ကောင်းကျိုးမပေးသော လူ
Vol. 09 Ch. 437
ထန်ရှုနှင့် ဧည့်ခန်းမန်နေဂျာတို့၏စကားပြောဆိုမှုကို ကြားသောအခါ ယခုအချိန်တွင် သူ၏ပေါင်ခွကြားသည် အလွန်နာကျင်နေသော်လည်း မားဂျန် အထိတ်တလန့် ဖြစ်သွားပြီး
“မလုပ်နဲ့။ ရဲကို မခေါ်နဲ့။ ငါ့ကောင်မလေးနဲ့ စနောက်နေကြတာပါ။ အဲ့ဒါ အမှန်ပါပဲ။ မလိမ်ပါဘူး။"
ထန်ရှုက ဧည့်ခန်းမန်နေဂျာကို လက်ဟန်ပြပြီး
"မင်းရည်းစားနဲ့ စနောက်နေတယ်ဟုတ်လား။ မင်း စနောက်တာက သူမမျက်နှာမှာ ပွန်းပဲ့နေပြီး လက်တွေမှာ သွေးတွေတောင် စွန်းထင်းနေရသလား။ သူမရဲ့ခန္ဓာကိုယ်မှာ မင်းကန်ထားတဲ့ ခြေရာတွေ ဘယ်လောက်ရှိတယ်ဆိုတာ မင်းဘာသာမင်း ကြည့်လိုက်။ မင်း အကြိမ်ကြိမ်ကန်ခဲ့တယ်မဟုတ်လား။ ငါတို့သာ ဒီကို အချိန်မီ ရောက်မလာဘူးဆိုရင် မင်း သူ့ကို သော့ခတ်ထားဦးမှာ မဟုတ်လား။"
အကြောက်တရားသည် မားဂျန်၏နှလုံးသားကို ရိုက်ခတ်လာသည်။ သူသည် ကျန်းဖေးယန်အား တကယ် ရိုက်မိသောကြောင့် သူမ၏ပတ်ဝန်းကျင်က လူများက ရဲကို တိုင်မှာ သူ ကြောက်နေခဲ့သည်။ ထို့အပြင် သူသည် ကျန်းဖေးယန်၏ အဝတ်မပါသော ဓာတ်ပုံများကို အသုံးပြုကာ သူမအား ခြိမ်းခြောက်ရန်အတွက်လည်း သည်နေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး သူမအား ထွက်ခွာခွင့်မပေးခဲ့ပေ။
ရဲကို တိုင်လိုက်သည်နှင့် ဘွဲ့ရရန် တစ်နှစ်သာ ကျန်တော့သည့် သူ့အား ကျောင်းမှ တစ်ခါတည်း ထုတ်ပယ်ရန် အလားအလာ များပေသည်။ ထောင်အရသာကိုလည်း အချိန်ကြာသည်ထိ ခံစားရမည်ဖြစ်သည်။ အကယ်၍ ... ထိုရလဒ်များသာ ဖြစ်ပေါ်လာပါက သူ၏ဘဝတစ်သက်တာလုံး အဆုံးသတ်သွားတော့မည်ဖြစ်ပေသည်။
ရုတ်ခြည်းပင် သူကိုယ်တိုင် သတိမထားမိပါဘဲ မားဂျန်သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရုန်းထွက်လိုက်ရာ ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့၏ချုပ်နှောင်ထားမှုမှ လွတ်မြောက်သွားခဲ့သည်။ ထို့နောက် သူသည် ကျန်းဖေးယန်၏အရှေ့သို့ အပြေးသွား ဒူးထောက်ကာ သူမ၏ခြေထောက်အား ဆွဲဖက်လိုက်ပြီး "ဖေးယန် … ငါ အမှားလုပ်မိပါတယ်။ ငါ မှားသွားပါတယ်။ ငါ အရက် အရမ်း မသောက်သင့်ဘူး။ ငါ မင်းကို မရိုက်သင့်ဘူး။ ဒါပေမယ့် မင်းက ငါနဲ့ လမ်းခွဲချင်တယ်ဆိုလို့ ငါ အသည်းကွဲပြီး လုပ်လိုက်မိတာပါ။ ကျေးဇူးပြုပြီး သူတို့ကို ရဲတွေမခေါ်ဖို့ ကူညီပေးပါဦး။”
