သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့
Vol. 09 Ch. 435
ဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်ရင်း အရက်မူးနေသော လူငယ်အား ကြည့်နေသည့် ထန်ရှု၏ နှုတ်ခမ်းထက်တွင် အပြုံးသဲ့သဲ့ ပေါ်လာသည်။ အခန်းတွင်းသို့ ဝင်လာသော ထိုလူ၏ခြေလှမ်းများသာမက ထိုသူ၏အပြောအဆိုနှင့် အမူအရာများမှတဆင့် သည်သကောင့်သားသည် မူးချင်ယောင်ဆောင်နေမှန်း သူ ပြောနိုင်ပေသည်။
ထိုလူငယ် လမ်းလျှောက်နေချိန်တွင် ယိမ်းထိုးနေဟန် ပြသော်လည်း ကြမ်းပြင်ထက်မှ ခြေလှမ်းများသည် တည်ငြိမ်နေပြီး မျက်လုံးများထဲတွင် မူးယစ်ရီဝေနေသည့် အရိပ်အယောင်အား စိုးစဉ်းမျှပင် မတွေ့ရပေ။
ထန်ရှုက စီးကရက်တစ်လိပ် ထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။ ထို့နောက် သူသည် အနောက်သို့ မှီထိုင်လိုက်ပြီး အပြုံးဖြင့်
"သူက မင်းရဲ့ ချစ်သူလား ကျန်းဖေးယန်။ တအားမူးနေရင် လက်ဖက်ရည်ပူပူလေးတစ်ခွက် တိုက်လိုက်ဦး။ ပြီးရင် အမူးပြေအောင် အနားယူခိုင်းထား။”
ထန်ရှုအား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်ရင်း ကျန်းဖေးယန်က ခေါင်းညိတ်ကာ
"ငါ လုပ်လိုက်မယ်။"
ထို့နောက် သူမသည် ထကာ ထိုလူငယ်အား လက်ဖက်ရည် ထည့်ပေးလိုက်သည်။
သို့သော် ထိုလူငယ်က သူမ၏လက်ကိုဆွဲကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းထားသည်။ ကျန်းဖေးယန်ကို ပွေ့ဖက်ထားရင်း ခေါင်းယမ်းလျက်
“ငါ အဆင်ပြေတယ်။ နောက်ထပ် ပုလင်းနည်းနည်း သောက်ရင်တောင် ပြဿနာမရှိဘူး။”
ထို့အပြင် သူနှင့်အတူပါလာသော အခြားလူငယ်သည် အခန်းထဲသို့ဝင်လာပြီးနောက် မုဝမ်ရင်အား သိသိသာသာပင် တစ်ချိန်လုံး စိုက်ကြည့်နေခြင်းဖြစ်သည်။ သည်အချိန်တွင် ထိုလူငယ်က ရှေ့သို့ လျှောက်လာပြီး သူမအနီးတွင် ဝင်ထိုင်လိုက်သည်။ သူသည် စားပွဲပေါ်ရှိ ပုလင်းကို ဆွဲကိုင်ကာ မုဝမ်ရင်ဆီသို့ မြှောက်ပြကာ အပြုံးဖြင့်
“မင်းကို ဒီမှာ တွေ့လိမ့်မယ်လို့ မထင်ထားမိဘူး မိန်းမချောလေးမု။ အရင်က မင်းကို ညစာစားဖို့ ငါ အမြဲဖိတ်ချင်ပေမယ့် မင်းမှာ လုပ်စရာတွေရှိတယ်ဆိုပြီး အမြဲတမ်း ငြင်းပယ်ခဲ့တယ်။ ဒီနေ့တော့ အမှတ်မထင် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့တယ်ဆိုတော့ သူများ ပေးထားတဲ့ လက်ဆောင်ကို ငါ ငှားလိုက်မယ်။ ချီးယာ့စ်။"
