← Chapters

အလုံးစုံ စီစဉ်မှု

Vol. 10 Ch. 464

အလုံးစုံ စီစဉ်မှု

Vol. 10 Ch. 464

ရှန်ဟိုင်းမြို့စွန်ရှိ ဓာတုစက်ရုံကြီးတစ်ခုအတွင်း ဖြစ်သည်။

ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့် ယဉ်ကျေးသိမ်မွေ့သည့် ကိုယ်ဟန်အမူအရာရှိပြီး မျက်မှန်တစ်လက် တပ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည်  ဂိုဒေါင်ကြီးတစ်ခုထဲတွင် ထိုင်ကာ ချိန်ကိုက်ဗုံးများကို တပ်ဆင်နေသည်။ သူ၏ကိုယ်ဟန်အမူအရာနှင့်မလိုက်ဖက်စွာ မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ စွန်းထင်လျက်ရှိသည်။

သွေးစွန်းနေသော မြင်ကွင်းသည် မည်သို့မည်ပုံ ရှိမည်ကို မြင်ယောင်ကြည့်နေရင်း သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု အနည်းငယ် ထင်ဟပ်နေခဲ့သည်။

သူ၏အရှေ့တွင် ရိုးရှင်းသောဝတ်စုံဖြင့် လူလတ်ပိုင်းအရွယ် သာမန်အမျိုးသမီးတစ်ဦးရှိပြီး သူမ၏လည်ပင်းထက်တွင် မီးလောင်ဒဏ်ရာ အမာရွတ်တစ်ခုသည် ထင်ရှားစွာ ရှိနေသည်။ သူမသည် လက်ရှိတွင် လိပ်ပြာဓားကို လှည့်ကာ ဆော့ကစားနေသည်။

ထိုအမျိုးသမီး၏အမည်သည် ဟွမ်လန်ဖြစ်ပြီး တစ်ချိန်က လူရှစ်ယောက်မိသားစုအား တမင်မီးရှို့သတ်ခဲ့ဖူးသောကြောင့် နိုင်ငံတွင်း၏ အလိုအရှိဆုံးရာဇဝတ်ကောင်များထဲမှ တစ်ဦးဖြစ်သည်။ သူမသည် အခြားလူလေးဦးကိုလည်း ဓားတစ်လက်ဖြင့် သွေးအေးစွာ  သတ်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။ ထို့ကြောင့် ဤအမျိုးသမီး၏လက်အစုံသည် သွေးစွန်းနေပြီး ပြစ်မှုမြောက်မြားစွာကို ကျူးလွန်ခဲ့သည်ဟု ဆိုနိုင်သည်။ တစ်ချိန်တည်းမှာပင် သူမသည် မူးယစ်ဆေးဝါး ရောင်းသူလည်းဖြစ်သကဲ့သို့ မူးယစ်ဆေးဝါးစွဲနေသူတစ်ဦးလည်း ဖြစ်ပေသည်။

…ကျွီ…

ဂိုဒေါင်အပြင်ဘက်မှ ကားဘရိတ်အုပ်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။

သူမ၏လိပ်ပြာဓားကို လက်ပြန်ကိုင်ကာ ဟွမ်လန်သည် တံခါးဆီသို့ အသာသွားလိုက်သည်။ တံခါးအက်ကွဲကြောင်းမှတဆင့် ချောင်းကြည့်လိုက်ရာ ဆာ့ဖ်ကားပေါ်မှ လူလေးဦး ဆင်းလာသည်ကို တွေ့လိုက်ရပြီး သူမ၏သတိရှိသောအကြည့်သည် ချက်ချင်း ပျောက်ကွယ်သွားကာ အနည်းငယ် ရက်စက်ဟန်ရှိသောအပြုံးသည် အစားထိုးဝင်ရောက်လာသည်။

ဟွမ်လန်က တံခါးကို ဖွင့်ပေးရင်း အိတ်များ သယ်ဆောင်လာသည့် ထိုလူလေးဦးအား ကြည့်လိုက်ပြီး

“ရှင်တို့တွေ နောက်ကျတယ်။”

ကင်းဗတ်ဖိနပ်စီးထားပြီး သူ၏နောက်ကျောတွင် အိတ်တစ်လုံး လွယ်ထားသော မီးခိုးရောင်ဆံပင်များနှင့် အဖိုးအိုတစ်ယောက်က နှာတစ်ချက်မှုတ်လိုက်ရင်း

