ရွှေစံအိမ်၌ မိန်းမချောလေးကို ဖွက်ထားခြင်း
Vol. 10 Ch. 463
"ငါ တကယ်ကြီး သွားချင်နေတာ။ ကျန်းရှင်းယာက ငါ့ရဲ့အိုင်ဒေါလ်လေ။ ဒါပေမယ့် ဖျော်ဖြေပွဲလက်မှတ်က ဈေးအရမ်းကြီးတယ်ဟာ။ ငါ အင်တာနက်မှာ စစ်လိုက်တော့ အဲဒါတွေအကုန် ရောင်းလို့ကုန်ပြီ။ ဟူး … ငါသွားချင်ရင်တောင် သွားလို့မရတော့ပါဘူးဟယ်။”ရီလျန်ဟန်က စိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့် ညည်းတွားလိုက်သည်။
ထန်ရှုသည် သူ၏လက်ကို ဖုံးကွယ်ရန်အတွက် အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ဖျော်ဖြေပွဲလက်မှတ်များအား သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။ ထို့နောက် သူက ရီလျန်ယန်အား မော့ကြည့်လိုက်ပြီး
“မင်း နည်းနည်းလောက် လိုချင်လား။”
ရီလျန်ယန်၏မျက်လုံးများ အရောင်လက်လာကာ
"ငါ လေးစောင်လောက် လိုချင်တာ။"
ထန်ရှုသည် ခုံနံပါတ်အစဉ်လိုက်လက်မှတ်လေးစောင်ကို အသာထုတ်ယူကာ ရီလျန်ယန်ထံ လွှဲပေးလိုက်ရင်း
“ကြုံကြိုက်လို့ ငါ လက်မှတ်တချို့ ရလာတယ်။ မင်း သွားကြည့်ချင်ရင် ယူသွားလိုက်လေ။"
"ဝိုး … နင်က တကယ်ကို အံ့သြစရာပဲ ထန်ရှု…"
ရီလျန်ယန် ချီးကျူးစကား ဆိုရင်း ဆက်ပြောသည်။
"တွေးကြည့်ရင် နင်က တကယ်ကို အများကြီးရနိုင်လောက်တယ်..."
"ဆိုပါဦး လျန်ယန် … ငါတို့ နောက်ဆုံးတွေ့တဲ့ အချိန်က သိပ်မကြာသေးပါဘူး။ မင်း ဘယ်လိုဖြစ်ပြီး ငဖားမလေး ဖြစ်လာရတာတုန်း။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး အပြုံးဖြင့်
“ငါ့ကို အမီလိုက်ပြီး ငါချမ်းသာတာရဲ့ ဆယ်ပုံတစ်ပုံ ချမ်းသာရမယ်လို့ ပြောခဲ့တာ ဘယ်သူလေးပါလိမ့်။ ငါ့မှတ်ဉာဏ်ထဲမှာ ရှိနေတုန်းပဲနော်။"
ရီလျန်ယန်၏ချစ်စရာမျက်နှာလေးသည် ရှက်စိတ်ကြောင့် နီရဲသွားရပြီး
“အဲ့ဒါက အရင်တုန်းက ကိစ္စလေ။ အခုက အခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင် ဒီလောက် တော်တယ်လို့ ဘယ်သူက ထင်မှာလဲ။ ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ဒီလောက် ကြီးမားတဲ့ စီးပွားရေးနဲ့ ချမ်းသာကြွယ်ဝမှုတွေ ရှိနေတာရီး။ အဲ့ဒါကြောင့် ငါက အရင်ပန်းတိုင်ကို ဖျက်လိုက်ပြီ။ အဲ့ဒီအစား ၁ရာခိုင်နှုန်းအထိ ငါ လျှော့ချလိုက်တယ်။"
“ဟား…ဟား…ဟား…”
