ယောကျာ်းတစ်ဦး၏ စစ်မှန်သောအသားရောင်
Vol. 09 Ch. 433
ထန်ရှုသည် သူ၏အရှေ့မှ လူများ၏အမူအရာကိုကြည့်ကာ စိတ်တွင်းမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကြွားဝါခြင်းအား သူ မကြိုက်သော်လည်း၊ မြင့်မားသော အဆင့်အတန်းအား ဖော်ပြခြင်းအား သူနှစ်သက်သည် မဟုတ်သော်လည်း သူ၏အကြောင်းအား အများကြီး ဖုံးကွယ်မထားချင်ပေ။ ထိုအတန်းဖော်များသည် နောက်လေးနှစ်ကြာသည့်ထိ ပေါင်းသင်းရန် လိုအပ်သေးသည်။ အကယ်၍သာ သူသည် ၎င်းတို့အား ဆက်လက် ဖုံးကွယ်ထားမည်ဆိုပါက နောက်ပိုင်းတွင် အမှန်တရားအား သိရှိလာကြသောအခါ ၎င်းတို့၏ နှလုံးသားထဲတွင် အထုံးအဖွဲ့များ ဖြစ်ပေါ်လာနိုင်သောကြောင့် ယခုကတည်းက ဖော်ပြလိုက်ခြင်းသာ ပိုကောင်းမည် ဖြစ်ပေသည်။
ထို့အပြင် မွေးစားထားသည့် မိဘမဲ့ကလေးများကို ကျင်းမန်ကျွန်းသို့ ပို့ဆောင်လိုက်သောအခါ နောင်တွင် ထိုကလေးများသည် သူ့အတွက် အသုံးဝင်လာစေရန် ကောလိပ်တွင် အရည်အချင်းရှိသော အတန်းဖော်အချို့အား ထိုကလေးများအတွက် ခေါ်ယူခန့်ထားပေးရန်အတွေးလည်း ရှိလေသည်။ ရှန်ဟိုင်းတက္ကသိုလ်သည် နိုင်ငံ၏ ပိုမိုကောင်းမွန်သော ပညာရေးဆိုင်ရာ တက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပြီး စာမေးပွဲများ ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသားများသည်လည်း လက်ရှိတွင် စာမလုပ်ချင်ကြသည့်ငပျင်းလေးများ ဖြစ်ကြသော်လည်း အလွန်ဉာဏ်ကောင်းကြသူများသောကြောင့် သင်တန်းတစ်ခုစီမှစပြီး သင်ယူလေ့လာမှုအချို့အား ရယူပြီးနောက်တွင် အလွန်အရည်အချင်းရှိကာ အလုပ်များစွာကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
"သူငယ်ချင်းတို့ ဆက်ပြီး မပေါက်ကရတွေ မလုပ်နဲ့တော့။ မင်းတို့ရဲ့ဖင်တွေကို အဆောင်ဆီ မြန်မြန် ရွှေ့ပြီး အဆင်သင့် ပြင်ကြတော့လေ။” ထန်ရှုက အဆောင်တံခါးဝမှ လှည့်ကြည့်ကာ ရွှတ်နောက်နောက် ပြောလိုက်သည်။
ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျောက်လျန့်တို့သည် အကြိမ်အနည်းငယ်ခန့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အကြည့်များသည် ရွှဲ့ချောင် ထံ ကျရောက်သွားသည်။ ရွှဲ့ချောင်နှင့် ထန်ရှုတို့၏ ဆက်ဆံရေးသည် အလွန်ထူးခြားကြောင်းကို နောက်ဆုံးတွင် သူတို့သဘောပေါက်သွားခဲ့သည်။ အကြောင်းအရာတော်တော်များများအား သူတို့ သတိမမူနိုင်ခဲ့သေးသော်လည်း ရွှဲ့ချောင်ကတော့ ထိုအကြောင်းများအား ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
