မင်းတို့သိတော့ရော ဘာလုပ်ရမှာလဲ
Vol. 102 Ch. 1417
အလင်းတန်း အာကာပြင်ကျယ်ဂြိုဟ်အပြင်သို့ ထိုးထွက်လာပြီး အာကာပြင်ကျယ်စကြဝဠာထဲ ရောက်ရှိသွားသော အခိုက်အတန့်တွင် ဂြိုဟ်ပေါ်ရှိ ဧရိယာသုံးခုမှ ချောက်ခြားဖွယ်အခိုးအငွေ့များ ထွက်လာသည်။
ပထမဧရိယာသည် နတ်ဘုံနတ်နန်းသဖွယ် ဥယျာဉ်တစ်ခု ဖြစ်၏။ ဥယျာဉ်အတွင်းရှိ ရေကန်တစ်ကန်တွင် ရွှေရောင်ဝတ်ရုံရှည်နှင့်လူငယ်တစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူက ခေါင်းမော့ကြည့်ပြီး ထိုသို့ကြည့်သောအခါ သူ၏ပုံမှန်သူငယ်အိမ်များက ဘဲဥပုံစံပြောင်းသွား၏။
“နောက်တစ်ယောက် ရောက်လာပြန်ပြီ။ ပထမဂိုဏ်းချုပ်ကြီးရဲ့ဂူကို ရှာဖို့က ဒီကလေးတွေအတွက် တကယ်ပဲ လွယ်နေတာလား
“အဆင့်တက်နည်းသာ ဒီလောက်ရိုးရှင်းနေရင် ဒီလောက်နှစ်တွေကြာတဲ့အထိ လေးငါးယောက်ပဲ ဘယ်လိုလုပ်အောင်မြင်နိုင်ခဲ့မှာတုန်း”
ဒုတိယဧရိယာသည် ပထမဧရိယာနှင့် လွန်စွာဝေးကွာ၏။ ၎င်းက နှင်းတဖွဲဖွဲကျနေသော ရေခဲဂူတစ်ဂူဖြစ်လေသည်။ ဂူထဲတွင် အမျိုးသမီးတစ်ယောက်က ကောင်းကင်နှင့် အလင်းတန်းကို မော့ကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမမျက်ဝန်းများတွင် လွမ်းဆွေးမှုနှင့်အတူ အဓိပ္ပါယ်မဖော်နိုင်သောခံစားချက်များကို မြင်ရနိုင်သည်။ တခဏကြသော် သူမက သက်ပြင်းဖွဖွချသည်။
“ပထမဂိုဏ်းချုပ်ကြီးရဲ့ ဂူကိုလည်း မရှာချင်ဘူး။ အဆင့်တက်လိုစိတ်လည်း မရှိဘူး... အိမ်ကိုပဲ ပြန်ချင်မိတယ်”
အမျိုးသမီးက ဆီးနှင်းများ၏နောက်တွင် တစတစ ပျောက်ကွယ်သွားတော့သည်။
တတိယဧရိယာမှာတော့ ဒုတိယဧရိယာနှင့် ဆန့်ကျင်ဘက်ပင်။ ၎င်းသည် သဲမုန်တိုင်းထန်နေသော ခြစ်ခြစ်တောက်ပူနေသည့် ကန္တာရတစ်ခုဖြစ်၏။ သေသေချာချာကြည့်လျှင် ထိုသဲမုန်တိုင်းအတွင်း၌ လမ်းလျှောက်နေသော လူတစ်ယောက်၏ ဝိုးတိုးဝါးတားအရိပ်ကို မြင်ရလိမ့်မည်။
အလင်းတန်း ထိုးထွက်လာသောအခါ ထိုပုဂ္ဂိုလ်က မော့ကြည့်ကာ ခပ်စူးစူးရယ်သည်။
“နောက်တစ်ယောက်ပါလား။ ဒီတစ်ခေါက် ဘယ်သူများဖြစ်လိမ့်မလဲ”
အလင်းတန်းက အားကောင်းသောလှိုင်းဂယက်များကို ဖြန့်ကျက်နေသဖြင့် အာကာပြင်ကျယ်ဂြိုဟ်၏မြေပြင်များ တဝုန်းဝုန်းလှုပ်ခတ်နေသည်။ မန်ဟို၏အာကာပြင်ကျယ်တာအိုခန္ဓာကြောင့်လား မပြောတတ်သော်လည်း အာကာပြင်ကျယ်စကြဝဠာအတွင်းရှိ ဖြစ်တည်မှုများစွာသည် ဖြစ်ပျက်နေသောအရာကို သေချာအာရုံစိုက်နေကြ၏။
