တိုက်ဆိုင်မှုမရှိဘဲ ဇာတ်လမ်းမရှိပါ။
Vol. 10 Ch. 451
သူမ၏အတွေးများကို လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားကာ အိုးရန်လူလူက ပြန်မဖြေပေ။ သူမ၏ စိတ်သဘောထားကို သိသော ဂူရှောင်ရွှဲ့သည်သာ သိလိုစိတ်ကိုသာ လျှော့ချလိုက်ရသည်။ သူမ ထပ်မေးပါကလည်း အိုးရန်လူလူက ဖြေချင်မှ ဖြေမည်သာဖြစ်ပေသည်။
"ညစာ စားပြီးပြီလား။" ဂူရှောင်ရွှဲ့က စိတ်ခံစားချက် ကောင်းစွာဖြင့် မေးလိုက်သည်။
"ဟင့်အင်း … ငါ မစားရသေးဘူး။" အိုးရန်လူလူက ရယ်ရင်း “သတင်းတွေထဲ လူက နစ်မြုပ်သွားတယ်။ သူဌေးဂူက ငါ့ကို ထမင်းတစ်ဝိုင်း မကျွေးချင်ဘူးလား။"
"ငါနဲ့ လိုက်ခဲ့။ နင့်အတွက် အထူးဟင်းချက်ပေးဖို့ တစ်ယောက်ယောက်ကို ငါ ပြောလိုက်မယ်။"
ဂူရှောင်ရွှဲ့က ရယ်ရယ်မောမော ပြောသည်။
နှစ်ရက်အကြာတွင် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းသည် ကျင်းမန်ကျွန်းလေဆိပ်မှ ထွက်ခွာကာ ရှန်ဟိုင်းလေဆိပ်တွင် ဆင်းသက်လာသည်။ ကိုယ်ခန္ဓာအချိုးအစားကျနပြီး အပြစ်အနာအဆာကင်းစွာ ချောမောသော အိုးရန်လူလူသည် ပြောက်ကျားဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် ဦးထုပ်တစ်လုံးဆောင်းထားပြီး အနက်ရောင်နေကာမျက်မှန်တစ်လက် တပ်ထားကာ လေဆိပ်ထဲမှ ထွက်လာသည်။ သူမ၏ခန္ဓာကိုယ်အချိုးအဆစ်သည် လှပကာ အရိုင်းဆန်သော ခံစားချက်ကို ထုတ်လွှတ်နေပေသည်။
အိုးရန်လူလူ၏နောက်တွင် အေးစက်သော အငွေ့အသက်တို့ရှိသော ကိုယ်ရံတော်လေးယောက်အပြင် သူမ၏လူယုံငါးယောက်- ခြောက်ယောက်လည်း ပါလာသည်။ ဤအဖွဲ့သည် မရေမတွက်နိုင်သော လူများ၏ အကြည့်များအောက်တွင် လေဆိပ်တွင်းမှ ထွက်ခွာသွားခဲ့သည်။
"သူဌေး…"
ဆံပင်တိုတိုနှင့် အလွန်သွက်သွက်လက်လက်ရှိသော အသက်၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသည် အပြင်တွင် စောင့်ဆိုင်းလျက် ရှိနေပြီး အိုးရန်လူလူနှင့်အဖွဲ့ကို တွေ့သောအခါ ချက်ချင်း အနားသို့ ရောက်လာသည်။
အိုးရန်လူလူက ခေါင်းညိတ်တုန့်ပြန်ကာ အပြင်ဘက်ကို လှမ်းကြည့်ရင်း
“ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ။ ဒီအဆင့်မြင့်ကလပ်တွေရဲ့ အချက်အလက်တွေက အဆင်သင့်ဖြစ်ပြီလား။"
“ပြီးခါနီးပြီ။ သူတို့က သူဌေးကို တစ်ဖက်အဖွဲ့နဲ့ ညှိနှိုင်းပေးဖို့ စောင့်နေတာ။”