ကျန်းဖေးယန်၏မျက်လုံးများထဲတွင် ရွံရှာမုန်းတီးမှုများ ပြည့်နှက်သွားသည်။ သူ့အား ကန်ရန် ကြိုးစားသော်လည်း သူမ၏ခြေထောက်များအား မားဂျန်က ဖက်ထားသဖြင့် လှုပ်မရချေ။ သူမ၏ ဒေါသနှင့် ဝမ်းနည်းနာကြည်းမှုများကို မျိုသိပ်ထားနေရသည်။
ကျန်းဖေးယန်က သူ့အား တုံ့ပြန်မှု မရှိသည်ကို ကြည့်ကာ မားဂျန်က စိုးရိမ်တကြီးဖြင့် ထပ်ပြီး
“ဖေးယန် … ကျေးဇူးပြုပြီး ငါတို့ ချစ်သူတွေအဖြစ် နှစ်ပေါင်းများစွာကြာအောင် လက်တွဲခဲ့တာကို တစ်ချက် ကြည့်ပါဦး။ ကျေးဇူးပြုပြီး ငါ တောင်းပန်ပါတယ်။ မင်းကို ငါ တကယ်မခွဲချင်ဘူး။ ငါ… ငါ… မင်းကို ကတိပေးတယ်။ မင်းရဲ့ကိုယ်လုံးတီးဓာတ်ပုံတွေကိုလည်း ငါဖျက်လိုက်မယ်။ ငါ အဲ့ဒါတွေကို မဖြန့်တော့ပါဘူး။"
ဖြန်း…
ကျန်းဖေးယန်၏လက်ဖဝါး မြောက်တက်သွားကာ မားဂျန်၏မျက်နှာအား ပြင်းထန်စွာ ရိုက်လိုက်သည်။ သည်အချိန်တွင် သူမ၏ကိုယ်လုံးတီး ဓာတ်ပုံများအကြောင်း ညွှန်းဆိုခြင်းကို ကြားလိုက်ရသဖြင့် ရှက်ရွံ့ကာ စိတ်ပျက်သွားရသည်။
"ဖေးယန် … ဒီကိစ္စကို ရဲတိုင်မယ်၊ မတိုင်ဘူးဆိုတာ မင်းရဲ့ရွေးချယ်မှုပဲ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ဆုံးဖြတ်ချက်ကို ငါတို့လေးစားမှာပါ။" ထန်ရှုက ဝင်ပြောလိုက်သည်။
ကျန်းဖေးယန်၏မျက်နှာအမူအရာသည် အမျိုးမျိုး ပြောင်းလဲနေဆဲဖြစ်သည်။ မိနစ်ဝက်ခန့်ကြာပြီးနောက် သူမသည် နောက်ဆုံးတွင် ခါးသီးသောအသံဖြင့်
“ထားလိုက်တော့။ ဒီပုံတွေကို ဖျက်ပြီး သူ ငါ့ကို ထပ်ပြီး မနှောင့်ယှက်တော့သရွေ့ ပြီးခဲ့တာတွေ ပြီးပါစေတော့။”
ထန်ရှုက ခေါင်းညိတ်ပြီး လေသံတင်းတင်းဖြင့် အမိန့်ပေးလိုက်သည်။
“အဲ့ဒီပုံတွေကို အခု ဖျက်လိုက်။”
သူ့အား ခိုင်မာသည့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သကဲ့သို့ မားဂျန်သည် သူ၏ဖုန်းအား အိတ်ကပ်ထဲက အမြန်ထုတ်ကာ ထန်ရှုထံ အပ်လိုက်ပြီး
"အဲ့ဒီထဲမှာ ဓာတ်ပုံတွေ ရှိတယ်။ ဖျက်လို့ရပြီ။"
သို့သော်လည်း ထိုဖုန်းအား ထန်ရှုက လက်မခံခဲ့ပေ။ ကျန်းဖေးယန်၏အဝတ်မပါသော ခန္ဓာကိုယ်အား သေချာပေါက် သူ မြင်ရမည်ဖြစ်သောကြောင့် ထိုဓာတ်ပုံများကို သူကိုယ်တိုင် မဖျက်ချင်ပါ။ ထိုအစား လီရှင်းကျီက ဖုန်းအား ယူကာ ကျန်းဖေးယန်အား ပေးလိုက်သည်။
