← Chapters

စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်

Vol. 10 Ch. 460

စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်

Vol. 10 Ch. 460

အိပ်မက်သစ်ကုမ္ပဏီမှ ထွက်ခွာပြီးနောက် ထန်ရှုသည် ချီနန်နှင့်အတူ ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံသို့ တန်းတန်းမတ်မတ် သွားခဲ့ပြီး ထာဝရခန်းမ၏ ကျွမ်းကျင်သူခြောက်ဦးကမူ ရီညီအစ်ကိုအား တိတ်တဆိတ် စောင့်ကြည့်ရန် အိပ်မက်သစ်ကုမ္ပဏီအနီးတွင် ကိုယ်ယောင်ဖျောက် ပုန်းခိုနေခဲ့သည်။

အဆုံးသတ်တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်များအား ထန်ရှု မပေါ်ပေါက်လာစေချင်ပေ။ ရီညီအစ်ကိုက ရဲအား ဖုန်းဆက်ခြင်း သို့မဟုတ် နောက်ဆက်တွဲကိစ္စများကို ကောင်းမွန်စွာ မကိုင်တွယ်ခြင်းများ ရှိခဲ့ပါက ထိုကျွမ်းကျင်သူခြောက်ယောက်က ချေမှုန်းမည်ဖြစ်သည်။

အတွင်းလူနာဆောင်ဌာန…

လူနာခန်းထဲဝင်လာသော ထန်ရှုသည် ယွမ်ချူးလင်တစ်ယောက် လက်ကိုင်ဖုန်းနှင့် ဂိမ်းကစားနေသည်ကို တွေ့လိုက်ရသည်။ သူက ရယ်မောကာ ယွမ်ချုးလင်ဆီ သွားရင်း

“မင်းတို့အတွက် သူနာပြုတွေရှာဖို့ လူတစ်ယောက်ကို ငါ လွှတ်ထားတယ်။ မင်းတို့တစ်ယောက်စီအတွက်

သူနာပြုနှစ်ယောက်စီ ရှိလိမ့်မယ်။ ဆေးရုံတက်ခနဲ့ ဆေးဖိုးဝါးခအားလုံးကိုလည်း ငါ ပေးခဲ့ပြီးပြီမို့ မင်းတို့ဒဏ်ရာ ပျောက်တဲ့အထိ ဒီမှာ သက်တောင့်သက်သာ နေလို့ရတယ်။ မင်းတို့ကျောင်းနဲ့ပတ်သက်မယ့် ပြဿနာတွေအတွက် ရှင်းပေးမယ့်လူကိုတော့ နောက်မှ ငါ ရှာပေးမယ်။"

ယွမ်ချူးလင် အံ့သြတုန်လှုပ်သွားပြီး ထန်ရှုကို စိုက်ကြည့်ကာ "အစ်ကိုကြီး … ငါ အပြင်မှာ နေပြီး ကုလို့ရမလား။ ဆေးရုံအနံ့ကို ငါ သည်းမခံနိုင်ဘူး နောက်ပြီး အိပ်ရာပေါ်မှာ လှဲနေရတာ ပျင်းစရာကြီး။”

"မရဘူး … မင်း ဒီမှာ ပျောက်ကင်းတဲ့အထိ နေရမယ်။" ထန်ရှုက ခေါင်းခါလိုက်ရင်း

“အခုအရေးတကြီး လုပ်ရမှာက သက်သာလာဖို့ပဲ။ နောက်ပြီး အောက်တိုဘာအားလပ်ရက်လည်း မကြာခင် ရောက်တော့မှာလေ။ အဲ့ဒါပြီးမှ မင်း ကျောင်းစတက်ပေါ့။ အဲ့ဒီအချိန်ကျရင် မင်း အိပ်ရာကနေထပြီး ကျောင်းကို သတင်းပို့နိုင်သလို ကျောင်းဝင်းအပြင်မှာ အနားယူကုသလို့လည်း ရတယ်။"

“ဒါပေမယ့် အစ်ကိုကြီး … မင်းက ပြိုင်ဖက်ကင်း နတ်ဆေးသမားတော် မဟုတ်ဘူးလား။ ဒီမှာရှိတဲ့ ဆရာဝန်တွေက မင်းနဲ့ ယှဉ်လို့မရဘူး။ မင်း ငါ့ကို ကုပေးရင်ရော ဘယ်လိုလဲ။"

