မိန်းမလှလေးတစ်ယောက်နှင့်အတူ
Vol. 09 Ch. 439
တုံဏှိဘာဝေတိတ်ဆိတ်နေသော ထန်ရှုအား စိုက်ကြည့်ရင်း ဟန်ကျင်းဝူတစ်ယောက် ဖိနှိပ်ထားသော ခံစားချက်ကြောင့် သူမ၏ရင်ထဲတွင် အတန်ငယ် တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သူမအား အသက်မရှုနိုင်လောက်အောင် အဆုံးစွန်ထိ တွန်းပို့လိုက်သည့် ခံစားမှုတစ်မျိုး ဖြစ်ခဲ့သည်။
သူမ နားမလည်ခဲ့ချေ။ ထန်ရှုသည် သူမအား အေးစက်သောပခုံးကို အဘယ်ကြောင့် ပို၍ပို၍ ပေးနေရသည်ကို သူမ အဖြေရှာမရနိုင်ပါချေ။
"နင် ပြောတာ မှန်တယ် ထန်ရှု။ နင့်မှာ တခြားဘာပုံရိပ်တွေပဲ ရှိရှိ ငါ သိပ်ဂရုမစိုက်နိုင်ဘူး။ တိုတိုပြောရရင် နင်က ကျောင်းဝင်းထဲရောက်ရင် ငါ့ကျောင်းသားပဲ။ နင့်စိတ်ထဲမှာ ခံစားရသမျှကို ဖုံးကွယ်ပြီး ကစားချင်တယ်ဆိုရင် နင်ကြိုက်သလိုသာ ဆက်ကစားလိုက်။ ငါ့ကို အခု ပြောရမှာက ညနေမှာ နင် ဘယ်လိုပွဲမျိုး ဖျော်ဖြေချင်လဲ။ နေ့လည်မတိုင်ခင်မှာ ငါတို့အတန်းက ဖျော်ဖြေမယ့် ပွဲစာရင်းကို ငါ လွှဲပေးချင်တယ်.."
ဟန်ကျင်းဝူ၏အမူအရာသည် ပိုမိုဖြူဖျော့လာပြီး ဘာမှမထူးခြားသည့်ဟန်ဖြစ်လာခဲ့သည်။
ထန်ရှုကိုယ်တိုင် သူဖျော်ဖြေဖို့ စီစဉ်ထားသည့် ပွဲအကြောင်း မနေ့ညက တကယ်ပင် တွေးနေခဲ့သည်။ အလျဉ်းသင့်သည့် ဂီတတူရိယာတစ်ခုကို တီးခတ်ပြီး သူနှစ်သက်သည့်အတိုင်း ဖျော်ဖြေရန် တွေးထားခဲ့သည်။
သို့သော် သူ၏အရှေ့မှ ဟန်ကျင်းဝူကို ကြည့်ရင်း တစ်ချိန်က သူမအတွက် ရေးခဲ့ဖူးသော အင်မော်တယ်သီချင်းတစ်ပုဒ်အား ရုတ်တရက် သတိရသွားသည်။
ထို့ကြောင့် မူလအကြံအား စွန့်လွှတ်လိုက်ပြီး
"ကျွန်တော် 'နတ်သမီးအိပ်မက်' သီချင်းကို ဇီသာနဲ့ တီးပြီး သီဆိုပါမယ်။"
"နတ်သမီးအိပ်မက်ဟုတ်လား။" ဟန်ကျင်းဝူက တွေဝသွေားပြီး အနည်းငယ် စိတ်ရှုပ်နေဟန် ရှိသည်။ သည်သီချင်း၏ခေါင်းစဉ်အား ယခင်က သူမ တစ်ခါမှ မကြားခဲ့ဖူးသော်လည်း မည်သည့်အတွက်ကြောင့် ရင်းနှီးနေသည်ဟု ဖျတ်ခနဲ ခံစားမိမှန်း မသိချေ။ သည်သီချင်းသည် သူမနှင့် နက်ရှိုင်းသည့် ဆက်ဆံရေး ရှိနေသည့်အလားပင်။
ထိုခံစားချက်သည် သူမ ရှင်းလင်းစွာ နားလည်နိုင်သောအရာ မဟုတ်သော်လည်း အစစ်အမှန် တည်ရှိနေသည်ကိုဖြင့် သူမ ခံစားမိရသည်။
