မင်းကို ဝိုင်းကူပေးမယ်
Vol. 10 Ch. 455
အိပ်မက်သစ်ပြုပြင်မွမ်းမံရေးကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သော ရီဝမ်တောင်သည် ချမ်းသာပြီး သြဇာကြီးမားသူဖြစ်သည်။ သူသည် ကျင်းတိအုပ်စု၏သူဌေး ရီဝမ်ဟီ၏ ညီအရင်းဖြစ်ပြီး မောက်မာသော်လည်း အလွန်သည်းခံတတ်သူတစ်ဦးလည်း ဖြစ်သည်။ သူသည် အရောင်းအဝယ်အားလုံးမှ လူများစွာနှင့် မိတ်ဖွဲ့ရန် နှစ်သက်ပြီး နှစ်များစွာအတွင်း စည်းစိမ်ဥစ္စာများစွာ ရှာဖွေနိုင်ခဲ့သည်။
"တကယ်လို့ သူက ချမ်းသာပြီး ငါတို့တံခါးကို လာခေါက်တယ်ဆိုမှတော့ သူ့ပိုက်ဆံအိတ်ထဲက အလွှာသုံးလွှာကို ရှင်းရမယ်။"
“ဒါပေါ့။” မန်နေဂျာလီက ပြုံးပြီး ပြောလိုက်သည်။ “အိပ်မက်သစ်ကို လာလည်တဲ့ ဧည့်သည်တွေမှာ ငါတို့လူတွေကို မငှားတဲ့သူ ရှိလို့လား။ ဒီကလေးက ဉာဏ်ကောင်းပြီး ကျွန်တော်တို့ကို ကောင်းမွန်တဲ့ စီမံကိန်းတစ်ခု ပေးတယ်ဆိုရင်တော့ ငါတို့ အတော်လေး ချမ်းသာသွားနိုင်တယ်။”
ရီဝမ်တောင်က ပြုံးကာ သူ့နဖူးပြောင်ကြီးကို ပွတ်လိုက်ပြီး “သူ့ကို တွေ့ဖို့ ခေါ်သွားပေးတော့။ ဒီစီမံကိန်းကြီးက ဘာလဲဆိုတာ အခု သိချင်နေပြီ။”
"ကောင်းပါပြီ။"
မန်နေဂျာလီက ရီဝမ်တောင်အား ဒုတိယထပ်ရှိ အထူးဧည့်သည်အခန်းသို့ ခေါ်ဆောင်သွားသည်။
တံခါးမှ ဖြတ်လျှောက်သွားပြီးနောက် ရီဝမ်တောင်၏ အကြည့်များသည် ငြိမ်သက်စွာ ဆေးလိပ်ထိုင်သောက်နေသော ထန်ရှုအား စိုက်ကြည့်မိသည်။ သူ၏တုတ်တုတ်ဖောင်းဖောင်း လက်ချောင်းများက လုံးဝန်းသောဝမ်းဗိုက်ကို အသာထိရင်း အပြုံးဖြင့်
“မင်းက အတော် ငယ်သေးတာပဲ ညီလေး။ ငါက အိပ်မက်သစ်ပြုပြင်မွမ်းမံရေးကုမ္ပဏီရဲ့ သူဌေး ရီဝမ်တောင်ပါ။ ညီလေးကို ဘယ်လိုခေါ်ရမလဲ။"
…ရီဝမ်တောင် ဟုတ်လား…
ထန်ရှု၏မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားကာ သူ၏အရှေ့ရှိ ဆိုဖာဆီသို့ ညွှန်ပြလိုက်ပြီး
"ထိုင်ပါဦး … စကားပြောရအောင်။"
ရီဝမ်တောင် တခဏ ကြောင်သွားပြီးမှ ချက်ချင်း ရယ်မောလိုက်ရင်း မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် အပြုံးဖြင့်
“ညီလေး … မင်း အခု ငါ့ကို ပြန်ဖြေသင့်ပြီ မဟုတ်လား။"
"ခင်ဗျားရဲ့မေးခွန်းကို ကျွန်တော် မဖြေချင်သေးဘူး။" ထန်ရှုက လေသံခပ်ပေါ့ပေါ့ဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်တော့်မေးခွန်းတွေကို အရင်ဖြေပေးနိုင်ရင် ကျွန်တော်ဘယ်သူလဲဆိုတာ ပြောရမှာပေါ့။"
