အခွင့်အလမ်း တွေ့ကြုံမှ
Vol. 09 Ch. 446
ထို့အချိန်တွင် ထန်ရှုအား ကျန်းရှင်းယာမှ ဖုန်းခေါ်ဆိုလာပြီး ဖုန်းပြောဆိုမှုသည် ဆယ်မိနစ်ခန့် ကြာခဲ့သည်။ တွေ့ဆုံရမည့် အချိန်နှင့်နေရာကိုချိန်းလိုက်ကာ မကြာမီ ကျောင်းဝင်းအတွင်းရှိ သစ်ပင်အုပ်စုအနီး ကွန်ကရစ်လမ်းပေါ်တွင် တွေ့ဆုံခဲ့သည်။
"ဟေး အိုင်ဒေါလ် …" ကျန်းရှင်းယာက ပြုံးရွှင်စွာ လှမ်းခေါ်ပြီး ထန်ရှုအား တလက်လက်တောက်ပနေသော မျက်ဝန်းတို့ဖြင့် ကြည့်နေသည်။
"မင်း ငါ့ကို နောက်နေတာလား။ ငါက ဘယ်လိုလုပ် မင်းရဲ့ အိုင်ဒေါလ် ဖြစ်လာမလဲ။" ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။
“အာ … နင်ရဲ့ ဇီသာတီးတာနဲ့ သီချင်းဆိုတာက အခုချိန်အထိ ငါ မကြုံဖူးလောက်အောင် အရမ်းကောင်းတယ်။ ဘယ်အရာမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ အရင်က ငါ့မှာ အိုင်ဒေါလ်တွေ ရှိခဲ့ပေမယ့် သူတို့အပေါ်ထားတဲ့ ခံစားချက်တွေက နင့်ကို လေးစားတာလောက် မပြင်းထန်ဘူး။ ဒါနဲ့ နောက်အားလပ်ချိန်ရရင် နင့်လို ဇီသာတီးနည်းမျိုး ငါ့ကို သင်ပေးလို့ ရမလား။"
ကျန်းရှင်းယာက အပြုံးဖြင့် ပြောသည်။
“နောက်တော့ ဆွေးနွေးကြတာပေါ့။ ငါတို့ ဘယ်သွားမှာလဲ။" ထန်ရှုက တုံ့ပြန်သည်။
“ခရမ်းရနံ့ ဥယျာဉ်မှာ နေရာတစ်ခုကို ငါ ကြိုတင် မှာပြီးပြီ။ အဲ့ဒီမှာ ညစာစားပြီး ဈေးဝယ်ထွက်ရအောင်။ ဘယ်လိုလဲ။" ကျန်းရှင်းယာက ပြောသည်။
ထိုအချိန်တွင် ထန်ရှု၏စိတ်တွင်း၌ အနည်းငယ် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းရှင်းယာ၏ အကြံကို ကြားပြီးနောက် သူ့တွင် အမှန်တကယ် ထင်မြင်ချက် မရှိခဲ့ပေ။ အစားစားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ လမ်းလျှောက်ခြင်းတို့ လုပ်ပြီးသွားသည့်အခါ သူ့စိတ်အခြေအနေ ပိုကောင်းလာနိုင်ပေမည်။
"ကောင်းပါပြီ။"
ကျန်းရှင်းယာသည် သူမ၏ကားကို ယူမလာခဲ့ပေ။ သူမကိုယ်သူမ ဖုံးကွယ်ရန် မက်စ်နှင့် အနက်ရောင် မျက်မှန်ကို တပ်ထားသည်။
“နင့်မှာ ကားပါလား ထန်ရှု။”
လင်ရိုဗာကို ညွှန်ပြရင်း ထန်ရှုက အပြုံးဖြင့်
