← Chapters

၀မ်ရင်ကို အားပေးခြင်း

Vol. 09 Ch. 438

၀မ်ရင်ကို အားပေးခြင်း

Vol. 09 Ch. 438

ထန်ရှု၏ အမြင်အာရုံ အနည်းငယ်မှုန်ဝါးသွားသည်။ သူမ၏ စားသောက်ဆိုင်လေးကို စီမံခန့်ခွဲဖို့ အလုပ်ကြိုးစားနေသော မိခင်ကြီး၏ အလုပ်ရှုပ်နေသောပုံရိပ်များအား သူ ပြန်လည် မြင်ယောင်လာမိသည်။ ခဏအကြာပြီးနောက် တွေဝမေိန်းမောနေရာမှ သတိပြန်ဝင်လာပြီး

“အင်တာနက်မှာ ဖြစ်ရပ်တစ်ခု ဖတ်ရတာ မှတ်မိတယ်။ နိုင်ငံခြားတိုင်းပြည်အချို့ဆိုရင် ကလေးတွေ အသက်ဆယ့်ရှစ်နှစ်ရောက်တဲ့အခါ မိဘအများစုက သားသမီးတွေကို မိမိကိုယ်ကို ထောက်ပံ့နိုင်တဲ့ ဘဝစွမ်းရည်တွေ တိုးတက်စေဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်စေပြီး သီးခြားရပ်တည်စေတယ်တဲ့။ ဒါပေမယ့် ငါတို့နိုင်ငံက ကလေးတွေအများစုက ငယ်စဉ်ကတည်းက တက္ကသိုလ်တက်တဲ့အထိ၊ အသက်နှစ်ဆယ်ကျော်တဲ့အထိ ဂရုတစိုက်ဆက်ဆံခံရတာ မဟုတ်လား။ နောက်ပြီး အဲ့ဒီအရွယ်ရောက်နေတာတောင် မိဘတွေက ကောလိပ်ကျောင်းတက်ဖို့ ပိုက်ဆံတွေ ထောက်ပံ့ပေးနေကြတုန်း၊ သားသမီးတွေကို သက်တောင့်သက်သာနေထိုင်ကြစေတုန်းလေ။ ဒီအရာက ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်တစ်ခုပဲ။ ဒါပေမယ့် မင်းက တစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့ပြီး မိဘတွေဆီက ပိုက်ဆံတွေကို လွတ်လွတ်လပ်လပ်နဲ့ အလွယ်တကူ ထပ်ပြီး သုံးစွဲနေတယ်ဆိုရင် မင်းကိုယ်တိုင် ငွေရှာနိုင်မှ အဲ့လိုလုပ်တာ ပိုကောင်းပါလိမ့်မယ်။ ကိုယ့်အတွက် အခြေခိုင်တဲ့ ငွေကြေးအုတ်မြစ်တစ်ခုရှိပြီးမှ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံး အခက်အခဲတွေကို မျှဝေပေးနိုင်တဲ့ မှန်ကန်တဲ့လူကို ထပ်မံရှာဖွေနိုင်တယ်။”

ထန်ရှုနှင့်အတူ လမ်းလျှောက်လာသော ကျန်းဖေးယန်သည် အတော်ပင် အလေးအနက်ပြောနေသော ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေရင်း သူမ၏ နှလုံးခုန်သံများသည် ရုတ်တရက် စည်းချက်မညီတော့ပါချေ။ သူမ၏အရှေ့က လူငယ်သည် သူမထက်ပင် အသက်ငယ်သော ဂျူနီယာတစ်ယောက်သာဖြစ်ပြီး အသက်၂၀ ဝန်းကျင်သာ ရှိပုံရသည်။ သို့သော် သူသည် ထိုကဲ့သို့ လေးနက်သော စကားများအား အမှန်တကယ်ပင် ပြောဆိုနိုင်ခဲ့ပြီး သူ့အား တကယ့်ကိုပင် လေးစားလိုစိတ်များ ဖြစ်ပေါ်လာရသည်။

