မှတ်ဥာဏ်အပိုင်းအစများ
Vol. 09 Ch. 445
ကောင်းကင်ဘုံနတ်နန်းမှသည် ကြောက်စရာကောင်းသော ငရဲအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားခြင်းကြောင့် လူတိုင်း လန့်ဖျပ်သွားကာ ကြောက်လန့်တကြား အော်ဟစ်ကြသည်။ လူတိုင်း၏ရှေ့မှ လက်ရှိခေတ်သစ်ကမ္ဘာသည် ငှက်များ၏ ကျီကျီကျာကျာတေးဆိုသံများနှင့် ပန်းရနံ့များ ပြည့်နေသော နတ်သမီးနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမှတဖန် ရက်စက်ကြမ်းကြုတ်သော၊ တောက်လောင်ဆိုးသွမ်းသော နတ်ဆိုးငရဲအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအရာသည် ကြောက်ခမန်းလိလိ ဖြစ်စရာ၊ ကြောက်မက်ဖွယ်ကောင်းစရာ၊ တုန်လှုပ်ချောက်ချားစရာများဖြင့် ပြည့်နေခဲ့သည်။
စင်မြင့်တစ်ဖက်မှ ဟန်ကျင်းဝူသည် တုန်ရီကာ ရုတ်တရက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမ၏အရှေ့က မြင်ကွင်းသည် ကြောက်စရာကောင်းသည့် ငရဲတွင်းအသွင် ဖြစ်သွားပေသော်လည်း ထိုအရာက သူမအား ကြောက်လန့်သွားစေသည့် မြင်ကွင်းမျိုး မဟုတ်ချေ။ ဟန်ကျင်းဝူအား အမှန်တကယ် ထိတ်လန့်သွားစေသည်မှာ သူမ၏စိတ်ထဲတွင် ပေါ်ထွက်လာသည့် မှတ်ဉာဏ်အပိုင်းအစတစ်ခုကြောင့် ဖြစ်သည်။
လူသူကင်းမဲ့နေသော တောင်တန်းများထက်တွင် အေးစိမ့်သောလေက တသုန်သုန်တိုက်ခတ်နေသည်။ နှင်းများသည် အဖြူရောင်ရေခဲမြစ်များပေါ်တွင် ဖွေးဖွေးလှုပ်အောင် ဖုံးလွှမ်းနေခဲ့သည်။
ရင်းနှီးသလို မရင်းနှီးသလို မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်စီးနိုင်သော စွမ်းအားရှိသော ပုံရိပ်တစ်ခုသည် လမ်းကြောင်းတစ်ခုနှင့် အတူတကွ ရောက်ရှိလာသည်။ သို့သော် ထိုအရာသည် အစစ်အမှန်လား သို့မဟုတ် ပုံရိပ်ယောင်လား ဆိုသည်ကို သူမ မခွဲခြားနိုင်ပေ။ ထိုကဲ့သို့ ပုံရိပ်အပိုင်းအစများသည် မည်သည့်အတွက်ကြောင့် သူမ၏စိတ်ထဲ ပေါ်လာခဲ့မှန်းလည်း ဟန်ကျင်းဝူ နားမလည်နိုင်ပါချေ။
အဆုံးမဲ့မိုးကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးရိုက်ခတ်မှုနှင့်အတူ ပြင်းထန်သော မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်နေပြီး အငြိုးတကြီး ရွာချလာသည့် သည်းထန်သော မိုးရေစက်များ၊ မိုးခြိမ်းသံများ၊ လျှပ်စီးလက်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြင့် တုန်လှုပ်စရာ ဖြစ်နေခဲ့သည်။ ထိုထိတ်လန့်ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းသည် ကမ္ဘာ၏အဆုံးသတ်ကို ဖွဲ့စည်းခဲ့ပြီး အဲ့ဒီနေရာတွင် သူမ မြင်ခဲ့သည်။
