ချီးမွမ်းခြင်း
Vol. 09 Ch. 449
ကျန်းရှင်းယာ၏ ချီးကျူးစကားသည် ထန်ရှု၏ စိတ်ခံစားမှုအပေါ် အနည်းငယ်မျှ မသက်ရောက်ခဲ့ပါပေ။ ထန်ရှုသည် သူမ၏တောက်ပစွာ ပြုံးနေသော မျက်နှာကိုသာ ကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ခေါင်းစဉ်ပြောင်းလိုက်သည်။ "နောက်ကျနေပြီ။ အဆောင်တွေက သော့ခတ်ထားပြီးလောက်ပြီ။ ငါ့အိမ်ပဲ ပြန်ရတော့မယ်။ မင်းကရော … ဟိုတယ်ကို ပြန်မှာလား။"
“အင်း … နင့်ကို လိုက်ပို့ပြီး ငါ ဟိုတယ်ပြန်မယ်။" ကျန်းရှင်းယာက ခေါင်းညိတ်သည်။
"ဒါဆို သွားကြရအောင်။ ကားကို မင်းမောင်း။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
ညနက်နေပြီဖြစ်သော်လည်း မီးအလင်းရောင်များဖြင့် လင်းထိန်တောက်ပနေဆဲ ဖြစ်သည်။
ကျင်းရှင်းကွေ့ထားပေးသွားသော မာစီးဒီးဘင့်ကားအား ကျန်းရှင်းယာ မောင်းလာခဲ့ပြီး ကြယ်ပြာအိမ်ရာဝင်း၏ အရှေ့ဂိတ်တံခါးကို ရောက်သော် ကားကို ရပ်လိုက်ပြီးနောက် “ငါ အထဲကို မဝင်တော့ဘူးနော်။ ကျင်းတကုမ္ပဏီဆီ တစ်ယောက်ယောက်ကို မနက်ဖြန် ကားပြန်ပို့ခိုင်းလိုက်မယ်။"
“ကောင်းပြီ … ဂရုစိုက်သွားဦး။ အရမ်းနောက်ကျနေပြီ။ အပြန်လမ်းမှာ မင်းရဲ့လုံခြုံရေးကို ဂရုစိုက်နော်။" ထန်ရှု ပြောလိုက်သည်။
"ဟုတ်ပါပြီ။ စိတ်မပူပါနဲ့။"
ကျန်းရှင်းယာက ခပ်ဖွဖွ အပြုံးဖြင့် တုံ့ပြန်သည်။
ထန်ရှု ကားပေါ်မှ ဆင်းသွားပြီးနောက် သူမ ကားကို မောင်းထွက်သွားတော့သည်။
အိမ်ရာဝင်းထဲသို့ လမ်းလျှောက်မဝင်သေးဘဲ ညအမှောင်ထဲတွင် မာစီးဒီးဘင့်ကား ကွယ်ပျောက်သွားသည့်အထိ ဂိတ်ပေါက်ရှေ့တွင် ရပ်နေရင်း ထန်ရှု စောင့်ကြည့်နေခဲ့သည်။ အိမ်ရာဝင်းထဲသို့ ဝင်လာပြီးနောက် သူ မမျှော်လင့်ထားသည့်အရာမှာ သူ၏လင်ရိုဗာဆာ့ဖ်ကားကို သူ၏အိမ်ဝင်းအပြင်ဘက်တွင် ရပ်ထားခြင်းဖြစ်သည်။ သူ၏လင့်ရိုဗာကားသာမက ယွဲ့ခိုင်၏ ဘီအမ်ဒဗလျူနှင့် ဟူချင်းစုန့်၏အော်ဒီအေဖိုးတို့လည်း ရပ်ထားသည်။
"မင်းတို့ကောင်တွေ…"
ယွဲ့ခိုင်နှင့် မုဝမ်ရင်တို့ပါဝင်သော ခုနစ်ယောက်အုပ်စုကို တွေ့ပြီးနောက် ထန်ရှုက မပြုံးဘဲ မနေနိုင်တော့ချေ။
“နောက်ဆုံးတော့ အစ်ကိုကြီးထန် ပြန်လာပြီ။ ဒီည မင်းသာ ပြန်မလာဘူးဆိုရင် မင်းကိုစောင့်ရင်း ငါတို့တွေ လေဟာပြင်ထဲ အိပ်ရတော့မယ်။ အခု မင်း ငါတို့ကို ရိုးရိုးသားသား ဝန်ခံလိုက်… မင်း ဘယ်တွေ သွားနေတာလဲ ကိုယ့်လူ…" ယွဲ့ခိုင်က အပြုံးဖြင့် ပြောသည်။
