အနှောင့်အယှက်
Vol. 10 Ch. 462
ရှန်ဂရီလာဟိုတယ်သည် လူစည်ကားသော ကျင်းနန်ဒေသတွင် တည်ရှိပြီး ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်ကြီးတစ်ခု ဖြစ်သည်။ အထပ်ပေါင်း များစွာ ပါဝင်သည့် ထိုဟိုတယ်အဆောက်အဦးသည် ထူးခြားကောင်းမွန်ပြီး တည်ဆောက်ပုံသည် အလွန်ပုံစံကျပေသည်။
ထန်ရှုသည် ဓာတ်လှေကား စီးပြီး အခန်းနံပါတ် #၈၀၆၈သို့ ရောက်လာကာ တံခါးကို ချက်ချင်းခေါက်လိုက်သည်။ အတွင်းမှ တံခါးပွင့်လာပြီး လူရွယ်တစ်ယောက်က ထန်ရှုကို စူးစူးစိုက်စိုက်ကြည့်ရင်း
"မင်းက ဘယ်သူလဲ။"
"ထန်ရှု…"
လူရွယ်က ခေါင်းညိတ်ပြပြီး ကော်ရစ်ဒါ၏ တစ်ဖက်တစ်ချက်စီကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူက နောက်ပြန်ဆုတ်ကာ
“မစ္စတာထန် … အထဲကို ဝင်ပါ။”
အခန်းထဲကို လျှောက်သွားပြီးနောက် စားပွဲရှေ့တွင် လူလေးယောက်-ငါးယောက် ထိုင်နေသည်ကို ထန်ရှု တွေ့လိုက်ရပြီး တယောက်က လက်တော့ပ်တစ်လုံးဖြင့် စာရိုက်နေဆဲဖြစ်သည်။ အတွင်းတွင် ပရိုဂျက်တာအသေးစား တစ်ခုရှိကာ အကြမ်းဖက်လုပ်ရပ်ကြောင့် ဖရိုဖရဲဖြစ်နေပုံများ အများကြီး ပြထားသည်။ သာမန်အသွင်အပြင်နှင့် နှုတ်ခမ်းထက်တွင် မှဲ့နက်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အထက်ပါပုံများအား ပရိုဂျက်တာအသေးစားရှေ့တွင် ငြိမ်သက်စွာ ထိုင်ကာ ကြည့်ရှုနေသည်။
"မစ္စတာလျို … ထန်ရှု ရောက်ပါပြီ။"
တံခါးဖွင့်ပေးသော လူငယ်သည် လျိုချန်းရှီ၏ဘေးသို့ သွားကာ သူ့အား တစ်စုံတစ်ခုကို တီးတိုးငုံ့ပြောလိုက်သည်။
လျိုချန်းရှီက နောက်ပြန်လှည့်ကြည့်လိုက်ရာ ထန်ရှု ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာပြီး လျိုချန်းရှီက မတ်တတ်ရပ်လိုက်ကာ နှုတ်ဆက်ရန်အတွက် ထန်ရှုဆီသို့ လျှောက်သွားလိုက်သည်။ သူ၏လက်ကို ဆန့်တန်းပြီး "မင်းနာမည်ကို ငါ ကြားဖူးနေတာ ထန်ရှု … ဒါပေမယ့် ဒီနေ့ မင်းကို တွေ့နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ အကြီးအကဲထန်က ဒီလို ထူးချွန်တဲ့ မြေးလေးကို ပိုင်ဆိုင်ခွင့်ရထားတာ ငါ တကယ်ကို ဝမ်းသာပါတယ်။"
"ယဉ်ကျေးလွန်းနေပါပြီ မစ္စတာလျို။ မစ္စတာလျိုရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေအကြောင်း ကျွန်တော် အများကြီး ကြားဖူးတယ်။ အဲ့ဒီအကြောင်းကို ပြောရရင် မစ္စတာလျိုက ကျွန်တော်တို့နိုင်ငံရဲ့ ဒိုင်းအကာအကွယ် ဖြစ်ပြီးတော့ နိုင်ငံသားတွေကို ကာကွယ်ပေးနေတဲ့သူပါ။ ဒီအဖြစ်အပျက်တွေ ပြီးသွားရင်တော့ ကျွန်တော့်ရဲ့ရိုသေလေးစားမှုကို ပြသဖို့ ညစာစားဖို့ ဖိတ်ချင်ပါတယ်ဗျာ။”