ဆံပင်တိုတို အမျိုးသမီးသည် ကီရိုင်ဟု အမည်ရှိပြီး အလွန်ထက်မြက်ကာ အရည်အချင်းရှိသည့် လူတစ်ယောက်ဖြစ်သည်။ အိုးရန်လူလူ၏ လွန်စွာ တန်ဖိုးထားခြင်းခံရသောသူလည်း ဖြစ်သည်။ သူမ၏အရေးကြီးဆုံး အရည်အချင်းသည် ရဲရင့်ခြင်းဖြစ်သည်။ ကီရိုင်သည် တစ်ချိန်က ကျင်းမန်ကျွန်း၏ သုခဘုံဇိမ်ခံင်္ဘောသို့ ရောက်လာကာ အိုးရန်လူလူ၏ကာစီနိုကို စီမံခန့်ခွဲခြင်းနေရာတွင် နှစ်အတော်ကြာ ကူညီပေးခဲ့သည်။ သူမ၏အထူးစွမ်းရည်များဖြင့် အိုးရန်လူလူအား ငွေများစွာရရှိအောင် လုပ်ပေးနိုင်ခဲ့ပေသည်။
“ငါ သိပြီ။ အစီအစဉ်ကို ဖြည်းဖြည်းချင်း အရင်သွားတော့။ ငါတို့ တစ်ဖက်အဖွဲ့ကို လုံး၀ စုံစမ်းပြီးသွားတဲ့ချိန် အဲ့ဒီဖက်ကလည်း ငါတို့ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိမ့်မယ်။ သူတို့ကို စုံစမ်းခွင့်ပေးထားလိုက်။ ငါ့အကြောင်းကို သူတို့ အပြည့်အစုံ စုံစမ်းမိသွားဖို့ မျှော်လင့်တယ်။ နို့မဟုတ်ရင် နောက်ပိုင်း စီးပွားရေးကိစ္စတွေ ပြောရတာ မချောမွေ့ပဲ နေမယ်။”
“အိုကေ။” ကီရိုင် ခေါင်းညိတ်သည်။
အော်ဒီ၆စီးသည် ကားရပ်နားရာနေရာတွင် တစ်ညီတည်း ရပ်ထားသည်။ အိုးရန်လူလူတို့အဖွဲ့ ရောက်လာသည်နှင့် ကားမောင်းသူများသည် ကားတံခါးများကိုဖွင့်ပေးထားပြီး သူမအား တအံ့တသြ ငေးကြည့်နေသည်။
“ငါ့ကို ကားသော့ပေး။” အိုးရန်လူလူက ကားမောင်းသူတစ်ဦး၏အရှေ့သို့ သွားကာ လက်ဖြန့်သည်။
ကားမောင်းသူခမျာ ကြက်သေသေ သွားရပြီး ကားထဲရှိ ကားသော့တန်းလန်းအား ညွှန်ပြကာ
“ကားသော့က ကားထဲမှာပါ သူဌေး။”
ထိုသူအား ခေါင်းညိတ်တုံ့ပြန်ကာ အိုးရန်လူလူသည် မောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီး ကားတံခါး ပိတ်လိုက်သည်။ လူတိုင်း၏အံ့အားသင့်နေသော အကြည့်အောက်တွင် သူမက ကားမှန်ပြတင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး
“နင်တို့ အရင်ဆုံး ခရီးဆောင်အိတ်တွေ သွားထားပြီး နေရာတကျ နေကြဦး။ ငါ ဒီနေ့ ပြန်မလာတော့ဘူး။ တစ်ခုခု ဆွေးနွေးစရာ ရှိတယ်ဆိုရင် ငါတို့ မနက်ဖြန်နေ့လည် တွေ့ကြမယ်။”
“နားလည်ပါပြီ။” လူတိုင်း ခေါင်းညိတ်သည်။
ကြယ်ပြာအိမ်ရာဝင်း…