“ဒီကိုလာတဲ့လမ်းမှာ ငါတို့ စစ်ဆေးရေးနဲ့တိုးနေလို့ ဒီကို ရောက်လာဖို့ အကြာကြီး ကွေ့ပတ်မောင်းနေရတာ မင်း သိလား။ ဟွမ်လန် … ငါ တောင်းထားတာကို မင်း ပြင်ဆင်ပြီးသွားပြီလား။"

“အဆင်သင့်ပဲ။ အေအိုင်ဒီအက်စ်ရောဂါသွေးစုစုပေါင်း ၂,၀၀၀ ml အဲ့ဒါကို ဒီစိုက်ပင်အပ်တွေမှာ သုတ်ထားတယ်။ မနက်ဖြန် မနက်စောစော ဖျော်ဖြေပွဲနေရာကို ခိုးဝင်ပြီး အဲ့ဒါတွေကို ခုံတွေပေါ် စိုက်ထားလိုက်ရုံပဲ။ သူတို့ ထိုင်လိုက်တာနဲ့ အဲ့ဒါတွေက အရေပြားကို ဖောက်ပြီး အိပ်ချ်အိုင်ဗွီပိုးက သူတို့တွေရဲ့ ခန္ဓာကိုယ်ထဲ ချက်ချင်း ရောက်သွားလိမ့်မယ်။”

အဖိုးအိုက ကျေနပ်စွာ ခေါင်းညိတ်ရင်း ထပ်မေးလိုက်သည်။

“ဝံပုလွေအိုရော။ သူရဲ့ချိန်ကိုက်ဗုံးတွေကရော ဘယ်လိုအခြေအနေ ရှိလဲ။ ပေါက်ကွဲမှုအကြီးစား ဖြစ်လာဖို့ ငါတို့တွေ အများကြီး အားစိုက်ထားခဲ့ရတာ။ အမှားအယွင်းတစ်ခုခု ဖြစ်သွားတာနဲ့ ငါတို့လုပ်သမျှအားလုံး သဲထဲရေသွန်သလို အချည်းနှီး ဖြစ်သွားလိမ့်မယ်။”

“သူ လုပ်နေတုန်းပဲ။ အများကြီးတော့ လုပ်ပြီးနေပြီ။” ဟွမ်လန်က ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

“ဖျော်ဖြေပွဲ စတာနဲ့ အဝေးထိန်းခလုတ်နဲ့ အဲ့ဒါတွေကို ဖောက်ခွဲလိုက်ရင် အဲ့ဒီနေရာတစ်ခုလုံး ပေါက်ကွဲသွားမယ်ဆိုတာ ငါ သေချာပြောနိုင်တယ်။ အဲ့ဒီအချိန်ရောက်ရင် လူတွေသောက်သောက်လဲ သေလိုက်ကြစမ်း။”

“ကောင်းတယ်။ ဒီလုပ်ငန်းအတွက် ငွေဝင်ပြီဆိုတာနဲ့ ချက်ချင်း ပြည်ပကို ထွက်ကြကွာ။ ဒီကိစ္စကို သွေးအေးသွားပြီး နှစ်အတော်ကြာမှ ငါတို့ တစ်ခေါက် ပြန်လာကြမယ်။ အာရှုက လူတစ်ယောက်စီအတွက် ၅မီလီယံစီ ပြင်ပေးထားတယ်။ ဆိုတော့ မင်းတို့ လူနေမှုဘဝအတွက် စိတ်ပူစရာမလိုဘူး။”

“ကိစ္စမရှိဘူး။ ငါ့အတွက်ကတော့ ငါ လူများများ သတ်နိုင်လေ ငါ့အမုန်းတွေကို ဖွင့်ထုတ်ရတဲ့အတွက် ကျေနပ်လေပဲ။ ဟမ့် … ငါ ရှန်ဟိုင်းကို မလာခင် အတိတ်တုန်းက ငါတို့မိသားစုကို အနိုင်ကျင့်ခဲ့တဲ့ လူတွေအားလုံးကို သတ်ပစ်လိုက်နိုင်တယ်။ အခုစစ်ဆင်ရေးနဲ့ပတ်သက်လို့ ငါ သေသွားရင်တောင် နည်းနည်းလေးမှ နောက်ဆံတင်းစရာ နောင်တရစရာတွေ မရှိဘူး။”

