အပိုင်း (၈၉)
Vol. 6 Ch. 89
အဆင့်သုံး မီးတောက်ကျွဲနက်ကြီးအား အပိုင်းပိုင်းဖြစ်အောင် တစ်ချက်တည်းခုတ်ပြီးနောက် ရှစ်ဖုန့်၏ ကိုယ်မှ အဖြူရောင်အလင်းလက်လာကာ အဆင့်ခုနှစ်စိတ်ဝိညာဉ်နယ်ပယ် သို့ဝင်ရောက်သွားသည်။
သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုအား မြင်တွေ့ပီးသည့်နောက် ရှစ်ဖုန့်က တွေးလိုက်သည်။
"ထင်ထားသလိုပဲ...ငါသာ ကြယ်ရှစ်ပွင့် ဘုရင်အဆင့်ကိုတက်ချင်တယ်ဆိုရင် စွမ်းအင်ပမာဏ အဆပေါင်းများစွာကိုလိုအပ်လိမ့်မယ်.."
သို့သော် ရှစ်ဖုန့်အား ပျော်ရွှင်စေသောအရာမှာ သတ္တဝါများစွာအား သတ်ဖြတ်ပစ်ခဲ့ပြီး ဝိညာဉ်များစွာအား ဝါးမြိုပြီးသည့်နောက်တွင် သူ၏ အခက်ခဲဆုံး ကျင့်ကြံမှုဖြစ်သည့် ဝိညာဉ်စွမ်းအားမှာ အဆင့်တစ်အထွတ်အထွပ်ကို ရောက်ရှိနေပြီးဖြစ်ပြီး အဆင့်နှစ်အား ချိုးဖြတ်တက်လှမ်းကာနီးပင်ဖြစ်သည်။
"ဒါကိုအသုံးပြုရမဲ့ အချိန်ပဲ.."
ရှစ်ဖုန့်က သူ့အားယွဲ့ဝူရွှမ်းပေးခဲ့သော ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်း ပုလင်းအား ဖွင့်လိုက်သောအခါတွင် အေးမြပြီးလက်ဆတ်သော ရောင်ဝါအနံ့အသက်က လွင့်မျောထွက်လာသည်။
ရှစ်ဖုန့်၎င်းအား ရှူသွင်းလိုက်သော အချိန်တွင်သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ တစ်မူထူးခြားသော သက်တောင့်သက်သာရှိမှုကို ခံစားရသည်။
ရှစ်ဖုန့်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အဆင့်တစ်အထွတ်အထိပ်အဆင့်ဖြစ်သည်။
အချိန်ကြာမြင့်သော တိုက်ပွဲတစ်ခုအား ဆင်နွှဲပြီးသည့်နောက်တွင် သူ့ကာယခန္ဓာကိုယ်ရှိ အသွေးအသား၊မရီဒီယန်များ၊အရိုးများ အစရှိသည်တို့မှာ အလိုအလျောက်တိုးတက်လာသည်။
သိုင်းပညာရှင်အများစုမှာ ထိုကဲ့သို့ပင်ဖြစ်သည်။
သိုင်းပညာရှင်အများစုက ကာယခန္ဓာကိုယ်အား သန့်စင်မှုကို အထူးမပြုကြသော်လည်း ကြာမြင့်သောအချိန်အပိုင်းအခြားတစ်ခုထိ လေ့ကျင့်ခြင်း၊တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းတို့လုပ်ပြီးနောက်တွင် ခန္ဓာကိုယ်၏ အသားနှင့်အရေပြားတို့က ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်တို့ကိုစုပ်ယူမည်ဖြစ်ပြီး ထိုသို့စုပ်ယူပြီးနောက် သွေး၊အရိုးများ၊ကိုယ်တွင်းအင်္ဂါများနှင့် အရွက်များတွင် အဆက်မပြတ်လှည့်ပတ်စီးဆင်းလိမ့်မည်ဖြစ်ကာ မူလစွမ်းအင်အဆီအနှစ်အဖြစ် ပြောင်းလဲ၍ ဒန်တန်ဆီသို့ ဆွဲခေါ်သွားမည်ဖြစ်သည်။