ထိုသူများ၏ အကြည့်များနှင့်အမူအရာများကို မြင်လိုက်သည့် ရွှဲ့ချောင်တစ်ယောက် ထန်ရှုဘက်သို့ အလျင်စလို လှည့်ကာ "ဟေး သူဌေးထန် … ငါ့ကို စောင့်ပါဦး။"
သို့သော်လည်း သူ ခြေလှမ်းအနည်းငယ်သာ ပြေးလိုက်ရသေးသည်။ ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျောက်လျန့်တို့ သုံးယောက်သည် သူ့အား နောက်သို့ပြန်ဆွဲကာ သူတို့ကြားတွင် ညှပ်လိုက်ကြသည်။
ကျောက်လျန့်က ငါးခူပြုံးဖြင့်
"ရွှဲ့ကြီး … မင်း ဘာမှမသိဟန်ဆောင်နေမှာလား ပြော။ အစ်ကိုကြီးထန်မှာ ကားဘယ်နှစ်စီးရှိလဲ။ မင်းပြောတာ သူ့အိမ်မှာ…”
ထိုကိစ္စနှင့်ပတ်သက်၍ ထန်ရှု၏မှာကြားချက်အား သတိရသွားသော ရွှဲ့ချောင်က ခေါင်းကို အပြင်းအထန် ခါလိုက်ပြီး
"ဟင့်အင်း … ငါ ဘာမှ မပြောဘူး။ ဘော့စ်ထန်ကို ဘာမှ မပြောဖို့ ကတိပေးထားတယ်။ ဟူကြီးကိုပဲ အပြစ်တင်ရမယ်။ သူ ကြွားလုံးမထုတ်ရင် ဘော့စ်ထန်ရဲ့ လျှို့ဝှက်ချက်ကို ငါ ထုတ်ဖော်မိမှာ မဟုတ်ဘူး။”
ထန်ရှုက နောက်လှည့်ပြီး ထိုလေးယောက်ကို ကြည့်ကာ ပြောလိုက်သည်။
"ဟေ့ မြန်မြန်လုပ်ကြကွာ။ သိချင်ရင် ညနေကျရင် ငါ အကုန်ပြောပြမယ်။ မင်းတို့တွေ နောက်ကျပြီး တစ်ယောက်မှ ညနေခြောက်နာရီမတိုင်ခင် ကျောင်းဝင်းအဝင်ဝမှာ အဆင်သင့်မဖြစ်ရင် မင်းတို့ကောင်တွေ ဘယ်လောက် ဆိုးသွမ်းပြီး သူမနဲ့မလိုက်ဖက်ဘူးဆိုတာကို မုဝမ်ရင်ကို ငါ ပြောလိုက်မယ်။ မင်းတို့နဲ့ပတ်သက်တဲ့ မကောင်းတာတွေကိုပဲ သူမကို ပြောပြမယ်ဆိုတာ မင်းတို့ သေချာလိုက်တော့။"
ထိုခြိမ်းခြောက်စကားကို ကြားပြီးနောက် ယွဲ့ခိုင်တို့သုံးယောက်သည် ရွှဲ့ချောင်အား အမြန်လွှတ်လိုက်ပြီး ထန်ရှု၏နောက်မှ ပြေးလိုက်ကြသည်။ သုံးယောက်သား အစွမ်းကုန် ပြုံးပြကာ ဦးညွှတ်မတတ် ထပ်ခါတလဲလဲ အချိုသပ်ကြသည်။ မြှောက်ပင့်သောစကားလုံးများအား ပိုက်ဆံမပေးရတိုင်း တံတွေးစင်မတတ် အာပေါင်ရင်းသန်သန်ဖြင့် ထန်ရှုအား ပြောဆိုကြတော့သည်။
ညီအစ်ကိုမသိတသိအချိန် ရောက်လာခဲ့ပြီဖြစ်သည်။
ရှန်ဟိုင်းတက္ကသိုလ်ဂိတ်ဝအနီးတွင် ကားသုံးစီး ရပ်ထားသည်။ ထန်ရှုတို့ငါးယောက်အုပ်စုသည် ကားသုံးစီးတွင် ထိုင်ကာ မုဝမ်ရင်တို့ သူငယ်ချင်းလေးယောက်အဖွဲ့ ရောက်လာမည်ကို စောင့်နေသည်။