ချက်ခြင်းဆိုသလိုပင် သူမအား တက္ကသိုလ်တက်ရန်အတွက် ပိုက်ဆံအကုန်အကျခံကာ စိတ်ပူစရာမရှိအောင် သက်တောင့်သက်သာနေထိုင်စေသော မိဘများအပေါ် ရှက်မိသွားရသည်။ ချစ်သူအား တစ်ခုခုဝယ်ပေးဖို့အတွက် မိဘတွေဆီက ပေးပို့သောပိုက်ဆံကိုတောင် မကြာခဏ သူမ သုံးခဲ့ဖူးသည်။

"ငါ့မိဘတွေကို လွမ်းတယ်။" ကျန်းဖေးယန်ဆီက တီးတိုး စကားသံ ထွက်လာသည်။

"သူတို့ကို လွမ်းရင် ဖုန်းဆက်လိုက်ပေါ့။" ထန်ရှုက သူမအား လှည့်ကြည့်ကာ ပြုံးလျက် ပြောသည်။

"မင်းမှာ ရှိနိုင်တဲ့ ကမ္ဘာပေါ်က အနက်ရှိုင်းဆုံး ချစ်ခြင်းမေတ္တာက မင်းမိသားစုက ပေးတဲ့ နွေးထွေးမှုပဲ။"

ကျန်းဖေးယန် အချိန်အတန်ကြာသည်ထိ တိတ်ဆိတ်သွားသည်။ သူမနှင့် ထန်ရှုတို့သည် အိမ်ခြံဝင်းသို့ ပြန်လာစဉ် သူမက ရုတ်တရက် ပြောလိုက်သည်။

"ထန်ရှု … ကျေးဇူးတင်ပါတယ်။"

"အားမနာပါနဲ့။" ထန်ရှုက ပြုံးပြီး ပြန်ပြောသည်။

အိမ်၏ခန်းမထဲသို့ ဝင်လာကြရာ မုဝမ်ရင်သည် နိုးနေပြီဖြစ်ပြီး ဆိုဖာပေါ်တွင်ထိုင်ကာ အင်္ဂလိပ်လို အကြောင်းအရာများကို သူမ၏ မိုဘိုင်းဖုန်းဖြင့် ဖတ်နေသည်ကို ထန်ရှု တွေ့ရသည်။

"အိုး … ငါက နင်တို့အားလုံး မနိုးသေးဘူးလို့ ထင်နေတာ။ နင်တို့ မနက်စာ ဝယ်ပြီးမယ်လို့ ငါ မမျှော်လင့်ထားဘူး။" မုဝမ်ရင်က ထန်ရှုနှင့် ကျန်းဖေးယန် ဝင်လာသည်ကို မြင်သောအခါ ချက်ချင်းထလာပြီး အပြုံးဖြင့် ပြောလိုက်သည်။

"စောစောထပြီး အပြင်မှာ လတ်ဆတ်တဲ့လေကို ရှုရှိုက်တာက လူကို ကြံ့ခိုင်စေပြီး တက်ကြွလန်းဆန်းစေမှာပါ။"

ထန်ရှုက ရွှင်မြူးစွာ ဖြေသည်။

"သူတို့ကို နှိုးလိုက်။ ငါ ယွဲ့ခိုင်နဲ့ တခြားသူတွေကို မနက်စာစားဖို့ နှိုးလိုက်မယ်။"

"ကောင်းပြီ။" မုဝမ်ရင်က သဘောတူလိုက်ပြီး ထို့နောက် သူမသည် ကျန်းဖေးယန်ကို ကြည့်ကာ

"ဖေးယန် … အခု သက်သာသွားပြီလား။"

"အွန်း … ငါ အတော် သက်သာပြီ။" ကျန်းဖေးယန်က ခေါင်းညိတ်ပြုံးပြပြီး

"နောက်ပြီး ငါလည်း လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်။"

"ဘာလျှို့ဝှက်ချက်လဲ။" မုဝမ်ရင်က ပဟေဠိဖြစ်ကာ မေးလိုက်သည်။

" ငါ နင့်ကို တွေ့ကတည်းက နင်နဲ့ထိုက်တန်တဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိနိုင်ဘူးလို့ တွေးခဲ့မိတယ်။" ကျန်းဖေးယန်က အပြုံးဖြင့်

