← Chapters

အင်တာနက်နာမည်ကြီးဆယ်လီ

Vol. 09 Ch. 450

အင်တာနက်နာမည်ကြီးဆယ်လီ

Vol. 09 Ch. 450

ဆိုရိုးစကား ရှိသည့်အတိုင်း ဆူဖြိုးခြင်းသည် ဝက်များအတွက် ဒုက္ခဖြစ်လာစေသကဲ့သို့ ကျော်ကြားမှုသည် လူတို့အတွက် ဒုက္ခကို ဖော်ဆောင်လာစေသည်။

သည်အဖြစ်အပျက်မတိုင်မီက ထန်ရှုသည် ပင်ကိုယ်သဘာဝအရ သိုသိုသိပ်သိပ်သာ နေခဲ့သည်။ သို့သော် ယခုနောက်ဆုံးတွင် သူသည် ခါးသီးသော အသီး၏အရသာအား မြည်းစမ်းနေရပြီဖြစ်သည်။ တက္ကသိုလ်ဝင်းကို သွားသည့်လမ်းတစ်လျှောက်တွင် လူများစွာက သူ့အား လက်ညိုးထိုးကာ တီးတိုးစကားဆိုကြသည်။ ရဲရင့်သူအချို့ကလည်း သူနှင့်စကားပြောဆိုရန် ရောက်ရှိလာကြသည့်နည်းတူ ကျောင်းသူများကလည်း ၎င်းတို့၏အချစ်အား သတ္တိရှိရှိ ဝန်ခံကြသည်။ သူသည် စာသင်ခန်းထဲတွင် အာရုံစူးစိုက်မှု အခံရဆုံးသောသူ ဖြစ်လာပြီး လူအများ ပြောနေကြသော အကြောင်းအရာများအားလုံးနီးပါးသည် သူ၏အကြောင်းများသာ ဖြစ်နေခဲ့သည်။

ထို့အပြင် သူ့အား ကူကယ်ရာမဲ့ဖြစ်စေသော၊ စိတ်အနှောက်အယှက်အဖြစ်ဆုံးသောအရာမှာ ကျောင်းပရိဝုဏ်အတွင်းမှ အပြင်သို့ ထွက်သောအခါ ကျောင်းအတွင်းမှ သူ့အား လွတ်သွားသော မီဒီယာများက ဂိတ်ပေါက်ဝတွင်ပင် သူ့အား ပိတ်ဆို့ထားခြင်းဖြစ်သည်။ သူငယ်ချင်းညီအစ်ကိုများစွာ၏ကာကွယ်ပေးမှုအောက်တွင် မရှိခဲ့ပါက သူသည် ကင်မရာဖလက်ရှ်မီးများကြောင့် မျက်လုံးပင် ကွယ်သွားပေလိမ့်မည်။

သူ့အား အနည်းငယ် ကျေနပ်စေသည့် တစ်ခုတည်းသော အရာမှာ အတန်းပိုင်ဆရာမ ဟန်ကျင်းဝူ ခွင့်ယူသွားခဲ့ပြီး အခြားအင်္ဂလိပ်စာဆရာတစ်ဦးနှင့် အစားထိုးဝင်လာခြင်းပင် ဖြစ်တော့သည်။

ကျောင်းသားအဆောင်ထဲတွင်…

ပင်ပန်းနေသော အပြုံးဖြင့် ထန်ရှုသည် သူ၏လက်ကိုင်ဖုန်းကို ပိတ်လိုက်သည်။ ဖုန်းခေါ်ဆိုသည်များကို ပြောရုံမျှဖြင့်ပင် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားလာရသကဲ့သို့ပင်။

သူ၏အနီးဝန်းကျင်တွင် ကိုယ်စီ သာယာနေကြသော သူငယ်ချင်းများကို ကြည့်နေရင်း သူက ကုလားထိုင်ပေါ် ထိုင်လိုက်ကာ

"ကိုယ့်လူတို့ ငါ့ကို ညစာလေးများ ကူဝယ်မပေးချင်ဘူးလား။ ငါ တကယ် အပြင်မထွက်နိုင်တော့လို့ပါ။"

ထန်ရှု၏ သနားကမားအသံကို ကြားပြီးနောက် ရိုးသားကူညီတတ်သော ရွှဲ့ချောင်က

"ငါ သွားပေးမယ်။ မင်း ဘာစားချင်လဲ။"