အချိန်တွေ ကုန်လွန်သွားခဲ့ပြီး ညနေ၆နာရီကနေ မိနစ်အနည်းငယ် ကျော်လွန်သွားပြီဖြစ်သည်။ မုဝမ်ရင်တို့ လေးယောက်အုပ်စုသည် နောက်ကျနေဟန် ရှိသည်။ မုဝမ်ရင်တို့အဖွဲ့ ကားသုံးစီးအနား ရောက်သောအခါ မုဝမ်ရင်က တည်ငြိမ်နေသော်လည်း သူမ၏ဘေးပတ်လည်မှ အဆောင်ဖော်ညီအစ်မသုံးယောက်သည် ကားသုံးစီးအား ကြည့်ကာ အံ့သြသွားဟန် ရှိသည်။ ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျန်သောသူများသည် သပ်ရပ်စွာ ဝတ်စားထားကြပြီး လူကြီးလူကောင်းများသဖွယ် ပြုမူနေလေသည်။
"နင် ငါတို့ကို စောင့်နေတာကြာပြီလား ထန်ရှု။"
မုဝမ်ရင်က ရယ်ရယ်မောမော မေးသည်။
ထန်ရှုက ခေါင်းခါပြီး
"ဟင့်အင်း ကျွန်တော်တို့လည်း ရောက်တာ မကြာသေးဘူး။ ဒါနဲ့ ဒီည ဘာစားချင်လဲ။ ကျွန်တော် ကျွေးမှာပါ။”
“ဒါက နင့်သဘောပါ။ ငါတို့ နင့်ရဲ့အစီအစဉ်အတိုင်း လိုက်လုပ်မယ်လေ။”မုဝမ်ရင်က အပြုံးဖြင့် ပြန်ပြောသည်။
"ကောင်းပြီ ကျွန်တော် စီစဉ်လိုက်မယ်။" ထန်ရှုက ခေါင်းညိတ်ပြရင်း
"ဒါနဲ့ ကျွန်တော် မင်းကို မိတ်ဆက်ပေးပါရစေ။ သူက..."
ထန်ရှု၏မိတ်ဆက်စကားကြောင့် ကျန်သည့်သူများမှာ နောက်ဆုံးတွင် တစ်ယောက်နှင့်တစ်ယောက် သိခွင့်ရခဲ့သည်။ မုဝမ်ရင်သည် သူမ၏သူငယ်ချင်းသုံးယောက်ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ အရပ်မြင့်သော လီရှင်းကျီ၊ ကျန်းဖေးယန်နှင့် ဟူဝတေို့ဖြစ်သည်။
"ကောင်းပြီ။ ကားပေါ်တက်ရအောင်။" ထန်ရှုသည် ကားတံခါးကိုဖွင့်ကာ မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။
ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် ကျောက်လျန့်တို့အတွက် ကူကယ်ရာမဲ့ ဖြစ်စေခဲ့သည့်အရာမှာ မုဝမ်ရင်နှင့် ကျန်သုံးယောက်လုံးသည် ထန်ရှု၏ လင်ရိုဗာဆာ့ဖ်ကားဆီသို့ သွားနေကြခြင်းဖြစ်သည်။ ယွဲ့ခိုင်တို့အား ချစ်စရာကောင်းသော အပြုံးများ ပြုံးပြကြသော်လည်း ထိုမိန်းကလေးများသည် သူတို့၏ကားပေါ်တက်မည်ဟူသော အရိပ်အမြွက်မျှ မပြခဲ့ပေ။
"ချီးတဲ့မှပဲ … ငါ အရမ်းစိတ်ဓာတ်ကျသွားပြီ။ ဒီလိုမှန်း ကြိုသိရင် ဒီကားဝယ်မယ့်အစား လင်ရိုဗာကားစီးရီးကို ဝယ်မှာပေါ့။” ယွဲ့ခိုင်သည် ဒေါသတကြီး ညည်းညူကာ သူ၏ကားထဲ ဝင်လိုက်သည်။
