အပိုင်း (၇၉)
Vol. 6 Ch. 79
"ငါသာ အမှတ်မမှားဘူးဆိုရင် အဲ့ပုဂ္ဂိုလ်က ယွင်လိုင်အင်ပါယာရဲ့ ကျင်းဖမ်း အိမ်တော်က မင်းသားလေးဖြစ်တဲ့ ကျင်းလင်းမလား"
သွေးမီးပင်လယ်ကြီးအားကြည့်ကာ မိစ္ဆာဝံပုလေံလွေကြေးစားအဖွဲ့ထဲမှ လူတစ်ယောက်က သူ့ဘေးကလူကိုပြောလိုက်သည်။
ထိုအချိန်တွင် ရွှေရောင်ဝတ်ရုံလူနှင့် သူ၏အောက်ရှိ ရွှေရောင်လင်းယုန်တို့မှာ အောက်ရှိ သွေးရောင်မီးပင်လယ်ထံသို့ ဦးတည်လိုက်သည်။
သူတို့က အောက်သို့ထိုးဆင်းလိုက်ကာ ရွှေရောင်လင်းယုန်ကသူရှိသမျှအသားကုန် သူ၏ ဧရာမ အတောင်တို့အား တစ်ဖျတ်ဖျတ်ခပ်နေသည်။
ရုတ်ချည်း ကြမ်းကြုတ်သောလေတို့က အောက်ရှိ လောင်ကျွမ်းနေသော သွေးရောင်မီးပင်လယ်အား လွင့်ပျယ်သွားစေလိုသဖြင့်တစီစီမြည်လျက် တစ်ဟူးဟူးတိုက်ခတ်နေသည်။
သို့သော် သွေးရောင်မီးတောက်ပင်လယ်က တစ်ဟူးဟူးတိုက်ခတ်နေသော လေ၏ အောက်တွင် ရုတ်ချည်း ပိုမိုပြင်းထန်စွာလောင်ကျွမ်းလာသည်။
၎င်းက အဆုံးမရှိသော ဟင်းလင်းပြင်ထဲတွင် ဆက်လက်ပျံ့နှံ့သွားပြီး
မျက်စိတစ်မှိတ်အတွင်း ၎င်းက ရွှေရောင်လင်းယုန်ငှက်ကြီးနှင့် သူ၏ကျောထက်ရှိ ရွှေရောင် ကျင်းလင်း တို့အား လွှမ်းခြုံသွားသည်။
"ဟုတ်တယ်..အဲ့တာသူပဲ..သူအရင်နတ်ဆိုးသားရဲမြို့တော်ကိုလာတုံးက ခေါင်းဆောင်ကိုယ်တိုင်သူ့ကို လက်ခံတွေ့ဆုံတာကို ငါမှတ်မိသေးတယ်.."
"သူက ကြယ်သုံးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ပဲ.."
"အဲ့မကောင်းဆိုးဝါးလေး သူ့ကိုတကယ်ကြီး ရင်ဆိုင်နိုင်မယ်လို့ ငါတော့ မထင်ဘူး.."
"သူ ကြယ်သုံးပွင့်ဘုရင်နယ်ပယ် ဖြစ်တဲ့ ကျင်းလင်းကို အနိုင်ယူနိုင်မယ်လို့ မင်းတို့ထင်လား.."
အခြားလူတစ်ယောက်က ပြောလိုက်သည်။
မိစ္ဆာဝံပုလွေကြေးစား အဖွဲ့မှလူများမှ နောက်ပိုင်းမှရောက်ရှိလာကြသောကြောင့် သူတို့အနေဖြင့် ရှစ်ဖုန့်၏လက်သီးချက်ကြောင့် ကျင်းလင်း လွင့်ထွက်သွား သည်ကို မမြင်တွေ့ခဲ့ကြရပေ။
"ကြည့်အုံး....အဲ့လူက..."