မီးခိုးရောင်ဆံပင်နှင့် အဖိုးအိုက မျက်ခုံးများ တွန့်ချိုးထားရင်း အစွန်းရောက်ဆန်သော အော်ရာသည် သူ၏တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေခဲ့သည်။

“ငါတို့အားလုံးက ဒီနိုင်ငံကောင်းကျိုးအတွက် လုပ်နေတာဆိုတော့ နိုင်ငံသားတွေကိုတော့ စွန့်လွှတ်ရမှာပဲ။ အဲ့ဒါကြောင့် မင်း သတ်နိုင်သလောက်သာ သတ်။ ငါ မင်းတို့ကို လျှိုမထားဘဲ ပြောရဦးမယ် … ငါ့ကို ဝံပုလွေအို ပေးထားတဲ့ ချိန်ကိုက်ဗုံးတွေကို ရှန်ဟိုင်းလေဆိပ်မှာ ငါ တိတ်တဆိတ် ဆင်ထားခဲ့တယ်။ ဖျော်ဖြေပွဲ ပေါက်ကွဲပြီး နာရီဝက်ကြာတာနဲ့ အဲ့ဒါလည်း ပျက်စီးသွားလိမ့်မယ်။ ဒါ ငါ သူတို့ကို ပေးတဲ့လက်ဆောင်ပဲ။”

“အကောင်းဆုံး လုပ်ခဲ့တာပဲ။” ဟွမ်လန်က လက်မထောင်ပြလိုက်သည်။

“ဒါနဲ့ ရှီပြောင်ကို ငါတို့ပုန်းခိုတဲ့နေရာအကြောင်း ပြောထားသေးလား။” အဖိုးအိုက ရုတ်တရက် မေးလိုက်သည်။

ချိန်ကိုက်ဗုံးတစ်ခုကို ပြုလုပ်နေသော ဝံပုလွေအိုက ခေါင်းမော့လာကာ အစွန်းရောက်ဆန်ပြီး ရက်စက်မှုများ ဖုံးလွှမ်းနေသော အကြည့်ဖြင့် ကြည့်လာသည်။ သူက အေးစက်စက် အသံဖြင့်

“ဟမ့် … သူ့ကို ပြောစရာလား။ ဒီခွေးမသားရဲ့ပုံရိပ်က အတော်ကြီး လျှို့ဝှက်လွန်းနေတယ်။ သူ့ကို ငါတို့အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်မယ့်အစား ဆန့်ကျင်ဘက်တောင် လုပ်ရမယ်။”

အဖိုးအိုက ပြောလိုက်သည်။

“မင်း ပြောတာအမှန်ပဲ။ ဒီကောင်က ငါတို့နဲ့ပူးပေါင်းလာတာ စောလှတယ်ဆိုပေမယ့်လည်း နှစ်အကြာကြီး သူ ပျောက်သွားတယ်။ သူ နိုင်ငံခြားက ပြန်လာတော့ သူ့စွမ်းရည်က တိုးတက်လာတဲ့အပြင် ပိုက်ဆံအများကြီးတောင် ရှိနေပြီ။ ဒီတစ်ကြိမ် ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲမှာလုပ်မယ့် ငါတို့စစ်ဆင်ရေးက အကြီးဆုံးသမိုင်းဝင်မှု ဖြစ်လာလိမ့်မယ်။ သူ့ကို ဒီအကြောင်း မပြောထားတာ အကောင်းဆုံးပဲ။”

“ငါတို့ အခုဒီမှာ ခြောက်ယောက်ရှိတယ်။ မရောက်သေးတာ ကိုးယောက်ကျန်သေးတယ်။ သူတို့ကို စောင့်မှာလား။ ဒါမှမဟုတ် ငါတို့လုပ်တော့မလား…”

“သူတို့ကို စောင့်ရအောင်။ ငါတို့စစ်ဆင်ရေးထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းအချို့ရှိတယ်။ မဟုတ်ရင် ဒီလုပ်ဆောင်ချက်ကို အောင်မြင်စွာ ပြီးမြောက်ဖို့ မလွယ်ဘူး။”အဘိုးအိုက အဖြေပေးသည်။

"နားလည်ပြီ။"

