← Chapters

ပထမပစ်ချက်တွင် တစ်ယောက်၏အမှတ်အသားကို ချန်ထားခြင်း

Vol. 09 Ch. 444

ပထမပစ်ချက်တွင် တစ်ယောက်၏အမှတ်အသားကို ချန်ထားခြင်း

Vol. 09 Ch. 444

"ဝေဝေ … နင် ရွှဲ့ချောင်ကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်။ သူက…” လီရှင်းကျီက ဟူဝေအား ထူးထူးဆန်းဆန်း ကြည့်လာသည်။

"ငါ သူ့ကို ကြိုက်နေရင်ရော ဘာဖြစ်လဲ။ သူ့ကို အထင်မသေးပါနဲ့။ တောင်ပေါ်သားလေးတွေက အရိုးသားဆုံးနဲ့ ရိုးရိုးရှင်းရှင်းလေးတွေ။ ငါ့အတွက်တော့ ချစ်သူက ရုပ်ချောဖို့ မလိုသလို ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာရတဲ့သူ ဖြစ်ရမယ်လို့လည်း ပညတ်ထားမှာ မဟုတ်ဘူး။ သူက လူတော်လူကောင်းဖြစ်နေသရွေ့ အဆင်ပြေတယ်။” ဟူ‌ဝေက နှုတ်ခမ်းလေး မဲ့ကာ ချေပလိုက်သည်။

လီရှင်းကျီက ခေါင်းညိတ်ရင်း

"နင် မှန်တယ် ဝေဝေ။ လူတစ်ယောက်ကို ချမ်းသာကြွယ်ဝမှုနဲ့ တိုင်းတာ ပုံပန်းသဏ္ဍာန်နဲ့ အကဲဖြတ်တာက အပေါ်ယံတွေပဲ။ ရွှဲ့ချောင်က စိတ်ထားဖြောင့်မတ်တယ်၊ သဘောကောင်းပြီး ရိုးသားတယ်။ သူ ကောင်းတယ်လို့ ငါလည်း ထင်ပါတယ်။”

မုဝမ်ရင်သည် အံ့အားသင့်နေရင်း ဟူဝေဘက်သို့ လှည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ

"ရွှဲ့ချောင်က နင်နဲ့ အဆင်မပြေဘူး ဝေဝေ။"

"ဝမ်ရင် နင် ဘာလို့ ဒီလိုထင်တာလဲ။ ငါတို့က သင့်တော်မယ် ထင်တာပဲ။" ဟူဝေ မျက်မှောင်ကြုတ်သွားသည်။

"နင် ရွှဲ့ချောင်ကို နှစ်အတော်ကြာအောင် သိခဲ့ပြီး သူ့ကို တက်တက်ကြွကြွ ဆွဲဆောင်မယ်ဆို ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုက အရမ်းနောက်ကျသွားပြီ။"

မုဝမ်ရင် သက်ပြင်းချလိုက်သည်။

"ငါ့ကို အကြောင်းပြချက်တစ်ခု ပေး။" ဟူဝေက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဒီနေ့မွန်းလွဲပိုင်းမှာ ထန်ရှုနဲ့ ငါ အပြင်လိုက်သွားတော့ အကြောင်းအရာမျိုးစုံကို ပြောဖြစ်တယ်။ အဲ့ဒီထဲမှာ ရွှဲ့ချောင်အကြောင်းလည်း ပါတယ်။ သူက လက်ထပ်ပြီးသား။ သူ့မှာ ဇနီးရှိရုံတင်မကဘူး သားတစ်ယောက်လည်း ရှိတယ်။ အခု သူတို့အိမ်ထောင်ရေးမှာ မင်းက တတိယလူ ဖြစ်ချင်တယ်လို့ ငါ့ကို မပြောနဲ့နော်။" မုဝမ်ရင် ပြောပြသည်။

"နင် ဘာပြောလိုက်တာ။"

