သေခြင်းတံခါးတွင် ရုန်းကန်ခြင်း
Vol. 10 Ch. 458
သေခြင်းတရားကို သတ္တိရှိရှိ ရင်ဆိုင်ရမည့်အစား မိမိ၏အသက်လေးအား တွယ်ငြိစွဲလမ်းခြင်း၊ အသက်ရှင်သန်လိုခြင်းသည် လူသားတို့၏ အမြဲတမ်း သဘာဝ ဖြစ်သည်။ သေခြင်းတရားကို ရင်ဆိုင်ရသည့်အခါ မကြောက်သောသူဟူ၍ မည်သူမှ မရှိပါချေ။ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် အသက်ကို စွန့်လွှတ်ကြသူများ၏ သေဆုံးမှုသည် ထိုက်တောင်ထက်ပင် များစွာ လေးလံလှချေသည်။ သို့သော် လူအများစု၏သေဆုံးမှုမှာ ငန်းအမွေးထက်ပင် ပို၍ပေါ့ပါးပေသည်။
သို့သော် တစ်ဖန် အကြောက်တရားဆိုသည်မှာလည်း အလွန်ပုံမှန်ဖြစ်ကြသောအရာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကိုရင်ဆိုင်နေရသရွေ့ အချို့က စိတ်အနှောင့်အယှက်အမူအရာ မရှိသော်လည်း အများစုသည် အသိတရားလွတ်စွာ ကြောက်လန့်ကြသည်။
ရီဝမ်တောင် မသေချင်သေးချေ။ လူကောင်းတစ်ယောက်သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေပါက အပြစ်ဒဏ်များသည် ထောင်စုနှစ်များအထိ ကျန်ရှိနေမည်ဟု သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် ရေတွက်၍မကုန်နိုင်သော မကောင်းမှုများစွာကို ကျူးလွန်ခဲ့ပြီး တစ်ကြိမ်ထက်မက သူ၏လက်ဖြင့် လူသတ်ခဲ့သည်။ အစပိုင်း၌ ဒုက္ခရောက်နေသူများနှင့် သနားညှာတာမှု တောင်းခံသူများအား စာနာစိတ်အချို့ကို သူ ပြလေ့ရှိသော်လည်း နောက်ပိုင်းတွင် သူသည် ထိုမကောင်းမှုများ၌ ထုံကျင်နေပြီဖြစ်သည်။ ထို့အပြင် ယခု သူ၏နေရာ ပြောင်းလဲသွားသောကြောင့် သူကြောင့် ခံစားခဲ့ရသော လူများ မည်မျှ စိတ်ပျက်အားငယ် ကြောက်ရွံ့ကြမည်ကို သူ ရုတ်တရက် နားလည်သိရှိလာသည်။
နောင်တ … ထိုအရာသည် သူ၏နှလုံးသားကို တတိတိ ကိုက်စားနေသည့် မြွေဆိုးတစ်ကောင်အလားပင်။
သူ၏အမှားများကို မြင်လာ၊ သတိပြုမိလာသောအခါ နောင်တရသောစိတ်သည် စိတ်ဓာတ်ကျနေသော သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာတော့သည်။
အေးစက်စက်အမူအရာဖြင့် ထန်ရှုက သူ့အား ကြည့်ရင်း လေသံခပ်ပေါ့ပေါ့ဖြင့်
"မင်း ဒီလိုပြောလိုက်တော့ မင်းရဲ့လူတွေ စိတ်ပျက်သွားမှာ မကြောက်ဘူးလား။ သူတို့ကို ကြည့်လိုက်။ ယုန်တစ်ကောင်သေသွားလို့ ဝမ်းနည်းနေတဲ့ မြေခွေးတွေနဲ့ မတူဘူးလား။"
