အရိုင်းဆန်သော မိန်းမလှလေး
Vol. 10 Ch. 452
မိနစ်အနည်းငယ်ကြာပြီးနောက် သွမ့်နင်၏မျက်နှာသည် ညိုမဲပြာနှမ်းနေပြီး ခွေးသေတစ်ကောင်လို ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်လှဲလျောင်းနေခဲ့သည်။ အိုးရန်လူလူသည် သူမ၏သားကောင်အား ကြည့်ရင်း မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏နောက်ဆုံးလက်သီးချက်ကြောင့် သွမ့်နင် မေ့မျောသွားခဲ့ပြီဖြစ်သည်။
ရုတ်တရက် သူမ၏မျက်လုံးများထဲတွင် လိမ္မာပါးနပ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး ဘေးပတ်လည်အား လှည့်ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် အုတ်ခဲတစ်လုံးကို တွေ့လိုက်ရသည်။ ထိုအုတ်ခဲအား ထုချေပြီးနောက် သေးငယ်သောအပိုင်းကို ကောက်ယူလိုက်ပြီး သူမသည် မီတာဒါဇင်အကွာရှိ အိမ်နံပါတ်၉၏ပြတင်းပေါက်ကို ချိန်ရွယ်ကာ အားကုန်ပစ်လိုက်သည်။
အိမ်နံပါတ်၉၏ စာကြည့်ခန်းအတွင်း …
ထန်ရှုသည် ကျောင်းစာအုပ်အား တည်ငြိမ်စွာ ကိုင်ကာ အေးအေးဆေးဆေး လေ့လာနေသည်။ မကြာသေးမီက သူ၏ ဖျော်ဖြေမှုဗီဒီယို ပျံ့နှံ့မှုဂယက်ကြောင့် နေ့တိုင်း သည်နေရာတွင်သာ ပုန်းနေခဲ့ရသည်။ ထို့ကြောင့် ကျောင်းဖတ်စာအုပ်ကို စောနိုင်သမျှ စောစွာ တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစားဖတ်ပြီး အချိန်ရှိခိုက် လုံ့လစိုက်ရန် ဆုံးဖြတ်ခဲ့သည်။
…ဒေါက်…
ပြတင်းပေါက်မှန်ထိမှန်သံသည် သူ့အား ကြက်သေ သေသွားစေသည်။ ဖတ်လက်စ စာအုပ်အားချကာ ဒုတိယထပ်မှ ဝရန်တာပြတင်းတံခါးဆီသွားပြီး လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာထက်တွင် ချက်ချင်းပင် ထူးဆန်းသောအမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ ပြောက်ကျားဝတ်စုံနှင့် ရုပ်ဖျက်ထားသော အသွင်ဖြင့် အိုးရန်လူလူအား သူ မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။
သူမသည် အိမ်နံပါတ်၁၁၏ခေါင်မိုးစွန်းပေါ်၌ ရဲဝင့်တင့်တယ်စွာ ရပ်နေရင်း လက်ဝှေ့ယမ်းပြကာ ပြုံးပြုံးကြီး ကြည့်နေသည်။
"ဟေး … အဲ့ဒီမှာ ဘာလုပ်နေတာလဲ။"ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်နေသောအမူအရာဖြင့် သူမအား အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
အိုးရန်လူလူက အဖြေမပေးဘဲ ထန်ရှုအား လက်ပြနေသည်။
ထန်ရှု တခဏလောက် တွေးပြီး ချက်ခြင်းပင် သူ့အိမ်မှ ထွက်သွားသည်။ အိမ်နံပါတ် ၁၁သို့ ရောက်သောအခါ အိမ်ရှေ့တံခါးကို သော့ခတ်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မျက်ခုံးတွန့်ကာ နံရံပေါ်မှ အနောက်ဘက်သို့ တက်သွားသည်။ သူသည် အဆောက်အဦး၏ထိပ်ပေါ်သို့ လျင်မြန်စွာတက်နေစဉ် သူ၏ပုံစံမှာ သန်မာသော စိတ်ဝိညာဉ်မျောက်ဝံသားရဲအလားပင်။ အိမ်ခေါင်မိုးထက်က မြင်ကွင်းကို မြင်သည့်အခါ ထန်ရှု ပဟေဠိဖြစ်သွားရပြီး
