ကြွေကျနေသောပန်းများသည် အချစ်ကို တမ်းတနေပါသော်လည်း နှလုံးသားမဲ့စမ်းချောင်းငယ်သည် လှိုင်းထနေသည်
Vol. 09 Ch. 443
ကျန်းရှင်းယာက နူးညံ့သောအပြုံးလေးဖြင့်
"အစ်မချန်း … ထန်ရှုကို သွေးဆောင်ဖို့က အသုံးမဝင်ဘူး။ အစ်မရဲ့ကမ်းလှမ်းချက်က ကောင်းပေမယ့် သူ သဘောတူမှာ မဟုတ်ဘူး။ ကျွန်မရဲ့သီချင်းအတွက် လူမှန် ရှာတွေ့တဲ့အတွက် မောင်မယ်သစ်လွင်ပွဲအတွက်က အဆင်ပြေသွားပါပြီ။ အစ်မ လုပ်စရာရှိတာ သွားလုပ်လေ။ ကျွန်မတို့ကို ခေါ်တာ စောင့်ရအောင်။ ပြီးရင် စင်ပေါ်မှာ ဖျော်ဖြေကြမယ်။"
"ကောင်းပြီ။" ဒုဥက္ကဌလီက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျန်းရှင်းယာသည် မိတ်ကပ်လိမ်းခြင်းအမှုအား မိတ်ကပ်ပညာရှင်တို့နှင့်အတူ ဆက်လက်ပြုလုပ်ခဲ့ပြီး ထန်ရှုသည် ဇီသာကြိုးများအား အသာတို့ထိကစားနေရင်း အင်မော်တယ်ကမ္ဘာတွင် ဇီသာတီးခဲ့သည်များအား စိတ်ထဲတွင် ပြန်လည်မြင်ယောင်လာခဲ့သည်။
အတိတ်တွင် ကြည်နူးစရာကောင်းသည့် ဖြစ်ရပ်များ ရှိသကဲ့သို့ ဝမ်းနည်းကြေကွဲစရာကောင်းသည့် ဖြစ်ရပ်များလည်း ပြည့်နှက်ခဲ့သည်။
"ထန်ရှု … နင် သိလား။ ငါ ငယ်ငယ်ကတည်းက စံပြထားရတဲ့ လူတွေ အများကြီး မရှိခဲ့ဘူး။ ငါက ထက်မြက်လွန်းပြီး ငါ့ထက် ထက်မြက်တဲ့လူနည်းနည်းပဲ ရှိတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် နင်က ငါ့ရဲ့ စံပြထားရတဲ့ လူ ဖြစ်လာပြီ။ နင်သာ ဖျော်ဖြေရေးလောကထဲကို ဝင်မယ်ဆိုရင် အချိန်တိုအတွင်း ကျော်ကြားတဲ့ စူပါစတားဖြစ်လာမယ်ဆိုတာ ငါ သေချာပြောရဲတယ်။”
ကျန်းရှင်းယာက အပြုံးဖြင့် ပြောသည်။
သူ၏အတိတ်ဆီသို့ စီးမျောသွားရာမှ အသိပြန်ဝင်လာသော ထန်ရှုက အသံထွက်အောင် ရယ်မိရင်း
"စူပါစတားဖြစ်ဖို့ ငါ စိတ်မဝင်စားပါဘူး။ ငါက ကျောင်းသားတစ်ယောက် ဖြစ်တဲ့အတွက် ငါ့ရဲ့စာပေသင်ကြားမှုက အရေးကြီးဆုံးပဲ။"
"ကြယ်တစ်ပွင့်ဖြစ်ဖို့ နင် စိတ်မဝင်စားဘူးဆိုတာ ငါသိတယ်။ အဲ့ဒီအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ် မောင်မယ်သစ်လွင်ပွဲပြီးရင် ချိန်းတွေ့ကြရအောင်။ နင့်အဆောင်ပိတ်ရင် ငါတို့တွေ ဟိုတယ်ကို သွားလို့ရတယ်။" ကျန်းရှင်းယာက ပြုံးပြီး ပြောလိုက်သည်။