"ဗိုက်ပြည့်ရင်ပြီးရောကွာ … ဘာဖြစ်ဖြစ် စားလို့ရတယ်။" ထန်ရှုက လက်ကို ဝှေ့ယမ်းပြီး အကျယ်ချဲ့တော့ချေ။ “အဆောင်က သော့မခတ်ခင် ခိုးထွက်မယ်လို့ စိတ်ကူးထားတယ်။ နောက်ရက်အနည်းငယ်လောက် အိမ်မှာ နေရင်း ကိုယ့်ဘာသာပဲ စာလေ့လာမယ်လို့ ဆရာ့ကိုတော့ ပြောထားပြီးပြီ။”

သုံးယောက်သား ထန်ရှုကို စာနာသောအမူအရာဖြင့် စိုက်ကြည့်နေကြသည်။

ယွဲ့ခိုင်က လင်ရိုဗာကားသော့အား ထန်ရှုဆီ ပစ်ပေးပြီး အပြုံးဖြင့်

"မင်း လစ်ထွက်သွားချင်နေတယ်ဆိုရင် ကားတစ်စီးရှိတာက ပိုကောင်းတယ်။ အင်တာနက်က နာမည်ကြီးဆယ်လီတွေကလည်း အနုပညာကြယ်ပွင့်ကြီးတွေနဲ့ မကွာခြားဘူးလို့ ငါ ကြားတယ်။

အစတုန်းကတော့ ငါ အဲ့ဒီစကားကို သံသယဖြစ်မိတယ်။ ဒါပေမယ့် အခုနောက်ဆုံးတော့ အင်တာနက်နာမည်ကြီးသူတစ်ယောက်ကလည်း ကြယ်ပွင့်ကြီးတွေလိုပဲ ဆွဲဆောင်မှုစွမ်းအားတစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတာ သိလိုက်ရပြီ။ နောက်တစ်နည်းပြောရရင် အင်တာနက်နာမည်ကြီးသူတွေက ကြယ်ပွင့်ကြီးတွေရဲ့ အခြားရွေးချယ်စရာပုံစံတစ်ခု ဖြစ်လာတာပဲ။"

"အင်တာနက်နာမည်ကြီးသူရော ကြယ်ပွင့်ကြီးရော ဖြစ်ဖို့ ငါ လုံးဝကို စိတ်မဝင်စားပါဘူးကွာ။" ထန်ရှု မချိပြုံး ပြုံးမိသည်။ “ဖြစ်နိုင်ရင် မင်းကို အဲ့လိုတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးတောင် ပေးလိုက်ချင်သေးတာ။”

“မင်း ရထိုက်တာကို ရတာလေ။”ယွဲ့ခိုင်က ရယ်နေရင်း “မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ မင်းကို အဲ့လောက်ထိ ပြဖို့ ဘယ်သူပြောလို့လဲ။ ကျန်းရှင်းယာရဲ့ တောက်ပမှုတောင် မင်းကြောင့် ခိုးယူခံရတယ်။ မင်းမှ ရေပန်းစားမလာဘူးဆိုရင် ဘယ်သူရေပန်းစားပါ့မလဲ။”

“အူး…” ထန်ရှု ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ကြယ်တာရာရှိ အဆင့်မြင့် အိမ်ရာဝင်းတစ်ခုတွင်…

အလုပ်များသော တစ်နေ့တာ ကုန်ဆုံးပြီးနောက် ခန်းရှသည် ခြေကုန်လက်ပန်းကျကာ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ရေချိုးပြီးနောက် သန့်ရှင်းသပ်ရပ်သော ညအိပ်ဝတ်စုံကို ဝတ်ဆင်သည်။ အကျင့်မရှိသော်လည်း သူမသည် ဝိုင်နီတစ်ခွက်ကို ဖန်ခွက်ထဲ လောင်းထည့်ကာ အရသာခံသောက်ရင်း ဆိုဖာပေါ်ထိုင်လျက် လက်ပ်တော့ဖြင့် အင်တာနက်သုံးနေခဲ့သည်။

“ဟေး အကြီးအကဲ … တံခါးဖွင့် … တံခါးဖွင့်ပါဦး…"