"သူငယ်ချင်းတစ်ယောက်နဲ့ ထမင်းစားဖို့ ချိန်းထားလို့ ငါ ထွက်သွားတာ။" ထန်ရှု ပြုံးလိုက်သည်။
"သူငယ်ချင်းတစ်ယောက် ဟုတ်လား။"
ဟူချင်းစုန့်က ပြုံးစိစိဖြင့် အနားရောက်လာကာ
“အစ်ကိုကြီးထန် … မင်း နောက်ကျထိနေပြီး ညသန်းခေါင်မှာ ညစာစားနေတာဆိုတော့ အဲ့ဒီ 'သူငယ်ချင်း' က မင်းရဲ့ ဖျော်ဖြေမှုကြောင့် သူ့နှလုံးသားကို လှုပ်ခတ်သွားရတဲ့ မိန်းမချောလေးလို့တော့ ငါ့ကို မပြောနဲ့နော်။”
ထန်ရှု ရယ်မိတော့သည်။ ခြံဝင်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်လာပြီး
“မင်းတို့တွေက တကယ် ဉာဏ်ကောင်းတာပဲ။ ဟုတ်တယ်၊ မင်း မှန်သွားပြီ။ ကြီးကျယ်ခမ်းနားတဲ့ အလှလေးက ငါ့ကို ဒီည ညစာစားဖို့ ဖိတ်ခေါ်ခဲ့တာ အမှန်ပဲ။ နောက်ပြီး ငါတို့သွားခဲ့တဲ့နေရာက အတော်မိုက်တယ်ဟ။ ဟေး… ဘာမှားလို့လဲ … မင်းတို့ကို ငါမခေါ်သွားလို့ အပြစ်တင်နေတာလား။"
"သေလိုက်လေ။"
ယွဲ့ခိုင်၊ ဟူချင်းစုန့်သာမက ရွှဲ့ချောင်ပင် ထန်ရှုအား လက်ခလယ်ကို မြှောက်ပြကာ အော့အော့အမူအရာ လုပ်ပြကြသည်။
မုဝမ်ရင်က အပြုံးဖြင့် မေးလိုက်သည်။
"ထန်ရှု … နင့်ကို ညစာစားဖို့ ဖိတ်တဲ့ အဲ့ဒီအလှလေးက ဘယ်သူလဲဆိုတာ ပြောပြ။”
"ကျန်းရှင်းယာပါ။" ထန်ရှုက ခပ်ဖွဖွပြုံးကာ ပြန်ဖြေသည်။
…ဖွီး…
…အဟွတ်…အဟွတ်…
ယွဲ့ခိုင်တို့တစ်ဖွဲ့လုံး ထူးဆန်းသော အသံများ ပြုလုပ်ကြကာ သူတို့၏ မျက်နှာပေါ်တွင် အမြင်ကတ်လေသည့်ဟန် အမူအရာများ ပို၍ ဖော်ပြကာ ထန်ရှုအား ကလိနေကြသည်။
လီရှင်းကျီနှင့် ကျန်းဖေးယန်တို့ပင် တခိခိ ရယ်မောနေသည်။ သို့သော် မုဝမ်ရင်၏အပြုံးသည် အနည်းငယ် မှိန်ဖျော့သွားသည်။ သူမသည် အတန်ငယ် စိတ်ရှုပ်သွားဟန်ရပြီး စဉ်းစားတွေဝေနေသည်။
ထို့နောက် သူတို့သည် ကားများအား ခြံထဲသို့ မောင်းလာကာ ရပ်ထားကြသည်။ ယနေ့ည မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြီးဆုံးပြီးနောက် သူတို့အဖွဲ့သည် ထန်ရှုကို လိုက်ရှာကြသော်လည်း သူ၏လက်ကိုင်ဖုန်းသည် စက်ပိတ်ထားသည်ဟုသာ ပြနေခဲ့သည်။ ထို့ကြောင့် သူတို့သည် ထန်ရှုအိမ်သို့ အပြေးလာကာ စောင့်ဆိုင်းနေကြရင်း ဗိုက်ဆာလာကြသည်။ ယွဲ့ခိုင်သည် လီဖုန်းကဲ့သို့ ကိုယ်ကျိုးမဖက်ဘဲ လူတိုင်းအား အစားအစာ ကျွေးမွေးကာ လိုအပ်သည်များ လုပ်ပေးခဲ့သော်လည်း သူ ကောင်းမှုပြုခဲ့ကြောင်း လူတိုင်းကို ဂုဏ်ဆာနေသောကြောင့် လီဖုန်းကဲ့သို့ ကြီးမြတ်သောသူ မဟုတ်ဟု လူတိုင်းက တွေးမိကြသည်။