ကားများ စတင်ထွက်ခွာလာသည်။
ထန်ရှုသည် သူ၏ကားအား ကျောင်းဝင်းတံခါးမှ မောင်းထွက်လိုက်သည်။ ထို့နောက် ရှေ့ခုံတွင်ထိုင်နေသော မုဝမ်ရင်က သူ့အား ပြုံးပြုံးလေး ပြောနေသည်ကို ကြားလိုက်ရသည်။
"ထန်ရှု … နင်က ကျောင်းသားအသစ်တွေအတွက် စစ်ရေးလေ့ကျင့်မှုမှာ မပါဝင်ဘူး။ အဲဒီတုန်းက နင် ဘာတွေ လုပ်နေတာလဲ။ ဒါနဲ့ မနေ့ညက နင့်ရဲ့အတန်းပိုင်ဆရာမ မစ္စဟန်နဲ့လည်း တွေ့ခဲ့တယ်။ နင့်အကြောင်းပြောတာ သူက အတော် စိတ်အနှောင့်အယှက် ဖြစ်နေပုံရတယ်။"
ဟန်ကျင်းဝူ သူ့အား မည်သည့်အတွက်ကြောင့် စိတ်ဆိုးနေသည်ကို ထန်ရှု ကောင်းစွာ သိပေသည်။ သူမနှင့်တွေ့ခဲ့သည့် နောက်ဆုံးအကြိမ်က သူမအား မျက်နှာသေဖြင့် ခံစားချက်မဲ့စွာ စိမ်းစိမ်းကားကား ပြောဆိုဆက်ဆံခဲ့သည်။ ထိုအဖြစ်အပျက်သည် သူမအား စိတ်ကသိကအောက်ဖြစ်စေကာ အခံရခက်စေလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထန်ရှုသည် ဟန်ကျင်းဝူနှင့် အဆက်အသွယ် သိပ်မလုပ်ချင်တော့ပေ။ သူ့အား ဒေါသထွက်လက်စဖြင့် သူနှင့် ခပ်ဝေးဝေးမှာ နေရန်သာ သူ မျှော်လင့်နေခဲ့မိသည်။
“နည်းနည်း နားလည်မှုလွဲတာ ရှိတာပါ။”
ထန်ရှု ရှည်ရှည်ဝေးဝေး ထပ်မရှင်းပြချင်တော့ဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။
မုဝမ်ရင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ မိန်းကလေးတစ်ယောက်အနေဖြင့် သူမသည် ထိုအရာများနှင့် ပတ်သက်၍ ထူးခြားသော ဆဋ္ဌမအာရုံတစ်ခု ရှိလေသည်။ ဟန်ကျင်းဝူသည် ထန်ရှုအပေါ် ထူးခြားစွာ ပြုမူသည်ကို သူမ ခံစားမိသည်။ သူမသည် ဟန်ကျင်းဝူနှင့် ထန်ရှုအကြောင်း မကြာသေးမီကပင် ကြားခဲ့သိခဲ့ရသည်။
ထန်ရှုသည် ရှန်ဟိုင်းတက္ကသိုလ်သို့ ဝင်ရောက်ရန် စာမေးပွဲကို အောင်မြင်ခဲ့ပြီးနောက် ဟန်ကျင်းဝူသည် ကြယ်တာရာ ပထမအထက်တန်းကျောင်းမှ ပြောင်းရွှေ့ခံရရန် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပြီး ရှန်ဟိုင်းတက္ကသိုလ်တွင် အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်ခဲ့ကြောင်း သူမ သိရှိခဲ့ရသည်။
လူတစ်ယောက်သည် တိုးတက်အောင်မြင်ရန် အစဉ်တစိုက် ကြိုးစားနေသင့်ပြီး ရှန်ဟိုင်းတက္ကသိုလ်တွင် သင်ကြားခွင့်ရခြင်းသည် ကြယ်တာရာပထမ အထက်တန်းကျောင်းတွင် နေထိုင်ခြင်းထက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းလမ်းကြောင်းနှင့် အနာဂတ်ကို ပေးစွမ်းနိုင်သော်လည်း ထန်ရှုနှင့် ဆက်စပ်မှုများစွာ ရှိနိုင်သည်ဟု သူမခံစားမိသည်။
