နတ်ဆိုး
Vol. 10 Ch. 456
…ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားသစ်လေးလား…
ရီဝမ်တောင်သည် လွန်ခဲ့သော ရက်အနည်းငယ်က သူ ကြည့်ခဲ့သည့် ဗီဒီယိုကို ရုတ်တရက် သတိရသွားသည်။ ဗီဒီယိုထဲတွင် ဇီသာတီးကာ သီချင်းဆိုနေသည့်ပုံရိပ်ကို ပြန်စဉ်းစားပြီး ယခုထန်ရှုနှင့် နှိုင်းယှဉ်ခဲ့သည်။ ထိုလူငယ်လေးအား မြင်ဖူးပုံရသည်ဟု သူ ခံစားရသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ ထိုဗီဒီယိုထဲတွင် ထန်ရှုအား မြင်ဖူးနေသောကြောင့်ပင်တည်း။
“မင်း ဒီလောက် ထူးချွန်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမယ့် စိတ်မကောင်းစရာက မင်း ဒီနေ့ ငါ့ကုမ္ပဏီထဲကနေ ထွက်သွားဖို့ အရမ်းခက်ခဲလိမ့်မယ်။”ရီဝမ်တောင်က အေးစက်စက်လေသံဖြင့် ပြောသည်။
“ကျွန်တော်သာ ခင်ဗျားကို အချိန်မသတ်မှတ်ပေးထားရင် ခင်ဗျား အဆုံးသတ်သွားတာကြာပြီပေါ့။ အခု ဘာမှ ပြောစရာ အကြောင်းမရှိဘူး။ လမ်းပြပါ။” ထန်ရှုက သူ့ကို အေးစက်စွာ ကြည့်နေသည်။
ရီဝမ်တောင် ချာကနဲ လှည့်ကာ အထူးဧည့်သည့်ခန်းထဲမှ ဦးဆောင်ထွက်သွားသည်။ ထန်ရှုအား ဒေါသတကြီး စိုက်ကြည့်နေသော ဒါဇင်နှင့်ချီသော လူငယ်တစ်သိုက်က ထန်ရှု အခန်းထဲမှ ထွက်လာသောအခါ အနီးကပ်လိုက်သည်။
အိပ်မက်သစ်ကုမ္ပဏီ၏အနောက်ဘက် ခြံဝင်းတွင်…
ရီဝမ်တောင်သည် လှောင်ပြောင်လိုသော အမူအရာဖြင့် ထိုနေရာတွင် ရပ်ကာ ကြည့်နေသည်။ သူ၏လူများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြရာ ထန်ရှုအား ဝိုင်းရံထားသော သူ၏လူများသည် အယောက် ၃၀ကျော်နေပြီ ဖြစ်သည်။ အများစုမှာ ဓားနှင့် သံမဏိပိုက်လုံးများကဲ့သို့သော လက်နက်များ ကိုင်ဆောင်ထားကြသည်။ သူသာ အမိန့်ပေးလိုက်ပါက ထန်ရှု အသက်ဆုံးရှုံးရမည်ဟုပင် ယုံကြည်ချက် ရှိနေသည်။
"ထန်ရှု ဟုတ်တယ်နော်။ ငါ မင်းကို ရုတ်တရက် သနားလာလို့ကွာ။ ငါ့ကို တောင်းပန်ပြီး မင်းရဲ့ခြေထောက်တစ်ဖက်ကို ရိုက်ချိုးမယ်ဆိုရင် မင်းရဲ့သနားစရာကောင်းတဲ့ အသက်လေးကို ငါ ချမ်းသာပေးနိုင်ပါတယ်ကွ။ ဒါပေ့ါ … အဲဒါက အရမ်းကြီး ဒေါသထွက်စရာမဟုတ်ပေမယ့် လျော်ကြေးမပေးဘဲ မင်း ထွက်သွားလို့တော့ မရဘူးပေါ့။ မင်းက ငါ့လူ ရှစ်ယောက်ကို ဒဏ်ရာရထားစေတဲ့အတွက် တစ်ယောက်ကို လျော်ကြေး ယွမ် ၁၀သန်း ပေးရမယ်။ လျော်ကြေးငွေ သန်း၈၀ ပေးလိုက်ရင် ဒီကိစ္စကို ငါတို့ မေ့ထားပေးလို့ရတယ်။”
