ဥပဒေအာဏာဖြင့် ခုခံဆန့်ကျင်သူတိုင်းကို သတ်ဖြတ်ခြင်း
Vol. 10 Ch. 467
ကျန်းရှင်းယာသည် ဖျော်ဖြေပွဲစင်မြင့်အနောက်သို့ လွန်ခဲ့သည့် တစ်နာရီကျော်ကပင် ရောက်ရှိနေခဲ့သည်။ သည်အချိန်တွင် ဝန်ထမ်းများသည် သူမအတွက် ဝတ်စုံများ၊ လက်ဝတ်တန်ဆာမျိုးစုံကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသလို သူမသည်လည်း မိတ်ကပ်ပညာရှင်များ၏လိမ်းခြယ်မှုကို ခံယူနေခဲ့သည်။
"မစ္စကျန်း … ငါ့ကို အချိန်ခဏလောက်ပေးလို့ရမလား" နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ သက်လတ်ပိုင်းအမျိုးသမီးသည် အဝတ်လဲခန်းထဲသို့ဝင်ကာ ကျန်းရှင်းယာအား ပြောလာသည်။
"ပြသနာ မရှိပါဘူး။" ကျန်းရှင်းယာက ထရပ်ပြီး မဆိုင်းမတွ ပြန်ဖြေသည်။
ချက်ချင်းပင် နှစ်ယောက်သား အဝတ်လဲခန်းမှ ထွက်လာကြကာ ဘေးက အခန်းလွတ်ထဲသို့ ရောက်လာကြသည်။
ထို့နောက် သက်လတ်ပိုင်းအမျိုးသမီးက
“မစ္စကျန်း … ခေါင်းဆောင်က ဖျော်ဖြေပွဲကို တစ်နာရီရွှေ့ဆိုင်းဖို့ ညွှန်ကြားထားလို့ ပရိသတ်တွေ နောက်တစ်နာရီကြာမှ ဖျော်ဖြေမယ့်နေရာကို ဝင်လို့ရမယ်။ မစ္စတာလျိုက အဲ့ဒီအကြောင်းကို ရှင်နဲ့ ကိုယ်တိုင်ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် သူ အရေးတကြီး ကိုင်တွယ်ရမယ့် ကိစ္စတစ်ခု ရှိနေလို့ မလာနိုင်တော့တာပါ။”
"ဘာဖြစ်လို့လဲဟင် ကျွန်မကို သေချာပြောပြပါဦး။" ကျန်းရှင်းယာက ကမန်းကတန်း မေးလိုက်သည်။
“ဖျော်ဖြေမယ့်နေရာမှာ ချိန်ကိုက်ဗုံးတွေအများကြီး တွေ့ခဲ့တယ်။ အဲ့ဒီနေရာမှာ အိပ်ချ်အိုင်ဗွီပိုးပါတဲ့ ပင်အပ်တွေလည်း ရှိနေတယ်။ အခု ချိန်ကိုက်ဗုံးတွေ အားလုံးကိုတော့ ဖယ်ရှားပြီးပြီ။ လျှို့လျှို့ဝှက်ဝှက်နဲ့ အဝေးကို သယ်ဆောင်နေတယ်။ ဒါပေမယ့် ငါတို့လူတွေက အိပ်ချ်အိုင်ဗွီပိုးပါတဲ့ ပင်အပ်တွေကို တစ်ခုပြီးတစ်ခု ရှာပြီး ဖယ်နေကြတုန်းပဲ။”
ကျန်းရှင်းယာ၏မျက်နှာ သိသိသာသာ ပျက်သွားသည်။ ယနေ့ညဖျော်ဖြေပွဲအား အကြမ်းဖက်ရန် ကြိုးစားနေသည့် အစွန်းရောက်သမားတွေ ရှိသည်ဆိုတာ သူမ သိထားသော်ငြား သည်ကဲ့သို့ အသည်းနှလုံးကင်းမဲ့ကာ ချိန်ကိုက်ဗုံးများ တပ်ဆင်သည့်အထိ လုပ်ဆောင်လိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ သို့သော် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား အမြန်မေးလိုက်သည်။