ကမ္ဘာ၏အဆုံးသတ်နေရာတွင် လေနှင့်မိုးအား လျင်မြန်စွာ ရှင်းလင်းနေသော ၊ ကမ္ဘာ၏အဆုံးသတ်လှိုင်းများအား ဖျက်ဆီးနေသော ဓားရောင်များသည် ကောင်းကင်ယံ၌ လွင့်ပျံ့သွားသကဲ့သို့ ထက်ကောင်းကင်ယံ အမြင့်တစ်နေရာ၌ ယုံကြည်အားထားရသူတစ်ယောက်၏ မတ်တပ်ရပ်နေသော အသွင်အား သူမ မြင်လိုက်ရသည်။
…ဟင့်အင်း…မဟုတ်ဘူး…
ကောင်းကင်နှင့်မြေကြီးကိုပင် ဆုတ်ဖြဲနိုင်သည့် စွမ်းအားရှိသူကို သူမကိုယ်တိုင်နှင့် လူအများအပြားက ဝိုင်းဝန်းတိုက်ခိုက်နေသည်ကို ဟန်ကျင်းဝူ တွေ့လိုက်ရသည်။
ထိုယုံကြည်အားထားရသူအား သူမ တိုက်ခိုက်နေသည်ကို မြင်ရသည့်အခိုက်အတန့်တွင် ချက်ချင်းပင် သူမကိုယ်သူမ သေစေလိုသည့်ဆန္ဒရှိကာ မည်သည့်အကြောင်းကြောင့် စိတ်ထိခိုက်နာကျင်ရသည်ကို သူမ မသိပေ။
…ကလန်…
အဆုံးသတ်တွင် နောက်ဆုံးမိုးခြိမ်းသံသည် ဟန်ကျင်းဝူ၏ နားထဲတွင် ထစ်ချုန်းသွားသည်။ နာကျင်မှုလှိုင်းထဲတွင် သူမ နစ်မြုပ်သွားပြီး သူမ၏ စိတ်ထဲရှိ မှတ်ဉာဏ်အပိုင်းအစများသည် ကြယ်အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားသည်။ သူမ၏အရှေ့ရှိ ငရဲတွင်းသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားကာ အမှောင်ထုသည် သူမ၏ အသိစိတ်အား ဖုံးလွှမ်းသွားပြီး ဟန်ကျင်းဝူ မေ့လဲသွားတော့သည်။
ခန်းမအတွင်း၌ ပရိသတ်များသည် စိတ်ထိခိုက်ဝမ်းနည်းနေကြပြီး မျက်လုံးများကို မှိတ်ထားကြရင်း ပါးပြင်ထက်တွင် မျက်ရည်များ စီးကျနေသည်။ သူတို့၏တွန့်နေသော မျက်ခုံးများသည် ဖြည်းညှင်းစွာ ပြေလျော့လာသော်လည်း မြင်ကွင်းတစ်ခုလုံးသည် အသက်မဲ့နေသကဲ့သို့ ဖြစ်နေကာ ဇီသာတေးသံ လုံးဝပျောက်ကွယ်သွားပြီးနောက် တိတ်ဆိတ်မှုက ကြီးစိုးထားခဲ့သည်။ သည်အချိန်တွင် ကြမ်းပြင်ပေါ်သို့ အပ်တစ်ချောင်းပြုတ်ကျပါက ထိုအသံကိုပင် ကြားနိုင်ကြပေမည်။
ကျောက်စိမ်းလေပြည်ဇီသာကို သိမ်းဆည်းပြီးနောက် ထန်ရှုသည် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။ မသိစိတ်၏စေခိုင်းမှုဖြင့် သူ၏မျက်နှာအား လက်ဖြင့် ထိကြည့်ရာ မထင်မှတ်ပဲ မျက်ရည်များစီးကျနေသည်ကို သိရှိခံစားလိုက်ရသည်။ သူ၏အကြည့်များသည် ခန်းမတွင်းရှိ ပရိသတ်များအား ဝေ့ဝဲကြည့်လိုက်သည်။ သူသည် စိတ်ဝိညာဉ်အာရုံအား ချက်ချင်း လွှတ်လိုက်ရာ ရင်းနှီးနေသောမျက်နှာလေးအား တွေ့လိုက်ရသည်။