နှစ်နာရီကြာသော် ညအမှောင်ထု ကြီးစိုးလာပြီး လရောင်သည် မိုးကုပ်စက်ဝိုင်းမှ ကောင်းကင်ထက်သို့ တဖြည်းဖြည်း တက်လာသောအချိန်တွင် ဂိုဒေါင်အပြင်ဘက်၌ ကားများစွာသည် အလျင်အမြန် ရပ်တန့်လာခဲ့သည်။ အမျိုးသားအမျိုးသမီးစုစုပေါင်း ကိုးယောက်သည် ပစ္စည်းအမျိုးမျိုးအား ဂိုဒေါင်ထဲသို့ သယ်ဆောင်လာပြီး အဖွဲ့အား လျင်မြန်စွာ စုစည်းလိုက်ကြသည်။

"အားမင် … မင်းက ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲမှာ တာဝန်ကျတဲ့ လုံခြုံရေးအစောင့်တစ်ယောက်ဆိုတော့ အထဲကို ချောချောမွေ့မွေ့ ခိုးဝင်ဖို့ ငါတို့ မင်းကို အားကိုးနေတယ်။” အဘိုးအိုက ဆိုသည်။

အားမင်ဟု အခေါ်ခံရသော လူငယ်က ခေါင်းညိတ်ပြပြီး  အေးစက်စက် လေသံဖြင့်

“စိတ်ချလက်ချနေပါ။ ကျွန်တော် ကောင်းကောင်း စီစဉ်ပေးပါ့မယ်။ နောက်ပြီး စင်မြင့်အောက်မှာ ထားမယ့် ချိန်ကိုက်ဗုံးကို ကျွန်တော်ကိုယ်တိုင် တပ်ဆင်မယ်။ ပေါက်ကွဲတာနဲ့ ကျန်းရှင်းယာက အဲ့ဒီပေါက်ကွဲမှုနဲ့အတူ ကြေကွဲဖွယ်ရာ သေဆုံးသွားမှာ အသေအချာပဲ။ နတ်ဘုရားမနဲ့တူတဲ့ စူပါစတားတစ်ယောက် ကျွန်တော့်လက်ချက်နဲ့ ဘယ်လို သေသွားမယ်ဆိုတာကို တွေးကြည့်ရုံနဲ့ကို စိတ်လှုပ်ရှားနေပြီ။”

အဘိုးအိုက ခေါင်းညိတ်ပြပြီး သူတို့အားလုံးဆီ အကြည့်တစ်ချက် ဝေ့လိုက်ကာ လေးနက်သော အသံဖြင့်

“ဒီစစ်ဆင်ရေးကြီးက တရုတ်နိုင်ငံတစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်ရုံတင်မကဘူး တစ်ကမ္ဘာလုံးကိုတောင် လှုပ်ခတ်သွားစေမှာ သေချာတယ်။ မင်းတို့အားလုံးမှာ လူတွေကို စိတ်လှုပ်ရှားစေဖို့ ပိုကောင်းတဲ့၊ ပိုမိုခြောက်လှန့်နိုင်စွမ်း ရှိတဲ့အရာတွေကို ပိုင်ဆိုင်ထားပြီးပြိ။ ဒီစစ်ဆင်ရေးမှာ ငါတို့သေရရင်တောင် ငါတို့ရဲ့အကြံအစည်တွေ အောင်မြင်နေသရွေ့ အဲ့ဒီအရာက ထိုက်တန်တယ်။”

"ဟုတ်တယ် … ထိုက်တန်တယ်…”

"အသေအချာပဲ…"

ကျန်သောလူတစ်ဆယ့်လေးယောက်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူတို့မျက်နှာထက်တွင် သေခြင်းတရားအား ကြောက်ရွံ့နေဟန် မရှိပေ။။

ထိုသူတို့၏အတွင်းစိတ်သည် ပုံမှန်မဟုတ်သည့် ဖောက်ပြန်နေခြင်းများနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည်ကို သိရှိနိုင်သည်။ အလွှာပေါင်းစုံနှင့် ကမ္ဘာကြီးသည် သူတို့ဖြတ်သန်းလာသော ဘဝတလျှောက် ၎င်းတို့၏အမုန်းတရားများအကြောင်းခံ ဖြစ်သည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်အသက်နှင့် သေဆုံးခြင်းကို ယခင်ကတည်းက လက်ခံထားပြီး ကြိုတင်ကာကွယ်မှုများစွာ မရှိသည့်တိုင်  သေခြင်းတရားကို ရင်ဆိုင်ရန် ကြောက်စိတ်က သူတို့ရင်ထဲတွင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း သူတို့၏အသက်များအား ရင်း၍  လူများစွာအား သည့်ထက်ပိုပြီး ချေမှုန်းနိုင်ရန် ဆန္ဒရှိကြပေသည်။

ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဌာန…

မှုခင်းအစည်းဝေးအခန်းအတွင်း၌ မှုခင်းရဲတပ်ဖွဲ့၏ အကြီးအကဲ ကျောက်ရုန်ဟွာသည် စီးကရက်တစ်လိပ်အား လက်ကြားညှပ်ကာ လေးနက်သော အမူအရာဖြင့် ရှိနေသည်။

အစည်းအဝေးအခန်းအတွင်း၌ ရှိသော မှုခင်းရဲတပ်ဖွဲ့၏အဓိကအဖွဲ့ဝင် ဆယ်ဦးကျော်သည် ၎င်းတို့၏ တာဝန်များကို လက်ခံနေသည်။ တစ်ချိန်တည်းတွင် လက်နက်ကိုင်ရဲတပ်ဖွဲ့ခေါင်းဆောင်၊ ထောက်လှမ်းရေးဌာနအကြီးအကဲနှင့် ပေကျင်းမြို့မှ ရောက်နေသော ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနမှ လျိုချန်းရှီတို့သည်လည်း အစည်းအဝေး တက်ရောက်ခဲ့သည်။ လူတိုင်းသည် လေးနက်တည်ကြည်နေကြသည့်အပြင် စိုးရိမ်ပူပန်မှုနှင့် ဆောက်တည်ရာမရသော အမူအရာများပါ ရှိနေကြသည်။

ယနေ့ခေတ်တွင် အရေးကြီးဆုံးအရာမှာ သတင်းအချက်အလက်နှင့် သတင်းကွန်ရက် ဖြစ်သည်။

သို့သော် ရှီပြောင်နှင့်မိန်းကလေးအကြောင်းမှလွဲ၍ ၎င်းအန္တရာယ်ရှိအဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များအကြောင်း အချက်အလက်များစွာ  သူတို့တွင် မရှိပေ။

“ကျန်းရှင်းယာရဲ့ဖျော်ဖြေပွဲအတွက် အသုံးပြုမယ့် နေရာကို လုံးဝအုပ်မိအောင် ရဲတပ်ဖွဲ့ကို ချက်ချင်းစေလွှတ်ဖို့ အကြံပေးချင်တယ်။ ဖျော်ဖြေပွဲအတွက် တာဝန်ရှိတဲ့ လုံခြုံရေးအစောင့်တွေ သက်သာအောင် နေရာတစ်ခုလုံး ကြိုတင်စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားရမယ်။ သံသယဖြစ်စရာ လူတွေကို တွေ့တာနဲ့ ချက်ချင်းထိန်းချုပ်ပြီး သံသယဖြစ်စရာ ပြသနာတွေ မတက်လာခင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရမယ်။” ကျောက်ရုန်ဟွာ သက်ပြင်းတစ်ချက် ချပြီးနောက် လေးနက်စွာ ပြောသည်။

"မဟုတ်ဘူး။ ဒီတစ်ခါ ငါတို့ရဲ့ တာဝန်က ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို ချောမွေ့စွာ ပြီးအောင် လုပ်ဖို့ပဲ။" လျိုချန်းရှီက ခေါင်းခါပြီး ငြင်းဆိုခဲ့သည်။

“တစ်ဖက်ကလည်း အဲဒီရာဇဝတ်ကောင်တွေကို ငါတို့ ရှာရမှာပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ဒီတစ်ကြိမ် အကျပ်အတည်းကို ရှောင်လွှဲနိုင်ပေမယ့် နောက်တစ်ကြိမ်ကော ဘယ်လိုလဲ။ နောက်တစ်ကြိမ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်လာရင် ငါတို့ ဘာလုပ်ကြမလဲ။”

