အပိုင်း (၉၉)
Vol. 7 Ch. 99
ရွှေရောင်ချပ်ဝတ် စစ်သည်၏ ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့် လီလျိုရှင်းနှင့် ငရဲဝံပုလွေတို့မှာ ရှေ့သို့ချီတက်လာခဲ့ကြသည်။
ထိုအချိန်တွင် ရှစ်ဖုန့်အနေဖြင့် ကောင်းကင်ဘုံလေဂိုဏ်းနှင့် ကျင်းဖမ်းအိမ်တော်မှလူများ ဤတောအုပ်အတွင်း၌ လီလျိုရှင်းပုန်းအောင်းနေကြောင်းကို သိရသည့် အကြောင်းပြချက်မှာ ကောင်းကင်ဘုံလေဂိုဏ်းဘက်၌ နတ်ဆိုးသားရဲများနှင့် ဆက်သွယ်ခြင်းပိုပြုလုပ်နိုင်သော သားရဲထိန်းတစ်ယောက် ရှိနေခြင်းကြောင့်ဖြစ်ကြောင်းကိုသိလိုက်ရသည်။
ဤတောအုပ်၏ အစပ်၌ နတ်ဆိုးသားရဲများစောင့်ကြပ်နေကြောင်းကိုလည်း ရှစ်ဖုန့်သိခဲ့ရသည်။
ကျင်းဖမ်းအရှင်သခင်က စစ်သည်တစ်သိန်းအား ဤ ရေခဲနှင့်နှင်းကုန်းမြေသို့ ဝင်ရောက်ရန်အမိန့်ပေးခဲ့ပြီး ဤတောအုပ်အားဝန်းရံ၍ ပြင်းထန်စွာ တောအုပ်အတွင်း ချီတက်ရန်ပြင်ဆင်ထားသည်ကိုလည်းသိလိုက်ရသည်။
ဤနေရာအား အင်ပါယာနယ်ပယ်နှစ်ဦးက စောင့်ကြပ်နေသည်။
ယင်နှင်းပန်းကိုရယူပြီးလျှင်တောင်မှ ဤနေရာမှ လွတ်မြောက်နိုင်ရန်မှာ ခက်ခဲလိမ့်မည်ဟုပြော၍ရသည်။
ရွှေရောင်ချပ်ဝတ် စစ်သည်က ရုတ်တရက်သူ့လမ်းကြောင်းကို ရပ်တန့်လိုက်ပြီး ရှေ့ကိုညွှန်ပြလိုက်သည်။
"ဆရာ..အဲ့တာကအရှေ့မှာပါပဲ...အဲ့တာက ဒီကနေဆိုရင် မီတာ တစ်ရာ အကွာအဝေးမှာ ရှိပါတယ်.."
"အတူတူသွားကြစိူ့"
ရှစ်ဖုန့်၏ လေသံမှာ ငြင်းဆန်ရန် ခွင့်မပြုသော အသံမျိုးဖြစ်သည်။
သူ့အနေဖြင့် ရွှေရောင်ချပ်ဝတ်စစ်သည်တော်၏ ရည်ရွယ်ချက်ကိုနားလည်သည်။
ထိုနေရာ၌ စွမ်းအားကြီး နတ်ဆိုးသားရဲရှိနေပြီး သူ့အနေဖြင့် သူ့အသက်အား ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေသည်။
သို့သော် ရှစ်ဖုန့်အနေဖြင့် ၎င်းအားထိုနေရာသို့သွားရန်ပြောရခြင်းမှာ တစ်ခြားသော ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။
သူအနေဖြင့် မီတာတစ်ရာအကွာအဝေးသို့ လျှင်မြန်စွာရောက်ရှိလာခဲ့သည်။ နောက်ဆုံးတွင် သူကြာမြင့်စွာ ရှာဖွေနေသော အေးစိမ့်ရေကန်ငယ်ကို တွေ့လိုက်ရသည်။ အေးစိမ့်ရေကန်ငယ်မှာ သိပ်တော့မကြီးမားပေ။ ကုတင်တစ်လုံးအရွယ်အစားခန့်သာရှိပြီး အေးစိမ့်သော လေတို့ကို ထုတ်လွှတ်နေသည်။
အေးစိမ့်ရေကန်ငယ်၏ အလယ်တွင် နှင်းဖြူရောင် ပန်းတစ်ပွင့်က ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကာ အေးစိမ့်ကန်မှ ထုတ်လွှတ်သော လေအေးတို့ကို ဖြည်းညှင်းစွာစုပ်ယူနေသည်။