မုဝမ်ရင်သည် အရက် လုံးဝမသောက်သူတစ်ယောက် ဖြစ်သည်။ ဒီနေ့ည ဒီလိုမျိုးပျော်စရာအချိန်မျိုးမှာပင် သူမသည် တစ်စက်မှ မသောက်ခဲ့ပါပေ။ အရက်တန်ခိုးကြောင့် နီရဲနေသော ထိုလူငယ်၏မျက်နှာနှင့် သူ၏ပါးစပ်မှ တထောင်းထောင်း ထနေသော အရက်နံ့ကြောင့် သူမ၏ရင်ထဲတွင် အော်ဂလီဆန် ရွံရှာသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း မုဝမ်ရင်သည် တည်ငြိမ်သော အမူအရာအား ဆက်လက်ထိန်းထားဆဲဖြစ်ပြီး ခေါင်းယမ်းကာ
"စိတ်မရှိပါနဲ့။ ကျွန်မ အရက် မကြိုက်လို့ မသောက်ပါဘူး။"
ထိုလူငယ်က မုဝမ်ရင်၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ ရယ်သံဖြင့်
"အလှလေးမု … ဝိုင်ဆိုတာ ကောင်းတဲ့အရာပါဗျာ။ အဲ့ဒါကို မသောက်ဘူးဆိုတာတော့ မဟုတ်သေးပါဘူး။ လာပါ … ငါ့ကို မျက်နှာသာလေး ပေးရုံပါပဲ။ ဒီည ဒီနေရာက မင်းတို့ရဲ့အသုံးစရိတ်အားလုံးကို ငါ ရှင်းပေးလိုက်မယ်။"
မုဝမ်ရင်သည် မျက်နှာ အနည်းငယ် ပျက်သွားကာ ထိုလူ၏လက်ထဲမှ ချက်ချင်း ရုန်းထွက်လိုက်သည်။ ထို့နောက် သူမက မတ်တတ်ရပ်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ကျိုးကျန့် … နင့်အပြုအမူကို ထိန်းပါ"
ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နေရာမှထကာ ကျိုးကျန့်အမည်ရှိသော လူငယ်ဆီသို့ လျှောက်သွားကြသည်။ ရွှဲ့ချောင်သည် စားပွဲပေါ်မှ အရက်တစ်ပုလင်းအား ယူထားပြီးဖြစ်ပြီး ကျိုးကျန့်အား လက်ညှိုးထိုးကာ လေသံတင်းတင်းဖြင့်
"ဟေ့ကောင် … ငါတို့နေရာက မင်းကို မကြိုဆိုဘူး။ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ မင်းဘာသာမင်း ထွက်သွားမလား … ဒါမှမဟုတ် … ငါ မင်းကို မောင်းထုတ်ရမလား။"
ဒီအချင်းအရာကို ကြည့်ရင်း ကျိုးကျန့်က မျက်မှောင်ကြုပ်သွားကာ အေးစက်သောအကြည့်များဖြင့် ရွှဲ့ချောင်အား စိုက်ကြည့်ရင်း
"မားဂျန် … မင်းမိန်းမရဲ့ သူငယ်ချင်းတွေက အတော် မောက်မာလှချည်လား။ သူတို့က ငါတို့ကို ကြိုဆိုတဲ့ပုံမပေါ်ဘူး။”
မားဂျန်အမည်ရှိသော လူငယ်၏ အမူအရာ သည် ပြောင်းလဲသွားသည်။ သူသည် ကျန်းဖေးယန်အား ဘေးသို့ တွန်းဖယ်ကာ စားပွဲခုံကို လက်ဖဝါးဖြင့် ရိုက်လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။
