← Chapters

ကြောက်သည်

Vol. 10 Ch. 466

ကြောက်သည်

Vol. 10 Ch. 466

လူငယ်လေး၏ မျက်နှာသည် သိသိသာသာ ပျက်သွားကာ သူ၏ကြိုးမဲ့နားကြပ်ခလုတ်ကို အမြန်နှိပ်လိုက်ပြီး

"အကြီးအကဲလျို … ဇုန်အေ၀မ်းရဲ့ ထိုင်ခုံနံပါတ် ၀၄၆၆အောက်မှာ ကျွန်တော် တစ်ခုခု တွေ့တယ်။ ဘာပစ္စည်းလဲဆိုတာ မဆုံးဖြတ်နိုင်ပေမယ့် စီးကရက်ဘူးအရွယ်အစား သေတ္တာငယ်တစ်လုံးကို တစ်စုံတစ်ယောက်က ကုလားထိုင်အောက်ခြေမှာ တိပ်နဲ့ ကပ်ထားတယ်။”

"ငါ့ကို စောင့်။"

သူ၏နားကြပ်အတွင်းမှ လူရွယ်၏ သတင်းပို့သောအသံကို လျိုချန်းရှီ ရုတ်တရက် ကြားလိုက်ချိန်တွင် ထန်ရှု သတင်းပို့ထားသော အခြားနေရာတစ်ခုသို့ သူ သွားနေသည်မှာ မရောက်သေးပေ။ သူ၏မျက်နှာသည် ချက်ချင်း ပျက်သွားပြီး ဇုန်အေ၀မ်းဆီသို့ အပြေးတစ်ပိုင်း သွားလိုက်သည်။ လူရွယ်၏အနားသို့ ရောက်သည့်အခါ ချက်ချင်း ဒူးထောက်ထိုင်ချပြီး မေးလိုက်သည်။

“မင်း စစ်ဆေးပြီးသွားပြီလား။”

လူရွယ်သည် ကုလားထိုင်အောက်မှ အနက်ရောင်သေတ္တာလေးအား ယူထားပြီးဖြစ်သည်။

လျိုချန်းရှီ၏စုံစမ်းမေးမြန်းမှုကို ကြားနေရရင်း ထိုလူရွယ်၏မျက်လုံးထက်တွင် မယုံကြည်နိုင်ဟန် အရိပ်အယောင်များ ထင်ဟပ်လာကာ ရေရွတ်သံထွက်လာသည်။

“ကလစ်တံတစ်ခုနဲ့ ယမ်းနံ့တွေ ရှိနေတယ်။ ငါ့ရဲ့ ကောက်ချက်က မှန်တယ်ဆိုရင် ဒါက ချိန်ကိုက်ဗုံး ဖြစ်နိုင်တယ်။”

လျိုချန်းရှီ၏အမူအရာ သိသိသာသာ ပျက်သွားပြီး ထန်ရှု သတင်းပို့ထားသော နေရာများကို ရုတ်တရက် ပြန်သတိရသွားသည်။ သူသည် သူ၏ကြိုးမဲ့နားကြပ်မှတဆင့် အမြန်အော်လိုက်သည်။ "ဗုံးရှင်းလင်းရေးအဖွဲ့ … ဇုန်အေ၀မ်းက ထိုင်ခုံနံပါတ် ၀၄၆၆ကို တစ်ခါတည်း လာပါ။ မသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်းတွေကို ဒီမှာ တွေ့ရတယ်။

ထိုစကားကို ပြောပြီးသည်နှင့် လျိုချန်းရှီသည် လူငယ်၏လက်မှ အနက်ရောင်သေတ္တာလေးကို ဂရုတစိုက်ယူကာ အနံ့ခံလိုက်ရင်း

“မင်းပြောတာ မမှားဘူး။ ဒါက တကယ် ချိန်ကိုက်ဗုံးပဲ ဖြစ်လိမ့်မယ်။ ထန်ရှု ပြောခဲ့တဲ့ အခြားနေရာတွေဆီ အမြန်သွားစစ်ပါ။ ဒါက တကယ်ပဲ ချိန်ကိုက်ဗုံး ဖြစ်မယ်ဆိုရင်၊ ထန်ရှုရဲ့အစီရင်ခံချက်ကအတိုင်း တခြားနေရာတွေအားလုံးမှာလည်း အတူတူပဲ ဖြစ်နေခဲ့ရင် ကြီးမားတဲ့အဖြစ်အပျက်တစ်ခု သေချာပေါက် ဖြစ်လာမှာကို ငါ စိုးထိတ်တယ်။”