ဟူဝေ မယုံနိုင်စွာဖြင့် ရုတ်တရက် ထလိုက်မိသည်။

"ရွှဲ့ချောင်မှာ မိန်းမနဲ့ ကလေးတစ်ယောက်ရှိနေပြီလို့ ငါ ထပ်ပြောဖို့ လိုသေးလား။  တကယ်တော့ ရွှဲ့ချောင်နဲ့ သူ့မိန်းမက အထက်တန်းကျောင်းတက်ကတည်းက ချစ်သူတွေ။ ဒါပေမယ့် သူတို့မှာ  လက်ထပ်မှတ်ပုံတင် မရှိသေးဘူး။ သူတို့မှာ လက်ထပ်မှတ်ပုံတင် မရှိပေမယ့် အခု ကလေးတစ်ယောက် ရနေပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ရွှဲ့ချောင်က သူရဲကောင်းဆန်တဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့လို့ လူဆိုးတွေကြောင့် ဒဏ်ရာရသွားသေးတယ်။ ထန်ရှုက သူ့ကို ဆေးရုံမှာ သွားကြည့်ခဲ့တယ်။ နောက်တော့ သူတို့မိသားစု ၃ယောက်ကို သူ့အိမ်မှာ နေစေခဲ့တယ်။ ဒါကြောင့် မင်း သူ့ကို စွန့်လွှတ်သင့်တယ် ဝေဝေ။"

ဟူဝေ တခဏတာ တွေဝေနေပြီး တစ်ခုခုအား လက်လွတ်ဆုံးရှုံးလိုက်ရသည့်နှယ် ခံစားနေရဟန် ရှိသည်။ သူမ၏ နှလုံးသားသည် အမှန်တကယ်ပင် ရွှဲ့ချောင်ကြောင့် လှုပ်ရှားခဲ့ရသည်။ သူ့အပေါ်ထားရှိသော သူမ၏ ခံစားချက်များသည် အစစ်အမှန် ဖွံ့ဖြိုးခြင်း မရှိသေးသော်လည်း ရွှဲ့ချောင်၏ အပြောအဆို၊ အမူအရာနှင့် အပြုအမူများသည် သူမအား စွဲလန်းလာစေခဲ့သည်။ ယခုတော့ သူမ၏အချစ်သည် မပွင့်လန်းခင် ညှိုးနွမ်းခဲ့ရသော ပန်းဖူးငုံလေးကဲ့သို့ အခါလွန်မှ ရွာချမိသည့် မိုးကဲ့သို့ ဖြစ်ခဲ့ရချေပြီတည်း။

ပရိသတ်ထဲ အခြားတစ်နေရာတွင်…

ယွဲ့ခိုင်သည် စင်မြင့်ပေါ်တွင် ဖျော်ဖြေနေသည့် ကျောင်းသားများကို ကြည့်နေရင်း ခေါင်းယမ်းလိုက်ကာ “အား … သူတို့ရဲ့ စွမ်းဆောင်ရည်က ဒီလောက်ပဲလားဟ။ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပါဝင်ဖို့တောင် မတန်ဘူး။ စင်မြင့်ကြီးတစ်ခုဆိုရင်တောင် အဲဒီပေါ်တက်ဖို့ ပိုလို့တောင် မထိုက်တန်သေးတယ်။ အစ်ကိုကြီးထန်ရော ဘယ်လောက် ကောင်းမလဲ မသိဘူး။ သူ့အဆင့်က ဒီလိုပဲဆိုရင်တော့ စိတ်ပျက်စရာ ကောင်းလွန်းတယ်။”

အခုမှ ရောက်လာသည့် ကျောက်လျန့်က မျက်လုံးလှန်ကြည့်ကာ

"ယွဲ့ခိုင် … မင်းပြောတာကို ငါ မကြိုက်ဘူး။ အစ်ကိုကြီးထန်က ဒီအဆင့်အထိ စွမ်းဆောင်နိုင်ရင်တောင် အတော်ကောင်းနေပြီလို့ ပြောလို့ရတယ်။ နောက်ပြီး သူက ဇီသာတီးမှာမဟုတ်လား။ မင်းတောင် လုပ်နိုင်လို့လား။"

