ရယ်မောခြင်းနှင့် မျက်ရည်များကြား အချင်းများခြင်း
Vol. 10 Ch. 453
ဆိုရိုးစကားအတိုင်း ဤလောက၌ လူတို့သည် ငွေအတွက် တက်ကြွမှု ရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ ထန်ရှု မထင်မှတ်ထားသည့်အရာမှာ ဤအဆင့်မြင့်အိမ်ရာကြီး၏လုံခြုံရေးအစောင့်အား သတင်းထောက်သည် အလွယ်တကူ သိမ်းသွင်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ယွမ် ၂၀,၀၀၀ လောက်ဖြင့် ထိုသတင်းထောက်အား ထန်ရှု၏ မိုဘိုင်းဖုန်းနံပါတ်နှင့် လိပ်စာအတိအကျကို ရောင်းစားလိုက်သည်။
…အမြဲတမ်း လူတွေမှာ ကိုယ်ပိုင်ဆန္ဒရှိတယ်။…
စိတ်တွင်းမှ သက်ပြင်းတစ်ချက်ချရင်း ထန်ရှု၏အကြည့်များသည် ချီနန်ဆီ ရောက်သွားကာ "အိမ်ရာဝင်းရဲ့ ရုံးပိုင်းဆိုင်ရာက လုံခြုံရေးအစောင့်ကို ဘယ်လို လုပ်လဲ။"
“သူ အလုပ်ထုတ်ခံရတယ်။ ဒါက သူတို့ အကောင်းဆုံးလုပ်နိုင်တဲ့အရာပဲ။” ချီနန်က ပြောသည်။
ထန်ရှု ခေါင်းညိတ်ရင်း “အခု ငါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပျံ့နှံ့နေပြီဆိုတော့ သူတို့မှာ အဲ့လိုလုပ်ဖို့ပဲ ရွေးချယ်နိုင်တယ်။ ဒါနဲ့ သတင်းထောက်ကရော။"
“သူကတော့ သူများနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ချိုးဖောက်တဲ့ ဓာတ်ပုံရိုက်မှုနဲ့ စွဲချက်တင် ဖမ်းဆီးခံထားရတယ်။ အခုလောလောဆယ်တော့ အိမ်နံပါတ် ၁၁ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဆက်သွယ်မေးမြန်းပြီး သူတို့အိမ်မှာ ပျောက်ဆုံးနေတာ ရှိ မရှိ စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်။” ချီနန်က ဖြေသည်။
ထန်ရှုက မျက်လုံးအစုံကို ကျဉ်းမြောင်းလိုက်ပြီး "လောလောဆယ် အိမ်နံပါတ် ၁၁ ကို စောင့်နေတဲ့ ရဲတစ်ယောက်ရှိလား။"
" ရှိတယ် … အိမ်ရာဝင်းရဲ့ လုံခြုံရေးအစောင့်တွေလည်း ရှိတယ်။" ချီနန် ခေါင်းညိတ်လိုက်သည်။
“ငါ မင်းကို အလုပ်တစ်ခု ပေးချင်တယ်။ ရဲတွေနဲ့ လုံခြုံရေးအစောင့်တွေ သတိမထားမိအောင် အိမ်နံပါတ် ၁၁ထဲကို ခိုးဝင်ပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူလာခဲ့။ အဲ့ဒီသတင်းထောက်က အတော်နာမည်ဆိုးနေတာဆိုတော့ သူ့ကို ထောင်ထဲမှာ နှစ်အတော်ကြာအောင် နေခိုင်းရမယ်။”
