တိကျစွာ ညွှန်ပြခြင်း
Vol. 10 Ch. 465
ထန်ရှု၏ စီစဉ်မှုဖြင့် ထာဝရခန်းမမှ ကျွမ်းကျင်သူ အယောက်၄၀သည် ကြယ်ပြာအိမ်ရာဝင်းမှ ထွက်ခွာပြီး ရှန်ဟိုင်းကမ္ဘာသစ်စင်တာသို့ အမြန်သွားကြသည်။ သူတို့အားလုံးသည် လုပ်ကြံသတ်ဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများဖြစ်သည့်အပြင် ရာဇဝတ်မှုဆိုင်ရာ ဗဟုသုတများစွာလည်း ရှိထားသောကြောင့် ရာဇဝတ်ကောင်များက မည်သို့စိတ်နှလုံးဖြင့် လုပ်ဆောင်ပုံကို နားလည်ကြသည်။ ထို့ကြောင့် ထန်ရှုအတွက် အကြမ်းဖက်သူများအား ခြေရာခံလိုက်ခြင်းကို အတန်ငယ် သက်သာရာ ရစေသည်။ ထို့အပြင် သူ့အတွက် ပိုမိုသေချာသည်ဟု ခံစားရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ရေဒါစောင့်ကြည့်ခြင်းအတွက် သီးခြားနည်းလမ်းတစ်ခု ဖြစ်သည့် — သူ၏စိတ်ဝိညာဉ်အာရုံပင် ဖြစ်သည်။ ဤ "အာရုံ" ဖြင့် သူသည် ကျန်းရှင်းယာ၏ဖျော်ဖြေပွဲ ကျင်းပရာနေရာတစ်ဝိုက်အား တစ်ပတ်လောက် လမ်းလျှောက်နိုင်ရုံဖြင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော အန္တရာယ်ကို ရှာတွေ့နိုင်သည်။
လက်နက်များ သို့မဟုတ် သံသယရှိသူများ ဖြစ်ပါစေ သဲလွန်စများ မဖော်ရင်တောင်မှ သူ၏စိတ်ဝိညာဉ်အာရုံစက်ကွင်းအတွင်းတွင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
နောက်နေ့မနက်တွင် ထန်ရှု အတန်းတက်ရန် ကျောင်းသို့ လာခဲ့သည်။ သူ့အား ပျော်ရွှင်စေသော အရာတစ်ခုမှာ အတန်းပိုင်ဆရာမ - ဟန်ကျင်းဝူ ကျောင်းသို့ မလာခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၁ရက်နေ့အထိ ကျောင်းသို့ ပြန်မတက်သေးဟု ဆိုသည်။
နေ့လည်တွင် ထန်ရှုသည် စီးပွားရေးပညာအတန်းကို တက်ရောက်ခဲ့ပြီး သူ၏အတန်းသည် ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။
…စာသင်ခန်းအတွင်း…
ပရော်ဖက်ဆာ အတန်းက ထွက်သွားသည်နှင့် ယွဲ့ခိုင်က ထန်ရှု၏ပခုံးကို ပုတ်ပြီး
"အစ်ကိုကြီးထန် … ကမ္ဘာသစ်စင်တာကို အတူတူ သွားကြရအောင်။ ငါတို့ အဲဒီကို ရောက်ဖို့ အချိန်ကျပြီဆိုတော့ ဖျော်ဖြေပွဲပြီးရင် ဝါးတီးဆွဲဖို့ တစ်နေရာရာ ရှာလို့ရသေးတယ်။”
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
"တောင်းပန်တယ် ဘရိုရေ။ ငါ့မှာ တခြားအရာတွေ လုပ်ဖို့ ကျန်နေသေးတယ်။ ငါ နောက်မှ လိုက်ခဲ့မယ်။ သွားနှင့်လိုက်တော့။ ဒီည မင်းတို့ကို ငါ ကျွေးပါမယ်။"
