ငါတို့ အခန်းတစ်ခန်း ကြိုမှာယူရအောင်
Vol. 09 Ch. 442
ကျန်းရှင်းယာ ပြောသည်မှာ ပုံမှန်အတိုင်း ကျိုးကြောင်းဆင်လျော်မှု ရှိသည်ကို ဒုဥက္ကလီ သိသည်။ တခဏလောက် တုံ့ဆိုင်းနေပြီးမှ သူက အားယူပြုံးလိုက်ပြီး "ငါတို့လုပ်နိုင်တာ မရှိတော့ဘူး ရှင်းယာ။ အခုလောလောဆယ်မှာတော့ မင်း သီချင်းပြောင်းပြီး တေးဂီတသံကို အင်တာနက်ကနေ ဒေါင်းလုဒ်ဆွဲရင်ဆွဲ ဒါမှမဟုတ် အဲဒီကျောင်းသား ထန်ရှုကို မင်းနဲ့ ကူညီတွဲဖက်ခွင့်ပေးရင်ပေး ဒီ၂ခုပဲ ရွေးချယ်စရာ ရှိတော့တယ်။"
“အဲဒါ…” အစောပိုင်းတွင် ကျန်းရှင်းယာသည် ခံစားချက် မရှိသည့် ပုံစံနှင့် ပြောခဲ့သော်လည်း ဥက္ကဌလီ၏ စကားများအား ကြားလိုက်သောအခါ စင်ပေါ်တက်ဖျော်ဖြေမည့်စာရင်းအား ယူကြည့်ရန် အမြန်လှည့်လိုက်သည်။ သူမ၏မျက်လုံးများက ရင်းနှီးနေသော နာမည်အား လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
…ထန်ရှုတဲ့လား … အဲ့ဒါ သူ … သူ ဖြစ်လေမလား…
ကျန်းရှင်းယာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လေးနက်သော အမူအရာဖြင့်
"ထန်ရှုလို့ခေါ်တဲ့ အဲ့ဒီကျောင်းသားနဲ့ အရင်တွေ့ချင်ပါတယ်။"
“သူ့ကိုခေါ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။” ဒုဥက္ကလီက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
သမိုင်းဌာန အနားယူခန်းတွင်...
ထန်ရှု ဖုန်းသုံးရင်း စိတ်ဝင်စားသော ဝဘ်ဆိုဒ်များကို ကြည့်နေစဉ် တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်က သူ၏နာမည်အား ခေါ်လိုက်သံကို ကြားလိုက်ရသည်။ သူသည် ထိုခေါ်လိုက်သူအား ဖြည်းညှင်းစွာ လှည့်ကြည့်ပြီးနောက် မေးရန်အတွက် ထကာ လျှောက်သွားလိုက်သည်။
"ကျွန်တော်က ထန်ရှုပါ။ ခင်ဗျားက...။"
အမျိုးသမီးက ချက်ချင်းပြုံးလိုက်ကာ
"ဟယ်လို ကျောင်းသား ထန်ရှု … ငါက ဒီတက္ကသိုလ်ထဲက ပညာရေးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ယောက်ပါ။ ငါ့ကို ဆရာမဝမ်လို့ ခေါ်နိုင်တယ်။ ဒါနဲ့ ငါတို့ မင်းရဲ့အကူအညီ လိုနေလို့ မင်း ငါ့နဲ့ လိုက်ခဲ့လို့ ရမလား။"
"အဲ့ဒါ ဘာလဲ။" ထန်ရှု ပဟေဠိဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။
“အသေးစိတ် သိချင်ရင် ငါ့နောက်ကို လိုက်ခဲ့ပါ။ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ဒုဥက္ကဌလီက မင်းကို တခြားဧည့်ခန်းမှာ စောင့်နေတယ်။"