ရုတ်တရက် လူတစ်ယောက်က ထအော်ကာ စစ်မြေပြင်နှင့် မနီးမဝေးရှိမြေပြင်သို့ လက်ညှိုး ထိုးပြလိုက်သည်။
စုတ်ပြဲနေသော အဝတ်အစားနှင့် သက်လတ်ပိုင်း အရွယ်လူတစ်ယောက်မှာ လဲနေပြီး သူ၏ ကိုယ်ပေါ်တွင် သွေးတော်တော်များများစွန်းထင်းနေသည်။
သူ၏ ပုံစံမှာသူတောင်းစားတစ်ယောက်ကဲ့သို့ဖြစ်သည်။
သို့သော်ဤအချိန်တွင် ၎င်းမှာသတိလစ်နေ၏။
သူသေနေလား ရှင်နေလားအား မည်သူမျှ မသိကြချေ။
"ဒီပုဂ္ဂိုလ်....ဒီပုဂ္ဂိုလ်ကဖြစ်နိုင်တာ......"
တစ်စုံတစ်ယောက်က သူ၏ ဘေးရှိလူအား ဂရုတစိုက်မေးလိုက်သည်။
"ဟီးစ်....."
သူ၏ဘေးရှိလူက လေအေးတို့အား နက်ရှိုင်းစွာ ရှူသွင်းလိုက်သည်။
ထို့နောက် သူ၏ဘေးရှိလူအား ကြည့်၍ပြောလိုက်သည်။
"ကောင်းကင်ဘုံကို အလွန်ဆန့်ကျင်နေတာပဲ....ဒါက ကောင်းကင်ဘုံကို အလွန်ဆန့်ကျင်နေတာ.."
"ဒီမကောင်းဆိုးဝါးက တကယ့်ကိုမှာ မကောင်းဆိုးဝါးစစ်စစ်ပဲ"
"ဒီကမ္ဘာမှာ သူမလုပ်ရဲတဲ့ အရာတွေရော ရှိသေးရဲ့လား..."
ယွင်လိုင်အင်ပါယာ နယ်နိမိတ်အတွင် သူ့အား မသိသောသူဟူ၍ မရှိကြချေ။
သူသည် ဂုဏ်သတင်းထင်ပေါ်ကျော်စောလှသော သူတစ်ယောက်ဖြစ်သည်။
ယွင်လိုင်အင်ပါယာတွင် ဧကရာဇ်က ပင် သူ့အား လေးစားရသည်။
သူကလူတစ်ယောက်အားသေခိုင်းချင်လျှင် မြို့တစ်မြို့အား ဖျက်ဆီးပစ်ချင်လျှင် မြစ်ကဲ့သို့သွေးများ စီးဆင်းစေလိုလျှင် သူတစ်ခွန်းပြောလိုက်သည်နှင့် မရေတွက်နိုင်သော သူများက သူ၏အထောက်အပံ့အကူအညီအား ရယူလို၍ ဆန္ဒရှိစွာဖြင့် ပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှသူများမှာ သူတို့တွေ့နေရသော သူတောင်းစားပုံနှင့်မြေပြင်ပေါ်တွင်လဲနေပြီး သူ၏ အသက်အား သေသည်ရှင်သည်မသိရသောသူမှာ အထက်တန်းစားမြင့်မြတ်သောသူတစ်ယောက်ဖြစ်သည်ဟု ယုံကြည်ရန်ခက်ခဲနေကြသည်။
"တကယ်တော့ မင်းတို့ သံသယဝင်နေစရာမလိုပါဘူး.."
"မင်းတို့တွေ့နေရတဲ့သူက ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အဆင့်လေး သန့်စင်သူ ဖန်ယွင်ရှောင်ပဲ.."