“ဂျူနီယာမောင်လေးထန် … ဒီနှစ်ရဲ့ ကျောင်းသားသစ်တွေက ဒေသခံသူဌေးကြီးတွေရဲ့ သားတွေဖြစ်ပြီးတော့ နင့်အဆောင်မှာ စုနေတာ ဖြစ်နိုင်ပါ့မလား။ လင်ရိုဗာဆာ့ဖ်ကားစီးရီး၊ ဘီအမ်ဒဗလျူနဲ့ အော်ဒီကားတွေ စီးလာကြတဲ့ နင်တို့တွေလေ။ အဲ့ဒီကားတွေက ဟိုးအရင်က ဘွဲ့ရခဲ့တဲ့ ကောလိပ်ကျောင်းသားတွေတောင် မတတ်နိုင်တဲ့ ဇိမ်ခံကားတွေ မဟုတ်ဘူးလား။”
ကျန်းဖေးရန်သည် လှပနေဟန်ရှိပြီး သူမသည် ပြုံးရခြင်းကို နှစ်သက်သော မိန်းကလေးများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သောကြောင့် စတွေ့ပြီးကတည်းက သူမမျက်နှာတွင် မည်သည့်အခါမှ အပြုံးမပျက်သည်ကို တွေ့ရသည်။
"အဲဒီလူတွေအားလုံး ကျွန်တော်တို့အဆောင်မှာ စုနေကြသလား ကျွန်တော် တကယ်မသိဘူး။" ထန်ရှုက ဟက်ဟက်ပက်ပက်ရယ်ကာ ပြောလိုက်သည်။
“ဒါပေမယ့် ယွဲ့ခိုင်နဲ့ ဟူချင်းစုန့်တို့က ချမ်းသာတဲ့ မိသားစုတွေကနေ လာတဲ့လူတွေပါ။ အစ်မတို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်က လမ်းဖောက်ပေးနိုင်တယ်နော်။”
"ဟီဟီ။ နေပါဟယ်။ ငါတို့က နင့်ကိုပဲ စိတ်ဝင်စားတယ်။" ကျန်းဖေးရန်က ရယ်ပြီး
"နင် ငါတို့အားလုံးကို လက်ခံနိုင်မယ်လို့ တွေးကြည့်ပါလား။"
“ဟင့်အင်း … ကျွန်တော် တက္ကသိုလ်မတက်ခင် ရည်းစားရှာမှာ မဟုတ်ဘူး။ နောက်ပြီး စာသင်ရတာ တော်တော်လေး ဝန်ပိခက်ခဲနေပြီ။”ထန်ရှုက ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ဘဲ ရယ်လိုက်မိရင်း ပြန်ဖြေသည်။
“ခွီး … ဟားဟား…”
ကျန်းဖေးရန် အသံထွက်ရယ်မောမိရင်း
“ဂျူနီယာမောင်လေးထန် … နင်က အတော် ရယ်ရတာပဲ။ ဒီအကြောင်းပြချက်ကို ယောက်ျားလေးများကို ငြင်းဖို့ မိန်းကလေးတွေက သုံးလေ့ရှိတာလေ။ ဒီဟာကို နင် အခု တကယ် သုံးမယ်လို့ မထင်ထားမိဘူး။ ငါ့ရဲ့အလယ်တန်း နဲ့ အထက်တန်းတုန်းက အကြောင်းပြောရရင် ကျောင်းတုန်းက ငါလည်း ဒီလို ဆင်ခြေတွေ ပေးတတ်တယ်။ ဒါပေမယ့် တက္ကသိုလ်မှာ … တက္ကသိုလ်က ကောင်လေးတွေက ဝမ်ရင့်လိုမျိုး မိန်းမချောလေး၊ ဘဲဥပုံလှပတဲ့မျက်နှာပိုင်ရှင် ရှင်းကျီလို မိန်းကလေး ဒါမှမဟုတ် ဝေဝေ့လို ဉာဏ်ကြီးရှင်ရောင်ဝါနဲ့ ကောင်မလေးတွေကို သဘောကျကြတယ်လေ။ ငါကြိုက်တဲ့ မိန်းကလေး အမျိုးအစားနဲ့ ပတ်သက်ရင် ငါကတော့ ဒီမှာ လူကြိုက်မများဘူးလို့ဆိုရမယ်။”