"ဟုတ်ကဲ့ဗျ။" ထန်ရှု သူ၏ဇီသာအား ပြန်လှည့်ယူကာ ဆရာမဝမ်၏အနောက်သို့ လိုက်သွားသည်။
သိပ်မကြာမီ ထန်ရှုသည် ကျန်းရှင်းယာရှိသည့် အခန်းတံခါးဝတွင် ပေါ်လာသည်။
ငွေကြယ်ပွင့်၏အကြည့်များသည် ရုတ်တရက် တောက်ပလာပြီး သူမ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်တစ်ခု ဝိုးတဝါး ပေါ်လာသည်။
သူမ၏အကြည့်များသည် ဒုဥက္ကဌလီ နှင့် သူမ၏မန်နေဂျာအား ပဟေဠိ ဖြစ်စေသည်။ အထူးသဖြင့် သူမသည် ထန်ရှုဆီသို့ အပြေးသွားပြီး စိတ်လှုပ်ရှားစွာ ပြောနေခြင်းဖြစ်သည်။
“ထန်ရှု … ငါ နင့်ကို တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကောင်းလိုက်တာ။”
အခန်းတွင်းအား ဝေ့ကာကြည့်လိုက်ပြီးနောက် ထန်ရှုက အပြုံးဖြင့်
"ငါတို့ရှန်ဟိုင်းတက္ကသိုလ်အတွက် မင်းက လျှို့ဝှက်ဧည့်သည်တစ်ယောက် ဖြစ်သလို မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုလည်း တက်ရောက်မယ်ဆိုတာ ငါ့အတန်းဖော်တွေ အစောပိုင်းက ပြောဖူးတယ်။ ဒါနဲ့ ရှန်ဟိုင်းမှာ ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ငါ ကြားတယ် ဟုတ်လား။”
"ဟုတ်တယ်။ ဒုဥက္ကဌလီနဲ့က အရင်ကတည်းက သိကျွမ်းခဲ့တာဆိုတော့ ငါ့ကို ဖိတ်လိုက်ကြတာ။" ကျန်းရှင်းယာက အပြုံးဖြင့် ပြန်ဖြေသည်။
"ကောင်းတယ်။ ငါတို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲပြီးရင် လျှောက်သွားရအောင်။ ငါ့ကို ဒီည ညစာစားဖို့ အဖော်လိုက်ပေး။"
"အာ … အဲ့ဒါတော့ မေ့ထားလိုက်ဦး။ အဆောင်က ညနေစောစောဆို ပိတ်သွားပြီ။ နောက်ကျသွားရင် ဒုက္ခရောက်လိမ့်မယ်။”ထန်ရှုက ရယ်ရယ်မောမော ပြန်ပြောသည်။
ကျန်းရှင်းယာက တုံ့ဆိုင်းခြင်းမရှိဘဲ
"အဆင်ပြေသွားမှာပါ။ နင့်အဆောင်က စောစောပိတ်တတ်ရင် ငါတို့ ဟိုတယ်မှာ အခန်းတစ်ခန်း ကြိုမှာထားလိုက်တာပေါ့။"
အခန်းတစ်ခန်း ကြိုမှာထားမယ်ဟုတ်လား …
အခန်းထဲတွင် လက်ရှိ ရှိနေကြသော ဒုဥက္ကဌလီ၊ ကျန်းရှင်းယာ၏ အမျိုးသမီးမန်နေဂျာ၊ ထန်ရှုအား ခေါ်ဆောင်လာသော ဆရာမနှင့် မိတ်ကပ်ပြင်သူများအားလုံး ကျန်းရှင်းယာအား မယုံကြည်နိုင်စွာ ကြည့်ရင်း ကျောက်ရုပ်ပမာ ဖြစ်သွားကြသည်။ ကျန်းရှင်းယာသည် ထန်ရှုအား သိနေလိမ့်မည် မထင်ထားရုံသာမက ဟိုတယ်တွင် ထန်ရှုနှင့် တစ်ခန်းတည်းနေရန် ကြိုတင်မှာယူမည်ဟူသော စကားအား သူမ ပြောလာခြင်းသည် သူတို့ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။