"ကျန်းရှင်းယာ … မင်း 'ဟိုတယ်သွားမယ်' ဆိုတဲ့စကား မပြောလို့ မရဘူးလား။ လူတွေက ဒါကို နားလည်မှုလွဲသွားနိုင်တယ် မင်း သိတယ်ဟုတ်။ ငါက ယောက်ျားလေးဆိုတော့ အဲ့ဒါကို ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းက မိန်းကလေးဖြစ်တဲ့အပြင် စူပါစတားတစ်ယောက်။ မင်းရဲ့စကားတွေကို သတိထားဖို့လိုမယ်။" ထန်ရှုက တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ဘာလို့ ကြောက်ရမှာလဲ။ ဒါက တခြားသူဖြစ်ရင် စိတ်ပူနိုင်ပေမယ့် နင်နဲ့ ဆက်ဆံရေးရှိတာတော့ ငါ ဂရုမစိုက်ဘူး။ အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင် တခြားလူတွေ ငါ့ကို မကောင်းတဲ့အတွေး မကြံစည်ရဲအောင် နင့်ကို ငါ့ချစ်သူအဖြစ် ကြေညာလိုက်မယ်။" ကျန်းရှင်းယာက ပြုံးစိစိဖြင့် ပြောလိုက်သည်။
"မလုပ်နဲ့။ မင်းမှာ သနားစိတ်လေး ရှိတယ်မလား။ မင်းက စူပါစတားတစ်ယောက်ဖြစ်သလို ယောကျ်ားလေးတွေရဲ့ စိတ်ကူးအိပ်မက်ထဲက နတ်ဘုရားမလေးတစ်ယောက်ပါ။ မင်းသာ ငါ့ကို မင်းရည်းစားအဖြစ် ကြေညာလိုက်ရင် ငါ ဘယ်ကိုသွားသွား တက်နင်းချင်ကြလိမ့်မယ်။ တချို့က ငါအိပ်နေတဲ့အချိန်တောင် ရေအေးနဲ့ကို လောင်းချတာ ဖြစ်နိုင်သေးတယ်။”
“ဟိ.ဟိ.ဟိ.”
ကျန်းရှင်းယာသည် မရယ်ဘဲ မနေနိုင်တော့ပေ။ တောက်ပစွာ ပြုံးရင်း တခိခိရယ်နေတာ့သည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ရှန်ဟိုင်းတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသည် နောက်ဆုံးတွင် စတင်ခဲ့ပြီဖြစ်သည်။ တက္ကသိုလ်ခေါင်းဆောင်များ၏ မိန့်ခွန်းအပြီးတွင် အစီအစဉ်ကြေညာသူသည် စလိုက်မီးရောင်အောက်တွင် ရပ်နေရင်း စင်အောက်ရှိ ပရိသတ်များ၊ ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများကို ကြည့်နေခဲ့ပြီးမှ သူမက ပြုံးပြီး ပြောသည်။
"ကြွရောက်လာတဲ့ ဧည့်ပရိသတ်များရှင် … ကျွန်မတို့ ကျောင်းရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဂုဏ်ပြု အားဖြည့်ပေးဖို့ ကျွန်မတို့ ရှန်ဟိုင်းတက္ကသိုလ် ခေါင်းဆောင်တွေက ယနေ့ညမှာ လျှို့ဝှက်ဧည့်သည်ကို ဖိတ်ကြားထားပါတယ်။ ပရိသတ်များအားလုံးက ဒီလျှို့ဝှက်ဂုဏ်ထူးဆောင်ဧည့်သည်ကို အားလုံး သိချင်ကြပါပြီလားရှင့်။"
စီနီယာကျောင်းသားများအပါအဝင် ကျောင်းသားသစ် ထောင်ပေါင်းများစွာသည် ပဟေဠိဖြစ်နေကြသည်။ လက်တစ်ဆုပ်စာလူများမှလွဲ၍ ကျန်သောသူများက ဧည့်သည်သည် မည်သူမှန်း မသိကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းယမ်းကြသည်။
အစီအစဉ်ကြေညာသူက ပြုံးပြီး
“ကောင်းပါပြီ။ ဘယ်သူမှ မမှန်းဆနိုင်လို့ ကျွန်မ ကြေညာပါရစေရှင်။ သူ့နာမည်ကို ကြေညာလိုက်တာနဲ့ အားလုံး စိတ်လှုပ်ရှား ရွှင်မြူးလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင်။ ခုချိန်မှာ ကျွန်မတောင် အရမ်း စိတ်လှုပ်ရှားနေလို့ သူ့ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့ပါဘူး။ ကောင်းပါပြီ။ ဂန္တဝင်သီချင်းဖြစ်တဲ့ 'ကန္တာရထဲက အိုအေစစ်လေး'ကို ယူဆောင်လာတဲ့ ကမ္ဘာ့စူပါစတား မစ္စကျန်းရှင်းယာကို ဖိတ်ခေါ်ပါရစေရှင်။”