“ငါမှ မသင်ရသေးတာ ဘယ်လုပ်နိုင်မလဲ။ ဒါပေမယ့် သူရော တီးနိုင်မလားဆိုတာ ဘယ်သူသိလို့လဲ။" ယွဲ့ခိုင်က ပြန်ပက်သည်။

“မင်း အဲ့ဒါကို ဘယ်လိုမှ သင်နိုင်မှာမဟုတ်ဘူး။” ရွှဲ့ချောင်က ဝင်ပြောလိုက်သည်။

"ဒါပေမယ့် အီစီကလီလုပ်တဲ့ ဘာသာရပ်ရှိရင်တော့ မင်း သေချာပေါက် သင်ယူနိုင်မယ်လို့ ငါ ပြောနိုင်တယ်။ ဒါပေမယ့် ဇီသာတီးနည်းကိုတော့ မင်း … ငါတော့ မထင်ရေးချ မထင်။”

ယွဲ့ခိုင်၏မျက်နှာထက်တွင် ရှက်ရွံ့ခြင်းနှင့် ဒေါသတရားတို့ ရောယှက်ကာ ပေါ်ထွက်လာသော်လည်း ရွှဲ့ချောင်အား လက်သီး ထောင်ပြလိုက်ရုံမှတပါး သူသည် ခေါင်းငုံ့ကာ ပြန်မတုံ့ပြန်ဝံ့ပေ။

"ဟေး … ငါတို့က ပျော်ဖို့ လာတာလေကွာ။ နောက်ပြီး အစ်ကိုကြီးထန်က သူ့ကိုယ်သူ စာရင်းသွင်းခဲ့တာမှ မဟုတ်တာ။ ဒါက မိန်းမချောလေးမု လုပ်ခဲ့တာဆိုတော့ သူ့ဆီကနေ ကောင်းမွန်တဲ့ တင်ဆက်မှုကို မမျှော်လင့်ထားကြနဲ့ ဟုတ်ပြီလား။ ငါ ထင်တာကတော့ ဇီသာတီးပြီး ချောချောမွေ့မွေ့ သီဆိုနိုင်ရင်ကို လုံလောက်နေပြီ။”

သူတို့နေရာမှ မီတာဒါဇင်ချီဝေးသော နေရာတွင်…

အမျိုးသမီးကျောင်းသူများစွာသည် ကျင်းရှင်းယာ၏ အဖွင့်သီချင်းနှင့် ပတ်သက်သည့်အကြောင်းအရာအား ဆွေးနွေးနေဆဲဖြစ်သည်။ သို့သော် ထိုအထဲတွင် ရီလျန်ယန် မပါဝင်ခဲ့ပေ။ သူမသည် လက်ပိုက်ထားကာ စင်မြင့်ထက်မှ ကျောင်းသားများ၏ဖျော်ဖြေသည်ကို ကြည့်ရှုနေခဲ့သည်။

ပြီးခဲ့သော နွေရာသီအားလပ်ရက်သည် အသွင်ပြောင်းလဲသွားကာ သူမအား လျင်မြန်စွာ ရင့်ကျက်စေခဲ့သည်။ ယခု ရှန်ဟိုင်းတက္ကသိုလ်သို့ ပညာသင်ကြားရန် သူမ ရောက်လာသည့်အခါတွင် အမြဲတွေးနေသည့် အကြောင်းအရာမှာ ထန်ရှုက သူမအား နောက်ပိုင်းတွင် နဂါးကိုးကောင်ကျွန်းတွင် အလုပ်လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောထားသည့် အကြောင်းအရာဖြစ်သည်။