ရုတ်တရက် မရင်းနှီးသော အသံတစ်ခုက မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှာ သိုင်းသမားတို့၏ နားထဲသို့ ဝင်ရောက်လာသည်။
လူတိုင်းအသံလာရာဆီသို့ လှည့်ကြည့်လိုက်သော အခါတွင် ဓားရှည်တစ်ချောင်းအား လက်ထဲတွင် ကိုင်ဆောင်ထားသော အပြာရောင်ဝတ်စုံနှင့် လူတစ်ယောက်က သူတို့၏ အလယ်၌ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူတို့၏ အာရုံများအား တိုက်ပွဲအပေါ်နှင့် မြေပြင်ပေါ်၌လဲလျောင်းနေသောသူထံတွင် ဦးတည်ထားကြသဖြင့် ထိုလူသူတို့၏ အလယ်၌ပေါ်လာသည်ကို သတိမထားမိကြပေ။
ထိုအချိန်တွင် လီလျိုရှင်းက သန့်ရှင်းသော အပြာရောင်အဝတ်တို့အား လဲလှယ်ဝတ်ဆင်ပြီးဖြစ်သည်။
သူ၏ ဆံပင်နှင့်မျက်နှာတို့မှာ ဆေးကြောထားသည်နှင့်တူပြီး သူ၏ ချောမောပြီး ခန့်ညားသော အသွင်အပြင်က နောက်တစ်ဖန် ထွက်ပေါ်လာသည်။
သူက ဓားအိမ်နှင့်ဓားတစ်ချောင်းကို လက်နှစ်ဖက်ဖြင့်ပိုက်ကိုင်ထားပြီး သူအနေဖြင့် ထိုကြေးစားအဖွဲ့မှသူများနှင့် အရမ်းရင်းနှီးနေသော သူတစ်ယောက်ပုံစံပေါ်နေ၏။
ကောင်းကင်ထက်ရှိ သွေးနီရောင်မီးပင်လယ်အားညွှန်ပြကာ သူကပြောလိုက်သည်။
"မင်းတို့က အဲ့လူငယ်လေးရဲ့ သူငယ်ချင်းတွေမလား.."
"သူက အရမ်းကို ဖြုံလောက်စရာပဲ.."
"သူကဘယ်သူ့ကိုမဆိုတိုက်ခိုက်ရဲပြီး ဘာမဆိုလုပ်ရဲကိုင်ရဲတယ်.."
"အဲ့တာက ငါငယ်ငယ်ကနဲ့ အရမ်းကိုတူတယ်..."
"အဲ့မင်းတို့မြင်နေရတဲ့ဖန်ယွင်ရှောင်က တကယ့်ကိုသူကြောင့်ဖြစ်သွားရတာပဲ ."
"ဟူး..ဟူး..ဟူး...ဟူး..ဟူး.."
ရုတ်တရက် စူးရှသော အသက်ရှူသွင်းသံထွက်ပေါ်လာသည်။
ထိုအရာက တကယ့်ကို အမှန်တရားဖြစ်သည်။ ထိုအရာအား ဤမကောင်းဆိုးဝါးကတကယ်ပြုလုပ်ခဲ့သည်။
သူသည် ကောင်းကင်ဘုံအား ဆန့်ကျင်နေသောသူပင်ဖြစ်သည်။
"ဒီကအကိုက..နောက်နေတာပဲ..ကျုပ်တို့က ဘယ်လိုလုပ် သူ့သူငယ်ချင်းဖြစ်ရမှာလဲ.."
"ကျုပ်တို့အားလုံး သူ့ရဲ့ လျှို့ဝှက်ပညာရပ်ရဲ့ သက်ရောက်မှုကိုခံရပြီး သူထိန်းချုပ်တာကိုခံနေကြရတာ.."
"ပြောရရင်တော့..ကျုပ်တို့က ဆရာဖန်လိုသားကောင်တွေပါပဲ..."
သိုင်းပညာရှင်တစ်ယောက်က လီလျိုရှင်းအား အလျှင်အမြန်ရှင်းပြလိုက်သည်။
သူတို့က ၎င်းနှင့် သူငယ်ချင်းဖြစ်ရမည်တဲ့ မည်ကဲ့သို့သောဟာသမျိုးနည်း။
ကောင်းကင်ဘုံလေဂိုဏ်းသာ သူတို့အား ထိုအရာအတွက် နားလည်မှုလွဲသွားပါက ယွင်လိုင်အင်ပါယာမည်မျှပင်ကြီးမားလှပါစေ သူတို့အတွက် ပုန်းကွယ်ရန်နေရာရှိမည်မဟုတ်ပေ။
"အိုး..ဒီတော့ မင်းတို့က အကျဉ်းသားတွေပေါ့.."