ညနေခင်းဝတ်စုံဂါဝန်ကို ဝတ်ဆင်ထားသည့် ကျန်းရှင်းယာသည် စင်မြင့်နောက်ရှိ ဘေးတံခါးပေါက်မှ လျှောက်လာသည်။ တောက်ပသော စလိုက်မီးထိုးပြမှုနောက် သူမသည် ပြုံးကာ စင်မြင့်ထက်တွင် ရပ်လိုက်သည်။
"ဘုရားသခင် … ငါ အိပ်မက်မက်နေတာမဟုတ်ဘူးလား။ တကယ် ကျန်းရှင်းယာလား။"
"ဘုရားသခင် … ငါ … ငါ ... ငါ တကယ်ကို စိတ်လှုပ်ရှားတယ်။ ကျန်းရှင်းယာက ငါတို့ကျောင်းထဲကို တကယ် ရောက်နေတာလား။ ဒီနှစ်ကျောင်းရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ သူမ သီချင်းဆိုမှာလား။"
"ငါ့ကို တစ်ယောက်ယောက် ဆိတ်ပေးလို့ ရမလား။ ငါ အိပ်မက်မက်နေတာလား ဘာလား။"
"နတ်သမီးလေးရေ … နောက်ဆုံးတော့ ငါ့အိပ်မက်နတ်သမီးကို ငါတွေ့နိုင်ပြီ။"
"ကျန်းရှင်းယာ … မင်းကို ချစ်တယ်…"
“…”
ကျောင်းခန်းမအတွင်းရှိ ကျောင်းသူကျောင်းသားများအားလုံး စိတ်လှုပ်ရှားနေကြသည်။ လူတိုင်း ထိုင်ခုံများမှ ထကာ လက်များအား အားပါးတရ ဝှေ့ယမ်းကြရင်း ၎င်းတို့၏ စိတ်လှုပ်ရှားမှုများကို ကျယ်လောင်စွာ အော်ဟစ်ဖော်ပြနေကြသည်။
မိုက်ခရိုဖုန်းကို ကိုင်ထားသော ကျန်းရှင်းယာက စလိုက်မီးအတွင်း ရပ်လိုက်ကာ အပြုံးဖြင့်
“အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ဒီနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို တက်ရောက်ဖို့အတွက် ရှန်ဟိုင်း တက္ကသိုလ်ခေါင်းဆောင်များရဲ့ ဖိတ်ကြားခြင်းကို ခံရလို့ ကျွန်မ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ရှင်တို့လေးတွေရဲ့ ငယ်ရွယ်နုပျိုတဲ့မျက်နှာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကို ကြည့်ပြီး အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်မ အရမ်းပျော်ပါတယ်။ ရှင်တို့နဲ့ တွေ့ရတာလည်း အရမ်း ဝမ်းသာပါတယ်ရှင့်။ အားလုံးသိကြတဲ့အတိုင်း ရှန်ဟိုင်းတက္ကသိုလ်ဆိုတာ တရုတ်နိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သလို ဒီနေရာမှာ တက်ရောက်နိုင်တဲ့သူတွေကလည်း လူတော်တွေပါပဲ။ ရှင်တို့အားလုံးက အနာဂတ်မှာ ကျွန်မတို့လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီနေ့ အားလုံးကို သီချင်းအသစ်တစ်ပုဒ်နဲ့ ကျွန်မ တင်ဆက်ချင်ပါတယ်။ အားလုံးနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်ရှင်။”