အင်ဒီ၏အော်ဟစ်သံအား အိမ်အပြင်ဘက်မှ အတိုင်းသား ကြားနေရသည်။

ခန်းရှ ထိတ်လန့်သွားရသည်။ သူမ၏အိမ်နှင့် အင်ဒီ၏အိမ်သည် မီတာဆယ်ဂဏန်းမျှသာ ဝေးသော်လည်း အင်ဒီသည် သူမထံ လာရောက်လည်ပတ်ခြင်း သိပ်မရှိပေ။ အဝေးထိန်းခလုတ်ကို နှိပ်ကာ တံခါးကိုဖွင့်ပေးလိုက်ချိန်တွင် အင်ဒီသည် အိမ်တွင်းသို့ အပြေးအလွှား ဝင်လာပြီး ဒုတိယထပ်သို့ ဦးတည်သွားခဲ့သည်ကို ခန်းရှ မြင်နေရသည်။

သူမက ရယ်လိုက်မိပြီး

“ဟေ့ မိုးပြိုနေတာလား ဘာလား။ နင့်ရဲ့စိတ်လှုပ်ရှားနေတာကို ကြည့်ရတာ..."

အင်ဒီက သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ ခန်းရှ၏စကားကို ကြားဖြတ်လိုက်ပြီး  သူမအနီးရှိ လက်ပ်တော့တစ်လုံးကို လက်ညှိုးထိုးကာ ပြောလာသည်။

“အကြီးအကဲ … ဝဘ်ဘရောက်ဆာ(Web browser)ကို ဖွင့်ပါ။ ဘာမှ ရှာဖို့ မလိုဘူး။ အော်တိုတက်လာတဲ့ ခေါင်းစီးသတင်းတွေကိုပဲ ကြည့်။”

(Charm Ming Nge – Web browser သည် ဝဘ်စာမျက်နှာများကြားတွင် ပြသရန်နှင့် သွားလာရန်အတွက် ဂရပ်ဖစ်အသုံးပြုသူ အင်တာဖေ့စ်ပါရှိသော ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်သည်။)

…ခေါင်းစီးသတင်း…

အံ့ဩပြီး ပဟေဠိဖြစ်နေသော ခန်းရှသည် အင်ဒီ၏ညွှန်ကြားချက်အရ ဝဘ်ဘရောက်ဆာကို ဖွင့်လိုက်ရာ သူမသည် ထိပ်တန်းသတင်းအကြောင်းအရာကို ချက်ချင်းတွေ့လိုက်သည်။

..."ရှန်ဟိုင်းတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် လောကတခွင် ပြိုင်ဖက်ကင်းသော ဂီတသူတော်စင်တစ်ဦးသည် ဇီသာကို တီးမှုတ်သီဆိုရင်း ပေါ်ထွက်လာခဲ့သည်..."…

ခန်းရှ ဝင်ကြည့်လိုက်ရာ ထင်ရှားသော ပုံတစ်ခုသည် သူမ၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။ ထိုပုံမှာ ဇီသာတီးနေသည့် ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦး၏ ပုံဖြစ်သည်။

"ဒါ … ဒါ...ဒါက သူဌေး မဟုတ်လား။"

ခန်းရှ ရုတ်တရက် မော့ကြည့်လိုက်ပြီး အင်ဒီ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်။ ဒါ ကျွန်မတို့ရဲ့ သူဌေး သေချာတယ်။” အင်ဒီက ခေါင်းအထပ်ထပ် ညိတ်ပြသည်။

"နောက်ထပ် အောက်ကလင့်ကို ဆက်ကြည့်ဦး။ ကျွန်မတို့ သူဌေး ဇီသာတီးနေတဲ့ ဗီဒီယိုဖိုင် ရှိတယ်။ အကြီးအကဲက အဲ့ဒါကို အာရုံစိုက်ပြီး နားထောင်ရင် အံ့သြသွားလိမ့်မယ်။"

ခန်းရှသည် ဗီဒီယိုကို ဖွင့်ပြီး အေးအေးဆေးဆေး ကြည့်လိုက်သည်။ တေးဂီတသံ စတင်သည်နှင့် အံ့သြဖွယ်ကောင်းသော တေးသံသာသည် သူမအား ချက်ချင်း ဆွဲဆောင်သွားတော့သည်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ သူမ၏စိတ်တစ်ခုလုံးသည် ဇီသာ၏တေးသံတွင် နှစ်မြှုပ်သွားပြီး သူမ၏အရှေ့က ကမ္ဘာကြီးတောင်မှ ပြောင်းလဲသွားသည့်နှယ်ပင်...