ထန်ရှုကို မျက်လုံးတစ်ဖက် မှိတ်ပြရင်း ယွဲ့ခိုင်က တခိခိရယ်လျက်
"မင်း ဟိုအလှလေးလူလူနဲ့ သွားမလို့မလား။"
“ကိုယ့်လူ … မင်းရဲ့စိတ်က တကယ်ကို မရိုးဘူးဆိုတာ သိလား။ စိတ်ထဲမှာ ကောင်မလေးတွေ အချောလေးတွေကလွဲလို့ တခြား ဘာမှ မရှိတော့ဘူးလား။" ထန်ရှုက ပြောသည်။
ထန်ရှုကို လက်ခလယ် ပြလိုက်ရင်း ယွဲ့ခိုင်က ပြန်ပြောသည်။
"ချီးပဲ … မင်း ဘယ်လောက် အရှက်မဲ့လဲဆိုတာ ငါ အခုမှ သိတယ် အစ်ကိုကြီးထန်။ မင်းရဲ့ကံကောင်းမှုကို သာယာနေပါ။ ငါကတော့ သူတော်စင် ဖြစ်တော့မှာပဲ။ ဘာပဲဖြစ်ဖြစ် ဖျော်ဖြေပွဲမှာ မင်းနဲ့ ပြန်တွေ့မယ်။"
"ခဏလေး။ မင်းရဲ့ကားသော့ပေးခဲ့ဦး။" ထန်ရှုက ယွဲ့ခိုင်ကို တားကာ သူ၏လက်ကို ဖြန့်ရင်း ပြောလိုက်သည်။
ယွဲ့ခိုင် တစ်ချက်တွေဝသွေားကာ မျက်ရည်ထွက်သည့်အထိ ရယ်မောလိုက်ပြီး
“ခွင့်ပြုပါဦး ကိုယ့်လူ။ မင်းရဲ့ဂိုဒေါင်ထဲမှာ အဖိုးတန်ကားတွေ အများကြီးရှိနေတာပဲ။ ငါ့ကားသော့ကို ဘာလို့ လိုချင်ရတာလဲ။”
"အဲ့ဒီကားတွေ စီးရတာ နည်းနည်းများတယ်လို့ မင်း မထင်ဘူးလား။ ငါ အဲ့ဒီကားတွေ မောင်းတာကို ရည်ရွယ်ချက်ရှိတဲ့လူတွေက မြင်ရင် မနက်ဖြန် ဘာသတင်းဆိုးတွေ ပေါ်လာနိုင်မလဲဆိုတာ ငါ မသိဘူး။ မြန်မြန်ပေးပါကွ…ရှုံ့မဲ့နေတဲ့ မျက်နှာကြီး လုပ်မထားစမ်းပါနဲ့။”
သူ၏ကားသော့ကို ထုတ်လိုက်ပြီး ယွဲ့ခိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"အစ်ကိုကြီးထန် … အခုမှပဲ မင်းကြောင့် ယုံကြည်ချက်ပိုရသွားပြီ။ ငါက အမြဲတမ်း ကျော်ကြားချင်ပေမယ့် မျှော်လင့်ချက်မဲ့နေတယ်။ မင်းကတော့ ကျော်ကြားလာပေမယ့် ကျော်ကြားမှုကို ဖုံးကွယ်ထားပြီး သိုသိုသိပ်သိပ် နေခဲ့တယ်။ ဘာလဲ မင်းသိလား။ မင်းက ပေါများလွန်းနေလို့ အဲဒါကို တန်ဖိုးမထားဘဲ နေနေတာပဲ။”
ထန်ရှုသည် ယွဲ့ခိုင်နှင့် ငြင်းခုံလိုစိတ်မရှိပေ။
ယွဲ့ခိုင်ထံမှ ကားသော့ကို ယူပြီးနောက် နှစ်ယောက်သား စာသင်ခန်း အဆောက်အဦးမှ ထွက်လာခဲ့သည်။ ထန်ရှုက ယွဲ့ခိုင်အား ကား ရပ်ထားသည့် နေရာအား မေးပြီး ထိုနေရာသို့ ရောက်သောအခါ ဘီအမ်ဒဗလျူကားပေါ်တက်ကာ အမြန်မောင်းထွက်သွားသည်။