"ငါ့ကားသော့ကို အတန်းဖော်က ယူသွားပြီ။ ခဏလောက် လမ်းလျှောက်ပြီး တက္ကစီခေါ်ကြတာပေါ့။"
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျန်းရှင်းယာက ခေါင်းညိတ်ကာ
“ကောင်းပြီ။ ဒါပေမယ့် ငါ ရွေးလိုက်တဲ့နေရာက ဒီနေရာနဲ့ နည်းနည်း ဝေးတယ်။ နင် ဒီည အဆောင်ကို ပြန်လာနိုင်မှာ မဟုတ်ဘူး။"
"ရတယ်။ ကျောင်းဝင်းအပြင်မှာ အိမ်တစ်အိမ်ရှိသေးတယ်။” ထန်ရှုက ပြောသည်။
"နင်က ဒီနှစ်မှ လူသစ် မဟုတ်လား။" ကျန်းရှင်းယာ အံ့သြသွားသည်။ "ကျောင်းဝင်းထဲမှာ နေထိုင်ရတာ ပြဿနာမရှိဘူး မဟုတ်လား။"
"ဘာမှ မရှိပါဘူး … တကယ်ပါ။ ငါက ကျောင်းဝင်းထဲမှာပဲ နေလေ့ရှိတာပါ။ ဒါပေမယ့် စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ လုပ်စရာရှိရင် အပြင်မှာ နေတယ်။”
"ကောင်းပြီလေ။"
ဖျော့တော့သော လမ်းမီးရောင်အောက်တွင် နှစ်ယောက်သား လမ်းလျှောက်လာကြစဉ် ကျန်းရှင်းယာအား မည်သူမှ သတိမထားမိကြချေ။ နှစ်ယောက်သား တက္ကစီကို လျင်မြန်စွာ တားပြီး ခရမ်းရနံ့ ဥယျာဉ်ဆီသို့ အပြေးသွားကြသည်။
ခရမ်းရနံ့ဥယျာဉ်သည် ရှန်ဟိုင်းမြို့ပြင်တွင် တည်ရှိပြီး အလွန်ကျယ်ဝန်းသော ဧရိယာတစ်ခုဖြစ်သည်။ ခရမ်းရနံ့ဥယျာဉ်ကိုဖြတ်၍ ပင်လယ်ပြင်ကျယ်ကြီးဆီသို့ စီးဆင်းသွားသော လှိုင်းထန်သည့် မြစ်တစ်စင်းရှိသည်။ တက္ကစီသည် တံတားပေါ်မှ မောင်းနှင်လာပြီး အလင်းရောင်ပင်လယ်အတွင်းရှိ ဂန္တဝင်ပုံစံ အဆောက်အဦးဆီသို့ ရောက်သောအခါ ကျန်းရှင်းယာသည် ကားခကို အလျင်စလို ပေးချေလိုက်ပြီး နှစ်ဦးသား ဂန္တဝင်အဆောက်အဦးတစ်ခုဆီသို့ လျှောက်သွားကြသည်။
“ဒီနေရာက တကယ်ကောင်းတယ်။” ထန်ရှုက ဘေးပတ်လည်ကို ကြည့်ကာ ချီးကျူးလိုက်သည်။
“ဟုတ်တယ်။ ခရမ်းရနံ့ဥယျာဉ်ကို ပြင်ပရှုခင်းစားသောက်ဆိုင်လို့ သတ်မှတ်ကြတယ်။ အဆင့်သတ်မှတ်ရမယ်ဆိုရင်တော့ ထိပ်ဆုံး၃ဆိုင်ထဲ ဝင်နိုင်တယ်။ ဒါပေမယ့် သူတို့က ဒီမှာ အဖွဲ့ဝင်တွေပဲ လက်ခံတဲ့အတွက် ဒီနေရာကို အသင်းဝင် မဖြစ်ဘဲနဲ့ ဘယ်သူကမှ လာလို့ရနိုင်မှာ မဟုတ်ဘူး။” ကျန်းရှင်းယာက ပြုံးပြီးပြောသည်။