ထိုသို့ပြောပြီးသည်နှင့် စင်အောက်မှ ပရိသတ်များ ငြိမ်သက်သွားပြီး ကျောင်းသားများ ပြန်ထိုင်ကြချိန်တွင် ငြိမ့်ညောင်းသော ဇီသာတေးသံသည် သာယာစွာ ထွက်ပေါ်လာသည်။ တသုန်သုန်တိုက်ခတ်နေသော မြောက်လေပြည်နှင့် တေးဂီတသံက လူသူကင်းမဲ့နေသော ပတ်ဝန်းကျင်လေထုကို ဖန်တီးပေးနေသည့်အလားပင်။
ထိုအခိုက်အတန့်တွင် ခန်းမအတွင်းမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအားလုံးသည် အဆုံးမရှိသော သဲကန္တာရအား မြင်ခဲ့သည်ဟု တွေးမိနေကြသည်။
…ငါ့အိပ်မက်ထဲမှာ နေရာတစ်ခုကို မြင်ဖူးတယ်။ ကန္တာရထဲက သုခဘုံလေးတစ်ခုပဲ…”
ကျန်းရှင်းယာသည် မိုက်ခရိုဖုန်းကို ကိုင်ရင်း ဆွဲဆောင်မှုရှိစွာ သီဆိုတင်ဆက်ခဲ့သည်။ သူမ၏အသံသည် နားထောင်ကောင်းသည့်အပြင် ဇီသာတေးသံ၏ပံ့ပိုးမှုဖြင့် သူမသည် လူတိုင်းအား အဆုံးမဲ့သဲကန္တာရအတွင်းသို့ ဆွဲခေါ်သွားသည့်နှယ် ဖြစ်တော့သည်။ တဖြည်းဖြည်းနှင့် သူမ၏ အသံ အနိမ့်အမြင့်၊ အဖြတ်အတောက်၊ အဆွဲအငင်ဖြင့် သီချင်းအား ဖော်ဆောင်သွားလေရာ အဝါရောင်သဲကန္တာရအလယ်တွင် အိုအေစစ်တစ်ခုကို မြင်နေရသည့်အလား ပရိသတ်၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။
ဇီတာတေးသွားနှင့် သူမ၏သီဆိုသံသည် လေးမိနစ်မှ ငါးမိနစ်အထိ ကြာမြင့်ခဲ့သည်။ ကျန်းရှင်းယာ၏သီဆိုသံသည် တဖြည်းဖြည်း တိုးတိတ်သွားပြီး ဇီသာ၏နောက်ဆုံးတေးသံသည် လေထဲတွင် ပျံ့လွင့်သွားချိန်တွင် လူတိုင်းက ထ၍ လက်များကို ဝှေ့ယမ်းကာ
“နောက်တစ်ပုဒ် … နောက်ထပ်သီချင်းတစ်ပုဒ်…"
ကျန်းရှင်းယာသည် စင်မြင့်ထက်မှ အလျင်စလို မထွက်ခွာသွားခဲ့ဘဲ မီးမောင်းထိုးပြသည့်နေရာတွင် ရပ်ကာ အပြုံးနှင့် ပြန်လည်ပြောဆိုသည်။
"အရိုးသားဆုံးပြောရရင် ရှင်တို့အတွက် ကျွန်မ ထပ်ပြီး သီဆိုပေးချင်ပါတယ်။ ဒါပေမယ့် ဒီနေ့က ရှင်တို့လေးတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို ဖျော်ဖြေဖို့ စောင့်ဆိုင်းနေသူတွေ အများကြီးလည်း ရှိပါသေးတယ်။ လူတိုင်းရဲ့အချိန်ကို ကျွန်မကြောင့် မနှောင့်နှေးစေချင်ပါဘူး။ အားလုံးက ကျွန်မရဲ့သီချင်းတွေကို နှစ်သက်တယ်ဆိုရင် နောက်လေးရက်မှာ ရှန်ဟိုင်းကမ္ဘာသစ်စင်တာထဲ ပြုလုပ်မယ့် ကျွန်မရဲ့ဖျော်ဖြေပွဲကို စောင့်ပေးပါ။ အဲ့ဒီမှာ အားလုံးနဲ့ပြန်တွေ့ဖို့ ကျွန်မ စောင့်မျှော်နေပါ့မယ်ရှင်။"
ထိုသို့ပြောပြီးနောက် သူမသည် လူတိုင်း၏ စိတ်လှုပ်ရှားစွာ အော်နေသောအသံများအောက်မှ ထွက်ခွာသွားခဲ့သည်။
စင်မြင့်၏အနောက်တွင် ထန်ရှုသည် သူ၏ဇီသာအား ပြန်လည်ထုပ်ပိုးထားပြီးဖြစ်ပြီး ကျန်းရှင်းယာ ပြန်လာသည်ကို မြင်သောအခါ လက်မထောင်ပြလိုက်ရင်း အပြုံးဖြင့်