ဖျော်ဖြေပွဲသည် ည ၇ နာရီတွင် စတင်မည်ဖြစ်ပြီး ပရိသတ်များသည် ညနေ ၆ နာရီတွင် ကွင်းအတွင်းသို့ ဝင်ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ပရိသတ်များ ခန်းမထဲသို့ မဝင်မီ ထိုနေရာသို့ သူ ကြိုရောက်ရန် လိုအပ်ပေသည်။
ရှန်ဟိုင်းကမ္ဘာသစ်စင်တာ…
ရှန်ဟိုင်း၏ ဒုတိယကြီးပွားအတိုးတက်ဆုံးဧရိယာတွင် တည်ရှိပြီး ၎င်းသည် ကမ်းခြေဧရိယာထက် အနည်းငယ်သာ ညံ့သည်။ ကမ္ဘာသစ်စင်တာသည် ကြီးမားသော ဧရိယာ ဖြစ်ပြီး လူပေါင်း ငါးသောင်းကျော် လုံလုံလောက်လောက် ဆန့်ပေသည်။ ရှန်ဟိုင်းတွင် ပွဲကြီးပွဲကောင်းများကျင်းပရန်အတွက် အကောင်းဆုံးနေရာလည်း ဖြစ်သည်။
ထိုနေရာသို့ ကားမောင်းလာသော ထန်ရှုသည် ထိုဘလောက်သို့ ရောက်ရှိလာပြီး ဈေးဝယ်စင်တာကြီးကို ရှာဖွေလိုက်သည်။ မြေအောက်ကားပါကင်တွင် ကားကို ရပ်ပြီးနောက် ကမ္ဘာသစ်စင်တာဆီသို့ ခြေလျင်လျှောက်သည်။ နိုင်ငံ၏အနယ်နယ် အရပ်ရပ်ကလာသော ပရိသတ်အရေအတွက်သည် တကယ်ကို များလွန်းလှပြီး နေရာတိုင်းနီးပါးတွင် ရှိခဲ့သည်။ ဖျော်ဖြေပွဲနေရာသို့ သွားရာလမ်းတွင် ကျန်းရှင်းယာ၏ပုံပါရှိသော ဘဲခေါင်းဦးထုပ်ဝယ်ကာ သူ ဆောင်းလိုက်သည်။ လူတော်တော်များများက သူ၏ပုံရိပ်ကို သိနေသောကြောင့် အာရုံစူးစိုက်မှုမရအောင် ဖုန်းကွယ်ရန် ကြိုးစားအားထုတ်ခဲ့လိုက်သည်။
အရှေ့ဘက်ဝင်ပေါက်တွင်…
လူတန်းရှည်ကြီးဖြစ်သည့်အထိ တန်းစီနေကြသည့် ပရိသတ်များကို မြင်စဉ်တွင် လုံခြုံရေးအစောင့် ဒါဇင်နှင့်ချီပြီး တံခါးဝ၌ စည်းကမ်းထိန်းသိမ်းနေသည်ကို တွေ့လိုက်ရသည်။ သူသည် လျိုချန်းရှီကို ချက်ချင်း ဖုန်းဆက်ပြီး ရှည်လျားသော ပရိသတ်များစွာကို ဖြတ်ကျော်သွားခဲ့သည်။
"ဟေး … မင်း ဘာလုပ်နေတာလဲ။ တန်းစီဖို့ ပြန်သွားပါ။”
ထန်ရှု တန်းမစီသည်ကို မြင်လိုက်ရသည့်အတွက် လုံခြုံရေးအစောင့်တစ်ယောက်က ချဉ်းကပ်လာပြီး ထန်ရှုကို လှမ်းအော်လိုက်သည်။
တခဏအတွင်းမှာပင် ရှေ့ဆုံးက ပရိသတ်များက ထန်ရှုအား ရှုံ့မဲ့သည့် အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။ တန်းစီခြင်းကို မလုပ်ချင်သည့် ထန်ရှု၏အပြုအမူကို ပရိသတ်တော်တော်များများက တိတ်တဆိတ် ရှုတ်ချသလိုမျိုး ပြုနေကြသည်။
"ငါ လူတစ်ယောက်စောင့်နေတာ။" ထန်ရှုက ပြောလိုက်သည်။
လုံခြုံရေးအစောင့်က မျက်ခုံးတွန့်သွားကာ
“မင်း စောင့်နေတဲ့လူက ဘယ်သူလဲ။”