"ဟင်…"
ထန်ရှု ရုတ်တရက် မျက်ခုံးတွန့်သွားပြီး ကျောက်စိမ်းလေပြည်ဇီသာကို ချက်ချင်း ကောက်ယူလိုက်သည်။ ထို့နောက် သူသည် စင်မြင့်ဘေးတစ်ဖက်ရှိ ဟန်ကျင်းဝူဆီသို့ လျှောက်သွားသည်။ လူတိုင်းက အခြေအနေကို သတိမထားမိကြသေးသဖြင့် ထန်ရှု၏လက်ချောင်းသည် ဟန်ကျင်းဝူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမှတ်နေရာအတော်များများကို နှိပ်ပေးလိုက်သည်။ ထို့နောက် သူသည် စင်နောက်ဘက် ဘေးတံခါးပေါက်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
…ငါ ဘာဖြစ်သွားတာလဲ…
ခန်းမနောက်ဘက်ရှိ ကော်ရစ်ဒါတွင် ချီနန်သည် ဦးစွာ အသိဝင်လာသည်။ မျက်လုံးဖွင့်ကြည့်မိသော်လည်း ပါးပြင်ထက်က မျက်ရည်များကို မသုတ်နိုင်သေးဘဲ စင်မြင့်ပေါ်သို့ မျှော်ကြည့်လိုက်ရာ ထိုနေရာတွင် သူမ၏သူဌေးအား မတွေ့ရတော့သဖြင့် အနည်းငယ် ထိတ်လန့်သွားသည်။
…အခု ဒါက ဘယ်လို စွမ်းအားမျိုးလဲ…
ချီနန် တုန်လှုပ်မိသည်။ ထိတ်လန့်ကြောက်ရွံ့မှုတို့သည် သူမ၏မျက်လုံးထဲတွင် ပြည့်လာခဲ့သည်။ သူမ၏သူဌေး တီးခတ်သွားသော ဇီသာတေးသံတွင် ထူးခြားဆန်းကြယ်သော တစ်စုံတစ်ခု ရှိနေကြောင်း သူမ သေချာသိသည်။ သူမသည် မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ရသော်လည်း သည်ဇီသာတေးသံကို ကြားလိုက်ရချိန်တွင် ထိုတေးသံ၏ဖမ်းစားခြင်းအခြေအနေသို့ သူမ ရောက်သွားခဲ့သည်။ သူမ ထိုတေးသံအား နောက်ထပ် ကြားရမည်ဆိုပါက သူမသည် အသတ်ခံရမည့် သိုးငယ်သဖွယ် ဖြစ်လာပြီး ပြန်လည်ခုခံနိုင်မည်မဟုတ်ပါပေ။
ယခင်က သူမသည် ထန်ရှုကို ကြောက်ရွံ့ရိုသေသည်မှာ သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာကြောင့်သာ ဖြစ်သည်။ ယခုတွင်မူ ထန်ရှုအပေါ် သူမ ခံစားရသော ကြောက်ရွံ့ရိုသေမှုသည် သူ၏ ကြောက်မက်ဖွယ် နည်းလမ်းသစ်ကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စင်မြင့်ဘေး အခြားတစ်နေရာရှိ ကျန်းရှင်းယာသည်လည်း တွေဝေမိန်းမောသွားခဲ့သည်။ သတိပြန်ဝင်လာချိန်တွင် သူမ စင်ပေါ်သို့ အမြန် လှမ်းကြည့်လိုက်သော်လည်း ထန်ရှုကို မတွေ့ရတော့ပေ။ ယခုအချိန်တွင် သူမ၏ နှလုံးခုန်သံကို ကြားရပြီး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ထန်ရှု၏ ကြောက်စရာကောင်းသော တစ်ဖက်ခြမ်းကို ဟောင်ကောင်တွင် တစ်ကြိမ်တွေ့ဖူးသည်။ ထိုအချိန်တုန်းက ထန်ရှုသည် သူ၏ရန်သူများကို နှိမ်နင်းရာတွင် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သူ၏နည်းလမ်းများသည် ကျန်းရှင်းယာ၏နှလုံးသားထဲတွင် မှတ်မှတ်ထင်ထင် ရှိနေခဲ့သည်။