(Charm Ming Nge - လီဖုန်း (၁၈ ဒီဇင်ဘာ ၁၉၄၀ – ၁၅ သြဂုတ် ၁၉၆၂) သည် ကွန်မြူနစ်သမိုင်းဒဏ္ဍာရီတွင် တရုတ်စစ်တပ်၏ စစ်သားတစ်ဦးဖြစ်သည်။ သူ သေဆုံးပြီးနောက် လီဖုန်းသည် ကွန်မြူနစ်ပါတီ၊ မော်စီတုံးနှင့် တရုတ်ပြည်သူများအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ခဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၁၉၆၃ခုနှစ်တွင် 'ရဲဘော်လီဖုန်း၏ စံနမူနာများကို လိုက်နာပါ' ခေါင်းစဉ်ဖြင့် တနိုင်ငံလုံးဝါဒဖြန့်လှုပ်ရှားမှု၏ အကြောင်းအရာ ဖြစ်လာခဲ့သည်။ လီဖုန်းအား စံပြနိုင်ငံသားတစ်ဦးအဖြစ် သရုပ်ဖော်ထားပြီး ၎င်း၏ကိုယ်ကျိုးမဖက်မှု၊ ကျိုးနွံမှုနှင့် မော်စီတုန်းအပေါ် သစ္စာစောင့်သိမှုကို အတုယူရန် လူအများက အားပေးခဲ့ကြသည်။)
ဒုတိယထပ်တွင်…
ထန်ရှုသည် သူ၏အိပ်ခန်းသို့ ပြန်သွားပြီး အဝတ်အစားလဲရန် ပြင်ဆင်နေသည်။ အကျီကို ချွတ်ပြီးချိန်တွင် တစ်စုံတစ်ယောက် အခန်းတံခါးလာခေါက်သည်ကို ကြားလိုက်ရသည်။
"လိုအပ်တာတစ်ခုခု ရှိလို့လား ဝမ်ရင်…"
အကျီမဝတ်ရသေးသော အပေါ်ပိုင်း အဝတ်ဗလာဖြင့် ထန်ရှု တံခါးကို ဖွင့်လိုက်သည်။ မုဝမ်ရင်သည် အပြင်ဘက်တွင် ပေါ့ပေါ့ပါးပါး ပြုံးလျက် ရပ်နေသောကြောင့် စူးစမ်းလိုသည့် အမူအရာဖြင့် ထန်ရှု မေးလိုက်သည်။
မုဝမ်ရင်၏ သိမ်မွေ့သော အကြည့်သည် ထန်ရှု၏ ကျစ်လျစ်တောင့်တင်းသော ကိုယ်ခန္ဓာအား ဝေ့ဝဲရောက်သွားပြီးနောက်
"နင့်လို ပိန်ပိန်လေးက ဒီလို ပြီးပြည့်စုံပြီး ဆွဲဆောင်မှုရှိတဲ့ ကြွက်သားတွေ ရှိမယ်လို့ ငါ မထင်ထားမိဘူး။ ဒါနဲ့ ငါ နင့်ကို ပြောစရာ ရှိလို့။”
"ဒါဆို ဝင်လာခဲ့လေ။"
ထန်ရှု အပြုံးဖြင့် ပြန်ဖြေပြီးနောက် သန့်ရှင်းသော အဝတ်အစားများ လဲရန် အဝတ်အစားလဲခန်းဆီသို့ သွားလိုက်သည်။ ထို့နောက် တစ်ဖန် ရေချိုးခန်းသို့ သွားကာ ပြန်ထွက်လာပြီး
“ဘာကိစ္စလဲ။ ငါ့ကို ပြောလေ။"