အရှေ့မြောက်ထောင့်နံရံအတွင်း မမြင်ကွယ်ရာနေရာတွင် သွမ့်နင်သည် သွက်လက်ပေါ့ပါးစွာ နံရံပေါ်သို့ တက်နေပြီး ကင်မရာအသေးတစ်လုံးအား သူ၏လည်ပင်းတွင် ချိတ်ဆွဲထားသည်။ သူသည် ဘေးပတ်လည်အား အကဲခတ်လိုက်ကာ သူသည် မြေပုံတစ်ခုအား လျင်မြန်စွာ ထုတ်ပြီး တိတ်တဆိတ် ကြည့်နေသည်။ သူသည် သတင်းထောက်တစ်ယောက် ဖြစ်သည့်အပြင် လွန်ခဲ့သော နှစ်များစွာက ဖျော်ဖြေရေးလောက၏ အဓိကသတင်းများကို ရေးသားဖော်ပြသော ပြည်တွင်းစတူဒီယိုကြီးတစ်ခု၏ မကောင်းသတင်းကျော်စောသော သတင်းထောက်လည်း ဖြစ်သည်။ သူ၏အလုပ်အပေါ် ကျွမ်းကျင်သော အရည်အချင်းသည် ကိစ္စကြီးများစွာကို ဆွဲထုတ်နိုင်ပေသည်။ သူ၏တလွဲဆံပင်ကောင်းနေသော လုပ်ဆောင်ချက်အရ သူ့အတွက် နှစ်စဉ်ဘောနပ်စ်ရငွေသည် ယွမ်၁မီလီယံအောက် လျော့နည်းခြင်း မရှိပါချေ။ နှစ်စဉ်ရရှိနေသည့် များပြားသော လစာကိုပါ ထပ်ပေါင်းထည့်မည်ဆိုပါက သည်လုပ်ငန်းသည် သူ့အတွက် အမြတ်အစွန်းများသော လုပ်ငန်းတစ်ခုပင် ဖြစ်ပေတော့သည်။ သည်အချက်ကပင် သူ့အား ထိုကဲ့သို့သော သတင်းများကို အလွန်စိတ်အားထက်သန်စွာ ခြေရာခံ လုပ်ဆောင်နေစေသည်။ ပြီးခဲ့သည့် လအနည်းငယ်က သူကိုယ်တိုင် ငွေကုန်ကြေးကျခံကာ လေ့ကျင့်ရေးသင်တန်းတစ်ခု တက်ရောက်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ခြေရာခံလိုက်နည်းနှင့် ရှာဖွေရေး ရှုထောင့်ဆိုင်ရာ အထွေထွေ ဗဟုသုတများအား သင်ယူခဲ့သည်။ အတိုချုပ်အားဖြင့် ယခုချိန်တွင် သူသည် သူ၏စွမ်းရည်အား လွန်စွာ ယုံကြည်ချက် ရှိနေပေတော့သည်။
“အချက်အလက်တွေအရ ထန်ရှုက အိမ်နံပါတ်၉မှာ နေတာပဲ။ ဒါပေမယ့် အဲ့ဒီအိမ်နားကို တိတ်တဆိတ် ခိုးဝင်ဖို့က မလွယ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက တခြားအိမ်တွေကို ရွေးပြီး ဘယ်သူမှမနေတဲ့ အိမ်တစ်လုံးကို ရှာကြည့်ရမယ်။ တွေ့တာနဲ့ အိမ်အပေါ်ထပ်တက်ပြီး ရိုက်ကွင်းကောင်းတဲ့ ရှုထောင့်ကနေ အိမ်နံပါတ် ၉ကို အဝေးကနေ ဓာတ်ပုံခိုးရိုက်ရတော့မှာပဲ။"
သွမ့်နင်သည် ယုံကြည်မှုအပြည့်ရှိသော အပြုံးကို ပြုံးကာ ချက်ချင်းပင် ငုတ်တုတ်ထိုင်ချလိုက်ပြီး ဘေးဘက်သို့ လျင်မြန်စွာ တိုးဝင်သွားသည်။
ကြယ်တာရာအိမ်ရာဝင်း၏ လုံခြုံရေးစနစ်သည် တကယ်တော့ ထူးခြားကောင်းမွန်သည်ဟု ပြောနိုင်သည်။
ကံမကောင်းစွာဖြင့် နေ့လည်စာ စားသောက်ပြီးနောက် နေ့လည်နေ့ခင်းတွင် ကျားများပင် အိပ်ကြရသေးရာ သွမ့်နင်သည် အိမ်နံပါတ်၉၏အနီးတစ်ဝိုက်သို့ ဝင်ရောက်နိုင်သွားပြီး ထိုနေရာရှိ လုံခြုံရေးအစောင့်များက မထင်မှတ်စွာဖြင့် သတိမပြုမိခဲ့ပေ။