ရီဝမ်တောင်၏မျက်နှာထက်မှ အပြုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ၏သေးငယ်သော မျက်လုံးများဖြင့် ထန်ရှုကို တစ်ချက်စွေကြည့်ရင်း အကဲခတ်သည်။ ထို့နောက် သူက
“မင်းမှာ မေးစရာတွေရှိရင် မေးပါ။ ငါ မင်းကို ဖြေပေးမယ် … ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။”
"ပထမမေးခွန်းက ခင်ဗျား အရင်က ကိုယ်တိုင်ကိုယ်ကျ သတ်ဖူးလား။ နောက်ပြီး သတ်ခဲ့တဲ့လူအရေအတွက်က တစ်ယောက် သို့မဟုတ် နှစ်ယောက်မကဘူး မဟုတ်လား။" ထန်ရှု မေးလိုက်သည်။
ရီဝမ်တောင်၏မျက်လုံးများအတွင်းမှ အလင်းတန်းတစ်ခု ရိပ်ကနဲ ဖြတ်သွားပြီး ဆိုဖာပေါ်မှ ဗြုန်းကနဲ ထရပ်လိုက်ကာ လေသံမာမာဖြင့် မေးလိုက်သည်။
“မင်း ဘယ်သူလဲ။”
“လူကြီးလူကောင်းတစ်ယောက်ရဲ့ စကားဟာ ရွှေလို အဖိုးတန်ပြီး ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး။ ခင်ဗျား ကျွန်တော့်မေးခွန်းတွေကို အရင်ဖြေပေးမယ်လို့ ခုလေးတင် ပြောခဲ့တာလေ။" ထန်ရှုက ခပ်တည်တည် တုံ့ပြန်သည်။
ရီဝမ်တောင်က တခဏမျှ နှုတ်ဆိတ်သွားရင်း
"မင်း လာနောက်နေတာလား ညီလေး။ ငါက ဖြောင့်မတ်ပြီး အလေးအနက်ထားလုပ်တဲ့ တရားဝင် စီးပွားရေးသမားပါ။ ငါ့လက်တွေနဲ့ လူတွေရဲ့အသက်ကို ယူတာ ဘယ်လို ဖြစ်နိုင်မှာလဲ။”
“နောက်ထပ် သိချင်တာက ခင်ဗျားရဲ့အိပ်မက်သစ်ကုမ္ပဏီက စီးပွားရေးလုပ်တဲ့ ကုမ္ပဏီလား လူမိုက်ဂိုဏ်းတစ်ခုလား။”
ရီဝမ်တောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မန်နေဂျာလီအား တစ်ချက်ကြည့်လိုက်သည်။ မန်နေဂျာလီ အခန်းတွင်းမှ ထွက်သွားသည်နှင့် ရီဝမ်တောင်သည် အထင်သေးသော အပြုံးဖြင့်
“ကြည့်ရတာ မင်းက ဒီကို စီးပွားရေးကိစ္စလာပြောတာ မဟုတ်ဘဲ ပြသနာလာရှာနေတဲ့ပုံပဲ။ ဆိုစမ်းပါဦး။ မင်းက မြေအောက်လောကထဲက တစ်ယောက်ပဲလား။”
“ခင်ဗျားက တကယ်ကို စိတ်မတည်ငြိမ်သလို စိတ်ခိုင်မာမှုလည်း မရှိဘူးနော်။ ကျွန်တော် မေးတဲ့ မေးခွန်းလေး၂ခုနဲ့ ဒီလိုသွင်ပြင်ကို ချက်ချင်း ထုတ်ဖော်ပစ်လိုက်တာပဲ။” ထန်ရှု ခေါင်းယမ်းကာ ပြောလိုက်သည်။
