စူပါစတားတစ်ဦး၏ ချီးကျူးစကား
Vol. 09 Ch. 448
ထိုသူ၃ယောက်၏သဘောတူညီချက်ကို ရပြီးနောက် ကျန်းရှင်းယာ စိတ်လှုပ်ရှားနေခဲ့သလို တစ်ချိန်တည်းမှာပင် စိုးရိမ်စိတ်အနည်းငယ်လည်း ရှိနေသည်။ လက်ရှိတွင် သူမသည် ကျော်ကြားသော အဆိုတော်တစ်ဦး ဖြစ်သော်လည်း သူမ၏ပွဲဦးထွက်ခရီးသည် အတော် နောက်ကျခဲ့သဖြင့် စုဆောင်းငွေ အများကြီး မရှိသေးပါချေ။ ၂၀၀မီလီယံ ရင်းနှီးငွေသည် သူမအတွက် အကန့်အသတ် ဖြစ်နေခဲ့ပြီးဖြစ်ပြီး ပေကျင်းနှင့် ကွမ်းယန်ရှိ သူမ၏အိမ်များကို ရောင်းချပါမှ ငွေလုံလောက်ရုံသာ ရှိပေမည်။
သူမသည် ထန်ရှု၏အခြေအနေအား ကောင်းစွာ သိသည်။ ထိုသူသည် သေချာပေါက်ပင် ချမ်းသာကြွယ်ဝပေသည်။ ဟောင်ကောင်တွင်ရှိစဉ်က ထန်ရှုသည် ယွမ်၁၀ဘီလီယံကျော် အကျိုးအမြတ်ရထားသေးသည်။ ထို့အတူ ဂူချန်းမင်နှင့် ကျန်းရှင်းကွေ့တို့သည်လည်း ၁၀ဘီလီယံမက ကြွယ်ဝသော နာမည်ကျော် သူဌေးများ ဖြစ်သည်။ ထို့ကြောင့် ငွေဆုံးရှုံးပါက သူတို့သည် ခံနိုင်ရည် ရှိပေလိမ့်မည်။ သို့သော် သူမအတွက်ကတော့ ထိုသို့ ဖြစ်နိုင်မည်မဟုတ်ချေ။ သို့ပေသည့်တိုင် ကျန်းရှင်းယာသည် သူမ၏ကိုယ်ပိုင်အမြင်အား ယုံကြည်သည်။ ထို၃ယောက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆုံးရှုံးမည်ဆိုသည်ထက် ပိုမိုများပြားသော အမြတ်ပမာဏအား ရရန် ဖြစ်နိုင်ချေက ပိုမိုများပေသည်။ ထိုသို့ကောင်းမွန်သော အခွင့်အရေးတစ်ခုအား လွဲချော်ခဲ့ပါက နောက်ပိုင်းတွင် သူမ နောင်တရလိမ့်မည်ဟု ခံစားမိသည်။
သူမအနီးတွင် ထိုင်နေသော ထန်ရှုသည် ကျန်းရှင်းယာ၏ အတွေးများအား သတိမပြုမိပေ။ သူသည် ဂူချန်းမင်နှင့် စကားပြောပြီးသောအခါ ကျင်းရှင်းကွေ့ဘက် လှည့်ကာ အပြုံးဖြင့်
“အစ်ကိုကျင်း … အစ်ကိုကျင်းလက်ထဲမှာ စီမံကိန်းတစ်ခု ရှိတယ်လို့ ကျွန်တော် ကြားလိုက်တယ်။ ဒါပေမယ့် အစ်ကို လက်ရှိမှာ အဲ့ဒါအတွက် ငွေလိုနေတယ်မဟုတ်လား။”
ကျင်းရှင်းကွေ့ တွေဝသွေားဟန်ရှိသည်။ သူ၏မျက်ဝန်းထဲတွင် အလင်းတစ်ချက် ဖြတ်သန်းသွားကာ သူက ပြောလိုက်သည်။
“ငါ့ရဲ့မူလ မတည်ငွေက အစောကတည်းက မလုံလောက်သေးဘူး။ နောက်ပြီး IPနဲ့ အက်ပလီကေးရှင်း စီမံကိန်းတွေထဲ ယွမ်မီလီယံရာချီထည့်လိုက်တော့ သေချာပေါက်ကို ငွေလိုသွားတော့တာပေါ့။ တစ်ယောက်ယောက်သာ အရင်းအနှီးထည့်ပေးရင် ငါ အတော် ဝမ်းသာမိမှာပဲ။”