ယွမ်ချူးလင် စိတ်ဓာတ်ကျသွားကာ မေးလိုက်သည်။

“မင်းရဲ့ဒဏ်ရာတွေက အပေါ်ယံထိခိုက်ထားတာပါပဲ။ ဖြည်းဖြည်းချင်း ကုဖို့ပဲ လိုတယ်။ ငါ အကောင်းဆုံး လုပ်ပေးနိုင်တာက ရှေးဦးသူနာပြုစုခြင်းနဲ့ နာတာရှည်ရောဂါတွေကို ကုသခြင်းပဲ လုပ်နိုင်တယ်။ ငါ မင်းကို ကုသပေးရင်တောင် သက်ရောက်မှုက သိပ်ကွာခြားမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဖြည်းဖြည်းချင်း ပြန်သက်သာလာတာပဲ ကောင်းတယ်။ မင်းပြန်ကောင်းလာပြီးရင် မွေးမြူရေးခြံထဲက အဆီများတဲ့ ဝက်တစ်ကောင်လို ကျန်းမာလာလိမ့်မယ်။"

“ချီးပဲ…”

ယွမ်ချူးလင် ပြောစရာ စကားမဲ့သွားရသည်။ သူ့တွင် အဆီများ ပြည့်ဖြိုးနေသောကြောင့် တတ်နိုင်သမျှ ကိုယ်အလေးချိန် မြန်မြန် ချနိုင်ရန် ဆန္ဒရှိပေသည်။ ထန်ရှု၏ မှတ်ချက်စကားက သူ့အား ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက် ဖြစ်သွားစေသည်။

"ဒါနဲ့ မင်း ဘာတွေ လုပ်ခဲ့တာလဲ အစ်ကိုကြီးထန်…"

"ငါ အိပ်မက်သစ်ကုမ္ပဏီကို သွားခဲ့တယ်" ထန်ရှုက ပြောသည်။

ယွမ်ချူးလင် အထိတ်တလန့် ကြည့်မိရင်း

“မင်း အဲ့ဒီကို တကယ်သွားခဲ့တာလား။ မင်း ... ဘာသွားလုပ်ခဲ့တာလဲ။"

"မင်းအတွက် လက်တုံ့ပြန်ပေးတာ။" ထန်ရှုက ခပ်တည်တည် ပြန်ဖြေသည်။

ယွမ်ချူးလင် တုန်ရီသွားသည်။ သို့သော် ထန်ရှု မည်သည့်ဒဏ်ရာမှ မရရှိခဲ့သည်ကို မြင်သည့်အခါ သိချင်စိတ် ပြင်းပြလာပြီး

"မင်း ငါ့အတွက် ဘယ်လိုလက်စားချေလိုက်တာလဲ။"

“အရိုက်ခံဖို့ လိုတဲ့သူတွေကို ရိုက်ခဲ့ပြီး အသတ်ခံဖို့ လိုတဲ့သူတွေကို သတ်ခဲ့တယ်။" ထန်ရှုက ခပ်ဖွဖွ ပြောသည်။

"အိပ်မက်သစ်ကုမ္ပဏီရဲ့ သူဌေး— ရီဝမ်တောင်က မင်းကို တောင်းပန်ဖို့အတွက် မနက်ဖြန် ဆေးရုံဝင်ပေါက်မှာ ဒူးထောက်တောင်းပန်ဖို့ လာမယ်။ လျော်ကြေးအနေနဲ့ ယွမ် ၁ဘီလီယံ ပေးမယ်ကွာ။ မင်း ပိုက်ဆံလိုချင်လား။"

အောက်မေးရိုးပြုတ်ကျလုမတတ် အံ့အားသင့်နေသော ယွမ်ချူးလင်သည် ထန်ရှုအား မယုံနိုင်ဟန် စိုက်ကြည့်နေရင်း  ထန်ရှု ကြွားဝါနေသည်လားဟု သူ သံသယ ဖြစ်မိသည်။

"ဒါ တကယ်လား အစ်ကိုကြီး…"

“ဟုတ်တယ် … ဒါ တကယ်ပဲ။" ထန်ရှုက အလေးအနက် ပြောလိုက်သည်။

ထန်ရှု နောက်နေခြင်း မဟုတ်ကြောင်း သိသွားသည့် ယွမ်ချူးလင်က တံတွေးတစ်ချက်မျိုချရင်း ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်