ဤအခိုက်အတန့်တွင် အလင်းတန်းထဲ၌ အရိပ်တစ်ရိပ် ဖျတ်ခနဲ ပေါ်လာသည်။ ၎င်းကား အပြင်အားကိုယ်ပျက်စီးနေသော ခန္ဓာမဲ့ဝိညာဉ်တစ်ကိုယ်ဖြစ်လေသည်။ ဝိညာဉ်မှာ ဆင်းသက်လာဖို့ အပြင်အားကိုယ်ကိုအပျက်စီးခံ၍ မနည်းလာနေရသယောင်ပင်။
မမြင်ရသောအတားအဆီးများက ၎င်းလမ်းကို ပိတ်နေဟန်တူသည်။ ဝိညာဉ်များ ဆင်းသက်လာနေစဉ် ပြိုကွဲစပြုလာ၏။ သို့သော် ဝိညာဉ်၏အလယ်တည့်တည့်တွင် ရူးမိုက်သောအငွေ့အသက်များကို ထုတ်လွှတ်၍ အလင်းတန်းအတိုင်း အာကာပြင်ကျယ်ဂြိုဟ်ဆီ ဆင်းလာနေသော ခရမ်းရောင်မျက်လုံးတစ်လုံး ရှိသည်။
ဆင်းလာနေစဉ် ဝိညာဉ်မှာ ပို၍ပြိုကွဲလာနေသော်လည်း တစ်ချိန်တည်းမှာပင် မြန်လာသည်။ တဖြည်းဖြည်း အလင်းတန်းအတွင်းမှ မိုးထစ်ချုန်းသံများ ပဲ့တင်ထပ်လာချေပြီ။
မကြာမီ ဝိညာဉ်သည် အာကာပြင်ကျယ်ဂြိုဟ်နှင့် အတော်လေး နီးလာ၏။ သို့သော် ထိုအချိန်တွင် အလွန်အင်အားကြီးမားသည့် အတားအဆီးကို ကြုံတွေ့လိုက်ရသကဲ့သို့ ဝိညာဉ်မှာ တစ်ကိုယ်လုံး ပြိုကွဲစပြုလာသည်။ ခေါင်းမာမာဟိန်းဟောက်သံကြီးတစ်သံ မြည်ဟည်းလာပြီးနောက် ဝိညာဉ်၏ပတ်ပတ်လည်တွင် လူရိပ်ရှစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
အာရုံစိုက်ကြည့်ပါက ထိုအရိပ်ရှစ်ခုမှာ ဂိုဏ်းချုပ်နှင့် အနှစ်သာရ ၉ ခု ပါရာဂွန်ခုနစ်ဦးမှတစ်ပါး အခြားမဟုတ်ကြောင်း တွေ့ရလိမ့်မည်။ သူတို့သည် အစွမ်းကုန်ထုတ်ရင်း အတားအဆီးကို ဖြိုခွင်း၍ ခရမ်းရောင်မျက်လုံးအား စောင့်ရှောက်လျက် အာကာပြင်ကျယ်ဂြိုဟ်သို့ ပြန်ဆင်းလာကြ၏။
သူတို့က ပေါ်ပေါ်လာသော မည်သည့်အတားအဆီးကိုမဆို ဖြိုခွင်းရင်း လျင်မြန်စွာ ဆင်းသက်လာနေကြသည်။ ထိုအုပ်စု အာကာပြင်ကျယ်ဂြိုဟ်ပေါ် ပြန်ရောက်သောအခါ ဝိညာဉ်သည် ပြိုကွဲသွားခဲ့ပြီး မျက်လုံးသာ ကျန်ရစ်ခဲ့လေသည်။
မျက်လုံးက ခေါင်းမာသောအငွေ့အသက်များကို ထုတ်လွှတ်နေသော်လည်း ထိခိုက်ထားလေသည်။ အက်ကွဲကြောင်းများက ၎င်းကို ဖုံးလွှမ်းနေ၍ ၎င်းမှာ ပျက်စီးတော့မတတ် ဖြစ်နေသည်။ ပါရာဂွန်ရှစ်ဦးမှာလည်း အရှိန်တင်၍ မျက်လုံးကို သူတို့ပြင်ဆင်ထားသော အပြင်အားကိုယ်ထံ တွန်းထုတ်ပေးရုံမှတစ်ပါး မတတ်နိုင်ကြပေ။
တစ်ချိန်တည်းမှာပင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသောအရာကို မြင်သွားကြပြီး လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြ၏။