"အင်း … ငါ့ကိုမေးရင် မင်းက အတော် ချစ်စရာကောင်းတယ် လို့ဖြေရမယ်။” ထန်ရှုက ရယ်ရယ်မောမော ပြန်ဖြေသည်။
"ဒါဆို နင်က ငါ့လို ချစ်စရာကောင်းတဲ့သူမျိုးကို သဘောကျတာပေါ့ဟုတ်လား ဂျူနီယာမောင်လေးထန်။" ကျန်းဖေးရန်က ရယ်ပြီး ပြန်မေးသည်။
အဟွတ် … အဟွတ် … ထန်ရှု အကြိမ်အနည်းငယ်မျှ ချောင်းဆိုးသွားရပြီး သူမအား စကားပြန်မပြောနိုင်တော့ချေ။
“ခိခိ…” လီရှင်းကျီက တခိခိရယ်နေရင်း
“ဖေးရန် … ဂျူနီယာမောင်လေးထန်ကို မစနဲ့တော့။ သူသာ နင့်ကို တကယ်လိုက်ခဲ့ရင် နင့်ရဲ့ 'ခင်ပွန်း' က တကယ်ကို မနာလိုဖြစ်မှာ သေချာတယ်။”
“အာ…” ကျန်းဖေးယန်က စကားပြောခြင်းကို မရပ်မီ စုတ်သပ်ကာ ရယ်မောလိုက်သေးသည်။
ခရမ်းပြာဥယျာဉ်…
၎င်းဥယျာဉ်သည် ရှန်ဟိုင်း၏ ကျေးလက်ခရီးသွားလာရေး ဧရိယာတစ်ခုလုံး၏ နေရာတစ်ခုဖြစ်သော ကျင်းရှားခရိုင်တွင် တည်ရှိသည်။ သူသည် ချီနန်ဆီမှ သည်နေရာသည် ထူးခြားသည်ဟု ကြားဖူးခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်သည့် ဝါးတောကို ဖြတ်ကာ ဖောက်ထားသော လမ်းထဲသို့ သူတို့၏ကားများကို မောင်းဝင်လာသည်။
မိနစ်အနည်းငယ်အကြာတွင် ရေကန်ဘေးတွင် ရှေးကျသော အဆောက်အဦးတစ်ခုနှင့် သိမ်မွေ့သော ရေအလင်းရောင် လက်နေသော ရေကန်ငယ်တစ်ခုကို မြင်တွေ့ရသည်။ ယှက်သန်းနေသော ခရမ်းရောင်အလင်းများသည် ထိုနေရာပတ်ဝန်းကျင်အား စိတ်ကူးယဉ်အိပ်မက်ကဲ့သို့ ဖန်တီးပေးနေတော့သည်။
ခရမ်းရောင်ဝါးတောအတွင်းတွင် ကားရပ်နားရန်နေရာ၏ ၈၀%သည် ကားများပြည့်နေပြီး အများစုမှာ တန်ဖိုးမြင့် ဇိမ်ခံကားမော်ဒယ်များဖြစ်သည်။ လွတ်နေသောနေရာတွင် ကားသုံးစီးရပ်ပြီးနောက် သူတို့အားလုံး ကားပေါ်မှ ဆင်းလိုက်သည်။ နားကြပ်တပ်ထားသည့် ခပ်ချောချော လုံခြုံရေးအစောင့်တစ်ဦးက ၎င်းတို့အား ကြိုဆိုနှုတ်ဆက်ကာ ရှေးဟောင်းအဆောက်အဦးပုံစံဆီသို့ ဦးတည်နေသည့် လှုပ်ရှားနေသော လမ်းသွယ်တစ်ခုဆီသို့ လမ်းညွှန်ခဲ့သည်။
"မင်္ဂလာပါ … ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ။"