ကျန်းဖေးယန်သည် ထိုဖုန်းအား ယူပြီး စစ်လိုက်ရာ ဖုန်း၏ဓာတ်ပုံများ သိမ်းဆည်းရာ နေရာတွင် သူမ၏ အဝတ်မပါသော ဓာတ်ပုံများစွာကို အမြန်တွေ့ရှိခဲ့သည်။ သူမနှင့် မားဂျန် အပြင်မှာရှိစဉ် ဓာတ်ပုံများကို လျှို့ဝှက်စွာ ရိုက်ထားခြင်းဖြစ်သည်။ ဒီညကိစ္စသာ မဖြစ်ခဲ့ရင် ယခုကဲ့သို့ ယုတ်ညံ့သည့်ကိစ္စအား သူမ သိမှာပင် မဟုတ်ချေ။
သူမအား ပိုရှက်စေပြီး နာကြည်းသွားစေသည်မှာ ထိုဒါဇင်နှင့်ချီသော ဓာတ်ပုံများအပြင် ရိုက်ကူးထားသော ဗီဒီယိုနှစ်ခုပါ မမျှော်လင့်ဘဲ ထွက်လာခြင်းဖြစ်သည်။
အားလုံးကို ဖျက်ပစ်ပြီးနောက် ကျန်းဖေးယန်သည် မားဂျန်၏ ဖုန်းအား တစ်စစီ ရိုက်ချိုးကာ သူမ၏ခြေထောက်ကို ဖက်ထားသော မားဂျန်၏လက်များအား အားဖြင့် ကန်တော့သည်။ သူမသည် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလျက်
“မားဂျန် … အခုကစပြီး နင်နဲ့ငါ ဘာမှ မဆိုင်တော့ဘူး။
နင်က နင် … ငါက ငါပဲ။ ငါတို့တွေ သူစိမ်းတွေလိုပဲ နေမယ်။”
ထိုသို့ပြောပြီးနောက် သူမသည် လီရှင်းကျီ၏လက်ကိုဆွဲကာ တံခါးဝသို့ ပြေးထွက်သွားတော့သည်။
ထန်ရှုသည် တိတ်တဆိတ် ခေါင်းယမ်းလိုက်ပြီး အခန်းထဲမှ လှည့်ထွက်လာသည်။ မုဝမ်ရင်နှင့် ဟူဝတေို့လည်း ထွက်လာကြသည်။ သို့သော် ယွဲ့ခိုင်၊ ဟူချင်းစုန့်၊ ကျောက်လျန်နှင့် ရွှဲ့ချောင်တို့က မထွက်လာခဲ့ပေ။
ခဏအကြာတွင် အခန်းထဲတွင် မားဂျန်၏အော်သံများ ထွက်လာတော့သည်။ ယွဲ့ခိုင်နှင့် အဖွဲ့သားများသည် သူ့အား သမနေသည်ဆိုသည်မှာ ပြောရန်ပင် မလိုချေ။ ဧည့်ကြိုမန်နေဂျာသည်လည်း သူတို့အား ရပ်တန့်ရန် မကြိုးစားပေ။ သူသည်လည်း မိန်းကလေးများကို အခွင့်ကောင်းယူကာ အနိုင်ကျင့်တတ်သော လူမျိုးအား မုန်းတီးသောသူတစ်ယောက်ဖြစ်သည်။ သူ၏အလုပ်ရာထူးကြောင့်သာ မဟုတ်ပါက မားဂျန်အား သူပါ ဝင်ဆော်မိပေမည်။
ထို့နောက် အားလုံးသည် စံပယ်ဟိုတယ်မှ ထွက်ခွာပြီး ကြယ်ပြာအိမ်ရာသို့ ပြန်လာခဲ့ကြသည်။
ကျန်းဖေးယန်သည် စိတ်ညစ်ညူးနေသောကြောင့် အိမ်နေရာနှင့်ပတ်သက်၍ သူမ သိချင်သော်လည်း အများကြီး မမေးခဲ့ပေ။
မနက် ၁၂း၃၀ (သန်းခေါင်ကျော်ပြီးစအချိန်) …
ထန်ရှုသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံမှု လုပ်နေစဉ် တစ်စုံတစ်ယောက်သည် သူ၏အခန်းတံခါးအား လာခေါက်လေသည်။ ညဝတ်အင်္ကျီအမြန်ဝတ်ပြီးနောက် တံခါးကိုဖွင့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော မုဝမ်ရင်အား ထန်ရှု တွေ့လိုက်ရသည်။