ထန်ရှုအား ကြည့်ကာ ဟန်ကျင်းဝူက ခေါင်းညိတ်လိုက်ပြီး
"ငါ စာရင်းထဲမှာ အဲ့ဒါကို ရေးပြီး တင်ပြလိုက်မယ်။"
ဟန်ကျင်းဝူသည် ပြောပြီးသည်နှင့် လှေကားထစ်ပေါ်သို့ လှည့်ကာ ထွက်သွားတော့သည်။
ထွက်ခွာသွားသော သူမ၏နောက်ကျောကို ကြည့်နေရင်း ရှုပ်ထွေးသောခံစားချက်များသည် ထန်ရှု၏နှလုံးသားအား ဂယက်ထသွားစေသည်။ ဆုံးရှုံးခြင်းဟူသောအသိကို သူ့အား ခံစားရစေပြီး အဆုံးစွန်ထိ ရောက်အောင် တွန်းပို့လိုက်သည့်အလား၊ သူ၏စိတ်ဒုက္ခများသည် နက်ရှိုင်းသော ချောက်နက်ကြီးအထဲ ကျသွားသည့်အလား လေးလံသွားစေခဲ့သည်။
…ထောက်…
ထိုခံစားချက်အား နားမလည်ပါဘဲ သူသည် သတိမထားမိစွာ မီးခြစ်ကို ထုတ်ကာ စီးကရက်တစ်လိပ်ကို မီးညှိပြီး အားရပါးရ ဖွာရှိုက်လိုက်သည်။ မကြာသေးမီက သူသည် စီးကရက်သောက်ခြင်း၏အရသာကို နှစ်သက်ခဲ့သည်။ သူ၏ ခံစားချက်များကောင်းနေချိန် (သို့မဟုတ်) စိတ်ဓာတ်ကျနေချိန်တိုင်းတွင် သူ၏ စိတ်ခံစားချက်များကို ပြေလျော့စေရန် စီးကရက်ကို မီးညှိပြီး တစ်ဖွာလောက် မရှိုက်ဘဲ မနေနိုင်ပေ။
"တစ်လိပ်လောက် ပေးပါလား အစ်ကိုကြီးထန်…" ဟူချင်းစုန့်သည် ကော်ရစ်ဒါတွင် ပေါ်လာသည်။ သူ၏မျက်ဝန်းများထဲတွင် ကျီစားပျော်ရွှင်သော ခံစားချက်များ ပြည့်နှက်နေပြီး ထန်ရှုအား စနောက်လိုဟန်ဖြင့် အကဲခတ်နေသည်။
ထန်ရှုက ဘာမှ မပြောဘဲ မီးခြစ်နှင့်စီးကရက်ဗူးအား ဟူချင်းစုန့်ကို ပေးလိုက်သည်။ ထို့နောက် သူက
“ဒါနဲ့ ဒီနေ့ ငါတို့မှာ လုပ်စရာ ဘာမှ မရှိတော့ဘူး။ မင်း နောက်တော့ ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
"နောက်ထပ် ငါဘာလုပ်လို့ရမလဲ။ ကော်ဖီဆိုင်မှာ သွားစားပြီး အဆောင်ကို အိပ်ဖို့ ပြန်တော့မယ်။ မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့ အခု ခေါင်းကိုက်နေသလိုပဲ။”
"ငါ မင်းနဲ့ မလိုက်နိုင်တော့ဘူး။ ကိုယ်ရေးကိုယ်တာ လုပ်စရာ တစ်ခုရှိနေလို့။ ဒါပေမယ့် ညနေကျရင် မင်းကို ပြန်လာရှာမယ်။" ထန်ရှုက ပြောလိုက်သည်။
"ဘယ်သွားမလို့လဲ သူငယ်ချင်း။" ဟူချင်းစုန့်က ပုံမှန်မဟုတ်သည့်ခံစားချက်ကို ခံစားမိသောကြောင့် မေးလိုက်သည်။