ထိုဖြစ်စဉ်အပိုင်းအခြားကာလအတွင်းတွင် ခန္ဓာကိုယ်မှာ အဆက်မပြတ် တိုးတက်နေမည်ဖြစ်ကာ ပိုမိုသန်မလာလာပြီး ပိုမိုချိုးဖြတ်မှုတို့ကိုပြုလုပ်လာနိုင်မည်ဖြစ်သည်။
ရှစ်ဖုန့်သည်လည်းထို့နည်းတူစွာပင်ဖြစ်သည်။
ပြီးခဲ့သည့်ရက်အများအတွင်းတွင် သူ့အနေဖြင့် တိုက်ခိုက်ခြင်းနှင့်ကျင့်ကြံခြင်းတို့ကို အဆက်မပြတ်ပြုလုပ်နရသည်။
သူအနေဖြင့် ငရဲဘုံကိုးခုလေ့ကျင့်ရေးနည်းစနစ်ကိုပိုင်ဆိုင်ထားပြီး ၎င်းမှာ အလွန့်အလွန်စွမ်းအားကြီးသော ခန္ဓာသန့်စင်ပညာရပ်တစ်ခုဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှာလည်း တစ်ချိန်လုံး တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေခဲ့သည်။
ယင်းက သူမြေဆွဲအား ငါးဆယ့်ငါးဆ အခန်းအတွင်းတွင် နေခဲ့တုံးကလောက် မပြင်းသော်လည်း သူ၏ ကာယကိုယ်က ကြယ်ရှစ်ပွင့်ဆရာသခင်တစ်ယောက်နှင့်နှိုင်းယှဉ်၍ရလေသည်။
ရှစ်ဖုန့်က သူ၏ ခေါင်းမော့လိုက်ပြီး ကျောက်စိမ်းပုလင်၏ နှုတ်ခမ်းအား သူ၏ မျက်ခုံးနှစ်ခုကြား နှစ်ဖူးစပ်အလယ်သို့ ချိန်ရွယ်လိုက်သည်။
အဖြူရောင်ရေခဲနို့ရည်က စီးမျောထွက်လာပြီး နဖူးစပ်အတွင်းသို့ စီးဝင်သွားပါ ချက်ခြင်းသူ့ဝိညာဉ်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။
ရှစ်ဖုန့်၏ ဝိညာဉ်က ရုတ်ချည်း အေးမြမှုနှင့် သက်တောင့်သက်သာဖြစ်မှုကိုခံစားလိုက်ရသည်။
သူ၏ အဆင့်တစ်အထွတ်အထိပ်သို့ ရောက်နေသော ဝိညာဉ်မှာ ချက်ခြင်း အဆင့်နှစ်သို့ တက်လှမ်းသွား၏။
အဆင့်ချိုးဖြတ်ပြီးနောက်တွင် ရှစ်ဖုန့်က မရပ်တန့်ပေ။ သူ၏ နဖူးစပ်ဆီသို့ ဆက်လက် သွန်းလောင်းနေပြီး သူ၏ ဝိညာဉ်အား ဆက်လက်၍ တိုးတက်ခွင့်ပြုထားသည်။
သိုင်းပညာ၊ ကာယခန္ဓာကိုယ်နှင့် ဝိညာဉ် ထိုသုံးခု တွင် ဝိညာဉ်စွမ်းအားမှာ ချိုးဖြတ်ဖို့ အခက်ခဲဆုံးအရာဖြစ်သည်။ ရှစ်ဖုန့်က ရေခဲကျောက်တုံးစိတ်ဝိညာဉ်နို့ရည်အား သူ၏ ဝိညာဉ်အတွက် အားလုံးအသုံးပြုရန်ရည်ရွယ်ထားသည်။
ထို့ကြောင့်သူ့ဝိညာဉ်အနေဖြင့် ပိုမို၍ ကြံခိုင်ထက်မြက်လာလိမ့်မည်ဖြစ်သည်။
သူ၏ အဆင့်သုံး စိတ်ဝိညာဉ်စွမ်းအားနှင့်ဆိုပါက ခုဏကလိုရုတ်တရက်ပေါ်လာသော သက်ကြားအိုကြီးတို့အပေါ်တွင် လျှို့ဝှက် ဝိညာဉ်ပညာရပ်အား လက်မလွတ်စတမ်းအသုံးချနိုင်သော အခွင့်အရေးတို့ရှိမည်ဖြစ်သည်။
ထို့နောက်တွင် ၎င်း၏ ဝိညာဉ်ပရမ်းပတာဖြစ်နေသော အချိန်၌ သူ့အနေဖြင့် ငရဲဘုံကိုးခုဆီးလ်တံဆိပ်လေးခုအား ပေါင်းစပ်အသုံးပြု၍
၎င်းအားသတ်ပစ်နိုင်လိမ့်မည်ဖြစ်သည်။
"ကြယ်သုံးပွင့် အင်ပါယာ နယ်ပယ် မင်းကိုမင်းများ ငါ့ရှေ့မှာ ကြီးမြတ်လှပီထင်နေတာလား.."