ထိုအရာမှာယင်နှင်းပန်းပွင့်ပင်ဖြစ်သည်။နောက်ဆုံးတွင်သူ ဒုက္ခသုက္ခခံ၍ ရှာဖွေနေရသော ယင်နှင်းပန်းပင်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
သို့သော် ရှစ်ဖုန့်အနေဖြင့် ယင်နှင်းပန်းအား မြင်တွေ့ရသော တစ်ချိန်တည်းမှာပင် သူ့အားပြင်းထန်စွာစိုက်ကြည့်နေသည့် လက်သီးဆုပ်အရွယ် မျက်လုံးနှစ်လုံးအားလည်း တွေ့လိုက်ရသည်။
အေးစိမ့်ရေကန်ငယ်၏ နောက်တွင် ကြီးမားသော နှင်းဖြူရောင် ကိုယ်လုံးကြီးတစ်ခုကလဲလျောင်းနေသည်။
ထိုနှင်းဖြူရောင် ကိုယ်လုံးကြီးက ငါးမီတာကျော်ရှည်လျားပြီးနူးညံ့သော အဖြူရောင်သားမွှေးများ ဖုံးအုပ်ထားသည်။
၎င်းမှာ ဧရာမ လူဝံကြီးတစ်ကောင်ပင်ဖြစ်သည်။
"အဆင့်ငါး အထွတ်အထိပ် နတ်ဆိုးသားရဲ...ရေခဲနောင်နှင်းလူဝံကြီးပဲ.."
ရှစ်ဖုန့်အနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် ဤ နတ်ဆိုးသားရဲ၏ အဆက့်ကိုပြောနိုင်သည်။၎င်းမှာအဆင့်ငါးအထွတ်အထိပ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး လောလောဆယ်သူ၏ အဆင့်ဖြင့် ရင်ဆိုင်တိုက်ခိုက်၍မရနိုင်သော အရာမျိုးဖြစ်သည်။
သို့သော လောလောဆယ်တွင် ဤလူဝံကြီး၏ ကိုယ်၌ စိတ်ခံစားမှုဖြင့် အသက်ရှူနေသကဲ့သို့ အဖြူရောင်အလင်းက လက်ကနဲလက်ကနဲ ဖြစ်ပေါ်နေ၏။
ဤသည်မှာ နှင်းလူဝံအနေဖြင့် အဆင့်ငါးအဆင့်ကိုချိုးဖြတ်၍ အဆင့်ခြောက်သို့တက်လှမ်းနေသော လက္ခဏာပင်ဖြစ်လေသည်။
ယခုက အတိမ်းအစောင်းမခံသော အချိန်ဖြစ်နေသည်။
ထို့ကြောင့်လည်း နှင်းလူဝံမှာ ရှစ်ဖုန့်နှင့် အခြားသော သူများအားတွေ့ရသော အခါတွင် တိုက်ခိုက်ခြင်းမပြာပဲ ကြမ်းကြုတ်ပြင်းထန်သော အကြည့်တို့ဖြင့်သာ စိုက်ကြည့်နေခြင်းဖြစ်သည်။
၎င်းသာ ထကြွကြောင်းသောင်းကျန်းခဲ့လျှင် အဆင့်တက်နေခြင်းအား ကြားဖြတ်ဟန့်တားမိသလိုဖြစ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းကြိုးစားအားထုတ်ထားခဲ့သမျှ အရာအားလုံးမှာ အချည်းအနှီးသာ ဖြစ်သွားရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က နှင်းလူဝံကိုသာကြည့်နေပြီး ယင်နှင်းပန်းရှိရာ အေးစိမ့်ကန်ဆီသို့ ဆက်တိုးမသွားပေ။
ယင်နှင်းပန်းမှာ နှင်းလူဝံစောင့်ကြပ်နေသော အရာဖြစ်သောကြောင့် သူသာ မဆင်မခြင်ပြုမူခဲ့လျှင် နှင်းလူဝံ၏ ၎င်းအဆင့်တက်ခြင်း ရပ်တန်ခဲ့ရလျှင်ပင် တိုက်ခိုက်လာမည့်တိုက်ခိုက်မှုကို ရှစ်ဖုန့်အနေဖြင့် ရှောင်တိမ်းရန်ခက်ခဲလိမ့်မည်ဖြစ်သည်။
ဤသားရဲအဆင့်တက်လှမ်းမနေလျှင်ပင် ၎င်းမှာ အဆင့်ငါးအထွတ်အထိပ်အဆင့် ဖြစ်နေသေးပြီး သူရင်ဆိုင်တိုက်ခိုက်၍ မရနိုင်သော အရာမျိုးဖြစ်နေသေးသည်။
"ဝုန်း..ဝုန်း..ဝုန်း.."