"ငါစောင့်နေတဲ့လူက မကြာခင်ထွက်လာလိမ့်မယ်။ သုံးမိနစ်အတွင်း သူ မလာရင် ငါ ချက်ချင်း ထွက်သွားမှာပါ။”
လုံခြုံရေးအစောင့်က ချီတုံချတုံ ဖြစ်နေသော်လည်း စကားမပြောဘဲ ရပ်လိုက်ပြီး ထန်ရှုကို သတိထားစောင့်ကြည့်နေသည်။
တစ်မိနစ်အကြာတွင် ဝတ်စုံပြည့် ဝတ်ထားသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ရင်ဘတ်တွင် ချိတ်ဆွဲထားသော အလုပ်ကတ်ပြားတစ်ခုနှင့် အရှေ့ဝင်ပေါက်မှ ထွက်လာသည်။ သူမသည် ထန်ရှုဆီသို့ လျှောက်သွားပြီး လေးစားစွာ ပြောလိုက်သည်။
"မစ္စတာထန် … အကြီးအကဲလျိုက မင်းကို သူ့ဆီ ခေါ်လာဖို့ ပြောလိုက်ပါတယ်။"
"ကောင်းပါပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။
လုံခြုံရေးအစောင့်က ထန်ရှုနှင့် ထိုအမျိုးသမီးကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဘေးဘက်သို့ နေရာရွှေ့ပေးလိုက်သည်။ မူလက ထန်ရှုအား အထင်သေးရှုံ့မဲ့နေခဲ့သော ပရိသတ်များသည် ချက်ချင်းပင် သူ့ကို အားကျသွားရသည်။
ဝင်ပေါက်မှ ဝင်ပြီးနောက် ထန်ရှုသည် ထိုအမျိုးသမီးအနောက်သို့ လိုက်သွားကာ ခန်းမထဲသို့ ရောက်သွားတော့သည်။ ဘေးပတ်လည်အား သူ လှည့်ပတ်ကြည့်ရာတွင် နေရာတိုင်း၌ လုံခြုံရေးအစောင့်များစွာ ကင်းလှည့်နေသည်ကို တွေ့ရှိရသည်။ အလုပ်ကတ်ပြားများ တပ်ဆင်ထားသည့် အမျိုးသားနှင့် အမျိုးသမီး အများအပြားသည် နေရာအနှံ့ ဖြန့်ကျက်နေပြီး မလှုပ်မယှက် ရပ်ကာ ပတ်ဝန်းကျင်အား သတိဖြင့် စောင့်ကြည့်နေကြသည်။
"မစ္စတာလျို ဘယ်မှာလဲ။" ထန်ရှု မေးလိုက်သည်။
"အကြီးအကဲလျိုက စစ်ဆင်ရေးအတွက် စီစဉ်ညွှန်ကြားနေတယ်။ ငါ နင့်ကို အဲ့ဒီဘက် ခေါ်သွားလိုက်မယ်။" အမျိုးသမီးက ပြန်ပြောသည်။
"ရတယ်ဗျ။ ခင်ဗျားရဲ့အလုပ်ကတ်လိုမျိုး တစ်ခုလောက် ကျွန်တော့်ကို ပေးပါ။ ကျွန်တော် လျှောက်ကြည့်ပြီး လိုအပ်ရင် သူ့ကို ပြန်ဆက်သွယ်ပါ့မယ်။"
အမျိုးသမီးသည် တခဏမျှ တွေဝသွေားခဲ့ပြီးနောက် သူမ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ထန်ရှု၏ဓာတ်ပုံကို ရိုက်ယူလိုက်ပြီး
" ဒီမှာ ခဏနေခဲ့ဦး။ ငါ ပြန်လာခဲ့မယ်။"
လေး-ငါးမိနစ်လောက် ကြာသည့်အခါ အမျိုးသမီးက အလုပ်ကတ်ကို ကိုင်ကာ ပြန်ရောက်လာသည်။ ထန်ရှုကို ထိုကတ်ကို ပေးလိုက်ပြီးနောက်
“မစ္စတာထန် … နင့်မှာ တခြားဘာကိစ္စမှ မရှိဘူးဆိုရင် ငါ့တာဝန်ကို ပြန်လုပ်တော့မယ်။"