လူရွယ်၏အမူအရာသည် လေးနက်လာခဲ့ပြီး ထန်ရှုအကြောင်း ပြောခဲ့သော သူ၏စကားနှင့် မေးခွန်းများအားလုံးတွင် ရွံ့ ရှာသည့်ဟန်၊ မထီမဲ့မြင်ပြုသည့်ဟန်များနှင့် ပြည့်နှက်နေသည်ကို သူ မှတ်မိနေသည်။ သူ၏နှလုံးခုန်သံသည် ဒရမ်တီးနေသည့်အလား တဒုန်းဒုန်း ဖြစ်နေသည်။

သည်သေတ္တာလေးသာ တကယ်ပဲ ချိန်ကိုက်ဗုံးဖြစ်ခဲ့ရင် သည်တစ်ကြိမ်တွင် သူ၏မျက်နှာပျက်ရုံသာမက ဘိုးဘေးများ၏ ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

ဗုံးရှင်းလင်းရေးတပ်ဖွဲ့အဖွဲ့ဝင်တစ်ဒါဇင်ကျော် လျင်မြန်စွာ ရောက်ရှိလာသည်။ စစ်ဆေးပြီးနောက်တွင် ၎င်းသည် အမှန်ပင် ချိန်ကိုက်ဗုံးဖြစ်နေခဲ့သည်။ ဗုံးရှင်းလင်းရေးအဖွဲ့မှ ကျွမ်းကျင်သူများသည် ချိန်ကိုက်ဗုံးကို ခွဲထုတ်ပြီးနောက် ဤဗုံးသည် အရွယ်အစားသေးငယ်သော်လည်း အလွန်ပြင်းထန်ကြောင်း တွေ့ရှိခဲ့ကြသည်။ ၎င်းတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများစွာ ပါ၀င်ပြီး ၎င်းတို့သည် လွန်စွာ ပြင်းထန်သော အရာများသာ ဖြစ်သည်။

"အကြီးအကဲ လျို … ဒီချိန်ကိုက်ဗုံးသာ ပေါက်ကွဲခဲ့ရင် မီတာ၅၀အတွင်းက လူတွေဆိုရင် အသက်ရှင်ဖို့ အခွင့်အလမ်း အလွန်နည်းတယ်။ မီတာ၅၀ ကနေ ၁၀၀ အတွင်းက လူတွေလည်း အသေးစား ဒါမှမဟုတ် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရနိုင်တယ်။”ဗုံးရှင်းလင်းရေးအဖွဲ့မှ ကျွမ်းကျင်သူတစ်ဦးက အလွန်ရုပ်ဆိုးသောအမူအရာဖြင့် ပြင်းပြင်းထန်ထန် ပြောပြသည်။

လျိုချန်းရှီ၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာအား ဖျော့တော့စွာ မြင်နိုင်ပေသည်။ သည်အချိန်တွင်တော့ ထိုအစွန်းရောက်လူများသည် သူတို့၏လှုပ်ရှားမှုအား ဆောင်ရွက်ပြီးစီးနေခဲ့ပြီဆိုသည်ကို သူ သဘောပေါက်ခဲ့ပြီဖြစ်သည်။

"သတင်းပို့ပါတယ်။ ဇုန်အေ၀မ်းရဲ့ထိုင်ခုံအမှတ်၁၁၃၅အောက်မှာ မသင်္ကာဖွယ် အရာတစ်ခု တွေ့ရှိခဲ့တယ်..."

"သတင်းပို့ပါတယ်။ ဇုန်အေတူးရဲ့ထိုင်ခုံအမှတ်၃၆၇၃အောက်မှာ မသင်္ကာဖွယ် အရာတစ်ခု တွေ့ရှိခဲ့တယ်..."

" သတင်းပို့ပါတယ်။ ဇုန်ဘီ၀မ်းရဲ့ထိုင်ခုံအမှတ်၁၂၄၇အောက်မှာ မသင်္ကာဖွယ် အရာတစ်ခု တွေ့ရှိခဲ့တယ်..."