သူမ၏စောဒကတက်မှုကြောင့် ထန်ရှု အူလှိုက်သည်းလှိုက် ရယ်မိသည်။ ရီလျန်ယန်၏စကားများသည် သူ့အတွက် တကယ်ကို အတွေ့အကြုံသစ်တစ်ခုပင်။
"အခု နင့်ဖုန်းနံပါတ် ငါရသွားပြီဆိုတော့ တစ်ခုခုစားဖို့ ကော်ဖီဆိုင် သွားလိုက်ဦးမယ်။ အဆောင်တူသူငယ်ချင်းတွေကလည်း ငါ့ကို စောင့်နေပြီ။ နင့်ကိစ္စပြီးရင် ငါ့ဆီ ဖုန်းဆက်ဖို့ သေချာတယ်မလား။" ရီလျန်ယန်က ပြုံးကာ ပြောလိုက်သည်။
"သေချာတာပေါ့။" ထန်ရှု ပြန်ဖြေသည်။
ရီလျန်ယန် ခပ်ဖွဖွ ပြုံးပြပြီးနောက် သူမ၏သူငယ်ချင်းများဆီသို့ ပြန်လျှောက်သွားသည်။ ထိုနေရာသို့ရောက်သည့်အခါ ရီလျန်ယန်တစ်ယောက် သူငယ်ချင်းများ၏ဝိုင်းအုံစပ်စုခြင်းဒဏ်အား ခံလိုက်ရပေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် ယွဲ့ခိုင်၊ ဟူချင်းစုန့်နှင့် အခြားသူများ စာသင်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ကြပြီး သူတို့အား ချက်ချင်း နှုတ်ဆက်လိုက်သည်။
"အာ … အစ်ကိုကြီး ကျောင်းဝင်းထဲမှာ အဆင်ပြေရဲ့လား။"
ယွဲ့ခိုင်က အနည်းငယ် အံ့သြနေသည့်ဟန်ဖြင့် မေးလာသည်။
ထိုအုပ်စု၏အံ့အားသင့်နေသော အမူအရာများအား ထန်ရှုက အပြုံးဖြင့် ကြည့်နေရင်း
"မင်းတို့ကို ပေးစရာတစ်ခုရှိလို့ လာခဲ့တာ။"
"ဘာပေးဖို့လဲ။" ဟူချင်းစုန့် သိချင်သွားသည်။
ကျန်နေသော လက်မှတ်များကို သူ့အား ပေးလိုက်ရင်း ထန်ရှုက ရယ်ရယ်မောမောဖြင့်
“ဒါတွေက ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲလက်မှတ်တွေ။ နေရာတွေ ကောင်းပုံရတယ်။ မုဝမ်ရင်တို့လေးယောက်အဖွဲ့ကို မင်းပဲ ပေးလိုက်တော့။ ကျန်တဲ့လက်မှတ်တွေကတော့ မင်းတို့ ခွဲယူ။”
"ဖျော်ဖြေပွဲလက်မှတ်တွေ"
ယွဲ့ခိုင်တို့အားလုံး အံ့အားသင့်သွားကြကာ ထိုလက်မှတ်များကို ကြည့်ရန်အတွက် အားလုံး စုအုံလာကြသည်။ များမကြာမီ ဟူချင်းစုန့်၏အရှေ့မြောက်လေသံသည် သူတို့၏နားထဲသို့ ပီပီသသ ထိုးဖောက်ဝင်ရောက်လာတော့လေ၏။
"အစ်ကိုကြီးထန်က အရမ်းမိုက်တယ်။ ဒီလက်မှတ်တွေက ရှေ့တန်းလက်မှတ်တွေချည်းပဲကွ။ ငါ သိသလောက်ဆိုရင် အဲ့ဒီလက်မှတ်ရဲ့ အွန်လိုင်းပေါက်ဈေးက အနည်းဆုံး ယွမ် ၂၀၀၀ ကနေ ၃၀၀၀ ကြားထိ ရှိတယ်တဲ့။”
ထန်ရှုက ခေါင်းယမ်းကာ ရယ်လိုက်ရင်း
"စားစရာရှိတာ သွားစားတော့။ ဒီညတော့ ငါ လုပ်စရာလေးတွေ ရှိနေလို့ ကျောင်းထဲမှာ မစားဖြစ်တော့ဘူး။ ဒါပေမယ့် မနက်ဖြန်ကစပြီး ငါ အတန်းပြန်တက်မယ်။"