ကျန်းရှင်းယာ မည်သူဖြစ်ပါသနည်း။ သူမသည် တရုတ်နိုင်ငံတွင် လူသိအများဆုံး အနုပညာကြယ်ပွင့်တစ်ခု ဖြစ်သည်။ သူမသည် နိုင်ငံအတွင်းသာမက အာရှတလွှားတွင်ပါ နာမည်ကျော်ကြားသည့်အပြင် ကမ္ဘာအနှံ့တွင်ပင် ကြီးမားသော လွှမ်းမိုးမှု ရှိပေသည်။
“ရှင်းယာ … ကျေးဇူးပြုပြီး နင့်စကားတွေကို ပိုပြီးသတိထားပါဦး။” မန်နေဂျာအမျိုးသမီးက အလျင်စလို သတိပေးလိုက်သည်။
ကျန်းရှင်းယာက သူမအား ပြန်ကြည့်လာပြီး အပြစ်ကင်းစင်သော အပြုံးဖြင့်
“ကိစ္စမရှိပါဘူး အစ်မချန်းရ။ ထန်ရှုနဲ့ ညီမက တအားခင်တဲ့ သူငယ်ချင်းတွေလေ။ သူ ညီမကို အများကြီးအကူအညီ ပေးဖူးတယ်။”
သူမ၏စကားကိုကြားပြီး မန်နေဂျာခမျာ အားတင်းကာသာ ပြုံးလိုက်မိတော့သည်။
ကျန်းရှင်းယာက ချက်ချင်းပင် ထန်ရှုအား ပြန်ကြည့်ကာ လေးနက်သောအပြုံးဖြင့်
“ဒါနဲ့ … ထန်ရှု … ငါ နင့်ကို ဒီည ဒုက္ခပေးရဦးမယ်။ ငါ ဆိုမယ့်သီချင်းက ဇီသာတီးခတ်ဖို့ အကူအညီလိုနေလို့။”
အံ့အားသင့်သွားသော ထန်ရှုက သံသယမကင်းစွာဖြင့်
“မင်း ငါ့ဆီက ဇီသာတီးတဲ့အကူအညီ ယူဖို့များ တွေးနေတာလား။ ဒီမှာ မရှိ …”
“ငါ့သီချင်းကို အထောက်အပံ့ပေးမယ့် ဇီသာတေးသံကို စီဒီတစ်ချပ်နဲ့ အသံသွင်းထားပြီးသား။ ဒါပေမယ့် လောလောနဲ့ လာလိုက်ရတော့ မေ့ကျန်ခဲ့တယ်။ အဲ့ဒါကြောင့် နင် ငါ့ကို ကူညီပေးပါဟယ်။ ငါ နင့်ကို ညစာကျွေးပြီး ကျေးဇူးဆပ်ပါမယ်။” ကျန်းရှင်းယာ အကူအညီမဲ့နေစွာ ပြောပြသည်။
ထန်ရှု ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းညိတ်ပြကာ
“ငါက ပြသနာမရှိပါဘူး။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ခေတ်သစ်တေးဂီတမှတ်တွေကို ငါ နားမလည်ဘူး။ မင်းရဲ့သီချင်းသံစဉ်ကို တီးပြနိုင်တယ်မဟုတ်လား။”
“တီးပြနိုင်တယ်။” ကျန်းရှင်းယာက အမြန်ခေါင်းညိတ်သည်။
“အဲ့ဒါဆို ငါ့ကို ၂ခေါက်လောက် တီးပြပေးပါ။ ငါ နားထောင်ဖို့လိုတယ်။ ပြီးရင်တော့ အတူစမ်းကြည့်ကြတာပေါ့။ ပြသနာတစ်စုံတစ်ရာ မရှိဘူးဆိုရင်တော့ မင်း သီချင်းဆိုတာကို ငါ ကူတီးပေးလို့ရတယ်။” ထန်ရှုက တောင်းဆိုလိုက်သည်။
“ကောင်းပြီ။” ကျန်းရှင်းယာ၏အပြုံးများ ပိုမို တောက်ပသွားသည်။
ထို့နောက် သူမက ဒုဥက္ကဌလီအား ကြည့်လိုက်ကာ