ထန်ရှုက လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ သူ၏လက်ညိုးအား ရီဝမ်တောင်ဆီ ကွေးပြလိုက်ပြီး မျက်နှာသေဖြင့်
"ခင်ဗျားရဲ့လူတွေကို လွှတ်လိုက်စမ်းပါ။ သေမယ့်လူက ခင်ဗျား ဖြစ်မလား ဒါမှမဟုတ် ကျွန်တော် ဖြစ်မလားဆိုတာ ငါတို့ ကြည့်ကြတာပေါ့။"
“သူ့ကို ဆုံးမဖို့ပဲနော် … သတ်တော့မသတ်နဲ့။ မင်းတို့ သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်လည်း ရတယ်ဟေ့။" ရီဝမ်တောင်က မျက်မှောင်ကြုတ်ပြီး ပြင်းထန်စွာ အော်လိုက်သည်။
ချက်ခြင်းပင် ဓားနှင့်သံမဏိပိုက်လုံးများ ကိုင်ထားသော လူဆယ်ဦးကျော်သည် ထန်ရှုဆီသို့ ပြေးဝင်လာသည်။ အများစုမှာ တိုက်ပွဲ အတွေ့အကြုံရှိကြပြီး လူအများအပြားကို တိုက်ခိုက်ရန် သူတို့ကိုင်ဆောင်ထားသော လက်နက်များအား အသုံးပြုကြသည်။ ထို့ကြောင့် ထိုသူတို့သည် ထန်ရှုအား အမှုန့်ကြိတ်ရန် ယုံကြည်ချက် ရှိနေကြပေသည်။
ထန်ရှုသည် လေးဘက်လေးတန်အား သတိကြီးစွာ အကဲခတ်လိုက်ပြီး အလျင်စလိုမလုပ်ဘဲ အလင်းတန်းအလျင်ကဲ့သို့ လှုပ်ရှားလိုက်သည်။ သူက ချက်ချင်းပင် ဘေးဘက်သို့ လျင်မြန်စွာ ရွှေ့ကာ အရှေ့မှလူအား လက်သီးတစ်လုံး ကျွေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အခြားလက်တစ်ဖက်ကလည်း လူတစ်ယောက်လက်ထဲမှ သံမဏိပိုက်အား အလွယ်တကူ ဖျတ်ကနဲ လုယူသည်။
…ဘန်း…ဘန်း…
ထန်ရှုသည် သံမဏိပိုက်အား လက်ထဲတွင် ကစားရင်း အရပ်မျက်နှာအားလုံးမှ ဦးခေါင်းများကို ဘန်းကနဲ ဘန်းကနဲ ရိုက်ပစ်လိုက်သဖြင့် ထိုခေါင်းများဆီမှ သွေးများ ဖြာကနဲ လွင့်ထွက်လာသည်။
ထန်ရှု၏လက်ထဲတွင် ရှိသော သံမဏိပိုက်၏အရိပ်များသည် သိုးအုပ်အလယ်ရှိ ကျားတစ်ကောင်အလား တဝှီးဝှီးဖြင့် မာန်ဖီနေသည်။ သူ့အား ဝိုင်းရံထားသောလူများသည် ထန်ရှု၏လှုပ်ရှားမှုများကို မမြင်လိုက်ရဘဲ သံမဏိပိုက်ဖြင့် အရိုက်ခံရကာ မြေပြင်ပေါ်သို့ လဲကျခဲ့သည်။ ထန်ရှု၏လှုပ်ရှားမှုများသည် ထိုလူအားလုံး လဲပြိုသွားသောအခါတွင်မှ ရပ်တန့်သွားတော့သည်။
“ဘုရားသခင် … ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”
"သေစမ်း … သူ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စွမ်းနေရတာလဲ။"
"ငါ အိပ်မက်မက်နေတာလား။ ငါတို့ ညီအစ်ကို တစ်ဒါဇင်ကျော်က အဆုံးသတ်သွားပြီလား။”
"အ…အစကနေ အဆုံးထိ မိနစ်ဝက်တောင် မရှိဘူးနော်။"