ယနေ့ညတွင် အင်မော်တယ်ကမ္ဘာ၏အလှတရားနှင့် အံ့သြဖွယ်ရာများကို ခံစားပြီးနောက် သူမသည် နတ်ဆိုးငရဲ၏ ထိတ်လန့်တုန်လှုပ်မှုကို ထပ်မံခံစားခဲ့ရပြန်သည်။ သူမ၏ နှလုံးသားထဲရှိ ဝမ်းနည်းပူဆွေးမှုအား အချိန်အတန်ကြာသည်ထိ မဖယ်ရှားနိုင်ခဲ့ပေ။
ဇီသာတီးခတ်ခြင်းသည် သည်နယ်ပယ်အဆင့်အထိ တကယ် ရောက်ရှိနိုင်လိမ့်မည်ဟု သူမ မတွေးခဲ့ဖူးပါချေ။
ဇီသာတေးသံနှင့်သီချင်းစာသားများက ဖန်တီးထားသည့် ကမ္ဘာကြီးက အစစ်အမှန်ဟု ထင်ရသည့်အတွက် နားထောင်နေသည့်သူများအား အမှန်အကန်ဖြစ်နေသည်ဟု ခံစားမိစေခဲ့သည်။
ခန်းမအတွင်းရှိ ပရိသတ်များကြားတွင် ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် အခြားသူများ ဖြည်းညှင်းစွာ သတိဝင်လာကြသည်။ သို့သော် သူတို့၏မျက်လုံးထောင့်မှ မျက်ရည်စများကို သုတ်နေစဉ် ထန်ရှုသည် စင်မြင့်ထက်တွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။
"ဘာလို့ အရမ်းဝမ်းနည်းပြီး အဆင်မပြေဘူးလို့ ငါ ခံစားနေရတာလဲ။"
ဟူချင်းစုန့်က သူ၏အရှေ့မြောက်လေယူလေသိမ်းဖြင် အသံတိုးတိုး ညည်းလိုက်သည်။
"ဟုတ်တယ်။ တော်တော် စိတ်ဓာတ်ကျပြီး အရမ်း ဝမ်းနည်းနေတယ်။" ရွှဲ့ချောင်က ထောက်ခံလိုက်သည်။
ယွဲခိုင် ဘေးပတ်လည်သို့ ကြည့်လိုက်ရာ သူ၏ပတ်ဝန်းကျင်မှ တခြားသူများသည်လည်း သူ့နည်းတူစွာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ လူတိုင်းနီးပါး မျက်ရည်များ သုတ်နေကြပြီး မျက်နှာထက်ရှိ ဝမ်းနည်းမှုများသည်လည်း ပျောက်ကွယ်မသွားကြသေးချေ။ လက်ဖြင့် သူ၏ရင်ဘတ်ကို ဖိပြီး ယွဲ့ခိုင် ညည်းညူလိုက်သည်။
“ဇီသာကို ဒီလောက်အဆင့်ထိ တီးခတ်နိုင်တာကို တွေးရင် အစ်ကိုကြီးထန်က မခန့်မှန်းနိုင်တဲ့အဆင့်ထိ အောင်မြင်သွားပုံရတယ် ဟုတ်တယ်မလား။ အရင်တုန်းက ဂီတဟာ လူတွေရဲ့စိတ်ဝိညာဉ်ကို လှုပ်ခတ်စေနိုင်တယ်လို့ ငါ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးဘူး။ ဂီတက ပုံရိပ်ယောင်ကို အစစ်အမှန်အဖြစ် မြင်စေနိုင်တယ်ဆိုတာ ပိုလို့တောင် ငါ မယုံကြည်မိသေးတယ်။ ဒါပေမယ့် အခုတော့ ငါ ယုံသွားပြီ။”
ဟူချင်းစုန့်၊ ရွှဲ့ချောင်နှင့် အခြားလူများသည် ယွဲ့ခိုင်၏ ခံစားနေသည့် အမူအရာအား လှည့်ကြည့်သည်။