ယွဲ့ဝူရွှမ်းပေးခဲ့သော ရေခဲကျောက်တုံးစိတ်ဝိညာဉ်အဆီအနှစ်အား ရှစ်ဖုန့်အကုန်အစင်အသုံးပြုပြီးချိန်တွင် ရှစ်ဖုန့်၏ စိတ်ဝိညာဉ်အားမှာ နောက်တစ်ကြိမ်ထပ်မံ၍ အဆင့်သုံးသို့ချိုးဖြတ်သွားသည်။
ကောင်းကင်ဘုံရတနာမှာ တကယ့်ကိုပင်ကောင်းကင်ဘုံရတနာပင်ဖြစ်သည်။
ကျောက်ဇလုံအတွင်းမှ ရေခဲကျောက်တုံးစိတ်ဝိညာဉ်နို့ရည်လေးပုံတစ်ပုံခန့်လောက်ကပင် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားအား အထွတ်အထိပ်အဆင့်တစ်အဆင့်မှ အဆင့်သုံးအထိ ချိုးဖြတ်စေနိုင်ခဲ့သည်။
ဤသည်မှတစ်ဆင့် ဤစိတ်ဝိညာဉ်နို့ရည်၏ အဖိုးထိုက်တန်မှုနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို မြင်တွေ့နိုင်သည်။
"ကောင်လေး ငါတို့ရှေ့မီတာတစ်ရာမှာ အဆင့်လေးဘုရင်နယ်ပယ် သားရဲမီးတောက်တစ်ခုကိုငါအာရုံခံမိတယ်.."
ကောင်းကင်မီးတောက်က ရုတ်တရက် ရှစ်ဖုန့်ကိုပြောလိုက်သည်။
"ကောင်းတယ်..မိုးကောင်းကင်ကတောင် ကျုပ်ကို ကူညီနေတာပဲ.."
"ငရဲဝံပုလွေ..ရှေ့ကမီတာတစ်ရာကိုသွားမယ်.."