"မင်း သီချင်းဆိုတာ ကောင်းတယ်။"
ကျန်းရှင်းယာ၏မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ ရှန်ဟိုင်းတက္ကသိုလ် ဖျော်ဖြေရေးအတွက် အစက စိတ်အားတက်ကြွမှု လုံးဝမရှိခဲ့ချေ။ သူငယ်ချင်း၏ဖိတ်ကြားချက်ကြောင့်သာ မဟုတ်ပါက သူမ ဒီကို လာဖြစ်မယ်မဟုတ်ပါပေ။ သို့သော်လည်း သူမ အတွေ့ချင်ဆုံးသူဖြစ်သော ထန်ရှုနှင့် ဆုံစည်းပြီးနောက် ယခုအခြေအနေသည် ကွဲပြားသွားခဲ့ပေသည်။
"နင်လည်း အရမ်းကောင်းတယ်။" ကျန်းရှင်းယာက ပြန်ပြောလိုက်သည်။
တည်ငြိမ်သော အပြုံးဖြင့် ထန်ရှုက ပြန်လည်တုံ့ပြန်လိုက်ပြီး ဇီသာကို ကောက်ယူလိုက်ကာ
"ဒါနဲ့ ငါ အရင် ပြန်သွားတော့မယ်။ ငါ့ရဲ့ဖျော်ဖြေမှုအတွက် ပြင်ဆင်ထားရဦးမယ်။”
"ငါက ပြီးသွားပြီ။ နင်နဲ့ လိုက်လို့ရမလား။" ကျန်းရှင်းယာ၏ မျက်ဝန်းများ အရောင်လက်သွားကာ ကမန်းကတန်း မေးလိုက်သည်။
“မရဘူး။” ထန်ရှုက ခေါင်းယမ်းကာ အပြုံးဖြင့် ပြောသည်။ "မင်းသာ ငါနဲ့လိုက်ခဲ့မယ်ဆိုရင် အတန်းဖော်တွေက ငါတို့ကိုတွေ့ပြီး အကြာကြီး မငြိမ်မသက်ဖြစ်သွားလိမ့်မယ်။ အနားယူပါ။ ဒါမှမဟုတ် တခြားဖျော်ဖြေမှုတွေကို သွားကြည့်လို့ ရတယ်။"
ကျန်းရှင်းယာ စိတ်တွင်းမှ အနည်းငယ် စိတ်ပျက်သွားပြီး တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါ တခြားဖျော်ဖြေတာတွေကို သွားကြည့်မယ်။ ဒါပေမယ့် နင် ဖျော်ဖြေတာကို ငါစောင့်မျှော်နေမှာနော်။”
ထန်ရှု အပြုံးဖြင့် ခေါင်းညိတ်သည်။
သမိုင်းဌာန၏ကျောင်းသားများအတွက် နားနေခန်းသို့ ပြန်သွားသောအခါတွင် ဟန်ကျင်းဝူသည် မျက်မှောင်ကြုတ်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ မည်သည့်အကြောင်းအရာ စဉ်းစားနေမှန်း မည်သူမျှ မသိချေ။
"ထန်ရှု … နင် ဘယ်ရောက်နေတာလဲ။" ထန်ရှုအား မြင်သောအခါ ဟန်ကျင်းဝူက ချက်ချင်း မေးလိုက်သည်။
“ကျောင်းခေါင်းဆောင်က ကျွန်တော့်အကူအညီ လိုတယ်ဆိုပြီး လိုက်ရှာလို့ လိုက်သွားတာ။ ကိစ္စပြီးသွားလို့ ဒီကို ပြန်လာတာ။" ထန်ရှုက ဖြေသည်။
ကျောင်းခေါင်းဆောင်တစ်ယောက်က ထန်ရှုအား ခေါ်ခဲ့သည်ကို ဟန်ကျင်းဝူ သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူ ဖြေသည်ကို ကြားသောအခါ ခေါင်းညိတ်ပြီး
“ဘာအကူအညီ တောင်းတာလဲ။”
"သူက ကျွန်တော့်ကို တစ်စုံတစ်ယောက်အတွက် တေးသွားတီးပေးစေချင်တယ်။"
တွဲဖက်အကူအညီလား…
ဟန်ကျင်းဝူသည် အံ့အားသင့်သွားရင်း ထန်ရှုကိုင်ဆောင်ထားသော ဇီသာအား စိုက်ကြည့်နေသည်။ "ဒါဆို ကျန်းရှင်းယာအတွက် ခုနက တီးပေးနေတာနင်ပေါ့..."