အာကာပြင်ကျယ်ကျောင်းတော်သားများ ရွတ်ဖတ်နေသော ကျမ်းစာတွင် ထူးဆန်းသောစွမ်းအားတစ်ရပ် ပါရှိပုံရသည်။ ထိုစွမ်းအားသည် အလင်းတန်းနှင့်တစ်သားတည်းဖြစ်၍ မျက်လုံးအား ပျက်စီးမှုကို ခုခံနိုင်အောင် အားဖြည့်ကူညီပေးနေသည်။
မျက်လုံးသည် အာကာပြင်ကျယ်ဂြိုဟ်ပေါ် သက်ဆင်း၍ မြေလွှာများကို ထိုးဖောက်ကာ အတွင်းထဲ ရောက်သွား၏။ ထို့နောက် မန်ဟိုလှဲနေသော နဝမပလ္လင်ထက်တွင် ပြန်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် မျက်လုံးတစ်လုံးစလုံး အက်ကွဲနေပြီး အချိန်မရွေးပြိုကွဲသွားတော့မည့်အလား ထင်ရပေသည်။ သို့သော် ထိုအခိုက်အတန့်မှာပဲ ၎င်းက မန်ဟို့နဖူးကို ဝင်တိုက်၍ သူ့ကိုယ်ထဲ တိုးဝင်တော့သည်။
မျက်လုံး မန်ဟိုနှင့်တစ်သားတည်းဖြစ်သွားသောအခါ ကျန်ပလ္လင်ရှစ်ခုပေါ်ရှိ ပါရာဂွန်အားလုံး ဝမ်းသာသွားကြသည်။
“အောင်မြင်ပြီ” သူတို့က မျက်လုံးများဖွင့်၍ အေးစက်စက်ရယ်ရင်း ကြွေးကြော်ကြသည်။
ထိုသို့မတုံ့ပြန်သည့် တစ်ဦးတည်းသောလူမှာတော့ ဂိုဏ်းချုပ်ပင်။ သူက မျက်လုံးဖွင့်ကာ အေးတိအေးစက် နှာမှုတ်လိုက်သည်။
“တာအိုရောင်ရင်းတို့ ဝိညာဉ်ချုပ်ဝင်္ကပါကို အသက်သွင်းပြီး နဝမပါရာဂွန် အဲဒီခန္ဓာကိုယ်ထဲက ဝိညာဉ်ကို ဖိနှိပ်နိုင်အောင် ကူညီပေးကြပါ” သူက လက်ကို ဝှေ့ယမ်းပြီးနောက် နဝမပလ္လင်ထက်တွင် လှဲနေသော မန်ဟို့ထံ လက်ညှိုးထိုးလိုက်သည်။
ကျန်ပါရာဂွန်ရှစ်ဦးကလည်း ဤအတွက် ပြင်ဆင်ထားပြီးသည့်အလား ဂိုဏ်းချုပ်၏အမိန့်ကြောင့် အံ့အားသင့်သွားပုံမပေါ်ပေ။ သူတို့က အေးစက်စက်ရယ်လျက် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်၍ လှိုင်းဂယက်များအား အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားစေသည်။ ထို့နောက် ဂိုဏ်းချုပ်က ဦးဆောင်၍ သူတို့၏စွမ်းအားများကို စုပေါင်းကာ မန်ဟို့ကိုယ်ပေါ်သို့ ချုပ်နှောင်အမှတ်အသားတစ်ခု ကျရောက်သွားစေသည်။
ကြေးမီးအိမ်ထဲတွင် မန်ဟို့ဝိညာဉ်သည် ခရမ်းရောင်မျက်လုံးဝင်လာလျှင်ချင်း တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့၏။ သို့သော် သူ့ဝိညာဉ်ကို ထွက်မရအောင် ပိတ်လှောင်နေသည့် အတားအဆီးတစ်ခုပေါ်လာသည်ကို မြင်လိုက်ရ၍ သူ့မျက်နှာပျက်သွားလေသည်။
ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်က စကားပြောသည်။