“ဒုဥက္ကဌလီ … ရှင် အပြင်မှာ စောင့်ပေးလို့ရမလား။”
ဒုဥက္ကဌလီ စိတ်တွင်းတွင် မသက်မသာဖြစ်နေပြီး ချီတုံချတုံ ဖြစ်နေသည်။ သူသည် တေးဂီတအကြောင်း မသိသော်လည်း ကျန်းရှင်းယာ ၂ခေါက်တီးပြသည်ကို နားထောင်ပြီး ထန်ရှု တီးနိုင်ပါ့မလားဆိုသည်ကို ယုံကြည်ရန် ခက်နေပေသည်။ ထို့ပြင် ထန်ရှုကိုယ်တိုင်က သူသည် ဇီသာတီးပြီး သီချင်းဆိုရန် စာရင်းသွင်းထားသော်လည်း တေးဂီတမှတ်များကို မသိပါဟု ဝန်ခံထားပေရာ တကယ်ကို ရိုးရှင်းသည့် ဟာသတစ်ခု ဖြစ်တော့သည်။
“ရှင်းယာ … ငါတို့ ဘေးမှာနေပြီး နားထောင်မယ်လေ။ မင်းကို အနှောင့်အယှက် မဖြစ်စေရဘူးလို့ ကတိပေးတယ်။”
ကျန်းရှင်းယာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ ထိုသူတို့အား လျစ်လျူရှုလိုက်တော့သည်။ ထန်ရှု ပေးလာသော ဇီသာအား ယူလိုက်ရင်း အပြုံးဖြင့်
“ထန်ရှု … ငါ ၂ခေါက်တီးပြရင် အဲ့ဒီသီချင်းကို နင် သိနိုင်မလား။”
“မသိသေးဘူး။ ဒါပေမယ့် ငါ အကောင်းဆုံး လုပ်ပါမယ်။” ထန်ရှုက ခေါင်းယမ်းကာ အဖြေပေးသည်။
ဒုက္ကဌလီက နှုတ်ခမ်းတင်းတင်းစေ့မိသကဲ့သို့ မန်နေဂျာသည်လည်း မျက်လုံးလှန်ကြည့်မိတော့သည်။ ကျန်းရှင်းယာသည် ထန်ရှုထံမှ ထိုကဲ့သို့ ရယ်စရာကောင်းသော ခွင့်ပန်မှုအား မည်သည့်အကြောင်းကြောင့် သဘောတူရသည်ကို သူတို့ နားမလည်ပါချေ။ သို့သော် ဘေးတွင် ရပ်ကြည့်နေကြသော မိတ်ကပ်ပြင်သူများကမူ ထန်ရှုအား စိတ်ဝင်တစား ကြည့်နေကြသည်။ ဆွဲဆောင်မှု ရှိစွာ ချောမောသော ထန်ရှုသည် သူတို့အား အလွန်ကောင်းမွန်သော အမြင်ကို ပေးစေသည်။
…တင်…
ဇီသာတီးခတ်မှုသည် ဂန္တဝင်ပုံစံများအပြည့် ဖြစ်သည်။ တေးသံသည် သာယာနာပျော်ဖွယ် ရှိကာ တစ်ခန်းလုံး ပျံ့လွင့်နေသည်။
ထန်ရှု၏အကြည့်များသည် ဇီသာတီးခတ်နေသော ကျန်းရှင်းယာ၏ လက်ချောင်းလေးများနှင့် သူမ တီးခတ်လိုက်သော ကြိုးများပေါ်တွင် အာရုံစိုက်ထားသည့်နည်းတူ ဇီသာတေးသွားကိုလည်း နားစိုက်ထောင်ရင်း အလွတ်ကျက်နေခဲ့သည်။
တေးသံဆုံးသွားသည့်အခါ ကျန်းရှင်းယာက မော့ကြည့်ကာ မေးကြည့်လိုက်သည်။
“ဘယ်လိုလဲ။”
“၇၀-၈၀%ပဲ ငါ ရလိုက်တယ်။ တစ်ခေါက် ထပ်တီးပါဦး။” ထန်ရှုက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ။” ကျန်းရှင်းယာ၏မျက်ဝန်းများထဲတွင် ချစ်ခင်လေးစားသော အလင်းတစ်ချက် ဖြတ်သန်းသွားကာ သူမက နာခံစွာဖြင့် နောက်တစ်ခေါက် တီးပြလိုက်သည်။ ထို့နောက် သူမက မတ်တတ်ရပ်ကာ အပြုံးဖြင့် မေးလိုက်သည်။