“ငါ မယုံနိုင်ပေမယ့် မင်းပြောတာဆိုတော့ ယုံလိုက်ပါမယ်။ ဒါပေမယ့် ပိုက်ဆံတော့ မလိုချင်ဘူး။ ရီလို့ အမည်ပေးထားတဲ့ အဲဒီလူက ဒီပထမပြည်သူ့ဆေးရုံကြီး အဝင်ဝမှာ တစ်ရက်လောက် ဒူးထောက်လာခဲ့ရင် ငါ့ဒေါသတွေ ပြေပျောက်ဖို့ လုံလောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ တစ်နေ့လုံး အဲ့ဒီနေရာမှာ ဒူးထောက်ရမယ်ဆိုရင် သူ ပြသနာလုပ်မှာကို ငါ စိုးထိတ်သေးတယ်။ တခြားနည်းနဲ့ဆိုရင်ရော ဘယ်လိုလဲ။ လူနာခန်းကိုလာပြီး ငါ့ကို သုံးကြိမ် အရိုအသေပေးပြီးရင် လွှတ်ပေးလိုက်ပါ။”

ထန်ရှု တခဏလောက် စဉ်းစားပြီးနောက် ယွမ်ချူးလင်၏အကြံအစည်သည် ကောင်းစွာ အလုပ်ဖြစ်နိုင်သည်ဟု ခံစားမိသည်။

ထို့ကြောင့် ထန်ရှုသည် ရီဝမ်တောင်၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး “ပထမ ပြည်သူ့ဆေးရုံကြီး ဝင်ပေါက်မှာ တစ်ရက်လုံး ဒူးထောက်စရာ မလိုတော့ဘူး။ ငါ့သူငယ်ချင်းကို အရိုအသေ သုံးခါလာပေးရင် တောင်းပန်မှုတစ်ခုအနေနဲ့ လုံလောက်ပြီ။”

"ကောင်းပါပြီ။"

ထိုစကားကို ကြားရသည့် ရီဝမ်တောင်၏အဖြေသည် အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရှိသည်။ အကယ်၍ သူသည် တစ်ရက်လုံး ဒူးထောက်ခြင်း သို့မဟုတ် သုံးကြိမ် အရိုအသေပေးခြင်းအတွက် တစ်ခုကို ရွေးချယ်ရမည်ဆိုပါက သူသည် နောက်ဆုံးအရာကိုသာ သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။ အမှန်တကယ်သာ သူသည် ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံကြီး၏အဝင်ဝတွင် တစ်ရက်လုံး ဒူးထောက်နေခဲ့ရမည်ဆိုပါက နိုင်ငံတွင်းရှိ အဓိကမီဒီယာများအားလုံး၏ခေါင်းစီးသတင်းများတွင် ပါလာမည်မှာ အသေအချာ ဖြစ်ပြီး လုံးဝမျက်နှာပြစရာမရှိ ဖြစ်သွားပေလိမ့်မည်။ နောင်တွင် ရှန်ဟိုင်းမဆိုထားဘိ နိုင်ငံ၏အခြားဒေသများရှိ လူ့အဖွဲ့အစည်းအတွင်းသို့ပင် ရောနှောပါဝင်လာနိုင်မည်မဟုတ်ပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ထန်ရှုက ခပ်ပေါ့ပေါ့ ပြောသည်။

"လျော်ကြေးကို ယွမ်၁၀၀မီလီယံတိုးမယ်။ မနက်ဖြန်လာရင် ငါ့သူငယ်ချင်းဆီ ယူလာပေး။"

"ပြဿနာ မရှိပါဘူး။" ရီဝမ်တောင်၏ အဖြေသည် သိသိသာသာ ပျော်ရွှင်နေဟန်ရသည်။

ဖုန်းကို ချလိုက်ပြီး ထန်ရှုက ယွမ်ချူးလင်ကို ကြည့်ကာ ပေါ့ပါးသောလေသံဖြင့်

"ငါ့မှာ နောက်ထပ် ယွမ် ၁၀၀မီလီယံပဲ ရှိတယ်။ ယွမ်၁ဘီလီယံကို မလိုချင်တဲ့အတွက် အဲ့ဒီယွမ်မီလီယံ ၁၀၀က မင်းရဲ့ မုန့်ဖိုးပဲ။”