"ဘာတွေ ဖြစ်နေတာလဲ။”
အိုးရန်လူလူက ပြုံးလိုက်ရင်း ပစ္စည်းကောက်ကိုင်ထားသည့် လက်ကို မြှောက်ပြကာ အပြုံးဖြင့်
“နင် ငါ့ကို ဘယ်လို ကျေးဇူးတင်မလဲ။ သူ့ကို အလဲထိုးပြီးတော့ ဒီဟာကို ငါတွေ့ခဲ့တယ်။”
"ဒါက သတင်းထောက်ကတ်လား။"
ထန်ရှု မျက်မှောင်ကြုတ်သွားပြီး မေ့မျောနေသော သွမ့်နင်ကို ကြည့်လိုက်သည်။ ထို့နောက် ဂုဏ်ယူကျေနပ်နေဟန်ရသော အိုးရန်လူလူဆီ အကြည့်လွှဲလိုက်ပြီးနောက်မျက်ခုံးပင့်ကာ “မင်း ဒီကို ဘယ်လိုရောက်လာတာလဲ။ ဒီသတင်းထောက်ကို ဘယ်လိုရှာတွေ့တာလဲ။”
“ဟောဒီက ဘိုးဘေးကြီးက … အာ မမှန်သေးဘူး။ ဟောဒီက ကောင်းကင်ဘုံ မိန်းမချောလေးက အလွန်ထက်မြက်တယ်လေ … သူ့ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းနိုင်တာက ကောင်းကင်ဘုံတခွင်မှာ ပြိုင်ဖက်ကင်းလေ ဟဲဟဲ။ ငါ ဖြတ်သွားရင်း ဒီအိမ်ခေါင်မိုးပေါ် မှာ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အစက ငါ သိပ်ပြီး ဂရုမစိုက်ပေမယ့် ကင်မရာကို မြင်လိုက်ရတော့ ပြဿနာ ရှိမှန်း တွေးမိတယ်။ နင်က အခုချိန်မှာ စူပါစတားတစ်ယောက်ဆိုတော့ နင်နေတဲ့ အိမ်ကို ဗီဒီယိုကင်မရာတွေ ချိန်ရွယ်ပြီး နင့်ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်တဲ့သူတစ်ယောက် ရှိတာ မထူးဆန်းပါဘူး။”
ချီးကျူးသည့်အနေဖြင့် သူမကို လက်မထောင်ပြရင်း ထန်ရှုက "လူလူ … ငါသိချင်တာက ငါ ဒီမှာနေတာ မင်း ဘယ်လိုသိလဲ။"
"ရှောင်ရွှဲ့ဆီက ကြားတာ။" အိုးရန်လူလူက ရယ်ပြီး ပြန်ဖြေသည်။
ထန်ရှုက ရုတ်ခြည်းပင် နားလည်သွားကာ အပြုံးဖြင့် "သွားကြရအောင်။ ဒီကိစ္စကို ဖြေရှင်းဖို့ လုံခြုံရေးအဖွဲ့ကို ခေါ်လိုက်မယ်။”
"ဆုပေး … ငါ့ကို ဆုပေး။ အစားအသောက်ကျွေးမယ်လို့တော့ ကတိမပေးနဲ့။ နင်က ငါ့ကို ကျွေးဖို့ အကြွေးတွေ အများကြီး တင်နေသေးတယ်။"
ထန်ရှုက တဟားဟားရယ်လိုက်ရင်း
"ဘယ်လိုဆုမျိုး လိုချင်လဲ။"
"ငါ နင့်ဆီက သိုင်းပညာ သင်ချင်တယ်" အိုးရန်လူလူက ဝမ်းသာအားရ ပြန်ဖြေသည်။
ထန်ရှု တွေဝသွေားရင်း ချီတုံချတုံ ဖြစ်နေသည်။ သိုင်းပညာကို သင်ယူရာတွင် ပြဿနာ လုံးဝမရှိသော်လည်း အစွမ်းထက်သော နည်းစနစ်များကို လေ့လာလိုပါက တစ်ခုတည်းသောနည်းလမ်းမှာ ကျင့်ကြံမှုနည်းစနစ်များကို လေ့လာရန်ဖြစ်သည်။ ကျင့်ကြံမှုနည်းစနစ်များကို ကျွမ်းကျင်စွာ တတ်မြောက်ထားပါက တစ်ခုစီတိုင်းသည် အလွန် အစွမ်းထက်သည်။ ထို့ကြောင့် အိုးရန်လူလူအား သူ သင်ကြားပေးပြီးသည်နှင့် သူမက အိုးရန်မိသားစုမှ တစ်ယောက်ယောက်အား မတော်တဆ သင်ပေးလိုက်မိပါရင်...