“အခုရော ဘယ်လိုလဲ။”
သူ၏မျက်လုံးများအား မှိတ်ထားရင်း ထန်ရှုသည် တေးဂီတမှတ်များအား တိတ်ဆိတ်စွာ ပြန်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ
“အတော် နီးစပ်ပြီ။”
ထိုသို့ပြောပြီးနောက် သူသည် ကျန်းရှင်းယာ ထသွားသောနေရာတွင် ဝင်ထိုင်သည်။ ဇီသာ၏ကြိုးများပေါ်တွင် သူ၏လက်ချောင်းများအား တင်လိုက်ကာ မျက်လုံးထပ်မံမှိတ်ထားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏လက်ချောင်းလေးများသည် စတင်လှုပ်ရှားလာခဲ့သည်။
သံစဉ်လှပသော ဇီသာတေးသံသည် နားဝင်ပီယံရှိကာ သိမ်မွေ့သော အလှည့်အပြောင်းများစွာဖြင့် ထွက်ပေါ်လာသည်။ ဂီတမှတ်များကြား အကူးအပြောင်းများကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ တသွင်သွင် စီးဆင်းနေသော ရေကဲ့သို့၊ တိမ်များ စီးနင်းနေသကဲ့သို့ နိမ့်လိုက်မြင့်လိုက် ခံစားရစေပြီးနောက် တီးခတ်ခြင်းအား လျင်မြန်စွာ အဆုံးသတ်လိုက်သည်။
“ကောင်းလိုက်တာ။ နင်တီးတာ မိုက်တယ်။” ကျန်းရှင်းယာ၏ မျက်ဝန်းများသည် အရောင်တလက်လက် တောက်ပနေပြီး ထိုမျက်ဝန်းများအတွင်းမှ ချစ်ခင်လေးစားမှုသည် ပိုမိုထင်ဟပ်လာခဲ့သည်။ သူမသည် ပါရမီရှိသော ဂီတပညာရှင်များစွာအား မြင်ဖူးသော်လည်း ထန်ရှုကဲ့သို့ လူမျိုးအား တစ်ခါမှ မတွေ့ဖူးပါချေ။ ဂီတမှတ်များအား ၂ခေါက်သာ နားထောင်ရုံဖြင့် အနီးစပ်ဆုံး ကောင်းမွန်စွာ တီးခတ်သွားနိုင်ခဲ့သည်။ သူတီးခတ်သော သီချင်းသံကြားတွင် အပြစ်တချို့ ရှိလင့်ကစား ပထမအကြိမ်ဖြင့် ထိုကဲ့သို့ တီးခတ်နိုင်ခြင်းသည် နတ်ဘုရားအလားပင်ဖြစ်ချေသည်။
ဇီသာအကြောင်း တစ်လုံးမှ နားမလည်ဘဲ ဘေးတွင် ရပ်ကြည့်နေသော ဒုဥက္ကဌလီသည် ထန်ရှု၏တီးခတ်သံမှာ အလွန် နားထောင်ကောင်းပြီး ကျန်းရှင်းယာနှင့် နီးစပ်သည်ဟုသာ ခံစားမိသည်။ သို့သော်လည်း ကျန်းရှင်းယာ၏မန်နေဂျာမှာမူ မတူချေ။ သူမသည် တစ်ချိန်က ဂီတပညာရှင်တစ်ယောက် ဖြစ်ခဲ့သောကြောင့် ဂီတအား သူမ နားလည်သည်။ ထို့ကြောင့် ထန်ရှု၏တီးခတ်မှု မည်မျှကောင်းသည်ကို သူမ ပြောနိုင်သည်။
သည်သီချင်းအား ထန်ရှု တစ်ခါမှ ကြားဖူးခြင်းမရှိသည်ကိုသာ သူမ မသိထားပါက သူသည် ထိုသီချင်းအား တိတ်ဆိတ် လေ့ကျင့်ထားသည်ဟုပင် သံသယ ရှိမိပေမည်။ ထိုသီချင်းသည် အလွန်ကျော်ကြားသော ဂီတပညာရှင်တစ်ဦးက ရေးဖွဲ့သီကုံးထားသော မူရင်းသီချင်းတစ်ပုဒ်ဖြစ်ပြီး ကျန်းရှင်းယာအတွက် လများစွာ အချိန်ယူကာ ရေးစပ်ပေထားခြင်းဖြစ်သည်။