"မင်းရဲ့ ချီးကျူးစကားက ငါ့ကို အနေရခက်စေတယ် ထန်ရှု…" လျိုချန်းရှီက ပြုံးပြသည်။
“လာ … ဒီကို လာထိုင်။ ဝမ်လေး လက်ဖက်ရည်တစ်ခွက်လောက် ပြင်ပေးပါဦး။"
“လက်ဖက်ရည် မသောက်တော့ပါဘူးဗျ။ အစွန်းရောက် ကိစ္စတွေအကြောင်း ပြောကြတာပေါ့။” ထန်ရှုက ပြောသည်။
သူတို့ နေရာယူလိုက်ကြပြီးနောက် လျိုချန်းရှီက ခါးသီးစွာ ပြုံးလိုက်ရင်း
"ထန်ရှု … အမှန်တိုင်းပြောရရင် တစ်နှစ်ကျော် ပုန်းအောင်းနေခဲ့တဲ့ အစွန်းရောက်ဝါဒီတွေရဲ့ သတင်းတွေနဲ့ နောက်တစ်ကြိမ် ထပ်ပြီး လှုပ်ရှားတော့မယ့်သတင်းက မတော်တဆ ငါတို့ သိလာရတာပါ။ သူတို့တွေ ကျန်းရှင်းယာရဲ့ ရှန်ဟိုင်းဖျော်ဖြေပွဲကို ပစ်မှတ်ထားတာကို ထောက်လှမ်းရေးဌာနက ငါတို့ရဲ့ လူတွေထဲက တစ်ယောက်ဆီကပဲ သတင်းအချက်အလက်တွေ ရနိုင်ခဲ့တာကွ။”
ထိုသို့ပြောပြီးနောက်တွင် သူသည် ပရိုဂျက်တာအား ကိုယ်တိုင် ပြခဲ့သည်။ ပရိုဂျက်တာထဲမှပုံသည် ထိပ်ပြောင်အမျိုးသားတစ်ဦး၏ ရုပ်ပုံအဖြစ် ပေါ်လာပြီး "အဲ့ဒီလူကို ရှီပြောင်လို့ ခေါ်တယ်။ သူက အပေါ်ယံတော့ ဗီဒီယိုဂိမ်းကစားနည်းတစ်ခုရဲ့ ပိုင်ရှင်ဆိုပေမယ့် တကယ်တော့ သူက ဒီအစွန်းရောက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးပဲ။ ငါတို့ သူ့ကို စုံစမ်းပြီးပြီ။ သူက ပြီးခဲ့တဲ့နှစ်များစွာက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေမှာ ထင်ရှားခဲ့တဲ့လူပေါ့။ ငါတို့အဖွဲ့ရဲ့နောက်ဆက်တွဲ စုံစမ်းမှုအရဆိုရင် သူက ရှန်ဟိုင်းကိုတောင် ရောက်နေပြီဆိုတာ သေချာသွားပြီ။ အခု သူက အခန်း #၈၀၆၆မှာ နေတယ်။ ဘေးကပ်ရက်အခန်းပဲ။”
ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ရာ လူလတ်ပိုင်းရှီပြောင်ကို ဘေးခန်းတွင် တွေ့လိုက်ရသည်။ ထိုအချိန်တွင် အဆိုပါအမျိုးသားသည် စီးကရက်တစ်လိပ် သောက်နေပြီး လက်ထဲတွင် ဓားမြှောင်တစ်ချောင်းနှင့် ကစားနေသည်။ သူ၏အရှေ့က ဆိုဖာပေါ်တွင် အသက်၁၇နှစ် သို့မဟုတ် ၁၈နှစ်ကြား မိန်းကလေးတစ်ယောက် ထိုင်နေပြီး လက်တော့ပ်ပေါ် စာရိုက်နေသည်။ သူမသည် လက်ရှိတွင် ဂိမ်းတစ်ခုအား ကစားနေခြင်းဖြစ်သည်။