"အာ … အစ်ကိုကြီး … မင်းရဲ့ကားသော့ ငါ့ဆီထားခဲ့ဖို့ အိုကေလား။" ယွဲ့ခိုင်က အလျင်စလို ပြောလိုက်သည်။
ထန်ရှု တခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူ၏ကားသော့ကို ပေးလိုက်ရင်း
"မင်း ငါ့ကို အိမ်အရင် လိုက်ပို့ပေး။"
"သေချာပို့ပေးမှာပေါ့ဟ။"
ယွဲ့ခိုင်က ကားသော့ကို ယူပြီး လင်ရိုဗာကားဆီသို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် လျှောက်သွားသည်။ မကြာခင်မှာပင် ယွဲ့ခိုင်သည် ထန်ရှုအား ကြယ်ပြာအိမ်ရာဝင်းထဲမှ အိမ်ဆီသို့ မောင်းပို့ပေးသည်။ ခြံအပြင်ဘက်တွင် ကားရပ်ပြီးနောက် ထန်ရှု ကားပေါ်မှ ဆင်းလာစဉ် သူ၏အနောက်မှ ယွဲ့ခိုင်လိုက်လာသည်ကို တွေ့လိုက်ရသဖြင့်
"အာ … မင်း မပြန်သေးဘူးလား။"
“ငါ အလျင်မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ အဲဒါကို ငါ့အတွက် သိမ်းထားလိမ့်မယ်။ ငါ လည်ချောင်း နည်းနည်းခြောက်နေလို့ တစ်ခုခုသောက်ချင်တယ်။” ယွဲ့ခိုင်က ပြုံးကာ ပြောလိုက်သည်။
ထန်ရှု တခဏ တွေဝသွေားသည်။ ကျန်းရှင်းယာနှင့် အိုးရန်လူလူတို့ အိမ်ထဲတွင် ရှိနေဆဲဖြစ်ကြောင်းကို ပြန်သတိရသွားသောအခါ သူက ချက်ချင်း ပြောလိုက်သည်။
"ကျောင်းဝင်းကိုပြန်သွားပြီးတော့ အဲဒီမှာပဲ သောက်လိုက်တော့လေ။ အပြန်ခရီးက သိပ်မှ မကြာပဲ။”
ယွဲ့ခိုင်က ထန်ရှုအား ပေစူးစူးအကြည့်ဖြင့် အသာ စိုက်ကြည့်နေရင်း သူ၏မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားကာ အိမ်ဘက်ဆီသို့ ပြေးတော့သည်။ ၁၀စက္ကန့်အတွင်းမှာပင် သူသည် ဧည့်ခန်းထဲသို့ တဟုန်ထိုး ရောက်လာခဲ့သည်။ ဆိုဖာထက်မှ နတ်သမီးလေးများသဖွယ် လှပသော မိန်းကလေးနှစ်ယောက်ဆီ သူ၏အကြည့်များ ရောက်သွားသည့်အခါတွင်မတော့ သူ၏ခြေလှမ်းများ ချက်ချင်းပင် ရပ်တန့်သွားကာ မေးရိုးများပင် ပြုတ်ကျသွားသည်။
ယွဲ့ခိုင်၏အံ့သြတုန်လှုပ်သွားသော အမူအရာကို ကြည့်ရင်း ထန်ရှု စိတ်ကသိကအောက်ဖြစ်သော အပြုံးအား ပြုံးလိုက်ကာ ကူကယ်ရာမဲ့သော အမူအရာဖြင့်
"တစ်ခုခုသောက်ချင်ရင် ကျောင်းဝင်းကို ပြန်လို့ မင်းကို ငါ မပြောဘူးလား။ မင်းက နားမှ မထောင်ချင်တာ။ အခု မင်းရဲ့ သနားစရာကောင်းတဲ့ နှလုံးသားလေးက မခံနိုင်တော့ဘူးမလား။ ကောင်းပြီ … မင်း မိန်းမလှလေးကို ကြိုးစားချင်ရင် ကိုယ့်ဘာသာ ကြိုးစားလုပ်နော်။ ငါက လုံး၀ အကူအညီပေးမှာ မဟုတ်ဘူး။"