“ကျွန်တော့်ကို ခင်ဗျားရဲ့စီမံကိန်းအကြောင်း ပြောပြပါဦး။” ထန်ရှုက အပြုံးဖြင့် ပြောသည်။
“ငါက နည်းဗျူဟာလုပ်ကွက်တစ်ခုကို ရထားတော့ အဲ့ဒီအတွက် ငွေအများကြီး သုံးထားတယ်။ အခု အဲ့ဒီနေရာကို အထက်တန်းလူနေအိမ်ရာတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။” ကျန်းရှင်းကွေ့က ပြုံးကာ ပြောလိုက်သည်။
“သဘောပေါက်ပြီ။ ဒါပေမယ့် ကျွန်တော် မေးချင်တာက ဒီစီမံကိန်းအတွက် အစ်ကိုကျင်း စုစုပေါင်း ငွေဘယ်လောက် အရင်းအနှီး ရှိမယ်လို့ ခန့်မှန်းထားလဲ။” ထန်ရှုက လက်မြှောက်ကာ မေးလိုက်သည်။
ကျန်းရှင်းကွေ့က တစ်ခဏ သေချာစွာ စဉ်းစားပြီးနောက် အလေးအနက်ထားကာ ပြောလိုက်သည်။
“၃.၂ဘီလီယံလောက် ခန့်မှန်းခြေ ရှိတယ်။ မြေကွက်တန်ဖိုးတော့ မပါသေးဘူး။ မြေကွက်တန်ဖိုးအတွက် ငါ သုံးထားတာက ယွမ်၂ဘီလီယံကျော် ဆိုတော့ အဲ့ဒါကိုပါ ထည့်တွက်ရင် ၅.၅ဘီလီယံဝန်းကျင် ရှိတယ်။ ထပ်ပြောရရင် ငါ့ကုမ္ပဏီက တခြားလုပ်လက်စ စီမံကိန်းတွေ ရှိသေးတယ်လေ။ ၃.၂ဘီလီယံရဲ့တစ်ဝက်က ဘဏ်ကနေ ချေးရမှာ။”
ထန်ရှု၏ပုံစံသည် တွေဝေငေးမောနေရှိပြီး ထို့နောက် သူက စကားစလိုက်သည်။
“အမှန်တကယ်ပြောရရင် အိမ်ခြံမြေလုပ်ငန်းထဲ ရင်းနှီးမြုပ်နှံရတာကိုလည်း ကျွန်တော် စိတ်ဝင်စားပါတယ်။ ကျွန်တော့်ရဲ့ခမ်းနားသောထန်လုပ်ငန်းစုကလည်း အိမ်ခြံမြေလုပ်ငန်းကို လုပ်တယ်လေ။ တကယ်လို့ အစ်ကိုကျင်းက အစီအစဉ်ချတာနဲ့ ပြင်ဆင်တာကို ပြန်လည်လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်ကလည်း အကျိုးတူရင်းနှီးမြုပ်နှံမှုမှာ ပါဝင်ဖို့ စဉ်းစားပေးနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏကလည်း တင်းရှန်းမီဒီယာရဲ့ စီမံကိန်းထဲ ကျွန်တော် ရင်းနှီးမြုပ်နှံထားတာထက် မနည်းစေရဘူး။”
ကျင်းရှင်းကွေ့ အံ့သြသွားရကာ
"ညီအစ်ကိုထန် … ဒီပြန်လည်စီစဉ်တည်ဆောက်မှုအကြောင်း အသေးစိတ်ပြောပြလို့ရမလား။"
“မြေကွက်မှအပ အရာအားလုံးကို အစကနေ စဖို့ပါ။ ဒါပေါ့ … အရေးကြီးဆုံးအရာက ဗိသုကာအစီအစဉ်အတွက် အသေးစိတ်ပုံစံကို ဒီဇိုင်းထုတ်ဖို့ပဲ။"
“ဒါ…” ကျင်းရှင်းကွေ့ တုံ့ဆိုင်းသွားသည်။
"လူနေအိမ်ရာအတွက် ဗိသုကာအသေးစိတ်ဒီဇိုင်းပုံစံ ဆွဲဖို့ကို ကျွန်တော့်ကို ဆွဲပေးလို့ရတယ်။" ထန်ရှုက ပြောသည်။
"မင်းကို…" ကျင်းရှရှင်းကွေ့ မင်သက်သွားကာ မယုံကြည်နိုင်ဟန်ဖြင့်