"ရှီပြောင်က မစ္စတာလျိုရထားတဲ့ တစ်ခုတည်းသော သဲလွန်စပဲလား။ ဒီအကြမ်းဖက်အဖွဲ့အစည်းရဲ့ တခြားအဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး သီးခြား ထောက်လှမ်းရေးတွေ ရှိပါသလား။” ထန်ရှုက မေးလိုက်သည်။
လျိုချန်းရှီက အားယူပြုံးပြရင်း ခေါင်းခါလိုက်သည်။ "သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ငါတို့မှာ ရှိပေမယ့် အသေးစိတ် လုံလုံလောက်လောက် မရှိသေးဘူး။ ဥပမာပြောရရင်ကွာ လောင်လန်းဆိုတဲ့အမျိုးသားရဲ့ ကုတ်နံမည်က ဝံပုလွေအိုတဲ့။ သူက အသက်၅၀လောက်ရှိပြီ။ ဒါပေမယ့် သူ့ရဲ့ဓာတ်ပုံ ငါတို့မှာ မရှိသလို သူ့နာမည်အရင်း ဒါမှမဟုတ် သူ့အကြောင်း တခြားအချက်အလက်တွေ ငါတို့ မသိသေးဘူး။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"မစ္စတာလျို … ကျန်းရှင်းယာကို ဆက်သွယ်ပြီးပြီလား။"
“ဟင့်အင်း … ငါတို့ သူမကို မဆက်သွယ်သေးဘူး။ ရန်သူတွေကို သတိပေးသလို ဖြစ်သွားမှာကို ငါတို့ရှောင်ချင်တယ်။” လျိုချန်းရှီ ခေါင်းယမ်းလိုက်သည်။ "ဒါပေမယ့် မနက်ဖြန် နေ့လည်လောက်ကျရင်တော့ သူမကို ဆက်သွယ်လိုက်မှာပါ။"
"သူ့ကို ဖုန်းဆက်ဖို့ မလိုတော့ဘူးလို့ ကျွန်တော် ထင်တယ်။ မစ္စတာလျိုဆီ ကျွန်တော် ဖုန်းခေါ်တုန်းက ဘေးမှာ သူလည်း အတူရှိနေတာ။ သူ့ဘေးကင်းရေးအတွက် သူ့ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ လူတချို့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်။ နောက်ပြီး မနက်ဖြန် ဖျော်ဖြေပွဲ နေရာကို သွားပြီး မစ္စတာလျိုနဲ့ ပူးပေါင်းပြီး ကျွန်တော်လည်း လှုပ်ရှားမယ်လေ။"
"ထန်ရှု … မင်း မသွားတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။" လျိုချန်းရှီက အမြန်ပြောလိုက်သည်။
“ဒီအစွန်းရောက်တွေက မရိုးရှင်းဘူး။ ရှီပြောင်ကိုပဲ ဥပမာကြည့်။ သူက စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အငြိမ်းစား စစ်မှုထမ်းတစ်ဦးပဲ။ သူက ပျောက်ဆုံးသွားပြီး နှစ်အတော်ကြာအောင် ကွယ်ပျောက်သွားခဲ့တာ။ သူ ပြန်ပေါ်လာတော့ ထိုဗီဒီယိုဂိမ်းတစ်ခုရဲ့ပိုင်ရှင် ဖြစ်နေတာပဲ။ သဲလွန်စအမျိုးမျိုးအရဆိုရင် ရှီပြောင်က အတော် အစွမ်းထက်ပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်တယ်လို့ ငါတို့ သိခဲ့ရတယ်။ အကယ်လို့ မင်းသာ ဖျော်ဖြေပွဲမှာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် အကြီးအကဲထန်ကို ငါ ရှင်းပြနိုင်မှာ မဟုတ်ဘူး။"