“ကျွန်တော် ဒီလမ်းကြောင်းက လာသလားဆိုတာ ခင်ဗျား သိချင်နေတယ်ဆိုမှတော့ ကျွန်တော် ပြောရသေးတာပေါ့။ ဒီနေ့ ဒီကို လာရတဲ့ တကယ့်ရည်ရွယ်ချက်က ပြသနာ ရှာဖို့ပဲ။ ကျွန်တော်က အဲ့ဒီနယ်ပယ်ထဲက အထူးကျွမ်းကျင်သူလို့ ဆိုရမယ်။”
ရီဝမ်တောင်က ထန်ရှုအား စူးစူးနစ်နစ် စိုက်ကြည့်ပြီး လက်မထောင်ကာ ချီးကျူးလိုက်သည်။
“ကောင်းတယ် … သိပ်ကောင်းတယ်။ သူရဲကောင်းတွေဆိုတာ လူငယ်တွေဆီက လာတာပဲ။ နိမ့်ကျတဲ့အသက်လေးတွေက ပြသနာလာမရှာတော့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်ခဲ့ပြီ။ သေမလား ရှင်မလား အသိဉာဏ်မရှိတဲ့ ငချွတ်လေးတစ်ယောက်က ဒီလိုပြသနာလာရှာရဲလိမ့်မယ်လို့ တွေးတောင် မတွေးမိဘူး။ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ကုမ္ပဏီကို ပြသနာလာရှာရဲမှတော့ ဒီနေ့ ဒီကနေ ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့။”
“ခင်ဗျားက ကျွန်တော့်ကို ဆုံးမချင်တာလား။” ထန်ရှု သရော်လိုက်သည်။
“ခင်ဗျား ဘာကြောင့် သေရတော့မှာလဲရော မသိချင်ဘူးလား။”
“ပတ်သက်တာ ရှိလို့လား။” ရီဝမ်တောင်က မျက်ခုံးပင့်ကာ အပြုံးသဲ့သဲ့ဖြင့် မေးလိုက်သည်။
“တကယ်တော့ ခင်ဗျားက လုံးဝအရေးပါတာတော့ မဟုတ်ဘူးပေါ့။ ဒီနေ့ ကျွန်တော်လာတာ လက်တုံ့ပြန်ဖို့အတွက်ပဲ။ ဒါပေမယ့် ခင်ဗျားကို တွန်းအားပေးရုံကလွဲပြီး ဘာမှ မဖြစ်ဘူးဆိုရင် အနိုင်ကျင့်ရတာ ကျွန်တော့်အတွက် ပျော်စရာကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့် အချိန်နှစ်နာရီပေးမယ်။ ကျွန်တော် သတိထားစေနိုင်လောက်တဲ့ ခင်ဗျားရဲ့ဝှက်ဖဲတွေ လုံလုံလောက်လောက် ထုတ်လိမ့်မယ်လို့ မျှော်လင့်တယ်။”
…ဘန်း…
အထူးဧည့်သည်ခန်း၏တံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး အပြင်မှ သန်မာကြံ့ခိုင်သော လူ ၇ယောက်-၈ယောက်နှင့်အတူ ကောင်းမွန်စွာ ဝတ်စားထားသော လူရွယ်တစ်ယောက် ဝင်လာသည်။ ထန်ရှုသည် ထိုသူများအား ပထမထပ်ရှိ ဧည့်ခန်းနေရာတွင် မြင်ထားခဲ့ပြီးဖြစ်သည်။ လူတစ်ယောက်ချင်းစီသည် ကောင်းမွန်စွာ ဝတ်စားထားကြသည်။ ထိုသူတို့သည် ယဉ်ကျေးသိမ်မွေ့ဟန် ဖုံးကွယ်ထားသော ထိုအပေါ်ယံအလွှာကို ခွာချလိုက်ကြပြီး နောက်ဆုံးတွင် ၎င်းတို့၏ စစ်မှန်သော ရွံ့စရာကောင်းအောင် ရက်စက်သော မျက်နှာများကို ပြသလာခဲ့ပြီဖြစ်သည်။