ထန်ရှုသည် သာမန်ထက် လွန်စွာထူးကဲသော လူတစ်ယောက် ဖြစ်သည်ကို သူမ သိသည်။ ထန်ရှုအား မည်သို့သော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်း မည်သည့်မြို့၌ နေထိုင်မည်ကို မမေးခဲ့မိသည်ကို ရီလျန်ယန်တစ်ယောက် အမှန်ပင် နောင်တရနေခဲ့သည်။ ထို့အပြင် သူမအား ကူကယ်ရာမဲ့ဆုံးဖြစ်စေခဲ့သည့်အရာမှာ သူမ၏ဖုန်း မတော်တဆပျောက်ဆုံးသွားခြင်းကြောင့် ထန်ရှု၏ဖုန်းနံပါတ်အား ဆုံးရှုံးသွားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် နိုဝင်ဘာအားလပ်ရက် ရောက်လာပါက ထန်ရှု၏ဖုန်းနံပါတ်ကို မေးမြန်းရန် ကျင်းမန်ကျွန်းသို့ သွားပြီး မိုအားဝမ်အား ရှာရန်ပင် သူမ စီစဉ်ထားပြီးဖြစ်ပေသည်။

"ဘာတွေ တွေးနေတာလဲ တတိယညီမလေး။"

အနီးရှိ ကျောင်းသူတစ်ယောက်က ရီလျန်ယန်၏ လက်မောင်းကို ကိုင်ကာ အပြုံးဖြင့် မေးလာသည်။

သူမ၏စိတ်ပျံ့လွင့်နေသည်ကို သိလိုက်သည့် ရီလျန်ယန်က ချက်ချင်းပဲ ခေါင်းယမ်းလိုက်ပြီး အပြုံးဖြင့်

"ဟင့်အင်း … ငါ ဘာမှ မတွေးပါဘူး။ ဖျော်ဖြေပွဲတွေက သာမာန်မို့ ငြီးငွေ့လာတာ။ ဒါနဲ့ အဆောင်ကို ဘယ်လို ပြန်မလဲ။ ဒါမှမဟုတ် ကျောင်းစာကြည့်တိုက်ကို သွားမလား။ အဲ့ဒါပိုကောင်းတယ်။”

"မဖြစ်နိုင်ဘူး။ ကျန်းရှင်းယာက ပြန်ထွက်လာပြီး သီချင်းဆိုရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆို ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။ ခဏလောက်စောင့်ရအောင်။ နောက်ပြီး နင် နေ့တိုင်း စာလေ့လာနေတာပဲ။ စစ်သင်တန်း တက်ပြီးတော့လည်း ပြဌာန်းစာအုပ်တွေ လိုက်ဖတ်တယ်။ နင် မငြီးငွေ့ဘူးလား ကောင်မလေး။" ထိုကျောင်းသူက ပြန်ပြောသည်။

“စာအုပ်တွေများများဖတ်လေ များများလေ့လာနိုင်လေပါပဲ။ ဒီလိုနည်းနဲ့ အနာဂတ်မှာ ပိုကောင်းတဲ့ အလုပ်တွေ ရနိုင်မယ် မထင်ဘူးလား။” ရီလျန်ယန်က ပြုံးပြီး ပြောသည်။

"ဘာအလုပ် ရှာနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင်က ကြည့်ကောင်းတယ် တတိယညီမလေး။ အချိန်တန်ရင် ချမ်းသာတဲ့ခင်ပွန်းကို ဖမ်းဆုပ်နိုင်ပြီး အနာဂတ်မှာ အဆင်ပြေပြေ နေနိုင်မှာပါ။”

ရီလျန်ယန် မျက်လုံးပြူးပြလိုက်ပြီး

“ကောင်းကင်ဘုံ၊ နေရာတွေ၊ မိဘတွေနဲ့ ယောက်ျားကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာက ပိုကောင်းတယ် အမိ။ နောက်ပြီး ငါ့မှာ ငါ့ရည်မှန်းချက်အဖြစ် လူတစ်ယောက် ရှိနေပြီ။"