ယွမ်ချူးလင်၏အမူအရာက ထူးဆန်းသွားသည်။ သူ့ကိုယ်သူ  ညွှန်ပြရင်း ထန်ရှုကို ကြည့်လိုက်ကာ

"မင်းက ငါ့ကို မုန့်ဖိုးအဖြစ် ယွမ်မီလီယံ ၁၀၀ပေးတာလား။"

"ဒါ မင်းအတွက် မလောက်ဘူးလား။" ထန်ရှု မေးလိုက်သည်။

"ဘာလို့ မလောက်ရမလဲ။ လုံလောက်တယ်။” ယွမ်ချူးလင်က သူ၏လက်ကို အလျင်စလို ဝှေ့ယမ်းပြီး ပြုံးပြလိုက်သည်။ "ယွမ် မီလီယံ၁၀၀ ... ငါ့မိသားစုက တော်တော်ချမ်းသာပြီး ၁ဘီလီယံကို အသာခွဲထုတ်ပေးနိုင်ပေမယ့် ယွမ်မီလီယံ၁၀၀ကို  ဒီလိုရတာ ငါမတွေ့ဖူးဘူး။"

"မင်း ကျေနပ်ရင် ပြီးတာပဲ။" ထန်ရှု ရယ်မောလိုက်သည်။ "ဒါနဲ့ ခေါင်းစီးသတင်းတွေမှာ မင်း ငါ့ကို မြင်ဖူးတယ်မဟုတ်လား။"

ယွမ်ချူးလင် လက်ခုပ်လက်ဝါးတီးကာ ပြုံးပြရင်း

"သိပ်သေချာတာပေါ့။ ဒီတလောလေးက ထွက်လာတဲ့ ဗွီဒီယိုဖိုင်တစ်ခုက တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့သလို တဖွဖွ ပြောနေခဲ့စေတာလေ။ မင်း ဇီသာတီးတာ တော်တယ်ဆိုတာ ငါ ဟိုးအရင်ကတည်းက သိခဲ့ပေမယ့် ဒီလောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မင်းက အခုဆို နာမည်ကြီးဖြစ်နေပြီ အစ်ကိုကြီးရ။”

ကူကယ်ရာမဲ့သော အမူအရာဖြင့် ထန်ရှုက ပြန်ပြောသည်။

“ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ ငါ ယောင်လို့တောင် မတွေးမိဘူး။ အဲ့ဒီပွဲပြီးနောက်ရက်တွေမှာ ငါ အတန်းတက်လို့တောင် မရဘူး။ ဒါကြောင့် လာမယ့်ရက်တွေမှာ အတန်းပြန်တက်ဖို့ စီစဉ်နေတယ်။ အားလပ်ရက်မတိုင်ခင်တော့ မင်းဆီကို ငါ လာလည်ပါဦးမယ်။ ဒါပေမယ့် မကြာခဏ မလာနိုင်တော့မှာကို ကြောက်တယ်။”

"မင်း ငါတို့အတွက် သူနာပြုတွေ ငှားပေးမယ်လို့ ပြောထားတယ်မဟုတ်လား။ ငါတို့ကို ပြုစုပေးမယ့် သူနာပြုတချို့ ရှိတယ်ဆိုရင် မင်း အေးအေးဆေးဆေး နေလို့ရတယ် အစ်ကိုကြီး။ ဒါနဲ့ မင်းရဲ့ကျောင်းမှာ မိန်းမလှလေးတွေစာရင်း ဒါမှမဟုတ် တစ်ခုခုရှိတယ်လို့ ကြားမိတယ်။ ကျောင်းဝင်းထဲက အလှပန်းလေးတွေ အများကြီးနဲ့ ချိတ်ဆက်မိသွားရင် ငါ အပျင်းပြေအောင် သူတို့ကို အဖော်လုပ်ပြီး ဒီကို ခေါ်ခဲ့လို့ရမလား ဟဲဟဲ။”

ယွမ်ချူးလင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ပြန်ပြောသည်။

“သေလိုက်လေ…” ထန်ရှု ပက်ကနဲ ပြန်ပြောပေးလိုက်သည်။

…ဒေါက်…ဒေါက်…

တံခါးခေါက်သံ ကြားရပြီး ချီနန် ဝင်လာသည်။ ကုတင်ပေါ်က ယွမ်ချူးလင်ကို ကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် ထန်ရှုဆီသို့ ပြန်ကြည့်လိုက်ပြီး