ဟူချင်းစုန့်က “ငါလည်း ပါတယ်။ အစ်ကိုကြီးထန်က တကယ်ကို ပြောင်ပြောင်မြောက်မြောက် တီးခတ်ခဲ့တာပဲ။ သူက ငါ့ကို အင်မော်တယ်ဘုံနှင့် ငရဲဘုံကို တွေ့မြင်ခံစားစေခဲ့တာ။"
"ငါရောပဲ။ ဘော့စ်ထန်က အခုကစပြီး ငါ့ရဲ့အိုင်ဒေါလ်တစ်ယောက်ပဲ။"
ရွှဲ့ချောင်က ခေါင်းတဆတ်ဆတ်ညိတ်ကာ လက်မထောင်ပြသည်။
အခြားနေရာတွင် ကျန်းဖေးယန်သည် သူမ၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်ပြီး လီရှင်းကျီ၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူမက ငိုရှိုက်သံနှင့်အတူ
" ရှင်းကျီ…ငါ့ရင်ထဲမှာ ဘာလို့ နာကျင်နေရတာလဲဟာ။"
ကျန်းဖေးယန်ကို ကြည့်လိုက်သည့် လီရှင်းကျီ၏မျက်နှာတွင် ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ရှိနေပြီး သူမ၏အသံသည်လည်း ဝမ်းနည်းမှု အနည်းငယ်စွက်နေလျက်
"ငါတို့တွေ ဇီသာတေးသံရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာပဲ။ ဘေးပတ်ပတ်လည်က တခြားသူတွေလည်း ငါတို့နဲ့အတူတူပဲ။ ထန်ရှုရဲ့ ဇီသာတီးတဲ့စွမ်းရည်က အံ့သြဖို့ကောင်းလွန်းတယ်။ သူက ဇီသာနတ်ဘုရားလို့တောင် ငါ ထင်မိတယ်။"
နတ်ဘုရား…
ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးဆေးဆေး ထိုင်နေသော မုဝမ်ရင်၏ နှလုံးသားလေး ပြင်းထန်စွာ လှုပ်ခတ်သွားရသည်။ လီရှင်းကျီ၏တင်စားချက်သည် သင့်လျော်သည်ဟုပင် သူမ ရုတ်ခြည်းပင် ခံစားမိသည်။ သည်အရာသည် အမှန်ပင်ဖြစ်သည်။ ထန်ရှုသည် အမှန်တကယ်ပင် ဇီသာတီးခတ်ခြင်းတွင် နတ်ဘုရားကဲ့သို့သော တည်ရှိမှုဖြစ်သည်။
ထို့အပြင် ... သူသည် ပန်းချီဆွဲခြင်းနှင့် လက်ရေးလှစာပန်းချီရေးသားခြင်းတွင်လည်း နတ်ဘုရားတစ်ပါး ဖြစ်နိုင်သေးသည်။
…ဒီကမ္ဘာမှာ သည်လောက် အရည်အချင်းရှိသောယောက်ျားလေး ဘယ်လို ရှိနိုင်မှာလဲ။ နတ်ဘုရားတစ်ပါးရဲ့အရည်အချင်းနဲ့ တူညီတဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက်လား။ ဒီတစ်သက်မှာ သူ့ကို ချစ်မိပြီးမှ အခြားယောက်ျားတွေကို သဘောကျနိုင်ပါဦးမလား။…
မုဝမ်ရင် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာတွင် ဖြစ်ပေါ်လာသော ရှင်းမပြနိုင်သည့်၊ ဖော်မပြနိုင်သည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။