…ဂီတပါရမီရှင်တစ်ယောက်များလား ဒါမှမဟုတ် ထူးခြားတဲ့ အရည်အသွေး ရှိသူတစ်ယောက်ပေလား …
ထိုအခိုက်အတန့်တွင် သူမ ခံစားနေရသော ခံစားမှုအား ကျန်းရှင်းယာ၏မန်နေဂျာသည် စာမဖွဲ့နိုင်ခဲ့ပါပေ။
“ငါ ကောင်းကောင်းမတီးနိုင်တဲ့ တေးဂီတနုတ်စ်တချို့ ရှိနေသေးတယ်လို့ ခံစားမိတယ်။ တစ်ခေါက်လောက် ထပ်တီးပြလို့ရဦးမလား။ မင်းသုံးသွားတဲ့ နည်းစနစ်ကို အာရုံစိုက်ဖို့ လိုနေလို့ပါ။” ထန်ရှုက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“ပြသနာ မရှိဘူး။” ကျန်းရှင်းယာက အပြုံးဖြင့် ပြောကာ ထပ်မံတီးခတ်ပြလိုက်သည်။
သည်တစ်ကြိမ်တွင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှင့်ကာ သူမ၏တီးခတ်ပုံကို အပြည့်အ၀ အာရုံစူးစိုက်ထားသည်။ သူ မှားယွင်းနေသော ဂီတနုတ်စ်များကိုသာမက နုတ်စ်အကူးအပြောင်းတွင် ကျန်းရှင်းယာ အသုံးပြုသွားသော နည်းစနစ်များကိုပါ အာရုံစိုက်ထားခဲ့သည်။
ကျန်းရှင်းယာ တီးခတ်ပြီးသွားချိန်တွင် ထန်ရှုက ပြုံးလိုက်ပြီး
“ပြည့်စုံလုနီး ဖြစ်နေပါပြီ။ အခု မင်း သီချင်းဆိုတဲ့အချိန် ငါ ဇီသာတီးမယ်။ တစ်ခေါက်လောက် တိုက်ကြရအောင်။”
“အိုးခေ…” ကျန်းရှင်းယာက ထန်ရှုအား ထိုင်ရန် အချက်ပြရင်း သူ၏အဝင်တီးခတ်သံအား နားထောင်ပြီးနောက် နူးညံ့စွာ စတင်သီဆိုလိုက်သည်။
ဇီသာတေးသံသည် သာယာစွာ ထွက်ပေါ်နေသကဲ့သို့ သီချင်းတေးဆိုမှုသည်လည်း အကွေ့အဝိုက်၊ အရှိုက်အငင်တို့ဖြင့် နားဝင်ပီယံ ရှိပေသည်။ ပထမဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သော်လည်း နှစ်များစွာ အတူတကွ လုပ်ဆောင်လာသကဲ့သို့ သူတို့၂ယောက်သည် အပေးအယူ မျှတဟန် ရှိသည်။
နောက်ဆုံးဂီတနုတ်စ်အား အဆုံးသတ်လိုက်ပြီးချိန်တွင် မန်နေဂျာက လက်ခုပ်တီးကာ အားပေးတော့သည်။ သူမ၏ မျက်ဝန်းများထဲတွင် အံ့သြတုန်လှုပ်မှုနှင့် စိတ်အားထက်သန်မှုတို့ ရောစပ်တောက်လောင်လျက် အလျင်အမြန် ပြောလိုက်သည်။
“ကျောင်းသား ထန်ရှု … ငါတို့ တစ်ခုလောက် ဆွေးနွေးလို့ရမလား။”
“ဟုတ်ကဲ့ ဘာများလဲခင်ဗျ။” ထန်ရှုက မေးလိုက်သည်။