ရှစ်ဖုန့်က ငရဲဝံပုလွေကိုအော်ပြောလိုက်သည်။
သားရဲမီးတောက်ဆိုသည်မှာ နတ်ဆိုးသားရဲတစ်ကောင်၏ ကိုယ်အတွင်းတွင်ရှိသော မီးမျိုးစေ့တစ်ခုဖြစ်သည်။
မီးဓာတ်ကိုပိုင်ဆိုင်သော နတ်ဆိုးသားရဲတိုင်း၌ သားရဲမီးတောက်ရှိနေသည်မဟုတ်ပေ။ သားရဲအများစုက သဘာဝအရ မီးတောက်တို့ဖြင့်မွေးဖွားလာခဲ့ကြသော်လည်း မီးမျိုးစေ့တော့ ရှိမနေတတ်ကြပေ။
မီးမျိုးစေ့အား ထုတ်လုပ်နိုင်သော နတ်ဆိုးသားရဲမျိုးမှာကား တော်တော်လေးကိုရှားပါးလှသည်။
အခြားသော သက်ရှိများက သူတို့အတွက် မီးမျိုးစေ့ကိုအသုံးပြုနိုင်ရန် နတ်ဆိုးသားရဲများကို သတ်ပစ်ကြသည်။
စန်းယွဲ့မြို့သို့ စုံစမ်းမှုတို့ပြုလုပ်ရန် ရောက်လာကြသော ယင်ယန်သက်ကြားအိုကြီးနှစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီ၌ အဆင့်လေး ဘုရင်နယ်ပယ် သားရဲမီးတောက် တစ်ခုစီပိုင်ဆိုင်ထားကြ၏။
အဆုံးသတ်တွင် ၎င်းတို့မှာ ကောင်းကင်မီးတောက်၏ ဝါးမျိုခြင်းခံရပြီး ရှစ်ဖုန့်နှင့်ကောင်းကင်မီးတောက်တို့အတွက် အထောက်အပံ့သာဖြစ်သွားရသည်။
ဝံပုလွေက လေထုကိုခွင်းကာ မျက်စိတ်မှိတ်အတွင်း မီတာတစ်ရာအဝေးသို့ရောက်သွားသည်။
ဟင်းလင်းပြင်ထဲတွင် ထွင်းထုထားသော နီလာခရမ်းရောင် သလင်းကျောက်ပန်းပုရုပ်တစ်ခုရပ်တန့်နေသကဲ့သို့ နီလာခရမ်းရောင်အတောင်ပံလေးခု ခြင်္သေ့တစ်ကောင်က ရပ်နေသည်။
၎င်း၏ ပါးစပ်ထဲ၌ မီးတောက်ဝံပုလွေတစ်ကောင်ရှိ၏။
၎င်းကပါးစပ်ကိုဟကာ မီးတောက်ဝံပုလွေအား ချက်ခြင်း မျိုလိုက်သပြီး ပါးစပ်ထဲတွင် တဂျွတ်ဂျွတ်ဝါးနေသည်။
"ဝေါင်း.."
သက်ရှိတစ်ကောင်သူ့ထံသို့ ပျံသန်းလာနေသည်ကိုတွေ့ရသောအခါတွင် အထွတ်အထိပ်ဘုရင်နယ်ပယ်တစ်ကောင်၏ စိန်ခေါ်မှုမျိုးဖြင့် အတောင်ပံလေးခု နီလာခရမ်းခြင်္သေ့က ချက်ခြင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ကောင်းကင်တစ်ခွင် တုန်ခါသွားပြီး စွမ်းအားကြီးအသံလှိုင်းတို့က ရှစ်ဖုန့်ထံတစ်ဟုန်ထိုးဦးတည်လာသည်။
"အထွတ်အထိပ် အဆင့်လေး ဘုရင်နယ်ပယ် နတ်ဆိုးသားရဲ..ကောင်းတယ်..ဒါကောင်းမွန်တဲ့အားဆေးပဲ..ငါတို့တွေသေချာပေါက်သူ့ကိုသတ်ရမယ်..ငရဲဝံပုလွေ တိုက်ခိုက်"
ရှစ်ဖုန့်ကရယ်မောရင်း ဝံပုလွေအား ရှေ့ဆက်တက်ရန် အမိန့်ပေးလိုက်သည်။
"ဝေါင်း"
ငရဲဝံပုလွေက သူ၏ ပါးစပ်ကိုဟက ဟိန်းဟောက်လိုက်သည်။
"မိစ္ဆာဝံပုလွေအော်ဟစ်သံ"
စွမ်းအားပြည့်အသံလှိုင်းတစ်ခုက ထွက်သွားပြီး တောင်ပံလေးခု နီလာရောင် ခြင်္သေ့၏ အသံလှိုင်းနှင့် အပြင်းအထန်ထိတွေ့မိကြပြီး ကောင်းကင်ယံဟင်လင်းပြင်နေရာတစ်ခုလုံးအား ပရမ်းပတာ ပို၍ ဖြစ်လာစေသည်။
သို့သော် မိစ္ဆာဝံပုလွေ၏ အသံလှိုင်းက မယှဉ်နိုင်သည်မှာသိသာသည်။
ယင်းမှာ နောက်ဆုံးတွင် နစ်မြုပ်သွားပြီးပြိုင်ဘက်ဖြစ်သူ အသံလှိုင်း၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။
အတောင်ပံလေးခုနီလာခရမ်းခြင်္သေ့၏ အသံလှိုင်းမှာ ရှစ်ဖုန့်ထံ ဆက်လက်၍ ဦးတည်လာသည်။
"လောင်ကျွမ်းစမ်း.."