“ဟီ…ဟိ…”
“ခိ…ခိ…”
အံ့အားသင့်နေမှုကြောင့် ကျောက်ရုပ်သဖွယ် ဖြစ်နေသော ယွဲ့ခိုင်အား ကြည့်မိကြရင်း သူ၏ ပါးစပ်အဟောင်းသား ဖြစ်နေသောအမူအရာသည် ကျန်းရှင်းယာနှင့် အိုးရန်လူလူသည် ဆိုဖာပေါ်မှ ထလာစေကာ သူမတို့အား ရယ်မောနေစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကဗျာကောင်းတစ်ပုဒ်မှ 'သူမ ပြန်လှည့်ကြည့်ပြီး ပြုံးလိုက်သောအချိန်တွင် ချစ်စဖွယ် ပြေပြစ်တင့်တယ်လှပေသည်။' ဟူသော စာသားအတိုင်း အိုးရန်လူလူ နှင့် ကျန်းရှင်းယာတို့၏ အပြုံးများသည် တောက်ပနေခဲ့သည်။ ယွဲ့ခိုင်သည် မိန်းကလေး၂ယောက်၏အလှတရားတွင် မိန်းမောသွားရကာ ရုတ်တရက် နှလုံးခုန်ရပ်တန့်သွားသည့်နှယ် ခံစားလိုက်ရပြီး သွေးပေါင်ချိန် သိသိသာသာ တက်လာခဲ့သည်။
ထန်ရှုက ကြောင်တောင်တောင်ဖြစ်နေသော ယွဲ့ခိုင်၏ပခုံးအား အသာပုတ်လိုက်ရင်း
"အိုကေ … ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် မျက်မှန်လိုနေတဲ့ပုံ မလုပ်စမ်းပါနဲ့ ဟုတ်ပြီလား။ မိန်းမလှလေးတွေကို အရင်က မမြင်ဖူးခဲ့တဲ့အတိုင်းပဲ။ ငါ မင်းကို မိတ်ဆက်ပေးမယ်။ သူက ငါ့သူငယ်ချင်း အိုးရန်လူလူ။ ရှင်းယာနဲ့တော့ မင်းကို မိတ်ဆက်ပေးဖို့ လိုမယ်မထင်ဘူး။ ပြောရမယ်ဆိုရင် မင်းရဲ့ အိပ်ယာဘေးက ပိုစတာက သူ့ရဲ့ ပုံပဲမဟုတ်လား။
မယုံကြည်နိုင်ဟန်အကြည့်များနှင့် ယွဲ့ခိုင်တစ်ယောက် ကမန်းကတန်း တံတွေးတစ်ချက် မျိုချလိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့်
“အစ်ကို … အစ်ကိုကြီး … ငါ … ငါ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား ... ငါ ထင်ခဲ့တာ … ငါထင်ခဲ့တာကလေ မင်းရဲ့ရွှေစံအိမ်ထဲမှာ ချစ်သူတစ်ယောက် ဒါမှမဟုတ် မိန်းမချောလေးတစ်ယောက်ကို ဖွက်ထားတယ်လို့ ထင်ခဲ့တာ။ ငါ … ငါ မထင်ထားတာက ... မင်းရဲ့အိမ်ထဲမှာ ကိန္နရီအလှလေး နှစ်ပါးတောင် ရှိနေလိမ့်မယ်လို့ပေါ့။ သူတို့က ဒီလောက်တောင် လှတဲ့ ကိန္နရီလေးတွေနော်။"
…ကိန္နရီ…
ယွဲ့ခိုင်၏စကားကြောင့် ထန်ရှု မရယ်ဘဲ မနေနိုင်တော့ချေ။
ကျန်းရှင်းယာနှင့် အိုးရန်လူလူတို့သည်လည်း အကြည့်ချင်းဆုံမိပြီး နှစ်ယောက်သား ချက်ချင်းရယ်မောမိကြ၏။ ထန်ရှု၏ သူငယ်ချင်းသည် အတော် ရယ်စရာကောင်းပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ရုတ်တရက် သူတို့ ခံစားမိသည်။