"နင် ကျန်းရှင်းယာနဲ့ သိနေတာ ကြာပြီလား။" မုဝမ်ရင်က ပြုံးပြီး မေးလိုက်သည်။
"သိပ်မကြာသေးပါဘူး။" ထန်ရှုက ခေါင်းယမ်းကာ ဖြေလိုက်သည်။
"သူမနဲ့ ပထမဆုံးတွေ့ခဲ့တာ ရက်တော်တော်ကြာခဲ့ပြီ။ ဒီည ရှန်ဟိုင်းတက္ကသိုလ်မှာ ထပ်တွေ့မယ်လို့တောင် မမျှော်လင့်ထားဘူး။”
အကြီးအကျယ် အံ့အားသင့်သွားသော မုဝမ်ရင်က
"နင် သူနဲ့ သိခဲ့တာ ခဏလေးဆိုပေမယ့် သူနဲ့ နင့်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းနေသလိုပဲ။"
“ဒါက သာမန်ပါပဲ။ ငါ့သူငယ်ချင်းတစ်ယောက်က ရှင်းယာနဲ့ ညီအစ်မလိုနေတဲ့ သူငယ်ချင်းကောင်းတွေလေ။” ထန်ရှုက ပြုံးပြီး ပြန်ပြောသည် ။
“နောက်တော့ ငါ ဟောင်ကောင်မှာ သူနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး တစ်ချို့ကိစ္စတွေကို အတူတူ တွေ့ကြုံခဲ့ရတယ်။ တိုတိုပြောရရင်တော့ သူမက လူကောင်းတစ်ယောက်ပါ။"
မုဝမ်ရင်၏ နှလုံးသားလေးသည် တုန်လှုပ်သွားသော်လည်း သူမ၏ဣန္ဒြေကို ထိန်းထားရင်း
“ဘယ်လိုလဲ။ စူပါနာမည်ကြီးတစ်ယောက်ရဲ့ ဆွဲဆောင်တာ ခံရတဲ့ ယောကျာ်းတစ်ယောက် ဖြစ်သွားပြီလား။"
“ဟားဟား … ငါ့ကို ဆွဲဆောင်နိုင်တဲ့ မိန်းကလေးက မမွေးသေးပါဘူးကွာ။” ထန်ရှု ရယ်မောလိုက်သည်။
"ဒါနဲ့ … သူ့အကြောင်း မပြောရအောင်။ မင်း ငါ့ကို ဒါတွေမေးဖို့ လာရှာတာတော့ မဟုတ်လောက်ဘူးမလား။"
မုဝမ်ရင် ခေါင်းယမ်းပြသည်။
“မဟုတ်ဘူး။ ငါ တကယ် မေးချင်တာက ဇီသာတီးတဲ့စွမ်းရည်ကို နင် ဘယ်လို လေ့ကျင့်ခဲ့တာလဲ။ နင် ဇီသာတီးတုန်းက အဲ့ဒီတေးသံထဲ ငါ ဆွဲသွင်းခံလိုက်ရသလိုပဲ။ ပုံရိပ်ယောင်ကမ္ဘာကို အမှန်တကယ် ရှိနေသလိုမျိုး အခြားသူတွေကို ခေါ်ဆောင်သွားနိုင်တဲ့ တေးဂီတကို တချို့လူတွေက အသုံးပြုနိုင်တယ်လို့ ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ ငါ တစ်ခါ ဖတ်ဖူးတယ်။ ဒီလိုနယ်ပယ်က ဂီတရဲ့ အမြင့်ဆုံးနယ်ပယ် ဖြစ်တယ် မဟုတ်လား။”
သူမကို လေးလေးနက်နက် ကြည့်ရင်း ထန်ရှုက ခေါင်းယမ်းလိုက်ကာ
“ဒီဟာက ဂီတရဲ့ အမြင့်ဆုံးနယ်ပယ်တော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းကိုပြောရင်တောင် အဲ့ဒါကို မင်း နားလည်နိုင်မှာ မဟုတ်ဘူး။"
"ထန်ရှု … ငါ့ကို သင်ပေးလို့ ရမလား" မုဝမ်ရင်က လေးနက်စွာ မေးလိုက်သည်။