ရှစ်ဖုန့်ကထပ်မံ၍အော်လိုက်သည်။ သွေးနီရောင်မီးတောက်အားသူ၏ ကိုယ်တွင် ထွန်းညှိလိုက်ပြီးသွေးနီရောင် လူသားမီးတောက်ပုံစံတစ်ခုအဖြစ်ပုံစံပြောင်းသွားသည်။
မီးတောက်ကရုတ်ချည်း အပြင်သို့ ပျံံ့ထွက်သွားပြီး ကောင်းကင်တစ်ခွင်အား သွေးနီရောင်မီးတောက်ပင်လယ်ကြီးအဖြစ်ပြောင်းလဲလိုက်သည်။
စွမ်းအားကြီးသတ္တဝါများပင် ဖြစ်ပေါ်နေသော တိုက်ပွဲအပေါ်၌ စိတ်ဝင်စားလာကြသည်။
သူတို့ထုတ်လွှတ်လိုက်သော စွမ်းအားကြီးရောင်ဝါများကြောင့် မီးနယ်မြေအတွင်းတွင် ရှိနေသော ဦးတည်ချက်ပေါင်းစုံမှသားရဲများအား ခံစားမိသွားစေခြင်းဖြစ်သည်။
သွေးနီရောင်မီးပင်လယ်က သူ၏အသံလှိုင်းအား ဝါးမျိုသွားသည်ကို မြင်တွေ့ရသော အခါတွင် အတောင်ပံလေးခုနီလာခရမ်းခြင်္သေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
၎င်းက တစ်လိပ်လိပ်တစ်ဟုန်ထိုးလောင်ကျွမ်းနေသော သွေးနီရောင်မီးပင်လယ်ထံသို့ ပါးစပ်အပြည့် ခရမ်းရောင်မီးတောက်များ မှုတ်ထုတ်လိုက်၏။
သွေးနီရောင်မီးပင်လယ်နှင့် ခရမ်းရောင်မီးပင်လယ်တို့ ဆုံတွေ့မိကြချိန်တွင် တစ်ခုနှင့်တစ်ခု အပြန်အလှန်လောင်ကျွမ်းနေကြသည်။
၎င်းတို့မှာ မတိုးသာမဆုတ်သာ အခြေအနေပင်ဖြစ်သည်။
ခရမ်းရောင်မီးတောက်မှာအထွတ်အထိပ်အဆင့်လေးဘုရင်နယ်ပယ်ဖြစ်၏။ကောင်းကင်မီးတောက်မှာ ယခုအချိန်တွင် အဆင့်သုံးအဆင့်သာရှိနေသော ကောင်းကင်မီးတောက်တစ်ခုဖြစ်သည်။
ထိုသည်မှာကြားထဲ၌ နယ်ပယ်အဆင့်ကြီးတစ်ခုကွာခြားနေခြင်းပင်ဖြစ်၏။
"ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်"
အတောင်ပံလေးခု နီလာခရမ်းခြင်္သေ့က သွေးနီရောင်မီးပင်လယ်ကိုခုခံရန် အတွက် ခရမ်းရောင်မီးများမှုတ်ထုတ်နေစဉ်တွင် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ရှစ်ဖုန့်က ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကို ပို့လွှတ်လိုက်သည်။
ဝေါင်း...ဝေါင်း.."