"အိုး … ဒါဆို မင်းက ဒီမှာ အဖွဲ့ဝင်ပေါ့ ဟုတ်လား။" ထန်ရှု ရယ်မောလိုက်သည်။
“ဟုတ်တယ်။ ခရမ်းရနံ့ဥယျာဉ်စဖွင့်တုန်းက ဖဲကြိုးဖြတ်ဖို့ ငါ ဖိတ်ခေါ်ခံရတယ်။ အဲ့ဒါကြောင့် သူတို့က ငါ့ကို စိန်ကတ် ပေးလိုက်တာ သဘာဝပါပဲ။ တကယ်တော့ ဒီမှာ လာပြီး စားဖို့အတွက် အဆင့်အသီးသီး ကွဲပြားတယ်။ အဖွဲ့ဝင်ကတ် အသီးသီးမှာ မတူညီတဲ့ အဆင့်တွေ ရှိသလို ကတ်ကိုင်ဆောင်ထားသူတွေကိုလည်း ကွဲပြားစွာ ဆက်ဆံတယ်။ မီနူးစာရင်းကအစ ကွာဟချက်တွေ၊ ကွဲပြားချက်တွေက အကြီးကြီးပဲ။"
ကျန်းရှင်းယာက ရှင်းပြသည်။
"အဆင့်တွေက ဘယ်လိုခွဲတာလဲ။" ထန်ရှု အံ့သြသွားသည်။
“အဖွဲ့ဝင်ကတ်ကို အမျိုးအစား လေးမျိုးခွဲထားတာလေ။ အနိမ့်ဆုံးက ငွေရောင်ကတ် အဲ့ဒီကတ်အတွက် ယွမ်၁သိန်း စပေါ်ငွေတင်ပြီး လျှောက်လို့ရတယ်။ ကတ်တွေက အနိမ့်ကနေ အမြင့်ကို ရွှေကတ်၊ စိန်ကတ်နှင့် ဧကရာဇ်ကတ်ဆိုပြီး ရှိတယ်။ ပိုင်ရှင်ရဲ့စကားအရဆိုရင် ရွှေကတ်အတွက်က စပေါ်ငွေ ယွမ် ၁မီလီယံ၊ စိန်ကတ်အတွက်က ယွမ် ၁၀ မီလီယံ၊ ဧကရာဇ်ကတ်အတွက်က အနည်းဆုံး ယွမ်၁၀၀ မီလီယံ လိုလိမ့်မယ်။ အဲ့ဒါကြောင့် ချမ်းသာပြီး အာဏာရှိသူတွေသာ ရွှေကတ်ကို ရနိုင်တယ်။ ဧကရာဇ်ကတ်ကိုင်ထားတဲ့သူ မပေါ်သေးဘူးလို့ ပြောလို့ရတယ်။”
"ဒါဆို ဒီမှာ ထမင်းစားဖို့အရေး ပထမဆုံး အသင်းဝင် ဖြစ်ရမယ်။ ပထမတစ်ခေါက် သုံးတာက ယွမ်၁သိန်းလည်း ရှိရမယ်။ ဒါက အရမ်းခက်မယ် ထင်တယ်။ ခုချိန်ထိ ဧကရာဇ်ကတ်ကို ဘယ်သူမှ မရသေးတာ ငါ မအံ့သြတော့ဘူး။ အမှန်တကယ်တော့ စပေါ်ငွေ ယွမ် ၁၀မီလီယံ ပေးရတယ်ဆိုကတည်းက လက်တွေ့မကျဘူးလို့ ငါ ထင်တယ်။”ထန်ရှုက စဉ်းစားကာ ပြောလိုက်သည်။
"နင် မှားနေပြီ ထန်ရှု …။ ငါ သိသလောက်တော့ စိန်ကတ်ကိုင်တဲ့ လူအရေအတွက်က ၁၀၀ ကျော်သွားပြီ။”
ကျန်းရှင်းယာက ခေါင်းယမ်းကာ ပြောလိုက်သည်။
"ဟမ် … လူ ၁၀၀ ကျော် သွားပြီလား။ မင်း ငါ့ကို နောက်နေတာလား။ သူတို့တွေက ပိုက်ဆံကို အလေးအနက် မထားကြတာလား။ ယွမ် ၁၀ မီလီယံ မကုန်မချင်း သူတို့ ဒီမှာ စားသောက်ဖို့ ဘယ်နှစ်ခါတောင် သုံးရမှာလဲ။" ထန်ရှု အံ့အားသင့်သွားသည်။