"ဟေး … ဆရာမ မအော်နဲ့လေ။ ဆရာမက လူတိုင်း သိသွားအောင်လို့လား။"
ထန်ရှု၏ သိုသိုသိပ်သိပ်နေလိုသော စိတ်သဘောထားကို သိသော ဟန်ကျင်းဝူသည် စိတ်တွင်းမှ ချီးကျူးလိုက်ရင်း လေသံနှိမ့်လိုက်ကာ
"အဲ့ဒီဇီသာတီးသွားတာ အရမ်းမိုက်တယ်။ အသံသွင်းထားတာလို့ ငါက ထင်နေတာ။ နင်လို့ မထင်ခဲ့မိဘူး။ အဲ့ဒါ ဘယ်လိုနေလဲ။ ကျန်းရှင်းယာကရော လှလား။"
"ဟုတ်။" ထန်ရှုက တခဏ တိတ်ဆိတ်သွားပြီး
"ဆရာမထက် ပိုလှတယ်။"
“နင်…”
ထိုအပြုအမူသည် မသင့်လျော်ကြောင်း သူမ သိသော်လည်း ဟန်ကျင်းဝူသည် ဒေါသထွက်သွားသည်။ ထန်ရှုအား အမှန်တကယ် ရိုက်လိုက်ချင်သော်လည်း သူမ ကြံ့ကြံ့ခံခဲ့သည်။ သို့တိုင် သူမသည် ထန်ရှု၏ဘေးသို့ သွားကာ သူ၏ခါးအား လိမ်ဆွဲလိုက်သေးသည်။ ထို့နောက် သူ့အား လှည့်ကြည့်ကာ
“နင့်ရဲ့ ဖျော်ဖြေမှုက နံပါတ်၁၇မှာ။ ကြေညာတာကို နားထောင်ရုံပဲ။ စင်အနောက်ကို သွားပြီး ခေါ်တာကိုစောင့်ပါ”
သူ၏စကားကြောင့် သူမကို နာကျင်အောင် လုပ်မိသွားသည်လားဟု ထန်ရှု မသိနိုင်ချေ။ သို့သော် ဟန်ကျင်းဝူ၏စိတ်ဆိုးနာကျင်နေသော မျက်နှာလေးအား တွေ့သောအခါ သူ တိတ်တဆိတ် အားတင်းပြုံးမိသည်။ သူမအား နာကျင်စေရန် မရည်ရွယ်သော်လည်း ထိုအမျိုးသမီးသည် သူ၏အရှေ့တွင် အမြဲပေါ်ပေါ်လာခဲ့သည်။
ခန်းမထောင့်၏နောက်ဆုံးအတန်းတွင် ချီနန်သည် လက်ပိုက်ကာ ကော်ရစ်ဒါကို မှီရပ်နေပြီး နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုအား ချိတ်ဆွဲထားသည်။ ကမ်းနားတွင် ရှိနေသူများသည် တက်လာသည့်လကို ပထမဆုံးမြင်ရသည်ဟုဆိုသည်။ သူမသည် ရှန်ဟိုင်းတွင် အမြဲရှိ၍ ထန်ရှုအနီးတွင် မကြာခဏ လိုက်ပါရသောကြောင့် ထန်ရှုအကြောင်း များစွာကို သူမ သိရှိလာသည်။
ယခုကဲ့သို့ပင်…
အကယ်၍ ယနေ့ည ရှန်ဟိုင်းတက္ကသိုလ်၏ခန်းမဆောင်တွင် ထန်ရှု စင်မြင့်ထက်တွင် ဖျော်ဖြေမည်ကို ထာဝရခန်းမရှိ သူ၏လက်အောက်ငယ်သားများသာ သိပါက ထိုသူအားလုံး လာရောက်ကြည့်ရှုချင်ကြပေမည်။ သို့သော် နောက်ဆုံးတွင် သူမတစ်ဦးတည်းသာ သူတို့သူဌေး၏အံ့သြစရာဖျော်ဖြေမှုကို ကြည့်ရှုသူဖြစ်ခဲ့ရသည်။ ချီနန်သည် သူဌေး၏ အံ့သြဖွယ်ရာ ဖျော်ဖြေမှုအား စောင့်မျှော်လျက် ရှိသည်။