"ဗိသုကာဒီဇိုင်းပုံစံတွေကို မင်း သိလို့လား။ ညီအစ်ကိုထန် … ကျေးဇူးပြုပြီး အဲဒီအကြောင်းနဲ့ ငါ့ကို မနောက်ပါနဲ့။"
သူ မယုံချေ။
ဗိသုကာဒီဇိုင်းပုံစံ မည်သို့ရေးဆွဲရမည်ကို ထန်ရှု သိလိမ့်မည်ဟု သူ မယုံခဲ့ပေ။ ထန်ရှုတွင် အသိအမြင်ရှိရင်တောင်မှ ကောင်းမွန်သည့် ဗိသုကာလက်ရာဒီဇိုင်းကို ရေးဆွဲနိုင်သည်ဆိုတာကို သူ မယုံကြည်ချေ။ ထိုမြေကွက်အတွက် ဗိသုကာဆိုင်ရာ အသေးစိတ်ပုံစံကို ဒီဇိုင်းရေးဆွဲရန် နာမည်ကြီး ပြည်တွင်းဗိသုကာပညာရှင်တစ်ဦးကို သူ ငှားရမ်းခဲ့ကြောင်း သတိပြုရမည်ဖြစ်သည်။ အပြည့်အစုံ ပြီးစီးရန် အချိန်ကြာခဲ့သည်ဆိုသည်မှာ ပြောရန်ပင် မလိုချေ။ ထို့အပြင် ရေးဆွဲပြီးဖြစ်သော ဗိသုကာဒီဇိုင်းအသေးစိတ်ပုံစံကိုလည်း အလွန် ကျေနပ်မှုရှိသည်။ ထိုဒီဇိုင်းအတိုင်း တည်ဆောက်ပြီးပါက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပြီး လူကြိုက်များလာမည်ဟု ကျင်းရှင်းကွေ့ အခိုင်အမာ ယုံကြည်ထားသည်။ ထိုအချိန်တွင် အရောင်းပြဿနာက ပိုမိုနည်းလာပေလိမ့်မည်။
ကျင်းရှင်းကွေ့၏အမူအရာကို အကဲခတ်ရင်း ထန်ရှု ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ပေါ့ပေါ့ပါးပါးလေသံဖြင့်
“အခု တည်ဆောက်ဖွံ့ဖြိုးနေတဲ့ ကြယ်တာရာ မြို့သစ်စီမံကိန်းရဲ့ ဗိသုကာအသေးစိတ်ပုံစံတွေက ကျွန်တော် ဆွဲထားတာပါ။”
"ဘယ်လို…"
ထန်ရှု၏ပြောဆိုချက်ကို ကြားလိုက်သည့် ယွမ် ၁၀ ဘီလီယံ ချမ်းသာကြွယ်ဝသည့် ဂုဏ်သရေရှိ သူဌေးကြီး ကျင်းရှင်းကွေ့သည် ထိုင်ခုံမှ ခုန်ထမိသည်။ သူ၏နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်နေသကဲ့သို့ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာ ဖုံးလွှမ်းနေသည်။
"ခင်ဗျား ကျွန်တော့်ကို မယုံရင် စီမံကိန်းခေါင်းဆောင်ဖြစ်တဲ့ ကြယ်တာရာက လုံအုပ်စုသူဌေးကြီး လုံဟန်ဝမ်ဆီ မေးလို့ရတယ်။ သူက အတည်ပြုပေးလိမ့်မယ်။" ထန်ရှု ပြောလိုက်သည်။
ကျင်းရှင်းကွေ့ အသက်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းပင် သူ၏ဖုန်းကို ထုတ်ကာ လုံဟန်ဝမ်ဆီ ခေါ်ဆိုလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် အိမ်ခြံမြေလုပ်ငန်းလောကတွင် လုပ်ကိုင်ကြပြီး စီးပွားရေးအသိုင်းအဝိုင်းတွင်လည်း နေရာမြင့်မြင့်မားမားတွင် ရှိသောကြောင့် ယခင်ကတည်းက တစ်ယောက်နှင့်တစ်ယောက် အကြိမ်များစွာ အဆက်အသွယ်ရှိခဲ့သည်။