လီလျိုရှင်းက နားလည်သွားသော ပုံစံဖြင့်ပြောလိုက်သည်။
"ဟုတ်ပါတယ်..ဟုတ်ပါတယ်.."
မိစ္ဆာဝံပုလွေကြေးစား အဖွဲ့မှ လူများက သူတို့၏ ခေါင်းများအား ညိမ့်ပြလိုက်ကြသည်။
ဤအရာက ကောင်းပုံမရသော်လည်း သူ၏သူငယ်ချင်းဖြစ်ရသည်ထက်တော့ပိုကောင်းသေးသည်။
"အကိုကြီးကဘယ်သူလဲ...ဘယ်ဘက်ကိုကူညီမှာလဲ.."
သိုင်းသမားတစ်ယောက်က လီလျိုရှင်းအားမေးလိုက်သည်။
"အိုး..ငါလား.."
"ငါက အစတုံးက ကျင်းလင်းနဲ့ ဖန်ယွင်ရှောင်တို့နဲ့အတူ တောင်တန်းထဲဝင်လာခဲ့တာ.."
"ပြောရရင်တော့ ဖန်ယွင်ရှောင်ရဲ့ ပညာရပ်တွေ အထင်ကြီးစရာပါပဲ.."
"သူ့ရဲ့သက်စောင့်ဆေးတွေ အားလုံးက ထိပ်တန်းအဆင့်တွေကြီးပဲ.."
"ငါတို့အနေနဲ့ သကြားလို ဆေးတွေကို စားနေရတယ်လို့တောင်ပြောလို့ရတယ်.."
"မျိုးဆက်တစ်ခုရဲ့ ပါရမီရှင် သန့်စင်သူတစ်ယောက်ကဒီလိုမျိုး ဒုက္ခိတဖြစ်သွားတာကတော့ ဝမ်းနည်းစရာပဲ"
လီလျိုရှင်းက အဆုံးသတ်တွင် နောင်တရစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"အဲ့လိုလား.."
"ဒါဆို အကိုအနေနဲ့ မင်းသားလေး ကျင်းလင်းကို ကူညီပြီး ဆရာဖန်အတွက် လက်စားချေပေးရမှာ မဟုတ်ဖူးလား.."
လီလျိုရှင်း၏ စကားအားကြားလိုက်ရသော အခါတွင် သိုင်းပညာရှင်တစ်ယောက်က သူ၏စိတ်ထဲရှိ မေးခွန်းအားမေးလိုက်သည်။
တကယ်တော့ တစ်စုံတစ်ယောက်ကသာ ကျင်းလင်းအား ကူညီလျှင် ကျင်းလင်းအနေဖြင့် အနိုင်ရဖို့ ပိုမို အခွင့်အရေးရှိမည်ဖြစ်ပြီး သူတို့ အနေဖြင့်လည်း မကောင်းဆိုးဝါး၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ရန် ပိုအခွင့်အရေးရှိမည်ဖြစ်သည်။
လီလျိုရှင်းက သူ၏ ခေါင်းကိုခါယမ်းပြကာတူညီသော လေသံဖြင့်ပြောလိုက်သည်။
"ဖန်ယွင်ရှောင်က ဒုက္ခိတဖြစ်ပြီးနေပြီ..သူကအခုမသန်မစွမ်းပဲ..အချိန်ဖြုန်းမိတာပဲအဖက်တင်မယ် ငါ့အတွက်အဲ့လိုလုပ်ပေးစရာထပ်ပြီးမလိုအပ်တော့ဘူး.."
ဖန်ယွင်ရှောင်ကသာထိုသို့ပြောခဲ့လျှင် ယင်းမှာပုံမှန်ဖြစ်မည်ဖြစ်သည်။
သို့သော်ယခုကာ....