ထို့နောက် သူသည် သစ်ပင်ရိပ်အောက်တွင် အသာပုန်းနေလိုက်သည်။ အချိန်အတော်ကြာ လေ့လာကြည့်ပြီးနောက် အိမ်နံပါတ်၁၁တွင် မည်သူမျှ မရှိသည်ကို တွေ့သွားခဲ့သည်။ ထို့ကြောင့် သူသည် အိမ်ထောင့်ရှိ နံရံကို ကျော်တက်ပြီး အိမ်ခေါင်မိုးပေါ်သို့ တက်လာသည်။ ထို့နောက် ကင်မရာကိုထုတ်ကာ မှန်ဘီလူးနှင့် အလင်းဆုံမှုကို ချိန်ညှိပြီး မီတာဒါဇင်အကွာရှိ အိမ်နံပါတ်၉သို့ စတင်ချိန်ထားလိုက်သည်။
စကားပုံ ရှိသည့်အတိုင်း တိုက်ဆိုင်မှု မရှိသော ဇာတ်လမ်းဟု မရှိပါချေ။ သို့သော်လည်း သွမ့်နင်တစ်ယောက် အိမ်နံပါတ်၁၁၏ ခေါင်မိုးပေါ်သို့ တက်လိုက်သောအချိန်တွင် အနက်ရောင်အော်ဒီကားတစ်စီးသည် အိမ်နံပါတ်၉ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်လာသည်ကို သူ သတိမထားမိပေ။ သို့သော် ထိုကားကို မောင်းနှင်လာသော အိုးရန်လူလူသည် သွမ့်နင်၏ခန္ဓာကိုယ်တစ်ဝက်အပြင် လက်ထဲရှိ ကင်မရာကိုပါ မတော်တဆ မြင်လိုက်သည်။
…ဒီမှာ ဘာတွေဖြစ်နေတာလဲ…
အိုးရန်လူလူသည် မျက်ခုံးပင့်လိုက်မိသည်။ အိမ်ခေါင်မိုးပေါ်ရှိလူအား ထိုအိမ်နံပါတ် ၁၁၏ပိုင်ရှင် ဖြစ်သည်ဟု သူမ ပထမဆုံး ထင်လိုက်သည်။ သို့သော် ထပ်စဉ်းစားကြည့်ချိန်တွင် တစ်ခုခု မှားနေသည်ကို သူမ သိလိုက်ပြီဖြစ်သည်။
…ထန်ရှုက အခုတလောမှ နာမည်ကြီး ကြယ်ပွင့်လေး ဖြစ်လာတယ်။ ပါပါရာဇီတွေရဲ့ ခြေရာခံတာကို ခံနေရပြီလို့ ငါ့ကို မပြောနဲ့နော်…
ထိုနေရာထိ အတွေးရောက်သွားသောအခါ အိုးရန်လူလူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူမသည် ကားကို လမ်းကြောင်းပြောင်းလိုက်ပြီး အိမ်နံပါတ်၁၁၏နောက်တွင် ရပ်သည်။ လမ်းလျှောက်လာသော လုံခြုံရေးအစောင့်နှစ်ယောက်သည် သူမနှင့် မဝေးလှသော ထောင့်တစ်နေရာတွင် ချိုးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးနောက် တံခါးကို အမြန်တွန်းဖွင့်လိုက်သည်။
အိမ်အတွင်းအား လေ့လာကြည့်ပြီးနောက် အနီးနားတွင် မည်သူမျှမရှိသည်ကို တွေ့ရသဖြင့် သွမ့်နင်ကို အတုယူကာ သူမ၏ ခြေထောက်နှင့် လက်များကို အသုံးပြုပြီး နံရံပေါ်သို့ လျင်မြန်စွာ တက်လိုက်သည်။ သူမ၏ ပေါ့ပါးသော လှုပ်ရှားမှုများကို သွမ့်နင်သည် နောက်မှ သိရှိသွားချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်သည်။
"မလှုပ်နဲ့…"
ချွန်ထက်သောဓားငယ်တစ်ချောင်းသည် သွမ့်နင်၏နောက်ကျောကို ထောက်ထားပြီး မွှေးပျံ့သော ရေမွှေးရနံ့အား သွမ့်နင် ရှူမိနေသည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းလာကာ ကိုယ်အတွင်းတွင် အေးစိမ့်မှုအား ခံစားလိုက်ရသည်။