သို့တိုင် ရီဝမ်တောင်သည် ထန်ရှုကို ရှင်းလင်းရန် အလျင်လိုဟန်မတူပေ။ ထိုအစား သူက အပြုံးသဲ့သဲ့ဖြင့် "ငါက လေကျယ်နေတာ မဟုတ်ဘူးဆိုတာ အခု မင်း သိသင့်ပြီ မဟုတ်လား။ အခု စကားပြောရအောင်။ မင်း ဘယ်သူလဲ … ကောင်လေး။ မင်းရဲ့နောက်ခံက ဘာလဲ။ ငါ ကြောက်သွားလောက်အောင် မင်းက ပြင်းထန်တာတစ်ခုခု ပြောနိုင်မယ်လို့ ငါမျှော်လင့်တယ်။"
"သိချင်လား။ ကောင်းပြီ … ခင်ဗျားကို ပြောပြရတာပေါ့။" ကျွန်တော်က ကမ္ဘာသစ်ကိုယ်လက်ကြံ့ခိုင်ရေးစင်တာရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲ။"
…ကမ္ဘာသစ်ကိုယ်လက်ကြံ့ခိုင်ရေးစင်တာ…
ရီဝမ်တောင်က မန်နေဂျာလီအား လှည့်ကြည့်ပြီး "အဲ့ဒီကြံ့ခိုင်ရေးစင်တာကို သိလား။"
မန်နေဂျာလီ၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားပြီး
"အဲ့ဒီကြံ့ခိုင်ရေးစင်တာကို သိတယ် သူဌေး။ ဒါပေမယ့် သူတို့လုပ်ငန်းကို မဖွင့်သေးရသေးတဲ့အပြင် လုပ်ငန်းခွင်ကိုတောင်မှ ပြန်လည်မွမ်းမံတာ မပြီးသေးဘူး။ မနေ့ နေ့လယ်က အားယန်က အဲ့ဒီက ပိုင်ရှင်ကို ဆုံးမဖို့အတွက် လူတချို့ကို ခေါ်သွားပြီး ပြင်ဆင်နေတဲ့ အလုပ်သမားအချို့ကို ရိုက်လိုက်တယ်။ ဒီငချွတ်လေးက အဲ့ဒီကိစ္စအတွက် ဖြေရှင်းချက် လာတောင်းတာဖြစ်မယ်။"
"မဟုတ်ဘူး … မင်းပြောတာ မမှန်သေးဘူး။" ထန်ရှု ခေါင်းယမ်းလိုက်သည်။
"ငါက လက်စားချေဖို့ လာခဲ့တာ။"
"မင်းက လက်စားချေဖို့ ဒီကို လာတာလား။ မင်းတစ်ယောက်တည်းနဲ့လေ။" မန်နေဂျာလီက သရော်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မှန်တယ်။ ငါတစ်ယောက်တည်းနဲ့ကို အဆင်ပြေတယ်။” ထန်ရှု ခေါင်းညိတ်သည်။
မန်နေဂျာလီက နောက်တစ်လှမ်းပြန်ဆုတ်ကာ ရီဝမ်တောင်အား စကားပြောရန် နေရာပေးလိုက်သည်။
ရီဝမ်တောင်က ခေါင်းယမ်းလိုက်ပြီး မှုန်မှိုင်းကာ စိတ်မဝင်စားသော အမူအရာဖြင့်
"မင်းက ဦးနှောက်မရှိတဲ့ ငတုံးမို့ ဒုက္ခတွေ တောင်းနေတာပဲ။ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့။ ဒီနေ့သင်ခန်းစာကို မင်း မှတ်ထားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ အာဏာမရှိရင် ကိုယ့်ကိုကိုယ် ဖိအားတွေ မပေးနဲ့။ ဟေ့ကောင်တွေ … ဒီငချွတ်ကို ဆုံးမလိုက်စမ်း။”
ချက်ခြင်းပင် သန်မာသောလူရွယ် ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် အင်္ကျီလက်များကို ပင့်တင်ကာ ထန်ရှုဆီ တဟုန်ထိုး ပြေးလာကြသည်။ သူတို့သည် လက်သီးချက်ပြင်းပြင်းဖြင့် ထန်ရှုအား အမှည့်ခြွေရန် ဟန်ပြင်သည်။