မလှုပ်ရှားရသေးသည့် လူ ၂၀ ကျော်ရှိသေးသည်။ ထိုလူများက သည်မြင်ကွင်းကို မြင်ရသည့်အခါ မယုံကြည်နိုင်ဟန်ရှိနေကြပြီး သတိအနေအထား ရှိနေကြပြီဖြစ်သည်။
လက်သီးတစ်စုံသည် ရန်သူလေးယောက်အား မယှဉ်နိုင်ဟု လူအများ ပြောကြသည့်ဆိုရိုးရှိသည်။
သို့သော်လည်း သူတို့၏အရှေ့ရှိ အသက်၂၀ ဝန်းကျင်သာ ရှိသေးသော အင်တာနက်နာမည်ကြီးသူ ထန်ရှုသည် အစွမ်းထက်သော အရည်အချင်းများရှိနေသည့်အခါ လူတိုင်း ပင့်သက်ရှိုက်ကာ တုန်လှုပ်သွားကြသည်။ တကယ်တမ်းတွင် ဒါဇင်ချီသောလူများအား အလဲထိုးနိုင်သည့်လူအကြောင်း သူတို့ ယခင်က တစ်ခါမှ မမြင်ဖူး … မကြားဖူးကြချေ။
…သူက ချန်ရှန်းက စစ်နတ်ဘုရား ကျောက်ကျိလုံလား ဒါမှမဟုတ် ဘယ်သူလား…
(Charm Ming Nge - ကျောက်ယွင် (ခ) ကျောက်ကျိလုံသည် အရှေ့ဟန်နိုင်ငံတော် ဟန်မင်းဆက်နှင့် ၃ပြည်ထောင်ခေတ်တွင် ထင်ရှားခဲ့သော စစ်သူကြီးတစ်ဦး ဖြစ်ပြီး ချန်ရှန်းရွာတွင် မွေးဖွားခဲ့သည်။)
လူအများစုက ထိုစကားကို ရုတ်တရက် သတိရသွားကြသည်။ သူတို့၏အမြင်အရ ဒီငချွတ်လေးသည် ချန်ရှန်းမှ သမိုင်းဝင် ကျောက်ယွင်ကဲ့သို့ အောင်မြင်မှုရနေသည်မဟုတ်လော။
တိုက်ခိုက်မှုဖြစ်ပွားသောနေရာနှင့် သိပ်မဝေးလှသော အရပ်တွင် ရီဝမ်တောင်သည် ထန်ရှုအား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။ ယခင်အထူးဧည့်သည်ခန်းထဲတွင် ထန်ရှုသည် သူ၏လူ၈ယောက်ကို လှဲသိပ်ခဲ့သည်ကို ခက်ခက်ခဲခဲ သူ လက်ခံလိုက်ရသော်လည်း ယခုမူ ထန်ရှုက သူ၏လူ၁၅ယောက်အား တစ်ပြိုင်နက်တည်း အလွယ်တကူ လှဲသိပ်လိုက်ခြင်းအား အောင့်သက်သက်ဖြင့် သူ လက်ခံလိုက်ရတော့သည်။ သိရမည်မှာ အဆိုပါ ၁၅ယောက်သည် ပထမ၈ယောက်ထက် စွမ်းရည်ရှိပေသည်။
သာမာန်လူ နှစ်ယောက်-သုံးယောက်တောင်မှ ထို၁၅ယောက်ထဲမှ လူတစ်ယောက်အတွက် ပြိုင်ဘက်ဆန့်ကျင်ဘက်များ မဟုတ်ချေ။
"အန်းဟူ…"
သူ၏ထိတ်လန့်မှုမှ ပြန်လည်အသိဝင်လာသော ရီဝမ်တောင်သည် အသံကျယ်ကျယ်ဖြင့် အမြန် ခေါ်လိုက်သည်။
အရပ်ရှည်ရှည်နှင့် ဝက်ဝံကဲ့သို့ ထွားကြိုင်းသော ခန္ဓာကိုယ် ရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာပြီး နေရောင်အောက်တွင် တလက်လက်တောက်ပနေသော ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားသည်။ သူသည် ရီဝမ်တောင်၏ အကောင်းဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်။ သူသည် တစ်ခါတုန်းတွင် လူခုနစ်ဦးကို အနိုင်ယူပြီး ဒဏ်ရာကင်းစွာ ထွက်လာခဲ့သည်။