"စိတ်မပူပါနဲ့ မစ္စတာလျို။ ကျွန်တော်က ကွန်ဖူးပညာရှင်တစ်ယောက်မို့ လူအများစုက ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။” ထန်ရှုက ပြုံးရင်း ပြောသည်။
မည်သို့ပင်ဆိုစေကာမူ လျိုချန်းရှီသည် ထန်ရှုကို မလုပ်ရန်အတွက် ဖျောင်းဖျချင်နေသေးသောကြောင့် ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ ဟန့်တားလိုက်ပြီး "မစ္စတာလျို … ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့။ ကျန်းရှင်းယာက ကျွန်တော့်ရဲ့သူငယ်ချင်း ဖြစ်တဲ့အတွက် သူမရဲ့လုံခြုံရေးကို ကျွန်တော် လျစ်လျူရှုမထားနိုင်ပါဘူး။ နောက်ပြီး တစ်ခုခုဖြစ်ခဲ့ရင် ပေါ့ပေါ့ဆဆနဲ့ အလျင်စလို မလုပ်ပါဘူး။ မစ္စတာလျိုကို အရင် ပြောပြပါမယ်။ မစ္စတာလျိုရဲ့လူတွေ ကိုင်တွယ်ပါစေ။"
ထိုစကားကို ကြားသည်နှင့် လျိုချန်းရှီက ချက်ချင်း စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးကာ
“ဒါဆို ငါ စိတ်အေးအေး နေနိုင်ပါပြီ။ ဒါနဲ့ ရှန်ဟိုင်း ပြည်သူ့လုံခြုံရေးဌာနခေါင်းဆောင်တွေနဲ့ ငါ တွေ့ပြီးပြီ။ ဒီဟာက ပူးတွဲစစ်ဆင်ရေးဖြစ်တာမို့ လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် အထူးရဲတပ်ဖွဲ့တွေလည်း လျှို့ဝှက်လုပ်ဆောင်လိမ့်မယ်။ ပရိသတ်တွေနဲ့ ရောနှောနေတဲ့ လျှို့ဝှက်အရာရှိ အများအပြား ရှိလိမ့်မယ်။ ဒါကြောင့် ငါတို့လူတွေက ဘယ်မတော်တဆမှုမှ မဖြစ်အောင် အမြန်ဝင်ရောက်ပြီး ရပ်တန့်နိုင်မှာပါ။”
"ဒီလိုဆိုရင်တော့ ကျွန်တော် စိတ်သိပ်မပူရတော့ပါဘူး။" ထန်ရှုက ခေါင်းညိတ်ပြသည်။
"တခြားထွေထွေထူးထူး မရှိတော့ရင် ကျွန်တော် အရင်ပြန်လိုက်တော့မယ်။ အဆက်အသွယ်မပြတ်ကြစို့ရဲ့။"
"ကောင်းပြီ။"
လျိုချန်းရှီက ခေါင်းညိတ်ပြပြီး ထန်ရှုကို ကိုယ်တိုင် အခန်းဝသို့ လိုက်ပို့ပေးလိုက်ပြီးနောက် သူ၏မျက်နှာသည် အေးစက်သွားတော့သည်။
ထန်ရှု ရောက်လာစဉ်က တံခါးဖွင့်ပေးသော လူရွယ်က မျက်မှောင်ကြုတ်ထားရင်း
“မစ္စတာလျို … ဒီထန်ရှုက အခြေအနေကို ပိုရှုပ်ထွေးအောင် လုပ်မလားမသိဘူး။ ဘာကြောင့် သူ့ကို စစ်ဆင်ရေးထဲ ပါစေတာလဲ။"
"သူက ထန်မိသားစုဝင်တစ်ယောက်ပါ။" လျိုချန်းရှီက စိတ်မပါသော်လည်း ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောသည်။