"သူဌေး … ငါတို့ စုစုပေါင်း သူနာပြု ၁၂ ယောက်ကို ငှားထားတယ်။ နေ့ရောညပါ ဂရုစိုက်ဖို့ နှစ်ယောက်စီ တာဝန်ကျမယ်။ တခြားညွှန်ကြားချက်ရှိသေးလား။"

"ဆေးရုံက အစားအသောက်က သိပ်မကောင်းဘူး။ သူတို့ စားသောက်ဖို့ စီစဉ်ပေးလိုက်ပါ။ ဟင်းပွဲတွေက နူးညံ့ဖို့လိုတယ်။ သူတို့တွေက ထိခိုက်ဒဏ်ရာတွေ ရထားတာဆိုတော့ အဆီများတာတွေ စားဖို့ မသင့်တော်သေးဘူး။ သူတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် အစားအစာမျိုးပေါ့။”ထန်ရှုက ပြောလိုက်သည်။

"နားလည်ပြီ။ ပြန်သွားတဲ့အခါ စီစဉ်ပေးလိုက်မယ်။”  ချီနန် ခေါင်းညိတ်သည်။

"မင်း အရင် ပြန်သွားလို့ရပြီ။ တစ်ခုခု လိုအပ်တာရှိရင် ဖုန်းဆက်လိုက်မယ်။" ထန်ရှုက ပြောလိုက်သည်။

လူနာဆောင်ထဲမှ ထွက်သွားသော ချီနန်ကို ကြည့်နေရင်း ယွမ်ချူးလင်၏မျက်နှာထက်တွင် အံ့အားသင့်နေသော အကြည့်များ ပေါ်လာသည်။

“အဲ့ဒီမမလှလှက ဘယ်သူလဲ အစ်ကိုကြီး။ သူက အရမ်းလှတယ်။ အံ့သြစရာက သူက မင်းကို အရမ်းလေးစားနေတာပဲ။ သောက်ကျိုးနည်း … မင်းက အရမ်းတော်တာပဲ အစ်ကိုကြီး။ အစ်ကိုကြီး ဒီလိုရောနှောနေလို့ ရတာလား။ သူက မင်းရဲ့ဝန်ထမ်းလား။"

"အင်း ... သူ့နာမည်က ချီနန်ပါ။ ငါ့ဝန်ထမ်း မဟုတ်ဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။

“သူမက ရှန်ဟိုင်းထာဝရခန်းမဌာနခွဲရဲ့ မန်နေဂျာလေ။”

"သူမက စားသောက်ဆိုင်ရဲ့ မန်နေဂျာလား။ ဘာဖြစ်လို့ မင်းကို သူဌေးလို့ ခေါ်တာလဲ။" ယွမ်ချူးလင်ကို စိတ်ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။

“ငါက ထာဝရခန်းမရဲ့ ပိုင်ရှင်ဆိုတော့ သူမက ငါ့ဝန်ထမ်းလို့ ပြောရင်လည်းရတယ်။” ထန်ရှုက တခွိခွိ ရယ်နေရင်း ပြောသည်။

"မင်း ရှန်ဟိုင်းမှာတောင် စားသောက်ဆိုင် ဖွင့်ထားသေးလား။" ယွမ်ချူးလင်က တအံ့တသြ မေးလာသည်။

"ဟုတ်တယ်။ ရှန်ဟိုင်း၊ ပေကျင်း၊ ကျင်းမန်ကျွန်းနဲ့ ဟောင်ကောင်က ထာဝရခန်းမမှာ ထမင်းစားချင်ရင် ငါ့နာမည်ကိုသာ ပြောလိုက်။ သူတို့က မင်းကို ပိုက်ဆံမယူဘဲ အထူးဧည့်သည်တစ်ယောက်အနေနဲ့ ဆက်ဆံလိမ့်မယ်။” ထန်ရှုက ပြုံးသည်။

"ဒီယွမ်ကြီးက ယုံကြည်အားကိုးနေပါပြီ အစ်ကိုကြီး။" ယွမ်ချူးလင်က ထန်ရှုကို လက်မထောင်ကာ ချီးကျူးစကားဆိုလိုက်သည်။