"နင့်ရဲ့ပန်းတိုင်က ဘာလဲ။" တခြားမိန်းကလေးတွေပါ ဝိုင်းလာကာ မေးလာသည်။

ရီလျန်ယန်က သူမ၏လက်သီးလေးများကို တင်းတင်းဆုပ်ပြီး ယုံကြည်ချက် ရှိစွာ ဖြေလိုက်သည်။

“အနာဂတ်မှာ သူ့စည်းစိမ်ဥစ္စာရဲ့ ဆယ်ပုံတစ်ပုံလောက်တော့ ငါ့မှာ ရှိဖို့ပဲ။”

"သူက ဘယ်သူလဲ။" ကျောင်းသူသုံးယောက်က တစ်သံတည်း ထွက်လာသည်။

"ငါ ပြောပြလည်း နင်တို့သိမှာမို့လား။" ရီလျန်ယန်က ပြုံးပြီး ပြန်ပြောသည်။

“အာ…”

ထိုအကြောင်းအရာကို ဆက်မဆွေးနွေးကြတော့ဘဲ လက်ခလယ်သုံးချောင်း ထောင်ပြခြင်းကို ရီလျန်ယန်တစ်ယောက် ခံလိုက်ရသည်။

ဖျော်ဖြေမှုများ တစ်ခုပြီးတစ်ခု ပြီးဆုံးသွားပြီး ထန်ရှု၏အလှည့်သည် လျင်မြန်စွာရောက်ရှိလာသည်။ ထို့နောက် အစီအစဉ်ကြေညာသူမိန်းကလေးက

“နောက်ထပ် အလှည့်ကျလာသူကတော့ သမိုင်းဌာနက ကျောင်းသားသစ် ထန်ရှု ဖြစ်ပါတယ်။ ဇီသာကို ကိုယ်တိုင်တီးခတ်ပြီး 'နတ်သမီးအိပ်မက်'ကို သီဆိုမှာဖြစ်ပါတယ်။ ထန်ရှုကို စင်မြင့်ပေါ်သို့ တက်ရောက်ရန် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။”

ခန်းမအတွင်းရှိ ချီနန်၏မျက်လုံးများ အရောင်တောက်ပလာသကဲ့သို့ မုဝမ်ရင်တို့အဖွဲ့သည်လည်း တိတ်ဆိတ်သွားသည်။ ယွဲ့ခိုင်တို့အဖွဲ့မှာလည်း မျက်လုံးများ ပြူးကျယ်လာကြသည်။

သို့သော် ရီလျန်ယန်သည် တစ်ခဏ တွေဝေသွားသော်လည်း ၎င်းမှာ နာမည်တူသူတစ်ဦးသာ ဖြစ်မည်ဟု သူမ ခံစားရသောကြောင့် ခေါင်းယမ်းလိုက်သည်။

သို့သော် သူမနှင့် ရင်းနှီးပြီးသားလူတစ်ယောက်သည် ဇီသာကို ကိုင်ဆောင်ကာ စင်မြင့်ပေါ်သို့ လျှောက်လာသောအခါ ရီလျန်ယန်သည် ရုတ်တရက် မတ်တတ်ရပ်ပြီး ဇီသာ၏အရှေ့တွင် ထိုင်နေသည့် ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူမ မြင်နေရသော အကြောင်းအရာများ သေချာစေရန် မျက်လုံးများကိုပင် ပွတ်ကြည့်မိသည်။

…အဲဒါက...တကယ်လား…

…သူလည်း ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားသစ်တစ်ယောက် ပဲလား။…

သူမ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း သေချာသွားသော ရီလျန်ယင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။ ထန်ရှု ဖျော်ဖြေခါနီးသာမဟုတ်ပါက သူမသည် ထန်ရှုထံ ချက်ခြင်း အပြေးအလွှားသွားကာ ရှန်ဟိုင်းတက္ကသိုလ်မှ ကျောင်းသားအသစ် ဖြစ်ကြောင်း အဘယ်ကြောင့် သူမအား မပြောပါသနည်းဟု မေးမြန်းခဲ့မိလိမ့်မည်ဖြစ်သည်။