သီချင်းပြီးဆုံးသွားသည့်နောက်တွင် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရင်း မျက်နှာထက်က မျက်ရည်များကို အမှတ်မထင် သုတ်မိသွားသည်။ ထို့နောက် အင်ဒီ့အား မင်သက်အံ့သြစွာ ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

“သူဌေးရဲ့ ဇီသာတီးပြီး သီချင်းဆိုတာက မှော်စွမ်းအားနဲ့ တူတယ်။ သဘာဝကို ကျော်လွန်နေပြီ။ တကယ်ကို နားမလည်နိုင်လောက်အောင်ပဲ။”

သူမ အသိ ပြန်ဝင်လာပြီးနောက် အင်ဒီက

“အကြီးအကဲ … သူဌေးက နာမည်ကြီးနေပြီ။ အခုဆို သူက ဝဘ်ဆိုဒ်ရဲ့ခေါင်းစီးပိုင်းသတင်း ဖြစ်လာရုံတင်မကဘူး ပေါင်းစပ်ပံ့ပိုးတဲ့ကွန်ပျူတာကွန်ရက်တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ အခြေအနေကို ဖန်တီးခံထားရသေးတယ်။ စိတ်ဝင်စားတဲ့ လူတချို့ရဲ့ စာရင်းဇယားတွေအရဆိုရင် သူဌေးရဲ့ဇီသာတီးပြီး သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်က အကြိမ်ရေ ဆယ်သန်းကျော်တောင် ဖြန့်ပြီး ရှယ်ပြီးကုန်ကြပြီ။ ဝက်ဘ်ဆိုဒ်ကြီးတွေရဲ့ထိပ်သီးသတင်းတွေ၊ ဖိုရမ်အမျိုးမျိုးရဲ့ ရှေ့စာမျက်နှာနှင့် စကားပြောအက်ပလီကေးရှင်းတွေမှာကို ရှယ်ထားကြတယ်တဲ့လေ။"

…ရှူး…

ခန်းရှသည် သူမ၏စိတ်ခံစားမှုအား ကောင်းစွာထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုစကားကို ကြားပြီးနောက် အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ ဗီဒီယိုထုတ်လွှင့်မှု သန်းဆယ်ဂဏန်းကျော်သည် တရုတ်နိုင်ငံရှိ အရေးကြီးဆုံး ဗီဒီယိုထုတ်လွှင့်မှုအချို့၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါးဖြစ်သည်။ မျှဝေခြင်းနှင့် ထပ်ဆင့်ပို့ခြင်းပေါင်း သန်းဆယ်နှင့်ချီရှိသောကြောင့် လူများနှင့် ကြည့်ရှုသူများ မည်မျှ မှတ်ချက်ပေး၊ ကြိုက်၊ ထောက်ခံမဲပေးမည်ကို သူမ ရိုးရှင်းစွာ တွေးကြည့်နိုင်မည် မဟုတ်ပေ။

သူမ၏အတွေးများ ထိုနေရာသို့ ရောက်လာသည့်အခါ ခန်းရှက ဖိုရမ်တစ်ခုကို ချက်ချင်းဖွင့်လိုက်သည်။ ဖိုရမ်တွင် မှတ်ချက်များ၊ ကြိုက်နှစ်သက်မှုများ နှင့် ထောက်ခံမဲများပေးသည့် အရေအတွက်ကို သူမ မြင်သောအခါ နှုတ်ခမ်း တဆတ်ဆတ် လှုပ်သွားရင်း အင်ဒီကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်မိတော့သည်။

"သူဌေးက အရမ်းမိုက်တယ်နော် အကြီးအကဲ…" အင်ဒီ ရယ်သွမ်းသွေးရင်း ပြောလိုက်သည်။

“သူက တော်တယ်။ တကယ်ကို အံ့သြစရာကောင်းပါတယ်။ ဒါပေမယ့် အခုဆို ငါတို့သူဌေး ခေါင်းကိုက်နေလောက်ပြီ။"