အခြားတစ်နေရာတွင် ရီလျန်ယန်၏မျက်ဝန်းများသည် မျက်ရည်များဖြင့် စိုစွတ်နေခဲ့သည်။ သူမသည် ကောင်းကင်ဘုံနှင့်နတ်ဆိုးငရဲ၏အရသာကို ခံစားဖူးသွားခဲ့ပြီဖြစ်သည်။ ထန်ရှုအကြောင်း သူမ သိသောအရာသည် အလွန်နည်းပါးလွန်းကြောင်း ရုတ်ခြည်းပင် နားလည်သဘောပေါက်သွားခဲ့သည်။
ဇီသာတေးသံ။ သီချင်းစာသား။
ထိုအရာအား မည်သို့ ဖော်ပြရမည်ကို သူမ မသိပေ။ ယခုအချိန်တွင် ထန်ရှုအား အလျင်စလို ရှာဖွေလိုသောဆန္ဒသည် ပိုမို ပြင်းထန်လာခဲ့တော့သည်။
စင်မြင့်ထက်တွင် အစီအစဉ်ကြေညာသူသည် သူမ၏မျက်နှာထက်က မျက်ရည်များကို သုတ်လိုက်သည်။ သူမ၏ စိတ်ခံစားချက်များကို လျင်မြန်စွာ ချိန်ညှိလိုက်ပြီး စင်မြင့်အလယ်သို့ လျှောက်သွားကာ မိုက်ခရိုဖုန်းအား ယူလိုက်သည်။ အခြေအနေ မတည်ငြိမ်သေးသော ကျောင်းခေါင်းဆောင်များနှင့် ကျောင်းသားများကို ကြည့်ရင်း သူမသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကာ
"အားလုံးပဲ ထန်ရှုရဲ့ ဖျော်ဖြေမှုကို ဘယ်လိုမြင်ပါသလဲရှင်။"
ဆယ်စက္ကန့်ကျော်ကျော် ကြာသွားသည်။ သူမ၏မေးခွန်းအတွက် မည်သူမျှ တုံ့ပြန်ခြင်း မရှိပေ။
ပရိသတ်များသည် ၎င်းတို့၏ခံစားချက်များကို ချိန်ညှိနေဆဲဖြစ်ပြီး ၎င်းတို့ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းများကို အရသာခံကာ တွေးတောကာ စားမြုံ့ပြန်နေကြဆဲဖြစ်သည်။
နောက်ဆုံးတွင် ရှန်ဟိုင်းတက္ကသိုလ်၏ခေါင်းဆောင်သည် ထိုင်ခုံမှထကာ
“ဒါ ကောင်းတယ်။ တကယ်ကို အံ့သြဖို့ကောင်းတယ်။ ဇီသာတေးသံနဲ့ မရေမတွက်နိုင်တဲ့ သီချင်းတွေကို ငါ ကြားခဲ့ဖူးပေမယ့် ထန်ရှုရဲ့ အဆင့်နဲ့ နှိုင်းယှဉ်နိုင်တာ တစ်ခုမှ မရှိခဲ့ဘူး။”
ထို့နောက် သူက လက်ခုပ် စတီးလိုက်သည်။
ချက်ချင်းဆိုသလိုပင် တခြားလူတွေအားလုံးကလည်း လက်ခုပ်လိုက်တီးကြသဖြင့် ဆယ်စက္ကန့်အတွင်းမှာပင် ခန်းမထဲတွင် လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လူတိုင်းက လက်ခုပ်တီးက ချီးမွမ်းကြခဲ့သည်။
ကျယ်လောင်သော လက်ခုပ်သံများက ဟန်ကျင်းဝူအား မူးမေ့နေခြင်းမှ နှိုးထလာစေခဲ့သည်။
…ငါ ဘာဖြစ်သွားတာလဲ…
ဟန်ကျင်းဝူ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူမသည် မှောင်နေသည့်နေရာတစ်ခုတွင် ရှိနေသည်ကို တွေ့ရှိခဲ့ပြီး တုန်ခါသောလက်ခုပ်သံများက ခန်းမတွင်းတစ်ခုလုံး ကျယ်လောင်စွာပဲ့ တင်ထပ်နေခဲ့သည်။ ဟန်ကျင်းဝူသည် လက်များကို အားပြုကာ ခက်ခက်ခဲခဲ ထိုင်လိုက်သည်။