"ငါ ဝယ်စရာတစ်ခု ရှိလို့။" ထန်ရှုက ပြန်ဖြေသည်။
သူ၏စီးကရက် ဖင်စီခံထိ ရောက်ခါနီးတွင် ထန်ရှုသည် စီးကရက်ကို မီးငြှိမ်းသတ်ပြီး လှေကားမှ ဆင်းသွားခဲ့သည်။ ယခုညတွင် သူသည် ဇီသာတီးရန် ဆုံးဖြတ်လိုက်သောကြောင့် ဖျော်ဖြေပွဲမစမီ ဇီသာကောင်းကောင်း တစ်လက် ဝယ်ရန် လိုအပ်ပေသည်။
သို့သော် သူသည် ကားထဲတွင်ထိုင်ကာ မမောင်းရသေးခင် မုဝမ်ရင်က သူ့ဆီ ဖုန်းဆက်လာခဲ့သည်။
"နင် ဘယ်မှာလဲ။"
"ငါ တစ်ခုခုသွားဝယ်ဖို့ ရှိလို့။ ဘာဖြစ်လို့လဲ။"
"နင် ဘာသွားဝယ်မှာလဲ။"
"ဇီသာတစ်လက်ပါ။"
“ဟုတ်ပြီ။ ငါက ကျောင်းဝင်းအဝင်မှာ။ ဒါဆို ငါ နင်နဲ့လိုက်ခဲ့ပေးမယ်။"
“…” ထန်ရှု တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်သည်။ ကျောင်းဝင်း၏အဝင်ဝသို့ ကားမောင်းလာသောအခါတွင် လှပသောဝတ်စုံလေးအား ဝတ်ဆင်လျက် ဖြာကျနေသောဆံပင်တို့ရှည်ဖြင့် မိန်းမချောလေး မုဝမ်ရင်သည် အညိုရောင် အမျိုးသမီးအိတ်တစ်လုံးကို လွယ်ထားကာ ကျောင်းစာအုပ်နှစ်အုပ်ကို ကိုင်ထားရင်း စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
ထန်ရှုသည် ကားရှေ့ခန်း၏ပြတင်းပေါက်ကို နှိမ့်လိုက်ကာ “ကားပေါ် တက်လေ။”
ပတ်ဝန်းကျင်ရှိ ချောမောသော ယောက်ျားလေးများနှင့် မိန်းမချောလေးများ၏အကြည့်များအောက်တွင် မုဝမ်ရင်သည် တုံ့ဆိုင်းခြင်း မရှိဘဲ တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ကားတံခါးပိတ်ပြီးနောက် သူမက အပြုံးဖြင့်
"ငါတို့ ဘယ်ကို သွားမလဲ။"
"ဇီသာရောင်းတဲ့နေရာကို ကျွန်တော် မသိတော့ ဘယ်ကို သွားရမလဲဆိုတာ မသေချာသေးဘူး။ " ထန်ရှုက ခေါင်းယမ်းပြကာ
"လိုက်လျှောက်ကြည့်ရဦးမယ်။"
"နင် ဇီသာတီးလိမ့်မယ်ဆိုတာ ငါသိတယ်။" မုဝမ်ရင်က ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်သည်။
"နင် ဇီသာ တီးခတ်တာက နင့်ရဲ့လက်ရေးလှနဲ့ ပန်းချီ စွမ်းရည်တို့ကို ယှဉ်နိုင်လိမ့်လို့ ငါယုံကြည်တယ်။ ငါ ဒီည အချိန်မတိုင်ခင် ကျောင်းစည်းဝေးခန်းမကို သေချာပေါက် သွားရမယ်။"