သို့သော် ထန်ရှုသည် အလျင်စလို မထဘဲ ရှေ့ဆုံးမှ လူရွယ်၏ဖိနပ်ပါသော ခြေထောက်အား သူ၏ခြေထောက်ကို ဆန့်ထုတ်ကာ နင်းလိုက်ရာ ထိုလူရွယ်သည် ဟန်ချက်ပျက်သွားပြီး ထန်ရှုဘက်သို့ လဲကျသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထန်ရှုက သူ၏ပုခုံးအား လှမ်းဆွဲလိုက်သည်။ ကြီးမားသည့် ခွန်အားဖြင့် ဖိအားပေးခံလိုက်ရသော လူရွယ်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ချိန်တွင် ထန်ရှုက သူ့အား အလွယ်တကူ မွှေ့ယမ်းကာ အခြားလူရွယ်သုံးဦးကိုပါ လဲပြိုစေသည်။
…ဘန်း…ဘန်း…ဘန်း…
အနောက်မှ လူငယ်သုံးဦးအား ထန်ရှုက ပြင်းထန်သော ခြေကန်ချက် ကျွေးကာ နောက်ပြန်လဲပြိုစေသည်။
လျှပ်တပြက်အတွင်း ထန်ရှုသည် မတ်တတ်ထရပ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော လူငယ်အား ထိုးကြိတ်လိုက်သလို အနောက်မှ လူငယ်၃ယောက်၏ ဝမ်းဗိုက်များဆီသို့လည်း ခြေကန်ချက် ဆက်တိုက် ပေးလိုက်သဖြင့် လွင့်ပျံသွားကြကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လုနီးပါး လဲကျကုန်သည်။
"သူ့ကို သတ်…"
အခြားလူငယ်သုံးဦးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့အထဲက တစ်ယောက်က လေသံမာမာ ကြုံးဝါးလိုက်ရင်း ထန်ရှုဆီသို့ လက်သီးတစ်လုံး ထိုးခွင်းလိုက်သည်။
"ဘယ်လို ပျော့ညံ့တဲ့ ငကြောင်တွေလဲ။"
ထန်ရှုက ထိုသူများအား မထီတထီ ကြည့်လိုက်ပြီး သူ၏လက်သီးများသည် လျှပ်စီးအလင်းတန်းသဖွယ် လျင်မြန်စွာဖြင့် လူရွယ်လေးဦး၏ရင်ဘတ်များအား တဝုန်းဝုန်း ထိုးကြိတ်လိုက်သည်။ ထိုလေးယောက် ဦးစိုက်ဂျွမ်းပြန်ကျသွားရန် အားစိုက်ထုတ်မှု အနည်းငယ်သာ လုပ်လိုက်ရပြီး သွေးများ အန်ထွက်ကာ ကြမ်းပြင်ပေါ်သို့ လဲပြိုကုန်သည်။
ဆယ်စက္ကန့်အတွင်း လူရှစ်ဦးလုံး အထိနာသွားပြီဖြစ်သည်။
ရီဝမ်တောင်၏ မျက်နှာသည် ရုတ်တရက် ပျက်သွားကာ မျက်နှာထက်တွင် ထိတ်လန့်သွားသော အမူအရာ ပေါ်လာသည်။ သူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက် မန်နေဂျာလီအား ဘေးသို့ တွန်းထုတ်လိုက်သည်။