"မင်း ဘယ်သူလဲ။"
"ငါ ဘယ်သူလဲဆိုတာ ပြသနာ မဟုတ်ဘူး။" အိုးရန်လူလူက ထီမထင်ဟန်ဖြင့် ပြောလိုက်ပြီး
"ပိုအရေးကြီးတာက ရှင်က ဘယ်သူလဲ။"
သွမ့်နင်က သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်ပြီး လှည့်ကြည့်လိုက်ရာ အိုးရန်လူလူအား တွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားသည်။ သူသည် လှပသော အမျိုးသမီးများစွာကို မြင်ဖူးသော်လည်း သူ၏အရှေ့ရှိ ရင်သပ်ရှုမောလောက်အောင် လှသော မိန်းကလေးနှင့် မည်သူမျှ ယှဉ်မရနိုင်ပေ။
အိုးရန်လူလူ၏အလှကြောင့် သွမ့်နင်၏ စိုးရိမ်ပူပန်မှုများ အတော် လျော့နည်းသွားကာ
“မိန်းကလေး … မင်းက တကယ်ကို လှပါတယ်။ ငါ မြင်ဖူးသမျှထဲမှာ ဆွဲဆောင်မှုအရှိဆုံး၊ အလှဆုံး အမျိုးသမီးပါ။ ဒါပေမယ့် မင်း ဘာလုပ်နေတာလဲ … ငါ့အိမ်ကို နေ့ခင်းကြောင်တောင် ကျူးကျော်လာတာလား။"
"ရှင့်အိမ် ဟုတ်လား။"
ကင်မရာကို မြင်နေရသော အိုးရန်လူလူက အပြုံးဖြင့် တုံ့ပြန်ရင်း ကိစ္စသည် ထိုလောက် မရိုးရှင်းကြောင်း သိသည်။ ထို့ကြောင့် သူမသည် သွမ့်နင်အား လုံးဝ မယုံကြည်ဘဲ သတိထားနေသော မျက်လုံးများဖြင့် အကဲခတ်ပြီးနောက် “ဒါပေါ့ … ဒါပေါ့။ ဒီအိမ်က ရှင့်ရဲ့အိမ် ဖြစ်တယ်ဆိုရင် အိမ်ရာဝင်းတစ်ခုလုံးကအိမ်တွေက ငါ့အိမ်တွေချည်းပဲပေါ့။ လိမ်နေတာတွေ တော်လိုက်တော့။ ရှင်က ဘယ်သူလဲ … ပါပါရာဇီတစ်ယောက်အနေနဲ့ လုပ်လာတာ ဘယ်လောက်ကြာပြီလဲ။"
"ဟေး … မင်း မှားနေပြီ။" သွမ့်နင်က အားတင်းပြုံးလိုက်ရင်း “ဒီအိမ်က ငါ့အိမ်ပါ။ ဒုတိယထပ်က စာဖတ်ခန်းထဲမှာ အိမ်ခြံမြေပိုင်ဆိုင်မှုလက်မှတ် ရှိတယ်။ မင်း ငါနဲ့ ဘယ်လို ဆင်းမလဲ။ မင်းကို ငါ ပြမယ်လေ။ အာ … ဟုတ်သားပဲ။ ငါက စီးပွားရေးသမား သွမ့်နင်ဖြစ်ပြီးတော့ ဓာတ်ပုံရိုက်တာက ငါ့ဝါသနာပါ။”
“ဟုတ်တာပေါ့ … ဟုတ်တာပေါ့ … ကျွန်မ ရှင့်ကို တကယ် ယုံပါတယ်။" အိုးရန်လူလူက လှောင်ရယ် ရယ်လိုက်သည်။ "ပြောရမယ်ဆိုရင် ရှင်က တစ်စုံတစ်ယောက်က ပိုင်ဆိုင်တဲ့နေအိမ်ကို တရားမဝင် ဝင်ရောက်နေတာမလား။
"အလှလေး … မင်းက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အိမ်ထဲကို ခိုးဝင်ခဲ့တာဆိုတော့ မင်း အဖမ်းခံရလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ လှပတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ ငါနဲ့ နည်းနည်းပါးပါး သောက်ဖို့ အဖော်လုပ်ပေးရင် ငါ ဒီကိစ္စကို ဒီအတိုင်း ကျေအေးလိုက်မယ်။" သွမ့်နင်က ပြောသည်။