“တာအိုရောင်ရင်း ခင်ဗျားဘယ်သူဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ပေမယ့် တောင်ပင်လယ်လောကက မန်ဟိုလို့ပဲ ယူဆလိုက်ပါ့မယ်။ ခင်ဗျားဝိညာဉ် ဘယ်နေရာမှာ ပုန်းနေမှန်း ကျုပ်မပြောနိုင်သလို၊ တကယ်ရော ရှိလားတောင် ကျုပ် မသိဘူး
“ဒါပေမဲ့ ခင်ဗျားရောက်လာတာက တိုက်ဆိုင်လွန်းတယ်လို့ ကျုပ် ယုံကြည်တယ်
“ခင်ဗျားက ကျုပ်တို့ အလောင်းတစ်လောင်း လိုအပ်နေတဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့တာမဟုတ်လား
“တကယ်တိုက်ဆိုင်တာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ခင်ဗျား အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အဖိုးထိုက်ရတနာတွေကို စုပ်ယူခဲ့တာကတောင် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျားဝိညာဉ်နည်းနည်လေးပဲ ကျန်ခဲ့တာကြောင့် ခင်ဗျား မရုန်းကန်နိုင်တာလို့ပဲ ကျုပ် ထင်ခဲ့တယ်။ တကယ်တော့ ဒဏ်ရာတွေအများကြီးရထားလို့ ခင်ဗျား အားနည်းနေတာနဲ့ တိုက်ဆိုင်သွားတာလည်း နေမှာ
“ဒီက ကျုပ်ရဲ့ရောင်ရင်းတွေနဲ့ ဆွေးနွေးနေတာကိုလည်း ခင်ဗျားကြားခဲ့တာနဲ့ ခင်ဗျားတည်ရှိနေတဲ့ သဲလွန်စတွေကို ဖျောက်ထားတာဖြစ်လောက်တယ်။ ဒါမှမဟုတ် ခင်ဗျားဝိညာဉ် အမှန်တကယ် ပြိုကွဲသွားခဲ့တာလည်း ဖြစ်နိုင်တယ်
“ဒါပေမဲ့ တိုက်ဆိုင်မှုတွေ တအားများလာရင် သံသယဝင်စရာကောင်းလာတာပဲ မဟုတ်လား။ ကျုပ် သံသယများလွန်းနေတာလည်း ဖြစ်လောက်ပေမယ့် ခင်ဗျားဝိညာဉ် ရှိနေသေးတယ်လို့ ကျုပ် ယုံတယ်
“အာကာပြင်ကျယ်ကျောင်းတော်ရဲ့ နဝမပါရာဂွန်ကို ဖယ်ရှားပြီး သူ့နေရာကို ယူဖို့ ခင်ဗျား စောင့်နေမှာပဲလေ
“ဒါကြောင့် ကျုပ်တို့ ပြင်ဆင်ခဲ့တယ်။ ခင်ဗျားအခုလှဲနေတဲ့ နဝမပလ္လင်ဟာ ဝိညာဉ်ချုပ်စည်းတစ်စည်းလိုပဲ။ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ကျင့်စဉ်မကျင့်ကြံထားတဲ့ ဘယ်ဝိညာဉ်အပေါ် သက်ရောက်မှုရှိတယ်
“ခင်ဗျား ဒီကိုယ်ထဲမှာ တကယ်ရှိရှိမရှိရှိ၊ ကျုပ် သံသယများနေတာ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ အခု စည်းကို အသက်သွင်းပြီးသွားပြီဆိုတော့ ကျုပ် စိတ်အေးသွားပြီ” ဂိုဏ်းချုပ်၏အသံ ပဲ့တင်ထပ်နေစဉ် ပါရာဂွန်ရှစ်ဦး၏ပူးပေါင်းစွမ်းအားက ဝိညာဉ်ချုပ်ဝင်္ကပါ၏အင်အားကို အောက်သို့ဖိနှိပ်လိုက်စေသည်။ ထိုအခါ ခရမ်းရောင်မျက်လုံးသည် မန်ဟို့ကိုယ်ထဲ၌ အမြစ်တွယ်၍ နွယ်နှာမောင်းများလို ဝိညာဉ်အမျှင်များအား သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ ဖြန့်ကျက်လိုက်၏။