"ဒါပေမယ့် ဒီနေ့တော့ ထန်ရှုက နင့်အတွက် မှန်ကန်တဲ့လူလို့ ငါ ထင်မိတော့ အရင်ကအတွေးကို ပြန်ပြောရမှာပေါ့။ နင်တို့က ကောင်းကင်က တွဲဖက်ထားတဲ့ လူနှစ်ယောက်လိုပဲ။ သူက တက္ကသိုလ်ကျောင်းတက်နေချိန်မှာ ချစ်မိသွားတာကို မကြိုက်ဘူးလို့ ပြောခဲ့ပေမယ့် နင်သာ သူ့ကို တောက်လျှောက် ဆွဲဆောင်နေရင် သူ သေချာပေါက် နင့်အပေါ် စိတ်ယိုင်လာလိမ့်မယ်။”

“ဖွီး … ဟီးဟီး…”မုဝမ်ရင်က ထန်ရှုကို စိုက်ကြည့်ရင်း ရှားရှားပါးပါး ချိုသာသော အပြုံးကို ပြုံးလိုက်ကာ

"ငါ့ရဲ့ ဆွဲဆောင်မှုက အနှိုင်းမဲ့လို့ ယုံကြည်နေပေမယ့် ဒီငတုံးကို ဖမ်းဖို့ မလွယ်ဘူး။"

"အယ်… ဝမ်ရင် … နင် ထန်ရှုကို ကြိုက်လား။" ကျန်းဖေးယန်က အံ့သြကျေနပ်စွာဖြင့် မျက်ဝန်းအစုံတွင် အရောင်တဖျတ်ဖျတ် တောက်ပကာ မေးလိုက်သည်။

"သူက ငါတွေ့ဖူးသမျှထဲက အကောင်းဆုံးလူပဲ။ ငါ သူ့ကို ကြိုက်တာ သဘာဝကျပါတယ်။" မုဝမ်ရင်က အပြုံးဖြင့် ဆက်ပြောသည်။

"ဒါပေမယ့် သူ့ကိုယ်ပိုင်စည်းမျဉ်းတွေက သူ့ကို ချုပ်ချယ်ထားပြီး သူက ငါ့ကို အစကတည်းက မလိုချင်ဘူး။ ဒါကြောင့် ငါက ကိုယ့်ကိုယ်ကိုယ် အသိဉာဏ်နဲ့ထိန်းချုပ် ပုန်းအောင်းနေပြီး အဝေးကနေ လှမ်းကြည့်ရုံသာ တတ်နိုင်ပေမယ့် သူ့ကို ဆက်ပြီး လေးစားနေတုန်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အမာခံပရိသတ်ဖြစ်ရတာနဲ့တင် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါ ထင်တယ်။”

"ကြိုးစားထား … ဝမ်ရင် ငါ နင့်ကို ယုံတယ်။" ကျန်းဖေးယန်သည် သူမ၏ လက်သီးများကို ဝှေ့ယမ်းကာ ရယ်မောကာ စနောက်လိုက်သည်။

“အိုကေ … အိုကေ …  ဟာသတွေ ထပ်မရှိတော့ဘူး။”မုဝမ်ရင်က တခိခိရယ်နေရင်း

"ဒါနဲ့ … တခြားသူတွေကို ငါ သွားနှိုးလိုက်ဦးမယ်။"

ထန်ရှုသည် သူတို့ပြောနေသည်ကို ကြားသော်လည်း မုဝမ်ရင် နောက်ပြောင်နေမှန်း သိသောကြောင့် ထိုစကားများအား အလေးအနက်မထားပေ။ သူသည် မီးဖိုခန်းထဲသို့ ဝင်ကာ ပန်းကန်ခွက်ယောက်များစွာကို ထုတ်ယူလိုက်သည်။

ထို့နောက် သူသည် ထိုပန်းကန်ခွက်ယောက်များအား ထမင်းစားခန်းသို့ သယ်သွားကာ သူဝယ်လာခဲ့သည့် မနက်စာများကို ထည့်လိုက်သည်။