ယွဲ့ခိုင်ကို လျစ်လျူရှုလိုက်ပြီး ထန်ရှုက အိုးရန်လူလူအား ပြောလိုက်သည်။
"လူလူ … ရေခဲသေတ္တာထဲက အချိုရည်တစ်ပုလင်းလောက် ယူပေးလို့ရမလား။ သူ့ကို မြန်မြန်ပေးပြီးရင် ပြန်ခိုင်းလိုက်တော့မယ်။ ဒီလို အဆောင်အဖော်တစ်ယောက်ရှိရတာ တကယ် ရှက်စရာကြီး။”
အိုးရန်လူလူက ချစ်စဖွယ်အမူအရာဖြင့် နာခံကာ ရေခဲသေတ္တာဆီသို့ ပြေးသွားခဲ့သည်။ သူမသည် အချိုရည်တစ်ပုလင်းကို ယဲ့ခိုင်အား ပေးခဲ့ပြီး နောက်တစ်ပုလင်းကို အဖုံးဖွင့်ကာ ထန်ရှုအား ပေးလိုက်ရင်း
"ဟန်နီအချစ်ရေ … နင့်ရဲ့အတန်းဖော် ရေငတ်နေတယ်ဆိုတော့ နင်လည်း ရေငတ်နေမှာပဲ။ လာ … ငါ ပုလင်းအဖုံးဖွင့်ပေးထားတယ်။ မြန်မြန်သောက်လိုက်ဦး။ အာ … ဟုတ်သားပဲ။ ရှင်းယာက ငါတို့အိပ်ရာထဲက စောင်ကို ပြောင်းသင့်တယ်လို့ ပြောခဲ့တယ်။ သူကိုယ်တိုင် ဗီရိုထဲကနေ စောင်လှလှတစ်ထည်ကို ရွေးပေးထားတယ်။ အဲ့ဒီစောင်လေးက သူအကြိုက်ဆုံးပဲတဲ့။ ညဘက်မှာ အနားယူအိပ်စက်တာက ငါတို့တွေအတွက် အိပ်မက်ကောင်းတွေ မက်စေမှာ သေချာတယ်။”
… အဟွတ် … အဟွတ် … အဟွတ် …
အိုးရန်လူလူက ထန်ရှုအား အဖုံးဖွင့်ပေးထားသော အချိုရည်ပုလင်း ပေးလိုက်သည်ကို ယွဲ့ခိုင် အားကျစွာ ကြည့်လိုက်ပြီး သူ၏ပုလင်းအား ကိုယ်တိုင်ဖွင့်ကာ ပါးစပ်အပြည့် တစ်ကျိုက် မော့သောက်လိုက်သည်။ သို့သော် သူ အကုန် မျိုမချရသေးမီ အိုးရန်လူလူ၏စကားများကြောင့် သူ အချိုရည်သီးသွားကာ သေလုမျောပါး ချောင်းဆိုးလိုက်ရသည်။ ချောင်းဆိုးပြီးနောက် အမျိုးသမီးတစ်ဦးကဲ့သို့ ချောမောသော ယွဲ့ခိုင်၏မျက်နှာသည် နီမြန်းလာတော့ပေသည်။
ယွဲ့ခိုင်အား မျက်လုံးလှန်ကြည့်ပြီး ထန်ရှုက သူ၏နောက်ကျောအား ပုတ်ပေးနေရင်း
"လူလူ … သူ့ကို မစပါနဲ့တော့ ဟုတ်ပြီလား။ မင်း သူ့ကို စလို့ ချောင်းဆိုးရုံပဲဆိုးရင် ကိစ္စမရှိဘူး။ ချောင်းဆိုးရင်းနဲ့ အသက်ပါ ပါသွားရင် ဒါ သေခြင်းရှင်ခြင်းနဲ့ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ။”
"ဘာ … သေလိုက်လေ…" ယွဲ့ခိုင် နောက်ဆုံးတော့ အသိပြန်ဝင်လာခဲ့ပြီဖြစ်သည်။ သူ၏မျက်နှာသည် ဥဥနေသော ကြက်မတစ်ကောင်အလား စိတ်ဆိုးကာ နီရဲနေသည်။ သူက ထန်ရှုအား ဒေါသတကြီး စိုက်ကြည့်ကာ
“အစ်ကိုကြီးထန် … မင်းက တကယ်ကို အရှက်မဲ့သူဆိုတာ ငါ ဒီနေ့မှ သိလိုက်ရတယ်။"
ပြောပြီးသည်နှင့် ယွဲ့ခိုင် ပြေးထွက်သွားတော့သည်။