"သူဌေးကျင်း … ဒီနေ့ မင်း ဘာကြောင့် ဖုန်းဆက်တာလဲ။" လုံဟန်ဝမ်၏အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
ကျင်းရှင်းကွေ့က အသံချဲ့စက်ကို ဖွင့်လိုက်ပြီး အလျင်စလို လေသံဖြင့်
"အစ်ကိုလုံ … ငါ မင်းကို မေးစရာတစ်ခုရှိတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး မင်း ငါ့ကို အမှန်အတိုင်း ပြောရမယ်။"
ကျင်းရှင်းကွေ့၏ လေးနက်သော လေသံကို ကြားလိုက်ရသော လုံဟန်ဝမ်ကလည်း အလေးထားကာ ပြန်ပြောသည် ။
"ညီအစ်ကိုကျင်း … ငါ ဖြေနိုင်တဲ့အရာဆိုရင် ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။"
“မင်းရဲ့လုံမိသားစုက လက်ရှိတည်ဆောက်နေတဲ့ ကြယ်တာရာမြို့သစ်အတွက် ဗိသုကာဒီဇိုင်းထုတ်တဲ့ ပညာရှင်အကြောင်း ငါ သိချင်လို့ပါ။ သူက ဘယ်သူလဲ။" ကျင်းရှင်းကွေ့ အမြန်မေးလိုက်သည်။
"အဲဒါတော့ ပြောလို့မရဘူး။ စိတ်မရှိပါနဲ့။" လုံဟန်ဝမ်က တုံဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။
ကျင်းရှင်းကွေ့ သက်ပြင်းချလိုက်ပြီးနောက်
“ညီအစ်ကိုလုံ … ဒါဆို ငါ မင်းကို တခြားနည်းနဲ့ မေးမယ်ကွာ။ အဲ့ဒီဗိသုကာဒီဇိုင်းပုံစံအသေးစိပ်ကို ဖန်တီးတဲ့ ပညာရှင်က ထန်မျိုးရိုးလား။”
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး ဖုန်းကို လှမ်းယူလိုက်ပြီးနောက် “ဦးလေးလုံ … ထန်ရှုပါ။ ဒီနေရာမှာ အထူးအကြောင်းရင်းအချို့ ရှိနေလို့ အစ်ကိုကျင်းကို ဖုံးကွယ်ထားဖို့ မလိုပါဘူးခင်ဗျာ။"
"ထန်ရှု … မင်းက အခု ကျင်းရှင်းကွေ့နဲ့ ရှိနေတာလား။ သူနဲ့ ရင်းနှီးသလား။" လုံဟန်ဝမ်၏ အံ့အားသင့်သွားသော အသံ ထွက်ပေါ်လာသည်။
"ဟုတ် … ကျွန်တော် သူ့ကို သိတယ်။" ထန်ရှုက ပြောသည်။
"ကောင်းပြီ။ မြို့သစ်စီမံကိန်းရဲ့ ဗိသုကာဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး ငါတို့ကို မင်းက မပြောခိုင်းထားခဲ့တာဆိုတော့ သူ့ကို အစက မပြောလိုတာ။"
လုံဟန်ဝမ်က အားတင်းပြုံးလိုက်ပြီး
“ဘာပဲဖြစ်ဖြစ် မင်းက အဲဒါကို တောင်းဆိုတဲ့အတွက် ငါ သူ့ကို ဖုံးကွယ်ထားဖို့ မလိုဘူး။ ကျင်းရှင်းကွေ့ကို ဖုန်းပေး … ငါ ပြောလိုက်မယ်။"
"ညီအစ်ကိုလုံ … ဖုန်းက စပီကာဖွင့်ထားလို့ မင်းပြောတာကို ငါနားထောင်လို့ရတယ်။" ကျင်းရှင်းကွေ့ အမြန် ပြောလိုက်သည်။