သိပ်မကြာမီ သူသည် ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့အဖွဲ့အား သူတို့၏ကုတင်များပေါ်မှ ဆွဲချကာ သန့်ရှင်းပြင်ဆင်နိုင်စေရန် ရေချိုးခန်းထဲသို့ ထည့်ပေးလိုက်သည်။ တွန်းထိုးစနောက်ကြရင်း နောက်ဆုံးတွင် အားလုံး ထမင်းစားခန်းသို့ ရောက်လာကြသည်။

"ဝိုး … ဝိုး … ငွေအိတ်ကြီးထန်က ချစ်စရာ အိမ်ရှင်မတစ်ဦး ဖြစ်သွားပြီလား။ မနက်အစောကြီးမှာ ဒီလောက်များပြားတဲ့ မနက်စာတွေ ပြင်ဆင်ထားတာကို တွေးရရင်။”

ကျောက်လျန့်က သူ၏လက်များအား စိတ်အားထက်သန်စွာ ပွတ်ပြီး ထိုင်ချလိုက်သည်။

"မြန်မြန် စားမှာသာ စားပါကွာ။ ဒီအစားအစာနဲ့ မင်းပါးစပ်ကြီးကို ပိတ်ထားလိုက်စမ်းပါ။"

မနက်စာစားပြီးနောက် မိန်းကလေးများက ပန်းကန်ခွက်ယောက်များအား ဆေးကြောရန် မီးဖိုချောင်ထဲသို့ ဝင်သွားကြသည်။ သူတို့အားလုံး သန့်ရှင်းပြီး ပြင်ဆင်ပြီးနောက် ကားများကို ယူကာ တက္ကသိုလ်ဝင်းသို့ အပြေးမောင်းသွားကြသည်။ အထူးသဖြင့် ထန်ရှုတို့အဖွဲ့သည် စာသင်ခန်းသို့ သည်နေ့တွင် အကြောင်းကြားရမည် ဖြစ်သောကြောင့် မုဝမ်ရင်တို့၄ယောက်အား သူတို့၏ အဆောင်ပေါက်ဝရှေ့သို့ လိုက်ပို့ပေးကြသည်။ ထို့နောက် ဝိုင်းကြည့်နေကြသော မျက်လုံးများအောက်တွင် သူတို့အဖွဲ့သည် စာသင်ဆောင်ဆီသို့ မောင်းသွားကြတော့သည်။

သမိုင်းဋ္ဌာန စာသင်ခန်းအတွင်းတွင် …

ထန်ရှုတို့၅ယောက်အဖွဲ့ စာသင်ခန်းထဲသို့ ဝင်ရောက်လာသောအခါ အတန်းဖော်များစွာသည် သူတို့အနီး ဝိုင်းရံလာကြသည်။ အများစုသည် ထန်ရှုအား ကြည့်နေကြပြီး စစ်ရေးလေ့ကျင့်ခြင်းအား လွတ်မြောက်အောင် မည်ကဲ့သို့ ဉာဏ်ပြာဉာဏ်ဝါ ထုတ်သွားသည်ကို သိရှိလိုကြသည်။ ထန်ရှုသည် အစောကတည်းပင် ကောင်းမွန်သော အကြောင်းပြချက်အား ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ထိုသူတို့အား လွယ်ကူစွာ ရှင်းပြနိုင်ခဲ့သည်။

ဒေါက်…ဒေါက်…ဒေါက်…

ဒေါက်ဖိနပ်သံနှင့်အတူ ဟန်ကျင်းဝူသည် စာရွက်စာတမ်းတစ်ထပ်အား သယ်ဆောင်ကာ စာသင်ခန်းထဲသို့ ဝင်လာသည်။ သူမသည် စာသင်ခန်းတွင်းသို့ မျက်လုံးဝေ့ကြည့်လိုက်ပြီး ထန်ရှုထံတွင် သူမ၏အကြည့်များသည် စက္ကန့်အနည်းငယ်တိုင် တည်ရှိနေခဲ့သည်။ ထို့နောက် ဟန်ကျင်းဝူက စင်မြင့်ထက်သို့ တက်သွားကာ ကျောင်းသားများအား တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး စကားစလိုက်သည်။