ချီနန်၏မျက်လုံးများ အရောင်လက်လာကာ ချက်ချင်း ခေါင်းညိတ်ပြီး ထွက်သွားသည်။
မိနစ်အတော်ကြာပြီးနောက် ချီနန် ပြန်ရောက်လာပြီး ထန်ရှုကို သေတ္တာတစ်လုံး ပေးလိုက်သည်။ သူမက တစ်ချက်ပြုံးလိုက်ပြီး
"ပြီးသွားပြီ သူဌေး။ ငါလည်း အန္တရာယ်ကင်းပါတယ်။ ငွေသားသိပ်မရှိပေမယ့် ရွှေငွေ လက်ဝတ်ရတနာတွေနဲ့ အဖိုးတန်ကျောက်မျက်တွေ အများကြီးရှိတယ်။ ဟုတ်သားပဲ … စိတ်ဝင်စားစရာတွေလည်း အများကြီး ငါ တွေ့ခဲ့တယ်။"
"ဘာတွေ စိတ်ဝင်စားစရာ ရှိလဲ။" ထန်ရှုက ပဟေဠိဖြစ်စွာ မေးလိုက်သည်။
အနက်ရောင်သေတ္တာကို ညွှန်ပြရင်း ချီနန်က
“အဲ့ဒီမှာ ပစ္စည်းတွေ ရှိတယ်။ နင် သူတို့ကို ကြည့်လို့ရတယ် သူဌေး။"
ထန်ရှု သေတ္တာကို ဖွင့်လိုက်ပြီး ကော်ဖီစားပွဲပေါ်သို့ အရာအားလုံးကို လောင်းချလိုက်သည်။ ဒေါ်လာတစ်ရာတန် ငွေစက္ကူအမြောက်အမြားမှလွဲ၍ များစွာသော ပစ္စည်းများသည် ရွှေငွေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများဖြစ်သည်။ အနည်းဆုံး ငါးကာရက် ရှိသော စိန်များစွာပင် ရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာများသည် ထန်ရှုကို စိတ်မဝင်စားစေခဲ့ပေ။ သူ့အား တကယ်စိတ်ဝင်စားစေခဲ့သည်က တခြားပစ္စည်းများ ဖြစ်သည်။ ချွန်ထက်သော ဓားမြှောင်တစ်လက်၊ လက်ရာမြောက်သော ငွေရောင်ပစ္စတိုတစ်လက်၊ နိုင်လွန်ကြိုး၊ ညဘက်ကြည့်မျက်မှန်၊ အထူးသော့ဖွင့်ကိရိယာအစုံနှင့် အနက်ရောင် ညလမ်းလျှောက်ဝတ်စုံ နှစ်စုံ။
“အိမ်နံပါတ် ၁၁ ပိုင်ရှင်က သူခိုး ဒါမှမဟုတ် ဘာလဲဟ။”
ထန်ရှု ရယ်ရမလို ငိုရမလို ဖြစ်ကာ မှတ်ချက် ချလိုက်သည်။
“အဲ့ဒါဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်။ နို့မဟုတ်ရင် သော့ဖျက်ကိရိယာတွေက ဘယ်လိုရှိနိုင်မှာလဲ။ ဒီပစ္စည်းတွေရဲ့ အရည်အသွေးကို ကြည့်ရတာ အတော့်ကို ခမ်းခမ်းနားနားပဲ ရွှေတွေနဲ့ချည်း လုပ်ထားတာ။ ဒီတစ်စုံလုံးဆို လက်ရှိ ရွှေပေါက်ဈေးနဲ့ ယွမ်မီလီယံချီ တန်လိမ့်မယ်။” အိုးရန်လူလူက အကဲဖြတ်လိုက်သည်။
“သူ ဘယ်လိုလူပဲဖြစ်ဖြစ် ဒီပစ္စည်းတွေကိုသာ ရဲတွေ ရှာတွေ့သွားရင် ဒုက္ခရောက်သွားလိမ့်မယ်။ ငါ ခဏ သိမ်းထားပေးပြီး ကူညီလိုက်ပါမယ်။ ဟိုသတင်းထောက် ပြစ်ဒဏ်ခံရပြီးတော့မှပဲ နည်းလမ်းရှာပြီး ပိုင်ရှင်ကို ပြန်ပေးလိုက်တော့မယ်။”