ယွဲ့ခိုင် ပြေးထွက်သွားသည်ကို ကြည့်ရင်း ထန်ရှု၏မျက်နှာထက်က အပြုံးသည် ပိုမိုသိပ်သည်းလာရသည်။
“ဒီကောင်က နေ့တိုင်း ကောင်မလေးတွေအကြောင်း အမြဲ ပြောတယ်။ ငါ တည်တည်တံ့တံ့နေတာကို အတုအယောင်၊ ကြောင်သူတော်ဆိုပြီး အမြဲရှုတ်ချနေတာလေ။ ဒီနေ့တော့ ဒါက ငါ့ရဲ့ မကောင်းတဲ့ ခံစားချက်ကို ဖော်ပြလိုက်တာလို့ သူ စဉ်းစားသွားပြီ။ ဒါနဲ့ လူလူ … မင်း ခုနက ပြောခဲ့တဲ့စကားတွေက ဆွဲဆောင်မှုရှိတယ်ဆိုပေမယ့် မင်းက မိန်းကလေးပဲလေ။ ဒီလိုမျိုး ပြောတာဆိုတာကို နောက်ဆိုရင် လျှော့ပြောသင့်တယ်။ သူများတွေ တစ်မျိုးထင်သွားရင် မင်းအတွက် မကောင်းဘူး။”
အိုးရန်လူလူသည် ထန်ရှုအား စိုက်ကြည့်နေရင်း သူမ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော တောင်ကုန်းမို့မို့လေးများသည် စိတ်ခံစားမှုကြောင့် တုန်ခါနေခဲ့သည်။
“မကြောက်ပေါင်။ အဆိုးတကာ့ အဆိုးဆုံးဖြစ်လာရင် ငါက အဲ့ဒီအတိုင်း ပုံမှားရိုက်ပြီး လုပ်မှာပဲ။ ဘာပဲဖြစ်ဖြစ် နင် ငါ့ကို ယူရမှာပဲကို။"
ထိုစကားကို ကြားပြီးနောက် ထန်ရှုသည် စကားဆက်မပြောတော့ဘဲ ဒုတိယထပ်သို့ ချက်ချင်းပြေးသွားသည်။ ခြေလှမ်းအနည်းငယ် တက်ပြီးသည့်အခါ နောက်ပြန်လှည့်မကြည့်ဘဲ “လူတစ်ယောက်က မင်းတို့အတွက် အစားအသောက်တွေကို ယူလာပေးလိမ့်မယ်။ မင်းတို့နှစ်ယောက်စားပြီးရင် လုပ်စရာရှိတာ မြန်မြန်လုပ်။”
ဘေးတွင် ရပ်နေသည့် ကျန်းရှင်းယာက ပြုံးနေရင်း ထန်ရှု၏အရိပ် လှေကားထစ်တွင် ပျောက်ကွယ်သွားသည်နှင့် အိုးရန်လူလူဘက်သို့ လှည့်လာကာ
"လူလူ … နင် ထန်ရှုကို ကြိုက်နေတာလား။"
"ဒါပေါ့ … ငါ သူ့ကို မကြိုက်ရင် ဘာလို့ ဒီကို လာစရာရှိမလဲ။ ဒီကောင်စုတ်လေးက ငါ့စိတ်ထဲမှာ ဘာရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပေမယ့် သူက လျစ်လျူရှုထားပြီး မသိဟန်ဆောင်နေသေးတယ်။”
"သူ အဆင်သင့် မဖြစ်သေးတာ နေမယ်။" ကျန်းရှင်းယာက တခစ်ခစ်ရယ်ရင်း ပြောသည်။
“ငါက မိန်းကလေးဖြစ်နေတာတောင် အဆင်သင့် ဖြစ်နေပြီ။ ဒါပေမယ့် သူက ဒီလိုမျိုးပဲ … အာ ထားလိုက်ပါတော့ဟာ။ ငါ အဲ့ဒီအကြောင်း မပြောချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထိုးဖောက်မရတဲ့ ခံတပ်ဟူ၍မရှိဆိုတာကိုတော့ ငါ အခိုင်အမာ ယုံကြည်ထားသလို ချုပ်နှောင်၍မရနိုင်တဲ့ ရွှေကျောက်စိမ်းလည်း ရှိတယ်လို့လည်း ငါ ယုံပါတယ်။ အနှေးနဲ့အမြန်ဆိုသလို ငါ့ရဲ့အချစ်မီးတောက်လေးက သူ့ရဲ့ရေခဲလိုအေးစက်စက် နှလုံးသားကို အရည်ပျော်စေလိမ့်မယ်။”