ရုတ်တရက်ပင် သူမ၏စိတ်ထဲတွင် ဝမ်းနည်းစိတ်ကလေး ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းကာ ခပ်မတ်မတ် ဖြစ်သွားပြီး မှတ်ဉာဏ်အပိုင်းအစများသည် သူမ၏ စိတ်အတွင်း၌ ဆက်လက် တောက်ပနေခဲ့သည်။ တီးခတ်နေစဉ်အတွင်း ဇီသာတေးသံကို နားဆင်ရင်း သူမ မြင်လိုက်ရသော မှတ်ဉာဏ်အပိုင်းအစများပင်။ သူမသည် များစွာသော မြင်ကွင်းများကိုမြင်ခဲ့သည်။ ဝိုးတဝါးပုံရိပ်များဖြင့် လူများစွာကိုလည်း မြင်ခဲ့ရပြီး သူမကိုယ်သူမပင် မြင်တွေ့ခဲ့ရသည်။
သို့သော် ထိုမှတ်ဉာဏ်အပိုင်းအစများသည် ပုံရိပ်များကို မြင်နေရသကဲ့သို့ အဆင်မပြေခဲ့ပေ။ ပုံရိပ်များသည် အလွန်ရင်းနှီးသော်လည်း တစ်ချိန်တည်းတွင် အလွန်ထူးဆန်းသည်ဟု ခံစားမိသည်။
…ဒီမြင်ကွင်းတွေက ဘာတွေလဲ …
ဟန်ကျင်းဝူသည် ခေါင်းပေါက်ထွက်သွားတော့မည့်အတိုင်း ခံစားလိုက်ရသည်။ ပေါက်ထွက်သွားတော့မတတ် ခေါင်းကိုက်နေခြင်းအား သည်းမခံနိုင်တော့ဘဲ သူမ၏ခေါင်းကို လက်ဖြင့် အုပ်ထားလိုက်မိသည်။ သူမသည် ထိုမှတ်ဉာဏ်အပိုင်းအစများကို ပို၍မြင်ချင်လာသည်။ သို့သော် ပုံရိပ်များ ပျောက်ကွယ်သွားသောအခါတွင် သူမသည် ခေါင်းကိုက်ခြင်းသာ ခံစားခဲ့ရပြီး ထိုပုံရိပ်များသည် မည်သည့်အကြောင်းအရာ ဖြစ်သည်ကို လုံးဝ မမှတ်မိတော့ပါချေ။
ဟန်ကျင်းဝူ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ စင်အနောက်သို့ ဦးတည်လိုက်ချိန်တွင် သူမ၏ အမူအရာသည် ဖြူဖျော့နေလျက်ရှိသည်။ သည်အချိန်တွင် သူမတစ်ကိုယ်လုံး ချွေးများ စိုရွှဲနေပြီး ခြေထောက်များ အနည်းငယ် တုန်ရီနေခြင်းအား သူမ နားမလည်မိပါချေ။
ကျောင်းသားအဆောင်အဆောက်အဦးအတွင်း …
ထန်ရှုသည် သူ၏ လင်ရိုဗာကားကို မှီ၍ ဖုန်းပြောပြီးသည့်နောက်တွင် သူ့ဆီသို့ လာနေသော ချီနန်အား လှမ်းကြည့်လိုက်သည်။ သူသည် ကျောက်စိမ်းလေပြည်ဇီသာအား ချီနန်ထံ အပ်လိုက်ပြီး “သိမ်းထားပေးပါဦး။ မနက်ဖြန် ဝကျေန်းပင်လာရင် ပြန်ပေးလိုက်ပါ။"
ချီနန်၏ စိတ်ရှုပ်နေသော မျက်ဝန်းအစုံသည် ထန်ရှု၏ ခံစားချက်မဲ့သောအမူအရာအား ကြည့်လိုက်ရင်း သူမက ချီတုံချတုံဖြစ်စွာ ပြောလိုက်သည်။
"သူဌေး … နင်တီးတာ အရမ်းကောင်းတယ်။ ဒါပေမယ့် ငါ နည်းနည်းတော့ ဇဝဇေဝါ ဖြစ်နေတယ်။"
"မင်း ဘယ်လိုခံစားရလဲ ပြောကြည့်။" ထန်ရှုက ပြောသည်။
“နင့်ရဲ့ ဇီသာတေးသံနဲ့ သီဆိုတဲ့သီချင်းက အစပိုင်းမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးအပိုင်းမှာ ခံစားချက်က ဘာကြောင့် ပြောင်းလဲသွားတာလဲ။ 'နတ်သမီးအိပ်မက်' ခေါင်းစဉ်အရဆိုရင် အနုပညာအယူအဆနဲ့ စိတ်ခံစားမှုက ပျော်ရွှင်မှုနဲ့ ဆက်စပ်ရမယ်မဟုတ်လား။”