ထန်ရှု ရယ်သွမ်းသွေးကာ ပြောလိုက်သည်။
“တခြား ဘာခိုင်းဦးမလဲ သူဌေး။” ချီနန်က မေးလာသည်။
“မရှိတော့ဘူး … မင်း လုပ်စရာရှိတာသာ သွားလုပ်လို့ရတယ်။” ထန်ရှုက လက်ယမ်းကာ ပြောလိုက်သည်။
ချီနန်ထွက်သွားသည်ကို ကြည့်နေရင်း အိုးရန်လူလူက ရယ်ကြဲကြဲဖြင့် ကော်ဖီစားပွဲပေါ်က စိန်များကို တို့ထိလိုက်သည်။ ထန်ရှုက လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမ၏လက်အား အသာပုတ်ထုတ်လိုက်ပြီး အပြုံးဖြင့် ဆိုလိုက်သည်။
“ဒါတွေ မထိနဲ့။ ငါက လူကောင်းတစ်ယောက် မဖြစ်နိုင်ပေမယ့် ဒီပစ္စည်းတွေရဲ့ပိုင်ရှင်က ငါ့ကို ဘာမှ မပြစ်မှားထားဘူးဆိုတော့ သူ့ပစ္စည်းတွေကို ပြန်ပေးရမယ်။ မင်း စိန်တွေကို ကြိုက်ရင် ကိုယ့်ဘာသာဝယ်ပါ့လား။”
“ဒါပေမယ့် ငါ့မှာ ပိုက်ဆံမရှိဘူးလေ။” အိုးရန်လူလူက ညှိုးငယ်စွာဖြင့် သနားစဖွယ် ပြောလာသည်။
“ပိုက်ဆံမရှိဘူးဟုတ်လား။ မင်းက နာမည်ကျော် သူဌေးမလေး အိုးရန်လူလူလေ … မင်းမှာ ပိုက်ဆံမရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း ဘာတွေ ဟာသလာလုပ်နေတာလဲ ကောင်မလေး။”
ထန်ရှု မျက်လုံးပြူးပြလိုက်သည်။
အိုးရန်လူလူက ပိုက်ဆံအိတ်ကို ဆွဲထုတ်ကာ ထန်ရှုအား ပြလိုက်ပြီး
“နင်ကြည့် … ငါ့ပိုက်ဆံအိတ်ထဲ ဘဏ်ကတ်၆ကတ် ရှိတယ်ဆိုပေမယ့် အကုန်လုံးပေါင်းရင်တောင် ယွမ်၃သောင်းမကျော်ဘူး။ ငါ ဆင်းရဲနေပြီ … နင် သိလား … သနားစရာကောင်းလောက်အောင်ကို ဆင်းရဲနေတာ။ အသက်၁၅နှစ်မှာ စီးပွားရေးစလုပ်ချိန်ကစပြီး ဒီလို တစ်ခါမှ မဆင်းရဲဖူးဘူး။”
ထန်ရှု မယုံကြည်နိုင်စွာ မေးလိုက်မိသည်။
“မင်းပိုက်ဆံတွေ ဘာဖြစ်ကုန်တာလဲ။”
“အကုန်လုံးကို ရင်းနှီးမြှုပ်နှံလိုက်တာ။” အိုးရန်လူလူက အားယူထားရသောအပြုံးဖြင့် ပြောလိုက်သည်။
…ရင်းနှီးမြှုပ်နှံလိုက်တာလား…
ထိုစကားကြားသည်နှင့် ထန်ရှု စိတ်အားထက်သန်စွာဖြင့် ရုတ်ခြည်းပင် စူးစမ်းလိုက်သည်။
“ဘယ်စီးပွားရေးထဲ ရင်းနှီးမြှုပ်နှံလိုက်တာလဲ။”
အိုးရန်လူလူက ခေါင်းယမ်းကာ “နင့်ကို မပြောပါဘူး။ နောက်၂ရက်ကြာရင် နင် သိမှာပဲကို။”