“ဂီတအနုပညာမှာ မင်းရဲ့အရည်အချင်းက တကယ် ကောင်းပါတယ်။ နေ့လယ်ခင်းတုန်းက သွားတဲ့ဆိုင်တွေမှာ ဇီသာတချို့ကို မင်း စမ်းတီးကြည့်တော့ ငါ အဲ့ဒါကို သိလိုက်ရတယ်။ ဒါပေမယ့် ငါ ဇီသာတီးတဲ့အချိန်တုန်းက ငါ့ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို ထည့်သွင်းပြီး တီးခတ်ခဲ့သလို အဲ့ဒီတေးသံထဲမှာလည်း ကိုယ်တိုင် လိုက်ပါစီးမျောခဲ့တာလေ။ မင်း ဇီသာတီးတာကတော့ အဲ့ဒီလိုတွေ မပါဘူး။ လူတစ်ယောက်မှာ စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ရှိတယ်ဆိုပေမယ့် မင်း ဇီသာ တီးတဲ့အခါ လူတစ်ဦးရဲ့စိတ်ဝိညာဉ်ကို အတွေးထဲ ပျောက်ကွယ်သွားအောင်သာ ပြုလုပ်နိုင်တယ်။ သူတို့တွေရဲ့ ဝိညာဉ်ပါ လိုက်ပါစီးမျောဖို့ မင်း မလုပ်နိုင်သေးဘူး။"
မုဝမ်ရင်က မျက်မှောင်ကြုပ်သွားရင်း
“ငါ နားမလည်ဘူး။ စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ရဲ့ကွာခြားချက်က ဘာလဲ။”
“’ဒီလိုမေးခွန်းမျိုးက မင်းရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ထဲမှာ ဆုပ်ကိုင်ထားနိုင်တဲ့ တစ်စုံတစ်ခုကို ရည်ညွှန်းတယ်ဆိုပေမယ့် ရှင်းပြလို့လည်း မလွယ်ဘူး။ ရုတ်တရက် ဉာဏ်အလင်းပွင့်မှုတစ်ခုကို မင်း တွေ့ကြုံပြီးရင် အဲ့ဒါကို မင်း သဘောပေါက်လာလိမ့်မယ်။”
“ဒီဟာက ကြားရတာတောင် အတော်ဆန်းကြယ်မယ့်ပုံပဲ။ မေ့လိုက်တော့။ ငါ့ကိုယ်ငါ အားကိုးတော့မယ်။" မုဝမ်ရင် ရယ်မောကာ ပြန်ဖြေသည်။
"အိုခေ … အောက်ထပ်ဆင်းရအောင်။" ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အိုကေ…”
ပထမထပ်သို့ရောက်သောအခါ ယွဲ့ခိုင်နှင့် လီရှင်းကျီတို့သည် မိုဘိုင်းလ်ဖုန်းပေါ်မှ တစ်စုံတစ်ရာအား သည်းကြီးမည်းကြီး ကြည့်နေကြသည်ကို ထန်ရှုနှင့် မုဝမ်ရင် တွေ့လိုက်ရသည်။
"ဘာတွေ ကြည့်နေကြတာလဲ။" ထန်ရှုက မေးသည်။
ယွဲ့ခိုင်က မော့ကြည့်လိုက်ရင်း ထန်ရှုကို လက်မထောင်ပြပြီး “အစ်ကိုကြီးထန် … မင်းတော့ နာမည်ကြီးနေပြီ။ ငါတို့ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ဖိုရမ်မှာ မင်းအကြောင်းတွေချည်းပဲ။"
"ဟင်…" ထန်ရှု ဇဝဇေဝါ ဖြစ်သွားကာ
"မင်း ဘာပြောတာလဲ။"
"အဲ့ဒီအကြောင်းက ပွဲမှာ ဖျော်ဖြေတဲ့ မင်းရဲ့ တင်ဆက်မှုအကြောင်းမဟုတ်ရင် ဘာရှိနိုင်သေးလို့လဲ။" ယွဲ့ခိုင်က ရယ်ရင်း ပြောသည်။