ထန်ရှုက တည်ငြိမ်သော အပြုံးဖြင့် တုံ့ပြန်သည်။ ကားမောင်းနေရင်း သူသည် မုဝမ်ရင်နှင့် စကားစမြည် ပြောဖြစ်ရာ မုဝမ်ရင်သည်လည်း ဇီသာတီးခတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။ ကြည့်ရသည်မှာ သူမသည်လည်း အလွန်ကောင်းမွန်စွာ တီးခတ်နိုင်ဟန်ရှိပေသည်။
အင်တာနက်ဝဘ်ဆိုဒ်ကို ရှာဖွေပြီးနောက် ထန်ရှုနှင့် မုဝမ်ရင်တို့သည် ဇီသာများရောင်းချသည့်ဆိုင်များစွာကို တွေ့ရှိခဲ့သော်လည်း အဆိုပါဇီသာများ၏အရည်အသွေးသည် အလွန်ညံ့သောကြောင့် ထန်ရှုသည် ၎င်းတို့ကို မဝယ်ချင်ပေ။ ထိုအချိန်တွင် သူသည် တစ်ချိန်က အင်မော်တယ်ကမ္ဘာတွင် ရှိခဲ့ဖူးသော သူ၏အင်မော်တယ်ဇီသာအား သတိရမိနေသည်။
"ထမင်း အရင်စားလိုက်ရအောင်။ စားပြီး ငါတို့ ဆက်ရှာကြတာပေါ့။ ရှန်ဟိုင်းလိုမြို့ကြီးတွေမှာ ငါတို့ ဇီသာဝယ်နိုင်တဲ့ နေရာတွေ အများကြီး ရှိမှာပါ။ အရမ်းကောင်းတဲ့ ဇီသာတစ်လက်ကို ရှာတွေ့နိုင်မယ်လို့ ငါ ယုံကြည်တယ်။”
ဇီသာရောင်းသောဆိုင်တစ်ဆိုင်မှ ထွက်လာကြကာ ထန်ရှုနှင့်အတူ လမ်းလျှောက်လာရင်း မုဝမ်ရင်က လူအုပ်ကြီးအား တစ်ချက်ငေးကြည့်လျက် ရယ်ရယ်မောမော ပြောလိုက်သည်။
“ကြည့်ရတာ ဒီလိုပဲ ဖြစ်နိုင်မယ် ထင်တယ်။ ဒါပေမယ့် ဇီသာကောင်းကောင်းတစ်လက် ဝယ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ မဟုတ်ရင် တစ်လက်ကို ကြုံသလို ရွေးပြီး ညနေ ဖြစ်လာသမျှကို ကိုင်တွယ်ဖြေရှင်းရတော့မယ်။" ထန်ရှုက သဘောတူစွာ ခေါင်းညိတ်သည်။
သူတို့နှစ်ဦးသည် စားသောက်ဆိုင်များထဲမှ တစ်ခုကို အဆင်ပြေသလို ရွေးချယ်ပြီး ဟင်းပွဲအချို့ကို မှာယူကြသည်။ မုဝမ်ရင်က စကားများများ မပြောချေ။ ထန်ရှုသည် စကားပြောကောင်းသူမဟုတ်သည့်အပြင် မုဝမ်ရင်နှင့် အပိုစကားများ ပြောဆိုရသည့်အထိ သိပ်မရင်းနှီးပေ။ ထို့ကြောင့် သူသည် အချို့သော အကြောင်းအရာများကိုသာ ပြောဆိုဖြစ်ခဲ့သည်။ သို့တိုင် ၎င်းတို့နှစ်ဦးသည် ရင်းနှီးဖော်ရွေသည့်ပုံစံဖြင့် အချင်းချင်း ကောင်းမွန်စွာ ဆက်ဆံကြသည်။
ဖုန်းမြည်သံ…
ထန်ရှု၏ဖုန်းမှ ငြိမ့်ညောင်းသော ဖုန်းမြည်သံ ပေါ်လာသည်။
သူ၏ဖုန်းကို ထုတ်ကာ ထန်ရှုက ဖုန်းခေါ်ဆိုသူ၏နံပါတ်ကို ကြည့်လိုက်သည်။ ချီနန် ခေါ်မှန်းသိသည်နှင့် သူက ချက်ချင်း အဖြေခလုတ်ကို နှိပ်လိုက်ပြီး