“မအေဘေး … မင်းက ဘာလုပ်ချင်တာလဲကွ ဟမ်။ ဒီနှစ်ရဲ့ကျောင်းသားသစ်တွေက ဘယ်လိုတောင် အတော် သွေးကြွနေတာလဲ။”
ထန်ရှုသည် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားသောကြောင့် မားဂျန်၏စကားကို ကြားသောအခါ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူသည် ထိုင်ရာမှ ထကာ ရွှဲ့ချောင်၏ပခုံးကို အသာပုတ်လိုက်ရင်း ပုလင်းကို ချရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ကျန်းဖေးယန်ကို ကြည့်ကာ အပြုံးဖြင့်
"ငါတို့ ဒီညစားသောက်တာကို အဆုံးသတ်ပြီး အားလုံးပဲ စောစောပြန်ကြရအောင်။ ဖေးယန် … မင့်ရည်းစားနဲ့ သူငယ်ချင်းကို ကျောင်းဝင်းထဲ ပြန်ပို့ဖို့ ငါတို့ကို လိုသေးလား။"
ကျန်းဖေးယန် ယခုအချိန်တွင် အလွန်ဒေါသထွက်နေခဲ့သည်။
သူမ ဒေါသထွက်နေသည်မှာ ထန်ရှု ၊ ရွှဲ့ချောင်နှင့် အခြားသူများကို မဟုတ်ဘဲ သူမ၏ချစ်သူ မားဂျန်နှင့် သူ၏သူငယ်ချင်း ကျိုးကျန့်တို့ကို ဖြစ်သည်။ မားဂျန်အား သူမ ချစ်မိသွားကတည်းက မားဂျန်သည် ပုံမှန်အားဖြင့် ကောင်းမွန်သော်လည်း တစ်ခါတစ်ရံတွင် လွန်လွန်ကဲကဲ ပြုမူတတ်သည်။ ဤတစ်ကြိမ်တွင် ကျိုးကျန့်သည် မထင်မှတ်ဘဲ ရူးကြောင်မူးကြောင်လုပ်ကာ မုဝမ်ရင်ဆီသို့ အကွက်ရွေ့ရန် ကြိုးပမ်းခဲ့သည်။ ထိုအရာသည် သူမအတွက် လက်ခံနိုင်ရန် ခက်ခဲသောအရာဖြစ်သည်။
တူရာတူရာ စုကြသည့်နည်းတူ အသွေးအရောင်တူသော ငှက်များသည် အတူစုရုံးနေကြသည်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်နေသည်ဟူသော ဆိုရိုးစကားသည် မှန်ပေတော့သည်။
သူမ၏ချစ်သူသည် ကျိုးကျန့် နှင့်အတူ တစ်နေ့လုံး ပျော်စရာ ရှာနေသည်ဟူသော ခံစားချက်အား ရုတ်တရက် သူမ ခံစားလိုက်ရသည်။ ထိုနှစ်ယောက်သည် ပုပ်စပ်သော အရသာ (မကောင်းသောအရာ)ကို မျှဝေသည်ဟု ဆိုလိုခြင်းလား။ စိတ်ထဲတွင် ယခု ပေါ်လာသည့် ထိုအတွေးသည် ချက်ချင်းပင် သူမအား ပေါက်ကွဲထွက်လာသလို ခံစားလိုက်ရသည်။
သူမ၏ချစ်သူသည် အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များစွာရှိသည့်တိုင် သူမ ခံနိုင်ရည်ရှိရန် လွယ်သည်ဟု တစ်ချိန်က သူမ ထင်မြင်ခဲ့မိသည်။ သို့သော် ဒီနေ့၏ပျော်ခဲ့ရသော လှုပ်ရှားမှု၊ မားဂျန်နှင့်သူ့သူငယ်ချင်းတို့၏ လုပ်ရပ်များကြောင့် သူမ၏ချစ်သူသည် အခြားလူကောင်းများနှင့် ယှဉ်ပါက တကယ်ကို အရောင်မှိန်ဖျော့သွားလေသည်။