"ညီအစ်ကို ကျင်း … ဒီမြို့သစ်ရဲ့ ဒီဇိုင်းတွေက ထန်ရှုလက်ထဲက မွေးဖွားလာတာ အမှန်ပဲ။ သူကလွဲပြီး ဒီကမ္ဘာကြီးမှာ ဒီလောက်ကြီးကျယ်တဲ့ အသေးစိတ်ပုံစံကို ဘယ်သူမှ ရေးဆွဲနိုင်မယ်မထင်ဘူး။”လုံဟန်ဝမ်က ရယ်ရယ်မောမော ပြောလိုက်သည်။
ကျင်းရှင်းကွေ့က တံတွေးမျိုချလိုက်ရင်း ထန်ရှုအား မျက်လုံးအပြူးသား စိုက်ကြည့်နေမိသည်။ သူသည် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတစ်ယောက် ဖြစ်သောကြောင့် ကြယ်တာရာရှိ မြို့သစ်စီမံကိန်းကြီး၏ ဗိသုကာဒီဇိုင်းပုံစံအရေးပါပုံကို သိထားသည်မှာ သဘာဝကျသည်ဟု ဆိုရပေမည်။ ထိုဗိသုကာဒီဇိုင်းအိမ်ရာသည် ထိုနေရာအား အထင်ကရ နေရာတစ်ခုအဖြစ် ပြောင်းလဲစေမည်ဖြစ်ပြီး ယင်းသည် ထိုစီမံကိန်းကြီးမှ ရရှိမည့် အမြတ်အစွန်းများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များလိမ့်မည်ကို ဆိုလိုခြင်းဖြစ်တော့သည်။
“ကျေးဇူးတင်ပါတယ် ညီအစ်ကိုလုံ။ ငါ့ကျေးဇူးကို ဖော်ပြဖို့ မင်းကို တစ်ရက်လောက် ညစာဖိတ်ကျွေးပါဦးမယ်။"
“မေ့ပစ်လိုက်ပါ။ မင်း ငါ့ကို လာတွေ့တဲ့အခါကျရင်သာ ထန်ရှုကို ခေါ်လာပေးနိုင်ရင် ငါကျေနပ်ပြီ။ အဲ့ဒီကောင်လေးက ငါ့ထက် အလုပ်များတယ်။ သူနဲ့တွေ့ချင်နေတာ ကြာပြီ။ ဒါပေမယ့် အရိပ်အယောင်တောင် မတွေ့ရဘူး။" လုံဟန်ဝမ်က ရယ်သံဖြင့် ပြောသည်။
“ဟီးဟီးဟီး…”ကျင်းရှင်းကွေ့ ရှက်ရွံ့စွာ ရယ်လိုက်သည်။
“အောက်တိုဘာလမှာ ကျောင်းပိတ်ရက်ရှိလိမ့်မယ်။ ဦးလေးလုံနဲ့ အတူသောက်ဖို့ ကြယ်တာရာကို ပြန်လာခဲ့မယ်။" ထန်ရှုက ရယ်ရယ်မောမော ပြောလိုက်သည်။
“ကောင်းတယ်။ ဒါ ကတိတစ်ခုပဲနော်။" လုံဟန်ဝမ်က ရယ်မောရင်း အတည်ပြုလိုက်သေးသည်။
ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက် ထန်ရှုသည် ကျင်းရှင်းကွေ့ကို ကြည့်ကာ
"အစ်ကိုကျင်းလည်း ဦးလေးလုံ ပြောတာကြားတယ် မဟုတ်လား။ အခု ဆုံးဖြတ်ချက်က ဘာလဲ။"
ကျင်းရှင်းကွေ့က
“ညီအစ်ကိုထန်က မြို့သစ်စီမံကိန်းလိုမျိုး အသေးစိတ်ပုံစံကို ရေးဆွဲနိုင်ရင် အစကနေ ပြန်ပြင်ဆင်ဖို့ မင်းရဲ့ညွှန်ကြားချက်တွေအတိုင်း ငါ လိုက်လုပ်ပါမယ်။ မဟုတ်ဘူး… မြို့သစ်ထက် ပိုဆိုးနေရင်တောင် ငါယူမှာပဲ။”
“ကျွန်တော် လုပ်မယ့် ဗိသုကာဒီဇိုင်းပုံစံက ပိုဆိုးစရာ အကြောင်းမရှိဘူး။”ထန်ရှုက ပြုံးလိုက်သည်။
စိတ်လှုပ်ရှားနေသောအမူအရာဖြင့် ကျင်းရှင်းကွေ့က ခေါင်းတဆတ်ဆတ်ညိတ်ပြီး
"ဒါဆို ကုမ္ပဏီကို လုပ်လက်စ ရပ်ထားဖို့ အရင် ပြောလိုက်မယ်။ ညီအစ်ကိုထန် … မင်းရဲ့အသေးစိတ်ဒီဇိုင်းကို ငါစောင့်နေမယ်။ အာ … ဟုတ်သားပဲ။ အဲ့ဒါ ဘယ်လောက် ကြာမလဲ။”