“ဘာဖြစ်လို့လဲ။”
“သူဌေး … ငါတို့ ရုံးချုပ်ကလူတွေ အသက်ကြီးကြီး စုံတွဲတစ်တွဲကို ဖမ်းမိတယ်။ သူတို့ကို စစ်ဆေးမေးမြန်းပြီး နင့်ဆီကနေ ငါတို့ထာဝရခန်းမအကြောင်း သူတို့ ကြားခဲ့ရလို့ ဆိုပြီး ဝန်ခံတယ်။ နင်နဲ့တွေ့ဖို့တောင် တောင်းဆိုခဲ့တယ်တဲ့။ ရုံးချုပ်က လူတွေက သူတို့ကို ချုပ်နှောင်ထားပြီး အခု ရှန်ဟိုင်းကို ပို့လိုက်ပြီ။ နင် သူတို့ကို ဘယ်လို လုပ်စေချင်လဲ။"
"သူတို့က ဘယ်ကလာတာတဲ့လဲ။" ထန်ရှုက မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။
“သူတို့က ကျင့်ကြံမှု အဆင့်နိမ့်တဲ့သူတွေပါ။ ယောက်ျားနာမည်က ဝကျေန်းပင်ဖြစ်ပြီး အမျိုးသမီးက ချွမ်ရှို့လို့ ပြောတယ်။” ချီနန်က သူ့အား ပြောပြသည်။
"အခု သူတို့ ဘယ်မှာလဲ။" ထန်ရှုက မျက်ခုံးတစ်ချက်တွန့်ကာ မေးလိုက်သည်။
“သူတို့ ထာဝရခန်းမမှာ ရှိနေတယ်။”
"အိုကေ … ငါ အခု လာခဲ့လိုက်မယ်။" ထန်ရှုက ပြောသည် ။
စကားပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။ သူမ၏အစားအသောက်အား ဂရုတစိုက်စားနေဆဲဖြစ်သော မုဝမ်ရင်ကို ကြည့်ရင်း
"ငါ ဖြေရှင်းစရာတစ်ခုရှိနေလို့ … မင်း ..."
"ငါ နင်နဲ့ လိုက်ခဲ့မယ်။" မုဝမ်ရင်က မော့ကြည့်ပြီး နူးညံ့သော အပြုံးဖြင့် ဆက်ပြောလိုက်သည်။
"နင် ငါ့ကို ဒီမှာ ထားပစ်ခဲ့မှာ မဟုတ်ဘူးလို့ ငါထင်တယ် ဟုတ်တယ်မလား။"
ထန်ရှုက အားတင်းပြုံးကာ
"မင်း ဗိုက်ဝလို့လား။ ငါတို့ အခု သွားရတော့မှာလား။"
"ဟုတ်တယ်။ ငါ ဗိုက်ဝပြီ။" မုဝမ်ရင်သည် သူမ၏ နှုတ်ခမ်းထောင့်အား တစ်ရှူးဖြင့် သုတ်လိုက်ပြီး သူမ၏ လက်ကိုင်အိတ်ကို ကောက်ယူကာ ထလိုက်သည်။
နာရီဝက်အကြာတွင် ထန်ရှုနှင့် မုဝမ်ရင်တို့သည် ထာဝရခန်းမသို့ ရောက်ရှိလာပြီဖြစ်သည်။ ချီနန်သည် မုဝမ်ရင်နှင့်ထန်ရှုကို မြင်သောအခါ လေးစားမှုများသည် သူမ၏မျက်လုံးများထဲတွင် ထင်ဟပ်လာခဲ့သည်။ သူမ၏ သူဌေးတွင် မိန်းကလေးသူငယ်ချင်းများစွာ ရှိနေသည်ကို တွေ့ခဲ့ရပြီး တစ်ယောက်ချင်းစီသည် နတ်သမီးလေးများကဲ့သို့ အလှလေးတွေချည်းဖြစ်သည်။
"သူတို့ ဘယ်မှာလဲ။" ထန်ရှုက တိုက်ရိုက်မေးသည်။