"ကောင်းပြီလေ ဒါဆိုလည်း …။"
အိုးရန်လူလူ၏အဖြေနောက်တွင် သူမ၏ခြေထောက်သည် သွမ့်နင်၏မျက်နှာထက်သို့ ဝဲပျံသွားသည်။ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး အစစ်အမှန်ပညာရှင်များနှင့် နှိုင်းယှဉ်ပါက အားနည်းနေဟန်ရှိသော်လည်း လူပေါင်းများစွာကို သူမဘာသာ တိုက်ခိုက်နိုင်ဆဲဖြစ်သည်။ သူမ၏ကန်ချက်ပြင်းပြင်းသည် သွမ့်နင်၏မျက်နှာအား ပြင်းထန်စွာ ထိသွားကာ တစ်ခါတည်း လဲကျသွားစေသည်။
…သောက်ခွေးမ…
သွမ့်နင်သည် စိတ်တွင်းမှ ကျယ်လောင်စွာ ဆဲလိုက်ရင်း မူးဝေစွာ ထရပ်လာသည်။ အိုးရန်လူလူအား စမြင်ခါစက ဖြစ်ပေါ်လာသည့် အံ့သြမှု၊ အလေးအမြတ်ပြုမှုတို့ မရှိတော့ဘဲ ကြိတ်မနိုင်ခဲမရ ပေါက်ကွဲထွက်လာသည့် ဒေါသများသာ ရှိတော့သည်။ သည်ကဲ့သို့ ပန်းလှလှတစ်ပွင့်က သူ့အား ချက်ခြင်း တိုက်ခိုက်လာပြီး သည်လောက်ထိ ရက်စက်စွာ လုပ်ချင်စိတ်တောင် ပေါက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ သူ မမျှော်လင့်ထားခဲ့ပေ။
အိုးရန်လူလူက သူမ၏လက်ချောင်းများကို တဖျောက်ဖျောက် ချိုးလိုက်ရင်း
"ကျွန်မကို လိမ်မနေနဲ့။ ရှင့်ရဲ့စာနယ်ဇင်းကတ်ကို ထုတ်လိုက်။ မဟုတ်ရင် အိမ်ရာဝင်းလုံခြုံရေးအဖွဲ့ကို ကျွန်မ ခေါ်ရလိမ့်မယ်။ သတင်းထောက်တစ်ယောက်က အိမ်ထဲကို ခိုးဝင်ပြီး အိမ်ရှင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ ချိုးဖောက်တဲ့ ဓာတ်ပုံရိုက်ခြင်းရဲ့ အကျိုးဆက်ကို သိသင့်တယ်လို့ ကျွန်မ ယုံတယ်။ လုံခြုံရေးအစောင့်တွေက ရှင့်ကို သေအောင်ရိုက်မယ် ဒါမှမဟုတ် သူတို့ရဲ့အလုပ်ကို မထီမဲ့မြင်ပြုပြီး သူတို့အလုပ်ပြုတ်အောင် လုပ်ခဲ့တာမလို့ ရှင့်ကို ဒေါသနဲ့ အရှက်ကွဲအောင် နှိပ်စက်လိမ့်မယ်။”
သွမ့်နင်သည် အကြောများထဲမှ အေးစက်သွားသည့်နှယ် ခံစားလိုက်ရသည်။
သူ၏အလုပ်သည် အသက်အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း သူ လုံးဝသိသည်။ သူ့တွင် နှစ်နှစ်နီးပါး လက်တွဲလုပ်ကိုင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် တစ်ချိန်က ရှိခဲ့ဖူးသည်။ အတိအကျပြောရသော် ထိုသူသည် ပစ်မှတ်၏နေအိမ်အား ဖောက်ထွင်းခိုးဝင်ခဲ့ချိန်တွင် မိသွားခြင်းကြောင့် ဖမ်းဆီးချုပ်နှောင်ကာ ရက်ရက်စက်စက် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ တစ်ဖက်လူ၏ ကိုယ်ရံတော်များက ပြင်းထန်စွာ ရိုက်နှက်ခြင်းကြောင့် ထိုသူသည် ကိုမာဝင်သည့်လူအဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။