“မြေဧရိယာ၊ ဘေးပတ်လည်က လမ်းပန်းဆက်သွယ်ရေး၊ ပတ်ဝန်းကျင်နဲ့ တခြားအရာတွေကို သိဖို့လိုတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ အချိန်ဇယားကိုလည်း စစ်ဆေးဖို့ လိုသေးတယ်။ မထင်မှတ်တာ ဘာမှမဖြစ်ခဲ့ရင် အောက်တိုဘာလ ၁ ရက်နေ့ မတိုင်ခင် ခင်ဗျားကို ကျွန်တော် ဒီဇိုင်းလွှဲပေးမယ်။”
"ဒါက ပြဿနာ မရှိဘူး။" ကျင်းရှင်းကွေ့က ချီးကျူးလိုဟန်ဖြင့် ဆိုလိုက်ရင်း
"မင်းရဲ့အချိန်ကိုပဲ စီစဉ်ပါ။ မင်း ဖုန်းခေါ်တာကို ငါစောင့်နေမယ်။ ညီအစ်ကိုထန် အားတာနဲ့ ငါ မင်းကို လုပ်ငန်းခွင်နေရာကို လိုက်ပြမယ်။"
"ကောင်းပါပြီ။" ထန်ရှု ရယ်လိုက်သည်။
နှစ်ယောက်သား စကားပြောပြီးသည့်အခါ ဘေးတွင် ထိုင်နေသော ဂူချန်းမင်က
"ညီအစ်ကိုထန် … ညီအစ်ကိုကျင်း … ငါက မင်းတို့ကို IP နဲ့ အက်ပလီကေးရှင်း စီမံကိန်းတွေထဲ ဆွဲခေါ်ခဲ့တာမို့ မင်းတို့အိမ်ခြံမြေစီမံကိန်းကနေ ငါ့ကို ဖယ်ထုတ်ထားလို့ မရဘူးနော်။ ငါ ငွေစုဆောင်းဖို့ ကြိုးစားလိုက်ဦးမယ်။ ငါ့ကိုပါ ထည့်တွက်ပေး။"
“အစ်ကို ဂူ … အဲ့ဒါကို ရင်းနှီးမြှုပ်နှံဖို့ မင်းကပဲ တောင်းဆိုခဲ့တာပါ။ အခုချိန်မှာတော့ ကံကြမ္မာရဟတ် တစ်ပတ်လည်တော့ မင်း ငါ့ကိုရှာဖို့အလှည့် ဘယ်လို ရောက်လာတာလဲ။ ဟားဟား … စိတ်ချပါ။ ညီအစ်ကိုထန်က သူ့သဘောတူချက် ပေးထားသရွေ့တော့ ဒါဟာ ငါ့အတွက် ပြဿနာမဟုတ်ပါဘူး။ ညီအစ်ကိုထန် အရင်က ပြောထားသလိုပဲ အားလုံး အကျိုးအမြတ်ရပြီး ချမ်းသာရမယ်။”
ကျန်းရှင်းယာက အားကျသည့် အမူအရာဖြင့် “ရှင်တို့အားလုံးကို ကျွန်မ တကယ်လေးစားမိပါတယ် သူဌေးကြီးတွေ။ ဒီလိုကောင်းတဲ့ စီမံကိန်းတွေ ရှိပေမယ့် ဒီတစ်ခုကို ကျွန်မ မပါနိုင်တော့တာ စိတ်မကောင်းဘူး။ IP နဲ့ အက်ပလီကေးရှင်း စီမံကိန်းတွေထဲ အရင်းအနှီးထည့်လိုက်တဲ့ မီလီယံ၂၀၀က ကျွန်မရဲ့ အကန့်အသတ်ဖြစ်နေပြီ။ နို့မဟုတ်ရင် ဟောင်ကောင်က ကျွန်မရဲ့ နောက်ဆုံးအိမ်ကိုပါ ရောင်းရတော့မယ်။”
"ကိုယ်နိုင်သလောက် လုပ်ပါ။ နောက်ပြီး ငွေရှာဖို့ အခွင့်အလမ်းတွေက ကုန်သွားတာမဟုတ်ပါဘူး။" ထန်ရှုက ရယ်မောလိုက်သည်။
“မှန်ပါတယ်။” ကျန်းရှင်းယာ ပြုံးလိုက်သည်။