စားပွဲထိုးမလေးသည်လည်း ကြည့်ရသည်မှာ ချစ်စရာ ကောင်းပေသည်။ သူမသည် လုံခြုံရေးအစောင့်ထံမှ အကြောင်းကြားသည်ကို ရရှိပြီးနောက် သီးသန့်အခန်းတစ်ခုကို စီစဉ်ပေးထားသည်။ သူမသည် ထန်ရှုတို့ကိုးဦးအား ဒုတိယထပ်သို့ လမ်းပြခေါ်ဆောင်ခဲ့ပြီး လှပစွာ ပြင်ဆင်ထားသည့် သီးသန့်အခန်းကျယ်ထဲသို့ ဝင်သွားကာ အပြုံးဖြင့်
“လူကြီးမင်းတို့ … ကျွန်မတို့ရဲ့စားသောက်ဆိုင်မီနူးကို ကြည့်ချင်ပါသလား။ ဒါမှမဟုတ် အလွတ်အော်ဒါ မှာချင်ပါသလား။”
ထန်ရှုက စားပွဲပေါ်ရှိ မီနူးစာအုပ်ကို ကောက်ကိုင်ကာ အကြိမ်အနည်းငယ်ဖတ်ပြီးနောက် သူက ပြုံးပြီး
“ကောင်းပြီ။ မင်းတို့ဆိုင်ရဲ့အထူးဟင်းပွဲတွေကို ချပေးပါ။ ငါတို့ ဝိုင်ပုလင်းတချို့ ယူလာပေမယ့် မင်းတို့ဆီက ဝိုင်လည်းချပေးပါဦး။”
"ကောင်းပါပြီ။ ခဏလောက်စောင့်ပေးပါ။"
စားပွဲထိုးမလေး၏အကြည့်များသည် ဟူချင်းစုန့် ကိုင်ဆောင်ထားသော ပုလင်းနှစ်လုံးဆီ ရောက်သွားသည်။ သူမသည် အံ့အားသင့်နေသော အမူအရာကို ပါးပါးနပ်နပ် ဖုံးကွယ်ကာ အပြုံးဖြင့် နောက်ပြန်ဆုတ်သွားသည်။
ထန်ရှု၊ မုဝမ်ရင်နှင့် အခြားသူများသာ သီးသန့်အခန်းတွင်း၌ ရှိသောအခါ ရွှဲ့ချောင်၏မျက်လုံးများက ဝိုင်းစက်နေပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ချစ်စွာသော ငါလေးကတော့ အံ့သြသွားရပြီ။ ဒီနေရာက အရမ်းကြီးကို အဆင့်မြင့်နေတာ မဟုတ်ဘူးလား။ ဘော့စ်ထန် … မင်းက ငါ့ကို ဘာကြောင့် အိပ်မက်ထဲ ခေါ်လာတာလဲ။"
“ဟီဟိ…”
“ဟားဟား…”
လူတိုင်းက ရယ်မောလိုက်ကြသည်။
ရွှဲ့ချောင်၏ တအံ့တသြအမူအရာသည် ကျေးတောသားဆန်နေသော်လည်း ရိုးရှင်းပြီး ဖြူစင်သော စိတ်ခံစားချက်များအတိ ဖြစ်သည်။ ထန်ရှုသည် ရွှဲ့ချောင်ဆီသို့ ခြေနှစ်လှမ်း လှမ်းကာ သူ့ပုခုံးကို ပုတ်လိုက်ပြီး ရယ်ရယ်မောမော ပြောလိုက်သည်။
"ရွှဲ့ကြီး … မင်းရဲ့တာဝန်က ဒီည စားဖို့၊ သောက်ဖို့၊ မင်းထွက်သွားတဲ့အထိ ရယ်မောပျော်ရွှင်ပြီး အရက်သောက်ပြီး အိပ်ရာဝင်ဖို့ပဲ။ မနက်ဖန် မင်းမျက်လုံးဖွင့်လိုက်တာနဲ့ မင်း တကယ်လုပ်ခဲ့ရတာကို သိလိမ့်မယ်။ ဟေး ... မင်း ငါ့ကို ဘာလို့ ဆိတ်ဆွဲတာလဲ။"
“မင်း နာကျင်မှုကို ခံစားရတယ်။ ဒါဆို ငါက အိပ်မက်ထဲမှာ မဟုတ်ဘူးပေါ့။” ရွှဲ့ချောင်က ရွှင်မြူးစွာ ပြောလိုက်သည်။
ထန်ရှု အားရပါးရ ရယ်မောမိတော့သည်။ သူ့အနေဖြင့် နာကျင်မှုကို လုံးဝမခံစားရသော်လည်း ရွှဲ့ချောင်အား ကျီစယ်ရန်အတွက် နာကျင်ဟန်ဆောင်ခဲ့သည်။