"အယ် … နင်တွေးတာ မှားနေတယ်။ နှစ်စဉ်ပွဲတွေ လုပ်တတ်တဲ့ စာရင်းဝင် ကုမ္ပဏီတွေ အများကြီးက ဒီနေရာကို ရွေးကြတယ်။ အဲ့လိုပွဲတစ်ခုနဲ့ကိုပဲ ယွမ်ငွေ သိန်းနဲ့ချီပြီး ရတာ။ တခါတလေ ပွဲတစ်ခုအတွက် ယွမ်မီလီယံနဲ့ချီပြီး သုံးကြတာတောင် ရှိတယ်။”ကျန်းရှင်းယာက သိမ်မွေ့သော အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။
ထန်ရှု ရုတ်တရက် သဘောပေါက်သွားပြီး
"ဘာပဲဖြစ်ဖြစ် ငါ့ကိုသာ မေးရင် ဒီလိုအဆင့်မြင့် အဖွဲ့ဝင်ကတ်တွေနဲ့ ဒီမှာ ထမင်းစားဖို့ မထိုက်တန်ဘူး။ ဒါပေမယ့်လည်း လူအမျိုးမျိုး စိတ်အထွေထွေရှိကြတော့ မတူညီတဲ့အမြင်တွေ၊ ဘဝအတွေးအခေါ်တွေက ကွဲပြားကြမှာပါပဲ။ ငါ့အတွက် အဲ့ဒါက မထိုက်တန်ဘူးဆိုပေမယ့် တခြားသူတွေအတွက်တော့ တော်တော်တန်ဖိုးရှိလိမ့်မယ်။ သွားကြစို့။ စိန်ကတ်ကိုင်ဆောင်ထားသူအတွက် ဘယ်လိုအဆင့်မြင့်တဲ့ အစီအစဉ်တွေလဲရှိလဲဆိုတာ မင်းဆီကနေ တစ်ချက်လောက် ကြည့်ဦးမယ်။”
"အား … ကြည့်ရတာ နင် ဒီည ငါ့ကို နှလုံးသွေးယိုအောင် လုပ်တော့မယ်ထင်တယ်။" ကျန်းရှင်းယာ ပြုံးလိုက်သည်။
ထန်ရှုက အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်သည်။ ဆိုင်အတွင်းသို့ ဝင်ခါနီးတွင် သူ၏ဖုန်းက မြည်လာသည်။ ဖုန်းကို ထုတ်ကြည့်ရင်း ဖုန်းခေါ်သူအမည်အား တွေ့သည့်အခါ ထန်ရှု၏မျက်ခုံးများ အနည်းငယ် တွန့်သွားသည် ။
"ဘယ်သူ ဆက်နေတာလဲ။ မင်း မဖြေဘူးလား။"
ထန်ရှု၏ မျက်မှောင်ကြုတ်ပြီး ချီတုံချတုံဖြစ်နေသော အမူအရာအား ဘေးတွင်ရပ်နေသော ကျန်းရှင်းယာက မြင်သဖြင့် အမြန် မေးလိုက်သည်။
“ကျေးဇူးပြုပြီး ခဏစောင့်ပါ။ ငါ ဒီဖုန်းခေါ်တာကို အရင် ဖြေလိုက်ဦးမယ်။" ထန်ရှုက ပြန်ပြောလိုက်သည်။
ပြောပြီးသည်နှင့် ထန်ရှုသည် အပြင်ဘက်သို့ ပြန်လှည့်ထွက်သွားသည်။ ထို့နောက် ဖုန်းဖြေဆိုသည့် ခလုတ်ကို နှိပ်ကာ
"ဆရာမဟန် လိုအပ်တာ တစ်ခုခုရှိလား။"
ဖုန်းထဲမှ ဟန်ကျင်းဝူ၏ ပင်ပန်းနွမ်းနယ်နေသောအသံ ထွက်ပေါ်လာပြီး
"ထန်ရှု … နင် ... ဇီသာ တီးသွားတာကောင်းတယ်။"
"ကျွန်တော် သိပါတယ်။" ထန်ရှုက ခပ်ပေါ့ပေါ့ပဲ ပြောလိုက်သည်။
ဟန်ကျင်းဝူက တခဏလောက် နှုတ်ဆိတ်နေရင်း