" သတင်းပို့ပါတယ်။ ဇုန်ဘီတူးရဲ့ထိုင်ခုံအမှတ်၆၇၄၀အောက်မှာ မသင်္ကာဖွယ် အရာတစ်ခု တွေ့ရှိခဲ့တယ်..."

“…”

သူ့နားကြပ်ကနေ သတင်းပို့မှုများစွာ တက်လာသည်။ လျိုချန်းရှီ တုန်ယင်လာကာ အော်ပြောလိုက်သည်။

"မင်းတို့တွေ့ထားတဲ့ ပစ္စည်းအားလုံးကို ယူပြီး စင်ပေါ်ကို ချက်ချင်း ပို့ပေးလိုက်။ ဗုံးရှင်းလင်းရေး အဖွဲ့ဝင်တွေ … မင်းတို့တွေ ဒီဗုံးတွေကို ဖျော်ဖြေပွဲနေရာကနေ ချက်ချင်း ယူသွား။ အာ ဟုတ်သားပဲ … စင်မြင့်အောက်မှာ ဗုံးတစ်လုံး ရှိသေးတယ်။ အဲ့ဒီကို သွားရှာလိုက်ဦး။”

“ဟုတ်”

ရဲအရာရှိများ၊ ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်များနှင့် ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်များသည် ခန်းမအတွင်း၌ အလုပ်များနေကြသည်။ ချိန်ကိုက်ဗုံးများကို အမြန်ရှာဖွေကြပြီး အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသော သေတ္တာတစ်ခုထဲသို့ စုထည့်လိုက်ကြသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် လျိုချန်းရှီသည် ထန်ရှု၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ထန်ရှု … ငါ မင်းကို အခု တွေ့မှရမယ်။"

“သုံးမိနစ်ပဲ ကျွန်တော့်ကို အချိန်ပေးပါ။ စင်ပေါ်မှာ တွေ့မယ်။"

ထန်ရှုက ပြန်ပြောပြီး ဖုန်းချလိုက်သည်။

ထိုအချိန်တွင် သူသည် စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ရင်း အမှိုက်ပုံးတစ်ခု၏အရှေ့တွင် ရပ်နေသည်။ ထိုပုံးထဲတွင် သွေးစွန်းနေသော ဖန်ပုလင်းပေါင်းများစွာနှင့် သေတ္တာတစ်ဝက်ခန့် ရှိသော စိုက်ပင်အပ်များကို တွေ့နေခဲ့သည်။ ဖျော်ဖြေမည့်နေရာတွင် ထိုစိုက်ပင်အပ်တချို့ ရှာတွေ့ခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ထိုင်ခုံများတွင် ထိုပင်အပ်များကို လျှို့ဝှက်စွာ ထားရှိသော်လည်း ပရိသတ်များသာ ထိုင်ခုံပေါ်တွင် နမော်နမဲ့ ထိုင်ချလိုက်မိပါက ထိုပင်အပ်များသည် အရေပြားအား အလွယ်တကူ ထိုးဖောက်သွားနိုင်သည်။

လူတစ်ဦးကို ထိုးဖောက်မိက အလွန်အမင်း ထိခိုက်မည်မဟုတ်သဖြင့် အစပိုင်းတွင် သူသည် သူတို့ကို သိပ်ဂရုမစိုက်မိပေ။ ထိုအရာက ပုရွက်ဆိတ်ကိုက်သလို ခံစားရပြီး မိနစ်ပိုင်းလောက်ပဲ နာကျင်လိမ့်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အတွင်းတွင် သွေးစွန်းနေသော ဖန်ပုလင်းများစွာနှင့်အတူ သေတ္တာတစ်ဝက်ခန့် ရှိသော စိုက်ပင်အပ်များကို စွန့်ပစ်ထားသည်ကို တွေ့ရှိသဖြင့် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ တွေးလိုက်မိသည်။

စင်ပေါ်ပြန်တက်လာပြီးနောက် ထန်ရှုသည် မှုန်မှိုင်းနေသော လျိုချန်းရှီအား စိုက်ကြည့်လိုက်ပြီး