"ပြောပါ လူလူရ။ မင်းက အဲ့ဒါကို သိပ်လျှို့ဝှက်ထားဖို့ လိုသလား။" ထန်ရှု ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ဒါဆိုလည်း မေ့လိုက်တော့။ မပြောချင်တာကို ငါ အတင်းမမေးတော့ဘူး။ ဒါနဲ့ ငါ မင်းကို ပိုက်ဆံနည်းနည်း ချေးပေးရမလား။"
“ဟင့်အင်း … လောလောဆယ်တော့ မချေးသေးဘူး။” အိုးရန်လူလူ ခေါင်းခါပြသည်။
"ဒါပေမယ့် ငါ နင့်ကို လိုအပ်တဲ့အခါ ရှာမှာပါ။"
“ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းမို့လို့ အားနာစရာမလိုဘူး။" ထန်ရှု ခေါင်းညိတ်သည်။
ထိုစကားကို ပြောပြီးနောက် ထန်ရှုက စက်ပိတ်ထားသော လက်ကိုင်ဖုန်းကို ထုတ်ကာ ပြန်ဖွင့်လိုက်သည်။
…ဖုန်းမြည်သံ…
သို့သော် သူ ဖုန်းစက်ပြန်ဖွင့်လိုက်သည်နှင့် နှစ်မိနစ်မပြည့်မီ သူ့ဖုန်းသံ မြည်လာခဲ့သည်။
ထန်ရှုသည် ဖုန်းစခရင်ပေါ်တွင် ပြထားသည့် နံပါတ်ကို ကြည့်လိုက်ရာ ကျင်းရှင်းကွေ့ ခေါ်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းလက်ခံလိုက်ပြီး
"အကိုကျင်း … ကျွန်တော့်ကို ရှာနေတာလား။"
"ညီအစ်ကိုထန် … နောက်ဆုံးတော့ မင်းရဲ့ ဖုန်းကို ဖွင့်လာပြီပေါ့။ မနေ့ကကတည်းက မင်းကို ငါခေါ်ထားတာ တွေ့လား။ အကြိမ်တစ်ရာနီးပါး ခေါ်ထားတာ။ ဘယ်လိုလဲ။ ကြယ်တစ်ပွင့်ဖြစ်ရတာ ကောင်းရဲ့လား။"
"ကျွန်တော့်ကို နောက်နေတာလား အစ်ကိုကျင်း" ထန်ရှု ကူကယ်ရာမဲ့နေဟန်ဖြင့်
“ဒီရက်ပိုင်း ကျွန်တော် ဖုန်းပိတ်ထားတာ အမှန်ပဲ။ တစ်ခုခုဖြစ်ရင်သာ ခဏ ဖွင့်ထားတာ။ ဒါနဲ့ ကျွန်တော့်ကို ခေါ်တဲ့ ရည်ရွယ်ချက်က…"
“ငါ့ဘက်က ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီ။ လုပ်ငန်းခွင်ကို ကြည့်ဖို့ မင်းကို စောင့်နေတာ။ ပြီးရင် မင်းရဲ့အသေးစိတ် ဒီဇိုင်းပုံစံကို စောင့်မယ်လေ။”ကျင်းရှင်းကွေ့က ပြောသည်။
ထန်ရှု တခဏ တုံ့ဆိုင်းသွားပြီးနောက်
“ဟုတ်ပြီလေ … ကျွန်တော့်ကို လိပ်စာ ပြောပါ။ အခုချက်ချင်း လာခဲ့လိုက်ယ်။"
"ဒါဆို ကျင်းနင်ခရိုင်မှာရှိတဲ့ ဖူရှင်းလမ်းနဲ့ ကွမ်းမင်လမ်းဆုံမှာ မင်းကို ငါစောင့်နေမယ်။ အဲဒီနေရာနဲ့ အရမ်းနီးတယ်။”ကျင်းရှင်းကွေ့က နေရာပြောပြသည်။
"ကောင်းပါပြီ။"
ထန်ရှုက ပြန်ဖြေပြီးနောက် ဖုန်းချလိုက်ပြီး အိုးရန်လူလူကို ကြည့်ကာ
"ငါ လုပ်စရာတစ်ခုရှိလို့ မင်း အပြင်ထွက်စရာ ရှိသေးလား..."