"ထန်ရှု … နင် တီးပြီး ဆိုသွားတဲ့ 'နတ်သမီးအိပ်မက်' ကို ငါ အရမ်းရင်းနှီးသလို ခံစားရတယ်။ ဒါပေမယ့် ငါ အရင်က အဲ့ဒါကို မကြားဖူးတာ သေချာတယ်။ နင့်ရဲ့ ဇီသာတီးသံနဲ့ သီချင်းဆိုသံကို နားထောင်ပြီး ငါလေ … ငါ အခြေအနေတစ်ခုထဲ ရောက်သွားတယ်။"
"ဘယ်လို အခြေအနေလဲ" ထန်ရှု မျက်မှောင်ကြုတ်မိသည်။
"ငါ့စိတ်ထဲမှာ ထူးဆန်းတဲ့ပုံရိပ်တွေ ပေါ်လာတယ်။ သူတို့က ရှန်းရှရုပ်ရှင်တွေထဲက မြင်ကွင်းတွေအတိုင်းပဲ။ တချို့က ဓားပျံတွေ စီးကြတယ်၊ တချို့က တိမ်တွေနဲ့မိုးစက်တွေကို ဖန်တီးနိုင်သလို လက်ဟန်ပြပြီး တခြားအရာတွေ ပြောင်းလဲနိုင်တယ်။ အချို့က အနီးကပ်တိုက်ပွဲတွေ တိုက်ခိုက်နေတယ်။ ဒါပေမယ့် တိုတိုပြောရရင် … အဲ့ဒီလူတွေကို ငါ မသိပေမယ့် သိနေသလိုပဲ။ အဲ့ဒီမြင်ကွင်းတွေကို ငါ ရင်းနှီးနေပုံပေါ်ပေမယ့် သူတို့တွေက ငါ့အတွက် ထူးထူးဆန်းဆန်း ခံစားနေရတယ်။ ငါ့ကို ပြောပါဦး ထန်ရှု … ငါ ဘာတွေ ဖြစ်နေတာလဲဟင်။" ဟန်ကျင်းဝူ၏အသံလေးသည် စိတ်ရှုပ်ထွေးနေသည့်ဟန် ရောယှက်နေသည်။
ထန်ရှု၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ သူ၏မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သူက လေးလေးနက်နက်အသံဖြင့် “အဲဒါတွေအပြင် တခြားဘာတွေရှိသေးလဲ။ ဥပမာ … အဲ့ဒီပုံတွေမှာ ဆရာမအနေနဲ့ အရေးကြီးတယ်လို့ ခံစားရတဲ့သူ ရှိသလား ဒါမှမဟုတ် အဲ့ဒီပုံတွေထဲမှာ အရေးကြီးတဲ့ အရာတွေ ရှိသလား။"
ဟန်ကျင်းဝူ မဖြေမီ တခဏ စဉ်းစားနေပြီးမှ
“ရှိတယ်။ ဒါပေမယ့် အဲဒီလူက ဘယ်လိုပုံစံလဲဆိုတာ ငါ မမြင်ရဘူး။ အဲ့ဒီလူက လျှပ်စီးတွေလက်နေတဲ့ မိုးခြိမ်းသံတွေ၊ မိုးကြိုးပစ်တာတွေကြားထဲမှာ အရိပ်တစ်ခုလိုပဲ။ အဲ့ … အဲ့ဒီထဲက အမျိုးသမီးက ငါနဲ့ တော်တော်တူတယ်။ ဒါပေမယ့် သူမကိုကြည့်ရတာ အတော် နာကျင်အားငယ်နေပြီး မျှော်လင့်ချက်မဲ့နေသလို ခံစားနေရတယ်။ သူမ မလုပ်ချင်ပေမယ့် တစ်ခုခုက သူမကို ဖိအားပေး လုပ်ခိုင်းနေတဲ့ပုံရတယ်။ အဲ့ဒါကြောင့် လျှပ်စီးတွေလက်နေတဲ့ မိုးခြိမ်းသံတွေ၊ မိုးကြိုးပစ်တာတွေကြားထဲက လူကို သူမ တိုက်ခိုက်ရတော့တယ်။”