“မောင်မယ်သစ်လွင်ကြိုဆိုပွဲကို တက်ရောက်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားအားလုံးက မင်း ဖျော်ဖြေတာကို ကြိုက်ရုံတင်မကဘူး … တက္ကသိုလ်ခေါင်းဆောင်ကလည်း ဗွီဒီယိုရိုက်ကူးရေးဆရာကို ကျောင်းရဲ့ဖိုရမ်မှာ မင်းရဲ့ဗီဒီယိုဖိုင်ကို တင်ပေးဖို့ တောင်းဆိုခဲ့သေးတယ်။ အခုချိန်ထိ မင်းရဲ့ဗီဒီယိုဖိုင်မှာ ကောမန့်ပေါင်း တစ်သောင်းကျော်ရှိထားတယ်။ လူပေါင်း သောင်းနဲ့ချီပြီး လိုက်ခ် လုပ်ထားကြတယ်။ နောက်ပြီး အကြံပြုချက်အမျိုးမျိုးအရ ရှန်ဟိုင်းတက္ကသိုလ်အပြင်က တက္ကသိုလ်နယ်မြေတွေကလည်း ငါတို့ကျောင်းဖိုရမ်ထဲ ဝင်ဖို့ စာရင်းသွင်းထားကြတယ်။ ငါကြားတာလည်း …”ယွဲ့ခိုင်က မနားတမ်း ပြောနေရင်း ခေတ္တရပ်သွားသည်။
"မင်း ဘာကြားလို့လဲ။" ထန်ရှုက မချိပြုံး ပြုံးလိုက်သည်။
“မင်းရဲ့ဗီဒီယိုကို ရှယ်ကြပြီး တခြားတက္ကသိုလ်တွေရဲ့ ဖိုရမ်တွေထဲမှာလည်း ဖော်ပြထားတယ်လို့ ကြားတယ်။ နေရာတိုင်းမှာ ကျွတ်ကျွတ်ကိုညံလို့တဲ့။ ငါတို့ ဖိုရမ်မှာ တင်တဲ့ ဗီဒီယိုအရေအတွက်က ရှစ်ထောင်အထိ ရှိနေတာ ငါတို့ တွေ့ထားတယ်။ အခြားဖိုရမ်တွေထဲမှာ တင်တဲ့ ဗီဒီယိုတွေက သောင်းချီနေပြီ။ မနက်ဖြန်ညကစပြီး မင်းရဲ့ဖျော်ဖြေမှုက နိုင်ငံရဲ့အဓိကဖိုရမ်တွေဆီပါ ပျံ့နှံ့လာမယ်ဆိုတာ ငါ သေချာပြောရဲတယ်။ အဲ့ဒီအချိန်ကျရင် မင်းကတော့ တစ်နိုင်ငံလုံးမှာ ရေပန်းစားလာတော့မှာပဲ။”ယွဲ့ခိုင်က ပြုံးစစဖြင့် ပြောလာသည်။
"မဟုတ်သေးပါဘူး … အဲ့ဒါကြီးက မဖြစ်နိုင်ဘူးမဟုတ်လား။ ငါသာ အဲ့ဒီဗွီဒီယိုကြောင့် လူသိများလာတယ်ဆိုရင် နာမည်ကြီးကြယ်တစ်ပွင့် ဖြစ်ရတာ လွယ်ကူလွန်းနေသလို ဖြစ်နေမှာပေါ့။" ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
“အစ်ကိုကြီး ထန် … မင်းက အင်တာနက်ရဲ့ စွမ်းအားကို မသိသေးဘူးပဲ။ ဒီနေ့ခေတ်မှာ ကွန်ပျူတာတွေက အရမ်း ရေပန်းစားနေတော့ လူ ၁၀ ယောက်မှာ ၈ ယောက်က အင်တာနက်သုံးတယ်။ စိတ်ထဲ မှတ်ထား … ငါ အခု ပြောတာတွေက သမားရိုးကျဆန်တဲ့ ခန့်မှန်းချက်တစ်ခုပါပဲ။ အခုကစပြီး မင်းရဲ့နာမည် ထန်ရှုဆိုတာ လူသိများတော့မယ်။ အနာဂတ်မှာ မင်းက နာမည်ကြီးတစ်ယောက်မဖြစ်လာတောင် အင်တာနက်ဆယ်လီတစ်ယောက် ဖြစ်လာမှာတော့ သေချာတယ်။"