"ကျွန်တော် သူ့ကို မနိုင်လောက်ဘူး သူဌေး။ ကျေးဇူးပြုပြီး ချင်လေးကို ကူပေးခိုင်းပါ။"
"မင်းကို ကူညီနိုင်မယ်လို့ ထင်တဲ့သူကို ရွေးပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒီ့ကောင့်ကို ဒီနေ့ ငါတို့ ကုမ္ပဏီကနေ အသက်ရှင်ရက်ထွက်မသွားစေချင်ဘူး။"
"သိပြီ။”
အန်းဟူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်ပေါ်လာကာ လေးပင်စွာ ခေါင်းညိတ်ပြသည်။ သူသည် အသံဝါကြီးဖြင့် “ချင်လေး၊ အားဘင်၊ မြောင်လေး မင်းတို့ သုံးယောက် ငါ့ကို လာကူ။"
ချက်ချင်းပင် လူအုပ်ကြီးထဲမှ လူသုံးယောက် ထွက်လာသည်။ သူတို့လက်ထဲတွင် ဓားရှည်နှင့် သံမဏိပိုက်များ ရှိသည်။ သူတို့သည် ထန်ရှုအား စူးရဲစွာ ကြည့်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ဝိုင်းထားလိုက်သည်။
“ကဲ … အခုက မင်းတို့က ရီဝမ်တောင်ရဲ့ အစွမ်းထက်ဆုံး ခွေးတွေပေါ့ ဟုတ်လား။ မင်းတို့ကို တွေ့တော့ ငါက ရှေးစကားတစ်ခုတောင် အမှတ်တမဲ့ သတိရမိသေး အဟေးဟေး…" ထန်ရှု လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဘာရှေးစကားလဲ။" အန်းဟူက လူသတ်လိုစိတ်တောက်လောင်နေသော သူ၏မျက်လုံးများအား မှေးစင်းထားကာ မေးလိုက်သည်။
“တောင်ပေါ်မှာ ကျားတွေမရှိတဲ့အခါ မျောက်တွေက အုပ်စိုးတယ်တဲ့။ ခြေထောက်ပျော့ပုဇွန်တွေက ငါ့ရှေ့မှာ ဘာခွန်အားမှ မရှိဘူး။”ထန်ရှုက ခပ်တည်တည် ပြောလိုက်သည်။
“ဟမ့် … ငါ့မှာ ပြန်တိုက်နိုင်တဲ့ ခွန်အားရှိမရှိ အရင်ဆုံး ကြိုးစားကြည့်ရမှာပဲ။”
အန်းဟူက ပြန်ပက်လိုက်သည်။
ထိုစကားကို ပြောပြီးနောက် သူသည် ရှေ့သို့ တိုးလာသည်။ သူ၏ခြေလှမ်းများသည် မြဲမြံစွာ ခြေကုပ်ယူထားသည်။ အသက်နှစ်ရှိုက်စာအတွင်း ထန်ရှု၏အရှေ့တွင် အန်းဟူ ပေါ်လာကာ သူ၏တစ်မီတာ အရှည်ရှိသော ဓားရှည်ဖြင့် ထန်ရှု၏ဦးခေါင်းနေရာမှ ခုတ်ပိုင်းလိုက်သည်။ ထိုနေရာတွင် သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့ပါက ဓားသည် ထန်ရှုအား ၂ပိုင်းပိုင်းသွားနိုင်သော အင်အားရှိပေသည်။
ထန်ရှုသည် ကိုယ်အား ဘေးသို့တိမ်းကာ ရှောင်လိုက်ပြီး မီတာဝက်ခန့် ရွေ့လျားလိုက်သည်။ ချက်ချင်းပင် အန်းဟူ၏ခေါင်းနောက်ဘက်အား သံမဏိပိုက်ဖြင့် ရိုက်ခွဲလိုက်သည်။ အန်းဟူသည် ထန်ရှု၏ရိုက်ချက်ကြောင့် ခေါင်းကွဲသွားကာ သေမင်းဆီ အလည်သွားရတော့သည်။
…မင်းက လူ့အသက်ပေါင်းများစွာကို သတ်ထားတယ်။ ငါ့လက်ထဲမှာ အရင်ဆုံးသေရတာ မင်း ကံကောင်းတယ်လို့ မှတ်။…