“ဒါ မဟုတ်သေးပါဘူး။ အိပ်ချ်အိုင်ဗွီပိုး ကူးစက်တဲ့နည်းလမ်းက အတော်ထူးခြားနေတယ်။ ပင်အပ်ပေါ် သုတ်လိမ်းပြီး တစ်စုံတစ်ဦးကို အထိုးခံရရင် ကူးစက်နိုင်ခြေက အတော်နည်းတယ် မဟုတ်လား။ သူတို့ ဘာကြောင့်…”
သက်လတ်ပိုင်းအမျိုးသမီးက အားတင်းထားရသော အပြုံးဖြင့်
“အဲဒါက ပုံမှန်အိပ်ချ်အိုင်ဗွီပိုးရှိတဲ့ သွေးဆိုရင် ငါတို့ ဒီလိုမျိုး စိုးရိမ်နေမှာ မဟုတ်ဘူး။ ရောဂါပိုးက အချိန်ကြာသွားရင် မထိုးရသေးခင် သူ့ဘာသူ သေသွားမှာမလို့လေ။ အဲ့လိုသာဆိုရင် အစွန်းရောက်ဝါဒီတွေက သွေးစွန်းနေတဲ့ ပင်အပ်တွေနဲ့ လူ့ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး ရောဂါကူးစက်အောင် ကြိုးပမ်းတာက ဖြစ်နိုင်ချေ အနည်းငယ်သာ ရှိတာပေါ့။ ဒါပေမယ့် သူတို့ရာထူးတွေထဲမှာ အလွန်ကျွမ်းကျင်တဲ့ ဇီဝဗေဒပညာရှင်တစ်ဦး ရှိလိမ့်မယ်။ အဲ့ဒီလူက အိပ်ချ်အိုင်ဗွီပိုးရှိတဲ့ သွေးကို ထူးခြားတဲ့ဗိုင်းရပ်စ် တစ်ခုခုနဲ့ ပြောင်းလဲပြုပြင်ထားပုံပဲ။ အဲ့ဒါကြောင့် အချိန်ကြာလို့ ရောဂါပိုးသေသွားတာ မဖြစ်တော့ဘဲ အခု တအားကူးစက်မြန်တယ်။ သာမန်လူတောင် မရှောင်နိုင်ဘဲ ကူးစက်ခံနေရတယ်။ တကယ်တော့ အဲ့ဒီပိုးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က စပြီး ငါတို့တွေ ရှာဖွေတွေ့ရှိခဲ့ပြီးပြီ။ ဒါပေမယ့် ပြည်တွင်း ဗိုင်းရပ်စ်ဗေဒပညာရှင်တော်တော်များများက အဲ့ဒီပြဿနာကို အခုအချိန်အထိ မဖြေရှင်းနိုင်သေးဘူး။”
"ဒီလိုကြောက်စရာကောင်းတဲ့ အရာတွေရှိနေရင် သူတို့အတွက် အန္တရာယ်ပြုဖို့ဆိုတာက လွယ်လွန်းတယ် မဟုတ်ဘူးလား။"
ကျန်းရှင်းယာ ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။
လူလတ်ပိုင်းအမျိုးသမီးက ခေါင်းခါပြရင်း “အကြမ်းဖက်သမားတွေက ဒီအိပ်ချ်အိုင်ဗွီ အမျိုးအစားသစ် နမူနာတွေ အများကြီး ရချင်တယ်ဆိုရင်တောင် ဒီလောက် လွယ်မှာ မဟုတ်လောက်ဘူး။ ဒီလိုမှမဟုတ်ရင် လူ့အဖွဲ့အစည်းအပေါ် သူတို့ရဲ့အမုန်းတရားတွေနဲ့ဆိုရင် ဒီဗိုင်းရပ်စ်အမျိုးအစားကို သုံးပြီး ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ဖြစ်သွားတော့မှာပေါ့။”
ထိုစကားကိုကြားပြီးနောက် ကျန်းရှင်းယာ၏ ဆောက်တည်ရာမရ ယောက်ယက်ခတ်နေသော စိတ်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ထို့နောက်
“ရှင်တို့လူတွေ အကြမ်းဖက်သမားတွေကို ဖမ်းမိသွားပြီလား။”