ရယ်မောပျော်ရွှင်ကြရင်းဖြင့် လူတိုင်း နေရာယူလိုက်ကြသည်။ မုဝမ်ရင်သည် မိန်းကလေးများကြားတွင် ထန်ရှုနှင့် အရင်းနှီးဆုံး ဖြစ်သောကြောင့် သူမသည် သူ့ဘေးတွင် တန်းထိုင်သည်။ ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့သည် ထန်ရှုနှင့် နေရာချင်း လဲလှယ်လိုကြသော်လည်း မုဝမ်ရင်၏ တည်ငြိမ်အေးချမ်းသော အပြုံးမျက်နှာကို ကြည့်မိပြီးနောက် သူတို့ အနေရခက်သွားသည်။
"အစ်ကိုကြီး ထန် … ငါတို့ စစ်သင်တန်းတက်တုန်းက မင်းဘယ်သွားတာလဲ။" ဟူချင်းစုန့်က မေးသည်။
"ငါ ခရီးသွားနေခဲ့တာ။" ထန်ရှုက အပြုံးဖြင့် ဖြေသည်။
"ဘယ်သွားတာလဲ။" ဟူချင်းစုန့်သည် အနည်းငယ် အားကျသွားဟန်ရှိပြီး ထပ်မေးသည်။
"ကျင်းမန်ကျွန်းနဲ့ ရှန်းနန်တောင်ကိုပါ။" ထန်ရှုမှ ပြောလိုက်သည်။
"အရမ်း မိုက်တယ်။" ဟူချင်းစုန့်က လက်မထောင်ပြကာ သက်ပြင်းချလိုက်ရင်း
"မင်းရဲ့ညီအစ်ကိုတွေ ညိုမဲနေတာ မင်း မြင်တယ် မဟုတ်လား။ နေ့တိုင်း နေရောင်အောက်မှာ စစ်ရေးလေ့ကျင့်တော့ နေလောင်ခံရတယ်။ ဒါတောင် ငါတို့ ရွှဲ့ချောင်လောက် အသားမညိုဘူး။”
"ငါ့ဦးလေး တစ်ခါက ငါ့ကို ပြောဖူးတယ် အသားညိုတာက အမျိုးသားတွေရဲ့ အသားရောင်အစစ်ပဲတဲ့။ သူတို့ရဲ့ အသားအရေက ပိုညိုလေ … ပိုကျန်းမာလေလေလို့ သူက ပြောတယ်။" ရွှဲ့ချောင်က တုံ့ပြန်သည်။
စကားနည်းသူ ဟူဝကေ ထိုအချိန်တွင် ရုတ်တရက် ဝင်ပြောလာသည်။
" ရွှဲ့ချောင် … အသားညိုတဲ့ ယောက်ျားလေးက ချောမောတဲ့ ယောကျာ်းတွေလောက် မထင်ရှားဘူးလို့ရော နင့်ဦးလေး ပြောခဲ့သေးလား။"
ရွှဲ့ချောင်က ခေါင်းကို ကုတ်လိုက်ပြီးနောက် ခေါင်းယမ်းကာ တုံးတုံးအအ ပြုံးလိုက်ရင်း
“ဦးလေးက အဲ့ဒီလို မပြောဖူးဘူး။ သူလည်း အသားညိုပေမယ့် ရုပ်ချောတဲ့ ယောကျ်ားလေးတွေကို မတွေ့ဖူးဘူးထင်တယ်။ ရိုးရိုးသားသား ပြောရရင် ဦးလေး ပြောတာ မှားတယ်လို့ ကျွန်တော် ထင်တယ်။ အသားညိုတာ ကျန်းမာရေးနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူးလို့ထင်ရတာပဲ။ နို့မဟုတ်ရင် သူက အသက်ငါးဆယ်ကျော်လေးနဲ့ အဒေါ့်ကို ရှာဖို့ ကောင်းကင်ဘုံကို ရောက်သွားမှာ မဟုတ်ဘူး။”
ရွှဲ့ချောင်၏အမူအရာကို ကြည့်ရင်း ဟူဝေ၏နှုတ်ခမ်းသည် လေးကိုင်းသဏ္ဍာန်ကွေးညွတ်သွားကာ သူမ၏မျက်နှာထက်ရှိ ကျီစယ်လိုသောအပြုံးသည် ပိုမိုသိပ်သည်းသွားတော့သည်။
***