“နောက်ပြီး သူက ကျန်းရှင်းယာရဲ့ သူငယ်ချင်းလည်း ဖြစ်နေတယ်။ သူ့အမူအရာကို ကြည့်ရတာ သူနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ရင် ဆင်ကန်းတောတိုး လှုပ်ရှားလိမ့်မယ်။ အချိန်ရောက်လာရင် အဲ့ဒီတော့မှ ငါတို့ ပိုဒုက္ခရောက်လိမ့်မယ်။ တစ်ခုခုဆိုရင် သူ့ရဲ့ မိုဘိုင်းဖုန်းနံပါတ်ကို နှိပ်လိုက်ပါ … အဲ့ဒါဆို ဖျော်ဖြေပွဲကျင်းပမယ့်အချိန် သူ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ငါတို့ ကြိုသိနိုင်မှာပဲ။ ဝမ်လေး … ဖျော်ဖြေရေးကွင်းမှာ သူပေါ်လာတာနဲ့ သူ့ကို လူနှစ်ယောက် လွှတ်ပြီး တိတ်တဆိတ် ကာကွယ်ခိုင်းလိုက်ပါ။"
"ငါတို့ သူ့ကို ကာကွယ်ဖို့ လိုသေးတာလား မစ္စတာလျို။" လူရွယ်က မေးသည်။
"စစ်ဆင်ရေးမှာ သူသာ မတော်တဆဖြစ်သွားရင် ထန်မိသားစုရဲ့ အကြီးအကဲကြီးက ဒီကိစ္စကို ခွင့်လွှတ်မယ်လို့ မင်း ထင်လား။ ပေကျင်းမှာ လူပြောများနေတဲ့ကိစ္စတွေကို ကြားဖူးတယ်မဟုတ်လား။ ထန်ရှုနဲ့ ပေါင်းစည်းဖို့အတွက် ထန်တွေရဲ့ အကြီးအကဲကြီးက အတော့်ကို ကြိုးပမ်းခဲ့ရပြီး ဖူးဖူးမှုတ်ထားတယ်ဆိုပဲ။ အဲဒါကြောင့် ငါတို့ သူ့ကို ပြစ်မှားလို့ မရဘူး။ သူ့ကို ကာကွယ်ဖို့ လူနှစ်ယောက်သာ တာဝန်ပေးလိုက်ရတော့မယ်။"
"အတော့်ကို စိတ်ပျက်စရာပဲ။ သူက လက်တွေ့ကျကျ ကျွန်တော်တို့ကို ပြဿနာတွေ ပိုပေးတဲ့ အနှောင့်အယှက်တစ်ခုပဲ။"
လူရွယ်က ခေါင်းညိတ်ကာ အသံတိုးတိုးဖြင့် မှတ်ချက်ချလိုက်သည်။
ထန်ရှု ရှန်ဂရီလာဟိုတယ်မှ ထွက်ခွာချိန်သည် ညနေ ၄နာရီခွဲ ရှိနေပြီဖြစ်သည်။ သူသည် တခဏလောက် ချီတုံချတုံ စဉ်းစားပြီးနောက် ကျန်းရှင်းယာက သူ့ကို ပေးခဲ့သည့် ဖျော်ဖြေပွဲလက်မှတ်များကို သူငယ်ချင်းတွေဆီ ပေးရန်အတွက် ကျောင်းကို သွားဖို့ သူ ဆုံးဖြတ်လိုက်သည်။
ရှန်ဟိုင်းတက္ကသိုလ်သို့သွားရာလမ်းတွင် သူသည် ဂူရှောင်ရွှဲ့ဆီ ဖုန်းဆက်ခဲ့ပြီး နိုင်ငံအတွင်း နောက်ခံမှတ်တမ်းများ အတော် ရှင်းလင်းသော ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို စေလွှတ်ရန် သူမအား ပြောလိုက်သည်။
ထန်ရှု အဘယ်ကြောင့် ထိုကဲ့သို့ ကျွမ်းကျင်ပညာရှင် အများအပြား လိုအပ်သည်ကို သူမ သေချာမသိသော်လည်း ဂူရှောင်ရွှဲ့သည် ဘာမှ မမေးဘဲ ထန်ရှု၏ပေးအပ်မည့် တာဝန်ကို စောင့်ဆိုင်းရန် ကျွမ်းကျင်သူ အယောက် ၄၀ကို စေလွှတ်ခဲ့သည်။
****
ရှန်ဟိုင်းတက္ကသိုလ်တွင်…