“ဒီနေ့ နင်တို့အားလုံး အတန်းတက်ကြတဲ့အတွက် တကယ်ကောင်းတယ်။ နင်တို့တွေ ကျောက်သင်ပုန်းမှာ မြင်ရမယ့် အတန်းအချိန်ဇယားကို ယူလာခဲ့ပြီဆိုတော့ အဲ့ဒါကို မှတ်မိနေရမယ်။ ခွင့်မတိုင်ဘဲ ကျောင်းပျက်တာတွေ လုံး၀ ခွင့်ပြုမှာ မဟုတ်ဘူး။  နောက်ပြီး နင်တို့တွေ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ရှိရင်လည်း ရွေးယူနိုင်တယ်။”

အချိန်များ ကုန်လွန်လာခဲ့ရာ တစ်နာရီခန့် ကြာခဲ့ပြီဖြစ်သည်။ ထန်ရှုသည် နောက်တန်းတွင် ထိုင်နေပြီး ဟန်ကျင်းဝူ ပြောပြသော အကြောင်းအရာများ၊ သူ၏အတန်းဖော်များနှင့် သူမ ဆွေးနွေးပြောဆိုနေသည်များအား ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ဟန်ကျင်းဝူသည် သူ့အား ခဏခဏ စိုက်ကြည့်ခဲ့ပြီး အကြိမ်မည်မျှ ကြည့်ခဲ့သည်ကိုလည်း သူ မြင်နိုင်ပေသည်။

“ကောင်းပြီ။ နင်တို့ရဲ့အတန်းတွေက မနက်ဖြန်ဆို တရားဝင် စတင်တော့မယ်ဆိုတော့ ဒီနေ့ ကောင်းကောင်း အနားယူပါ။ ဒီညနေ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဖျော်ဖြေဖို့ စာရင်းပေးထားတဲ့ ကျောင်းသားအားလုံးက ကောင်းကောင်းလေ့ကျင့်ပြီး အတန်းရဲ့ဂုဏ်ကို ဆောင်ပေးပါ။ ဒါနဲ့ ထန်ရှု … နင် ငါနဲ့လိုက်ခဲ့ဦး။”

စကားပြောပြီးသည်နှင့် ဟန်ကျင်းဝူသည် ချာကနဲ လှည့်ကာ စာသင်ခန်းထဲမှ ထွက်သွားလေသည်။

ဟန်ကျင်းဝူအား ထပ်မံတွေ့ရသောအချိန်တွင် သီးသန့်နေရာ၌ စကားခေါ်ပြောလိမ့်မည်ကို ထန်ရှု သိနှင့်နေသောကြောင့် စိတ်ထဲမှ သက်ပြင်းကြိတ်ချမိခဲ့သည်။ တစ်ချို့အကြောင်းအရာများကိုပင် သူ ပြောဖြစ်ရင် ပြောဖြစ်နိုင်ပေလိမ့်မည်။

ထောင့်ချိုးလှေကားထစ်နေရာတွင်…

စာရွက်တစ်ထပ်အား ကိုင်ဆောင်ထားသော ဟန်ကျင်းဝူသည် သူမနှင့်အတူ ပါလာသော ထန်ရှုအား တည်ငြိမ်စွာ စောင့်ကြည့်ခဲ့သည်။ သူမသည် စကားတစ်ခွန်းမျှ မဆိုဘဲ ထန်ရှုအား စိုက်ကြည့်နေခြင်းဖြစ်သည်။ အချိန်ကြာသည်အထိ ထန်ရှုသည် သူမအား စကားပြောမည့်ဟန် မရှိသည်ကို ကြည့်နေရင်း ဟန်ကျင်းဝူ မျက်မှောင်ကြုပ်သွားကာ ခပ်ဆတ်ဆတ် မေးလိုက်သည်။

“ထန်ရှု … ငါ နင့်ကို တစ်နေရာရာမှာ စိတ်ဆိုးစေခဲ့တာများ ရှိသလား။”

“မရှိပါဘူး။” ထန်ရှု ခေါင်းယမ်းကာ ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

“အဲ့ဒါဆို နင့်ရည်ရွယ်ချက်က ဘာလဲ ငါ့ကို ရှင်းပြစမ်းပါဦး။” ဟန်ကျင်းဝူ၏ စိတ်ခံစားမှု မကောင်းတော့ပါပေ။