ထန်ရှုသည် သူ့အား အလစ်ဝင်တိုက်လာသော လူနှစ်ယောက်ကို တားဆီးရန်အတွက် အန်းဟူ၏ရုပ်အလောင်းအား လှမ်းဆွဲကာ ခုခံလိုက်ပြီး စိတ်တွင်းမှ ပြောဆိုခြင်းဖြစ်သည်။
…ဗုန်း…
ထန်ရှုက အန်းဟူ၏ခန္ဓာကိုယ်အား ဓားကိုင်ထားသောလူဆီ ပစ်ပေါက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ခြေထောက်များသည် အခြားလူနှစ်ယောက်ဆီသို့ ရွေ့လျားသွားကာ သံမဏိပိုက်လုံးဖြင့် ၎င်းတို့၏လည်ပင်းညာဘက်ခြမ်းအား အားပြင်းပြင်းဖြင့် ရိုက်ပြီး မြေပြင်ပေါ်သို့ တန်းလဲကျသွားစေသည်။ သည်တစ်ကြိမ်တွင် ထိုသူတို့အား ချက်ချင်း မသတ်နိုင်ခဲ့သည့်တိုင် သူ၏လက်ချောင်းများက လဲကျသွားသူများ၏ သွေးကြောမှတ်တစ်ချို့အား လှမ်းနှိပ်လိုက်သဖြင့် သူ၏ ကြယ်စွမ်းအားသည် ထိုသူတို့၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ အာရုံကြောစနစ်အား ဖျက်ဆီးပစ်လိုက်သည်။
အသတ်မသေခဲ့သည့်တိုင် ထိုသူတို့သည် ကျန်သောဘဝတစ်လျှောက်လုံး အိပ်ရာထဲတွင်သာ ကုန်ဆုံးရတော့မည်ဖြစ်သည်။ ထိုအရာသည် သူတို့အတွက် အကောင်းဆုံး ပြစ်ဒဏ်သာဖြစ်တော့သည်။
"အချိန်မဖြုန်းနဲ့။ မင်းတို့အားလုံး ငါ့ဆီ တစ်ပြိုင်နက်တည်း လာ။ ဒီနေ့ မင်းတို့ကို ငါ မသတ်ဘူးဆိုပေမယ့် မင်းတို့လို လူရမ်းကားတွေကို အပြစ်ပေးရမယ်။" ထန်ရှုက သံမဏိပိုက်ကို ပစ်ချကာ လေသံတင်းတင်းဖြင့် ကြုံးဝါးလိုက်သည်။
ရီဝမ်တောင်တစ်ယောက် တံတွေးအား အသည်းအသန် မျိုချရင်း ကြောက်ရွံ့စိတ် ဖြစ်နေသည်။ ထန်ရှု၏သိုင်းပညာစွမ်းအားသည် ထိုကဲ့သို့ လွန်စွာ ကြောက်စရာ ကောင်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။ သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမား လေးယောက်အား ထန်ရှုက အချိန်တိုလေးအတွင်း ချေမှုန်းပစ်ခဲ့သည်။ သူ၏အကောင်းဆုံးတိုက်ခိုက်ရေးသမား အန်းဟူခမျာ တစ်ခါတည်း ရိုက်သတ်ခံလိုက်ရသည်။
…ဘုရားသခင်… ဘယ်လိုကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ကောင်ကိုများ ငါ ရန်စခဲ့မိတာလဲ…
အမှန်စင်စစ်တွင် ရီဝမ်တောင် ထွက်ပြေးချင်နေပြီဖြစ်သည်။ သို့သော် သူ၏လူအယောက်၂၀ကျော် ကျန်သေးသည်ကို သတိရသွားသောအခါ ဟန်ကိုယ်ဖို့နေလိုက်ရင်း
“အဲ့ဒီ မအေဘေးကို ချ… အဲ့ဒီခွေးကောင်ကို သတ်စမ်း။ ငါ သူ့ကို အသေလိုချင်တယ်။”