"သူတို့ကို သိုင်းပညာလေ့ကျင့်ရေးခန်းမမှာ ထိန်းသိမ်းထားပါတယ်။" ချီနန်က ရိုရိုသေသေ ပြောလိုက်သည်။
မုဝမ်ရင်အား သူ့ကို စောင့်နေရန် ထန်ရှု ပြောချင်သော်လည်း သူမ၏တည်ငြိမ်သော အမူအရာကို ကြည့်ပြီးနောက် ထန်ရှု တုံ့ဆိုင်းသွားကာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။
ချီနန်၏ဦးဆောင်မှုအောက်တွင် သူတို့သည် သိုင်းပညာ လေ့ကျင့်ရေးခန်းမသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ထန်ရှုသည် ဝကျေန်းပင်နှင့်အတူ သောကရောက်နေသော အဘွားအိုတစ်ယောက်အား ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ချီနန် ပြင်ဆင်ပေးထားသော ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း ထန်ရှုက ရုပ်သေဖြင့်
"ဝကျေန်းပင် … ခင်ဗျား ထာဝရခန်းမကို စုံစမ်းနေတာလား။"
ခါးသီးသောအမူအရာသည် ဝကျေန်းပင်၏အိုမင်းနေသော မျက်နှာအား လွှမ်းခြုံထားသည်။ သူသည် ထန်ရှုကို ကြည့်ပြီး ခေါင်းညိတ်ပြကာ မချိသောအမူအရာဖြင့်
"ငါတို့လင်မယားနှစ်ယောက်က ငါတို့ကလေးနှစ်ယောက်ရဲ့ နေရာကို သိချင်နေတာပါ။ မင်းဆီက ထာဝရခန်းမ တည်ရှိတာကို ငါတို့သိခဲ့ရတယ်။ ဒါကြောင့် စုံစမ်းဖို့ လူတချို့ကို စေလွှတ်ခဲ့ပေမယ့် ရလဒ်ကတော့ ငါတို့ ပို့လိုက်တဲ့ လူတွေ အားလုံး ပျောက်သွားတယ်။ အဲ့ဒါမို့ ငါတို့ကိုယ်တိုင် ကျင်းမန်ကျွန်းကို အပြေးအလွှားသွားရုံကလွဲပြီး တခြားမရှိတော့ဘူး။"
"ဒါဆို ခင်ဗျားတို့ကို ငါ့လူတွေက ရှာတွေ့ပြီး ဖမ်းမိသွားတာလား။" ထန်ရှုက မေးသည်။
"ဒါအမှန်ပဲ။" ဝကျေန်းပင်က သက်ပြင်းချကာ ဝန်ခံလိုက်သည်။
“ငါတို့ လင်မယားနှစ်ယောက်က အလွန်မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ရှိပြီးတော့ ဒီကမ္ဘာမှာ လူနည်းနည်းလောက်ပဲ ငါတို့နဲ့ တန်းတူရှိနိုင်တယ်လို့ ငါတို့ သွေးနားထင် ရောက်ခဲ့မိတယ်။ ဒါပေမယ့် ထာဝရခန်းမမှ ကျွမ်းကျင်သူဆယ်ယောက်က ငါတို့ကို ချုပ်နှောင်ပြီး အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့တယ်။ တကယ်လို့ အဲဒီလူတွေကသာ ငါတို့ကို တစ်ခါတည်း သတ်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် သူတို့ဓားချက်ကြောင့် အခုဆို ငါတို့ သရဲတစ္ဆေ ဖြစ်နေလောက်ပြီ။”