"ဟုတ်တယ် … သူ့ရဲ့သိုသိုသိပ်သိပ်နေတတ်တဲ့ စရိုက်ကြောင့် ရုတ်တရက် အင်တာနက်ကျော်ကြားသူ ဖြစ်လာတော့ တော်တော် စိတ်ဓာတ်ကျနေမှာ အသေအချာပဲ။  တစ်နေရာရာမှာ ပုန်းနေလောက်ပြီ။"

ခန်းရှသည် သူမ၏ဖုန်းကို ထုတ်ကာ ထန်ရှု၏ဖုန်းနံပါတ်အား ခေါ်လိုက်သည်။ ခဏကြာတွင် သူမသည် ဖုန်းကို ဘေးနားတွင် ချထားလိုက်ပြီး ငိုရမလို ရယ်ရမလိုအမူအရာဖြင့်

“သူဌေးက သူ့ဖုန်းတောင် စက်ပိတ်ထားလိုက်ပြီ။”

“သေချာတာကတော့ သူဌေးရဲ့ ဖုန်းနံပါတ်ကို ဆက်တဲ့လူတွေများလို့ အရမ်းစိတ်ဆိုးပြီး ဖုန်းကို ပိတ်ပစ်လိုက်တာနေမယ်။ ဒါနဲ့ ဂီတဖိုရမ်ကို ကျွန်မ ရှာကြည့်တော့ ထိပ်တန်းပြည်တွင်းဂီတသမားများစွာရဲ့ ချီးကျူးစကားတွေကို အဲဒီ့မှာ ပွင့်ပွင့်လင်းလင်း တင်ထားတာ တွေ့တယ်။ ဂီတသမားများစွာက သူတို့ရဲ့အတွေးတွေနဲ့ ခံစားချက်တွေကို သိသိသာသာ ဖော်ပြီး သူတို့ကိုယ်ပိုင်ဘလော့ဂ်တွေပေါ် မှာ ချီးကျူးစကားတွေ တင်နေကြတာ။ စကားမစပ် ပေကျင်းက ဂီတသမားကြီး တုဝမ် တင်ထားတာ တစ်ခါ ဖတ်လိုက်ရတယ်။ သူ ဘာပြောလဲ သိလား။"

"သူ ဘာပြောလဲ။" ခန်းရှက စိတ်ဝင်တစား မေးသည်။

“သူက ဂီတရဲ့ အမြင့်ဆုံးနယ်ပယ်ကို ရောက်နေပြီး သူ့ဘဝတစ်လျှောက်လုံးမှာ နောက်ထပ် အောင်မြင်မှုတွေ ထပ်လုပ်ဖို့ နည်းလမ်း ရှာမတွေ့ဘူးလို့ တစ်ချိန်က သူ ထင်ခဲ့မိတယ်တဲ့။ ဒါပေမယ့် သူဌေးရဲ့ဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာ သူသိလိုက်ရတာက သူက ရေတွင်းထဲက ဖားတစ်ကောင်လိုပါပဲတဲ့။ သူရဲ့ အဆင့်နိမ့်နေသေးတာကို သဘောပေါက်ပြီး သူဌေးကသာ သူ့ကို တပည့်အဖြစ် လက်ခံမယ်ဆိုရင် သူ့ဆရာအဖြစ် တင်လိုကြောင်းကို လူသိရှင်ကြား ထုတ်ပြောခဲ့သေးတယ်။"

“ဒ-ဒ-ဒါ…”

ခန်းရှ တုန်လှုပ်သွားရသည်။ ဂီတနယ်ပယ်တွင် ကျော်ကြားသော တုဝမ်၏နာမည်သည် ဂီတနယ်ပယ်တွင်းက မဟုတ်သောလူများအတွက်ပင် နားကို ထိုးခွင်းသည့် မိုးကြိုးပစ်သံကဲ့သို့ပင်ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ ဂီတလောကတွင် ဆယ်စုနှစ်များစွာရှိခဲ့သော၊ ထင်ရှားကျော်ကြားသော အကျော်ဒေယျတစ်ဦးက ၎င်းတို့၏ သူဌေးအား သူ၏ဆရာအဖြစ် အသိအမှတ်ပြုလိုကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

