ကျောက်စိမ်းလေပြည်ဇီသာ
Vol. 09 Ch. 440
ထန်ရှုက မုဝမ်ရင်ကို ကားဆီ ပြန်ခေါ်သွားသည်။ သူမသည် စရောက်ကတည်းက စကားတစ်ခွန်းမှ မဆိုခဲ့ချေ။ ထာဝရခန်းမမှ ထွက်လာပြီးနောက် နှစ်ယောက်သား ကားပေါ်တွင် ရှိတော့မှသာ မုဝမ်ရင်က အပြုံးဖြင့်
"ထန်ရှု … ငါ နင့်အကြောင်းကို ပိုသိလာလေလေ နင်က ပိုနားလည်ရခက်တယ်လို့ ထင်လာလေပဲ။ ထာဝရခန်းမ အကြောင်းတချို့တလေကို ငါ သိထားပါတယ်။ ရုံးချုပ်က ကျန်းမန်ကျွန်းပေါ် မှာ ရှိတယ်။ ဟန့်ဟိုင်၊ ပေကျင်းနဲ့ ဟောင်ကောင်တို့ မှာ ရုံးခွဲတွေလည်း ရှိလို့ လုပ်ငန်းက တအား တိုးတက်တယ်လို့ ငါကြားဖူးတယ်။ နင်က ထာဝရခန်းမရဲ့ ပိုင်ရှင်ဖြစ်လိမ့်မယ်လို့သာ ဘယ်တုန်းကမှ စိတ်ထဲမှာ ထင်မထားခဲ့မိတာပါ။”
"မင်း ငါ့ကို မေးရင် ငါက သာမန်လူတစ်ယောက်ဆိုတာကလွဲလို့ ဘာမှမဟုတ်ပါဘူး။" ထန်ရှုက ပြန်ဖြေသည်။
"မင်းသာ သာမာန်လူဆိုရင် ဒီကမ္ဘာမှာ စွမ်းအားကြီးတဲ့ ပုံရိပ်တွေ မရှိတော့မှာတောင် ငါကြောက်တယ် ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် ငါ တစ်ခုတော့ သိချင်နေတယ်။ ခမ်းနားသော ထန်လုပ်ငန်းစုနဲ့ ထာဝရခန်းမအပြင် နင့်မှာ လုပ်ငန်းတွေ ဘယ်လောက်တောင် ရှိနေတာတုန်း။”
မုဝမ်ရင်က ပြုံးလျက် မေးလာသည်။
"အင်း … ငါ့မှာ အဲဒီနှစ်ခုပဲ ရှိပါတယ်။" ထန်ရှုက သူမအား လွယ်လွယ် ပြန်ဖြေသည်။
"ငါ နင့်ကို မယုံဘူး။" မုဝမ်ရင်က ပြုံးရင်း ခေါင်းယမ်းလိုက်သည်။
"နောက်ဆို ငါ နင်နဲ့ ပိုအဆင်ပြေအောင် လုပ်ပြီး နင့်ရဲ့ လျှို့ဝှက်ချက်တွေကို ပိုလေ့လာရမယ်။ နင် သိပါတယ်။ နင်က ငါ့အတွက် တခြားတစ်ယောက် မရှိနိုင်တဲ့ စိတ်အဝင်စားဆုံး လူတစ်ယောက်။"
“ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားမိရင် အမျိုးသမီးတစ်ယောက်က သူမရဲ့နှလုံးသားကို မထိန်းချုပ်ထားတော့ဘူးဆိုတဲ့ စကားကိုများ မင်း ကြားဖူးနေတာလား။” ထန်ရှု မသဲမကွဲ ရေရွတ်မိသည်။
"နင့်လို ထူးချွန်တဲ့သူတစ်ယောက်ကို ချစ်ရတာ မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။"
မုဝမ်ရင်က ပေါ့ပေါ့ပါးပါး ရယ်မောနေရင်း
“လက်ထပ်တယ်ဆိုတာ လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံး ကိစ္စရပ်တစ်ခုဆိုတာ ပြောဖို့ လိုမယ်မထင်ဘူး။ ဒီအတိုင်းဆို ပြသနာက ချက်ချင်းပြေလည်သွားတာပေါ့။”
“အခုခေတ်လူတွေက ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာတွေကို တောင့်တကြတာ။ နောက်ပြီး လူတွေရဲ့စိတ်နေစိတ်ထားနဲ့ နှလုံးသားတွေက ပေါ့ပျက်ပျက်ဖြစ်ပြီး စိတ်အလိုဆန္ဒကို မလွန်ဆန်နိုင်ကြဘူး။ ဒါကြောင့် အမျိုးသမီးတွေ သေဆုံးမှုအကြောင်းပြောရရင် အမျိုးသားတွေပတ်ဝန်းကျင်က ပိုထူးချွန်တဲ့ အမျိုးသမီးတွေက ဒုက္ခတွေ ပိုကြုံလာရတာပဲ။ ငါက ကိုယ့်ဘာသာ ဖရိုဖရဲနဲ့ ရုန်းရင်းဆန်ခတ် လှုပ်ရှားရတဲ့ဘဝကို သဘောကျတယ်။ စိတ်ပူပန်စရာမရှိဘဲ ကိုယ် လုပ်စရာ ရှိတာကို လုပ်ပြီး အေးအေးချမ်းချမ်း နေချင်တယ်။ အဲ့ဒါမို့ ပေကျင်းမြို့တော်ရဲ့ နံပါတ်တစ်အလှလေး ဖြစ်တဲ့အပြင် ရှန်ဟိုင်းတက္ကသိုလ်ရဲ့ နံပါတ်တစ် မိန်းမချောလေးကို တခြားအတွေးတွေ မတွေးရဲပါဘူးဗျာ။ ဒါကြောင့် လက်ထပ်ချင်ရင် တခြားယောက်ျားကို ရှာပေးပါ။”
ထန်ရှုက ပြောလိုက်သည်။
"ထန်ရှု … နင့်စကားတွေက ငါကပဲ အဆိပ်ပြင်းတဲ့မြွေလိုလို၊ သားရဲတိရစ္ဆာန်ကောင်နဲ့တူသလိုလို ခံစားလာရပြီ။" မုဝမ်ရင် ဒေါသထွက်သွားဟန်ဆောင်လိုက်သည်။
“မင်းက မြွေပွေးနဲ့ သားရဲတိရစ္ဆာန်တို့ထက် ပိုကောင်းတာပေါ့ ဘာလို့လဲဆိုတော့ မင်းရဲ့ရုပ်ရည်က အဲ့ဒါတွေထက် ပိုစွဲမက်စရာကောင်းတယ်လေ။"
ထန်ရှုက တဟားဟားရယ်ရင်း ပြန်ဖြေသည်။
"ခွီး ... ဟာဟာဟ။" မုဝမ်ရင် ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ကိုယ်လုံးလေး သိမ့်သိမ့်တုန်အောင်ပင် ရယ်မောလိုက်မိသည်။
ခဏကြာမှ ကားပြတင်းပေါက်အပြင်ဘက်ရှိ ဖြတ်သွားသော မြင်ကွင်းများကို ကြည့်ရင်းမေးသည်။
"အဲ့ဒီလင်မယားကို နင် ဇီသာရှာဖို့ တောင်းဆိုထားပြီးပြီဆိုတော့ ငါတို့ ဘာလုပ်ကြဦးမလဲ။"
"သူတို့အပေါ်လည်း မျှော်လင့်ချက်အကုန် ထားလို့ မရဘူး။ အဲ့ဒါကြောင့် နှစ်ခုတော့ ပြင်ဆင်ရလိမ့်မယ်။"
ထန်ရှုက တွေးတွေးဆဆ ပြောလိုက်သည်။
“သူတို့က စိတ်လှုပ်ရှားပြီး အလျင်စလိုသွားပေမယ့် သူငယ်ချင်းရဲ့ ဇနီးက မငှားချင်ဘူးဆိုရင် ဘာမှ မတတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အင်တာနက်ကို နောက်တစ်ခေါက် ပြန်ကြည့်ရအောင်။ အနီးနားမှာ ဇီသာ ရောင်းတဲ့ ဆိုင်ရှိ မရှိ ရှာကြည့်ပါဦး။"
"ကောင်းပြီ။"
မုဝမ်ရင်သည် သူမ၏ဖုန်းကို ထုတ်ကာ အင်တာနက်တွင် စတင်ရှာဖွေတော့သည်။
ရှန်ဟိုင်းမြို့ပြင်…
သစ်သီးခြံထဲတွင် ဝကျေန်းပင်နှင့် ချွမ်ရှို့က ယခုမှ ပြန်ရောက်လာကာ တက္ကစီပေါ်က ဆင်းလာသည်။
ဟန်ကျင်းထုံနှင့် ဇနီးဖြစ်သူ ယင်းယွီတို့သည် အနက်ရောင် အော်ဒီကားရှေ့တွင် ရပ်စောင့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
ဝကျေန်းပင်သည် ဟန်ကျင်းထုံလင်မယားဆီသို့ လျှောက်သွားကာ ခါးသီးသော အပြုံးဖြင့်
"သူငယ်ချင်းရေ … မင်းကို စိတ်အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။"
ဟန်ကျင်းထုံက ခေါင်းယမ်းလိုက်ပြီး
"ညီအစ်ကိုဝေ … ငါတို့က မင်းဒုက္ခတွေကြုံလာရင် ထုံးစံအတိုင်း ထိုင်နေမှာမဟုတ်ဘူး။ ဒါနဲ့ ငါတို့ ကျောက်စိမ်းလေပြည်ဇီသာကိုလည်း ယူလာပေးတယ်။ ကားထဲမှာရှိတယ်။"
ကျေးဇူးတင်မှုနှင့် စိတ်သက်သာရာရမှုတို့ ထင်ဟပ်စေလျက် ဝကျေန်းပင်က
"ကျောက်စိမ်းလေပြည်ဇီသာက ယွီလေးရဲ့ အကြိုက်ဆုံးအရာဆိုတာ ငါသိပါတယ်။ မရောင်းချင်လည်း ကိစ္စမရှိဘူး။ သူက တစ်ညလောက်ပဲ ငှားချင်တယ်လို့ ပြောတယ်။”
"သူက ဘယ်သူလဲ။" ဟန်ကျင်းထုံက အံ့အားသင့်စွာ မေးလိုက်သည်။
"ထန်ရှုလေ။" ဝကျေန်းပင်က သက်ပြင်းချကာ ပြန်ပြောသည်။
ဟန်ကျင်းထုံက မျက်မှောင်ကြုတ်သွားရင်း
“ညီအစ်ကိုဝေ ဘာတွေဖြစ်ခဲ့တာလဲ။ မင်းတို့နှစ်ယောက် ကျင်းမန်ကျွန်းကို သွားပြီး ထာဝရခန်းမအကြောင်း သွားစုံစမ်းတာ ထန်ရှုနဲ့ အဲ့ဒီမှာ တွေ့ခဲ့တာလား။”
ဝကျေန်းပင်က ခါးသီးသောအမူအရာဖြင့် ခေါင်းယမ်းသည်။
"ငါတို့ ထန်ရှုကို ကျင်းမန်ကျွန်းမှာ တွေ့တာမဟုတ်ဘူး။" ချွမ်ရှို့က သက်ပြင်း ခပ်ဖွဖွချရင်း
"ငါတို့ စုံစမ်းမှုလမ်းကြောင်းအတိုင်း လိုက်ကြည့်တာ ထာဝရခန်းမက သိပ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဒါပေမယ့် ကံမကောင်းချင်တော့ ငါတို့စုံစမ်းတာ နည်းနည်းပဲ ရရုံရှိသေး ထာဝရခန်းမက လူတွေက ငါတို့ကို တွေ့သွားတယ်။ ငါတို့ကို သတိပေးတဲ့သူနှစ်ယောက်ကို ခုခံနိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့ရဲ့ ကျွမ်းကျင်ပညာရှင် ဆယ်ယောက်က ငါတို့ကို ဝိုင်းထားတာခံခဲ့ရတယ်။ အဲ့ဒီဆယ်ယောက်က အသက်သုံးဆယ် ဒါမှမဟုတ် လေးဆယ်လောက်ပဲ ရှိသေးပေမယ့် သူတို့ရဲ့ စုပေါင်းတိုက်ကွက်တွေက ငါတို့ကို လွယ်လွယ်ကူကူပဲ ကိုင်တွယ်ထိန်းချုပ်နိုင်တယ်။ ငါတို့ကို ဖမ်းဆီးပြီး ရှန်ဟိုင်းမှာရှိတဲ့ ထာဝရခန်းမဆီ ပို့လိုက်တာ။”
"ဘာ…"
ဟန်ကျင်းထုံနှင့် ယင်းယွီတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။ ဝကျေန်းပင်နှင့် ချွမ်ရှို့တို့ မည်မျှ သန်မာသည်ကို သူတို့ သိကြသည်။ လက်ရှိခေတ်နှင့် အချိန်ကာလတွင် ထို၂ယောက်၏ပြိုင်ဘက်အရေအတွက်မှာ အလွန်နည်းပါးပေသည်။ ထာဝရခန်းမ၏လူဆယ်ယောက်က သူတို့အား မည်သို့ဖမ်းလိုက်ပါသနည်း။
ဒါ ... ဒါကြီးက သိပ်ပြီး စိတ်ကူးယဉ်မဆန်လွန်းဘူးလား…
ဝကျေန်းပင်က အားတင်းပြုံးပြပြီး
"ချွမ်ရှို့ပြောခဲ့တာတွေက အားလုံးအမှန်ပဲ။ အဲ့လိုနဲ့ ငါတို့ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတယ်ဆိုပါတော့။ တကယ်တော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က ငါတို့ထက် နိမ့်တယ်လို့ ခံစားရပေမယ့် လှုပ်ရှားမှုနဲ့ဟန်ပန်တွေက အလွန်ထက်မြက်တယ်၊ အလှည့်အပြောင်း မြန်ဆန်ပြီး ပြင်းထန်တယ်၊ ကျွမ်းကျင်တဲ့ သတ်ဖြတ်ခြင်း လှုပ်ရှားဟန်ကိုလည်း သုံးကြတယ်။ တကယ်လို့သာ သူတို့တွေ လက်နက်ပါခဲ့မယ်ဆိုရင် ငါတို့ကို တိုက်ခိုက်ဖို့ လူငါးဦးပဲ လိုလိမ့်မယ်။ အချိန်တိုတိုနဲ့ ငါတို့ သေနိုင်တယ်။”
ဟန်ကျင်းထုံသည် စိတ်တွင်းထဲမှ တုန်လှုပ်သွားရကာ "ထာဝရခန်းမမှာ ကျွမ်းကျင်သူ ဘယ်နှစ်ယောက်ရှိသလဲ။"
"ငါ သေချာမသိဘူး။" ဝကျေန်းပင်က ခေါင်းယမ်းပြပြီး "ငါတို့ကို ဝိုင်းထားတာ အယောက်သုံးဆယ်ကျော်လောက် ရှိတယ်။ တချို့က သာမာန် ကျွမ်းကျင်သူတွေ မဟုတ်သလို အဆင့်မြင့်တဲ့သူတစ်ချို့က ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ကြဘူး။”
ဟန်ကျင်းထုံ အချိန်အတန်ကြာသည်အထိ ငြိမ်သက်သွားပြီး သက်ပြင်းဖွဖွ ချကာ
"ငါတို့ရဲ့ခွန်အားကို အံ့မခန်းလောက် ဖြစ်နေပြီ၊ အဲ့ဒီကျင့်ကြံနည်းစနစ်ကို ရခဲ့ပြီး ဆယ်စုနှစ်များစွာ လေ့ကျင့်ပြီးနောက် သာလွန်တဲ့ အဆင့်ဆီ ရောက်ပြီးပြီလို့ အမြဲ ထင်ခဲ့တယ်။ ဒီကမ္ဘာကြီးမှာ ငါတို့ရဲ့ ပြိုင်ဘက်တွေ ဖြစ်လာနိုင်တာ လူနည်းစုပဲ ရှိတယ်လို့ ငါတို့ အမြဲ တွေးခဲ့တယ်။ အခုမှပဲ ငါတို့က ရေတွင်းအောက်ခြေကနေ ကောင်းကင်ကို မော့ကြည့်နေတဲ့ ဖားလေးတွေလို ဖြစ်နေတယ်ဆိုတာ နားလည်သွားပြီ။”
“တရုတ်နိုင်ငံက ကျယ်ပြန့်ပြီး ရှေးကျတဲ့ နိုင်ငံတစ်ခုပဲလေ။ ပုန်းနေတဲ့ နဂါးတွေနဲ့ အိပ်နေတဲ့ ကျားတွေက ပုန်းကွယ်နေရာကနေ အရည်အချင်းရှိတဲ့ သူတွေကို မျိုးဆက်တစ်ခုပြီးတစ်ခု မွေးဖွားပေးနေတယ်။” ဝကျေန်းပင်က သက်ပြင်းချလိုက်ပြီး
“ဒီနိုင်ငံမှာ ထာဝရခန်းမလိုမျိုး တည်ရှိမှုတစ်ခု ရှိနေလို့ တခြား အင်အားကြီး အင်အားစုတွေလည်း ရှိမှာကို ငါ စိုးထိတ်မိပါတယ်။ နောက်ပြီး ငါတို့တွေက အဆင့်ချိုးဖြတ်ပြီး ကောင်းကင်ကို တက်ဖို့ တအား ခက်ခဲမှာကိုလည်း ငါ စိတ်ပူတယ်။ ငါတို့တသက်တာမှာ အခု တစ်ခုတည်းသောမျှော်လင့်ချက်က သူမ ခေါ်ဆောင်သွားတဲ့ သားနဲ့သမီးကို တွေ့နိုင်ဖို့ပါပဲ။"
ဟန်ကျင်းထုံ၏မျက်လုံးများတွင် အလင်းတစ်ခု လက်လာပြီး “ညီအစ်ကို ဝေ … ထန်ရှုအပေါ် စိတ်ကောင်းစေတနာ ထားပြနိုင်မယ်ဆို မင်း ဘယ်လိုထင်လဲ။ ငါတို့ ဖြစ်နိုင်မလား…”
"မင်း ဒီအကြံကို စွန့်လွှတ်သင့်တယ်ထင်တယ် အစ်ကိုဟန်။"
ဝကျေန်းပင်က ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်ပြီး "ထာဝရခန်းမရဲ့ လူတွေက ဖော်ရွေတဲ့ အဖွဲ့ မဟုတ်တာတော့ သေချာတယ်။ နောက်ပြီး ထာဝရခန်းမရဲ့အကူအညီနဲ့ ကျင့်ကြံမှုမှာ အောင်မြင်ချင်တယ်ဆိုရင် အဲ့ဒါအတွက် အလွန် များပြားတဲ့ ပေးချေမှုကို မလုပ်ရင် ဖြစ်နိုင်ခြေနည်းမယ်လို့ ငါ ထင်တယ်။"