အေးစက်စက် နှာမှုတ်သံတစ်ချက်ဖြင့် တုံ့ပြန်လိုက်ပြီး ထန်ရှုက ဂူရှောင်ရွှဲ့ဆီ ဖုန်းဆက်လိုက်သည်။
ဖုန်းရသည်နှင့်
“အလင်းနဲ့အမှောင်က ဝကျေန်းပင်နဲ့ ချွမ်ရှို့တို့ရဲ့ လက်ရှိပြဿနာကို သိပြီးပြီလား။”
“သူတို့ သိပြီးပါပြီ ဆရာအဘိုး။” ဂူရှောင်ရွှဲ့၏အသံသည် ဖုန်းထဲမှ အသံထွက်လာသည်။
"သူတို့ ဆုံးဖြတ်ချက်က ဘာတဲ့လဲ။" ထန်ရှုက မေးသည်။
"သူတို့ မတွေ့ချင်ဘူးတဲ့။"
စိတ်ထဲတွင် သက်ပြင်းချရင်း ထန်ရှု ဖုန်းခေါ်သည်ကို အဆုံးသတ်လိုက်သည်။ ထို့နောက် ဝေ့ကျန်းပင်နှင့် ချွန်ရှို့တို့ကို ကြည့်ကာ
“ခင်ဗျားတို့က အလင်းနဲ့ အမှောင်ရဲ့ မိဘအရင်းဖြစ်တာကို ထောက်ပြီး ဒီအချိန်မှာ အသက်ကို ချမ်းသာပေးလို့ရတယ်။ ပြစ်မှုကြီးကြီးကို ကင်းလွတ်ပေးနိုင်ပေမယ့် ခက်ခဲတဲ့ အကျိုးဆက်တွေကို ခင်ဗျားတို့ ရှောင်ပြေးဖို့က မဖြစ်နိုင်ဘူး။ အချက်နှစ်ချက်ကို ခင်ဗျားတို့ လက်ခံရင် ပြီးခဲ့တာတွေ ပြီးစေဖို့ သဘောထားလိုက်မယ်။"
"ကျေးဇူးပြုပြီး ပြောပါ။" ဝကျေန်းပင် အမြန် ခေါင်းညိတ်လိုက်သည်။
"ပထမတစ်ချက် ထာဝရခန်းမကို နောက်တစ်ကြိမ် မစုံစမ်းတော့ဘဲ ခင်ဗျားကလေးတွေကို ရှာဖွေနေတာကို ရပ်လိုက်ပါ။ ခင်ဗျားတို့ဖမ်းခံရတုန်းက သူတို့လေးတွေ ထာဝရခန်းမမှာ ရှိနေပေမယ့် ခင်ဗျားတို့ကို မတွေ့ချင်ဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် အချိန်နဲ့ ခွန်အားတွေ ထပ်ပြီး မဖြုန်းဖို့ အကြံပေးချင်တယ်။ ” ထန်ရှု ပြောပြသည်။
"ငါတို့" ဝကျေန်းပင်က ကမန်းကတန်း စကားစလိုက်သည်။
သို့သော် သူ ပြောတော့မည့်ဆဲဆဲတွင် ဇနီးဖြစ်သူက
“သူဌေးထန် … မင်းရဲ့တောင်းဆိုမှုကို ငါတို့လက်ခံနိုင်တယ်။ ဒါပေမယ့် ငါတို့က ကလေးတွေကို အမြဲ သတိရနေပြီး သူတို့ကိုလည်း တွေ့လိုစိတ်ပြင်းပြတယ်။ ငါတို့ မသေခင် တွေ့ခွင့်ရအောင် ပြောပေးနိုင်မလား။”
"ရပါတယ်။ ငါ ခင်ဗျားတို့ကို အဲ့ဒီအခွင့်အရေး ပေးမယ်။" ထန်ရှုက ပြောသည်။
ထန်ရှုအား ကျေးဇူးတင်စွာဖြင့် ကြည့်ရင်း ချွမ်ရှို့က