"ငါ့နှလုံးသားကို အတိုင်းအတာတစ်ခုအထိ တစ်စုံတစ်ရာက စိတ်ခံစားမှုတွေ လှုံ့ဆော်ပေးခဲ့တယ်။ ဒါကြောင့် တီးကွက်က ရည်ရွယ်ထားတဲ့ လမ်းကြောင်းကနေ လမ်းလွဲသွားတယ်။" ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။
ချီနန်သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသဖြင့် သူမ၏ကြောက်ရွံ့မှုသည် ပိုမိုကြီးမားလာသည်။ ထန်ရှု ဖြစ်ပျက်ခဲ့သည်ကို သူမ အတိအကျ နားမလည်သည့်တိုင် ထိုအဖြစ်အပျက်သည် လုံးဝကို လွမ်းမောစရာ၊ နောက်ကွယ်က ဇာတ်လမ်းသည် လွန်စွာ ဝမ်းနည်းကြေကွဲစရာ ဖြစ်နေမည်ကို သူမ သေချာပေါက် သိနေခဲ့သည်။
"ဒါဆို ငါ အရင်ပြန်တော့မယ် သူဌေး…"
"အွန်း … သွားတော့။" ထန်ရှုသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။ ချီနန် ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ထန်ရှု ရုတ်ခြည်းပင် သူ့ကိုယ်သူ အပြစ်တင်သော အပြုံးတစ်ခု ပြုံးလိုက်မိသည်။
…ငါက အဲ့ဒီခံစားချက်တွေကို မျိုသိပ်ထားနိုင်တယ်လို့ ထင်ခဲ့မိတယ်။ ကံကောင်းထောက်မပြီး ဇီသာတေးသံက ၎င်းရဲ့အနုပညာခံစားချက်မှာ ခုခံလိုတဲ့ ရည်ရွယ်ချက် မပါရှိပေလို့သာပေါ့ … နို့မဟုတ်ရင် ဒီနေ့ည ခန်းမထဲက လူတိုင်း ဒုက္ခရောက်ကုန်တော့မယ်။…
စဉ်းစားရင်း သူ ခေါင်းယမ်းလိုက်မိသည်။ ကျန်းရှင်းယာနှင့် ကြယ်ပြာအိမ်ရာကို ထွက်သွားရန် တွေးမိလိုက်သော်လည်း ယွဲ့ခိုင်ဆီ သူ၏ကားသော့ကို ပေးထားခဲ့သည်ကို ပြန်သတိရလိုက်သောကြောင့် လှည့်ကာ အိပ်ဆောင်ထဲသို့ လျှောက်သွားခဲ့သည်။
ခံစားချက်များနှင့် ချစ်ခြင်းမေတ္တာ၏ချည်နှောင်မှုများ။
သူသည် ထိုအရာများကို အဆက်မပြတ် ဖြတ်တောက်ခဲ့သော်လည်း ထိုအရာများ၏ အတွင်းအနှစ်သာရသည် သူ့အား ထိုဖရိုဖရဲ ခံစားချက်ထဲသို့ ကျရောက်စေခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ထိုအရာများကို လောလောဆယ် ဘေးဖယ်ထားရမည်။ ထိုအကြောင်းတွေ တွေးနေခြင်းအား ရပ်တန့်ပစ်ရပေမည်။ နောင်အနာဂတ်၏တစ်ရက်ရက်တွင် ထိုပြဿနာကိုဖြေရှင်းရန် သူ့တွင် ခွန်အားအလုံအလောက် ရှိလာပြီးပါက အရာအားလုံး ရှင်းလင်းစေရန်နှင့် အရာအားလုံးကို အဆုံးသတ်နိုင်စေရန် ဟန်ကျင်းဝူ၏ မှတ်ဉာဏ်များကို သူ နိုးထစေရလိမ့်မည်ဖြစ်သည်။
***