"ထန်ရှု … နင် အခက်အခဲ ဖြစ်စရာ ရှိသလား။" အိုးရန်လူလူက မေးသည်။
ထန်ရှုသည် အလျင်အမြန် ထပ်တလဲလဲ စဉ်းစားလိုက်သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ခေါင်းယမ်းပြီး
“အဲ့ဒါက သိပ်မခက်ပါဘူး။ မင်း သင်ယူချင်တယ်ဆိုရင် ငါ သင်ပေးလို့ရတယ်။"
ရိုးရှင်းသော ကျင့်ကြံမှုနည်းစနစ်၏အဆင့်အား လေ့ကျင့်နိုင်စေရန် သူ ထိန်းချုပ်ထားသရွေ့ ပြဿနာမရှိနိုင်ဟု ထန်ရှု ယုံကြည်သည်။ ဥပမာအားဖြင့် ပေါ့ပါးသော ပထမအဆင့် သို့မဟုတ် သက်တောင့်သက်သာ ကွန်ဖူး သို့မဟုတ် ဒုတိယအဆင့်။
အိုးရန်လူလူက ကျင့်ကြံချင်နေသောကြောင့် သည်ကဲ့သို့သာ လုပ်ပေးလိုက်တော့မည်။ သူမ၏လက်ရှိအသက်အရွယ်အရ ကြီးမားသော ကျင့်ကြံမှုအရင်းအမြစ်များ၏အကူအညီမပါဘဲ မြင့်မားသောအောင်မြင်မှုများရရှိရန် အလွန်ခက်ခဲပေမည်။
"နင် တကယ် ပြောတာလား ထန်ရှု … တကယ် သင်ပေးမှာလား။"
အိုးရန်လူလူ၏မျက်လုံးများ အရောင်တောက်ပသွားသည်။ ထာဝရခန်းမမှ လူများသည် သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြောင်း သူမသိသည်။ သူမ၏ညီအစ်မလို ခင်ရသော ဂူရှောင်ရွှဲ့ပင်လျှင် အလွန်အစွမ်းထက်သော ကျွမ်းကျင်သူ ဖြစ်သည်။
သူမတို့၂ယောက် ထန်မိသားစု၏ဘိုးဘွားနေထိုင်ရာ ခြံဝင်းအပြင်ဘက်တွင်ရှိစဉ်က ဂူရှောင်ရွှဲ့ အသုံးပြုသွားသော စွမ်းအားများသည် သူမ၏စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲဖြစ်ပြီး သင်ယူလိုစိတ်များ ပြည့်နှက်လာစေသည်။
"ငါ မင်းကို သင်ပေးမယ်။" ထန်ရှုက ပြောသည်။
"နင် ငါ့ကိုသင်ပေးမယ့် သိုင်းပညာနဲ့ရှောင်ရွှဲ့ ရဲ့အဆင့်ကို ရောက်နိုင်မလား။"
အိုးရန်လူလူက ကမန်းကတန်း မေးလိုက်သည်။
"ရှောင်ရွှဲ့ရဲ့ စွမ်းအားကို မင်း သိလို့လား။" ထန်ရှုက မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။
"သိတာပေါ့။ နင် သတိလစ်နေတုန်းက ညီမရွှဲ့က ပေကျင်းက နင်တို့မိသားစုစံအိမ်အစောင့်တွေအများကြီးကို သူတစ်ယောက်တည်း အနိုင်ယူခဲ့တာ။ သိုင်းပညာ ကျွမ်းကျင်သူတစ်ယောက်လို အရမ်းသန်မာပြီး အရမ်းအစွမ်းထက်တာပဲ။”အိုးရန်လူလူ ပြောပြသည်။