"မစ္စတာလျိူ … ခင်ဗျားကို ပြောထားတဲ့ ပစ္စည်းတွေအားလုံးကို ဖယ်ထုတ်လိုက်ပြီလား။"

လျိုချန်းရှီက တိတ်တဆိတ် ခေါင်းညိတ်လိုက်ရင်း

"အင်း … အားလုံးကို ဖယ်ထုတ်လိုက်ပြီ။ ဒါပေမယ့် ဒီကို မပို့ရသေးတဲ့ အနည်းအကျဉ်းတော့ ရှိသေးတယ်။ ထန်ရှု … ဗုံးရှင်းလင်းရေးအဖွဲ့ကျွမ်းကျင်သူတွေက အဲ့ဒါတွေကို ချိန်ကိုက်ဗုံးလို့ သတ်မှတ်ထားတယ်။ ဒီတစ်ခေါက်ကိစ္စတွေအတွက် မင်းကို တကယ် ကျေးဇူးတင်ပါတယ်။ ဒါကို သတင်းပို့ဖို့ မင်း ငါ့ကို ဖုန်းမခေါ်ခဲ့ဘူးဆိုရင် ဒီလို လူထူထပ်ပြီး စည်ကားတဲ့ နေရာက ငါတို့အတွက် အရမ်းခက်ခဲသွားမှာကို ငါ စိုးထိတ်မိတယ်။ နောက်ပြီး အဲ့ဒါတွေကို ရှာမတွေ့ဘဲ ကျန်းရှင်းယာရဲ့ဖျော်ဖြေပွဲ ဆက်လုပ်နေချိန်မှာသာ ပေါက်ကွဲသွားမယ်ဆိုရင် ဒီနေရာက ကမ္ဘာပေါ်က ငရဲတစ်ခု ဖြစ်သွားမှာ အသေအချာပဲ။"

“သူတို့ကို ကြိုပြီးတွေ့တာ အရမ်းကောင်းတယ်။ စင်အနောက်မှာလည်း ချိန်ကိုက်ဗုံးတွေရဲ့ နေရာတော်တော်များများ တွေ့ခဲ့တယ်။ တည်နေရာအတိအကျက …” ထန်ရှုက ပြောပြလိုက်သည်။

လျုချန်းရှီက ချက်ချင်း အမိန့်တစ်ခု ထုတ်ပြီး ၄င်းနေရာများကို စစ်ဆေးရန် လူတွေကို စေလွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏အကြည့်များသည် ထန်ရှုဆီကို ရောက်လာသည်။

"ထန်ရှု … ဒီချိန်ကိုက်ဗုံးတွေကို မင်း ဘယ်လိုရှာတွေ့လဲဆိုတာ ပြောပြနိုင်မလား။”

ထန်ရှုက ချိန်ကိုက်ဗုံးတွေ၏တည်နေရာများကို ဖုန်းဖြင့် အကြောင်းကြားစဥ်ကပင် အကြောင်းပြချက်ပေးရန် စဉ်းစားထားပြီးဖြစ်သောကြောင့် သူက အေးအေးဆေးဆေး ပြောပြလိုက်သည်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာ အထူးစွမ်းရည်တစ်ခု ရှိတယ်။ ကျွန်တော့်ရဲ့အကြားအာရုံက အခြားသူတွေထက် ဆယ်ဆ ပိုပြီးထက်မြက်တယ်။ နောက်ပြီး အကွာအဝေးနဲ့ အာရုံစူးစိုက်မှုဆိုရင်လည်း သာမန်လူတွေ မြင်နိုင်တာထက် သာလွန်ပါတယ်။ အဲ့ဒါကြောင့် ဒီပတ်ပတ်လည်က အရာဝတ္ထုတွေရဲ့ တည်နေရာကို ရှာဖွေနိုင်တာပါ။"

"အံ့သြစရာကောင်းလိုက်တာ။" လျိုချန်းရှီက အံ့အားသင့်စွာ အော်လိုက်မိသည်။

"ဒါပေမယ့် မစ္စတာလျို … ဒါကို ကူညီပြီး လျှို့ဝှက်ထားပေးမယ်လို့ မျှော်လင့်ပါတယ်။"

ထန်ရှုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

လျိုချန်းရှီသည် တောက်ပနေသော အကြည့်များဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး ထန်ရှုကို ကြည့်ကာ