“ငါ့အေဂျင်စီအောက်က အဆိုတစ်ယောက်အဖြစ် စာချုပ် ချုပ်ပါလား။ ရှင်းယာထက် သိပ်မနည်းတဲ့ ပမာဏပေးတဲ့ စာချုပ်ဖြစ်ဖို့ ငါ အာမခံတယ်။” မန်နေဂျာက အလျင်အမြန် ကမ်းလှမ်းလိုက်သည်။
ထိုစကားအား ကြားပြီး ကျန်းရှင်းယာ ရယ်ချင်စိတ်ကို မမျိုသိပ်နိုင်တော့ပေ။
“ခွီး … ဟားဟားဟား”
“စိတ်မကောင်းပါဘူး။ ကျွန်တော် ဂီတကို အများကြီး စိတ်မဝင်စားလို့ပါ။ နောက်ပြီး ဒုဥက္ကဌလီက ဒီမှာ ရှိနေသေးတယ်နော်။ ကျွန်တော့်ကို ခေါ်နေတာ သူ စိတ်ဆိုးမှာ မကြောက်ဘူးလား။” ထန်ရှုက ပြုံးစစဖြင့် ပြောလိုက်သည်။
ဒုဥက္ကဌလီက ဇဝဇေဝါဟန်ဖြင့်
“အခု အခြေအနေက ဘာဖြစ်သွားတာလဲ။ ထန်ရှုက ကောင်းကောင်း တီးနိုင်တာလား မတီးနိုင်တာလား။”
“ဒုဥက္ကဌလီ … ထန်ရှု တီးသွားတာ အတော်ကောင်းပါတယ်။ သူ တီးခတ်တာက အတော်ကျွမ်းကျင်တယ်။ ဇီသာရဲ့တေးသွား၊ သံစဉ်အကူးအပြောင်းတွေက မူရင်းနဲ့ တစ်ထပ်တည်းပါပဲ။ သူ တီးတာကို နားထောင်ပြီး မူရင်းထက်တောင် ပိုကြိုက်မိသေးတယ်။ သူက တေးဂီတပါရမီရှင်တစ်ယောက်ဆိုတာ ကျွန်မ ပြောရဲတယ်။ သူ့ထက်ကောင်းတဲ့သူ မရှိနိုင်ဘူး။”
ချီးကျူးသံများကြောင့် ထန်ရှု အနေရခက်စွာဖြင့် သူ၏နှာတံအား ကိုင်လိုက်မိရင်း စိတ်တွင်းတွင် ကသိကအောက်ဖြစ်စွာ ပြုံးမိသည်။
“အဲ့ဒီတော့ သူ တကယ်ကောင်းတာပေါ့။” ဒုဥက္ကဌလီက အံ့အားသင့်စွာ ပြောလိုက်သည်။
“သူသာ မကောင်းရင် ရှင့်အရှေ့မှာ သူ့ကို ကမ်းလှမ်းနေပါ့မလား။ ဒုဥက္ကဌလီ … ရှင် စိတ်မရှိရင် ကျွန်မတို့ ဒီအကြောင်း ဆွေးနွေးလို့ရမလား။ ရှင့်ကျောင်းကနေ သူ့ကို နှင်ထုတ်ပေးသရွေ့ ဘယ်အခြေအနေမဆို ရှင်ပြောလို့ရတယ်။” မန်နေဂျာက ပြောလိုက်သည်။
ဒုဥက္ကဌလီသည် အံ့သြတုန်လှုပ်သွားကာ ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး မန်နေဂျာထံ ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက မချိပြုံး ပြုံးကာ “ထန်ရှုက ငါတို့ ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားပါ။ ငါ သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် နိုင့်ထက်စီးနင်း နှင်ထုတ်နိုင်တဲ့ နည်းလမ်းတော့ မရှိပါဘူး။ နောက်ပြီး မင်းက သူ့ကို အာရုံ တအားစိုက်ထားမှတော့ ဒီလို ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ကို ဘယ်အဆုံးရှုံးခံလို့ ဖြစ်မလဲ … ဟားဟားဟား …”
"အား … နင်က ပျော်စရာမကောင်းဘူး။" မန်နေဂျာက ဒုသမ္မတလီကို မျက်လုံးပြူးပြသည်။
***