"မင်းမှာ အရည်အချင်းကောင်းကောင်းရှိပြီး ဇွဲလုံ့လ ရှိတယ်ဆိုရင် အနာဂတ်မှာ သူ့အဆင့်ကို ရောက်မှာပါ။"
ထန်ရှု လျှပ်တပြက် နားလည်သွားသည်။
"ဒါ အရမ်းကောင်းတယ်။" အိုးရန်လူလူ ကျေနပ် အံ့သြသွားရင်း
"ငါ နင့်ကို ချစ်တယ် ထန်ရှု…"
ထိုသို့ပြောပြီးနောက် သူမသည် လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်ကာ ထန်ရှုပေါ်သို့ ခုန်တက်လိုက်သည်။
ထန်ရှုက သူမအား လျင်မြန်စွာ အသာတွန်းထုတ်လိုက်သည်။ ငိုရခက် ရယ်ရခက် ဖြစ်နေသော အမူအရာဖြင့်
“ငါ မင်းကို သင်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ငါ့ဆီကို ခုန်ဝင်လာတာလဲ။ သွားကြရအောင်။ ဒီမှာ သတင်းထောက်တစ်ယောက်ရှိတယ်။ တခြားသူတွေရော ရှိသေးလားဆိုတာ ဘယ်သူသိမှာလဲ။ အပြင်မထွက်တာ ပိုကောင်းပါတယ်။ မဟုတ်ရင်…”
"ဘာ မဟုတ်ရင်လဲ။" အိုးရန်လူလူ ပြုံးလိုက်သည်။
“မင်း ငါ့လိုမျိုး အဆင်သင့်မဖြစ်ရင်ပေါ့။ သွားလေရာအရပ်မှာ လူတွေက လက်ညိုးထိုးပြတာခံရ၊ လူတွေက ချစ်ကြောင်း ဝန်ခံတာ ခံရနဲ့။ မကြာခဏ သတင်းထောက်တွေ ဝိုင်းတာလည်း ခံရသေးတယ်။ ပါပါရာဇီတွေက လျှို့ဝှက်ပြီး ဓာတ်ပုံရိုက်တဲ့ လွပ်လပ်မှု မရှိတဲ့ ဒီလိုအဖြစ်မျိုး…”
အရာအားလုံးကို စိတ်ကူးကြည့်ပြီးနောက် အိုးရန်လူလူ တုန်လှုပ်သွားကာ ခေါင်းကို အကြိမ်ကြိမ်ယမ်းလိုက်ရင်း “မေ့လိုက်တော့။ ငါ ဒီလိုကြယ်ပွင့်တော့ မဖြစ်ချင်ဘူး။ ငါသာအဲ့လိုတစ်ယောက်ဖြစ်သွားရင် သေမှာ သေချာတယ်။ ဒါပေမယ့် နင့်ကိုတော့ ငါ ပိုပိုပြီး လေးစားလာသလိုပဲ။ ဒီလိုအခြေအနေတွေအောက်မှာ နင် ဒီမှာ ခိုင်ခိုင်မာမာနဲ့ လုံခြုံအောင်နေနိုင်တယ်။"
သို့သော်လည်း ထန်ရှုက ညည်းညည်းညူညူဖြင့် “တကယ်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ မဟုတ်ဘူး။ ကြွက်တွင်းတူးပြီး ငါ့ခေါင်းကို အဲ့ဒီအထဲ မမြုပ်ထားရင် အဲ့လိုအေးအေးချမ်းချမ်း နေလို့ရမှာ မဟုတ်ဘူး။ မင်း မသိဘူးနော် … တစ်ယောက်ယောက်က ငါ စားဖို့ နေ့တိုင်း အစားအသောက်များ ပို့ပေးနေလို့သာပဲ။ ငါ့မှာ အပြင်တောင် ထွက်လို့မရဘူး။"
ရုတ်တရက် သူ့အမူအရာက တစ်ခုခုကို သတိရသွားသည့်အလား
"ပြန်ကြရအောင်။"