ရီဝမ်တောင်သည် တွေဝေနေသော အမူအရာဖြင့် လှည့်ကြည့်လိုက်ရာ သူ့လူများက သူ့အား မယုံကြည်နိုင်စွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
နောင်တရမှုလှိုင်းသည် ရင်ထဲမှ တလိမ့်လိမ့် တက်လာကာ ချက်ချင်းပင် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် တစ်ခုခုကို သူ နားလည်သွားသည်။ သူ့အား သနားညှာတာရန် အစောပိုင်းက သူ ပြောလိုက်သော စကားသည် သူ့လူများ၏နှလုံးသားများကို အေးစက်သွားစေသည်။
“ငါ…”
ရီဝမ်တောင် ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်စကား ဆိုရမည်မှန်း မသိတော့ချေ။
"စောင့်ကြတာပေါ့။" ထန်ရှု ရယ်သွမ်းသွေးလိုက်သည်။
“မင်း အသက်ရှင်နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ မင်းအကိုကြီး ရောက်လာတဲ့ အမြန်နှုန်းပေါ် မူတည်လိမ့်မယ်။"
ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် စီးကရက်ကို မီးညှိလိုက်ပြီး ဘေးဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူသည် သစ်ပင်ကြီးတစ်ပင်ကို မှီပြီး စကားမပြောတော့ချေ။
ရီဝမ်တောင် မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားရင်း အတွေးများ ယောက်ယက်ခတ်နေသည်။ သူ မည်သည့်အကြောင်းအရာများ တွေးနေလဲဆိုသည်ကို မည်သူမှ မသိကြချေ။ နှစ်ပေါင်းများစွာ သူ့နောက်ကို လိုက်ခဲ့တဲ့ သူ့နောက်လိုက်များပင် သူ၏စိတ်ထဲ မည်သည့်အရာရှိမှန်း မသိကြပါပေ။ ဆယ်မိနစ်အကြာတွင် ရီဝမ်တောင်၏မျက်လုံးများ ပွင့်လာကာ ထန်ရှုဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
"ထန်ရှု … ငါ့အကိုကြီးကို စောင့်စရာ မလိုတော့ဘူး။ မင်း ငါ့ကို သတ်ချင်သပဆိုရင် အခုသတ်လို့ရတယ်။"
တစ်ခုခုကို အာရုံရလိုက်သဖြင့် ထန်ရှုက ခေါင်းကို မြှောက်ကာ ရီဝမ်တောင်အား ကြည့်လိုက်သည်။ ရီဝမ်တောင်၏အတွင်းမှ ဖျော့တော့သော တစ်ဖက်စွန်းရောက်မှုအော်ရာသည် အရိပ်အမြွက်မျှ မရှိတော့ဘဲ မမျှော်လင့်စွာ ပျောက်ကွယ်သွားသည်ကို တွေ့ရချိန်တွင် သူ အံ့အားသင့်သွားသည်။ ရီဝမ်တောင်၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အနည်းငယ်ရှိသော်လည်း ယခုအခါ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် ခိုင်မာနေခဲ့သည်။
ဘာတွေ ဖြစ်သွားခဲ့တာလဲ…
ထန် ရှု အနည်းငယ် မျက်မှောင်ကြုတ်သွားရင်း သူ့ကို ကြည့်လိုက်ကာ
"မင်း စိတ်ပြောင်းသွားတာလား။"