မန်နေဂျာလီသည် အထူးဧည့်သည်အခန်းထဲသို့ ပြေးဝင်လာပြီးနောက် ခါးမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ကာ ထန်ရှုအား ချိန်ရွယ်ရင်း ဆဲဆိုလိုက်သည်။
"မင်းမှာ ကျွမ်းကျင်မှုတော့ ရှိသားပဲ ကောင်စုတ်လေး။ မင်း သူတို့ကို ကောင်းကောင်း လှဲသိပ်လိုက်တာပဲ။ ဒါပေမယ့် ဒီလူဦးရေရဲ့၁၀ဆ ဖြစ်လာရင် မင်း အဲ့ဒီလို လုပ်နိုင်ဦးမလားဆိုတာ ငါ သိချင်မိသား။"
"ဟမ့် … ၈၀ မပြောနဲ့ ၈၀၀လောက်ထိ ငါက အသာလေးပဲ။" ထန်ရှုက ဆိုဖာပေါ်ပြန်ထိုင်ကာ လှောင်ရယ် ရယ်လိုက်သည်။ “မကြောက်ပါနဲ့။ ငါ အချိန်နှစ်နာရီ ပေးမယ်လို့ ပြောခဲ့တယ်။ ရီဝမ်တောင် … ခင်ဗျားကို စိတ်ဝင်စားမှု မပျောက်ခင် ခင်ဗျားရဲ့လူတွေနဲ့ဝှက်ဖဲတွေအားလုံးကို ဒီနှစ်နာရီအတွင်း အကုန် ထုတ်သုံးလိုက်စမ်းပါ။ ကျွန်တော် ကြည့်စမ်းပါရစေ။”
"မင်းက တကယ်ကို အရူးပဲ။ ယီးလို ဘဝင်မြင့်နေတာပဲ။ ဒါပေမယ့် နောက်ပိုင်းလည်း မင်း ဒီလို တည်ငြိမ်နေသေးဖို့ ငါမျှော်လင့်တယ်။” ရီဝမ်တောင်က ထန်ရှုအား လက်မထောင်ပြကာ လှောင်လိုက်သည်။
“ရှန်ဟိုင်းရဲ့ အရိပ်အာဝါသမှာ ငါ နေခဲ့တာ နှစ်အတော်ကြာပြီ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ယီးလိုကောင်တွေကို အများကြီးကို တွေ့ခဲ့ရပေမယ့် မင်းလို မောက်မာလွန်းတဲ့ကောင်ကတော့ ရှားတယ်။ မင်းက ငါ့ကို တကယ် စိတ်ဝင်စားစေတာပဲ။"
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး စီးကရက်တစ်လိပ်ကို ထပ်ထုတ်ကာ မီးညှိဖွာရှိုက်နေရင်း
“ဒီနေ့ပြီးရင် ရှန်ဟိုင်းမှာ ခင်ဗျားလိုပုံစံမျိုး မရှိတော့ဘူး။ လူကောင်းတွေကို ကျွန်တော်က မသတ်ပေမယ့် ခင်ဗျားရဲ့လက်တွေက သွေးစွန်းနေတော့ ကျွန်တော် တောင်းဆိုတာကို လက်မခံရင် သေရစေ့မယ်။"
"မင်း အရမ်း မောက်မာတာ ငါ သိတယ် ကောင်စုတ်လေး။ ဒါပေမယ့် မင်းရဲ့ဆန္ဒအတိုင်းတော့ ဖြစ်လာမှာမဟုတ်ဘူး။" ရီဝမ်တောင်က စပ်ဖြဖြဲဖြင့်
“ဒါပေမယ့် ငါ အဲဒါကို ကြားချင်သေးတယ်။ မင်းရဲ့တောင်းဆိုချက်က ဘာလဲ။"
“စိတ်မပူပါနဲ့။ ဘာဆက်လုပ်ရမယ်ဆိုတာကို မသိလောက်အောင် ခင်ဗျား စိုးရိမ်လာရတဲ့အခါ ပြောပြမယ်။" ထန်ရှုက ပြောသည်။
ရီဝမ်တောင်က အေးစက်စွာ ပြုံးရင်း သူ၏ဓားမြှောင်ကို ချကာ စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိသည်။ ထို့နောက် စီးကရက်သောက်ရင်း စောင့်ဆိုင်းနေသည်။