ရုတ်တရက် မြေပြင်မှာစတင်၍ မြည်ဟည်းလာသည်။သူသာကြားယွင်းခြင်း မမှားဘူးဆိုပါက မြင်းများတစ်ဟုန်ထိုး တက်လာသော အသံနှင့် သစ်ပင်များပြိုလဲကျနေခြင်းပင်ဖြစ်လိမ့်မည်။
ကျင်းဖမ်းအရှင်သခင်၏ စစ်တပ်က ရောက်လာခဲ့ပြီးဖြစ်ပုံရသည်။
၎င်းတို့က တောအုပ်အား စတင်၍ ဝန်းရံထားခဲ့ပြီး ရှေ့သို့ အတင်းတိုးတက်မလာခင် သစ်ပင်များကို ဖျက်စီးပစ်နေသည်။
အချိန်များက အကုန်မြန်လာ၏။
"ညီလေး ကျင်းဖမ်းစစ်တပ်က လာနေပြီ မြန်မြန်လေးတစ်ခုခုကို စဉ်းစားပါအုံး..."
လီလျိုရှင်းမှာ ထူးဆန်းသော အသံတို့အားကြားရသော အခါတွင် စိုးရိမ်သောက ရောက်စွာဖြင့် ပြောလိုက်သည်။
ရွှေရောင်ချပ်ဝတ်နှင့် စစ်သည်က လီလျိုရှင်းအား ထူးဆန်းသော အမူအယာဖြင့်စိုက်ကြည့်နေသည်။
ဤအချိန်၌ သူ့အနေဖြင့် တော်တော်လေး ဝိရောဓိဖြစ်နေမှုကိုခံစားရသည်။
သူအနေဖြင့် သူဖမ်းဆီးဖို့အလိုရှိသောသူနှင့် အတူရှိနေသော်လည်း သူ၏ လွတ်လပ်မှုက သူ့အားထိုရွေးချယ်မှုကို ပြုလုပ်ရန် ခွင့်ပြုချက်မပေးပေ။
နတ်ဆိုးသူ့အား ပြုမူဆက်ဆံသောနည်းလမ်းက သူသေဖို့ကိုပင် ဆန္ဒရှိရလောက်သည်အထိ လွန်စွာဆိုးရွားလှသော နာကျင်မှုဖြစ်သည်ဟုပြောနိုင်သည်။
၎င်း၏ ပြုလုပ်ခဲ့မှုအားစဉ်းစားကြည့်လျှင် အကြောက်တရားတို့နှင့် နှလုံးသားထဲအထိပင် နက်ရှိုင်းစွာ တစ်သိမ့်သိမ့်တုန်ရသည်။
ဤကဲ့သို့သော ညှင်းပန်းနှိပ်စက်မှုမျိုးအား သူ့အနေဖြင့် နောက်ထပ်ဘယ်သော အခါမှမခံစားလိုတော့ပေ။
သို့သော် ကျင်းဖမ်းအရှင်သခင်က သူ့အနေဖြင့် သူဖမ်းဆီချင်နေသော သူနှင့် အတူရှိနေသည်ကို တွေ့သွားလျှင် အရှင်လတ်လတ်အရေခွံဆုတ် နေလှမ်းခံရမည်ဖြစ်သည်။
ရှစ်ဖုန့်ကလီလျိုရှင်းကို ကြည့်လိုက်သည်။
လီလျိုရှင်းမှာ အကြောင်းပြချက်တစ်ချို့ကြောင့် ဤတစ်ကြိမ် ရှစ်ဖုန့်အကြည့်အားခံလိုက်ရချိန်တွင် ဆိုးရွားသော အရာတစ်ခုဖြစ်ပျင်လာတော့မည်သကဲ့သို့ ကျောရိုးတစ်လျှောက်စိမ့်တက်သွားမှုကိုခံစားလိုက်ရသည်။
"ညီလေး..မင်းငါ့ကိုအဲ့လိုကြီး.. ထပ်ပြီးတော့ မကြည့်ပါနဲ့တော့..ငါအတွင်းထဲကတော့စိမ့်နေအောင်ကြောက်နေမိပြီ"