“ငါ့ရဲ့ အခုလက်ရှိအခြေအနေက အရင်က ငါ နှိပ်စက်ညှဉ်းပန်းခဲ့တဲ့သူတွေနဲ့ အတူတူပါပဲ။ အရင်က အဲ့ဒီခံစားမှုကို နားမလည်နိုင်ခဲ့ပေမယ့် အခုတော့ ငါ နားလည်နိုင်ခဲ့ပြီ။ သူတို့တွေရဲ့ ကြောက်ရွံ့မှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ၊ အဲ့ဒါတွေက တကယ်ပဲ ... အာ… မေ့လိုက်ပါ။ မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်။ ဒါပေမယ့် မင်းငါ့ကို မသတ်ခင် အခြေအနေတစ်ခုတော့ မင်းခွင့်ပြုပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။" ရီဝမ်တောင်က ပြောသည်။
"ငါ့ကို အခြေအနေတွေ ပြောနေတာလား။ မင်းမှာ အခွင့်အရေးရှိမယ်လို့ ထင်နေတာလား။" ထန်ရှုက ရယ်မောလိုက်သည်။
“အခြေအနေတွေအကြောင်း မပြောပါဘူး။ တောင်းဆိုချက်တစ်ခုပါပဲ ဒါမှမဟုတ် တောင်းပန်တာလို့လည်း ပြောလို့ရတယ်။”
ရီဝမ်တောင်က ခေါင်းယမ်းကာ ပြန်ဖြေသည်။
"ပြောကြည့်ပါ။" ထန်ရှုက ပြောသည်။
ရီဝမ်တောင်၏အကြည့်သည် သူ၏လူများဆီသို့ ရောက်သွားကာ ဖြည်းဖြည်းပြောလိုက်သည်။
“ငါက ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့ဖူးတဲ့ လူကြမ်းတစ်ယောက်ပါ။ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်တဲ့ လူဖြစ်သလို လူများစွာကိုလည်း နှိပ်စက်ညှဉ်းပန်းခဲ့သေးတယ်။ ဒီနေ့ မင်း ငါ့ကို သတ်ခဲ့ရင်တောင် အဲဒီပြစ်မှုတွေအတွက် ငါ ပြစ်ဒဏ်ခံထိုက်တယ်လို့ ဝန်ခံပါတယ်။ ငါ့လိုလူစားတွေက ကိုယ်လုပ်ခဲ့တာတွေအတွက် အနှေးနဲ့ အမြန်ဆိုသလို ပေးဆပ်ရမှာပါပဲ။ ဒါပေမယ့် ငါ့နောက်ကိုလိုက်တဲ့ ငါ့လူတွေက လူကောင်းလုံးလုံးမဟုတ်ပေမဲ့ အများစုက ငါ့အမိန့်ကို လိုက်နာပြီး ငါခိုင်းတာ လုပ်နေရတာပါ။ ငါ ညွှန်ကြားလို့သာ အဲ့လိုမကောင်းမှုတွေကို လုပ်ကြတာပါ။ ဒါကြောင့် မင်းလည်း သူတို့ကို အပြစ်ပေးပြီးသားမို့ သူတို့အသက်ကို ချမ်းသာပေးပြီး လွှတ်ပေးလိုက်ဖို့ ငါ မျှော်လင့်ပါတယ်။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူတို့ နှုတ်လုံစေရမယ်လို့လည်း ငါ ကတိပေးတယ်။”
"မင်း ငါ့ကို နောက်နေတာလား။" ထန်ရှုက မျက်ခုံးပင့်ကာ ရယ်မောလိုက်သည်။
“မနောက်ပါဘူး … ငါ သေရမယ်ဆိုရင်တောင် လေးလေးနက်နက် သေသွားချင်တယ်။” ရီဝမ်တောင်က ခေါင်းယမ်းရင်း ပြောသည်။