သူတို့၂ယောက် အိမ်နံပါတ်၉ကို အမြန် ပြန်သွားကြသည်။ ထန်ရှုသည် စာကြည့်ခန်းထဲသို့ လျှောက်သွားပြီးနောက် စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းကို ကိုင်ကာ ချီနန်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
"ချီနန် … စုံစမ်းရေးအဖွဲ့ကို ချိတ်ပြီး တစ်ခုစုံစမ်းပေးပါ။ ကြယ်ပြာအိမ်ရာဝင်းထဲ ငါနေတာကို ဘယ်သူဖြန့်လိုက်တာလဲလို့။"
ထန်ရှုက အလေးအနက်အသံဖြင့် ပြောသည်။
"ဘာဖြစ်လို့လဲသူဌေး။" ချီနန်က မေးသည်။
"သတင်းထောက်တစ်ယောက်က ကြယ်ပြာအိမ်ရာဝင်းထဲကို တိတ်တဆိတ် ခိုးဝင်လာခဲ့တယ်။ တကယ်လို့ ငါ့ဆီ လာလည်တဲ့ သူငယ်ချင်းတစ်ယောက်ကသာ သူ့ကို မတော်တဆ ရှာမတွေ့ ခဲ့ဘူးဆိုရင် ပတ်ဝန်းကျင်မှာ သတင်းထောက်တစ်ယောက်ရှိတယ်ဆိုတာ ငါ မသိနိုင်ဘူး။ အဲ့ဒါကို စစ်ဆေးပေးပါ။ ကြယ်ပြာအိမ်ရာဝင်းထဲက ငါ့အိမ်လိပ်စာက ဘာကြောင့် ပျံ့နှံ့သွားတာလဲကို ငါ သိချင်တယ်။”
"စိတ်မပူပါနဲ့ သူဌေး။ ငါ စစ်ဆေးပေးမယ်။" ချီနန်၏လေသံမှ သတ်ဖြတ်လိုစိတ်ကို ခံစားနိုင်သည်။
ချီနန်နှင့် ဖုန်းခေါ်ဆိုမှုအပြီးတွင် လုံခြုံရေးအဖွဲ့ဆီ ဖုန်းဆက်ကာ အကြောင်းကြားလိုက်ပြီးနောက် ထန်ရှုသည် တံခါးကို မှီကာရပ်နေသော အိုးရန်လူလူကို ကြည့်လိုက်သည်။
သူက အားတင်းပြုံးပြရင်း “အဲ့လို နာမည်ကြီးတွေနောက်ကို လိုက်တဲ့သတင်းထောက်တွေက အခုခေတ်မှာ တကယ်ကို ပျံ့နှံ့နေတယ်။ အခုတော့ ငွေကြယ်ပွင့်တွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ဖိအားတွေကို ငါ နားလည်သွားပြီ။”
အိုးရန်လူလူက ခပ်ဖွဖွအပြုံးဖြင့် မှတ်ချက်ပေးလိုက်သည်။ "ပြောပါဦး … လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြယ်ပွင့်ကြီး ကျန်းရှင်းယာနဲ့ စင်မြင့်အတူတူ ဖျော်ဖြေခဲ့တယ်လို့ ငါ ကြားခဲ့တယ် အဲ့ဒါဟုတ်လား ။ ဘယ်လိုလဲ။ အဲ့ဒီမြေခွေးမလေးရဲ့ မှော် ဒါမှမဟုတ် ချစ်စရာကောင်းတာကို မစွဲလန်းခဲ့ဘူးလား။”
ထန်ရှုက ရယ်ရခက် ငိုရခက်ဖြစ်သွားကာ
"လူလူ … ကျန်းရှင်းယာက မင်းရဲ့သူငယ်ချင်းလို့ မဟုတ်ဘူးလား။ သိချင်တာရှိရင် သူ့ကိုမေးလိုက်လေ။”
"စနေတာကြီးကို။" အိုးရန်လူလူက တခိခိရယ်ကာ