ပထမဆုံးအတန်းတွင် မုဝမ်ရင်သည် အဆောင်ညီအစ်မ သုံးယောက်၏ လေသံတိုးတိုးဖြင့် ပြောနေကြသော စကားသံအား ပြုံးကာ နားထောင်နေသည်။ သူတို့သည်လည်း ထန်ရှု၏ ဖျော်ဖြေမှုကို စောင့်မျှော်နေကြသည်။
ရုတ်တရက် ကျန်းဖေးယန်က မုဝမ်ရင်ဘက် ခေါင်းလှည့်လာကာ
"ဝမ်ရင် … ထန်ရှုက ဒီညပွဲမှာ ပါဝင်မယ်လို့ ကြားထားတာ မှတ်မိတယ်။ သူ ဘယ်ချိန် စင်ပေါ် တက်မှာတဲ့လဲ။"
လီရှင်းကျီနှင့် ဟူဝတေို့သည် အကြည့်ချင်းဖလှယ်ကာ မုဝမ်ရင်အား ကြည့်လိုက်ကြသည်။
"ငါ ဘယ်လိုသိမှာလဲ။" မုဝမ်ရင်က အပြုံးဖြင့် ပြန်ဖြေသည်။
"ငါက ထန်ရှုရဲ့ဖျော်ဖြေမှုကို စောင့်နေတာ။ လူတိုင်းရဲ့ မြင့်မားတဲ့ အကဲဖြတ်ချက်တွေကို သူ ရမယ်ဆိုတာ သေချာတယ်။" ကျန်းဖေးယန်က ပြောသည်။
"ဖေးယန် … နင် ထန်ရှုကို သိပ်အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။" လီရှင်းကျီက နူးညံ့စွာ ပြုံးရင်း ပြောသည်။
“သူ ဇီသာတီးမယ်လို့ ကြားတယ်။ အရွယ်ရောက်ပြီးတဲ့ ယောကျ်ားလေးတစ်ယောက်က သီချင်းဆိုကောင်းပြီး ဇီသာတီးနိုင်မယ်လို့ ထင်လား။”
ကျန်းဖေးယန်က တုံ့ပြန်သည်။
"ငါတို့ အတွက် သူ ဘာတွေ သိမ်းထားမလဲဆိုတာကြည့်ရအောင် ဟုတ်ပြီလား။ နောက်ပြီး ထန်ရှုက ယောက်ျားလေး။ ဒီနေ့ခေတ် ဇီသာတီးနိုင်တဲ့ ယောက်ျားလေးဦးရေ အရမ်းနည်းပါးနေတာမို့ သူ့ကိုလည်း အများကြီး မျှော်လင့်ထားလို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွှဲ့ချောင် ဖျော်ဖြေပွဲမှာ မပါဝင်တာ နှမြောစရာပဲ။”ဟူဝကေ ဝင်ပြောသည်။
(Charm Ming Nge - ကြွေကျနေသောပန်းများသည် အချစ်ကို တမ်းတနေပါသော်လည်း နှလုံးသားမဲ့စမ်းချောင်းငယ်သည် လှိုင်းထနေသည် (တရုတ်စကားပုံ) - တစ်ဖက်က ဆန္ဒရှိသော်လည်း တစ်ဖက်က လျစ်လျူရှုထားသည့် အခြေအနေတွင် အသုံးပြုသည်။ (များသောအားဖြင့် တစ်ဖက်က မလိုလားသည့် အချစ်များ ရှိနေသည့်အခြေအနေ))
***