ထိုခဏအတွင်း ရီဝမ်တောင်၏လူများသည် အမူအရာများ ပြောင်းလဲသွားခဲ့သည်။ သူတို့၏မျက်လုံးများထဲတွင် မယုံကြည်နိုင်ဟန်များဖြင့် ပြည့်နှက်နေသေးသော်လည်း စိတ်ကူးတွေးဆနေကြသော အမူအရာတစ်ခုလည်း ရှိနေသေးသည်။ ရီဝမ်တောင် သည်ကဲ့သို့စကားမျိုး ပြောလိမ့်မည်ဟု မည်သည့်အချိန်ကမှ သူတို့ မမျှော်လင့်ထားခဲ့ချေ။
သိရမည်မှာ လွန်ခဲ့သည့်ဆယ်မိနစ်ခန့်က ရီဝမ်တောင်သည် အကြောက်တရားဖြင့် အသက်ချမ်းသာပေးရန် တောင်းဆိုခဲ့သည်။ သူသည် ပြတ်ပြတ်သားသား မဖော်ပြထားခဲ့သည့်တိုင် သူ၏စိတ်ထဲတွင် ရှိနေသောအရာတချို့အား သူ၏မျက်နှာထက်တွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သည်။ သို့သော် အခု ဆယ်မိနစ်ကျော်ကြာသောအခါ သူသည် အခြားလူတစ်ယောက် ပြောင်းလဲသွားသည့်အလား ဖြစ်သွားခဲ့သည်။ မည်သည့်အတွက်ကြောင့် သည်ကဲ့သို့ သူ ဆုံးဖြတ်ချက် ချရပါသနည်း။
ထန်ရှုက အပြုံးဖြင့် လက်ခုပ်တီးလိုက်ရင်း
“မင်း ကောင်းကောင်းမွန်မွန် နိုးထလာတာလား ဒါမှမဟုတ် တစ်ခုခု ကြုံနေတာလားလို့။ သားသတ်သမားက သူရဲ့ဓားကို အသုံးမပြုဘဲ လွှတ်ချခဲ့ရင် ဗုဒ္ဓဖြစ်လာနိုင်တယ်လို့ ဗုဒ္ဓဘာသာဝင်တွေက ဆိုကြတယ်။ ဒီနေ့ မင်း မသေဘူးဆိုရင် အိမ်ကထွက်ပြီး မင်း ဘုန်းကြီးဝတ်လို့ ရပြီ။ ဘာပဲဖြစ်ဖြစ် အခုတော့ မင်းကို ငါ မသတ်သေးပါဘူး။ မင်းရဲ့ကျောထောက်နောက်ခံဖြစ်တဲ့ ကျင်းတိအုပ်စုရဲ့သူဌေး မင့်အစ်ကိုကြီးကလည်း ဒီတစ်နှစ်ပတ်လုံး မကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ် မဟုတ်လား။ သူ့ကိုလည်း ရှင်းလင်းရေးလုပ်ဖို့ လိုနေသေးသလို ကောင်းမွန်တဲ့ ဈေးနဲ့ ပေးချေခိုင်းရဦးမှာပဲ။”
"မလုပ်နဲ့…"
ရီဝမ်တောင်က အမှတ်တမဲ့ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
“ထန်ရှု … ငါ့လုပ်ငန်းက သူနဲ့ မဆိုင်ပါဘူး။ ငါ့အစ်ကိုကြီးရဲ့အကူအညီကြောင့် ဒီနေ့အထိ ငါ အောင်မြင်မှုတွေ ရခဲ့တယ်ဆိုနိုင်ပေမယ့် ငါ့ရဲ့မကောင်းတဲ့ လုပ်ရပ်တွေမှာ သူ ပါဝင်တာရှားပါတယ်။ မင်းက အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ သိပါတယ်။ ငါ့အကိုကြီးက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာလည်း ငါ သိတယ်။ ဒါပေမယ့် မင်း သူ့ကို ဘာမှ မလုပ်ဖို့ ငါ မျှော်လင့်တယ်။"
“အခုတော့ ငါ အစွမ်းထက်တာ မင်း သိတယ်ပေါ့။” ထန်ရှု လှောင်လိုက်သည်။
လေးပင်စွာ ခေါင်းညိတ်ပြရင်း ရီဝမ်တောင်က စကားများကို တစ်လုံးချင်း ဂရုတစိုက် ပြောလိုက်သည်။