"ဒါနဲ့ မနက်ဖြန် ရှင်းယာရဲ့ ဖျော်ဖြေပွဲကို ကျင်းပမယ်လို့ ကြားတယ်။ ငါတို့ သွားကြည့်ကြမလား။"
သူ့မျက်နှာကို လက်ညှိုးထိုးပြရင်း ထန်ရှုက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“အိမ်ရှေ့တံခါးကို ဖြတ်ပြီး ငါ အိမ်ရာဝင်းထဲကနေ ထွက်သွားနိုင်မယ်ထင်လား။ ဝင်ပေါက်ကို သတင်းထောက် ဘယ်နှစ်ယောက် စောင့်ကြည့်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ။”
"သက်တောင့်သက်သာနေစမ်းပါ။" အိုးရန်လူလူက ရွှတ်နောက်နောက် ရယ်မောလိုက်သည်။
“နင် ရုပ်ဖျက်လိုက်လေ။ ဒါဆို ဘယ်သူက သိမှာမို့လဲ။ ဒါပေမယ့် နောက်တစ်ခေါက် နင် တကယ်ကို တုန်လှုပ်ရပြီး သည်းမခံနိုင်တော့ဘူးဆိုရင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး တစ်ကမ္ဘာလုံးကို ပြောလိုက် - ငါ့ကို မနှောင့်ယှက်ကြပါနဲ့။"
ထန်ရှု မျက်လုံးပြူးသွားသည်။ မူလက ဤကိစ္စအားလုံးသည် အချိန်တန်ပါက ပျောက်ပြယ်သွားမည်ဟု ရည်ရွယ်ထားသည်။ သို့သော် အိုးရန်လူလူ၏ အကြံပြုချက်ကို လိုက်နာပါက သူ၏ ဖျော်ဖြေမှုကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် မစဲသွားဘဲ သာ၍ ကြီးမားလာမည် ဖြစ်သည်။
ဟုတ်ပါသည်။ ထိုအရာသည် ယခုအချိန်တွင် ကြီးကြီးမားမားဖြစ်နေပြီဆိုသည့်အချက်ကို သူ သတိမထားမိပေ။ တစ်နိုင်ငံလုံးတွင် လူဦးရေ တစ်ဘီလီယံကျော်ရှိပြီး လက်တွေ့ကျကျပြောရမည်ဆိုပါက ၎င်းတို့ထဲမှ ထက်ဝက်ကျော်သည် သူ၏ဖျော်ဖြေမှုဗီဒီယိုကို ကြည့်ရှုခဲ့ကြသည်။
"ကောင်းပြီ။ မင်း ရှန်ဟိုင်းကို လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါ။ ငါ့ကို တွေ့ဖို့ သက်သက်လာခဲ့တာလို့ ငါမယုံဘူး။" ထန်ရှုက ပြောသည်။
အိုးရန်လူလူက တခိခိရယ်နေရင်း
"သဘက်ခါ ငါနဲ့ ချိန်းတွေ့မယ် အိုကေလား။ နင့်ကို မမျှော်လင့်ထားတဲ့ ကြည်နူးဖို့ကောင်းတဲ့ အံ့အားသင့်စရာတစ်ခု ငါပေးမယ်။"
"ဘာအံ့သြစရာလဲ။" ထန်ရှုက ဇဝဇေဝါ မေးလိုက်သည်။
“မမေးနဲ့။ တိုတိုပြောရရင် အဲ့ဒါက နင့်ကို အံ့သြစရာတစ်ခု ဖြစ်စေရမယ်လို့ ငါ ကတိပေးတယ်။ သုံးရက်တောင် နင် မအိပ်နိုင်တော့မှာ ဝမ်းသာလိုက်တာ ဟီဟိ။" အိုးရန်လူလူက ရယ်ရင်း ပြောသည်။