တစ်ချိန်တည်းမှာပင် မန်ဟို့နဖူးပေါ်တွင် ခရမ်းရောင်အမှတ်တစ်ခုကို မြင်လာရသည်။ ထိုအမှတ်က ပွင့်ထွက်လာပြီး ... ခရမ်းရောင်မျက်လုံးတစ်လုံးကို ဖော်ပြလိုက်လေပြီ။
ပေါ်လာလျှင်ချင်း ထိုမျက်လုံး၏အကြည့်က ရက်စက်ကြမ်းကြုတ်လာသည်။ ထို့နောက် ၎င်းက ပြန်ပိတ်၍ ဝိညာဉ်အမျှင်များကို ထပ်မံဖြန့်ကျက်ကာ မန်ဟို၏ချီစီးဆင်းမှုလမ်းကြောင်းများ၊ သူ့နှလုံးသား၊ သူ့စိတ်နှင့် သူ၏အရာရာတိုင်းတွင် နေရာယူလာသည်။
ကြေးမီးအိမ်ထဲရှိ မန်ဟို့ဝိညာဉ်က မျက်မှောင်ကြုတ်သွားသည်။ သူသည် အဖြစ်အပျက်အားလုံးကို အေးစက်စွာ စောင့်ကြည့်နေပြီး ဂိုဏ်းချုပ်နှင့်အခြားသူများ လုပ်ဆောင်နေသော ဝိညာဉ်ချုပ်ခြင်း၏သက်ရောက်မှုများကိုလည်း ခံစားနေရ၏။
“ဒါဆို သူတို့က ပြင်ဆင်ထားတာကိုး” သူ၏မျက်လုံးများ တောက်ပလာသည်။ သို့သော် သူသည် အံ့ဩသွားပုံမရပေ။ အနှစ်သာရ ၉ ခုအဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူများမှာ အသိအမြင်နှင့် စဉ်းစားတတ်သောဉာဏ်အရာ၌ သာလွန်ထူးကဲသည်မဟုတ်ပါလော။
“ကဲ အဲဒီလိုဆိုမှတော့ ... ငါ့ရဲ့အရန်အစီအစဉ်အတိုင်း သွားရုံပေါ့။ အဲဒီဝိညာဉ်ကို ငါ မဖယ်ရှားနိုင်ရင် ... ဝါးမြိုပစ်လိုက်မယ်”
မန်ဟို့မျက်လုံးများ တောက်ပနေစဉ် ကြေးမီးအိမ်က ရုတ်တရက် လင်းခနဲ လက်သွားပြီး ၎င်းမျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းတစ်ကြောင်း ဟလာသည်။ ထိုအက်ကွဲကြောင်းပေါ်လာသည်နှင့်တစ်ပြိုင်နက် နဝမပါရာဂွန်၏ဝိညာဉ်မျှင်များက အတင်းဝင်လာဖို့ ကြိုးစားတော့သည်။ ထိုစဉ် ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်များ မျက်နှာရိပ်ခနဲ ဖြစ်ကုန်ကြ၏။
သူတို့သည် သံသယဝင်ခဲ့ကြသော်လည်း မန်ဟို သူ့ခန္ဓာကိုယ်ထဲတွင် အမှန်တကယ် ရှိမရှိ ရမ်းသမ်းမှန်းသမ်း မဆုံးဖြတ်ရဲခဲ့ကြပေ။ သက်သေတစ်စုံတရာမရှိသည် မဟုတ်ပါလော။
သို့သော် ယခုတွင် ကြေးမီးအိမ် အတန်ငယ်ဟလာခဲ့၍ နဝမပါရာဂွန်၏ဝိညာဉ်မျှင်များ ထိုအဟထံ တဟုန်ထိုးဦးတည်သွားသည့်အခါ ပါရာဂွန်ရှစ်ဦးလုံး ဖြစ်ပျက်နေသောအရာကို အာရုံရလိုက်ကြသည်။
“ဆိုတော့ သူ တကယ်ရှိနေသေးတာပဲ” သူတို့မျက်နှာများအပေါ်တွင် အေးစက်ခက်ထန်သောအမူရာများ ပေါ်လာပြီး သူတို့သည် နဝမပါရာဂွန် မန်ဟို့ဝိညာဉ်ကို ဖိနှိပ်နိုင်အောင် ကူညီပေးဖို့ သူတို့၏ နတ်ဘုရားအာရုံများကို မန်ဟို့ခန္ဓာကိုယ်ထဲ စေစားလိုက်ကြ၏။