လီလျိုရှင်းမှာပြောရင်း သူ့ခြေထောက်တို့အား အတင်းအဓမ္မဆုတ်လိုက်သည်။ထို့နောက်သူက လှည့်၍ ပြေးရန်ပြင်ဆင်လိုက်၏။
ဤအချိန်၌ ဤပုဂ္ဂိုလ်အား အသုံးချရန် အချိန်ကျပြီဟု ရှစ်ဖုန့်တွေးလိုက်မိသည်။
သူ၏ပုံရိပ်က လှစ်ကနဲဖြစ်သွားကာ လီလျိုရှင်း၏ နောက်ဘက်၌ပေါ်လာသည်။
သူ၏လက်ကိုဝေ့ယမ်း၍ လီလျိုရှင်း၏ ဦးခေါင်းအား ထွက်မပြေးနိုင်ခင် သတိမေ့သွားစေရန် တိုက်ခိုက်လိုက်သည်။
လီလျိုရှင်းအား ကြက်ကလေးငှက်ကလေးကဲ့သို့ ကိုင်ထားပြီး ရှစ်ဖုန့်က လှည့်လိုက်ကာ ရွှေရောင်ချပ်ဝတ် လူထံလျှောက်သွားလိုက်သည်။
ရှစ်ဖုန့်က လီလျိုရှင်းအား သမပြီး နောက် သူ့ထံသို့ လာနေသည်ကို တွေ့လိုက်သောအခါတွင် ရွှေရောင်ဝတ်စုံလူမှာလည်း ကြောက်စိတ်မွှန်သွားပြီးနောက်သို့ဆုတ်လိုက်သည်။
သူက သနားညှာတာပေးရန် တောင်းပန်လိုက်သည်။
"ကျ..ကျွန်တော့်ကိုယ်မှာ အရှင် အမှတ်အသား ရိုက်နှိပ်ထားပြီးပါပြီ ကျွန်တော်က အရှင့်ရဲ့ထိန်းချုပ်မှုအောက်မှာပါ..ဒါကြောင့်ကျွန်တော့်ကိုသတ်ပစ်ဖို့ မလိုပါဘူး.."
"ငါမင်းကို သတ်ဖို့လာတာမဟုတ်ဖူး.."
ရှစ်ဖုန့်ကပြောလိုက်သည်။
"ငါမင်းကို ပွဲတစ်ခုလုပ်ဖို့ တောင်းဆိုနေတာ.."
သူကပြောရင်း လီလျိုရှင်းအား ထိုပုဂ္ဂိုလ်ထံ ပစ်ပေးလိုက်သည်။
ရွှေရောင်ဝတ်စုံနှင့်လူက လီလျိုရှင်းကိုဖမ်း၍ သူ၏လက်ထဲတွင်ကိုင်ထားလိုက်သည်။
သူက ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ပွဲတစ်ခုလုပ်ရမှာလား..ဘယ်လိုကြီးလဲ.."
ခဏအကြာတွင် ရွှေရောင်ချပ်ဝတ်နှင့်လူက သတိမေ့နေသော လီလျိုရှင်းကို သယ်ဆောင်ပြီး ရေခဲသစ်ပင်၏ ထိပ်ဆုံးသို့ တက်လိုက်သည်။
သူက သစ်ပင်ထိပ်၌ရပ်ကာ သူ၏ညာလက်ကို ဖွင့်လိုက်သောအခါတွင် သူ၏ လက်ဖဝါးထက်မှရွှေရောင်အလင်းတစ်ခုက ပစ်ထွက်သွားသည်။
သိပ်မကြာခင် ရွှေရောင်ပုံရိပ်တစ်ခုက ကောင်းကင်ပြင်ထက်ရောက်သွားသည်။
ကျင်းဖမ်းအရှင်သခင်က လေထဲတွက်ရပ်နေပြီး ရွှေရောင်ဝတ်စုံလူအား ခေါ်လိုက်သည်။
"ကျင်းယွဲ့ မင်းငါ့ကိုခေါ်တာလား.."