စင်မြင့်တစ်ဖက်တွင် ဟန်ကျင်းဝူသည် လက်ပိုက်ကာ ထန်ရှု၏မျက်နှာအား တည်ငြိမ်စွာဖြင့် ဘေးဖက်မှ ကြည့်နေသည်။ သူမနှင့် ဆယ်မီတာခန့်အကွာ အမှောင်ထောင့်တွင် မက်စ်တစ်ခု တပ်ပြီး ဘဲခေါင်းဦးထုပ်ကို ဆောင်းကာ ရုပ်ဖျက်ထားသည့် ကျန်းရှင်းယာသည် တောက်ပသောမျက်လုံးများဖြင့် ထန်ရှုအား ကြည့်နေသည်။

ထန်ရှုသည် ဇီသာအရှေ့ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး သူ့အပေါ် အလင်းတန်းတစ်ခုသာ ထွန်းလင်းလာသည်တွင် သူ၏မျက်လုံးများက စင်အောက်ရှိ ဆရာများနှင့် ကျောင်းသူကျောင်းသားများကို ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်လိုက်သည်။

ထို့နောက် လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက်ပွင့်လာကာ လက်ချောင်းရှည်ရှည်လေးများသည် စီးဆင်းနေသော ရေကဲ့သို့ ကြိုးများပေါ်တွင် ဝဲပျံတီးခတ်လာခဲ့သည်။

ဇီသာ၏တေးဂီတသံနိုးထလာမှုအတွင်း စီးဆင်းနေသော ရေသံများ၊ အဖြူရောင်ငှက်လေးများ၏ ရွှင်မြူးစွာ တေးဆိုသံများ စီးဝင်ပျံ့လွင့်လာခဲ့သည်။ စက္ကန့်တစ်ဒါဇင်အတွင်း ကြိုးတုန်ခါမှုများနှင့် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် ဇီသာဂီတသံသည် ကြည့်ရှုနေသူတိုင်းအား အံ့သြစရာကောင်းသော ကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားတော့သည်။

အံ့သြဖွယ်ကမ္ဘာကြီးသည် စိမ်းစိုနေသောသစ်ပင်များ ရှိသော တောင်ကုန်းများ၊ ကြည်ပြာရောင်ရေများ၊ တဝေါဝေါ စီးကျနေသော ရေတံခွန်များနှင့် အမျိုးမျိုး စုံလင်သော ရောင်စုံလိပ်ပြာများဖြင့် ပြည့်နေသည်။ အိပ်မက်ထဲက နတ်သမီးမြေတစ်ခုကဲ့သို့ပင် ဖြစ်သည်။

အုံ့ဆိုင်းနေသော မြူခိုးတွေကြားရှိ မြူများဝေနေသည့် တောင်ကုန်းထက်တွင် လူတစ်ယောက်သည် တင်ပျဉ်ခွေထိုင်ကာ ဇီသာတီးနေသည်။ အံ့သြဖွယ်ကောင်းသော စိတ်ဝိညာဉ်လှုံ့ဆော်သည့် တေးသံများကြားတွင် ငှက်ဖြူလေးများသည် လေထဲတွင် ပို၍ ပို၍ ပျံဝဲကာ ရွှင်မြူးစွာ သီချင်းသီဆိုကြရင်း လေထဲတွင် ကနေကြသည်။

“အာ…”

စင်မြင့်ဘေးတွင် ရပ်ကြည့်နေသည့် ဟန်ကျင်းဝူ၏ နူးညံ့သည့် ခန္ဓာကိုယ်လေးသည် ရုတ်တရက် တုန်ခါသွားသည်။ သူမ၏ မျက်ဝန်းများ ချက်ချင်းပင် ဝိုင်းစက်သွားကာ ခန္ဓာကိုယ်သည် ကျောက်ရုပ်သဖွယ် တောင့်တင်းသွားသည်။