သို့သော်လည်း ထန်ရှုပြထားသော သိုင်းပညာခွန်အားသည် တုန်လှုပ်စရာကောင်းပေရာ ရပ်ကြည့်နေသူများပင် ဒူးတုန်လာရသည်။ ရီဝမ်တောင်သာ သည်အနား မရှိခဲ့ပါက ၎င်းတို့၏လက်နက်များကို ပစ်ချပြီး ထွက်ပြေးသွားမိပေမည်။ သူတို့၏အမြင်တွင် ထိုလူငယ်သည် မည်သို့သော လူမျိုး ဖြစ်ပါသနည်း။
ထိုလူငယ်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစက်တစ်ခု။
အန်းဟူသည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာကို သင်ယူထားသောကြောင့် သူ၏အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာသည်။ သူသည် ကိုယ်ခံပညာများဖြစ်သော ထိုက်ဇုချန်းချွမ်နှင့် ပါးကျိချွမ်တို့တွင် ကျွမ်းကျင်သူဖြစ်ပြီး အလွတ်တိုက်ခိုက်ရေးတွင်လည်း အလွန်ကောင်းမွန်သောသူ တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကိုပင် လက်ကလေး တစ်ချက်လှုပ်ရုံဖြင့် သတ်ပစ်ခဲ့ပေရာ ထန်ရှုနှင့် တိုက်ခိုက်ရမည်ဆိုပါက သူတို့ကိုယ်သူတို့ သေတွင်းတူးနေသည့်အလားသာ ဖြစ်ပေမည်။ ထို့အပြင် ချင်လေးသည် အငြိမ်းစားစစ်သားတစ်ဦးဖြစ်ပြီး အလွန်ကြံ့ခိုင်သူ ဖြစ်သည်။ သူသည် လူအချို့ကို သတ်ခဲ့ပြီးနောက် သူ၏ပုံရိပ်အား တခဏမျှ သိုသိုသိပ်သိပ်နေရန် လိုအပ်လာသဖြင့် ရီဝမ်တောင်၏ သစ္စာရှိသော နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် ယခုအချိန်အထိ ၎င်း၏ပုံရိပ်အစစ်အား ဖုံးကွယ်ကာ နေခဲ့သည်။
ရီဝမ်တောင်၏နောက်လိုက်များထဲမှ ဆရာအဆင့်လေးယောက် … သို့သော်လည်း တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် ထိုလေးယောက် တစ်စုတစ်စည်းတည်း ပေါင်းစည်းနေချိန်၌ပင် အမှန်တကယ် လွယ်ကူစွာ နှိမ်နင်းလိုက်ပေရာ သူတို့သည် ထိုကဲ့သို့လူအား မည်သို့ ရင်ဆိုင်တွန်းလှန်နိုင်ပါမည်နည်း။
ထန်ရှုအား ဝိုင်းထားရန်ဟူသော ရီဝမ်တောင်၏အမိန့်အား ချက်ခြင်း မလုပ်ဆောင်ဘဲ ငေးကြောင်ကြောက်ရွံ့နေကြသည့် သူ့လူများကို ကြည့်ပြီး ရီဝမ်တောင်၏ ထိတ်လန့်မှုသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်ပစ်လိုက်သည်။
“မင်းတို့ ယီးလိုကောင်တွေ နားပင်းနေတာလားကွ။ ဒီဖေဖေအတွက် အဲ့ဒီကောင်ကို မင်းတို့ သတ်ပေးကြစမ်း။ သူ့ကို သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ယွမ် ၁၀မီလီယံ ပေးမယ်။ အနာဂတ်မှာ ငါ့ညာလက်ရုံးလည်း ဖြစ်လိမ့်မယ်။”
ယွမ်၁၀မီလီယံ…