“ငါ ကြားဖူးတဲ့ သိုင်းပညာရှင်တွေထက် မင်းက ပိုလည်း သန်မာသလို ပိုပြီးလည်း အစွမ်းအစရှိပါတယ်။ ငါတို့နိုင်ငံရဲ့ထိပ်သီးအထူးအင်အားစုတွေတောင် မင်းနဲ့ယှဉ်ရင် အားနည်းနိုင်တယ်။ မင်း ဘယ်သူလဲဆိုတာ ငါ မသိသလို မင်းရဲ့နောက်ခံကိုလည်း ငါ မသိပါဘူး ဒါပေမယ့် ငါတို့ ဒီကိစ္စကို ဒီနေရာတင် အခုပဲ ရပ်လိုက်ဖို့ ငါ မျှော်လင့်တယ်။ ငါ မင်းရဲ့အရှေ့မှာပဲ ရှိတယ်။ မင်း ဆန္ဒရှိရင် ငါ့ကို သတ်လိုက်ပါ။”
ထန်ရှု တိတ်ဆိတ်သွားသည်။ ရီဝမ်တောင်၏အမူအရာအား သူ အကဲခတ်ကြည့်ရာတွင် တည်ငြိမ်အေးဆေးနေသည်ကို တွေ့ရပြီး အသက်ရှုသံပင် ပုံမှန်ဖြစ်နေသောကြောင့် ထိုစကားများအား ဟန်ဆောင်ပြောဆိုနေခြင်း မဟုတ်သည်မှာ သေချာသလောက်ပင်။
“စောင့်ကြတာပေါ့။” နောက်ဆုံးတွင် ထန်ရှု ဆုံးဖြတ်ချက် ချလိုက်သည်။
“မင်း ဘာကို စောင့်နေတာလဲ ထန်ရှု…” ရီဝမ်တောင် ကျယ်လောင်စွာ မေးလိုက်သည်။
“ငါက ငါ … ငါ့အစ်ကိုကြီးက ငါ့အစ်ကိုကြီးပဲ။ သူက မင်းကို ဘာမှ မလုပ်ထားဘူးလေ။”
“သူ ငါ့ကို ဘာမှ မလုပ်ထားပါဘူး။ ဒါပေမယ့် သူ ဘယ်လို လူစားမျိုးလည်း သိချင်တယ်။ သူက မင်းလိုပဲဆိုရင် သူ့ကို သတ်ဖို့ ငါ့စိတ်က အဆင်ပြေတယ်။ ပိုကောင်းမလား ဒါမှမဟုတ် အဆိုးဆုံး ဖြစ်မလားဆိုတာတော့ လူတွေကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် စဉ်းစားရလိမ့်မယ်။”
ထန်ရှု ခံစားချက်မရှိသောအမူအရာဖြင့် ပြောလိုက်သည်။
“မင်း…”
ဒေါသထွက်လာသော ရီဝမ်တောင်သည် သူ၏အနောက်တွင် ဖုန်းကိုင်ကာ ရပ်နေသော လူအား ကြည့်ကာ
“ငါ့အစ်ကိုကို ဖုန်းခေါ်ပေး။ ငါ သူနဲ့ စကားပြောချင်တယ်။”
“မင်းရဲ့လူတွေ အစုလိုက်အပြုံလိုက် မသေစေချင်ရင် ငြိမ်ငြိမ်နေတာ ပိုကောင်းမယ်။” ထန်ရှု အေးဆေးစွာ ပြောလိုက်သည်။
ရီဝမ်တောင် ကျောက်ရုပ်ဖြစ်သွားသကဲ့သို့ နောက်လိုက်၏လည်ပင်းသည်လည်း ကျုံ့သွားသည်။ ခေါ်ဆိုမည့်ဖုန်းခလုပ်ပေါ် တင်ထားသည့် ထိုသူ၏လက်ချောင်းသည်ပင် တောင့်တင်းသွားရကာ ကူကယ်ရာမဲ့စွာဖြင့် ရီဝမ်တောင်နှင့် ထန်ရှုတို့အား ကြောက်ရွံ့တုန်ရီစွာ ကြည့်နေသည်။
အချိန်သည်ကုန်ဆုံးလာခဲ့ပြီဖြစ်ပြီး ချီနန်သည် ထာဝရခန်းမ၏ကျွမ်းကျင်သူ ၆ယောက်နှင့်အတူ ရောက်လာခဲ့သည်။
ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည်။ ထာဝရခန်းမနှင့် သည်နေရာသည် အမှန်တကယ်အားဖြင့် မဝေးသည်ကို သူ နားလည်သွားသည်။ ကားဖြင့်လာပါက အလွန်ဆုံးကြာမှ မိနစ်၂၀သာ ရှိပေမည်။