မှတ်ဉာဏ်အပိုင်းအစများ…
နတ်သမီးအိပ်မက်သီချင်းအား ဇီသာဖြင့် တီးဆိုလိုက်ခြင်းဖြင့် ဟန်ကျင်းဝူ၏လူဝင်စားဘ၀ မှတ်ဉာဏ်အား ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားကြောင်း သူမ ပြောပြနေသည့် စကားများမှတဆင့် ထန်ရှု နားလည်ခဲ့သည်။ ထို့အပြင် ဟန်ကျင်းဝူပြောပြခဲ့သည့် သူမအနေဖြင့် ပြတ်ပြတ်သားသား မမြင်နိုင်ခဲ့သော လျှပ်စီးလက်သံ၊ မိုးကြိုးပစ်သံကြားမှ ထိုလူသည် ထန်ရှုကိုယ်တိုင်ပင် ဖြစ်တော့သည်။
"ပြန်စဉ်းစားကြည့်တော့ ဘယ်လိုနေလဲ။"
"အဲ့ဒါကို ငါ မှတ်မိပုံမပေါ်ဘူး။ ငါနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတဲ့အကြောင်းကို ပိုတွေးလေ၊ ခေါင်းတွေ ပေါက်ထွက်တော့မလို ခံစားလာရလေပဲ။ ဘာဖြစ်တာလဲမသိဘူး။ ကြည့်ရတာ … ငါ့နှလုံးသားထဲမှာ အဲဒါကို မမှတ်မိဖို့ ပြောနေတဲ့ အသံတစ်ခု ရှိနေတယ်။”
ထန်ရှု စိတ်တွင်းမှ သက်ပြင်းချလိုက်ရင်း ပေါ့ပါးသောလေသံဖြင့်
"ကျွန်တော် သိပါတယ်။ အဲ့ဒါကို ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာမ အဲ့ဒါကို အပြည့်အဝ မှတ်မိလာပြီဆိုရင်တော့ တစ်ချို့အရာတွေကို ကျွန်တော်တို့ ဖြေရှင်းလို့ရပါပြီ။”
"ဘာကိုလဲ။" ဟန်ကျင်းဝူ စိတ်ရှုပ်သွားသည်။
ထန်ရှု၏အမူအရာ အေးစက်လာပြီး ထူးမခြားနားဟန်ဖြင့် “ဘာမှ မဟုတ်ပါဘူး။ အထွေအထူး မရှိတော့ရင် ကျွန်တော် အရင်ဖုန်းချလိုက်တော့မယ်။"
ပြောပြီးသည်နှင့် ဖုန်းချလိုက်ကာ ဖုန်းကို သိမ်းလိုက်သည်။ သူ၏မျက်နှာထက်တွင် စိတ်ရှုပ်နေသော အကြည့်တစ်ခု ရှိနေသည်။ ဟန်ကျင်းဝူ ခံစားနေရသော အခြေအနေနှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
နောက်ဆုံးတော့ သည်လူဝင်စားဘဝတွင် ယခင်ဘဝ၏ မှတ်ဉာဏ်များ ပြန်ပေါ်လာခြင်းသည် သန်းရာချီသော လူများထဲက တစ်ယောက်ဖြစ်ဖို့ရာ အလွန်ခက်ခဲသည့် ဖြစ်နိုင်ခြေတစ်ခုပင်။ သန်မာသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်များပင်လျှင် လူဝင်စားခဲ့ပါက ယခင်ဘဝ၏မှတ်ဉာဏ်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါပေ။ ထိုလူသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားမှသာ မှတ်မိနိုင်ပေမည်။ သို့သော် တစ်ဖန် ထိုဖြစ်နိုင်ခြေပင် တစ်ဘီလီယံတွင် တစ်ယောက်သာ ဖြစ်သည်။