သည့်နောက်ပိုင်းတွင် စီးပွားရေးကိစ္စများအကြောင်း မပြောတော့ဘဲ အခြားစိတ်ဝင်စားစရာ အကြောင်းအရာများဆီသို့ ပြောင်းသွားကြသည်။ ကျော်ကြားသူတစ်ယောက်အနေဖြင့် ကျန်းရှင်းယာသည် ဗဟုသုတ နှင့် အတွေ့အကြုံ နှံ့စပ်သူ ဖြစ်သည်။ ကျင်းရှင်းကွေ့နှင့် ဂူချန်းမင်တို့သည်လည်း ဝါရင့်သမ္ဘာရင့် အတွေ့အကြုံရှိသော စီးပွားရေးသမားများဖြစ်သည်။ ထန်ရှုသည် စိတ်ခံစားချက်ပိုင်းဆိုင်ရာ မမြင့်မားသော်လည်း အင်မော်တယ်ကမ္ဘာတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့သူဖြစ်သည်။ သူသည် ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက်တွင် အဖြစ်အပျက်များစွာကို ဖြတ်သန်းခဲ့ရသောကြောင့် သူ၏စိတ်နေသဘောတရား ပိုမိုတိုးတက်လာစေခဲ့သည်။
ထို့ကြောင့် လေးယောက်သား စိတ်ဝင်တစားနှင့် အတွဲညီစွာ ပြောဆိုဆွေးနွေးနိုင်ခဲ့ကြသည်။
ည ၁၀ နာရီ…
အားလုံး ညစာစားပြီး၊ ဝိုင်အရက်သောက်ပြီးနောက် ခရမ်းရနံ့ဥယျာဉ်အပြင်ဘက်တွင် လမ်းခွဲလိုက်ကြသည်။ ထို့နောက် ထန်ရှုသည် ကျင်းရှင်းကွေ့မှ ထားပေးခဲ့သော ကားသော့ကိုကိုင်ထားရင်း ကျင်းရှင်းကွေ့နှင့် ဂူချန်းမင်တို့ အခြားကားတစ်စီးဖြင့် ထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။ ထို့နောက် ကျန်းရှင်းယာဘက် လှည့်ကာ ပြုံးလိုက်ပြီး
"မင်းက မသောက်ထားဘူးဆိုတော့ မင်း ကားမောင်းလိုက်။"
ကျန်းရှင်းယာသည် ကားသော့ကို ယူလိုက်ရင်း
"ထန်ရှု … ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။"
"ဘာကို ကျေးဇူးတင်တာလဲ။" ထန်ရှုက ဇဝဇေဝါဟန်ဖြင့် မေးလိုက်သည်။
"နင့်ကြောင့် ငါ ဒီလောက်ကောင်းတဲ့ ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကို ရခဲ့တာလေ။ နင်နဲ့ သူဌေးကြီးတွေရဲ့ ရှင်သန်ခြင်းနဲ့ အသက်ရှင်ခြင်းအကြောင်း ဆွေးနွေးတာကို လိုက်ပြီးတော့ တစ်နှစ်ပတ်လုံး နွေဦးပေါက်ရာသီကို ငါ တွေ့လိမ့်မယ်လို့ ယုံကြည်တယ်။"
ကျန်းရှင်းယာက အပြုံးဖြင့် ပြောသည်။
“စူပါနာမည်ကြီးတစ်ယောက်ရဲ့ ပါးစပ်က တကယ်ကို အံ့မခန်းပဲနော်။” ထန်ရှုက ပြုံးပြီး တုံ့ပြန်သည်။
"ငါ့မှာ ပေါ့ပေါ့ပါးပါး ပြောနိုင်တဲ့ အစွမ်းထက်တဲ့ ပါးစပ်တစ်ခု ရှိကောင်းရှိနိုင်ပေမယ့် နင်ကတော့ လက်တွေ့ဘ၀ မှာ ငါ့အတွက် ဘဝစံပြတစ်ယောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နင်က ကဏ္ဍပေါင်းစုံမှာ အရမ်းအံ့သြဖွယ်ပဲ။ သိတယ်မလား။ ငါက နင့်ကို စံပြအဖြစ် အစောကြီးကတည်းက သတ်မှတ်ထားပြီးသားလေ နင် သိတယ်ဟုတ်။"
***