မိစ္ဆာဝံပုလွေကြေးစားအဖွဲ့မှ သိုင်းသမားများမှာ သူ၏စကားအားကြားလိုက်ရသောအခါတွင် သူ့အပေါ်ကြည့်သော အကြည့်တို့က ရုတ်တရက်ပြောင်းလဲသွားသည်။
လူတစ်ချို့က သူတို့ဘေးရှိလူများအား တီးတိုးပြောလိုက်သည်။
"ဒီတော့ သူက ကပ်ဖားရပ်ဖားကြီးဟ..ဆရာဖန်အထွတ်အထိပ်ကိုရောက်နေတုံးက သူက နေရာအနှံ့ဆရာဖန်နောက်ကိုလိုက်ပြီးတော့ သူရဲ့ဆေးလုံးတွေကိုစားသုံးခဲ့တယ်....အခုသူ ကျရှုံးချိန်မှာ အတိတ်က သူရရှိခဲ့တဲ့ အကျိုးအမြတ်တွေ အကုန်လုံးကို မေ့ပစ်လိုက်တာပဲ.."
"ဟုတ်တယ်..ဟုတ်တယ်..ဒီလိုလူစားမျိုးတွေက သစ္စာမရှိဆုံးပဲ..ဆရာဖုန်အနေနဲ့ ဒီလိုလူကိုမှတကယ်ရွေးချယ်ခဲ့မိတယ် ဘယ်လောက်သနားစရာကောင်းလဲ.."
"ငါသာ ဆရာဖုန်ဖြစ်ပြီး သူကဒီလိုလူစားဆိုတာသိခဲ့ရင် သေချာပေါက် ငါဒေါသကြောင့် သွေးအန်ပြီး မူးမေ့လဲမိလိမ့်မယ်.."
သူတို့အရောက်နောက်ကျသောကြောင့် အစက ဖန်ယွင်ရှောင် ဒေါသတရားတို့နှင့်မူးမေ့လဲသွားသည်ကို မတွေ့ခဲ့ကြရပေ။
ထိုစကားများပြောနေစဉ် လူအများစုက ဖုန်ယွင်ရှောင်အား ကြည့်လိုက်မိပြီး သူ၏ကိုယ်ပေါ်ရှိသွေးစွန်းကွက်တို့ကိုတွေ့လိုက်ရသည်။
သူတို့ရုတ်တရက်တစ်ခုခုအား သဘောပေါက်သွားမိကြ၏။
စကားတစ်ခွန်းကသူတို့အား သူတို့၏ အိမ်မက်မှ နိုးထစေခဲ့သည်။
ကိစ္စများမှာ ထိုကဲ့သို့ တကယ့်ကို ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။
"အဟင်း အဟင်း အဟွတ်အဟွတ်.."
လီလျိုရှင်းက သူ့အား လူများက ထူးဆန်းစွာကြည့်နေသည်အား တွေ့ရလျှင် ခွတီးခွကျချောင်းဟန့်၍ပြောလိုက်သည်။
"တကယ်တော့ ဖန်ယွင်ရှောင်က ကျင်းလင်းကြောင့်သွေးအန်ပြီး မေ့လဲသွားရတာ.."
လီလျိုရှင်း၏ စကားတို့ကအမှန်ဖြစ်သော်လည်း မိစ္ဆာဝံပုလွေကြေးစားအဖွဲ့သားတို့၏ မျက်လုံးများက သူ့ကိုမယုံကြောင်းပြောနေသည်။
ကျင်းဖမ်း အိမ်တော်၏ အရှင်သခင်လေးက သူ၏ အသက်ကိုစွန့်စား၍ ဆရာဖုန်အတွက် လက်စားချေဖို့ တိုက်ခိုက်နေသည်။
သူကသာ ဤကိစ္စမှာ သူနှင့် မဆိုင်သကဲ့သို့ ပြုမူပြီး ထေ့လုံးငေါ့လုံးများလုပ်ကာ ဤနေရာ၌သေချာပေါက် ရပ်နေသောသူဖြစ်လေသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise