ငွေကြယ်ပွင့် အကူအညီ လိုအပ်နေခြင်း
Vol. 09 Ch. 441
ကြားလိုက်ရသောစကားသည် ထန်ရှုအား တွေဝသွေားစေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျန်းရှင်းယာ၏အမည်အား ခဏခဏ ကြားနေရရုံသာမက ရှန်ဟိုင်း၏နေရာများစွာတွင် ကျန်းရှင်းယာ၏ကြေညာဆိုင်းဘုတ်အား မြင်နိုင်ပေသည်။
သူမက တကယ်ကို ရေပန်းစားနေတာလား။
"မုဝမ်ရင် … မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပါဝင်ကူညီဖို့ ငွေကြယ်ပွင့်ကို ကျောင်းက တကယ်ပဲ သွားဖိတ်ခဲ့တာလား။"
"အရင်တုန်းက ဒီလိုမျိုးအဖြစ်အပျက်တွေ ရှိခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ ကျန်းရှင်းယာကို သိနေတဲ့လူ တစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့ မတော်တဆ တိုက်ဆိုင်မှုပါပဲ။ ဒါကြောင့် သူမကို ဖိတ်ခဲ့တာ။"
မုဝမ်ရင်က သက်တောင့်သက်သာ ရှိသော အပြုံးဖြင့် ပြန်ပြောသည်။
“အခုခေတ်မှာ နာမည်ကြီးတွေရဲ့ အကျိုးသက်ရောက်မှုက ပညာရေးအဖွဲ့အစည်းတွေအတွက် အထောက်အကူ ဖြစ်ပုံရတယ်။ ဒီအခွင့်အရေးကနေ ယူပြီး ကျော်ကြားမှုကို တိုးမြှင့်တာနေမယ်။”
ထန်ရှု တွေးတွေးဆဆဖြင့် ခေါင်းညိတ်သည်။
“အခုခေတ် နာမည်ကြီးကျောင်းတွေနဲ့ တက္ကသိုလ်တွေအားလုံးက ကျောင်းသားတွေ ထူးချွန်တာကို ပြိုင်သလို တိုးတက်မှုပြိုင်ဆိုင်တာလည်း ပြင်းထန်တယ်။” မုဝမ်ရင်ကလည်း သဘောတူသည်။
“အခုမှ စာသင်ကာလသက်တမ်းသစ် စတာဆိုတော့ ကျောင်းအတွက် အသုံးမဝင်နိုင်ပေမယ့် နောက်နှစ်အတွက်တော့ ဖြစ်နိုင်ပါတယ်။ ကျန်းရှင်းယာရဲ့ဆိုင်းဘုတ်နဲ့ အတော်ထူးချွန်တဲ့ ကျောင်းသားတွေကို နောက်ပိုင်းဆို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါ ပြောနိုင်တယ်။"
သည်စကားကို ကြားလိုက်သည့် ထန်ရှုက ပြုံးပြီး ခေါင်းယမ်းမိတော့သည်။
ကျောင်းတက်တာလား…
အခုခေတ်မှာ ဒီလိုမျိုး ကျောင်းသားဖြစ်ဖို့က အရေးမကြီးပေ။ အနာဂတ်တွင် အရမ်းကောင်းသည့် ဒီပလိုမာ လက်မှတ်အား ရထားခဲ့ရင်ပင် မည်သို့ဖြစ်မည်နည်း။ သူတို့သည် အလုပ်ရှာရန် အလျင်စလိုမဟုတ်ရင်တောင်မှ အခြားသူများအတွက် အလုပ်လုပ်ကြရသည်။ ကျောင်းသားအများစုသည် ကောလိပ်တွင် သုံးနှစ် သို့မဟုတ် လေးနှစ်ခန့် ပညာသင်ကြားရမည်ဖြစ်သော်လည်း လုပ်ငန်းခွင်ပညာကို တတ်မြောက်ရန် လူ့အဖွဲ့အစည်းသို့ စောစော ဝင်ရောက်ခြင်းက ၎င်းတို့အတွက် ပိုကောင်းလိမ့်မည်ဟု အခြားသူများထံမှ သူ ကြားဖူးသည်။
ဒါပေါ့ … ထန်ရှုလည်း ထိုထင်မြင်ချက်ကို လက်မခံ။ ကျောင်းသင်ခန်းစာများမှ ရရှိသော အသိပညာသည် အခြေခံအုတ်မြစ်ဖြစ်ပြီး လုပ်ငန်းခွင်တွင် လေ့လာခြင်းသည် လက်တွေ့လေ့ကျင့်မှုဖြစ်သည်။ အကယ်၍ ထက်မြက်သော ကျောင်းသားများသည် လက်တွေ့လေ့ကျင့်ရန်အချိန်ကို ခွဲဝေပေးရင်း သင်ခန်းစာစာအုပ်မှ အသိပညာကိုပါ ကျွမ်းကျင်စွာ ပေါင်းစပ်နိုင်လျှင် ထိုအရာသည် အကောင်းဆုံး ရွေးချယ်လုပ်ဆောင်မှုဖြစ်သည်။
နောက်ဆုံးတော့ ညနေဝင်ရီချိန် ရောက်လာခဲ့ပြီဖြစ်သည်။
ထန်ရှုနှင့် မုဝမ်ရင်တို့သည် အစားအစာများ ဝယ်ယူကာ နှစ်ယောက်သား အိမ်တွင် စားသောက်လိုက်သည်။ သန့်ရှင်းရေးလုပ်၊ပြင်ဆင်ပြီးသည်နှင့် ကျောင်းဆီသို့ ကားဖြင့် သွားကြသည်။ ယွဲ့ခိုင်နှင့် ကျန်သောသူများက သူ့အား အချိန်အတန်ကြာအောင် စောင့်နေခဲ့ရကြောင်း ဖုန်းထဲမှ ပြောပြခဲ့သည်။
“အစ်ကိုကြီး ထန်… မိန်းမချောလေးမု… မင်းတို့ ဘယ်လို…” ယွဲ့ခိုင်၏ချောမောသော မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ထင်ဟပ်နေသည်။
"အာ ဒါက ဒီလိုကွ … ဒီနေ့ နေ့လည်မှာ မုဝမ်ရင်ကို ငါ တွေ့ခဲ့တယ်။ သူက ငါ့ကို ဇီသာကူရှာပေးဖို့ ကျောင်းထဲက အတူထွက်လာကြတာ" ထန်ရှုက ရှင်းပြလိုက်သည်။
"ရခဲ့ပြီလား။" ယွဲ့ခိုင်က စိတ်ဝင်တစား မေးသည်။
ထန်ရှုက ခေါင်းခါလိုက်ပြီး
"အဲဒီဆိုင်တွေမှာ ရောင်းတဲ့ ဇီသာတွေရဲ့ အရည်အသွေးက ကြောက်စရာ ကောင်းလောက်အောင် ညံ့တာမို့ တစ်လက် ငှားလိုက်ရတယ်။"
ယွဲ့ခိုင်က ခပ်ဖွဖွရယ်မောပြီး
"ကောင်းပြီ။ ဒီည မင်း ဘာတွေလုပ်ပြနိုင်လဲ ကြည့်ရအောင်။ ငါတို့အဆောင်ကို မျက်နှာပျက်အောင် မလုပ်ခဲ့နဲ့နော်။”
ယွဲ့ခိုင်အား တည်ငြိမ်သော အပြုံးဖြင့် တုံ့ပြန်ရင်း ထန်ရှုက မုဝမ်ရင်ဘက်သို့ လှည့်ကာ
"မင်း ငါတို့နဲ့ ကျောင်းဝင်းစည်းဝေးခန်းမကို တန်းသွားမလား။ ဒါမှမဟုတ်…”
"ငါ အဆောင် အရင်ပြန်လိုက်ဦးမယ်။ တခြားသူတွေက ငါ့ကို အဲ့ဒီမှာ စောင့်နေတယ်။" မုဝမ်ရင်က ပြန်ပြောသည်။
ယွဲ့ခိုင်နှင့် ဟူချင်းစုန့်အား ပြန်ကြည့်လိုက်ရင်း ထန်ရှုက "မင်းတို့ထဲက တစ်ယောက်ယောက်က သူ့ကို ကားမောင်းပို့ပေးလိုက်လေ။ ဒီကနေ အမျိုးသမီးအဆောင်ကို သွားရတာ တော်တော် ကြာလိမ့်မယ်။”
"ငါ သွားမယ်။"
"ငါသွားမယ်။"
ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့၏အသံများ တစ်သံတည်း ထွက်လာကြသည်။
မုဝမ်ရင်သည် ထန်ရှုကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့သောအသံလေးဖြင့်
"ငါ့ကို လိုက်ပို့စရာမလိုပါဘူး။ ငါ့ဘာသာ လမ်းလျှောက်သွားလိုက်မယ်။"
ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
မုဝမ်ရင်၏အရိပ် ခပ်ဝေးဝေးလမ်းထောင့်တစ်နေရာတွင် ပျောက်ကွယ်သွားသောအခါ ယွဲ့ခိုင်သည် ဟူချင်းစုန့်ကို စိုက်ကြည့်လိုက်ပြီး ကျယ်လောင်သောအသံဖြင့်
"ဟေး … မုဝမ်ရင်က ငါ့ကောင်မလေးနော် ... သူငယ်ချင်း။ ငါနဲ့ ပြိုင်မလုနဲ့။"
ဟူချင်းစုန့်ကလည်း သူ့အား အလားတူ စိုက်ကြည့်ကာ ပြန်အော်သည်။
"ဒါက ငါ့လိုင်းပဲ။ မုဝမ်ရင်က ငါ့ကောင်မလေး။ သူမအတွက် ဘယ်တော့မှ ငါနဲ့ ရန်လာမဖြစ်နဲ့။"
တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသော ထိုနှစ်ယောက်အား ပြောစရာစကားမဲ့စွာ၊မယုံကြည်နိုင်စွာဖြင့် ထန်ရှုက ချက်ချင်းပင် မချိပြုံး ပြုံးမိကာ
“ဟေ့ မင်းတို့နှစ်ယောက် ကောင်းကောင်းမွန်မွန် ပြောကြကွာ။ ဒီလိုအသေးအဖွဲကိစ္စအတွက် ရန်မဖြစ်ကြနဲ့။"
ရွှဲ့ချောင်က သဘောတူပြီး ခေါင်းညိတ်ပြီး
“ဟုတ်တယ်။ အဲ့ဒါက အသေးအဖွဲကိစ္စပဲ။ နောက်ပြီး မုဝမ်ရင်က ဘော့စ်ထန်ကို သဘောကျနေတာ အသိသာကြီးကွာ။ မင်းတို့ထဲက တစ်ယောက်ယောက်က အနိုင်ရရင်တောင် သူက လှည့်တောင်ကြည့်မှာမဟုတ်ဘူး။”
"ပါးစပ်ပိတ်ထား။"
"ပါးစပ်ပိတ်ထား။"
ယွဲ့ခိုင်နှင့် ဟူချင်းစုန့်က ချက်ချင်းပင် သူ့အား လှမ်းအော်လိုက်သည်။
ရွှဲ့ချောင်က မနိုင်ဘူးဟူသော အမူအရာဖြင့် ပခုံးတွန့်ကာ လက်ဝါး၂ဘက် ဖြန့်လိုက်သည်။
ထို့နောက် … ထိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် မကျေမနပ်ဖြင့် စူးစူးဝါးဝါး ကြည့်နေကြသည်။ သူတို့သည် ငတုံးများမဟုတ်သောကြောင့် ထန်ရှုအပေါ် မုဝမ်ရင်၏စိတ်ဝင်စားမှုအား သူတို့ မည်ကဲ့သို့ မမြင်နိုင် ရှိပါမည်နည်း။ သို့သော် သူတို့သည် ထိုကဲ့သို့ မိန်းမောစရာ ကောင်းလောက်အောင် လှသည့် မိန်းမလှလေးအား စွန့်လွှတ်ရန် အမှန်တကယ်ပင် ဝန်လေးခဲ့ခြင်းဖြစ်ပေသည်။
ခဏတာတိတ်ဆိတ်သွားပြီးနောက် ဟူချင်းစုန့်သည် ရုတ်တရက် ထန်ရှုကို လှည့်ကြည့်ကာ
"အစ်ကိုကြီး ထန် … ထမင်း၃နပ်အပြင် ငါ အော်ဒီ အေ၈ကို သုံးရက်လောက် မောင်းချင်တယ်။"
"ဟမ်…" ထန်ရှု တစ်ချက်ကြောင်သွားကာ
"မင်း ဘာကိုဆိုလိုတာလဲ။"
"ငါ မင်းကို မိန်းမချောလေးမုကို ပေးတယ်။" ဟူချင်းစုန့်က ပြောသည်။
ထန်ရှု ရယ်ရခက် ငိုရခက် ဖြစ်သွားရပြီး
“ဟေ့ရောင်ရေ … ငါ့ကို မင်းတို့ပြသနာထဲ ဆွဲမထည့်တာ ပိုကောင်းတယ်။ ငါ သူမကို စိတ်မဝင်စားဘူး။ မင်း သူမကို သဘောကျရင် လွတ်လွတ်လပ်လပ် လိုက်ပါ။"
"မင်းသာ ဒီကမ္ဘာမြေက မပျောက်ကွယ်သွားရင် ငါတို့မှာ အခွင့်အရေးရှိပါ့မလား။ ဒါက အားကုန်တာပဲရှိတယ်။ ဒီတော့ ငါတို့ရဲ့အချိန်တွေကို ဖြုန်းတာထက် မင်းဆီက ရသလောက် ညှစ်တာက ပိုကောင်းလိမ့်မယ်။ ကဲ ဖြတ်ရအောင်။ ထမင်းသုံးနပ်နဲ့ အော်ဒီအေ၈ ကို သုံးရက် ပေးစီးပါ။ ငါ့ပစ်မှတ်ကို နောက်မှပြောင်းမယ်။" ဟူချင်းစုန့်က မျက်လုံးပြူးပြကာ ပြောလိုက်သည်။
"ငါ့ရဲ့ စိတ်ရင်းစေတနာကြောင့် အမြတ်ထုတ်ခံနေရတဲ့ ငတုံးတစ်ယောက်လို ငါ ဘာကြောင့် ခံစားနေရတာလဲ။" ထန်ရှုက စိတ်ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ပြီး
"မေ့လိုက်တော့။ မင်း သူ့ကို လိုက်ချင်သည်ဖြစ်စေ မလိုက်ချင်သည်ဖြစ်စေ မင်းရဲ့အလုပ်ပဲ။ ထမင်း သုံးနပ် စားချင်တယ် မဟုတ်လား ။ အဲဒါက ပြဿနာမရှိပါဘူး၊ ကားသော့ကိုလည်း အချိန်မရွေး ပေးနိုင်တယ်။ အဲ့ဒါဆို မင်း အဆင်ပြေပြီလား။"
ဟူချင်းစုန့်က ကျေနပ်စွာ ခေါင်းညိတ်ပြရင်း ထန်ရှု၏ပုခုံးကို ဖက်လိုက်ကာ
"အစ်ကိုကြီးထန် … မင်းက စွန်းလန်းတာပဲ။ ယဲ့ခိုင် မင်းကော ဘယ်လိုလဲ။ မြစ်ဝါမြစ်ကို ရောက်အောင် သွားမလား ဒါမှမဟုတ် စွန့်လွှတ်ဖို့ ဆန္ဒရှိသလား။ မင်း မလုပ်ချင်ရင် မင်း မိန်းကလေးမုကို ဆက်လိုက်လို့ရတယ်။ နှလုံးသွေးယိုပြီး ခေါင်းမကောင်းတော့တဲ့မင်းကို ငါ မြင်ချင်သေးတယ်။ လက်ဗလာနဲ့ စိတ်ပျက်လက်ပျက် ဖြစ်လာမယ့်မင်းကို ငါ တချက် အရသာခံ ကြည့်ချင်တယ်။"
“ယီးပဲ…” ယွဲ့ခိုင် လက်ခလယ် ထောင်ပြလိုက်သည်။ ထို့နောက် သူက ထန်ရှုကို ကြည့်ပြီး
"အစ်ကိုကြီးထန် … ငါ့အတွက် ထမင်း၆နပ်အပြင် မင်းရဲ့ လင်ရိုဗာဆာ့ဖ်ကားစီးရီးကို ခြောက်ရက်လောက် မောင်းခွင့်ပေး။ ပြီးရင် ငါလည်း စွန့်လွှတ်လိုက်မယ်။"
သူ့အား မျက်လုံး လှန်ကြည့်ရင်း ထန်ရှုသည် ယွဲ့ခိုင်အား ကားသော့ပေးလိုက်ပြီး
"မင်းတို့ထဲက တစ်ယောက်ယောက်က ကျောက်လျန့်ကို ဒီကိစ္စ ပြောပြရင် ဒီသဘောတူထားတာကို ဖျက်ပစ်မယ်။"
ယွဲ့ခိုင်က ရယ်ကြဲကြဲဖြင့် လင်ရိုဗာကားသော့ကို ယူလိုက်သည်။ ထို့နောက် သူက ထန်ရှုအား ရွှတ်ကနဲ နမ်းလိုက်ပြီး အပြုံးဖြင့်
"အရူးသာ ကျောက်လျန့်ကို ဒီလိုကောင်းတဲ့ကိစ္စ ပြောလိမ့်မယ်။ အဲ့ကောင်က ရုပ်လေးချောပေမဲ့ သူ ငါ့ကို ဘယ်လိုမှ ယှဉ်လို့ မရဘူး။ ဒါပေမဲ့ အစ်ကိုကြီး … မင်း တကယ် မုဝမ်ရင်ကို မလိုက်ဘူးလား။ ငါ့အတွက်တော့ သူမဟာ အကောင်းဆုံးပုံစံ၊ စိတ်ဓာတ်နဲ့ အကောင်းဆုံး အမျိုးသမီးပါ။ သေချာတာကတော့ ငါ မြင်ဖူးသမျှထဲမှာ သူမက အရည်အချင်းအရှိဆုံး အမျိုးသမီးပဲ။”
"ငါ တကယ် သူမကို စိတ်မဝင်စားဘူး ဟုတ်ပြီလား။" ထန်ရှုက မျက်လုံး လှန်ကြည့်လိုက်ပြီး ခပ်ဆတ်ဆတ် ပြောလိုက်သည်။
"ငါတို့ အတွက် အခု အရေးကြီးဆုံးအရာက စာလေ့လာဖို့နဲ့ အနာဂတ်အတွက် တွေးထားဖို့လို့ ငါထင်တယ်။ ပြီးတော့ လုပ်ငန်းတစ်ခုခုလုပ်ဖို့ အချိန်ဖဲ့ပေးနိုင်ရင် အကောင်းဆုံးပဲ။”
“အစ်ကိုကြီး … ငါတို့ တက္ကသိုလ်လာတက်တာ စာလေ့လာဖို့ပါပဲ။ ဒါပေမယ့် မင်းက တကယ်ကို စေ့စေ့စပ်စပ် လေ့လာဖို့ ရည်ရွယ်ထားတာလား။ စီးပွားရေးလုပ်ဖို့အတွက်ကတော့ … အဟမ်း … ငါတို့ကို မနောက်ပါနဲ့ကွာ … အဲ့ဒါကို ချန်ထားခဲ့လို့ရမလား။ ငါတို့မှာ အရင်းအနှီး ရှိတယ်ဆိုရင်တောင် ငါတို့မှာ အဲဒီလိုလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။”ယွဲ့ခိုင်က ရယ်နေသည်။
"အစ်ကိုကြီးထန် … အိပ်မက်ထဲမှာ စကားမပြောနဲ့။ ဟေး … သူ့ကို နှိုးဖို့ ငါတို့ သူ့ကို ထိုးရမလား ။ တက္ကသိုလ်ကျောင်းသား စီးပွားရေးလုပ်ဖို့ဆိုတာက ဟာသလိုပဲ။”ဟူချင်းစုန့်က ပြုံးကာ ပြောသည်။
ထန်ရှု မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။
…သူတို့ကို ငါက အထက်တန်းကျောင်းကတည်းက စီးပွားရေးစလုပ်နေပြီလို့ ပြောပြရမလား…
…သူတို့မျက်လုံးတွေ ပြူးသွားကြမလား…
"ဒါဆို ငါတို့သွားရအောင်။ ကျောင်းစည်းဝေးပွဲခန်းမကို ဒိုးကြစို့။”
သူတို့တွင် ရှိသည့်အရာများကို ထုတ်ဖော်မပြဖို့အတွက် ထန်ရှုတို့အုပ်စုသည် ကားထပ်မမောင်းတော့ဘဲ ကျောင်းစည်းဝေးခန်းမဆီ လမ်းလျှောက်သွားခဲ့သည်။
အတွင်းသို့ ရောက်သောအခါတွင် ဌာနနှင့်အတန်းအလိုက် ထိုင်ခုံများ စီစဉ်ထားသည်ကို တွေ့ရှိရသည်။ ခန်းမထဲတွင် လူတစ်သောင်းနီးပါး ဆန့်ပေသည်။
"ဒါနဲ့ အစ်ကိုကြီးထန် … အတန်းတစ်ခုစီကနေ ပါဝင်ဖျော်ဖြေမယ့်သူတိုင်းက ဒီနေရာကနေ လက်မှတ်ထိုးဝင်ပြီး စင်အနောက်ကို သွားရမယ်။ နောက်ပြီး ပါဝင်တဲ့သူတွေ အနားယူဖို့အတွက် အနောက်မှာ အခန်းတစ်ခန်းလည်း ရှိတယ်။ မင်းရဲ့ဖျော်ဖြေပွဲပြီးရင် ပရိသတ်ထဲ မင်းထွက်လာလို့ရတယ်။” ဟူချင်းစုန့်က အသိပေးသည်။
ထိုစကားကိုကြားပြီးနောက် ထန်ရှုသည် ဇီသာကို ကိုင်ကာ ခေါင်းညိတ်လိုက်သည်။
အနီးဝန်းကျင်အား မေးပြီးနောက် ခန်းမနောက်ဘက်ရှိ ကော်ရစ်ဒါသို့ လျင်မြန်စွာ ရောက်လာသည်။ ထိုနေရာတွင် အတွေ့အကြုံမရှိ ရိုးသားသော ကျောင်းသားသစ်၊ ကျောင်းသူသစ်များဖြင့် စည်ကားနေသည်ကို ထန်ရှု တွေ့လိုက်သည်။ ကော်ရစ်ဒါတလျှောက်ရှိ အခန်းတံခါးများပေါ်တွင် အမှတ်အသားပြုထားသော ဌာနဆိုင်ရာများနှင့် အတန်းများ၏ အမည်အတိုင်း ထန်ရှု လိုက်လာခဲ့ပြီး ပြပွဲတွင် ပါဝင်မည့် ကျောင်းသားတွေ နေမည့် အခန်းကို အလွယ်တကူ ရှာတွေ့နိုင်သည်။
မိတ်ကပ်များ ပြင်ဆင်နေသည့် နူးညံ့သောမိန်းကလေးသည် ထန်ရှု သူမ၏ဘေးတွင် လာထိုင်သည်ကို မြင်လိုက်သည်။ သူမက ချက်ချင်း ခေါင်းလှည့်လာကာ
"ထန်ရှု … နင် ကိုင်ထားတာ ဇီသာလား။"
"ဟုတ်တယ်။ ဇီသာပါ။" ထန်ရှုက ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။
"ဒါဆို နင် တင်ဆက်မှာက ဇီသာတီးတာလား။" ကောင်မလေးက ထပ်မေးလိုက်သည်။
“ဟုတ်တယ်။ ဆိုတီးလေးပေါ့။” ထန်ရှု လွယ်လွယ် ပြန်ဖြေသည်။
"ဒါ အံ့သြစရာပဲ။" ကောင်မလေးက သူ့ကို လက်မထောင်ပြပြီး ”ဇီသာတီးနိုင်တဲ့ ကောင်လေးတွေရှိသေးတယ်လို့ ထင်နေပေမယ့် နင်က တကယ်ဆိုတီးနိုင်တာပဲ။ ဒါနဲ့ သီချင်းဆိုတာ အရမ်းကောင်းလား။"
"အင်း … မဆိုးပါဘူး။" ထန်ရှုက ရယ်ရင်း ဖြေသည်။
ကောင်မလေးသည် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်ကာ သူမ၏မိတ်ကပ်အား ဆက်၍လိမ်းနေပြီး သူနှင့်စကားဆက်မပြောတော့ပေ။
ယခုအချိန်တွင် ဤအခန်းထဲရှိ ကျောင်းသားတစ်ဒါဇင် သို့မဟုတ် ထို့ထက်မကသည် ၎င်းတို့၏မိတ်ကပ်လိမ်းခြင်း၊ နောက်ဆုံးမိနစ်ပြင်ဆင်မှုများ ပြုလုပ်ခြင်း သို့မဟုတ် လာမည့် ဖျော်ဖြေပွဲနှင့်ရင်းနှီးကျွမ်းဝင်အောင် လုပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ သို့သော် ထန်ရှုသည် ထိုင်ခုံတွင် ထိုင်ပြီးသည်နှင့် သူ၏ဖုန်းကို ထုတ်ကာ အင်တာနက် ကြည့်နေသည်။ သူသည် ဇီသာအား တစ်ခါတည်း သီဆိုတီးခတ်နိုင်သောကြောင့် ဖျော်ဖြေတင်ဆက်မှုအတွက် လေ့ကျင့်ရန် မလိုခဲ့ပေ။
ဤအချိန်အတောအတွင်း သမိုင်းဌာန၏ဇာတ်စင်အနောက်နှင့် မီတာအနည်းငယ်အကွာအဝေးရှိ အခြားအခန်းတွင် မိတ်ကပ်ပညာရှင်အများအပြားက ကျန်းရှင်းယာကို ဝိုင်းရံပြီး မိတ်ကပ်လိမ်းပေးနေသည်။
သူမ၏အနောက်တွင် စိတ်ကသိကအောက်ဖြစ်နေသော အပြုံးဖြင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် တံခါးအပြင်ဘက်အား ရံဖန်ရံခါ ကြည့်နေသည်။
…ကျွီ…
တံခါးပွင့်လာပြီး ရှန်ဟိုင်းတက္ကသိုလ် ဒုတိယဥက္ကဌလီသည် မချိပြုံးပြုံးကာ ဝင်လာခဲ့သည်။ သူသည် ကျန်းရှင်းယာအား လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး သက်လတ်ပိုင်း အမျိုးသမီးဆီသို့ လှည့်ကာ
“ငါ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူး။ ရှန်ဟိုင်းတက္ကသိုလ်က ဂီတသင်တန်းကျောင်းမဟုတ်တော့ စွယ်စုံတီးခတ်နိုင်တဲ့ ဆရာ ဒါမှမဟုတ် ကျောင်းသားက နည်းနည်းပဲရှိတာ။ လူတချို့ကိုတော့ ကျောင်းအပြင်ထွက်ပြီး ရှာခိုင်းထားတယ်။ သူတို့ ဒီကို လာဖို့ အချိန်မီပါ့မလား မသိဘူး။”
"ဒုဥက္ကဌလီ … ငါတို့ ဇီသာတီးနိုင်တဲ့သူကို ရှာမှရမယ်။" သက်လတ်ပိုင်းအမျိုးသမီးက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။
“ကျွန်မတို့ဆီက အသံသွင်းထားတဲ့ တေးဂီတကို ယူလာဖို့ မေ့သွားတာ။ အခုပြန်သွားယူရင် အရမ်းနောက်ကျသွားပြီ။ ဒါကြောင့်…”
သက်လတ်ပိုင်း ဒုဥက္ကဌလီက သက်ပြင်းချမိသည်။
သူသည် ထိုအမျိုးသမီးနှင့် စကားစမြည်ပြောကာ ကြံရာမရဖြစ်နေကြစဉ် တက္ကသိုလ်ကထိကတစ်ဦးသည် စာရင်းကို ကိုင်ဆောင်ထားကာ အခန်းထဲသို့ အလျင်အမြန်ရောက်လာပြီး
“တစ်ယောက်တွေ့ပြီ။ ကျွန်မတို့ကျောင်းမှာ ဇီသာတီးပြီး သီချင်းဆိုဖို့ စာရင်းသွင်းထားတဲ့ ကျောင်းသားတစ်ယောက် ရှိနေတယ်။ ကျွန်မတို့ သူ့ကို စမ်းကြည့်ရင်ရော။"
ဒုဥက္ကဌလီ၏မျက်နှာထက်တွင် စိတ်သက်သာရာရကာ ပျော်ရွှင်သွားသည့်အမူအရာ ပေါ်လာသည်။ အစီအစဉ်စာရွက်အား အမြန်ယူလိုက်ပြီး အထဲက အကြောင်းအရာကို ဖတ်ပြီးသည်နှင့် ချက်ချင်းပင်
“သူ့ကို အချိန်ယူပြီး မြန်မြန်ရှာလိုက်။ အခြေအနေက ဒီအဆင့်ကို ရောက်နေပြီမို့ ကြိုးစားကြည့်ဖို့ကလွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး။”
မိတ်ကပ်လိမ်းချယ်နေဆဲဖြစ်သော ကျန်းရှင်းယာသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အတန်ငယ် စိတ်မကြည်သာသော အမူအရာဖြင့် သူမက
“ဒုဥက္ကဌလီ … ရှင် ဘာတွေ ပြောနေတာလဲ။ ရှင်ပြောနေတာက မြင်းသေတစ်ကောင်ကို ဆေးဝါးပေးသလိုမျိုး မျှော်လင့်ချက် ကုန်ဆုံးတဲ့ အားထုတ်မှုတစ်ခုလိုပဲ။ ကျွန်မတို့ သီဆိုမယ့် အမျိုးအစားက ဂန္တဝင်တေးဂီတအမျိုးအစားလို့ ယူဆလို့ ရတယ်။ အဲ့ဒီကျောင်းသားက အစီအစဉ်မှာ ဇီသာနဲ့ သီချင်းဆိုဖို့ စာရင်းသွင်းထားတယ်ဆိုပေမယ့် ကျွန်မတို့ကို အကူအညီပေးနိုင်ဖို့ မသေချာဘူး။ နောက်ပြီး ရှင်တို့ရှန်ဟိုင်းတက္ကသိုလ်ရဲ့မောင်မယ်သစ်လွင်ကြိုဆိုပွဲက စဖို့ နာရီဝက်ပဲ လိုတော့တာ။ အရင်က အတူတူ လက်တွဲလုပ်ဖူးတာတောင်မှ မျှော်လင့်ထားသလို ဖြစ်မလာမှာကို ကျွန်မ ကြောက်တယ်။”
***