အိုးရန်လူလူအား စူးရဲစွာ စိုက်ကြည့်ရင်း သူ၏ရင်ထဲတွင် အငြိုးအာဃာတများ ချက်ချင်း ပေါက်ဖွားလာခဲ့သည်။ သွမ့်နင်သည် မြဲမြံစွာ ခြေနင်းထားရင်း အိုးရန်လူလူအား ခုန်အုပ်လိုက်သည်။ သူမကို သူ ထိန်းချုပ်ရမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အကျပ်အတည်းကို ချက်ချင်း ရှောင်လွှဲနိုင်ရုံသာမက သူ၏အိမ်တံခါးသို့ လာရောက်လည်ပတ်သည့် အလှလေးကိုလည်း မြည်းစမ်းနိုင်ပေလိမ့်မည်။ တစ်ချိန်က သူနှင့်ကစားခဲ့ဖူးသော အလှလေးများထဲတွင် မည်သူမျှ သူ၏အရှေ့မှ အလှလေးကဲ့သို့ အနားထိ မလာဖူးကြောင်း သူ ဝန်ခံသည်။ သူသည် အိုးရန်လူလူအား ဆက်ဆံမိရင်တောင်မှ သူမအား အနည်းငယ် ခြိမ်းခြောက်ပြီး ခဏလောက် ပုန်းနေနိုင်ပါက အဆင်ပြေလိမ့်မည်ဟု သူ တွေးထားခဲ့သည်။
… ဘန်း … ဘန်း…
အိုးရန်လူလူသည် အေးစက်သောအမူအရာဖြင့် သွမ့်နင်၏တိုက်ခိုက်မှုအား နောက်သို့ ဆုတ်ကာ တိမ်းရှောင်လိုက်သည်။ ချက်ချင်းပင် သူမသည် လျင်မြန်စွာ ခန္ဓာကိုယ်လှည့်ကာ ခြေထောက်ဖြင့် သူ၏နောက်ကျောအား ကြမ်းတမ်းစွာ ကန်လိုက်သည်။ သွမ့်နင် ဒယီးဒယိုင် ဖြစ်နေချိန်တွင် သူ၏ပုခုံးကို ဆွဲကိုင်ကာ သွမ့်နင်၏မျက်နှာအား သူမ၏ပန်းသွေးရောင်လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ပိတ်ထိုးလိုက်သည်။
ယောက်ျားနှင့်မိန်းမကြားရှိ တိုက်ခိုက်ပွဲဖြစ်ခဲ့သည့်တိုင် သူတို့၏အဆင့်သည် လုံးဝ ကွဲခြားပေသည်။ ယောက်ျားက ပိုသန်မာပြီး မိန်းမက ပိုအားနည်းသည့် ကွာခြားချက်အား ဆိုလိုခြင်း မဟုတ်ဘဲ ယင်းအစား ၎င်းသည် အခြားနည်းလမ်း ဖြစ်သည်။ သွမ့်နင်သည် လအနည်းငယ်ကြာ လေ့ကျင့်ထားသော်လည်း အိုးရန်လူလူ၏ ပြိုင်ဘက် ဖြစ်လာရန်မူ အဝေးကြီး ဝေးနေသေးသည်။ သွမ့်နင်သည် ပြင်းထန်စွာ တိုက်ခိုက်ခံရသဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရကာ ကြမ်းပြင်ပေါ်တွင် နေလှန်းထားသော ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးကွးလေး ဖြစ်နေပြီး လက်များ အကြောဆွဲနေပေသည်။ သို့သော်လည်း လုံခြုံရေးအစောင့်များ၏ အာရုံစိုက်မှုကို ခံရမည်ကို စိုးရိမ်သောကြောင့် သွမ့်နင် မအော်ရဲပါပေ။
***