… သ … သူဌေး …အံ့သြစရာကောင်းပြီး လောကတခွင် ပြိုင်ဖက်ကင်းလွန်းနေတာမဟုတ်ဘူးလား…

“အကြီးအကဲ … ငါတို့သူဌေးက နတ်ဘုရားတစ်ပါးဆိုတာ ငါသိတယ်။ တစ်သက်လုံး ချီးကျူးနေရမယ့် ပုဂ္ဂိုလ်ပဲ။”

အင်ဒီက တခိခိရယ်နေရင်း

“သူဆွဲထားတဲ့ ဗိသုကာ အဆောက်အအုံဒီဇိုင်းကို နိုင်ငံရဲ့ ထိပ်တန်းပန်းချီဆရာတွေက ရှုံးနိမ့်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံစေခဲ့တယ်။ အခုလည်း ပြောင်မြောင်တဲ့ တေးဂီတသံကို ဖန်တီးပြီး ဂီတနယ်ပယ်က ထိပ်တန်းဂီတပညာရှင်တွေရဲ့ ချီးမွမ်းတာကို ခံနေရပြန်ရော။ ကျွန်မတော့ သူဌေးကို ပိုပိုပြီး ချစ်လာတယ်ဆိုတာ သိသွားရပြီ။"

ခန်းရှက ခေါင်းယမ်းကာ ပြုံးလိုက်ရင်း ရင်ထဲတွင် ချိုမြိန်မှုအရသာ ခံစားနေရသည်။ ထန်ရှု၏လုပ်ဆောင်မှု ပို၍ အံ့သြစရာကောင်းလေလေ သူမ၏အမြော်အမြင်မှန်သည်ဟု သူမ ပို၍ခံစားရလေလေ ဖြစ်သည်။

ကျင်းမန်ကျွန်း … ထာဝရခန်းမ…

အိုးရန်လူလူသည် သူမ၏လင်ရိုဗာရိန်းဂျားရိုဗာကားကို မောင်းလာရင်း ကားရပ်နားရာနေရာသို့ အမြန်ဝင်လိုက်သည်။ ထာဝရခန်းမတွင် ထိုသို့ဝင်ရဲသူတစ်ဦးတည်းမှာ သူမမှတစ်ပါး အခြားသူ မရှိချေ။ သူမသည် သူဌေးထန်နှင့် သူဌေးလေး ဂူရှောင်ရွှဲ့တို့၏သူငယ်ချင်း ဖြစ်သောကြောင့် ကင်းလှည့်အဖွဲ့ဝင်များသည် သူမ၏အပြုအမူကို မျက်ကွယ်ပြုထားကြသည်။

"လူလူ … နင် ငါ့ဆီကို အလျင်စလို ဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲ။"

ကားရပ်နားရာနေရာအစွန်းတွင် ရပ်နေသော ဂူရှောင်ရွှဲ့သည် တစ်စုံတစ်ခုကို ကိုင်ကာ ကားပေါ်မှ အမြန်ဆင်းလာသော အိုးရန်လူလူအား စူးစမ်းလိုသော အကြည့်ဖြင့်၊ သံသယလေသံဖြင့် ချက်ချင်း မေးလိုက်သည်။

အိုးရန်လူလူသည် ပြန်မဖြေအားသေးဘဲ သူမ၏လက်ကိုင်အိတ်ဇစ်ကို ဖွင့်လိုက်ပြီး အတွင်းမှ လက်ပ်တော့တစ်လုံးကို ထုတ်ယူလိုက်သည်။ စက်ဖွင့်ကာ အင်တာနက်ဘရောက်ဆာထဲဝင်ပြီးနောက် သူမသည် ဂူရှောင်ရွှဲ့ဆီသို့ လှမ်းပို့ပြီး

"ထန်ရှုတော့ လူစိတ်ဝင်စားခံနေရပြီ။"

"ဟင်…" ဂူရှောင်ရွှဲ့ အံ့အားသင့်သွားကာ လက်တော့ပ်ကို ယူလိုက်ပြီး

“ဆရာဘိုးဘေးက ပြသနာဖြစ်နေတာလား။ သူ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲ။ တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်နေတာလား။”

