ဖြဲဖြဲ ထောက်ခံသည်။ “ဒီည ကောင်မလေးတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံးဝတ်စားပြီး အရည်အချင်းတွေ ထုတ်ပြရမယ်။”
“ဒါပဲလေ။” ကျောက်လျန့်ကလည်း ရယ်လိုက်သည်။
ရွှဲ့ချောင်တစ်ယောက်သာ ထိုမိန်းမချောလေးများ၏ အလှတရားအောက်တွင် မလှုပ်ရှားသောသူဖြစ်သည်။ သူ့တွင် ရှင်းလင်းသော အာရုံစိုက်မှုနှင့် ကြည်လင်သောစိတ် ရှိသည်။ သူ၏စိတ်အာရုံအားလုံးသည် ဇနီးနှင့် သားအပေါ်တွင်သာ စူးစိုက်ထားပြီး အခြားမိန်းမချောလေးများဆီသို့ မည်သည့် ရည်ရွယ်ချက် ခံစားမှုများ မရှိသည်မှာ သဘာဝကျပေသည်။
သူတို့၅ယောက်သည် ရယ်ရယ်မောမော စကားပြောဆိုရင်း တက္ကသိုလ်ခန်းမဆောင်ကြီး၏အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
“ကားပေါ်တက်။” ယွဲ့ခိုင်သည် ကျန်သည့်လူငယ်များအား လက်ဖြင့် အချက်ပြလိုက်သည်။
အဆောင်သို့ ရောက်သောအခါ ထန်ရှု၏ လင်ရိုဗာဆာ့ဖ်ကားအနီးတွင် ရပ်ထားသော အော်ဒီအေဖိုးကားအား လက်ညိုးထိုးပြရင်း
“အစ်ကိုကြီး အဲ့ဒီကားကို တွေ့လား။ အဲ့ဒါ ငါ ဝယ်ထားတဲ့ကားသစ်လေးလေ။ ယွဲ့ခိုင်ရဲ့ဘီအမ်ဒဗလျူကားလောက် မကောင်းပေမယ့် အဲ့ဒီကားမောင်းရင် ငါ့အတွက် မျက်နှာရပါတယ်။”
ဟူချင်းစုန့်၏ဝင့်ကြွားနေသောအမူအရာအား ကြည့်ရင်း ထန်ရှု ရယ်လိုက်မိသည်။
ဟူချင်းစုန့်၏ဝင့်ကြွားသော အကြည့်ကို မြင်သောအခါ ရိုးသားပြီး စိတ်ရိုးရှင်းသော ရွှဲ့ချောင်က ရုတ်တရက် လေသံတိုးတိုးဖြင့်
“အော်ဒီအေဖိုးတစ်စီးလောက်က ဘာမှ သိပ်မများဘူး။ ဘော့စ်ထန်မှာ အဲ့ဒါထက် ပိုကောင်းတဲ့ ကားတွေမှ အများကြီးပဲ။”
ဟူချင်းစုန့်က ရွှဲ့ချောင်အား စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် ရယ်မောကာ ပြောလိုက်သည်။
" ရွှဲ့ချောင် … မင်းက သူ့ရဲ့ခြေထောက်ညစ်ပေတာကြီးကို ကိုင်ပြီး ဒီလို မြှောက်ပင့်နေတာကို တွေးကြည့်ရင် အစ်ကိုကြီးထန်က မင်းကို ဘယ်လိုတောင် ပံ့ပိုးထားလို့လဲ။ သူ့မှာ ကားကောင်းတွေ အများကြီးရှိရင် ကျောင်းကို ယူလာပြီး ပြမှာပေါ့ကွ မဟုတ်ဘူးလား။”
“ငါ မဟုတ်…” ထိုစကားကို ကြားပြီးနောက် ရွှဲ့ချောင်က စိတ်လှုပ်ရှားစွာဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
ထန်ရှုက သူ၏ပခုံးအား အသာပုတ်လိုက်ပြီး အပြုံးဖြင့်
“ဟူကြီး … မင်းပြောတာမှန်တယ်။ ငါ့မှာ ကားကောင်းတစ်စီးရှိရင် ကျောင်းကို မောင်းလာမှာ သေချာတယ်။ အဲ့ဒီလင်ရိုဗာဆာ့ဖ်ကို ကြည့်ပါဦး။ မင်း အဲ့ဒါကို ဘယ်လိုထင်လဲ။"
ဟူချင်းစုန့်က တစ်ချက်တွေဝသွေားပြီးမှ ခေါင်းညိတ်ပြရင်း “အင်း … ကားကောင်းပဲ။ ဒီကားက ၁မီလီယံလောက် တန်မယ်။ ဝိုး … အခုပဲ အင်တာနက်မှာ ရှာကြည့်လိုက်တာ ဈေးနှုန်းက မြင့်သေးတာပဲ … အနည်းဆုံး ၂မီလီယံလောက်ထိ ရှိဦးမယ်။”
ထန်ရှုက သူ၏ကားသော့ကို ယူပြီး ခလုတ်ကို နှိပ်လိုက်သည်နှင့် လင်ရိုဗာကား၏ လေးဘက်လေးတန်မှ မီးများ လင်းလာသည်။ ထို့နောက် သူ၏လက်ကို ယမ်းကာ ပြုံးလိုက်ပြီး
"တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီကားက တကယ်ပဲ ငါ့ရဲ့ကားပါ။"
“…”
ဟူချင်းစုန့် အံ့သြသွားကာ ထန်ရှုအား မယုံနိုင်ကြည်ဟန် မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့သည်လည်း ထန်ရှုနှင့် သူ၏လက်ထဲက ကားသော့ကို ကြည့်မိသောအခါတွင် အံ့အားသင့်သွားကာ အာစေးမိသွားကြသည်။
ရွှဲ့ချောင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ကျယ်လောင်စွာ ပြောလိုက်သည်။
"ဒါကို မင်းတွေ့ပြီလား။ ဘော့စ်ထန်မှာ ကားကောင်းတွေ အများကြီး ရှိတယ်လို့ မင်းကို ငါပြောခဲ့တယ် ။ သူ့အိမ်ရဲ့ ကားဂိုဒေါင်ထဲမှာ...”
***