သို့သော် သူတို့၏နတ်ဘုရားအာရုံများ မန်ဟို့ကိုယ်ထဲ ဝင်မလာနိုင်ခင် ကြေးမီးအိမ်က လင်းခနဲ လက်သွားပြီး နှင်ထုတ်ခြင်းအားတစ်ရပ် ပေါ်ထွက်လာကာ နတ်ဘုရားအာရုံစီးကြောင်းရှစ်ကြောင်းကို အပြင်၌ ဟန့်တားလိုက်သည်။
သူတို့၏မျက်နှာများ ပျက်သွားကြသည်။ မန်ဟို့အတွက်မူ အချိန်အနည်းငယ်ရသွားလေပြီ။ သူ၏ဝိညာဉ်က နဝမပါရာဂွန်၏ ဝိညာဉ်အမျှင်များဆီ မဆိုင်းမတွ ပြေးသွားသည်။ ချက်ချင်းပင် ဝိညာဉ်နှစ်ခု လုံးထွေးသွားပြီး တစ်ခုကိုတစ်ခု ဝါးမြိုဖို့ ကြိုးစားကြတော့သည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏မိစ္ဆာချီ ထွက်လာ၍ သူ့ဝိညာဉ်က ပြောင်းလဲသွားလေသည်။ မိစ္ဆာ၏ အမျိုးမျိုးအဖုံဖုံပြောင်းလဲတတ်မှုက သူ့ဝိညာဉ်ကို ဝိညာဉ်မျှင်များနှင့် ခွဲခြားမရအောင် ရောထွေးသွားစရာ သူ့အတွက် ၎င်းတို့ကို ဝါးမြိုဖို့ ပိုမိုလွယ်ကွယ်သွားစေ၏။
ဝိညာဉ်အမျှင်များက အန္တရာယ်ကို အာရုံရလိုက်သဖြင့် ပြန်တိုက်ခိုက်ဖို့ ကြိုးစားသည်။ သို့သော် မည်သည့်အမျှင်က မည်သူ့အပိုင်လဲ ခွဲခြားရခက်နေသည်။
ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်ခုနစ်ဦးမှာ စောင့်ကြည့်ရင်း မျက်နှာမကောင်းတော့ပေ။ မန်ဟိုနှင့် နဝမပါရာဂွန်၏ ဝိညာဉ်များ ရောထွေးသွားသည်ကို သူတို့ ခံစားလိုက်ရသော်လည်း ဝင်ရောက်မစွက်ဖက်နိုင်ပေ။
“ဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ”
“လခွမ်း” သူတို့၏မျက်လုံးများက မီးဝင်းဝင်းတောက်လာတော့သည်။ ဂိုဏ်းချုပ်၏မျက်နှာမှာ လွန်စွာတင်းမာခက်ထန်နေသော်လည်း သူ့အနေဖြင့် သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ပေ။ တကယ်တမ်း မန်ဟို့ကို အတန်ငယ်လေးစားမိသွားသေးသည်။
“ဒီမန်ဟိုက အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကကို သွားရှုပ်နိုင်တာ အံ့ဩစရာမရှိဘူး... ငါတို့အာကာပြင်ကျယ်ကျောင်းတော်ကို ထောင်ဖမ်းဖို့ သူ့ကိုယ်သူ တည်ကြက်အဖြစ်ထားတယ်။ သေသေချာချာ အကွက်ချစီစဉ်ထားရုံတင်မကဘူး ငါတို့ သူ့ကို တွေ့သွားနိုင်ခြေကိုတောင် ထည့်တွက်ထားသေးတယ်။ ငါ တော်တော်လေး ယုံကြည်ချက်လွန်ကဲခဲ့မိတာပဲ
“ဒါက ဝိညာဉ်တွေကြားက တိုက်ပွဲ။ တစ်ယောက်ကိုတစ်ယောက် ဝါးမြိုရမှာ။ ငါတို့ ဝင်နှောင့်ယှက်လို့မရဘူး။ အစွမ်းထက်အဆုံးဝိညာဉ်ပဲ အနိုင်ရလိမ့်မယ်”