မားဂျန်၏ရုပ်ရည်သည် သူမ၏အရှေ့ မှ ထန်ရှုနှင့် ကျောက်လျန့်လောက်ပင် မခန့်ညားချေ။ ယွဲ့ခိုင်သည်ပင် မိန်းမချော ချောသည့်တိုင် မားဂျန်ထက် များစွာသာလွန်သည်။
မိသားစုနောက်ခံအကြောင်း ပြောရမည်ဆိုပါကလည်း မားဂျန်သည် သူမ၏အရှေ့ကလူတွေလောက်ပင် မကောင်းမွန်ချေ။ ထိုကျောင်းသားသစ်များသည် လင်ရိုဗာဆာဖ့်ကားစီးရီး၊ ဘီအမ်ဒဗလျူ နှင့် အော်ဒီကားတို့ကို ကိုယ်တိုင်မောင်းနှင်နိုင်ကြပြီး မျိုးရိုးကောင်းမွန်သော မိသားစုကြီးများမှ ဆင်းသက်လာကြသောသူများ ဖြစ်ကြသည်။
အကျင့်စရိုက်အကြောင်း ပြောရမည်ဆိုပါကလည်း သူမအတွက် ထောက်ပြစရာ အနည်းငယ်သာ ရှိသည်။ သို့သော် သူမသည် ထန်ရှုနှင့် အခြားသူများအား ဒီနေ့ မှ တွေ့ဖူးသော်လည်း သူတို့၏ကျောင်းနေဖက်များထက် ပိုမို တည်ငြိမ်ရင့်ကျက်ကြသည်ကို တွေ့ရသည်။
ထန်ရှုသည် အရှုံးအနိုင်များကြားတွင် မတုန်မလှုပ် ရင့်ကျက်တည်ငြိမ်သည်။ ယွဲ့ခိုင်သည် မာနကြီးကာ သီးသန့်ဆန်သည်။ ဟူချင်းစုန့်သည် ရဲရင့်ပြီး ဖြောင့်မတ်သည်။ ရွှဲ့ချောင်သည် ရိုးသားပြီး စိတ်သဘောကောင်းသည်။ သည်အရာအားလုံးသည် မားဂျန် ပိုင်ဆိုင်သည့် အရာများ မဟုတ်ချေ။
ထိုသို့နှိုင်းယှဉ်ရသည်ပင် ကောင်းမွန်သော အရာမဟုတ်လှပေ။
ကျန်းဖေးယန် ထန်ရှုအား ကြည့်သောအကြည့်များတွင် အကြံဉာဏ်တွေ တောင်းခံနေသည့်ဟန် ရှိသည်။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက ရုတ်တရက် ပြောလိုက်သည်။
"ကောင်းပြီ။ ငါ မားဂျန်နဲ့ ပြောစရာတစ်ခု ရှိလို့ တက္ကစီ ဒါမှမဟုတ် ဘတ်စ်ကားနဲ့ ပြန်လိုက်မယ်။"
ထန်ရှုက သူမကို ခေါင်းညိတ်ပြသည်။ ထို့နောက် မုဝမ်ရင်ကို လှည့်ကြည့်ကာ အပြုံးဖြင့်
“မင်းရော ဘယ်လိုလဲ။ ငါတို့နဲ့ ပြန်လိုက်မလား။"
“အိုခေ” မုဝမ်ရင် ခေါင်းညိတ်သည်။