“ငါ နင့်ဆီကို ခဏခဏ ဖုန်းဆက်တယ်။ တစ်ကြိမ်လေးမှ နင် ဖုန်းမဖြေနိုင်တာ ဘာကြောင့်လဲ။ နောက်ပြီး နင့်ရဲ့အခုပုံစံကို ကြည့်ရင် နင် ငါ့ကို တစ်ခုခု အထင်လွဲနေသလိုပဲ။”

ထန်ရှု အချိန်အတန်ကြာသည်ထိ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူက

“ဆရာမဟန် … ကျွန်တော်တို့ နောက်ဆုံးတွေ့တဲ့အချိန်က ဖြစ်ခဲ့တာကို မေးချင်နေတာမလား။”

“ဟုတ်တယ်။ ငါ နင် ရှင်းပြတာကို ကြားချင်တယ်။” ဟန်ကျင်းဝူက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း တုံ့ပြန်လာသည်။

“အဲ့ဒါက ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမို့ ဆရာမကို ရှင်းပြရမယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် တစ်ချို့အရာတွေ ကျွန်တော် ဖုံးကွယ်ထားဖို့ အကြောင်းမရှိလို့ ဆရာမ အဲ့ဒီအကြောင်းကို သိချင်တယ်ဆိုကတည်းက ကျွန်တော်ကလည်း ပြောရလိမ့်မယ်။” ထန်ရှုက ပြောသည်။

“အဲ့ဒါဆိုလည်း ပြောပါ။” ဟန်ကျင်းဝူက ပြောလိုက်သည်။

“ဆရာမဟန် … ခမ်းနားသောထန်လုပ်ငန်းစုကို ကြားဖူးတယ်မဟုတ်လား။” ထန်ရှုက မေးလိုက်သည်။

“အင်း … လွန်ခဲ့တဲ့လအနည်းငယ်က ကြယ်တာရာမှာ တည်ထောင်ခဲ့တာကို ငါသိတယ်။ အဲ့ဒီကုမ္ပဏီရဲ့စီးပွားရေးက လတ်တလော တိုးတက်နေတယ်။” ဟန်ကျင်းဝူက ခေါင်းညိတ်ကာ ပြောသည်။

“ကျွန်တော်က အဲ့ဒီကုမ္ပဏီရဲ့ပိုင်ရှင်ပါ။” ထန်ရှုက ပြောသည်။

“နင် ဘာပြောလိုက်တာ။” ဟန်ကျင်းဝူ အလန့်တကြား ဖြစ်သွားကာ သူမ၏မျက်နှာလှလှလေးထက်တွင် မယုံကြည်နိုင်ဟန်အကြည့်များ ထင်ဟပ်လာသည်။

“ကျွန်တော် ပြောတာက ကျွန်တော်က ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်ပါ။ အဲ့ဒီက အထွေထွေမန်နေဂျာ ခန်းရှက တကယ်တော့ ကျွန်တော့်အတွက် အလုပ်လုပ်ပေးနေတာ။” ထန်ရှုက သူ၏အဖြေအား ထပ်ပြောလိုက်သည်။

ထန်ရှု နောက်နေသည်မဟုတ်မှန်း မြင်နေရသော ဟန်ကျင်းဝူသည် သူ၏အဖြေအား ကြားရပြီးနောက် အတော်ပင် တုန်လှုပ်သွားခဲ့သည်။ ထန်ရှုသည် ခမ်းနားသောထန် လုပ်ငန်းစု၏ သူဌေးကြီးဖြစ်လိမ့်မည်ဟု ယောင်လို့ပင် သူမ မတွေးခဲ့မိပါချေ။ သူမသည် ထန်ရှု၏မိသားစုအခြေအနေအား ကောင်းစွာ သိသည်ဟု အမြဲတွေးထင်ထားခဲ့သည်။ သို့သော် ယခုမှစပြီး သူမ သိခဲ့သည်များသည် တိကျမှန်ကန်မှုမရှိဟု နားလည်လာခဲ့ပြီဖြစ်သည်။

“ထာဝရခန်းမကရော ဘယ်လိုလဲ။”