“မင်းက ငါ့ရဲ့ စံပြလူသား၊ မင်းက ငါ့စိတ်ထဲမှာ နတ်ဘုရားလို တည်ရှိနေတာမျိုး။ ရှန်ဟိုင်းကိုရောက်တာ ဘယ်လောက် ကြာသေးလို့တုန်း။ ဒီနေရာမှာ စားသောက်ဆိုင် ဖွင့်မယ်လို့ ထင်မထားမိဘူး။ မင်းစကားကို နားထောင်ရတာ ပေကျင်း၊ ဟောင်ကောင်နဲ့ ကျင်းမန်ကျွန်းမှာလည်း ရုံးခွဲဖွင့်ထားသလိုပဲ ဟုတ်လား။ ဒါ အရမ်းမိုက်တယ်။”

“ငါ့ကို စံပြပဲသဘောထားထား … ကြည်ညိုလေးစားတာပဲလုပ်လုပ် အဲ့ဒါကို မင်းရဲ့နှလုံးသားထဲမှာပဲ သိမ်းထား ဟုတ်ပြီလား။"

ထန်ရှု ရယ်မောလိုက်ရင်း

"မင်း အဲ့လိုတွေပြောလာရင် အတော်စိတ်ပျက်စရာကြီး။"

"ချီးပဲ။ မင်း အရှက်ကို မရှိဘူး။" ယွမ်ချုးလင် ရယ်ရင်း ဆဲလိုက်သည်။

"ကောင်းပြီ … မင်း ငါ့ကို ဆဲနိုင်နေတုန်းပဲဆိုတော့ မင်း နေကောင်းနေတဲ့ပုံပဲ။ ဒါနဲ့ ငါ ပြန်လိုက်ဦးမယ်။ မင်းရဲ့ကျောင်းကိစ္စပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို ငါ စဉ်းစားရဦးမယ်။"

"ကျေးဇူးပြုပြီး လုပ်ပေးပါ ဘော့စ်…အစ်ကိုကြီး…" ယွမ်ချူးလင်က အမြန် ပြန်ပြောသည်။

“ဟား…ဟား…ဟား… ငါတို့က ညီအကိုတွေပဲကွာ အဲ့လောက် ယဉ်ကျေးဖို့ လိုလို့လား။ အာ ဟုတ်သားပဲ … မင်းသူငယ်ချင်းနှစ်ယောက်ရဲ့ အချက်အလက်ကို ငါ့ဆီ စာပို့လိုက်ဦး။"

"ကောင်းပြီ။" ယွမ်ချူးလင်က သူ၏ဖုန်းကို အမြန်ထုတ်လိုက်သည်။

****

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် အတွင်းလူနာဆောင်မှ ထွက်လာခဲ့သည်။ ဆေးရုံဝင်းတွင်း ကားရပ်နားရာသို့ ရောက်သောအခါ သူ၏ဖုန်းကို ထုတ်ယူလိုက်သည်။ တခဏလောက်စဉ်းစားပြီးနောက် သူသည် စာတိုတစ်ခုကို တည်းဖြတ်ပြီး ကျင်းရှင်းကွေ့နှင့် ဂူချန်းမင်တို့ထံ ပေးပို့လိုက်သည်။

ခဏကြာတွင် ဂူချန်းမင်၏ ဖုန်းခေါ်ဆိုမှု ဝင်လာသည်။

“ညီအစ်ကိုထန် … ရှန်ဟိုင်းတက္ကသိုလ် သိပ္ပံနဲ့နည်းပညာ ဌာနရဲ့ ဒုဌာနမှူးက ငါ့ယောက်ဖပါ။ မင်း ဘာကြောင့် မေးတာလဲ။"

“အစ်ကိုကြီးဂူ … ကျွန်တော့်သူငယ်ချင်းက ရှန်ဟိုင်းတက္ကသိုလ် သိပ္ပံနဲ့နည်းပညာဌာနက ကျောင်းသားပါ။ သူနဲ့ကျွန်တော်က ကိုယ်လက်ကြံ့ခိုင်ရေးစင်တာတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ မိတ်ဖက်ဖွဲ့ထားတာ။ မကြာသေးခင်က အဲ့ဒီစင်တာကို ပြုပြင်မွမ်းမံနေတုန်း လူတစ်ချို့နဲ့ ပဋိပက္ခဖြစ်ပြီးတော့ သူနဲ့အတန်းဖော်နှစ်ဦး ဆိုးဆိုးရွားရွား အရိုက်အနှက်ခံလိုက်ရတယ်။ အဲ့ဒါ ဒဏ်ရာအပြင်းအထန် ရသွားလို့ အခု ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်ဗျ။ အဲ့ဒါ ပျက်ကွက်ခွင့် ပေးဖို့ ဌာနခေါင်းဆောင်တွေကို အစ်ကိုဂူကတဆင့် ဆက်သွယ်မေးမြန်းချင်လို့ပါ။ သူတို့က ရက်အတော်ကြာ ဆေးရုံတက်ရမှာမို့ အတန်းတွေ ပျက်ရင် အတော် ဒုက္ခရောက်သွားလိမ့်မယ်။”