ရီဝမ်တောင်မှ ပေးမည့် ဆုလာဘ်ကို ကြားရသောအခါ ထိုသူတို့၏ကြောက်ရွံ့မှုများသည် ချက်ချင်း ပျောက်ကွယ်သွားကြပြီး ရက်စက်ကြမ်းကြုတ်လာသည်။ လူအများစုက ကြက်သွေးကို ထိုးသွင်းခံလိုက်ရသကဲ့သို့ သတ္တိရှိရှိ ရှေ့တိုးလာကာ ဆာလောင်နေသည့် ဝံပုလွေများသဖွယ် ထန်ရှုအား ဝိုင်းရံလာကြသည်။
ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ် ဆိုသကဲ့သို့ ကြောက်ရွံ့တွန့်ဆုတ်နေလျှင် ရသင့်ရထိုက်သော အကျိုးကျေးဇူးကို မရရှိဘဲ မကြောက်မရွံ့ စွန့်စားအားထုတ်လျှင် အကျိုးထူးကို ရရှိခံစားနိုင်သည်ဟု ဆိုသည့်အတိုင်း ဆုလာဘ်က ဆွဲဆောင်မှု အားကောင်းပါက စွန့်စားရဲသည့် ရဲရင့်သူတွေ အမြဲရှိမည်သာ ဖြစ်သည်။ ထိုစကားများသည် ဤအခိုက်အတန့်ကိုသာ ပြည့်စုံစွာ ဖော်ပြခြင်းဖြစ်သည်။
သို့သော်လည်း သူတို့ မည်မျှပင် ကြိုးပမ်းနေပါစေ သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်ပြီး ဝါးနိုင်သည်ထက် ပိုဝါးနေခြင်း၊ စားနိုင်သည်ထက် ပိုစားနေခြင်းသာဖြစ်သည်။
ထန်ရှုသည် သူ့နှလုံးသားအတွင်းမှ ဒေါသအတိုင်း ရက်စက်စွာ ပြုမူသဖြင့် သူ့ဆီသို့ ပြေးကာ တိုက်ခိုက်လာသူတိုင်း လက် (သို့) ခြေထောက်ကျိုးခြင်းများ ဖြစ်ကုန်ကြသည်။
ခြံဝင်းထဲတွင် လူဒါဇင်ပေါင်းများစွာသည် ပုဇွန်ခြောက်ကွေးများကဲ့သို့ မြေကြီးပေါ်တွင် ခွေလဲနေကြပြီး အော်ဟစ်ညည်းတွားနေကြသည်။ သည်မြင်ကွင်းက လူတစ်ယောက်အား အကြောထဲမှပင် အေးစိမ့်သွားစေသည်။
လူအုပ်ကြားတွင် ရပ်နေသော ထန်ရှုကို ကြည့်ပြီး ရီဝမ်တောင်၏မျက်နှာမှာ မယုံကြည်နိုင်ဟန်များ ပေါ်လွင်နေသည်။ သူ၏ သနားစရာကောင်းသော လူများကို ကြည့်နေရင်း တုန်ရီလာသည်။ ရီဝမ်တောင်သည် ထန်ရှုကို ကြည့်နေသည်မှာ အချိန်အတော်ကြာသည့်တိုင် စကားသံ ထွက်မလာချေ။
"ရီဝမ်တောင် ဟုတ်တယ်နော်။ အချိန် ကျန်ပါသေးတယ်။ နောက်ထပ်လူ ခေါ်ချင်ရင် ခေါ်လိုက်ဦး … ငါစောင့်နေမယ်။"
ထန်ရှု၏ မျက်နှာထက်တွင် အေးစက်သော အရိပ်အယောင် ဖုံးလွှမ်းနေလျက် ရီဝမ်တောင်ဆီသို့ လျှောက်သွားရင်း ခံစားချက်မဲ့စွာ စကားပြောလိုက်သည်။
ရီဝမ်တောင်၏ပါးစပ် မဲ့ရွဲ့သွားရသည်။ ယင်းမတိုင်မီက သူသည် တစ်ဖက်လူနှင့် စကားပြောရာတွင် အထက်စီးဆန်ခဲ့သော်လည်း သည်နေ့ကဲ့သို့ ဖိအားပေးခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"မင်း စောင့်နေလိုက်…"
ရီဝမ်တောင် ထွက်မပြေးရဲဘဲ လက်ကိုင်ဖုန်းကို ထုတ်လိုက်ကာ သူ၏အကြီးဆုံးကျောထောက်နောက်ခံကို ခေါ်ဖို့ ပြင်ဆင်လိုက်သည်။
***