"လုပ်စရာရှိတာ လုပ်ပါဗျ။"
ထိုအမျိုးသမီး ထွက်သွားပြီးနောက် ထန်ရှုသည် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ပြီး မီတာ ၂၀၀ မှ ၃၀၀ ဧရိယာပတ်လည်အား လွှမ်းခြုံလိုက်သည်။
…ဟင်…
နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်အကြာတွင် သူသည် သူ၏စိတ်ဝိညာဉ်အာရုံစက်ကွင်းအတွင်း ဘယ်ဘက်အရှေ့ခြမ်းမှ မီတာ ၁၂၀ ခန့်အကွာတွင် ပလတ်စတစ်သေတ္တာငယ်တစ်လုံးကို တွေ့လိုက်သောကြောင့် မျက်ခုံးတွန့်သွားရသည်။ ပလပ်စတစ်သေတ္တာငယ်သည် စီးကရက်ဗူးအရွယ် ရှိပြီး ထိုင်ခုံ၏အောက်ခြေတွင် ခိုင်ခံ့သောတိပ်ဖြင့် ကပ်ထားသည်။ သို့သော် ပလပ်စတစ်သေတ္တာငယ်အတွင်းတွင် နာရီအချက်ပြမှုတစ်ခု ရှိနေသည်။
…ဗုံးတစ်ခုလား…
တကယ့်ဗုံးအစစ်ကို ထန်ရှု လက်တွေ့ မမြင်ဖူးသော်လည်း ရုပ်ရှင်တွေထဲတွင် သူ မြင်ဖူးထားသည်။ လျိုချန်းရှီကို ချက်ချင်း အသိမပေးဘဲ ထိုနေရာသို့ လျှောက်သွားရင်း သာမန်ကြည့်သွားပုံစံ ဟန်ဆောင်လိုက်သည်။ ထို့အပြင် ဘေးပတ်ဝန်းကျင်ရှိ လူအများအပြားက မျက်မှောင်ကြုတ်ကာ မလိုလားသည့်ဟန်များ ရှိနေသောကြောင့် ထိုကုလားထိုင်တန်း၏အစွန်းဘက်ထိုင်ခုံတွင် သူ တန်းဝင်ထိုင်လိုက်သည်။
သူ ဘေးပတ်လည်အား ကြည့်လိုက်သည်။ လူများများ ပိုသတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝင်္ကပါတစ်ခုသဖွယ် ဖြန့်ထားဟန်ရှိသည်။
မိနစ်ဝက်လောက်အကြာတွင် သူ့အား အာရုံစိုက်သူ တစ်ယောက်မှ မရှိတော့သည့်အခါ ရှူးဖိနပ်ကြိုးကို ပြင်ဟန်ဆောင်လိုက်ပြီး ဗုံး၏အနေအထားအား ခေါင်းငုံ့ကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ဘေးပတ်လည်အား လှည့်ပတ်သွားကြည့်သည်။ မိနစ်ဝက်အကြာတွင် တက်ကြွနေသော သူ၏စိတ်ဝိညာဉ်အာရုံအတွင်းတွင် အလားတူ ဗုံးတစ်လုံးကို တွေ့ရှိပြီးနောက် ၎င်း၏နေရာအနေအထားအား စိတ်အတွင်း မှတ်သားကာ တစ်ဖန် လှုပ်ရှားလိုက်ပြန်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လာခဲ့ပြီဖြစ်သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် ထန်ရှုသည် နောက်တန်းတလျှောက် လှည့်ပတ်သွားလိုက်သည်။ သူသည် ထိုနေရာတစ်ဝိုက်အား သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ဖုံးအုပ်ထားပြီး ရှာဖွေရာ နောက်ထပ်ဗုံးခြောက်လုံးကို တွေ့ရှိခဲ့သည်။