"ဟားဟားဟား ... လူလူ … နင်ကတော့လေ…။" ကျန်းရှင်းယာက အူလှိုက်သည်းလှိုက် ရယ်နေသည်။
ခေါင်းမော့ကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည့် အိုးရန်လူလူတစ်ယောက် တစ်ခုခုကို သတိရသွားဟန်ရှိသည်။ ထို့နောက် သူ့ နဖူးသူ ပုတ်လိုက်ရင်း
“ဘုရားရေ … အဲ့ဒါ ငါ မကောင်းတာပါ။ သူ့ကို စချင်ဇောနဲ့ အရေးတကြီး မေးရမယ့် ကိစ္စတစ်ခုကို မေ့သွားရတယ်လို့။ သူ့အနောက်ကို လိုက်သွားပြီး နိုင်ငံတော်လုံခြုံရေးက အရာရှိတွေနဲ့ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာ မေးကြည့်ရအောင်။”
ကျန်းရှင်းယာ၏အပြုံးသည် ရုတ်တရက် ကွယ်ပျောက်သွားရသည်။ သူမက တခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းယမ်းလိုက်ပြီး
"ညစာ အရင်စားရအောင်။ အခြေအနေက တကယ်ဆိုးရင် ထန်ရှုက ငါ့ကို ချက်ချင်း ပြောမှာပါ။"
အိုးရန်လူလူက ခေါင်းညိတ်ရင်း
"ဟုတ်တယ်။ ထန်ရှုက ငါတို့ထက် အများကြီးငယ်တယ်ဆိုပေမယ့် သူက အတော့်ကို ရင့်ကျက်တည်ငြိမ်တယ်။ ကိစ္စတွေရဲ့အတိမ်အနက်ကို အမြဲ ချိန်ဆနိုင်တဲ့လူပဲ။ အခြေအနေ မကောင်းရင် သူ ငါတို့ကို တိုက်ရိုက်ပြောပြီး တုံ့ပြန်မှုတွေ လုပ်မှာ သေချာတယ်။”
“ငါလည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒါနဲ့ ထမင်းစားပြီးရင် ငါနဲ့နေမှာလား။ ငါ အစမ်းလေ့ကျင့်မှုတစ်ခု လုပ်စရာရှိတယ်။ နင် ငါ့ရဲ့အဖော်အဖြစ် နေပေးလေ။"
အိုးရန်လူလူက ချီတုံချတုံဖြစ်သွားပြီး
“ငါ့ကို လိပ်စာပဲ ပြောပေး။ ငါ လုပ်စရာတစ်ခု စီစဉ်ဖို့ ပြန်သွားရမယ်။ နောက်မှ ငါ နင့်ကို လာရှာလိုက်မယ်။"
"ဟုတ်ပြီ။ နင် ရှန်ဟိုင်းကို လာတဲ့ အကြောင်းရင်းကို မေးဖို့ ရည်ရွယ်ထားပေမယ့် နင်က အမြဲ ဖုံးကွယ်ထားတယ်။ ဒီမှာ နင် ဘာတွေ လုပ်နေတာလဲ။" ကျန်းရှင်းယာက မေးလိုက်သည်။
"ဒါက လျှို့ဝှက်ချက်လေ။" အိုးရန်လူလူက အသံသာသာဖြင့် ရယ်မောပြီး ဆိုဖာပေါ်သို့ ခုန်ချလိုက်သည်။
ထို့အပြင် သူမသည် စိတ်တွင်း၌ လျှို့ဝှက်ချက်လေးတစ်ခုအား ဆုပ်ကိုင်ထားသေးသည်။ သူမ၏လုပ်ငန်းစဖွင့်သည့်နေ့တွင် ကျန်းရှင်းယာအား ထိုနေရာတွင် ရှိနေစေရမည်ဟူသည့် လျှို့ဝှက်ချက်ပင် ဖြစ်တော့သည်။
***