ကျိုးကျန့်၏မျက်လုံးများသည် ဒေါသရိပ်များဖြင့် မှုန်မှိုင်းနေပြီး ထိုဒေါသအကြည့်များသည် ရွှဲ့ချောင်၊ ထန်ရှုနှင့် အခြားသူများကြားတွင် အကြိမ်အနည်းငယ်ခန့် စုန်ချည်ဆန်ချည် ဖြစ်နေခဲ့သည်။ သို့သော် သည်ကောင်များက သူ့အား ဆန့်ကျင်နေသောအခါတွင် ရန်ဖြစ်ရန် မသင့်ကြောင်း သူ သိသည်။ စိတ်ထဲတွင် ထိုလူများကို မုန်းတီးသည့်တိုင် ဒေါသအား ထုတ်ဖော်ရန် အချိန်ကောင်းမဟုတ်ပေ။ သို့သော် မားဂျန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို မြင်နိုင်မည်ဖြစ်သည်။ ကျန်းဖေးယန်က သူ့အား တွဲသည်ကို ခွင့်ပြုလိုက်ရင်း အပြင်ဘက်ဆီသို့ တလှမ်းချင်း လျှောက်လာခဲ့ကြသည်။
ပင်မဝင်ပေါက်တွင် ယွဲ့ခိုင်သည် ကျန်သူများအား ချက်ခြင်း ပြန်မောင်းပို့ပေးရန် ရည်ရွယ်ခဲ့သော်လည်း ထန်ရှုက သူ့ကို တားလိုက်သည်။ ထိုအစား သူက ကျန်းဖေးယန်ကို ကြည့်ပြီး "မင်း တက္ကစီစီးပြီး အရင်ထွက်သွားတော့။ ပြီးတော့ မင်းရဲ့လုံခြုံရေးကိုလည်း ဂရုစိုက်ဦး။"
ကျန်းဖေးယန်က ခေါင်းညိတ်လိုက်ပြီး မောင်းလာသော တက္ကစီတစ်စီးအား တားလိုက်သည်။ မားဂျန်အား တက္ကစီပေါ် တက်ရန် အကူအညီပေးပြီး ကားထဲသို့ ဝင်ရန်ဟန်ပြင်လိုက်စဉ် ကျိုးကျန့်သည် ရှေ့ထိုင်ခုံတွင် နေရာယူထားပြီးဖြစ်သည်ကို ကျန်းဖေးယန် တွေ့လိုက်ရတော့သည်။ သူမက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး
"ကျိုးကျန့် … ငါ မားဂျန်နဲ့ နှစ်ယောက်တည်း စကားပြောမယ်လို့ ပြောထားပြီးပြီထင်တယ်။ နင် တခြားကားစီးပြီး ကိုယ့်ဘာသာ ပြန်လိုက်ပါလား။"
"မင်း ဘာကို ဆိုလိုတာလဲ ကျန်းဖေးယန်။" ကျိုးကျန့်က အာလုတ်သံဖြင့်
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက ပိုအဆင်ပြေတယ်။ ငါတို့ အတူတူသွားရင် ဘာမှ ထပ်ဖြစ်လာစရာ မရှိတော့ဘူး မဟုတ်လား။ မင်းမှာ ပြောပြချင်တာတွေ ရှိရင် မင်းတို့နှစ်ယောက် ဟိုတယ်ကို သွားပြီး နှစ်ယောက်တည်း သီးသန့် စကားပြောလို့ရတာပဲ။”
"ငါတို့ ဟိုတယ်သွားမယ်ဆိုတာ ဘယ်သူပြောလဲ။" ကျန်းဖေးယန်က ဒေါသတကြီး ပြန်ဖြေသည်။ "ငါတို့ အဲဒီကိုသွားရင်တောင် နင်က ငါတို့နဲ့ တန်းလန်းတန်းလန်း ဘာလိုက်လုပ်မှာလဲ။"
ကျိုးကျန့်က ပခုံးတွန့်ပြပြီး
"ငါနဲ့ မားဂျန်က ကျောင်းဝင်းအပြင်ဘက်က ဟိုတယ်တစ်ခုမှာ အစောကတည်းက အခန်းတစ်ခန်းကို ကြိုမှာထားပြီးပြီလေ။ စိတ်မပူပါနဲ့ ကောင်မလေး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ချစ်သူကမ္ဘာကို ငါ မနှောင့်ယှက်ပါဘူး။"