…အင်တာနက်က နာမည်ကြီးဆယ်လီ…
ထန်ရှု ယခင်က ကြားဖူးခဲ့သော စကားဖြစ်သည်။ သို့သော် သူသည် ထိုအင်တာနက်နာမည်ကြီးများထဲတွင် တစ်ယောက် ဖြစ်လာလိမ့်မည်ဟု အိပ်မက်ထဲတွင် တစ်ကြိမ်မျှ မမက်ခဲ့ဖူးပေ။ သူက ခေါင်းယမ်းကာ ခပ်ဖွဖွ ပြုံးလိုက်ပြီး
“ငါ သွားလေရာတိုင်းမှာ လူတွေရဲ့ အာရုံကို ဆွဲဆောင်နေမယ်ဆိုရင် ဒါကြီးက ကောင်းတဲ့ ခံစားမှုတစ်ခု မဟုတ်တာ သေချာတယ်။ ဒီဗီဒီယိုကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခု စဉ်းစားရတော့မယ်ထင်တယ်။”
"မလုပ်နိုင်ဘူး သူငယ်ချင်း။" ယွဲ့ခိုင် ခေါင်းယမ်းလိုက်သည်။ "မင်းမှာ မီဒီယာလိုင်းအားလုံးကို ပိတ်ဆို့နိုင်စွမ်းမရှိရင် အဲဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။"
“အီး…” ထန်ရှုကို ကြည့်ရသည်မှာ အသိလွတ်သွားဟန် ရှိပြီး တွေတွေကြီး စိုက်ကြည့်နေသည်။ ထို့နောက် ချက်ချင်းပင် ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလာသည်။
တကယ်လည်း သူ့တွင် မီဒီယာလိုင်းအားလုံးကို ပိတ်ဆို့နိုင်စွမ်း မရှိပါချေ။ ထန်မိသားစု၏အင်အားအပါအဝင် သူ၏ ပုဂ္ဂိုလ်ရေး အဆက်အသွယ်အားလုံးကို အသုံးပြုခဲ့ရင်တောင် သူ လုပ်နိုင်မည်မဟုတ်ပေ။ လက်ရှိအင်တာနက်သည် အမှန်တကယ်ပင် အလုံးစုံနီးပါး စွမ်းဆောင်နိုင်သည်။ သတင်းကြီးကြီးမားမား ထွက်ပေါ်လာသည်နှင့် ဗိုင်းရပ်စ်ပိုးလို ပျံ့နှံ့သွားမည်သာဖြစ်သည်။
…လက်တွေ့အခြေအနေနဲ့ သင့်လျော်တဲ့ အစီအမံတွေ လုပ်ထားရမယ် ထင်တယ်။ အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင် လူစုလူဝေးရှိတဲ့ နေရာတွေကို သွားတဲ့အခါ ကိုယ့်ကိုကိုယ် ဖုံးကွယ်ဖို့ ကျန်းရှင်းယာဆီက ငါ သင်လို့ရတာပဲ…
ထန်ရှု သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်။
"အစ်ကိုကြီးထန် … မင်း အရင်က ဂီတမှာ အောင်မြင်မှုတွေ ရခဲ့တယ်ဆိုတာ ငါတို့ မယုံဘူး။ ဒါပေမယ့် မင်းရဲ့ဖျော်ဖြေမှုကို နားထောင်တဲ့အချိန်တုန်းက ငါတို့ မင်းရဲ့ဂီတထဲမှာ လုံး၀ နစ်မြောသွားတယ်။ မင်းက ဂုရုကြီး … သိုသိုသိပ်သိပ်နဲ့ ဖုံးကွယ်ထားတဲ့ ဂုရုကြီး။ အခုဆို မင်း ဖုံးကွယ်ထားတဲ့ အရာတွေ ဘယ်လောက်ရှိနေသေးလဲ ဆိုပြီး ငါ စတွေးမိလာပြီ။”