"အရှင့်ကို တင်ပြပါတယ်..လီလျိရှင်းသူခိုးကောင်ကို ဒီငယ်သား ဖမ်းဆီးမိထားပါတယ်.."
ကျင်းယွဲ့ က သတိမေ့နေသော အပြာရောင်ပုံရိပ်အား မပင့်မြှောက်ခင်ပြောလိုက်သည်။
"ဟုတ်ပြီ.."
ကျင်းဖမ်း အရှင်သခင်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
သူက စူးစိုက်ကြည့်လိုက်သော အခါတွင် သူ့အမူအယာကပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။
သူက ပြင်းထန်စွားကြိမ်းဝါးလိုက်သည်။
"တကယ့်ကို အဲ့သူတောင်းစားပဲ..အဲ့နေ့က ငါ့ကျင်းဖမ်းအိမ်တော်ကို ခိုးဝင်ပြီးတော့ အစားအသောက်တွေကို ကလိန်ကျစ်ပြီး စားသွားပြီး..ပြီးတော့ငါ့ကို ထိခိုက်အောင်လုပ်ရဲသေးတယ်..ကောင်းတယ်..မင်းသူ့ကိုဖမ်းမိပြီပဲ ငါ့ဆီသူ့ကိုလွှဲပေးစမ်း ငါသူ့အရိုးတွေကို အပိုင်းပိုင်းကိုချိုးဖြတ်ပစ်မယ်.."
ရွှေရောင်ချပ်ဝတ်လူက ဒေါသတကြီး ပြောရင်း ကျင်းယွဲ့ထံ သွားလိုက်သည်။ထိုအချိန်တွင် ရှစ်ဖုန့်ကသူ၏ လက်ကိုလှုပ်ရှားလိုက်ပြီးရွှေရောင်ချပ်ဝတ်လူ၏ လက်ထဲတွင်ဆုပ်ကိုင်ခံထားရသော လီလျိုရှင်းမှာ ချက်ခြင်းလွတ်ထွက်သွားသည်။
၎င်းက အမြှောက်ဆံတစ်ခုလို ရှေ့သို့ပစ်ထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း လီလျိုရှင်း၏ ပုံရိပ်မှာ ဆယ်မီတာအဝေးရှိ သစ်ပင်ထိပ်ပေါ်သို့ သက်ဆင်းလိုက်သည်။
ထို့နောက်တွင် သတိရလာသကဲ့သို့ဖြစ်လာပြီး လီလျိုရှင်းမှာ ရေခဲသစ်ပင်ထိပ်ဖျားများအပေါ်သို့ ထပ်တလဲလဲ ခုန်လွှားသွားသည်။
"ဟမ့်"
"မင်းကငတုံးတစ်ကောင်ပဲ..ငါ့ကိုတွေ့နေတာတောင် ထွက်ပြေးရဲသေးတာလား.."
ကျင်းဖမ်းဘုရင်ကအထင်သေးစွာဖြင့် အေးစက်စွာ နှာမှုတ်လိုက်သည်။
သူလီလျိုရှင်း၏ အပေါ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသော အခါတွင် လီလျိုရှင်းမှာ တောအုပ်အတွင်းသို့ သစ်ပင်ထိပ်ဖျားမှ ခုန်ဆင်းလိုက်သည်။
"သူတောင်းစားလေး... မင်းဘယ်လိုလွတ်အောင်ထွက်ပြေးနိုင်မလဲဆိုတာကို ကြည့်တာပေါ့.."
ကျင်းဖမ်းအရှင်သခင်က စကားပြောရင်း သူ၏လက်ဖဝါးကို အောက်သို့ ရိုက်ချလိုက်သည်။
ရုတ်ချည်း ကြီးမားသော ရွှေရောင်လက်ဖဝါးပုံရိပ်ကြီးက လေထဲတွင်ပေါ်လာပြီး အောက်သို့ ပြင်းထန်စွာကျဆင်းလာသည်။
ထိုအရာအားမြင်းလိုက်ရသော အခါတွင် သိပ်မဝေးလှသော ရေခဲသစ်ပင်နောက်၌ ပုန်းအောင်းနေသော ရှစ်ဖုန့်က ပြုံးလိုက်သည်။
"နောက်ဆုံးတော့ ငါးက အစာကိုလာဟက်ပီးပဲ.."
ဆက်ရန်...
ဘာသာပြန်သူ-Arise