“သုံးရက်မအိပ်နိုင်ရင် ငါ သေလောက်အောင် ပင်ပန်းလိမ့်မယ်။ မေ့လိုက်ပါတော့။ မင်းက ငါ့ကို ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ပြောမှာ မဟုတ်ဘူး။"
အိုးရန်လူလူ ဟားတိုက်ရယ်မောမိတော့သည်။
သူမ၏နှလုံးသားထဲတွင် အရိုင်းဆန်သော၊ မကျိုးနွံသော သဘာဝတရားများ ရှိသည်။ ထိုကဲ့သို့ မည်သူကိုမှ ဂရုမစိုက်သော ရယ်မောသံသည် ယောက်ျားတစ်ယောက်၏အော်ရာအလား ရဲရင့်မှုနှင့် ခက်ထန်မာကျောမှုကို ပေးစွမ်းနိုင်သည့် အမျိုးသမီးတစ်ဦး၏ တည်ရှိမှု ဖြစ်သည်။ ထိုတည်ရှိမှုသည် သူမ၏နူးညံ့လှပသော ရုပ်ရည်သွင်ပြင်နှင့် ပေါင်းစပ်သွားသည့်အခါ အထူးဆွဲဆောင်နိုင်သော အလှတရားတစ်ခု ဖြစ်လာစေသည်။
ထန်ရှုသည် အလှလေးများကို မြင်တွေ့နေကျဖြစ်သော်လည်း အရိုင်းဆန်စွာ သဘာဝတရားအတိုင်း ရှိနေသော အိုးရန်လူလူ၏အလှသည် ယခုအချိန်တွင် သူ့အား မိန်းမောသွားအောင် ဆွဲဆောင်ခံလိုက်ရသည်။
"ထန်ရှု … ငါ ရှင်းယာကိုဖုန်းဆက်ပြီး သူ့ကို ဒီည ငါတို့နဲ့အတူ ထမင်းစားခိုင်းလိုက်မယ်။" အိုးရန်လူလူက လှည့်ထွက်ရင်း ပြောလိုက်သည်။
ထန်ရှုက ခေါင်းယမ်းကာ အသာပြုံးမိရင်း သူမ၏အနောက်မှ လိုက်သွားသည်။
နေ့လည်ခင်းတွင် ထန်ရှုနှင့် အိုးရန်လူလူတို့သည် ချီနန်ပေးပို့လာသော နေ့လည်စာကို စားကြသည်။ ထို့နောက်တွင် သူက သာမန်ကျင့်ကြံမှုနည်းစနစ်တစ်ခုကို ကျပန်းရွေးချယ်ပြီး အိုးရန်လူလူကို ပေးခဲ့သည်။ သို့သော်လည်း ဤကျင့်ကြံမှုနည်းစနစ်၏ပထမအဆင့် နှစ်ဆင့်ကိုသာ သူမအား သင်ကြားပေးခဲ့သည်။ အကယ်၍ အိုးရန်လူလူသည် ဒုတိယအဆင့်၏အထွတ်အထိပ်သို့ မရောက်ရှိနိုင်ခဲ့ပါက ဤကဏ္ဍနှင့်ပတ်သက်ပြီး သူမအား ဂရုစိုက်နေရန် မလိုအပ်တော့ပေ။
ချီနန်သည် အစားအသောက်များ ယူလာပြီးနောက် ထန်ရှုတို့နှင့် ဆက်မနေတော့ဘဲ ကြယ်ပြာအိမ်ရာတွင် ထန်ရှု နေထိုင်ခြင်းအား သတင်းထောက် မည်ကဲ့သို့ သိသွားသည်ဆိုတာကို ဆက်လက်စုံစမ်းနေခဲ့သည်။
သို့သော်လည်း ချီနန်သည် ညနေ ၃ နာရီတွင် ပြန်လည်ရောက်ရှိလာပြီး စုံစမ်းမှုရလဒ်များနှင့် ပတ်သက်သည့် အရာအားလုံးကို သတင်းပို့လိမ့်မည်ဟု ထန်ရှု မထင်ထားခဲ့မိပါချေ။
***