ထန်ရှုသည် ပျံ့လွင့်နေသော အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ လူဝင်စားတစ်ယောက် ဖြစ်သော ဟန်ကျင်းဝူသည် သူမ၏ အတိတ်ဘ၀ မှတ်ဉာဏ်များအားလုံးကို ပြန်ယူနိုင်မလားဆိုသည်ကို သူ ဂရုစိုက်သော်လည်း သူမတွင် တပိုင်းတစမှတ်ဉာဏ်များသာ ရှိသေးသောကြောင့် သူမနှင့် ပြဿနာ ဖြေရှင်းရမယ့်အချိန် မဟုတ်သေးကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။ ထိုသို့ အချိန် မကျသေးသည့်ကိစ္စကြောင့် သူ့အတွေးနှင့်သူ ပူပန်ဒုက္ခရောက်မည်ကို ထန်ရှု မဖြစ်လိုပါချေ။
"ပြီးသွားပြီလား။ ဒါနဲ့ ငါ ဟာသတွေ အများကြီး ပြောပြီး နင့်ရဲ့စိတ်အခြေအနေကို ပိုကောင်းအောင် လုပ်ပေးထားတာလေ။ ဒါပေမယ့် ဖုန်းလည်းပြောပြီးရော နင့်ရဲ့စိတ်က ဘယ်လိုဖြစ်သွားတာလဲ စူပုတ်နေရောပဲ။ နင့်ကို ဘယ်သူက စိတ်မချမ်းသာအောင် လုပ်ခဲ့တာလဲ ငါ့ကိုပြော။ ငါ အဲ့ဒီလူကို သွားရိုက်ပစ်လိုက်မယ်။"
ထန်ရှု မျက်နှာသေဖြင့် ပြန်ရောက်လာသည်ကို မြင်သော ကျန်းရှင်းယာသည် အားတင်းပြုံးကာ ချက်ချင်းပင် မှတ်ချက်စကား ဆိုလိုက်သည်။
“အဲ့ဒီအတွက် ငါ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အခုတော့ ငါ အဆင်ပြေပါတယ်။ မင်းနဲ့ လိုက်ဖို့ သဘောတူထားတာဆိုတော့ တခြားပြဿနာတွေကို ငါ ဖယ်ထားသင့်တာပေါ့။ ဒီည ငါ့ကို မိန်းမချောလေးတစ်ယောက်က ညစာကျွေးမယ်ဆိုတော့ သူမကို သွေးထွက်အောင် သေချာလုပ်ရမယ်။" ထန်ရှု ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
"ဟာဟ … နင် ငါ့ကို မွဲတေသွားအောင် အများကြီးစားရင် နောင်အနာဂတ်မှာ ငါ့ကို ထောက်ပံ့ရမယ့် နင့်အလှည့်ပဲ။" ကျန်းရှင်းယာ ပြုံးကာ ပြောလိုက်သည်။
ထန်ရှုက အပြုံးယဲ့ယဲ့ဖြင့် တုံ့ပြန်လိုက်သည်။ ဆိုင်ရှေ့တံခါးကို ဝင်တော့မည့်ဆဲဆဲတွင် ရင်းနှီးသော အသံအချို့ကို ကြားလိုက်ရသည်။