မကြာမီ သူ၏ရှာဖွေရေးအရှိန်အဟုန်သည် အရှိန်မြှင့်လာပြီး သူ လမ်းလျှောက်လာသော ပတ်ပတ်လည်အား စိတ်ဝိညာဉ်အာရုံဖြင့် ဖုံးအုပ်ရှာဖွေလာခဲ့သည်။ မိနစ်၂၀ကျော်ကြာပြီးသော် သူသည် နေရာတစ်ခုလုံးအား သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ဆန်းစစ်ပြီးဖြစ်သည်။ နောက်ဆုံးတွင် ဗုံးအရေအတွက် အတိအကျကို သူ သိခဲ့ရတော့သည်။
ဆယ့်ခြောက် … ဗုံးအရေအတွက် စုစုပေါင်း ၁၆လုံး ဖျော်ဖြေပွဲကျင်းပမယ့်နေရာတွင် ရှိနေခဲ့သည်။
ထို့ကြောင့် သူသည် စင်မြင့်အနောက်သို့ လျှောက်လာပြီး လျိုချန်းရှီ၏ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်သည်။
"ဟယ်လို ထန်ရှုလား…"
မိုဘိုင်းဖုန်းထဲမှ လျိုချန်းရှီ၏အသံ ထွက်လာသည်။
“မစ္စတာလျို … ကျွန်တော် ပြောသမျှကို သေချာနားထောင်ပေးပါ။ ကျွန်တော် အခုပြောမယ့် စကားလုံးတစ်လုံးစီနဲ့ နံပါတ်တွေကို မှတ်သားထားမှ ရမယ်။ ဇုန်အေဝမ်းရဲ့ထိုင်ခုံနံပါတ် ၁၁၃၅အောက်မှာ သံသယဖြစ်ဖွယ်အရာတစ်ခု ရှိတယ်။ ဇုန်အေတူးရဲ့ ထိုင်ခုံအမှတ် ၃၆၇၃၊ ဇုန်ဘီဝမ်းရဲ့ထိုင်ခုံအမှတ်၁၂၄၅၊ ဇုန်ဘီတူးရဲ့ထိုင်ခုံအမှတ် ၆၉၄၀၊ ဇုန်စီ …”
ထန်ရှု အသက်တစ်ချက်ရှိုက်စာအတွင်း ၁၆နေရာလုံးအား ပြောပြပြီးဖြစ်ပြီး စင်မြင့်ပေါ်သို့ သူ ရောက်လာသည်။ လျိုချန်းရှီအား စကားအဆုံးသတ်ခါနီးတွင် သူ၏မျက်နှာသည် ရုတ်တရက် ပျက်သွားပြီး
“စင်မြင့်အလယ်မှာလည်း သံသယဖြစ်စရာတစ်ခု ရှိနေတယ်။ ကျွန်တော် အခု ခင်ဗျားကို ပြောခဲ့သမျှတွေ စုံစမ်းစစ်ဆေးဖို့ လူတချို့ကို သေချာ လွှတ်ပေးပါ။"
လျိုချန်းရှီ စက္ကန့်အနည်းငယ်လောက် ငြိမ်သက်နေပြီးမှ
"ဒါကို စစ်ဆေးဖို့ လူတချို့ကို ငါ လွှတ်လိုက်မယ်။"
"ကောင်းပါပြီ။"
ထန်ရှုက ဖုန်းချလိုက်ပြီး ဘေးတံခါးကနေ စင်မြင့်အနောက်ဘက် လျှောက်လမ်းတစ်လျှောက် သူ သွားကြည့်လိုက်သည်။ အလျင်စလို လမ်းလျှောက်ခြင်း မပြုဘဲ နေရာတစ်ခုစီ၊ နယ်မြေတစ်ခုစီနှင့် အဝေးဆုံးနေရာကိုပင် စစ်ဆေးရန် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်စစ်ဆေးနေသည်။
ထိုအချိန်တွင် လျိုချန်းရှီသည် လုံခြုံရေးအေဂျင်စီနှစ်ခု၏ အမာခံအဖွဲ့ဝင်များကို ဦးဆောင်ကာ အခြားဘက်ရှိ ခန်းမဘေးတံခါးမှ ဖျော်ဖြေပွဲ ကျင်းပမည့်နေရာသို့ ဝင်လာခဲ့သည်။ သူ၏ဘေးတွင် ထန်ရှုအား အရင်က တံခါးကို ဖွင့်ပေးခဲ့သည့် လူရွယ်က မကျေမနပ်အမူအရာဖြင့် စကားပြောလာသည်။