“မဟုတ်ဘူး … သူ ပြသနာမဖြစ်ပါဘူး။ ဒါက သူ့ရဲ့ကျော်ကြားမှုပဲ။ သူ့နာမည်က သတင်းမွှေးနေပြီလေ။ ဝဘ်ဆိုဒ်တွေရဲ့ ပင်မစာမျက်နှာကို ဖွင့်ပြီး သူတို့ရဲ့ ခေါင်းစီးသတင်းတွေကို ကြည့်ကြည့်လိုက်။"

အိုးရန်လူလူက ပြောသည်။

ထိုစကားကို ကြားရသည့် ဂူရှောင်ရွှဲ့က အတော်အတန် နာမည်ကြီးသောဝဘ်ဆိုဒ်တစ်ခုကို ရှာဖွေပြီးနောက် ခေါင်းစီးသတင်းများကို ဖွင့်ကြည့်သည်။ နှစ်မိနစ်လောက် ဖတ်ပြီးသည့်နောက်တွင် သူမ၏မျက်နှာထက်၌ ထူးဆန်းသည့် အမူအရာ ပေါ်လာခဲ့တော့သည်။

သို့သော်လည်း သူမသည် ထန်ရှု၏ဇီသာတီးကာ သီချင်းဆိုနေသည့် ဗွီဒီယိုကို ကြည့်ပြီးနောက် သူမ၏မျက်လုံးများ နီရဲလာသည်။ ဂူရှောင်ရွှဲ့သည် တိတ်ဆိတ်စွာ ခေါင်းမော့ကာ

"ဟုတ်တယ်။ ဒါက တကယ်ကို ဆရာဘိုးဘေးပဲ။"

“အဲ့ဒါ သူမှန်း ငါ သိပါတယ်။ ဒါပေမယ့် သူက အံ့သြဖို့ ကောင်းလွန်းတယ်။ သူ့ရဲ့ ဇီသာတီးတာနဲ့ သီချင်းဆိုတာက နတ်ဘုရားတစ်ပါးလိုပဲ။ အခုတော့ သူက နာမည်ကြီးတစ်ယောက် ဖြစ်လာပြီ။ လူတော်တော်များများက သူ့ကို အိုက်ဒေါလ်လို့ သတ်မှတ်ထားကြတယ်။" အိုးရန်လူလူက သက်ပြင်းချလိုက်သည်။

“ဆရာဘိုးဘေးက အစကတည်းက အံ့သြဖို့ကောင်းပြီး စွမ်းအားကြီးတယ်။ သူ ဘယ်လို အကြောင်းအရာတွေ ဖြစ်ပါစေ သဘာဝကျတယ်လို့ ငါ ထင်တယ်။ နောက်ပြီး ဆရာဘိုးဘေးက အတော်ချောလာတယ်ဆိုတာကို ငါ ခုတော့ သိသွားပြီ။" ဂူရှောင်ရွှဲ့က ပြုံးပြီးပြောသည်။

အိုးရန်လူလူက ရယ်လိုက်ပြီး

“သူက အရမ်းချောပါတယ်။ ငါ သူ့ကို ရှန်ဟိုင်းကို သွားရှာဖို့ ဆုံးဖြတ်ထားတယ်။”

"နင် အဲဒီ့ကို သွားချင်တာလား။ ဆရာဘိုးဘေးကို ဘာအတွက် ရှာနေတာလဲ။" ဂူရှောင်ရွှဲ့က သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ကြယ်တစ်ပွင့်နောက်ကို လိုက်နေတာကလွဲရင် ဘာရှိသေးလို့လဲ။ နောက်ပြီး ငါ မကြာသေးခင်က လုပ်ခဲ့တဲ့တစ်ခုရဲ့ပြင်ဆင်မှုက ပြီးလုနီးပါးရှိနေပြီ။ တိုတိုပြောရင်ဟာ လာမည့်ရက်အနည်းငယ်ဆို အဲ့ဒါက အဆင်သင့် ဖြစ်နေလောက်ပြီ။ ပြီးရင် ရှန်ဟိုင်းကို သွားမယ်။"

အိုးရန်လူလူက ဖြေသည်။

"နင် ဘာတွေ ပြင်ဆင်နေတာလဲ။" ဂူရှောင်ရွှဲ့က မေးလိုက်သည်။

***

All Chapters