"နင် ဘယ်သွားမလို့လဲ။" အိုးရန်လူလူက မေးသည်။
“ဒီတလောလေးက သူငယ်ချင်းတစ်ယောက်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောခဲ့တယ်။ ဒါကြောင့် သူနဲ့တွေ့ပြီး သူ့လုပ်ငန်းခွင်ကို သွားလေ့လာကြည့်မလို့။” ထန်ရှုက ပြောသည်။
"စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟုတ်လား။ ဘယ်လိုလုပ်ငန်းမျိုးလဲ။” အိုးရန်လူလူ အံ့အားသင့်စွာ မေးလိုက်သည်။
"အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းပါ။" ထန်ရှု ပြုံးရင်း ဖြေသည်။
အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းဆိုသည်နှင့် အိုးရန်လူလူက ချက်ချင်း စိတ်ဝင်စားသွားကာ
"ဒါဆို ငါ နင်နဲ့လိုက်ခဲ့မယ်လေ။ တကယ်လို့ ဗိသုကာအသေးစိတ်ဒီဇိုင်းပုံစံတွေကို နင် ထုတ်မယ်ဆိုရင် ငါတို့အိုးရန်မိသားစုလည်း အစုရှယ်ယာရှင်တစ်ဦး ဖြစ်ချင်တယ်။"
“မဖြစ်နိုင်တော့ဘူး။ ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ အစုရှယ်ယာရှင်တွေက သတ်မှတ်ပြီးနေပြီ။” ထန်ရှုက အပြုံးဖြင့် ငြင်းဆိုလိုက်သည်။
"မင်းရဲ့ အိုးရန်မိသားစုက အဲ့ဒီအထဲ ပါဝင်ဖို့ မျှော်လင့်ချက်တော့ မရှိဘူး။ ဒါပေမယ့် လိုက်ချင်ရင်တော့ လိုက်လေ။ မလိုအပ်ဘဲ စကားမပြောမိစေနဲ့။"
"ဟမ် ငါ့နှုတ်ခမ်းတွေ ပိတ်ထားရမှာလား။ အဲဒါဆိုရင်တော့ မသွားတော့ဘူး။ စီးပွားရေးအကြောင်းနဲ့ ချမ်းသာတဲ့ အနာဂတ်ကို ဖန်တီးဖို့ နင် ပြောဆိုနေတာကိုပဲ ထိုင်ကြည့်ပြီး စိတ်လှုပ်ရှားနေရကလွဲလို့ ဘာမှ မလုပ်ရဘူးဆိုရင် ငါက အဲ့ဒီကို ဘာလိုက်လုပ်ရမှာလဲ။"
အိုးရန်လူလူက မဲ့ကာရွဲ့ကာ ပြောလိုက်သည် ။
"နင့်ဘာသာပဲ သွားတော့။ ငါ ဒီမှာ နေပြီး ရှင်းယာကို စောင့်နေမယ်။ သူ့ကိစ္စပြီးရင် ချက်ချင်းလာမယ်လို့ ပြောတယ်။”
“ပြဿနာမရှိပါဘူး။ ဒါဆို မင်း ဒီမှာပဲ နေခဲ့။" ထန်ရှုက ခေါင်းညိတ်ပြသည်။
ထို့နောက် ထန်ရှုသည် ကော်ဖီစားပွဲပေါ် သွန်ချထားသော အိမ်နံပါတ်၁၁၏ပစ္စည်းများအားလုံးကို မူလသေတ္တာထဲ ပြန်ထည့်ကာ ဒုတိယထပ်ကို သယ်သွားသည်။ သူ၏ စာဖတ်ခန်းထဲ ဝင်လိုက်သည်နှင့် သူ၏လက်ချောင်းအား ပွတ်လိုက်ရာ ထိုသေတ္တာသည် သူ၏ သိုလှောင်လက်စွပ်ထဲ ချက်ချင်း ရောက်သွားသည် ။
သူ၏ပုံမှန်အဝတ်အစားများအား လဲပြီးနောက် ထန်ရှုသည် အိုးရန်လူလူကို နှုတ်ဆက်ကာ ကားမောင်းထွက်သွားသည်။ တစ်နာရီလောက်အကြာတွင် ချိန်းဆိုထားသည့်နေရာသို့ ထန်ရှု ရောက်လာခဲ့သည်။
"ညီအစ်ကိုထန်။"