"အကြီးအကဲ … ထန်ရှုရဲ့အစီရင်ခံတာကို အရေးတယူ ဆောင်ရွက်သင့်တယ်လို့ ကျွန်တော် မထင်ဘူး။ သူက လာရှုပ်နေတာပဲ။ အခုအချိန်က သာမန်မဟုတ်တဲ့အချိန် ဖြစ်နေတာမို့ အနီးပတ်ဝန်းကျင်က အခြေအနေတွေကို ကျွန်တော်တို့တတွေ ပိုမိုကောင်းမွန်စွာ စောင့်ကြည့်ထားနေတာပဲ။ သံသယရှိသူ ဒါမှမဟုတ် သံသယဖြစ်စရာ ပြဿနာတွေ ပေါ်လာရင် ကျွန်တော်တို့တွေ ချက်ချင်း ဖြေရှင်းနိုင်မှာပဲကို။”
“သူ ငါတို့ကို ဒုက္ခပေးမယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါတို့ရဲ့လုပ်ငန်းခွင်တလျှောက်မှာ ဘယ်အရာကိုမှ ငါတို့ လျစ်လျူမရှုသင့်ဘူး။ သူပြောခဲ့တဲ့ နေရာတွေကို ကြည့်ကြတာပေါ့။ အဲဒီမှာ ဘာမှ မရှိရင် သူနဲ့ စကားပြောကောင်းပြောရမယ်။"
လူရွယ်က မကျေမနပ်ဖြစ်နေသော်လည်း ခေါင်းညိတ်ကာ
“ကောင်းပါပြီ။ ဇုန်အေဝမ်းမှာ ရှိတဲ့ ထိုင်ခုံအမှတ် ၀၄၆၆ကို တစ်ချက် သွားကြည့်လိုက်မယ်။"
လျိုချန်းရှီသည် ခေါင်းညိတ်ပြီး ဇုန်ဘီသို့ အကြည့်ပြောင်းသွားသည်။
တစ်မိနစ်အကြာတွင် ထိုလူရွယ်သည် ဇုန်အေဝမ်းရှိ နံပါတ် ၀၄၆၆ထိုင်ခုံသို့ ရောက်ရှိလာပြီး ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ချလိုက်ကာ ကြည့်လိုက်ရာ ကြမ်းပြင်နှင့် ထိုင်ခုံပေါ်တွင် မည်သည့်အရာမျှ မတွေ့ခဲ့ပေ။ သို့သော် သူသည် စုံစမ်းစစ်ဆေးရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ကောင်းမွန်သော စုံစမ်းစစ်ဆေးမှု နည်းလမ်းများကို ပိုင်ဆိုင်ထားသူဖြစ်သောကြောင့် ကုလားထိုင်အောက်အား အမှုမဲ့အမှတ်မဲ့ ထိလိုက်သည်။ သို့သော် ခဏအကြာတွင် သူ၏လက်သည် တစ်စုံတစ်ခုကို စမ်းမိသဖြင့် သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားရသည်။
သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ကာ မျက်နှာအပ်ပြီး မည်သည့်အရာအား သူ ထိမိသွားသည်ကို စစ်လိုက်သည်။
"တိပ်နဲ့ … သေတ္တာငယ်တစ်လုံး…"
သည်ကဲ့သို့ ပစ္စည်းမျိုးသည် ကုလားထိုင်အောက်တွင် မည်သို့ရှိနေပါသနည်း။ ထို့အပြင် ၎င်းအရာအား ထိုနေရာတွင် ရည်ရွယ်ချက်ရှိရှိ ထားခဲ့ခြင်းဖြစ်သည်ဟု မည်သည့်အတွက်ကြောင့် ထင်နေရပါသနည်း။
***