"ထန်ရှု … မင်း ငါတို့ရဲ့ လုံခြုံရေးဗျူရိုမှာ ပါဝင်ဖို့ ဆန္ဒရှိလား။ ငါတို့ဌာနမှာ ပါဝင်မယ်ဆိုရင် မင်းအတွက် အကောင်းဆုံးအရာတွေ ရဖို့ ငါ အာမခံတယ်။ နောက်ပြီး အနာဂတ်မှာ မင်း ထိပ်ဆုံးကို သေချာပေါက် ရောက်လာစေဖို့လည်း ငါ အာမခံတယ်။”

"စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် အဲ့ဒါကို စိတ်မဝင်စားပါဘူး။"

ထန်ရှု ခေါင်းယမ်းကာ ပြောလိုက်သည်။

"မြန်မြန် မငြင်းပါနဲ့ ထန်ရှု…" လျိုချန်းရှီက အမြန်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး အရင်စဉ်းစားပါဦး။ နောက်ပြီး အကြီးအကဲထန်ဆီကိုလည်း ငါကိုယ်တိုင် သွားလည်ပါဦးမယ်။ ငါ မျှော်လင့်ပါတယ် သူ…”

ထန်ရှုက သူ၏စကားအား ကြားဖြတ်လိုက်ပြီး

"ဒီကိစ္စကြောင့် အဖိုးဆီ ခင်ဗျားသွားမယ်ဆိုရင် ခင်ဗျားရဲ့လုံခြုံရေးဌာနကို ဘယ်တော့မှ ကျွန်တော် ဝင်တော့မှာမဟုတ်ဘူးဆိုတာ ၁၀၀% သေချာတယ်။ နောက်ပြီး ကျွန်တော်က တက္ကသိုလ်ကျောင်းသား ဖြစ်တဲ့အပြင် စီမံခန့်ခွဲနေရတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေလည်း ရှိတာမို့  သေချာပေါက် တခြားကိစ္စတွေကို လုပ်ဆောင်ဖို့ အချိန်မရှိပါဘူးဗျ။ အနာဂတ်မှာ ခင်ဗျားရဲ့ဌာနကို ကျွန်တော် ဝင်မယ်ဆိုရင်တောင် အနည်းဆုံး တက္ကသိုလ်ဘွဲ့ရတဲ့အထိ စောင့်ရမယ်။”

"ဒါဆို မင်းရဲ့စကားတွေကို ငါ မှတ်ထားမယ်။" လျိုချန်းရှီက တခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

ထန်ရှုက အနည်းငယ် စဉ်းစားနေရင်း

"မစ္စတာလျို … ကျွန်တော် ထူးဆန်းတာတစ်ခု တွေ့ခဲ့ပေမယ့် နားမလည်ဘူးဖြစ်နေတယ်။ ကျွန်တော့်ရဲ့သံသယတွေကို ရှင်းသွားဖို့ ကူညီပေးနိုင်မလား။"

"ဘာပြဿနာ ရှိနေလို့လဲ။" လျိုချန်းရှီက ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“ကျွန်တော် လမ်းလျှောက်ရင်း ထိုင်ခုံတချို့မှာ အပေါက်အပြဲ ရှိတာကို မတော်တဆ သတိထားမိခဲ့တယ်။ အဲ့ဒီအပေါက်တွေထဲ စိုက်ပင်အပ်တွေ ရှိနေပြီး ပင်အပ်တွေက အပေါ်ကို ထောင်နေတယ်။ အစက သိပ်မနာလောက်ဘူးဆိုပြီး  သာမန်ပဲ သဘောထားခဲ့ပေမယ့် နောက်ဖေးလျှောက်လမ်းက အဝေးဆုံးထောင့်ရဲ့ အမှိုက်ပုံးထဲမှာ သေတ္တာတစ်ဝက်လောက်ရှိတဲ့ စိုက်ပင်အပ်တွေနဲ့ အတွင်းထဲမှာ သွေးစွန်းနေတဲ့ ဖန်ပုလင်းများစွာကို တွေ့ခဲ့တယ်။”

လျိုချန်းရှီ၏အမူအရာသည် အရုပ်ဆိုးသွားပြီး ထန်ရှုအား တစ်ချက် တွေတွေကြီး စိုက်ကြည့်လိုက်ပြီး