"ကျင်းကြီး … မင်း တခြားသူတွေကို အထင်ကြီးနေစရာ မလိုတော့ဘူးလို့ ငါ ပြောခဲ့တယ်မလား။ ငါ အခု တကယ်ကောင်းတဲ့ ပရောဂျက်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီIPကွန်ရက်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ရင် ငါတို့ ပိုက်ဆံ အများကြီး ရနိုင်မှာ အသေအချာပဲ။ နောက်ပြီး ငါ့ကုမ္ပဏီရဲ့နည်းပညာအဖွဲ့က တရုတ်နိုင်ငံမှာ အကောင်းဆုံး အက်ပလီကေးရှင်းတွေကို လုပ်ထားပြီးပြီ။ အချိန်တန်ရင် ဆက်သွယ်မှုပလက်ဖောင်းကို မြှင့်တင်ဖို့ ငါတို့ရဲ့ အရင်းအမြစ်တွေကို အာရုံစိုက်လိုက်ရင် ငါတို့ပရောဂျက်က လူကြိုက်များလာပြီး ကျိန်းသေပေါက်သွားမှာ။”
(Charm Ming Nge – IP (Internet Protocol) သည် အင်တာနက်သုံးရန် မိမိတို့အသုံးပြုသည့် လိုင်စင်နံပါတ်ပြား သို့မဟုတ် အထောက်အထားဖြစ်သည်။ IP သည် ထူးခြားပြီး အခြားမည်သူမျှ တစ်ချိန်တည်းတွင် အသုံးမပြုနိုင်သည့် အထောက်အထားဖြစ်ကာ ၎င်းကို အမှတ်များဖြင့် ပိုင်းခြားထားသော နံပါတ်လေးခုဖြင့် ဖွဲ့စည်းထားသည်။ IP address သည် နံပါတ်နှင့် အညွှန်းတပ်ခြင်းဖြစ်ကာ ကွန်ရက် တွင်း ဆုံမှတ်များအကြား ဆက်သွယ်မှုအတွက် ဖန်တီးထားသော IPကို အသုံးပြုသည့် ကွန်ပျူတာကွန်ရက်တစ်ခုတွင် ပါဝင်သည့် ကွန်ပျူတာများကို ပေးသော နံပါတ်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။)
“ညီအစ်ကိုဂူ … အခု နာမည်ကြီး IPကွန်ရက်က အရမ်းရေပန်းစားလာတယ်ဆိုတာ ငါလည်း သိပါတယ်။ ဒါပေမယ့် အဓိကအချက်ကတော့ ငါ ဒီနယ်ပယ်အကြောင်းကို ဘာမှ မသိဘူး။ မသေချာတဲ့အရာတစ်ခုမှာ ငါ့ကို ရင်းနှီးမြှုပ်နှံဖို့ မင်း ချက်ခြင်းပြောလို့မရဘူး၊ နောက်ပြီး ငါ့မှာ လူထုကို ကြေညာတော့မယ့် စီမံကိန်းတစ်ခု ရှိသေးတယ်။ ငါ့မှာ လုံလောက်တဲ့ ရင်းနှီးငွေမရှိဘဲနဲ့ ပိုရင်းနှီးမြှုပ်နှံရမှာကို ကြောက်ပါတယ်။"
“ကျင်းကြီး … အခွင့်အရေးက နှစ်ခါမရဘူး။ မင်း ဒီအခွင့်အရေးကို မယူရင် ငါနဲ့ ပူးပေါင်းဖို့ တခြားသူကို ရှာရလိမ့်မယ်။"
"ငါ ပြန်စဉ်းစားကြည့်ဦးမယ် ညီအစ်ကိုဂူ…"
"ကောင်းပြီ…"
***