"ခုထိ မအိပ်သေးဘူးလား။" ထန်ရှု အနည်းငယ် အံ့သြသွားသည်။
မုဝမ်ရင်က ခေါင်းယမ်းကာ ပြုံးလိုက်ရင်း သူ၏အခန်းထဲ ဝင်လာပြီးနောက်
"သူတို့ အခုလောလောဆယ် ဖေးယန်ကို နှစ်သိမ့်နေကြတယ်။ ငါက နင့်ကို ပြောစရာရှိလို့ ဒီကို လာခဲ့တာ။"
"ဘာများလဲ။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။
“နင်က လူတိုင်းကို ဒီနေ့ညရဲ့ ကိစ္စ လျှို့ဝှက်ထားစေချင်ခဲ့တာ ငါ မှတ်မိတယ်။ သူတို့အားလုံးက ဖြစ်စေချင်တာတွေကို ပြောကြတယ် မဟုတ်လား။ ဒါပေမယ့် ငါက မပြောရသေးဘူးလေ။”မုဝမ်ရင်က ပြောသည်။
တခဏကြာသည်ထိ ထန်ရှု ကြောင်တောင်တောင် ဖြစ်သွားသည် ။ ငိုရမလို ရယ်ရမလိုအမူအရာဖြင့် သူက ချက်ချင်းပင်
“ဝမ်ရင် … ငါ့ကို ပြောပါ။ မင်း အဲ့ဒါကို တကယ်လုပ်မှ ဖြစ်မှာလား။ အဲ့ဒီကိစ္စအတွက် ငါ တော်တော် စိတ်အနှောင့်အယှက် ဖြစ်ပြီး ပါးပါးလည်း အလှီးခံထားရပြီးပြီ။ ဘယ်လိုဖြစ်ပြီး မီးတောက်ထဲ ဆီ ဆက်လောင်းဖို့ အရမ်း စိတ်လှုပ်ရှားနေရတာတုန်း။"
"ဟာဟ … ငါ့မှာ အခြေအနေတစ်ခုပဲ ရှိပါတယ်ဟယ်။ အဲ့ဒါကလည်း အရမ်းလွယ်ပါတယ်။"
မုဝန်ရင်က တခိခိရယ်ကာ ပြောလိုက်သည်။
"ဒါဆို ဘာများလဲ။" ထန်ရှုက မေးသည်။
"ထန်ရှု … ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုရဲ့ နတ်ဘုရားဝတ်ရည်ဝိုင် ရဖို့က တအားခက်တယ်ဆို။ ပြီးခဲ့တဲ့နှစ်ရက်က ငါ့အဘိုးနဲ့ ဖုန်းပြောတော့ သူက ပြောပြတယ်။ အရင်ကလည်း သူ ခဏခဏ ပြောပါတယ်။ ဝိုင်ဝယ်ဖို့ လူတွေကို တန်းစီခိုင်းခဲ့တာ ပုလင်း အနည်းငယ် ရခဲ့ပေမယ့် အဖေနဲ့ဦးလေးတွေက သူ့ဆီက လုသွားကြလို့တဲ့။ အဲ့ဒါကြောင့် နင့်ဆီကနေ နောက်တံခါးအဖြစ် ငါ ဝင်ချင်လို့လေ။ ကျေးဇူးပြုပြီး ငါ့အဘိုးအတွက် နင့်ကုမ္ပဏီကနေ နတ်ဘုရားဝတ်ရည်ဝိုင် ငါ ဝယ်လို့ရနိုင်မလား။"
"အာ … ဒီကိစ္စက အဲ့လိုဖြစ်သွားတယ်။" ထန်ရှုက ရယ်မောပြီး “ဘာမှ ပြဿနာ မရှိပါဘူး။ ငါ နောက်မှ ခန်းရှဆီ ဖုန်းဆက်လိုက်မယ်။ မင်းအဘိုးရဲ့အိမ်လိပ်စာကို ပေးထားခဲ့ပါ။"
"နင် တကယ် သဘောတူတာလား။" မုဝမ်ရင် အံ့သြသွားပြီး "ဒါဆို နင့်အကောင့်ထဲ ငါ ပိုက်ဆံလွှဲလိုက်မယ်။ အာ … ဟုတ်သားပဲ။ နင် ငါ့ကို ပေးထားဖူးတဲ့ အရင်အကောင့်ပဲ မဟုတ်လား။"