"မမိသေးဘူး။ ဖျော်ဖြေတဲ့နေရာကို ဘယ်အချိန်ကတည်းက ဘယ်လို စိမ့်ဝင်သွားတယ်ဆိုတာ ငါတို့ ရှာမတွေ့သေးပါဘူး။” သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းယမ်းလျက်
"ဒါပေမယ့် ငါတို့ရဲ့ ပြည်နယ်လုံခြုံရေးက လူတွေ၊ ရဲတွေနဲ့ လက်နက်ကိုင်ရဲအရာရှိတွေ အကုန်လုံးက သူတို့ဝင်လာတာကို စောင့်နေကြတယ်ဆိုတော့ ရှင် စိတ်ချနိုင်ပါတယ်။ သူတို့ကိုသူတို့ ပြရဲနေသရွေ့ သူတို့ကို တရားမျှတအောင် စီရင်ရမယ်။”
သူမအား ခေါင်းညိတ်ပြနေသော်လည်း ကျန်းရှင်းယာ၏ စိတ်နှလုံးအတွင်းရှိ စိုးရိမ်သောကများသည် ပြေလျော့မသွားပါချေ။ ကျန်းရှင်းယာ တခဏ တုံ့ဆိုင်းသွားပြီးနောက်
"ထန်ရှုရော လာလား။"
"လာတယ် … သူ ဒီကို ရောက်နေပြီ။ တကယ်တော့ ချိန်ကိုက်ဗုံးတွေနဲ့ ထိုင်ခုံတွေပေါ်က ပင်အပ်တွေက သူ တွေ့ခဲတာတွေ။” သက်လတ်ပိုင်း အမျိုးသမီးက ပြောပြသည်။
"ထန်ရှုက အဲ့ဒါတွေကို ရှာတွေ့ခဲ့တာလား။ သူကလေ …” ကျန်းရှင်းယာ အံ့သြတကြီး ရေရွတ်မိသည်။
“သူက တကယ်ကို ကျွမ်းကျင်တဲ့သူပဲ။ အခု ဖျော်ဖြေပွဲနေရာမှာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ မစ္စတာလျိုနဲ့အတူ အလုပ်လုပ်နေတယ်။” သက်လတ်ပိုင်း အမျိုးသမီးက ဆိုသည်။
ထိုစကားကိုကြားပြီးနောက် ကျန်းရှင်းယာ ရုတ်တရက် စိတ်သက်သာရာရသွားသည်။ ထန်ရှု၏ ရဲရင့်မှုကို သူမ မြင်ခဲ့ဖူးပြီး ထန်ရှု အလွန်အစွမ်းထက်သည်ကို သူမ သိထားပြီးဖြစ်သည်။ ချိန်ကိုက်ဗုံးနှင့် ပင်အပ်များကို သူ ရှာတွေ့ခဲ့ခြင်းသည် သူမ သိထားသည်ထက် ထန်ရှု ပိုမိုကျွမ်းကျင်ကြောင်း ပြသနေပေသည်။
ထန်ရှု သည်နေရာတွင် ရှိသည်ဟုသိရသဖြင့် ကျန်းရှင်းယာ ရုတ်ခြည်းပင် စိတ်သက်သာရာ ရသွားတော့သည်။
****
ဖျော်ဖြေပွဲနေရာအတွင်းရှိ ကြိုတင်ပြင်ဆင်နေသော အချိန်အတွင်း လျိုချန်းရှီကိုယ်တိုင်မှ ထိုင်ခုံတိုင်းကို ထပ်မံ စစ်ဆေးရမည်ဟု အမိန့်ထုတ်ထားသောကြောင့် လုံခြုံရေးအစောင့်များနှင့် ရဲအရာရှိတစ်ရာနီးပါးသည် ဂရုတစိုက် စုံစမ်းစစ်ဆေးနေကြသည်။
"စစ်ဆေးတဲ့အခါ ပိုပြီး မြန်ရမယ် ပိုပြီးလည်း သတိရှိရမယ်။"
ထန်ရှုအနီးတွင် ရပ်နေသည့် လျိုချန်းရှီက သူ၏ကြိုးမဲ့နားကြပ်မှတဆင့် လျင်မြန်စွာ အမိန့်ပေးလျက်ရှိသည်။
ထန်ရှုသည် စင်မြင့်တစ်နေရာတွင် မှီရပ်နေရင်း စီးကရက်တစ်လိပ် လက်ကြားညှပ်ကာ စဉ်းစားခန်းဝင်နေသဖြင့် မျက်လုံးများ တလက်လက် ဖြစ်နေသည်။