ကျန်းဖေးယန်က နောက်ထိုင်ခုံပေါ်မှီထိုင်နေသော မားဂျန်ကို လှည့်ကြည့်လိုက်သည်။ မားဂျန်၏မျက်လုံးများ မှိတ်ထားသောကြောင့် သူ အိပ်ပျော်နေလား အိပ်မပျော်လား သူမ မသိချေ။ သူမသည် ခါးကိုင်းကာ မားဂျန်အား မတ်မတ်ထိုင်ရန် ထူပေးလိုက်ပြီး ရှေ့ခုံတွင်ရှိသော ကျိုးကျန့် ကို ကြည့်ကာ ပြောလိုက်သည်။
"နင် ဟိုတယ်ကို သွားမယ်ဆို မြန်မြန်သွားလိုက်တော့။ အလိုက်မသိတဲ့၊ မလိုလားအပ်တဲ့ တတိယဧည့်သည်တွေကို ငါတို့ မကြိုက်ဘူး။”
ကျိုးကျန့်၏ မျက်မှောင်ကြုပ်သွားသော်လည်း ကျန်းဖေးယန်၏အကြောင်းပြချက်မှာ သာမန်သဘောသာ ဖြစ်သောကြောင့် ၎င်းစကားအား ချေပ၍မရပေ။ သူ၏ဒေါသကို မျိုသိပ်ကာသာ ယာဉ်မောင်းအား မောင်းခိုင်းလိုက်ရသည်။
ထန်ရှု တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ဘေးသို့ လှည့်ပြီး
"ငါတို့လည်း သွားကြစို့။"
ထိုသို့ပြောပြီးနောက် ထန်ရှုတို့အဖွဲ့သည် ကားပါကင်သို့ လျှောက်သွားကာ ကားပေါ်သို့တက်လိုက်ကြပြီး မောင်းထွက်သွားကြတော့သည်။
ည ၁၁ နာရီထိုးခါနီးပြီဖြစ်သည်။ တက္ကသိုလ်ပရိဝုဏ်ထဲသို့ ရောက်သောအခါ လူတိုင်းအား ကူကယ်ရာမဲ့စေသော အဖြစ်သည် မိန်းကလေးများ၏အဆောင်များသာမက ယောက်ျားလေးများ၏အဆောင်များပါ သော့ခတ်ထားခြင်းဖြစ်သည်။
"အခု ငါတို့ ဘာလုပ်သင့်လဲ။"
အားလုံးက မယုံနိုင်ဟန် ကြည့်မိကာ မချိပြုံး ပြုံးကြသည်။
လီရှင်းကျီက မျက်မှောင်ကြုတ်သွားပြီး
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က စစ်ရေးလေ့ကျင့်တဲ့သူတွေ ပြန်ရောက်လာတော့ သူတို့ အဆောင်တံခါးကို အရင်ကလို အစောကြီး သော့ခတ်ထားမှာမဟုတ်ဘူးလို့ အစက တွေးမိသေးတယ်။ သူတို့ရဲ့ စည်းကမ်းကို လုံးဝ မပြောင်းဘူးလို့ မထင်ထားခဲ့မိဘူး။ ဒါဆို ငါ့လူတို့ … အခု ဘာလုပ်သင့်လဲ။"
"ငါတို့ ဟိုတယ်သွားကြတာပေါ့။" မုဝမ်ရင်က တစ်ခဏ စဉ်းစားပြီးနောက်
"အရင်က ငါတို့နေခဲ့တဲ့ ကျောင်းဝင်းနားမှာ ကြယ်လေးပွင့်ဟိုတယ်ရှိတယ်။"
"အကြံကောင်းပဲ။"
"သဘောတူတယ်။"
ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့သည် တစ်ပြိုင်နက်တည်း ဝမ်းသာအားရ တုံ့ပြန်ကြသည်။
"မင်းတို့သိတယ်မဟုတ်လား … ဒီလိုဟိုတယ်မျိုးမှာ တစ်ညတာ တည်းခိုရတာ ဈေးကြီးတယ်ဆိုတာ ငါ ကြားဖူးတယ်။"