“ငါတော့ ကြိုးစားမှုကို မစွန့်လွှတ်ချင်ဘူး။ စွန့်လည်း မစွန့်လွှတ်ဘူး။ ငါ ထန်ရှုကို ပြန်တွေ့ဖို့ အခွင့်အလမ်းတွေ ရှာဖို့လိုတယ်။ အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးတွေ ရနိုင်မယ်လို့ မျှော်လင့်တာပဲ" ဟန်ကျင်းထုံက စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် ပြန်ပြောခဲ့သည်။
ဝကျေန်းပင်သည် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး
"ညီအစ်ကိုဟန် … ငါ့ရဲ့ ကောက်ချက်က မှန်တယ်ဆိုရင် မင်းရဲ့မြေးနဲ့ ထန်ရှုက အထူးဆက်ဆံရေးတစ်ခု ရှိတယ်ထင်တယ်။"
သို့သော် ဟန်ကျင်းထုံက ကူကယ်ရာမဲ့နေသောဟန်ဖြင့် "အဲ့ကောင်မလေး ... ကျင်းဝူ ပြီးခဲ့တဲ့ကိစ္စကတည်းက အိမ်ပြန်မလာဘူး။ ငါ သူမကို မေးဖို့ ဖုန်းခေါ်တာကို တိုတိုတုတ်တုတ်နဲ့ ဖုန်းချလိုက်တယ်။ ကျင်းဝူက အထက်တန်းကျောင်းမှာ ထန်ရှုရဲ့ အတန်းပိုင်ဆရာ ဖြစ်ခဲ့ဖူးတာကို ငါ သိတယ်။ အခု သူမက ရှန်ဟိုင်းတက္ကသိုလ်မှာ သင်ကြားနေပြီး ထန်ရှုရဲ့ အတန်းပိုင်ဆရာအဖြစ် ထပ်မံတာဝန်ယူနေရပြန်ရော။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံမှု ဘယ်လောက်ကောင်းလဲဆိုတာတော့ ငါ မသိဘူး။”
“ဒါအမှန်ပဲ။” ဝကျေန်းပင်က ခေါင်းညိတ်လိုက်ပြီး “ညီအစ်ကိုဟန် … ငါ ဒီကျောက်စိမ်းလေပြည်ဇီသာကို သူ့ဆီ အရင်သွားပို့လိုက်ဦးမယ်။ သူ့ဂုဏ်ပုဒ်နဲ့တော့ လိမ်မှာမဟုတ်ဘူးလို့ ငါ ယုံတယ်။”
"ဒါဆိုလည်း မင်းသွားတော့လေ။" ဟန်ကျင်းထုံက ပြောသည်။
ရှန်ဟိုင်းရှိ အရောင်းအဝယ်စည်ကားရာလမ်း …
ထန်ရှုနှင့် မုဝမ်ရင်တို့သည် ဆိုင်ပေါင်းများစွာကို ဝင်ကာ ဇီသာရှာခဲ့ကြသော်လည်း အရည်အသွေးကောင်းမွန်သော ဇီသာကို ရှာမတွေ့ခဲ့ကြပေ။ သူ၏ထက်ရှသော အမြင်အာရုံကို အသုံးပြု၍ ရှာသည့်တိုင် တွေ့လာသော ဇီသာများသည် သူ၏စံနှုန်းနှင့်ဆိုပါက မကောင်းမကန်း အရည်အသွေးများသာ ဖြစ်ပြီး စမ်းတီးကြည့်သည့်အခါ ထွက်ပေါ်လာသောအသံသည် မျှော်လင့်ထားသည်ထက် များစွာဆိုးရွားခဲ့သည်။
နှစ်ယောက်သား ကူကယ်ရာမဲ့နေစဉ် ထန်ရှုသည် ချီနန်ဆီက ဖုန်းခေါ်ဆိုမှုကို ရရှိပြီး ဝကျေန်းပင်သည် ထာဝရခန်းမအား ဇီသာတစ်လက် ပို့လာသည့်အကြောင်း တင်ပြခြင်းဖြစ်သည်။
"ဝကျေန်းပင်က ဇီသာကောင်းတစ်လက်ကို ရှာတွေ့နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် ကြုံရာ တစ်လက် ဝယ်ပြီး ညနေပိုင်းမှာ နောက်ဆက်တွဲ ပြဿနာကို ဖြေရှင်းရမှာပဲ။” ထန်ရှု သက်ပြင်းချရင်း ပြောလိုက်သည်။
အမြဲလို အေးချမ်းသိမ်မွေ့သည့် မုဝမ်ရင်က အနည်းငယ် ပြုံးပြီး
"အေးပါဟယ် … ဒါက အရမ်းကို သာမာန်ဆန်တဲ့ ဇီသာတစ်လက်ဖြစ်ရင်တောင် နင်တီးခတ်တဲ့အခါ အလှပဆုံး တေးသွားတွေ ထုတ်နိုင်ဦးမယ်လို့ ငါယုံကြည်တယ်။"
ထန်ရှုက ပြုံးပြလိုက်ပြီး နှစ်ယောက်သား ထာဝရခန်းမဆီသို့ ပြန်သွားကြသည်။
အထွေထွေမန်နေဂျာ၏ရုံးခန်းအတွင်းတွင် ချီနန်နှင့် ဝေကျန်းပင်တို့သည် ဆိုဖာရှေ့တွင် ရပ်နေကြပြီး ကော်ဖီစားပွဲပေါ်တွင် ဇီသာတစ်လက်အား တင်ထားသည်။ သို့သော် ထိုဇီသာအား ပိုးစဖြင့် ပတ်ထားသောကြောင့် ၎င်း၏ပုံသ ဏ္ဍာန်အား မမြင်နိုင်ပေ။
ထန်ရှု ရုံးခန်းထဲ ဝင်လာပြီးနောက် သူ၏အကြည့်များသည် ကော်ဖီစားပွဲပေါ်သို့ ရောက်သွားရင်း
"ဒါက ခင်ဗျားယူလာတဲ့ ဇီသာလား။"
ဝကျေန်းပင်က လေးစားသော အကြည့်ဖြင့် ခေါင်းညိတ်ပြပြီး “ငါ့သူငယ်ချင်းရဲ့ဇနီးဆီကနေ ငှားလာခဲ့တာ။ ချင်မင်းဆက်ခေတ်ရဲ့ ဂန္တဝင်ဆရာကြီးတစ်ဦးက လက်ရာမြောက်စွာ ပြုလုပ်ထားတဲ့ ဒီဇီသာကို ကျောက်စိမ်းလေပြည်လို့ ခေါ်တယ်တဲ့။ ဇီသာအကြောင်းတော့ ငါ ဘာမှမသိဘူး။ ဒါကြောင့် ဒီဇီသာရဲ့အရည်အသွေးကို အကဲမဖြတ်ဝံ့ဘူး။”
ထန်ရှုက ကော်ဖီစားပွဲရှေ့သို့ လျှောက်သွားပြီး ပိုးစကို ညင်သာစွာ လှစ်လိုက်သည်။ သူ၏အရှေ့တွင် သပ်သပ်ရပ်ရပ်ဖြင့် လက်ရာမြောက်စွာ ထွင်းထုထားသည့် ဇီသာတစ်လက်က ဝင့်ဝင့်ကြွားကြွား ပေါ်လာခဲ့သည်။ ရွှေချည်ထင်းရှုးပင်၏အသားဖြင့် ပြုလုပ်ထားသော ဇီသာမှန်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိရှိနိုင်သည်။
…တင်…
ထန်ရှု၏လက်ချောင်းသွယ်သွယ်များက ကြိုးများအား တီးခတ်လိုက်သောအခါ သာယာသောတေးသွားတစ်ခု ထွက်ပေါ်လာသည်။
“ဒီဇီသာက တီးလို့အဆင်ပြေသားပဲ။ မဆိုးပါဘူး။"
ထန်ရှုက ခေါင်းညိတ်ကာ ဝကျေန်းပင်ကို ကြည့်လိုက်ပြီး "ခင်ဗျား သွားလို့ရပြီ။ မနက်ဖြန်ည ဒီမှာပဲ ဇီသာ ပြန်လာယူပေးပါ။”