“ဒါပေမယ့် မစ္စတာလျို … အခြေအနေက အရမ်းအန္တရာယ်များတဲ့ အဆင့်ကို ရောက်နေပါပြီ။ ငါတို့တွေမှာ ရန်သူတွေရဲ့ သတင်းအချက်အလက် မရှိသလောက် နည်းပါးနေတဲ့အပြင် ဖျော်ဖြေပွဲမှာ သောင်းနဲ့ချီတဲ့ ပရိသတ်တွေလည်း ရှိနေဦးမှာလေ။ အဲ့လိုလူထုကြားထဲမှာ အန္တရာယ်ရှိတဲ့ အစိတ်အပိုင်းကို နည်းနည်းလေးတောင် ရှာတွေ့နိုင်ပါ့မလား။ နည်းနည်းလေး သတိလွတ်သွားတာနဲ့ ထောင်သောင်းချီတဲ့လူတွေရဲ့ အသက်ကို အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာ ခင်ဗျား သိထားရမယ်။”

ကျောက်ရုန်ဟွာက ပြန်လည်ချေပလိုက်သည်။

“အဲဒီရာဇဝတ်ကောင်တွေ ပြစ်မှုမကျူးလွန်ခင် ဖျော်ဖြေပွဲ အပြင်အဆင်ထဲကို ဝင်ဖို့ နည်းလမ်းရှာရမှာ ကျိန်းသေပဲ။ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်တွေ သုံးမယ်ဆိုရင် ကြိုရွေ့ထားရမှာ သေချာတယ်။ အဲ့လိုဆိုရင် ပရိသတ်တွေ ဖျော်ဖြေပွဲကျင်းပရာနေရာကို မဝင်ခင် အဲ့ဒီကောင်တွေရဲ့ လက်ရွေးစင်အင်အားစုတွေကို ဖယ်ရှားနိုင်တယ်။ အဲ့ဒါအပြင် နေရာအနှံ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အဲ့ဒီနေရာမှာ သံသယဖြစ်စရာ လူတွေကို တွေ့ရှိတာနဲ့ ချက်ချင်း ရှင်းလင်းမှု ပြုလုပ်လို့ရနိုင်မယ်။ လုံခြုံရေးအစောင့်တွေနဲ့ ရောနှောပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လူတချို့ကိုလည်း စေလွှတ်ထားသေးတယ်။ အဲ့ဒီလွှတ်ထားတဲ့လူတွေက ထက်မြက်တဲ့ မျက်လုံးတွေ၊ သင့်တော်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားသရွေ့ ရာဇဝတ်ကောင်တွေကို လူစုလူဝေးထဲကနေ သိနိုင်မယ်။ အဲ့ဒီအရူးကောင်တွေကို ရှာတွေ့ပြီးတာနဲ့ သူတို့ကို ငါတို့ ဖမ်းဆီး ဖယ်ရှားနိုင်တယ်။”

"မစ္စတာလျို … ငါတို့ရဲ့အစီအစဉ်က အလွန်စေ့စပ်ရင်တောင် အန္တရာယ်တွေ ရှိနေဦးမယ်မဟုတ်လား။ ငါတို့တွေဘက်က သတိတစ်ချက် လွတ်သွားတာနဲ့ လုံခြုံရေးဆိုင်ရာ မတော်တဆမှုတွေက အနောက်ကနေ တသီကြီး လိုက်လာမှာနော်။ ပြီးတော့ ငါတို့ … အဲဒီအချိန်မှာ အတော်ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မယ်။”

"ဘာပဲဖြစ်ဖြစ် ဒီအကြမ်းဖက်သမားတွေကို ငါရှာရမှာပဲ။" လျိုချန်းရှီက အေးစက်စွာ ငြင်းလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့တဲ့ ကိစ္စကြီးတွေကြောင့် အဲ့ဒီ ရူးသွပ်မိုက်မဲသူတွေရဲ့လက်ထဲ လူပေါင်း ဘယ်နှစ်ယောက်လောက် အသက်တွေ ဆုံးရှုံးခဲ့ရပြီလဲ။ နိုးပဲ … သူတို့ကို အလွတ်ပေးနိုင်တော့သလို ဒီလိုကိစ္စတွေ ထပ်ဖြစ်မှာကိုလည်း သည်းမခံနိုင်တော့ဘူး။ သူတို့ကို လွတ်မြောက်နေစေရင် နိုင်ငံသားတွေကို အန္တရာယ်ဖြစ်စေဖို့ ဒီကောင်တွေက ထပ်လုပ်နေဦးမှာပဲ။”

“ဒါ…”

ကျောက်ရုန်ဟွာသည် တခဏ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် စားပွဲပေါ်သို့ လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်သည်။ ထို့နောက် သူက အလွန်လေးနက်သောအသံဖြင့်