“အနုပညာလေးမျိုး - ဇီသာ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ တစ်ခုမှ ညံ့တာ မရှိဘူး။ အဲ့လိုပဲ ကဗျာ၊ လင်္ကာ၊ တမ်းချင်း၊ သီချင်းတွေ ငါ နားမလည်တဲ့ အရာမရှိဘူး။ မင်းသာ ငါ့ကို ဆရာအဖြစ် ကိုးကွယ်မယ်ဆိုရင် လှည့်ကွက်တချို့ကို ငါ သင်ပေးနိုင်တယ်။" ထန်ရှု ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
"တော်လိုက်တော့…"
တခြားအရာ ထန်ရှု ဘာမှ မရသော်လည်း သူငယ်ချင်းများ၏လက်ခလယ်ထောင်ပြခြင်းကိုတော့ သူ ခံလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ထန်ရှု၏ ပန်းချီစွမ်းရည်ကို မြင်ဖူးသော မုဝမ်ရင်အတွက်တော့ သူသည် လုံးဝ နတ်ဘုရားနှင့်တူသော အဆင့်သို့ ရောက်ရှိနေပြီဟု သူမ သေချာပေါက် ယုံကြည်သည်။ ယခုလည်း ထန်ရှုသည် ထပ်လောင်း၍ ဂီတစွမ်းရည်အား စိတ်ဝိညာဉ်နယ်ပယ်နှစ်ခုတွင် သူ၏နတ်ဘုရားနှင့်တူသော စွမ်းရည်များကို ပြသနေပြီဖြစ်သည်။
နောက်တစ်နေ့ ထန်ရှု တက္ကသိုလ်ဝင်းတွင် ပေါ်လာသောအခါ သူသည် လူတိုင်း၏အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ လူပေါင်းများစွာ စုဝေးကာ သူ့အား ညွှန်ပြရင်း တီးတိုးစကား ဆိုကြသည်။
"ဟယ်လို ကိုလူချောလေး ထန်ရှု … ရှင် ကျွန်မရဲ့ကောင်လေး ဖြစ်ပေးနိုင်မလား။"
ထန်ရှု စာသင်ခန်းသို့ သွားရာလမ်းတွင် ကျောင်းသူတစ်ယောက်က သူ့အား ပွင့်ပွင့်လင်းလင်း မေးလာသည်။
ထန်ရှု၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် ထန်ရှု ကျောင်းဝင်းထဲသို့ ရောက်ပြီးနောက် သူ့အား အချစ်ဝန်ခံခဲ့သော ဆဌမမြောက် ကျောင်းသူဖြစ်သည်။ ထိုမိန်းကလေးများက သူ့အား ကြည့်သည့်ပုံစံမှာ အဝတ်မပါသော မိန်းမလှတစ်ဦးအား တပ်မက်စွာ ကြည့်နေသကဲ့သို့ပင်။
"တောင်းပန်ပါတယ်။ ငါ အချစ်ကို စောစော မရှာချင်ဘူး။"
ထန်ရှု ပြောပြီးသည်နှင့် ထိုကျောင်းသူအား အလျင်အမြန် ကျော်ဖြတ်ကာ ရှေ့သို့ အပြေးသွားတော့သည်။
“ဟားဟားဟား…”
"ငါတော့ ရယ်ရတာ သေတော့မယ်…"
“စွန်းအားကျ … သောက်ရမ်းမနာလို … အား … မပါမိတာ နောင်တရမိ”
“…”
ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် အခြားသူများက ထန်ရှု၏အဖြစ်အား ကြည့်ကာ ရယ်မောနေကြသည်။
၎င်းတို့၏ စနောက်ရယ်မောသံများသည် လေထဲတွင် လွင့်ပျံနေပေတော့သည်။
***