“သူဌေး…”
“သူဌေး…”
ချီနန်သည် ထန်ရှု၏အရှေ့သို့လာကာ လေးစားစွာ နှုတ်ဆက်သည့်နည်းတူ ကျွမ်းကျင်သူ ၆ယောက်သည်လည်း တစ်တန်းတည်း ညီညာစွာ ရပ်ကာ တလေးတစား နှုတ်ဆက်ကြသည်။
ထန်ရှုကဲ့သို့ ရှန်ဟိုင်းတက္ကသိုလ် ကျောင်းသားသစ်လေးတစ်ယောက်တွင် တကယ်ပင် လက်အောက်ငယ်သားများ ရှိလိမ့်မည်ဟု မထင်ထားသောကြောင့် ရီဝမ်တောင် အံ့သြသွားကာ ကျောက်ရုပ်ဖြစ်သွားရသည်။ ထို့ပြင် ကျွမ်းကျင်သူ၆ယောက်၏ ခိုင်မာမြဲမြံနေသော ခြေလှမ်းများကို ကြည့်ရင်း သာမန်လူများ မဟုတ်သည်ကို သူ ပြောနိုင်ပေသည်။ တစ်ယောက်စီတိုင်းသည် အစစ်အမှန် အရည်အချင်းများ ရှိသော ကွန်ဖူးပညာရှင်များ ဖြစ်နိုင်သည်။
သူ၏လူများအား ထန်ရှု ခေါင်းညိတ်ပြရင်း
“အရင်ဆုံး ဒီမှာ စောင့်ကြတာပေါ့။ တချို့လူတွေ လာနေတုန်း ရှိသေးတယ်။ ငါ ပြသနာရှင်းပြီးသွားရင် နောက်ဆက်တွဲတွေနဲ့ ကျန်တဲ့အလောင်းတွေကိစ္စကို မင်း တာဝန်ယူ ဖြေရှင်းလိုက်ပါ။”
“ဒါကို ဖြေရှင်းဖို့ တစ်နည်းပဲ ရှိတယ် သူဌေး…” ချီနန်က ပြောသည်။
“မင်း ဆိုလိုတာက…” ထန်ရှု စကားထောက်ပေးလိုက်သည်။
“အကုန်လုံးကို သတ်ပစ်။ အလောင်းတွေကို ဒီည သင်္ဘောနဲ့ သယ်ဖို့ ငယ်သားတချို့ကို ငါ တာဝန်ပေးလိုက်မယ်။ ပြီးရင် ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးလိုက်ရုံပဲ။”
…ရှူး…
ရီဝမ်တောင် နှင့် သူ၏လူများသည် ပင့်သက်မရှိုက်ဘဲ မနေနိုင်တော့ပေ။ ချီနန်ကဲ့သို့သော အလှလေးကပင် မြွေများနှင့်ကင်းမြီးကောက်များကဲ့သို့ ရက်စက်သော နှလုံးသားရှိနေသည်ကို မတွေးတတ်လောက်အောင် မယုံနိုင်လောက်အောင် ဖြစ်နေသောအမူအရာများသည် သူတို့၏မျက်လုံးများထဲတွင် ပြည့်လာသည်။ သည်နေရာတွင် လူဒါဇင်နှင့်ချီ ရှိသည်။ သည်လူအားလုံးကို သတ်လိုက်မည်ဟု ဆိုခြင်းသည် မည်မျှ ရက်စက်ကြမ်းကြုတ်လိုက်သည့်စကား ဖြစ်ပါသနည်း။ ထန်ရှုသည် အလွန်ရက်စက်ပြီး သနားစာနာခြင်း ကင်းမဲ့သည်ဟု သူတို့ မူလက ထင်ခဲ့ကြသော်လည်း သူ၏လက်အောက်ငယ်သားများက သာ၍ ဆိုးပေသည်။
“သူတို့အားလုံးကို သတ်ပြီး အလောင်းတွေဖျက်ဆီးတာက ပြဿနာအတွက် အကောင်းဆုံးဖြေရှင်းချက်ပဲ။ ဒါပေမယ့် အလွန်အကျွံ သတ်ဖြတ်ခြင်းက အနာဂတ်အတွက် မကောင်းဘူး။” ထန်ရှုက ခေါင်းယမ်းကာ ပြောသည်။ "စောင့်ကြရအောင်။ အရေးကြီးဆုံးလူရောက်တဲ့အထိ စောင့်ကြတာပေါ့။ ငါ သူ့အပြုအမူကို သဘောကျရင် ဒီပြဿနာက ချက်ချင်း