ရွှဲ့ချောင်က မျက်မှောင်ကြုတ်သွားရင်း တီးတိုးရေရွတ်လိုက်သည်။
“ဘော့စ်ထန်ရဲ့ အိမ်မှာ သွားနေလိုက်ရင် ပြီးနေတာကို။ အဲ့ဒီမှာ အခန်းတွေလည်း လုံလုံလောက်လောက်ရှိတယ်။”
တီးတိုးရေရွတ်လိုက်သည်ဖြစ်သော်လည်း လူတိုင်းက ပီပီသသ ကြားလိုက်ရသည်။
လျှပ်တစ်ပြက်အတွင်း အားလုံး၏အကြည့်များသည် ထန်ရှုဆီသို့ ရောက်လာသည်။
ထန်ရှုက ရွှဲ့ချောင်အား ဖျတ်ကနဲ ကြည့်လိုက်မိသည်။ ငွေကုန်သက်သာစေရန်အတွက် ရွှဲ့ချောင်က သူ၏အိမ်တွင် နေချင်ကြောင်း သူ သိသည်။ သို့သော် လက်ရှိလူအားလုံးကို အိမ်သို့ ခေါ်ဆောင်လာဖို့ဆိုသည်မှာ လုံးဝ ကွဲပြားသော အကြောင်းအရာဖြစ်သည်။ ထို့ထက်မက မုဝမ်ရင်သည် ထင်ရှားကျော်ကြားသော မိသားစုမှ ဂုဏ်ယူရသည့် မမလေးဖြစ်သည်။ လူတိုင်းအား ကြယ်လေးပွင့်ဟိုတယ်တွင် တစ်ညတာအိပ်စက်ရန် ခေါ်ဆောင်ခြင်းငှာ အသာထား၊ လူတိုင်းအား ကြယ်လေးပွင့်ဟိုတယ်တွင် တစ်နှစ်ကြာ တည်းခိုဖို့ခေါ်ဆောင်ရန်ပင် သူမအတွက် ပြဿနာမရှိချေ။
သို့သော် လူတိုင်း၏အကြည့်များကြောင့် သူက ခါးသီးသော အပြုံးဖြင့်သာ
“ဟုတ်တယ်။ ငါ့အိမ်ကိုပဲ သွားကြတာပေါ့။ လူတိုင်း အခန်းတစ်ခန်းစီ ရဖို့အတွက်တော့ ငါ အာမ မခံနိုင်ဘူး။ ဒါပေမယ့် အခန်းပေါင်းနေရင်တော့ ပြသနာ မရှိပါဘူး။"
မုဝမ်ရင်က ပဟေဠိဖြစ်စွာ စူးစမ်းလိုက်သည်။
"နင့်အိမ်က ဘယ်မှာလဲ ထန်ရှု"
“ကျောင်းနဲ့ နီးတယ်။ ကြယ်ပြာအိမ်ရာထဲမှာ” ထန်ရှုက ဖြေသည်။
"ကြယ်ပြာအိမ်ရာ ဟုတ်လား။" မုဝမ်ရင်အံ့ဩသွားပြီး
"အဲ့ဒီမှာ နင့်အိမ်ရှိတာလား။"
“ဆွေမျိုးတစ်ယောက်က ကျွန်တော် ရှန်ဟိုင်းမှာ ကျောင်းတက်ရမယ်ဆိုတော့ နေဖို့ နေရာတစ်ခု ရှိသင့်တယ်ဆိုပြီး လက်ဆောင်ပေးထားတာ။” ထန်ရှုက ရှင်းပြသည်။
ထိုအချိန်တွင် အနည်းငယ် အံ့အားသင့်သွားသော မုဝမ်ရင်သာမက ရွှဲ့ချောင်နှင့် ကျန်သောသူများသည် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကာ စိုက်ကြည့်နေကြသည်။
…ကြယ်ပြာအိမ်ရာဝင်းဆိုတာ ဘာလဲ…
ထိုအိမ်ရာသည် ရှန်ဟိုင်းတက္ကသိုလ်အနီးတွင် တည်ရှိသော အထက်တန်းအကျဆုံး အဆင့်မြင့်မားဆုံး အိမ်ရာဝင်းကြီး ဖြစ်ပြီး ရှန်ဟိုင်းတက္ကသိုလ်၏ မရေမတွက်နိုင်သော ကျောင်းသားများက အမြဲလိုလို အိပ်မက်ထဲ ထည့်မက်ကြရသည့် နေရာ မဟုတ်ပေဘူးလား။ သည်ကဲ့သို့အိမ်မျိုးအား ထန်ရှု၏ ဆွေမျိုးက ထန်ရှုတစ်ယောက် ရှန်ဟိုင်းမှာ နေထိုင်ရန် နေရာတစ်ခု လိုအပ်သည့်အတွက် လက်ဆောင်ပေးခြင်းသည် အလွန် ရက်ရောနေခြင်းပင် မဟုတ်ပေလော။