"ထန်ရှု … မင် … မင်း … အဲဒါတွေကို မင်း ဘယ်မှာ တွေ့ခဲ့လဲ။ ငါ့ကို အမြန်ခေါ်သွားပေး။ မိုက်ရိုင်းလိုက်တဲ့ကောင်တွေကွာ… အဲ့ဒီခွေးမသားတွေက ပိုဆိုးတဲ့ဒုက္ခကို ဖန်တီးဖို့ စက်ဆုပ်ဖွယ် နည်းလမ်းမှန်သမျှ တကယ် အသုံးပြုနေကြတာပဲကွ။”

"ကျွန်တော် အဲ့ဒီနေရာကို ခေါ်သွားပေးနိုင်တယ် မစ္စတာလျို ဒါပေမယ့် ကျွန်တော် မေးတာကို မဖြေသေးဘူးနော်။ အခြေအနေက ဘယ်လိုကြီးလဲ။” ထန်ရှု သိလိုစိတ်ဖြင့် မေးသည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပန်းခြံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ဖူးတယ်။ အဲ့ဒီနေ့ မှာ ပန်းခြံထဲက ထိုင်ခုံတွေထဲမှာလည်း ပင်အပ်များစွာ ရှိနေခဲ့တယ်။ အဲ့ဒီပင်အပ်တွေကို သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ ပေါ်အောင်လို့ နည်းလမ်းတချို့ သုံးထားတယ်။ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီထိုင်ခုံတွေပေါ် ထိုင်မိမယ်ဆိုရင် အမှတ်တမဲ့နဲ့ ထိုးဖောက်ခံရဖို့က မိနစ်အနည်းငယ်တွင်း အခွင့်အရေးရှိနေတာလေ။ အဲ့လို ထိုင်နေသရွေ့ ထိုင်မိတဲ့သူတွေက အပ်ဖျားကနေတဆင့် တစ်ခုခု ထိမိသွားဖို့ အလားအလာ အလွန်များနေတာပေါ့။

“၂၂၇ … ဒါက ဘယ်တော့မှ မမေ့နိုင်တဲ့ နံပါတ်တစ်ခုပဲ။ စုံစမ်းစစ်ဆေးမှုအပြီးမှာ  သိလိုက်ရတာက ပန်းခြံထဲ လာရောက်လည်ပတ်တဲ့ ဧည့်သည်၂၂၇ ဦးက ပင်အပ်တွေ အစူးခံခဲ့ရပြီး သူတို့ထဲက တစ်ယောက်က တရုတ်နိုင်ငံရဲ့နာမည်ကြီး ဆေးဘက်ဆိုင်ရာ ပါမောက္ခပဲ။ အဲဒီနေ့က သူ့မြေးလေးနဲ့အတူ ပန်းခြံထဲမှာ ဆော့ကစားနေခဲ့တာလေ။ စူးဖောက်ခံရပြီးနောက် ခုံတန်းလျားပေါ်က အက်ကွဲကြောင်းကနေ ပင်အပ်ကို ဆွဲထုတ်လိုက်တာ သွေးတွေ စွန်းနေတာကို သူ တွေ့ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူက အဲ့ဒီပင်အပ်ကို အလေးအနက်မထားခဲ့ဘူး … သိပ်မကြာခင်မှာပဲ ပြင်းထန်တဲ့ရောဂါတစ်ခု — အေအိုင်ဒီအက်စ်ကို သူ ခံစားရဖို့ အချိန်သိပ်မကြာလိုက်ဘူး။

“နောက်ပိုင်း သူ့မှာ အေအိုင်ဒီအက်စ်ရောဂါကို ခံစားနေရမှန်း သိလာတဲ့အခါ ပန်းခြံထဲမှာ ပင်အပ်အစူးခံရတဲ့အချိန်နဲ့ ဆက်စပ်မိခဲ့တယ်။ များမကြာမီမှာပဲ သူ နေထိုင်တဲ့ဒေသမှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားမှု အများအပြား ရှိနေတာကို သူ စုံစမ်းလို့ရခဲ့တယ်။ သေသေချာချာ စုံစမ်းကြည့်လိုက်တော့ အဲ့ဒီရောဂါကို ခံစားခဲ့ရသူ ၂၂၇ ဦးက အဲ့ဒီနေ့ မှာ ပန်းခြံကို သွားရောက်ခဲ့ကြောင်း သိခဲ့ရတယ်။ အများစုက ပေါက်ကွဲတဲ့ မြင်ကွင်းကို ကြည့်ချင်လို့ အဲ့ဒီနေရာကို ရောက်သွားကြတာ။” လျိုချန်းရှီက ရှင်းပြသည်။