ဖြေရှင်းပြေလည်သွားလိမ့်မယ်။ ဒါပေမဲ့ သူတို့က ရန်လိုပြီး မောက်မာရင် သူတို့ရဲ့ ခေါင်းဆောင်တချို့ကို သတ်ပစ်မယ် … ကျန်တဲ့သူတွေကို မဲချသတ်လိုက်မယ်။ နောက်ပြီး ဒီနေ့မှာ အသက်ရှင်ကျန်သူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကိုမှ ထုတ်ဖော်ရဲမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။”
"ဘယ်လို သေချာနေတာလဲ သူဌေး…" ချီနန် အံ့သြစွာ မေးလိုက်သည်။
"ဒီလူတွေအားလုံးမှာ မိသားစုတွေရှိတယ်လို့ ငါယုံတယ်။ သူတို့ ပါးစပ်ဖွင့်ဝံ့ရင် သူတို့မိသားစုတွေပါ အသတ်ခံရမယ်ဆိုတာ သိရမယ်။ သူတို့ရဲ့မိသားစုတွေပါ အပျက်စီးခံပြီး လျှာစောင်းထက်ဖို့ သတ္တိရှိမယ်လို့ မင်း ထင်လား။”
ချီနန် တခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြကာ “မှန်ပါတယ် သူဌေး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေရဲ့ မိသားစုတွေကို သေချာစုံစမ်းဖို့ လူလွှတ်ထားလိုက်မယ်။ ငါတို့ကို နှောင့်ယှက်ဝံ့တဲ့ ဘယ်သူမဆို သူနဲ့ သူ့မိသားစုတွေ နိုင်ငံခြားကို ထွက်ပြေးသွားရင်တောင်မှ သူတို့ကို ခြေရာခံပြီး သတ်ပစ်ဖို့ နည်းလမ်းတွေ ရှိနေတုန်းပဲ။”
"ငါပြောသလိုပဲ နောက်ဆက်တွဲက မင်းကိုင်တွယ်ရမယ့် အရာပဲ။" ထန်ရှုက ဆိုသည်။
"ပြီးပြီလို့သာ မှတ်လိုက်ပါ။" ချီနန် ခေါင်းညိတ်သည်။
ထန်ရှုတို့ နှစ်ယောက်စလုံး သူတို့၏စကားများအား ဖုံးကွယ်မထားသောကြောင့် ရီဝမ်တောင်နှင့် သူ၏လူများသည် ကောင်းစွာ ကြားနေရသဖြင့် လည်ပင်းများ အေးကနဲ ဖြစ်သွားသည့်နှယ် ခံစားလိုက်ရသည်။
လက်ရှိအချိန်တွင် ထန်ရှု၏ ပုံရိပ်အစစ်အမှန်အား သူတို့ သတိမမူမိကြသေးသော်လည်း ရက်စက်ပြီး အကြင်နာတရားကင်းမဲ့သော ချီနန့်ကို ပို၍ပင် ကြောက်လန့်နေကြသည်။ ထို့ကြောင့် လူတစ်ယောက်က သူတို့၏လည်ပင်းအား ဓားဖြင့်ထောက်ကာ ခြိမ်းခြောက်မည်ဆိုလျှင်ပင် သည်နေ့ကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းမှ မထွက်စေရဟုပင် သူတို့၏စိတ်ထဲတွင် ကြိတ်ကာ ဆုံးဖြတ်ထားသည်။
ဆယ်မိနစ်အကြာတွင် ရီဝမ်ဟီသည် အနက်ရောင်ဝတ်စုံဝတ်ထားသော လူဒါဇင်များစွာနှင့်အတူ အိပ်မက်သစ်ကုမ္ပဏီသို့ အပြေးရောက်ရှိလာခဲ့သည်။ ကုမ္ပဏီ၏အနောက်ဘက် ခြံဝင်းသို့ ရောက်သောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့် သူ၏မျက်နှာသည် သိသိသာသာ ပျက်သွားရတော့သည်။
***