“ပိုက်ဆံက ထားလိုက်ပါ။”ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ ငြင်းလိုက်ပြီး
"မင်းက ဝမ်းကွဲအစ်မရဲ့ ငယ်ပေါင်းသူငယ်ချင်းဖြစ်သလို ငါ့ရဲ့ စီနီယာကျောင်းသားဟောင်းလည်း ဖြစ်တယ်။ ဒါနဲ့ ဆယ်သေတ္တာလောက်ဆို လောက်ပြီမလား။”
"အွန်း … ဒီလောက်ဆို လောက်ပါပြီ။" မုဝမ်ရင်၏ နှုတ်ခမ်းထောင့်တွင် ကျီစယ်လိုသောအပြုံးတစ်ခု ဖျတ်ကနဲ ပေါ်လာကာ သူမက ခေါင်းညိတ်လိုက်ရင်း
"နင်က ပိုက်ဆံမယူချင်ဘူးဆိုတော့ ဒီည နင့်ရဲ့ အိပ်ခန်းထဲမှာ ငါ့ကို စောင့်စေချင်လား။"
ထန်ရှုသည် သူမ၏လက်မောင်းအား တန်းဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်နှာအမူအရာ ပြောင်းလဲနေစဉ်အတွင်း သူမအား တံခါးအပြင်ဘက်သို့ တွန်းပို့ခြင်း ခံလိုက်ရာ မုဝမ်ရင်သည် အူကြောင်ကြောင် ဖြစ်သွားကာ ကြက်သေ သေသွားရသည်။ ထို့နောက် သူက “ရှန်ဟိုင်းတက္ကသိုလ်ရဲ့ နံပါတ်တစ် မိန်းမလှလေးဖြစ်သလို ပေကျင်းရဲ့ နံပါတ်တစ် မိန်းမလှလေးကို ယူမိရင် ငါ့ကို ဆူးတစ်ချောင်းလို မြင်ကြ ကြည့်ကြမယ့် အမျိုးသားတွေ ဘယ်လောက်တောင် များလိုက်မလဲဆိုတာ ငါ မသိဘူး။ ငါက ပြသနာတက်တာကို ကြောက်တတ်တဲ့ လူတစ်ယောက် ဖြစ်တာကလွဲပြီး ဘာမှ ဟုတ်တဲ့လူ မဟုတ်ဘူး။ ဒါကြောင့် မင်း ငါ့ကို အဲ့ဒီနည်းနဲ့ အနှောက်အယှက် မပေးသင့်သလို ဒုက္ခရောက်အောင်လည်း မလုပ်သင့်ဘူးနော်။"
ထိုစကားကို ပြောပြီးသည်နှင့် ထန်ရှုသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ကာ သူ၏အခန်းတံခါးကို ပိတ်လိုက်သည်။
မုဝမ်ရင်ခမျာ ပိတ်သွားသော အခန်းတံခါးအား ကြောင်ပြီး ကြည့်နေမိရင်း ပါးစပ်အာစေးမိသွားသူကဲ့သို့ ကျောက်ရုပ်သဖွယ် ကျန်ရစ်ခဲ့ကာ နောက်ဆုံးတွင် သတိပြန်ဝင်ရန် အချိန်အနည်းငယ်ပင် ယူလိုက်ရသည်။ ထို့နောက်တွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ အပြစ်အနာအဆာမရှိ ရင်သပ်ရှုမောအောင်လှသော သူမ၏ မျက်နှာထက်တွင် ယစ်မူးအောင် ညှို့ယူနိုင်သည့် အပြုံးလေး ထင်ဟပ်လာတော့သည်။
နောက်နေ့မနက်တွင် ထန်ရှု ကျင့်ကြံပြီးနောက် ရေမိုးချိုး အဝတ်အစားလဲပြီး ဧည့်ခန်းသို့ ထွက်လာသောအခါ ဆိုဖာပေါ်တွင် ငူငူကြီးထိုင်နေသော ကျန်းဖေးယန်သာ ရှိသည်ကို တွေ့လိုက်ရသည်။