ထိုဂီတသံစဉ်များကို သူမ သိသည်။

သည်ဇီသာတေးသံအား သူမ ကြားလိုက်သည့်အချိန်တွင် ရင်းနှီးနေသည်။ ထိုသီချင်းအား ယခင်က တစ်ခါမှ မကြားခဲ့ဖူးသည်မှာ သေချာသော်လည်း ထိုတေးသံသည် သူမအား မည်သည့်အကြောင်းကြောင့် သည်ကဲ့သို့ ဖော်ပြခြင်းငှာမစွမ်းသာသည့် ရင်းနှီးမှုကို ယူဆောင်လာသည်ကို သူမ မသိပါချေ။

ထို့နောက်တွင် ဇီသာတေးသံ၏ဆွဲငင်အားအောက်တွင် ဟန်ကျင်းဝူသည် သူမ၏အရှေ့မှ ကမ္ဘာကြီး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ အမြင်အာရုံ ပြန်လည် ကြည်လင်တောက်ပလာချိန်တွင် သူမသည် တောင်ကုန်းတစ်ခုတွင် ရပ်နေပြီဖြစ်သည်။

ထိုနေရာတွင် ဟန်ကျင်းဝူသည် သူမကိုယ်တိုင် ဒါမှမဟုတ် သူမနှင့် တစ်ထေရာတည်း နီးပါးတူသည့် အမျိုးသမီးတစ်ယောက်ကို မြင်နေရသည်။ သူမသည် ဇီသာတီးနေသည့် လူတစ်ယောက်၏ဘေးတွင် ရပ်နေသည်။ ထို့နောက် သူမသည် ပေါ့ပေါ့ပါးပါးနှင့် လှပစွာ ကခုန်ခဲ့သည်။ သူမ၏အဖြူရောင်ဝတ်စုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်လျက် လှပသော နတ်သမီးလေးတစ်ပါး ကခုန်နေသည့်အလားပင် ဖြစ်သည်။

သူမသည် ကောင်းကင်ဘုံကိုးလွှာမှ ဆင်းသက်လာသည့် နတ်သမီးလေးတစ်ပါးနှင့်တူပြီး ဇီသာတေးသံနှင့် လိုက်လျောညီစွာ စိတ်ရောကိုယ်ပါ ကခုန်နေလျက် ရှိသည်။

…လျင်မြန်စွာ ကုန်လွန်သွားသော အချိန်နဲ့ နှစ်တွေက အင်မော်တယ်တွေအတွက် အိပ်မက်တစ်ခုလိုပါပဲ…

ထူးဆန်းသော သံစဉ်သည် သီချင်း၏အဓိပ္ပါယ်ကို လူတိုင်းအား နားလည်စေသည်။

ထိုထူးဆန်းသော အမြင်ရှုထောင့်မှနေ၍ ဟန်ကျင်းဝူသည် နတ်သမီးအကနှင့်အတူ ဇီသာတီးနေသည့်လူ၏ နောက်ကျောကို စိုက်ကြည့်နေသည်။ သီချင်းကို သူမ မကြားနိုင်သော်လည်း သူမနှုတ်က သီချင်းထဲက စကားလုံးများကို တေးသံအလိုက် အချိန်မီ ရွတ်ဆိုမိသည်။ သည်ဆန်းကြယ်သည့် တေးဂီတသံစဉ်အား  သူမ သိထားပြီးသား ဖြစ်ဟန်ရှိသည်။

တစ်ချိန်တည်းတွင် သူမ၏ စိတ်ထဲတွင် အလင်းတန်းတစ်ချက် လက်သွားဟန်ရသည်။ ထိုအခိုက်အတန့်တွင် ပျံသန်းနေသော လိပ်ပြာများကဲ့သို့ အပိုင်းအစများ - အလင်းရောင် အက်ကွဲကြောင်းများမှ ထွက်လာသည်။ လက်ရှိကမ္ဘာသည် သူမရှေ့မှောက်တွင် အင်မော်တယ်ကမ္ဘာနှင့် ရောနှောနေသကဲ့သို့ တစ်ချိန်က သူမတွင် ရှိခဲ့ဖူးသော မှတ်ဉာဏ်တစ်ခုအား ပြန်လည်အမှတ်ရနေသည့်အလားပင်။

…အဆုံးသတ်မဲ့ အင်မော်တယ်သမုဒ္ဒရာထဲမှာ ချင်းဖန်ရဲ့အလှတရားတွေက ငါ့နတ်သမီးအိပ်မက်ထဲက အမှုန်လေးတွေလို ကခုန်နေတာကြောင့် ငါ့ရဲ့ခံစားချက်တွေကို ဖွင့်ထုတ်လိုက်မိတယ်...