ဝကျေန်းပင် တစ်ခုခု ပြောလိုဟန်ဖြင့် ချီတုံချတုံဖြစ်နေခဲ့သည်။ သို့သော် ထန်ရှု၏ အမူအရာကင်းမဲ့သောမျက်နှာအား မြင်ရသောအခါ သူ ပြောမည့်စကားများအား ပြန်မျိုချလိုက်ရသည်။ သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားတော့သည်။
ကျောက်စိမ်းလေပြည်ဇီသာအား ပိုးစဖြင့် ပြန်လည် ထုပ်ပိုးကာ ထန်ရှု ပိုက်ထားလိုက်ရင်း
“ချီနန် … မင်း ရှန်ဟိုင်းတက္ကသိုလ်ကို ဒီညလာရင် ငါ စင်မြင့်ပေါ် တက်ပြီးသွားတဲ့အထိ စောင့်ပေးပါ။ မင်း ပြန်တဲ့အခါကျရင် ဒီဇီသာကို ပြန်ယူသွားပေးပါဦး။ နောက်ပြီး ငါ့ကို တစ်ခုလောက် လုပ်ပေးစမ်းပါ … အကျင့်စာရိတ္တ ကောင်းတဲ့ အိမ်အကူတွေ လိုချင်လို့ ရှာပေးပါဦး။”
“စိတ်ချပါ။ ငါပြီးရင် နင့်ဆီ ဆက်သွယ်လိုက်မယ်။” ချီနန်က တလေးတစား တုံ့ပြန်လိုက်သည်။
“အိုကေ။”
ထန် ရှု ခေါင်းညိတ်ပြပြီး မုဝမ်ရင် နှင့်အတူ ထာဝရခန်းမကနေ ထွက်ခွာလာခဲ့သည်။ သူတို့ နှစ်ယောက်သည် တက္ကသိုလ်ဝင်းဆီသို့ တန်းမသွားဘဲ ကြယ်ပြာအိမ်ရာဝင်းဆီသို့ ပြန်လာသည်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲ စတင်ရန် နာရီအနည်းငယ် လိုသေးသောကြောင့် အရင်အနားယူရန်နှင့် ညစာစားပြီးမှ ကျောင်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။
အိမ်အတွင်း…
မုဝမ်ရင်က ဖုန်းပြောပြီးသည် နှင့် ထန်ရှုအား အပြုံးဖြင့် ကြည့်ကာ
“ထန်ရှု … ဒီည မောင်မယ်သစ်လွင်ဖျော်ဖြေပွဲက ပျော်စရာ စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်။”
“ဘာကြောင့် အဲ့လို ပြောတာလဲ။” ထန်ရှုက မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ငါ့သူငယ်ချင်းတစ်ယောက်က ခုပဲ ဖုန်းဆက်ပြီး ပြောတယ်။ ဒီညလုပ်မယ့်ပွဲမှာ ငါတို့ကျောင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ရှန်ဟိုင်းဖျော်ဖြေပွဲအတွက် လာပြီးပြင်ဆင်နေတဲ့ ကျန်းရှင်းယာကို ဆက်သွယ်ခဲ့တယ်တဲ့။ မောင်မယ်သစ်လွင်ကြိုဆိုပွဲရဲ့ အဖွင့်အခမ်းအနားမှာ ဖျော်ဖြေပေးမယ်လို့ ကြားတယ်။”
***