ထန်ရှု ရောက်သွားသည့်အချိန်သည် အတန်းများ ပြီးသွားသည့်အချိန်ဖြစ်သောကြောင့် စာသင်ခန်းထဲ မသွားတော့ဘဲ ကားထဲတွင် ထိုင်ရင်း ဝင်ပေါက်ကနေ အဆက်မပြတ်ထွက်လာကြသော ကျောင်းသားများအား စောင့်ကြည့်နေခဲ့သည်။
"အမ်…"
ရုတ်တရက် ထန်ရှု၏မျက်ခုံးများ မြင့်တက်သွားကာ သူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ သူ၏အသိမိတ်ဆွေ ရီလျန်ယန်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
…တီ…တီ…
ထန်ရှုက ကားဟွန်းကို တီးလိုက်သောကြောင့် ရုတ်ခြည်းပင် စာသင်ခန်းထဲက ထွက်လာသည့် ကျောင်းသားများ၏ အကြည့်များသည် သူ့ဆီ ရောက်လာတော့သည်။
"အဲ့ဒါ ထန်ရှု မဟုတ်လား။"
"ဘုရားရေ … ငါ ထန်ရှုကို တကယ် မြင်နေရတာလား။ သူ ကျောင်းကို မလာတာ ကြာပြီ မဟုတ်လား။ ဒီနေ့ ရောက်လာမယ်လို့ မထင်ထားဘူး။"
“သောက်ကျိုးနည်း … သူက အတော် ချမ်းသာတဲ့ပုံပဲကွ။ အဲဒါ လင်ရိုဗာစီးရီးထဲက ကား မဟုတ်လား။ အဲ့ဒီကားက အနည်းဆုံး ယွမ် ၁မီလီယံလောက် ဈေးရှိတယ်မလား။”
"သူက ခုဆို စူပါစတားတစ်ယောက်ဖြစ်နေပြီ ကိုယ့်လူ။ နာမည်ကြီးဆယ်လီတစ်ယောက်ပေါ့။ ဒါပေမယ့် သူ ကျောင်းကို ဘာလာလုပ်တာလဲ။ ဒီနေ့ သင်တန်းတွေက ပြီးသွားပြီလေ။"
“…”
လူတော်တော်များများက လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး သူ့အကြောင်း တခဏမျှ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ ကားဟွန်းသံသည် ရီလျန်ယန်နှင့် သူမ၏အတန်းဖော်အချို့ကို ဆွဲဆောင်ခဲ့သည်။ သူမ၏ အတန်းဖော်များနှင့် အဆောင်ညီအစ်မများက ငေးကြည့်နေကြသည်ကို လျစ်လျူရှုကာ သူမသည် ထန်ရှုဆီသို့ အပြေးတစ်ပိုင်းသွားခဲ့သည်။
ထန်ရှု ကားတံခါးကို ဖွင့်လိုက်ကာ ရီလျန်ယန်ကို ကြည့်ရင်း အပြုံးဖြင့် စလိုက်သည်။
"အာ … မင်းကြည့်ရတာ အရမ်းဒေါသထွက်နေတဲ့ပုံပဲ။"
သည်စကားကို ကြားသည့်အခါ ရီလျန်ယန်က ထန်ရှု၏ခြေသလုံးကို ကန်လိုက်ပြီးနောက် သူမသည် ဒေါသတကြီးဖြင့်
“ကျွန်မ ဒီမှာ စာရင်းသွင်းထားတယ်ဆိုတာ ရှင် သိပြီးသားပါ။ ဘာလို့ ကျွန်မကို မပြောတာလဲ။"
"မင်းငါ့ကို မမေးဘူးလေ။" ထန်ရှုက ရယ်ရယ်မောမောဖြင့် ပြန်ဖြေလိုက်ရင်း
"အဲ့ဒါအပြင် ငါလည်း ရှန်ဟိုင်းတက္ကသိုလ်မှာ ဝင်ခွင့်ရတယ်။ ဟီး ... ငါက မင်းလို မကြွားဘူးလေ မဟုတ်ဘူးလား။"
“ရှင်…” ရီလျန်ယန်က အော်လိုက်သည်။
“စကားကို ကတ်သတ်ပြောနေတယ်။"