"ဒါ အသေးအဖွဲလေးပါကွာ … ကိစ္စမရှိဘူး။ ငါ ချက်ချင်း ငါ့ယောက်ဖကို ဖုန်းဆက်ပေးလိုက်မယ်။ အာ ဟုတ်ပြီ … မင်းသူငယ်ချင်းနဲ့အတန်းဖော်တွေရဲ့ အချက်အလက်တွေကို ငါ့ဆီ ပို့ပေးဦး။" ဂူချန်းမင်က ရယ်ကာ ပြောသည်။

"ဒါဆို ခဏလေး စောင့်ပေးပါဦး အစ်ကိုဂူ။"

ထန်ရှုသည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီး ယွမ်ချူးလင်ပေးပို့ထားသော စာကို ပေးပို့ပေးလိုက်သည်။

ထို့နောက်တွင် ကျင်းရှင်းကွေ့ထံမှ ဖုန်းဝင်လာပြီး သူသည် ရှန်ဟိုင်းတက္ကသိုလ်၏ သိပ္ပံနှင့်နည်းပညာဌာနမှ ခေါင်းဆောင်များကို မသိရှိသော်လည်း ရှန်ဟိုင်းတက္ကသိုလ်၏ ခေါင်းဆောင်အချို့ကို သူ သိကြောင်း ပြောပြလာသည်။

ကျင်းရှင်းကွေ့အား အကြမ်းဖျင်းရှင်းပြပြီးနောက် ထန်ရှုသည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ခဲ့သည်။ သူ မမျှော်လင့်ထားသည့် အရာမှာ သူ့အား ကူညီရန် ဂူချန်းမင်သည် ရှန်ဟိုင်းတက္ကသိုလ်၏ သိပ္ပံနှင့်နည်းပညာဌာနသို့ ကိုယ်တိုင် သွားခဲ့ခြင်း ဖြစ်သည်။ ယောက်ဖဖြစ်သူနှင့်ဆွေးနွေးပြီးနောက် အစစ်အမှန်အာဏာရှိသူတစ်ယောက်ဖြစ်သော ရှန်ဟိုင်းတက္ကသိုလ် သိပ္ပံနှင့်နည်းပညာဌာန၏ ဒုတိယဌာနမှူးကိုယ်တိုင် ဦးဆောင်လာသော အဖွဲ့တစ်ဖွဲ့သည် ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံကြီးသို့ အပြေးအလွှားသွားကာ ယွမ်ချူးလင်နှင့် အတန်းဖော်နှစ်ဦးဆီ သွားရောက်ခဲ့သည်။

ထို့အပြင် ယွမ်ချူးလင် ပိုမို အံ့အားသင့်ရသည်မှာ ထိုအဖွဲ့သည် သူတို့၏ နှစ်သိမ့်မှုများကို ဖော်ပြကာ ဆုချီးမြှင့်ပေးခဲ့သည်။ ဆုပေးရသည့်အကြောင်းရင်းမှာ ဒီနှစ်မှ စတင်ပညာသင်ယူသည့် ကျောင်းသားသစ် ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်း စတင်နေသည့် ကျောင်းသားတစ်ယောက် ဖြစ်နေခြင်းကြောင့် ယနေ့ခေတ်ကျောင်းသားများအတွက် စံနမူနာအနေဖြင့် ဆုပေးခြင်း ဖြစ်သည်။

အတိုချုပ်ရသော် …

ယွမ်ချုးလင် အနေရခက်သည့်အထိ အလွန်အမင်း အချီးမွမ်းခံခဲ့ရသည်။ ထို့ကြောင့် တိုးပွားလာသော ထန်ရှု၏ စွမ်းရည်များအတွက် သူ့စိတ်ထဲတွင် ပိုမိုလေးစားလာရသည်။

***

All Chapters