သိမ်မွေ့သော သီချင်းဆိုဟန် ထွက်ပေါ်နေကာ နူးညံ့သိမ်မွေ့သော ခံစားချက်များကို ပေးနေခဲ့သည်။

ဇီသာတေးသံမှတဆင့် လူတိုင်းသည် ဇီသာတီးခတ်သူ၏ ချစ်ခြင်းမေတ္တာတရားကို ခံစားမိနိုင်သည်။ သည်အရာသည် ကခုန်နေသော အမျိုးသမီးလေးအပေါ် ထားရှိသည့် နက်ရှိုင်းလေးနက်သည့် ချစ်ခြင်းမေတ္တာအား ဖော်ကျူးနေခဲ့သည်။

ထိုအခိုက်အတန့်လေးသည် အချိန်မီ ရပ်တန့်သွားပြီး အချစ်၏နွေးထွေးမှုက လူတိုင်း၏မျက်ဝန်းအား စိုစွတ်လာစေဟန် ရှိသည်။

တဖြည်းဖြည်းနှင့် လူတိုင်းသည် ထိုသီချင်းသံထဲတွင် နစ်မြုပ်ပျော်ဝင်သွားခဲ့သည်။

ထန်ရှုသည် ဇီသာ တီးကာ သီချင်းဆိုရင်း အမှတ်ရစရာ ကန့်လန့်ကာကို ဖွင့်မိကာ အတိတ်က မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာသည်။ သူ၏လက်ချောင်းများက လှုပ်ရှားနေသကဲ့သို့ တီးခတ်ရာတွင် ပိုမို ချောမွေ့လာသည်။ အတိတ်မြင်ကွင်းများသည် သူ၏စိတ်ထဲတွင် ဆက်လက် ပျံ့လွင့်နေရင်း မကြာမီပင် နောက်ဆုံးအပိုဒ်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ သီချင်းပြီးခါနီးအချိန်တွင်

သူ၏စိတ်ထဲရှိ ပုံရိပ်များသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အတိဒုက္ခကို ဖြတ်ကျော်နေသောမြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ အလစ်တိုက်ခိုက်ခံရသည့်အချိန် ဖြစ်သည်။

သူ၏အရင်းနှီးဆုံးသူငယ်ချင်းက ၊ သူ၏အချစ်ရဆုံးမိန်းမက … သူ့အား လုပ်ရက်ခဲ့သည်။ လုပ်ကြံရက်ခဲ့သည်။

သူ၏ရင်ထဲမှ အလွန်ပြင်းထန်သော ဒေါသ၊ မထိန်းချုပ်နိုင်သော ဒေါသသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူတိုင်း၏အရှေ့က ကမ္ဘာကြီးသည် ရုတ်တရက် ပြောင်းလဲသွားသော ဇီသာ၏တေးသွားနှင့်အတူ ပြောင်းလဲသွားခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော ရန်သူများနှင့် နတ်ဆိုးများသည် ကောင်းကင်ဘုံသို့ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်ကြပြီး သွေးပင်လယ်နှင့် အလောင်းများပြည့်နေသော တောင်တန်းများသည် လွန်စွာဆိုးရွားသော ငရဲအား ဖြည့်ဆည်းနေခဲ့သည်။

ရုတ်တရက် ငရဲတွင်းထဲတွင် ကျရောက်သွားသည့်အလား၊ ခန်းမထဲတွင် တကယ်လက်တွေ့ဖြစ်နေသည့်အလား လူတိုင်း စူးစူးဝါးဝါး အော်ဟစ်ကုန်သည်။

***

All Chapters