“ကျွန်တော်က ထာဝရခန်းမရဲ့သူဌေးလည်း ဖြစ်ပါတယ်။” ထန်ရှုက ဖြေသည်။

“ခမ်းနားသော ထန်ရဲ့သူဌေးဆိုတာကို ယုံကြည်ဖို့ ခက်ပေမယ့် ငါ လက်ခံနိုင်ပါသေးတယ်။ ဒါပေမယ့် ထာဝရခန်းမရဲ့ ပိုင်ရှင်လို့ ပြောတာကိုတော့ ငါ မယုံနိုင်ဘူး။”

ဟန်ကျင်းဝူက ခေါင်းယမ်းလိုက်ပြီး

"ထာဝရခန်းမက တည်ထောင်ခဲ့တာ ဆယ်စုနှစ်များစွာ ကြာနေပြီ။ ငါ့အဘိုးနဲ့ သူ့သူငယ်ချင်းတွေတောင် မကြာသေးခင်က ထာဝရခန်းမကို စုံစမ်းလိုက်တာ တုံ့ပြန်မှု၊ ခုခံမှုတွေ ကြုံလာခဲ့ရသေးတယ်။ ဒါကိုကြည့်ရင် ထာဝရခန်းမက အလွန်စွမ်းအားကြီးတဲ့ တည်ရှိမှုကို ပြနေတာပဲ။ ဒါပေမယ့် နင်က ရှန်ဟိုင်းတက္ကသိုလ်မှာ မကြာသေးခင်က စာရင်းသွင်းခဲ့တဲ့ လူသစ်တစ်ဦးလေ။ နင်က ထာဝရခန်းမရဲ့ ပိုင်ရှင် ဘယ်လို ဖြစ်နိုင်မှာလဲ။"

"ကမ္ဘာ့အရေးတွေက မတည်ငြိမ်သလိုပဲ ကျွန်တော်ကလည်း ခမ်းနားသောထန်ရဲ့ သူဌေး၊ ထာဝရခန်းမရဲ့ ပိုင်ရှင် ဘာလို့ မဖြစ်လာစရာ အကြောင်း ရှိမလဲ။ ဆရာမဟန်က ရှန်ဟိုင်းမှာရှိတဲ့ ထာဝရခန်းမရဲ့ဌာနခွဲကို ရောက်ဖူးပြီး ချီနန့်ကိုလည်း တွေ့ဖူးတယ် မဟုတ်လား။”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်တယ်။ ငါ အဲ့ဒီကို ရောက်ဖူးတယ်" ဟန်ကျင်းဝူက ခေါင်းညိတ်ပြီး

“ချီနန့်ကိုလည်း တွေ့ဖူးတယ်။"

"ဆရာမဟန်က သူမရဲ့ ဂုဏ်ပုဒ်ကို အတည်ပြုပြီးတောင် ကျွန်တော်က ပိုင်ရှင်ဖြစ်တယ်ဆိုတာကို သံသယတွေ ရှိနေတုန်းပဲလား။" ထန်ရှုက မေးလိုက်သည်။

ဟန်ကျင်းဝူ၏ နှုတ်ခမ်းလှလှများသည် အကြိမ်အနည်းငယ် လှုပ်ခတ်သွားရသည်။ ထန်ရှု ပြောလိုက်သည့်စကားကြောင့် သူမတွင် ပြောစရာစကားမဲ့သွားခဲ့ရပေသည်။ တကယ်တမ်းတွင် ထန်ရှုသည် ထာဝရခန်းမ၏ပိုင်ရှင် ဖြစ်ကြောင်း သူမ ယုံကြည်ထားပြီးဖြစ်သော်လည်း လက်ခံနိုင်ရန်မှာ အလွန်ခက်ခဲချေသည်။

တွေးကြည့်မည်ဆိုပါက သူမ၏အဖိုးတောင်မှ ထာဝရခန်းမကို အတော်ပင် ကြောက်ရွံ့လေသည်။ ၎င်းခန်းမ၏ သူဌေးအနေဖြင့် ထန်ရှု ဖြစ်လာခြင်းသည်  သူမအား အတန်ငယ် အဓိပ္ပါယ်မဲ့သလို ခံစားလာရစေသည်။ တခဏ တိတ်ဆိတ်သွားပြီးနောက် သူမက