အတောင်ပံလေးခု နီလာခရမ်းခြင်္သေ့မှာ ရုတ်တရက်ပရမ်းပတာဖြင့်ပြုတ်ကျလာသည်။
၎င်း၏ ကြီးမားလှသော ကိုယ်ကြီးမှာ လေထဲတွင် စတင်၍တုန်ရင်နေပြီး ၎င်းမှုတ်ထုတ်ခဲ့သော ခရမ်းရောင်မီးတောက်တို့မှာလည်း ရုတ်ချည်း ပရမ်းပတာစတင်ဖြစ်လာသည်။
ရှစ်ဖုန့်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သွေးနီရောင်မီးပင်လယ်ကို ချက်ခြင်း အပေါ်သို့ ဦးတည်စေကာ ပရမ်းပတာဖြစ်နေသော ခရမ်းရောင်မီးတောက်ပင်လယ်နှင့် တောင်ပံလေးခု နီလာခရမ်းခြင်္သေ့တို့ကို ဝါးမျိုလိုက်သည်။
"ငရဲဘုံဓား"
သွေးနီရောင်မီးတောက်ပင်လယ်ထဲမှ ရှစ်ဖုန့်၏ အသံက ပဲ့တင်ထွက်လာသည်။
ထို့နောက်သဲသဲမဲမဲနှင့် တစ်လိပ်လိပ်စီးနေသော သွေးနီရောင်မီးပင်လယ်မှာ တောင်ပံလေးခုနီလာခရမ်းခြင်္သေ့ရှိရာနေရာမှပြန်လည်၍ ဆုတ်ခွာလာသည်။
ရေမြုပ်တစ်ခုက မီးပင်လယ်အား လျှင်မြန်စွာ စုပ်ယူသွားသကဲ့သို့ တော်တော်လေးဆွဲဆောင်မှုရှိလှပြီး အနက်ရောင်အတောင်တို့အား တစ်ဖျတ်ဖျတ်ခတ်နေသော ဝံပုလွေတစ်ကောင်နှင့် ငယ်ရွယ်သော ပုံရိပ်တစ်ခုတို့ထွက်ပေါ်လာသည်။
ထိုအချိန်၌ လူငယ်လေး၏ လက်ထဲတွင် အတောင်ပံလေးခု နီလာခရမ်းခြင်္သေ့၏ အလောင်းနှစ်ပိုင်းကိုကိုင်ထားသည်။
ခရမ်းရောင်သွေးတို့က ပန်းထွက်နေကာ ရှစ်ဖုန့်၏ ကိုယ်ပေါ်သို့ သွန်းလောင်းနေပြီး ချက်ခြင်း ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။
အတောင်ပံလေးခု နီလာခရမ်းဝံပုလွေ၏ အလောင်းနှစ်ပိုင်းလုံးမှာ လျှင်မြန်စွာ ရှုံ့တွသွားသည်။
ထိုအချိန်တွင် လက်သီးဆုပ်အရွယ် မီးမျိုးစေ့တစ်ခုက အောက်သို့ပြုတ်ကျလာသည်။
ရှစ်ဖုန့်က ၎င်းအား အပိုင်းအစစီခွဲ၍ ခရမ်းမီးတောက်ကို သူ၏ ပါးစပ်ထဲမျိုချလိုက်သည်။
ထို့နောက်သူက အစာအိမ်ထဲသို့ မျိုချကာ သူ၏ ဒန်တန်ထဲရှိ ကောင်းကင်မီးတောက်ထံပို့လိုက်သည်။
တောင်ပံလေးခု နီလာခရမ်းခြင်္သေ့၏ သားရဲမီးတောက်မှာ ကောင်းကင်မီးတောက်၏ လွှမ်းမိုးမှုကိုခံရပြီးနောက် လျှင်မြန်စွာ ဝါးမြိုခံလိုက်ရသည်။
ဆက်ရန်...
ဘာသာပြန်သူ-Arise