လျိုချန်းရှီ၏ပြန်ပြောပြသည်ကို နားထောင်ပြီးနောက် ထန်ရှု အာစေးမိသွားကာ ထိတ်လန့်တုန်လှုပ်သွားရသည်။ တစ်ခုသိရမည်မှာ ပရိသတ်ထိုင်ခုံများတွင် အနည်းဆုံး ထောင်နှင့်ချီသော တွန်းပင်အပ်များကို သူ၏စိတ်ဝိညာဉ်အာရုံဖြင့် တွေ့ရှိထားခဲ့သည်။ ပင်အပ်တစ်ခုစီက လူတစ်ဦးစီကို ထိုးဖောက်ခဲ့ပါက လူထောင်ပေါင်းများစွာ အိပ်ချ်အိုင်ဗွီရောဂါ ကူးစက်ခံရမည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။

“အဲ့ဒီယီးလိုအစွန်းရောက်သမားတွေ။ ယီးလို မိုက်မဲတဲ့ အကြမ်းဖက်ကောင်တွေ။ ဒင်းတို့တွေ အားလုံးသေဖို့ပဲ ထိုက်တန်တယ်။”

သူ၏စိတ်နှလုံးသားအတွင်းမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်ထွက်လာသဖြင့် ထန်ရှု အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရသည်။

သူ၏အမုန်းတရားသည် လျိုချန်းရှီဆီပါ ကူးစက်သွားပြီး “ဟုတ်တယ် … အဲ့ဒီကောင်တွေ သေဖို့ပဲ ကောင်းတယ်။ ထန်ရှု … မင်း ပင်အပ်တွေ တွေ့ထားတဲ့ နေရာတွေကို ငါ့ကို မြန်မြန်ပြောပါ။ အဲ့ဒါတွေကို ချက်ခြင်းရှင်းဖို့ ငါ့လူတွေကို ခုပဲ လွှတ်လိုက်မယ်။ နို့မဟုတ်ရင် သောင်းချီတဲ့ပရိသတ်တွေ ဝင်လာတာနဲ့ အရာရာက သည်းမခံနိုင်လောက်အောင် ကြောက်စရာတွေ ဖြစ်သွားလိမ့်မယ်။”

ထန်ရှုက သူ့လက်ပတ်နာရီကို ကြည့်လိုက်ပြီး "တော်တော် နောက်ကျသွားပြီ။ ပရိသတ်တွေ ဝင်လာဖို့ နာရီဝက်ပဲ လိုတော့တယ်။ ခန်းမတစ်ခုလုံးထဲက ပင်အပ်တွေအားလုံးကို နာရီ၀က်နဲ့ ရှင်းလင်းဖို့ဆိုတာ အတော် ခက်လိမ့်မယ်။"

အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် လျိုချန်းရှီသည် သူ၏ကြိုးမဲ့နားကြပ်မှတစ်ဆင့် ချက်ချင်း အမိန့်ပေးလိုက်သည်။

"အားလုံး အာရုံစိုက်ပါ။ ဖျော်ဖြေပွဲစီစဉ်သူဆီ ဆက်သွယ်ပြီး ဖျော်ဖြေပွဲအချိန်ကို တစ်နာရီ ရွှေ့ဆိုင်းမယ်လို့ ပြော။ ပရိသတ်တွေ ဖျော်ဖြေပွဲနေရာအတွင်း ဝင်ရောက်မယ့်အချိန်ကို တစ်နာရီ ရွှေ့ဆိုင်းရမှာနော်။ ဘာကြောင့်လဲဆိုတာကို လျှို့ဝှက်ဖို့ သတိထားကြဦး။ ဝန်ထမ်းတွေကို အပြင်ထွက်ပြီး ပရိသတ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခိုင်းလိုက်။”

***

All Chapters