လူတိုင်း တုန်လှုပ်သွားကြသည်။
အလွန်ချမ်းသာသောမိသားစုမှ ဆင်းသက်လာသော ယွဲ့ခိုင်သည်ပင် သူ၏ တံတွေးကို အသည်းအသန် မြိုချလိုက်ရသည်။ သူက လက်မထောင်ပြပြီး သက်ပြင်းချချီးမွမ်းကာ
"အစ်ကိုကြီး ထန် … မင်းက တကယ့်ကို သိုသိုသိပ်သိပ်နေခဲ့တာပဲ။ ကြယ်ပြာအိမ်ရာဝင်းထဲက အိမ်တစ်လုံးစီရဲ့ အနိမ့်ဆုံးဈေးနှုန်းက ယွမ်၄၀မီလီယံအထက် ရှိတယ်။ အချို့အိမ်ကြီးတွေဆို ဂဏန်းကိုးလုံးအထက်တောင် ဈေးရှိတာ။ ငါ့အဖေရဲ့သူငယ်ချင်းတစ်ယောက်က အဲ့ဒီမှာ နေတာလေ။ ငါ့အဖေနဲ့ အဲဒီဦးလေးဆီ အလည်တစ်ခေါက် သွားဖူးတယ်။"
"အင်း … ဈေးနှုန်းအတိအကျတော့ ငါ မသိဘူး။" ထန်ရှုက အပြုံးဖြင့် ဖြေသည်။
"ဒါနဲ့ ငါတို့မှာ ညအိပ်ဖို့နေရာ ရှိလာပြီဆိုတော့ မင်းတို့ ဆုံးဖြတ်ပြီးပြီလား။ ဟိုတယ်မှာ နေချင်လား ဒါမှမဟုတ် ငါ့အိမ်မှာ တစ်ညအိပ်ချင်လား။"
မုဝမ်ရင်သည် လီရှင်းကျီနှင့် ဟူဝေအား ကြည့်လိုက်ရာ နှစ်ယောက်သား မျက်လုံးများ ဝင်းလက်စွာဖြင့် ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။ သူမက မရယ်ဘဲ မနေနိုင်တော့ဘဲ
“ကောင်းပြီလေ။ နင့်အိမ်ကို သွားပြီးတော့ အဲဒီမှာပဲ တစ်ညအိပ်ကြတာပေါ့။"
"အဲ့ဒါဆို ကားပေါ်တက်ကြတော့။" ထန်ရှုက ပြန်ပြောကာ မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။
ကြယ်ပြာအိမ်ရာဝင်းသို့ ကားသုံးစီး အမြန်မောင်းလာခဲ့သည်။ ထိုအိမ်ရာ၏ လုံခြုံရေးအစောင့်များသည် ထန်ရှုအား သိပြီးသားဖြစ်သောကြောင့် တခြားကားနှစ်စီးကိုသာ စာရင်းသွင်းထားရန် လိုအပ်ပြီး သူတို့ကားများသည် တိုက်ရိုက် မောင်းဝင်ခွင့်ရခဲ့သည်။ ကားများသည် ထန်ရှု၏ အိမ်ဝင်းအပြင်ဘက်တွင် ရပ်လိုက်ပြီးနောက် လျှပ်စစ်ဂိတ်တံခါးဖွင့်ပြီးသောအခါ အိမ်ခြံဝင်းအထဲသို့ မောင်းဝင်ခဲ့သည်။
ထန်ရှု ကားပေါ်မှဆင်းလာပြီးနောက် ကားပေါ်မှဆင်းလာသော ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့အား ကြည့်ကာ အပြုံးဖြင့် “ကားဂိုဒေါင်ထဲမှာ နေရာမရှိတော့လို့ မင်းတို့ကားတွေကို ခြံထဲမှာပဲ ရပ်ထားရလိမ့်မယ်။"
***