"ဒါဆို ကျေးဇူးပြုပြီး ဒုတိယအချက်ကို ပြောပါ။"
ထန်ရှု၏မျက်နှာထက်တွင် အပြုံးယဲ့ယဲ့တစ်ခု ပေါ်လာပြီး "ကျွန်တော် အခု အရည်အသွေးကောင်းတဲ့ ဇီသာလိုနေလို့။ ခင်ဗျားမှာ ရဖို့ နည်းလမ်းများရှိလား။"
ဇီသာတစ်လက်လား…
"ငါတို့ မှာ ရှိနိုင်တယ်။" ချွမ်ရှို့ ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။ “ဒါပေမယ့် အဲ့ဒီဇီသာက တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပိုင် ပစ္စည်း ဖြစ်နေတယ်။ ငါ့သူငယ်ချင်းရဲ့ ဇနီးက ရောင်းချင်ပါ့မလား မသိဘူး…”
"သူမ မရောင်းချင်ရင် ကျွန်တော့်ကို တစ်ညလောက်ပဲ ငှားရင်ကို ရပါတယ်။" ထန်ရှုက ခပ်တည်တည် ပြောသည်။
“အဲဒါဆို ပြဿနာ မရှိပါဘူး။ ငါ သူမဆီ ချက်ချင်း သွားလိုက်မယ်။" ချွမ်ရှို့က ခပ်မြန်မြန် ပြန်ဖြေသည်။
ထန်ရှုသည် ချီနန့်အား အချက်ပြလိုက်ရာ သူမက ထိုလင်မယား၂ယောက်အား တုပ်နှောင်ထားသည့် ကြိုးများကို ဖြည်ပေးလိုက်သည်။
အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက် ထရပ်သည်ကို စောင့်ကြည့်ပြီး
“ငါ့မှာ အချိန်သိပ်မရဘူး။ ညနေ ၅ နာရီ မတိုင်ခင် ရမှဖြစ်မယ်။”
" စိတ်မပူပါနဲ့ သူဌေးထန်…" ချွမ်ရှို့ ခေါင်းညိတ်သည်။
လင်မယားနှစ်ယောက် ထွက်သွားတော့မှ ချီနန်က စပ်စုလိုက်သည်။
"သူဌေး … ဇီသာကို ဘာအတွက် လိုချင်တာလဲ။"
ထန်ရှု မချိပြုံး ပြုံးကာ မုဝမ်ရင်ကို မေးဆတ်ပြလိုက်ပြီး
"အဲ့ဒါက သူမ လုပ်လိုက်တဲ့ ကောင်းကျိုးလေ။ ဒီည ကျောင်းက ကျင်းပတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပွဲတစ်ခု ဖျော်ဖြေဖို့ သူက ငါ့နာမည် ထည့်ခဲ့တယ်။ အဲ့ဒီတော့ တစ်ခုခုလုပ်ပြဖို့ စင်ပေါ်တက်ရမှာပေါ့။”
"သူဌေး … နင်က ဇီသာလည်း တီးတတ်တယ်ဟုတ်လား။"
ချီနန်က အံ့သြသွားပြီး
"ဒါဆို နင့်ရဲ့အတီးစွမ်းရည်ကို ဒီညမှာ သေချာပေါက် အားပေးရမယ်။"
ထန်ရှုက တိတ်တဆိတ် မျက်လုံးလှန်ပြလိုက်ပြီး
“မင်း စားသောက်ဆိုင်မှာ အလုပ်မများဘူးမဟုတ်လား။ မင်း အလုပ်မများရင် ကျင်းမန်ကျွန်းကို ပြန်ပြီး အဲဒီ့မှာ သီးသန့်သွားကျင့်နေလေ။"
ချီနန်က သူမ၏ပါးစပ်ကို အသာအုပ်ကာ တခိခိကြိတ်ရယ်နေတော့သည်။
***