“နင့်ကို ရက်အတော်ကြာအောင် အဖော်လုပ်ပေးခိုင်းတဲ့၊ နိုင်ငံခြားက ပြန်လာတဲ့ ငါ့သူငယ်ချင်းကောင်းက ပြောဖူးတယ်။ နင်က အရမ်းစွမ်းအားကြီးပြီး အတော်ချမ်းသာတယ်တဲ့။ အံ့သြစရာမဟုတ်တော့ဘူး။ အဲဒီတုန်းက သူမကို မယုံခဲ့ပေမဲ့ အခုတော့ ငါ နားလည်သွားပါပြီ။ ဒါပေမယ့် နင်က ထာဝရခန်းမရဲ့ သူဌေး ဘယ်လို ဖြစ်လာတာလဲ။"

"ဒါက ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ နောက်ပြီး ကျွန်တော် ဆရာမကို ပြောလို့ရမယ် မထင်ဘူး။" ထန်ရှုက ဖြေသည်။ “အစကတည်းက ကျွန်တော်တို့က ဆရာတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ပဲ ဆက်နွယ်နေပါတယ်။ တက္ကသိုလ်ကျောင်းဝင်းမှာဆို ဆရာမ ပြောသမျှကို ကျွန်တော် နားထောင်မှာဖြစ်ပေမယ့် ဆရာမဟန်က ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတချို့ကို ထပ်မေးခွင့်မရှိပါဘူး။"

"ထန်ရှု … နင် ဘာတွေဖြစ်နေတာလဲ။ နင် အရင်က ဒီလိုမဟုတ်ပါဘူး။" ဟန်ကျင်းဝူ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

ထန်ရှုက မည်သည့်စကားမျှ ပြန်မဖြေဘဲ တိတ်ဆိတ်နေခဲ့သည်။

သည်ဟာသည် အမှန်ပင်ဖြစ်သည်။ တကယ်ဆို အရင်က သူ သည်ကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါချေ။

သို့သော် ဟန်ကျင်းဝူသည် ရွှဲ့ချင်းချန် ပြန်ဝင်စားခြင်း ဖြစ်နိုင်သည်မှာ ၉၉% အခွင့်အလမ်းရှိကြောင်း သိပြီးကတည်းက သူ ပြောင်းလဲသွားခဲ့ရသည်။

သူ နေထိုင်လာခဲ့သည်မှာ နှစ်အတော်ကြာသည့်အထိ ရွှဲ့ချင်းချန်သည် သူ၏အမုန်းဆုံးလူတစ်ယောက် ဖြစ်ခဲ့သည်။ ထိုအမျိုးသမီးသည် သူ၏အရှေ့တွင် ရှိနေသော ဟန်ကျင်းဝူ အတိအကျ ဖြစ်နိုင်ပေသည်။

အချစ်ကြီးလေလေ အမျက်ကြီးလေလေဆိုသော ဆိုရိုးစကား ရှိသည်မှာ အလကားမဟုတ်ပါချေ။

မည်သို့ပင်ဆိုစေကာမူ ဟန်ကျင်းဝူကိုယ်တိုင်က သူမ၏ အတိတ်ဘဝကို သတိမရတော့သောကြောင့် သူ၏မုန်းတီးမှုသည် ပိုမိုရှုပ်ထွေးလာရသည်။

သူမကို သတ်သင့်သလား။

သည်အရာသည် ထန်ရှုအတွက် အတော်ပင် စိတ်ပျက်စရာကောင်းလှသော အတွေးတစ်ခု ဖြစ်ချေသည်။

သူမကို ခွင့်လွှတ်သင့်သလား။

ထိုသို့ မလုပ်နိုင်သေးကြောင်း သူ ဝန်ခံရမည်သာပင်။

သူ့အနေဖြင့် သူမအား သတ်လည်း မသတ်နိုင် သို့မဟုတ် ခွင့်လည်း ခွင့်မလွှတ်နိုင်သောကြောင့် သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို ထိန်းထားရန်သာ သူ ရွေးချယ်ခဲ့ရတော့ပေသည်။

***

All Chapters