နှစ်မိနစ်အကြာတွင် လူငယ်တစ်ဒါဇင်ကျော်သည် အထူးဧည့်သည်အခန်းထဲသို့ ပြေးဝင်လာသည်။ သူတို့၏တွဲဖော်တွဲဖက်များ ကြမ်းပြင်ပေါ် လဲကျနေသည်ကို မြင်ရပြီးနောက် မျက်နှာများ ပျက်သွားသည်။ လျှပ်တစ်ပြက်တွင်း အချို့က ခါးမှဓားများကို ထုတ်၍ ထန်ရှုအား ချိန်ရွယ်ထားသည်။ သူတို့အားလုံး လိုအပ်သည်မှာ ရီဝမ်တောင်၏အမိန့် ဖြစ်ပြီး အမိန့်ရပါက သူတို့အားလုံး ချက်ချင်း ပွဲကြမ်းတော့မည်ဖြစ်သည်။
သို့သော်လည်း ရီဝမ်တောင်သည် အမိန့် ချက်ချင်းမပေးဘဲ ထန်ရှုကို ကြည့်ကာ
"ကောင်စုတ်လေး … ဒီနေရာက ကျဉ်းတော့ ငါတို့ ဒီထက် ပိုကြီးတဲ့နေရာတစ်ခုမှာ စာရင်းရှင်းကြတာပေါ့။"
ထန်ရှု မတ်တတ်ထရပ်သည်။ သူ လမ်းလျှောက်လာရင်း လဲနေသော လူငယ်တစ်ဦး၏ လက်ကောက်ဝတ်ကို နင်းသွားသဖြင့် အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ထို့နောက် ရီဝမ်တောင်နှင့် အခြားသူများ၏ ပြင်းထန်သော အကြည့်များအောက်တွင် ထန်ရှုသည် သူ၏လုပ်ရပ်အား မရပ်တန့်ဘဲ တောက်လျှောက်ပင် လဲနေသော လူငယ်ရှစ်ဦး၏ လက်ကောက်ဝတ်များကို လမ်းလျှောက်လာရင်း နင်းသွားခဲ့သည်။ စက္ကန့်အနည်းအတွင်း လူငယ်ရှစ်ဦး၏ ညာဘက်လက်ကောက်ဝတ်သည် ကျိုးသွားခဲ့ပြီဖြစ်သည်။
"မအေဘေး … သိပ်ရက်စက်တဲ့ကောင်ပါလား မင်းက"
ရီဝမ်တောင် ဒေါသထွက်ကာ ဆဲလိုက်သည်။
"ရက်စက်တယ် ဟုတ်လား။"
ထန်ရှု ဟားတိုက်ရယ်လိုက်သည်။
“ကျွန်တော့်သူငယ်ချင်းက ခင်ဗျားရဲ့လူတွေကြောင့် ဒဏ်ရာ အကြီးအကျယ်ရပြီး အခု ဆေးရုံတက်လိုက်ရပြီ။ အဲဒီတုန်းက ရက်စက်တယ်လို့ ခင်ဗျား ဘယ်လိုမှ မခံစားရဘူး မဟုတ်လား။ ခင်ဗျားတို့အားလုံး ဒီနေ့ သူ့ထက် ပိုဆိုးလိမ့်မယ်လို့ ကျွန်တော် အာမခံတယ်။ ကျွန်တော့်သူငယ်ချင်းကို သွားရှုပ်တဲ့အတွက် ခင်ဗျားတို့တစ်သက်လုံး နောင်တရနေစေရမယ်။"
"ပြောစမ်း … မအေဘေး မင်းက ဘယ်သူလဲ။" ရီဝမ်တောင်က အကြိမ်အနည်းငယ် ပင့်သက်ရှိုက်လိုက်ပြီး ပြင်းထန်စွာ အော်လိုက်သည်။
ထိုအချိန်တွင် ရီဝမ်တောင်၏အရှေ့တွင် ရှိနေသော လူငယ်တစ်ဦးက ရုတ်တရက် ထအော်လိုက်သည်။
“ကျွန်တော် သူ့ကို သိတယ် သူဌေး။ သူ့နာမည်က ထန်ရှု ရှန်ဟိုင်းတက္ကသိုလ်ရဲ့ အခုနှစ်ကျောင်းသားသစ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူသီချင်းဆိုထားတဲ့ ဗီဒီယိုကို ကျွန်တော် ကြည့်ဖူးတယ်။”
***