"အစောကြီး နိုးနေတာလား။" ထန်ရှုက သူမ၏အနားသို့ သွားကာ အပြုံးဖြင့် ပြောလိုက်သည်။
ငေးငိုင်နေရာမှ အသိပြန်ဝင်လာသော ကျန်းဖေးယန်သည် နူးညံ့စွာ ပြုံးနေသော ထန်ရှုအား ကြည့်ရင်း ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
“ငါ ကောင်းကောင်း အိပ်မပျော်လို့ … စောစောထတာလည်း ကောင်းပါတယ်။ ထန်ရှု … မနေ့က အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။"
"ဒါလေးက ဘာမှ မဟုတ်ပါဘူး။ ဒါ ငါ လုပ်သင့်တာပါ။”
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး ဟာသ နှောကာ ပြောလိုက်သည်။
"ဒါပေမယ့် မင်း ဝမ်းမနည်းရဘူး သိလား။ အင်တာနက်မှာ မိန်းကလေးတစ်ယောက်ရဲ့ ပို့စ်ကို ဖတ်ဖူးတာ သတိရမိတယ်- ဘယ်သူမဆို သူတို့တစ်သက်တာမှာ လူယုတ်မာတွေ အများကြီးတွေ့ဖို့ မဖြစ်နိုင်ပါဘူးတဲ့။ သူတို့ရဲ့ မျက်လုံးတွေကိုပွတ်ပြီး တောက်ပခွင့်ပေးထားသရွေ့ ကိုယ်တိုင် ရှေ့ဆက်ပြီး လူကောင်းတစ်ယောက် ရှာတွေ့နိုင်မှာပါတဲ့လေ။”
"ငါ သိတယ်။ ပြီးတော့ ငါ တကယ်တော့ ဝမ်းမနည်းပါဘူးဟာ။”
ကျန်းဖေးယန်က ခေါင်းညိတ်ပြီး ပြောပြသည်။
"ဒါပေမယ့် သူ့ရဲ့သရုပ်မှန်ကို စောစောစီးစီး မြင်လိုက်ရလို့ ငါ တကယ် ဝမ်းသာမိတယ်။ မဟုတ်ရင် သူနဲ့လက်ထပ်ပြီးရင် တစ်ချိန်မှာ စိတ်ဆင်းရဲစရာတွေ ကြုံလာရလိမ့်မယ်။"
"မင်း အဲ့ဒါကို ကောင်းကောင်းတွေးပြီးပြီထင်တယ်။" ထန်ရှုက အပြုံးဖြင့်
"ဘာပဲဖြစ်ဖြစ် မင်း ကောင်းကောင်း အနားယူသင့်တယ်။ ငါ မနက်စာ သွားဝယ်လိုက်ဦးမယ်။"
"ဒါဆို ငါ နင်နဲ့ လိုက်ခဲ့ပေးမယ်။" ကျန်းဖေးယန်က ဆိုဖာပေါ်မှထကာ အမြန်ပြောလိုက်သည်။
ထန်ရှု တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြီး “ကောင်းပြီ။ ဒီနေ့က ငါတို့ လူများတယ်ဆိုတော့ မနက်စာ များများဝယ်ရမယ်။ ငါ့ကို တစ်ချို့အစားအစာတွေ ရဖို့နဲ့ ကူသယ်ပေးလို့ ရတယ်။"
ကျန်းဖေးယန်က ဝမ်းနည်းနေသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ တစ်ညတာ အနားယူပြီးနောက် သူမ၏မျက်နှာထက်မှ ဒဏ်ရာတော်တော်များများသည် အတော်လေး ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမသည် ထန်ရှုနှင့်အတူ အိမ်မှ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် ကားမစီးဘဲ အိမ်ရာဝင်း၏ အပြင်ဘက်သို့ လမ်းလျှောက်ထွက်ကာ အနီးနားရှိ ဘလောက်တွင် မနက်စာအတွက် စားစရာများစွာ ဝယ်ခဲ့သည်။