ကျင်းရှင်းကွေ့သည် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့်အတူ လမ်းဘေးတစ်ဖက်တွင် စောင့်ဆိုင်းနေပြီး ထန်ရှုအား တွေ့သောအခါ အပြုံးဖြင့် အနားလာကာ နှုတ်ဆက်ခဲ့သည်။
ထန်ရှုက ထိုယောက်ျားနှင့် မိန်းမကို ကြည့်လိုက်ပြီး ကျင်းရှင်းကွေ့အား အပြုံးဖြင့် မေးလိုက်သည်။
"အကိုကျင်း … သူတို့က ဘယ်သူတွေလဲ။"
“သူတို့က ငါ့ရဲ့ ယုံကြည်ရတဲ့ လူယုံတွေပါ။ ဒီလုပ်ငန်းခွင်ရဲ့ စစ်တမ်းကောက်ယူတာကို သူတို့ လုပ်ကြတာ။ တိကျတဲ့ ဒေတာတိုင်းတာမှုကို ငါ နောက်မှ မင်းဆီ ပို့ပေးလိုက်မယ်။" ကျင်းရှင်းကွေ့က အပြုံးဖြင့် ပြောသည်။
"ကိစ္စမရှိဘူး။" ထန်ရှု ခေါင်းညိတ်သည်။
ကျင်းရှင်းကွေ့၏ဦးဆောင်မှုအောက်တွင် ထန်ရှုသည် လူသူမရှိသေးသော နေရာသို့ လျင်မြန်စွာ ရောက်လာသည်။ သူသည် ပတ်ဝန်းကျင်အား အကဲခတ် စူးစမ်းပြီးနောက် အဆိုပါနေရာသည် အလွန်ကောင်းမွန်သော မြေအနေအထား နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော နေရာတွင် တည်ရှိကြောင်း တွေ့ရှိခဲ့သည်။ ဘေးပတ်ဝန်းကျင်သည်လည်း အလွန် အဆင်ပြေသောနေရာဖြစ်သည်။ စည်ကားသိုက်မြိုက်သော စီးပွားရေးလုပ်ကွက်များနှင့် လူနေရပ်ကွက်များလည်း ရှိသည်။ အကယ်၍ ဤဆောက်လုပ်ရေး လုပ်ငန်းခွင်အား ကောင်းစွာ အသုံးချပါက ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ဆောက်မှုအပြီးတွင် ၎င်းနေရာသည် ကျိန်းသေပေါက် ငွေရနိုင်မည်ဖြစ်သည်။
“ဒီနေရာက အရမ်းကောင်းတယ်။ ဒီပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ရက်အနည်းငယ်ကြာရင် ဗိသုကာဒီဇိုင်းတွေကို အစ်ကိုကျင်းဆီ လွှဲပေးမယ်။ ပြီးရင် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အတွက် စတင်ဆွေးနွေးတာပေါ့။ ဆွေးနွေးတာ အပြီးသတ်တာနဲ့ စီမံကိန်းကို ကြီးကြပ်ဖို့ လူတချို့ကို စေလွှတ်ပေးလိုက်မယ်။ စီမံကိန်း အကောင်အထည်ဖော်မှုကို အစ်ကိုကျင်းကပဲ လုပ်ပါ။”
ထန်ရှုက လေးလေးနက်နက် ပြောလိုက်သည်။
"စီမံကိန်းကို ကြီးကြပ်ဖို့လား။" ကျင်းရှင်းကွေ့ တုံ့ဆိုင်းသွားသည်။
"စိတ်ချပါ အစ်ကိုကျင်း။ ကျွန်တော်ပြောတဲ့ ကြီးကြပ်မှုဆိုတာက ကဏ္ဍနှစ်ခုအတွက်ပဲ။ ငွေကြေးကဏ္ဍနှင့် ဆောက်လုပ်ရေးအရည်အသွေးကဏ္ဍကိုပဲ ကြီးကြပ်မှာပါ။ စီမံကိန်းတည်ဆောက်မှုအပေါ် သက်ရောက်မှုရှိတဲ့ ပြဿနာတစ်ခုခုတွေ့ရင် ကျွန်တော့်ကို သူတို့ အရင်တင်ပြလိမ့်မယ်။”ထန်ရှု ရှင်းပြသည်။
“ဒါဆို ကိစ္စမရှိဘူး။” ကျင်းရှင်းကွေ့က ပြုံးသည်။