“အေးပါ … အေးပါ။ ငါ့အပြစ်တွေပါ ဟုတ်ပြီလား။ မင်း မမေးတဲ့အတွက် ငါ မပြောမိဘူး။ အာ … ငါ အခုလောလောဆယ်တော့ အလုပ်ရှုပ်နေတယ်။ ဒါပေမယ့် နောက်နှစ်ရက်နေရင် မင်းကို ငါ တစ်ဝိုင်း ကျွေးပါမယ်။ အမိုက်စားကောင်လေးတွေနဲ့လည်း မိတ်ဆက်ပေးမယ်။ ဒါ အိုကေပြီမလား။" ထန်ရှု ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။
ရီလျန်ယန်က ထန်ရှုကို မျက်လုံးပြူးပြသည်။ သူမ၏ လှုပ်ရှားမှုက အနည်းငယ် မြူးထူးပြီး ဆွဲဆောင်မှု ရှိသည်။ သို့ပေမယ့်လည်း သူမက မပြုံးဘဲ မနေနိုင်ဘဲ
“ဘယ်သူက အမိုက်စားကောင်လေးတွေကို ဂရုစိုက်နေလို့လဲ။ ရှင့်ဖုန်းနံပါတ်ကို ကျွန်မကို ထပ်ပေးဦး။ အရင်ဖုန်းက ပျောက်သွားလို့ ရှင့်ရဲ့နံပါတ်လည်း ပျောက်သွားတယ်။ မိုအားဝမ်ကို ရှာပြီးရင် ရှင့်ဖုန်းနံပါတ်ကို မေးမယ်ဆိုပြီး နဂါးကိုးကောင်ကျွန်းကို ခရီးထွက်ဖို့ အစက စီစဉ်ထားသေးတယ်။”
ထန်ရှုက ပြုံးရင်း သူ့နံပါတ်ကို ပြောပြလိုက်ပြီးနောက်
“အခု မင်း အဲဒီကို သွားစရာ မလိုတော့ဘူးလေ။ ငါ မင်းကို ခရီးစရိတ် သက်သာအောင် လုပ်ပေးလိုက်တယ် မဟုတ်ဘူးလား။"
"ဟမ့်" ရီလျန်ယန်က နှုတ်ခမ်းစူလိုက်ရင်း
"ဘာပဲဖြစ်ဖြစ် ရှင့်ဆီက စရိတ်တောင်းရမှာပဲ။ ရှင့်ကို ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်မယ်လို့ တွေးထားတဲ့ ကျွန်မရဲ့စိတ်ကူးထဲကအတိုင်းပါပဲ။ လူသစ်ကြိုဆိုပွဲမှာသာ ရှင် မဖျော်ဖြေခဲ့ရင် အခုထိ ကျွန်မ အမှောင်ထဲမှာပဲ ရှိနေလိမ့်ဦးမယ်။ ထန်ရှု … ရှင်က တကယ်ကို အံ့သြစရာကောင်းတယ်။ ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်သေးပေမယ့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်နေပြီ။ သြဇာတိက္ကမကြီးတဲ့သူတွေ အများကြီးနဲ့လည်း ရင်းနှီးနေပြီ။ ရှင်က…”
ထန်ရှုက သူမ၏စကားကို ကြားဖြတ်ပြီး အပြုံးဖြင့်
"မင်းရဲ့ လေးစားမှုကို ဖော်ပြချင်ရင် အခုပဲ အဲ့ဒီစကားတွေကို ထိန်းထားသင့်တယ်လို့ ငါထင်တယ်။ ငါ အခု လုပ်စရာတစ်ခု ရှိနေတယ်။"
"ရှင် ဘာလုပ်စရာ ရှိနေတာလဲ။" ရီလျန်ယန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ကျောင်းထဲက အတန်းဖော်တွေကို ပေးစရာတစ်ခု ရှိနေလို့။ ပြီးရင် လုပ်စရာရှိလို့ အပြင်ထွက်ဦးမယ်။ စကားမစပ် … မနက်ဖြန်ည မင်းမှာ အားလပ်ချိန်ရှိလား။ နာမည်ကြီး ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို မင်း ကြည့်ချင်လား။"
***