“ကိစ္စက ဒီလိုဖြစ်လာမှတော့ ငါကိုယ်တိုင် ရူးရူးမိုက်မိုက် မစ္စတာလျိုနောက်ကို ဒီတစ်ခေါက် လိုက်မယ်။ ရဲအဖွဲ့အနေနဲ့ ငါကိုယ်တိုင် အဖွဲ့ကို ခေါင်းဆောင်မယ်။"

နောက်နေ့မနက်…

ရှန်ဟိုင်းမီးရထားဘူတာရုံတွင် နိုးကြားတက်ကြွပြီး သတိအပြည့်ရှိနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ခရီးဆောင်အိတ်များ သယ်ဆောင်ကာ ဘူတာရုံအပြင်ဘက်သို့ ထွက်လာကြသည်။ ခဏအကြာတွင် လူတစ်ယောက်က နှုတ်ဆက်ပြီး အပြင်ဘက်တွင် ရပ်ထားသော ကားဆီသို့ ခေါ်ဆောင်သွားကာ မောင်းထွက်သွားသည်။

ကြယ်ပြာအိမ်ရာဝင်းတွင်...

ထန်ရှုသည် ဗီလာတံခါးဆီသို့သွားသော လှေကားထစ်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေပြီး အောက်တွင် ရပ်နေသော ထာဝရခန်းမ၏ အမျိုးသားအယောက်သုံးဆယ်၊ အမျိုးသမီးဆယ်ယောက်ပါဝင်သော ကျွမ်းကျင်ပညာရှင် အယောက်၄၀ကို ကြည့်နေသည်။

"ရှန်ဟိုင်းကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်။ ရှောင်ရွှဲ့က မင်းတို့ကို ပို့လိုက်တဲ့အတွက် မင်းတို့ဟာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတယ်လို့ ရည်ညွှန်းနေတာပဲ။ ဒီတစ်ကြိမ်တော့ ငါ မင်းတို့အားလုံးဆီက အကူအညီလိုနေတယ်။" ထန်ရှုက လေးနက်စွာ ပြောလိုက်သည်။

"မင်းတို့အယောက်လေးဆယ်ထဲမှာ ဘယ်သူက အဖွဲ့ခေါင်းဆောင်လဲ။"

"ကျွန်တော် ရှင်းလီပါ သူဌေး …"

မတ်တတ်ရပ်နေသော လူအုပ်ထဲမှ သန်မာသော လူတစ်ယောက်သည် ရိုသေသော အမူအရာဖြင့် ဖြေလိုက်သည်။

ထန်ရှုက သူ့ကို ခေါင်းညိတ်ပြပြီး

"ဒီတစ်ခါ မင်းကို တာဝန်ပေးမယ့် မစ်ရှင်က မနက်ဖြန်ညနေ ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲမှာ သူမရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးဖို့ပဲ။ ငါ ရရှိခဲ့တဲ့ အချက်အလက်တွေအရ အစွန်းရောက်အဖွဲ့တစ်ဖွဲ့က သူမရဲ့ဖျော်ဖြေပွဲမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ကြိုးစားနေတယ်။ အဲ့ဒီကောင်တွေ အောင်မြင်သွားရင် လူတော်တော်များများ အသက်ဆုံးရှုံးမယ်။ အဲ့ဒါကြောင့် ဖျော်ဖြေပွဲ ချောမွေ့စွာ လည်ပတ်နိုင်ပြီး အဲ့ဒီလူမိုက်တွေကို ရှာဖွေဖို့ ဒါမှမဟုတ် သတ်ပစ်ဖို့ လိုအပ်တဲ့ နည်းလမ်းမှန်သမျှအကုန် လုပ်ဆောင်ပါ။"

"အဲ့ဒီအစွန်းရောက်တွေနဲ့ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ ရှိလား သူဌေး" ရှင်းလီက မေးသည်။

"မရှိဘူး။ ဒါကြောင့် ရှာတွေ့ဖို့ မင်းတို့ကို အားကိုးရမှာပဲ။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

"မင်းတို့တွေ ပြည်ပမှာ အတွေ့အကြုံတွေ ရခဲ့တာကို ငါ ကောင်းကောင်း သိထားတယ်၊ ဒါကြောင့် ဒီလိုရန်သူမျိုးတွေကို သိနားလည်လိမ့်မယ်လို့ ငါ ယုံတယ်။"

***

All Chapters