ထိုစကားကို ပြောပြီးနောက် သူ၏မျက်နှာပေါ်ရှိ အပြုံးများ မှိန်ဖျော့သွားသည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်
"ညီအစ်ကိုထန် … တစ်ခုတော့ ရှိနေတယ်။ ဒါပေမယ့် မင်းကို အခု ပြောသင့်လားမသိဘူးဖြစ်နေတယ်။"
"ပြောပြနိုင်ပါတယ်။" ထန်ရှုကဆိုသည်။
"တကယ်တော့ ငါ့ကုမ္ပဏီက မကြာသေးခင်ကပဲ ပြဿနာအချို့ကို ကြုံတွေ့ထားတယ်။" ကျင်းရှင်းကွေ့က စကားစလိုက်သည်။
"ဒီပြဿနာတွေကို ငါတို့ မဖြေရှင်းထားဘူးဆိုရင် မင်းရဲ့ဗိသုကာဒီဇိုင်းပုံစံကို ငါတို့ရထားတာတောင် လာမယ့်ကာလထဲမှာ ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းစဖို့ အရမ်းခက်ခဲသွားမှာကို ငါ စိတ်ပူနေတယ်။"
"ဘာပြဿနာ ဖြစ်နေတာလဲ။" ထန်ရှုက စိတ်ဝင်တစား မေးလိုက်သည်။
“အဲ့ဒါက ကျင်းတိအုပ်စုပါ။ သူတို့အုပ်စုအကြောင်း မင်း ကြားဖူးလား။ သူတို့အုပ်စုကလည်း အိမ်ခြံမြေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုပဲ။”
"ဟင့်အင်း … မကြားဖူးဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။
ကျင်းရှင်းကွေ့က တစ်ချက်ကြည့်လိုက်ပြီး
“ကျင်းတိရဲ့ သူဌေးက ရီဝမ်ဟီလို့ခေါ်တယ်။ ချမ်းသာပြီး လွှမ်းမိုးနိုင်တဲ့သူတစ်ယောက်လို့ ဆိုရမယ်။ သူက ငါနဲ့အတော် ယှဉ်ပြိုင်နိုင်တယ်ဆိုပေမယ့် ငါတို့တွေ တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးသေးဘူး။ ဒီစီမံကိန်းကို ရအောင် ခက်ခက်ခဲခဲ ကြိုးပမ်းရလို့ ငါနဲ့သူ အရင်က သဘောကွဲလွဲမှုတွေ ရှိခဲ့ကြတယ်။ ဒါကလည်း လုပ်ငန်းအမျိုးအစားတစ်ခုတည်း ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုထဲက လူတွေအတွက် ပုံမှန်ပြိုင်ဆိုင်မှုဖြစ်တာမို့ အစပိုင်းကတော့ ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမြေကွက်ကို ရဖို့အတွက် ငါတို့ကြားမှာ ပဋိပက္ခတွေ ရှိလာခဲ့တယ်။ မြေကွက်ကို နောက်ဆုံးမှာ ငါက ယူလိုက်နိုင်တာကို ရီဝမ်ဟီက စိတ်ထဲ ရန်ငြိုးတေးထားတယ်နဲ့တူတယ်။ ဒီလုပ်ငန်းခွင်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အဆင်သင့်မဖြစ်ခင်ကတည်းက တကယ်တော့ ပြင်ဆင်မှုတွေ ငါ ကြိုလုပ်ထားပြီးသား။ ငါဝယ်ထားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေတောင် ဒီကို ပို့ထားပြီးပြီ။ ဒါပေမယ့် ဒီတလော အဖွဲ့အစည်းတစ်ခုက လူငယ်တစ်စုက မကြာခဏ ပြဿနာ လာရှာတယ်။ ဒါနဲ့ စုံစမ်းဖို့ လူတချို့ကို ငါ လွှတ်လိုက်တော့ ရီဝမ်ဟီက အဲ့ဒီလူငယ်အုပ်စုကို ပြသနာရှာဖို့ လှုံ့ဆော်ခဲ့တာကို သိလိုက်ရတယ်။”
***