"ထန်ရှု … ငါ နင့်ကို တစ်ခုလောက် မေးလို့ရမလား။" အပြန်လမ်းတွင် မနက်စာများစွာကို သယ်ဆောင်လာကြရင်း ကျန်းဖေးယန်က ထန်ရှုနှင့် ပုခုံးချင်းယှဉ် လမ်းလျှောက်လာရင်း စကားစလိုက်သည်။
"မေးပါ။" ထန်ရှုက ပြုံးပြီး ပြန်ပြောသည်။
"နင့်မှာ ရည်းစားရှိလား။" ကျန်းဖေးယန်က မေးသည်။
ထန်ရှု အံ့အားသင့်သွားကာ တွေတွေကြီး စိုက်ကြည့်နေမိသည်။ ခန်းရှ၏မျက်နှာလေးသည် သူ၏အတွေးထဲတွင် ပေါ်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူမ၏ လှပသော မျက်နှာလေးအား စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီး ခေါင်းကို ခါယမ်းကာ
"ငါ့မှာ ရည်းစားမရှိဘူးလို့ ယူဆနိုင်တယ်။"
ကျန်းဖေးယန်က စူးစမ်းချင်စိတ် ပြင်းပြလာပြီး ဆက်ပြောလိုက်သည်။
“နင့်ရဲ့ ကောင်းမွန်တဲ့ အခြေအနေမျိုးနဲ့ ရည်းစားမရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။ နောက်ပြီး ရည်းစားမရှိဘူးလို့ 'ယူဆနိုင်တယ်' ဆိုတာ ဘာကို ဆိုလိုတာလဲ။”
ထန်ရှု တခဏလောက် တိတ်ဆိတ်နေပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ငါက တကယ်တော့ မိန်းကလေးတစ်ယောက်အပေါ် အထင်အမြင်ကောင်း ရှိပြီးတော့ စိတ်ဝင်စားမှုလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် အဆင့်အတန်း ဒါမှမဟုတ် ပျော်ရွှင်မှုကို မပေးနိုင်တဲ့အတွက်ကြောင့်မို့ ကံကြမ္မာအတိုင်း ဖြစ်စေခဲ့ရလို့ ဒီလို ‘ယူဆနိုင်တယ်’လို့ ပြောရတာပါပဲ။ နောက်ပြီး ငါ့မှာ ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေ အများကြီး ရှိတယ်။ အချစ်ဆိုတာ ငါ့ရဲ့အချိန်တွေကို ဖြုန်းတီးပစ်ချင်တဲ့ နောက်ဆုံးအရာပဲ။ ဒီကိစ္စက ငါ ဘွဲ့ရပြီးမှ ပြောရမယ့်အကြောင်းအရာပါ။”
"နင်က တကယ်ကို ထူးဆန်းတယ်။" ကျန်းဖေးယန်က သူ့အား မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး
“ခုခေတ်လူငယ်တွေကြားမှာ အချစ်အကြောင်း မတွေးချင်တဲ့၊ မပြောချင်တဲ့သူ ဘယ်သူများ ရှိကြလို့လဲ။ နင် ဘယ်လောက်ပဲ ချမ်းသာနေပါစေ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေက နင်နဲ့ ရင်းနှီးချင်လို့၊ နင့်ရည်းစားဖြစ်ချင်လို့ ငိုကြမယ် မဟုတ်လား။”
“နှလုံးသားနဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကလေးကစားစရာ မဟုတ်သလို အသေးအဖွဲကိစ္စလည်း မဟုတ်ဘူး။”
ထန်ရှုက အသံထွက်ရယ်လိုက်ပြီး
“တာဝန်ယူရမယ့်ယောကျ်ားတစ်ယောက်က အဲဒါကို ပိုင်ဆိုင်ဖို့ သန္နိဋ္ဌာန်ရှိရမယ်။ ငါကိုယ်တိုင်လည်း တာဝန်ယူနိုင်တဲ့သူဖြစ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အဲ့ဒါကြောင့် တစ်ကမ္ဘာလုံးက အမျိုးသမီးများတွေ ငါ့ဆီ လာရင်တောင် လက်မခံနိုင်ပါဘူး။ တကယ်တော့ လူတစ်ယောက် အသက်ရှင်နေသရွေ့ အချစ်ရေးမှာ ပတ်သက်ဆက်နွယ်ဖို့ တွန်းအားပေးတာက သူတို့အတွက် မထိုက်တန် မလိုအပ်ဘူးလို့ ငါ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေ၊ ဂရုစိုက်သင့်တဲ့အရာတွေ အများကြီး ရှိလို့ပါပဲ။”
"နောက်ရော ဘာရှိသေးလဲ။" ကျန်းဖေးယန်က မေးလိုက်သည်။
"မိသားစု၊ သူငယ်ချင်း၊ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ တခြားအရာတွေ အများကြီးပါ။" ထန်ရှုက ဖြေသည်။
"ဒါပေမယ့် နင့်မှာ အချစ်ရေးပါ အတူတူရှိနေရင် ပိုပြီးပြည့်စုံသွားမှာ မဟုတ်ဘူးလား။"
ကျန်းဖေးယန် အံ့သြသွားသည်။
"နင် ငါ့ကို ပြောကြည့် … အခုခေတ်လူငယ်တွေ အချစ်ရေးမှာ ဘယ်လိုအရည်အချင်းတွေရှိဖို့ လိုလဲ။”
ထန်ရှု တခဏလောက် တိတ်ဆိတ်နေပြီး
"ဒီနေရာမှာ အရိုးရှင်းဆုံးကိစ္စအနေနဲ့ တွေးကြည့်ရအောင်။ မင်းရဲ့အချစ်ရေးဘဝက အချိန်လိုသလို အဲ့ဒါအတွက် ငွေလည်း လိုလိမ့်မယ်။ ကျွန်တော် ထင်တာကတော့ ငယ်ရွယ်စဉ်မှာ ပိုလေ့လာပြီး လေ့လာနိုင်သလောက် များများလေ့လာတာက ပိုကောင်းမယ်လို့ ထင်တယ်။ ဒါမှသာ လူ့အဖွဲ့အစည်းမှာ ခြေကုပ်ယူဖို့ကောင်းပါလိမ့်မယ်။ ဒါပေမယ့် အချစ်ရေးနဲ့ ချစ်မှုရေးရာကို စိတ်ပူနေပြီး မင်းမိဘတွေဆီက ပိုက်ဆံကို ဖြုန်းနေသေးတယ်ဆိုရင် မင်းပြောနေတဲ့ အချစ်တစ်ခု ရှိဖို့နဲ့ပတ်သက်ပြီး အရည်အချင်းတွေအတွက် မင်း ဘယ်လိုထင်လဲ။"
ထန်ရှု စကားခဏရပ်ကာ လက်တစ်ဖက်ကို အားစေလိုက်ရင်း စီးကရက်တစ်လိပ်ထုတ်ပြီး မီးညှိဖွာရှိုက်လိုက်သည်။ တစ်ဖွာ နှစ်ဖွာခန့် အားရပါးရ ဖွာရှိုက်လိုက်ပြီးနောက် သူ၏ အကြည့်များသည် မလှမ်းမကမ်းရှိ မနက်စာဆိုင်တစ်ဆိုင်နှင့် ဆိုင်အတွင်း၌ အလွန် အလုပ်ရှုပ်နေသော စုံတွဲဆီ ရောက်သွားသည်။
***