အကြမ်းဖက်သမားများ အသုံးပြုသည့် နည်းလမ်းများကြောင့် ထန်ရှုသည် ၎င်းတို့ထံတွင် အစီအစဉ်နှစ်ခုတည်းသာ ရှိလိမ့်မည်ဟု မယုံကြည်တော့ပါချေ။ ချိန်ကိုက်ဗုံးများနှင့် အိပ်ချ်အိုင်ဗွီပိုးပင်အပ်သည် ကြိုတင်ရှာတွေ့ရန် အခွင့်အလမ်းများသည်ကို ထိုသူများ သိထားပြီး ဖြစ်သောကြောင့် အခြားယုတ်မာရက်စက်သည့် နည်းလမ်းတွေကို သူတို့ စီစဉ်နိုင်ကြပေသည်။
သို့သော် ထိုအစီအစဉ်များသည် မည်သည့်အရာများ ဖြစ်နိုင်ပါသနည်း။
ထန်ရှုသည် အင်မော်တယ်ကမ္ဘာ၏အသိပညာနှင့် အတွေ့အကြုံများစွာ ရှိသော်လည်း ယခုလက်ရှိ နည်းပညာမြင့်ခေတ်တွင်မူ အသုံးချနိုင်သော၊ အန္တရာယ်ပေးနိုင်သော နည်းလမ်းမျိုးစုံကို သူ့အနေဖြင့် မတွေးတတ်လောက်အောင် ဖြစ်နေသည်။
"မစ္စတာလျို ကျေးဇူးပြုပြီး လုပ်စရာ ရှိတာ လုပ်ပါ။ ကျွန်တော် အပြင်ဘက် လမ်းလျှောက်ထွက်ဦးမယ်။ တခြားရှာဖွေတွေ့ရှိမှုတွေ တွေ့ကောင်းလည်း တွေ့နိုင်တယ်။”
ထန်ရှုက စီးကရက်ကို မီးသတ်လိုက်ပြီး အနီးနားရှိ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။
"ထန်ရှု နေဦး။ မင်းကို လျှို့ဝှက်ကာကွယ်ဖို့ လူနှစ်ယောက်ကို ငါ ခေါ်လိုက်မယ်။” လျိုချန်းရှီ အမြန်ပြောလိုက်သည်။
"မလိုပါဘူးခင်ဗျာ ကျေးဇူးတင်ပါတယ်။" ထန်ရှုက လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
လျိုချန်းရှီသည် တွေတွေကြီး ရပ်နေရင်း ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောကို စိုက်ကြည့်နေသည်။ တခဏလောက်ကြာသောအခါ သူနှင့်မနီးမဝေးမှ လူလတ်ပိုင်းနှစ်ယောက်အား လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
ယနေ့တွင် ထန်ရှု၏စွမ်းဆောင်မှုသည် ထူးထူးခြားခြား ဖြစ်ပေသည်။ သူ၏အထူးစွမ်းရည်မှာ မယုံနိုင်စရာ ဖြစ်ပြီး သူ၏စေ့စပ်သော ဦးနှောက်သည် လျိုချန်းရှီအား အလွန်ကျေနပ်အားရစေသည်။ ထို့ပြင် ထန်ရှုအား နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စေပြီး တိုင်းပြည်နှင့်ပြည်သူလူထုကို အကျိုးပြုနိုင်မည်ဟုလည်း သူက မျှော်လင့်ထားသောကြောင့် သည်ကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတွင် ထန်ရှု၏ ဘေးကင်းမှုအား သေချာပေါက် သူ ဆောင်ရွက်ရပေမည်။ သူ၏ သီးခြားပုံရိပ်သည်လည်း အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။
ထန်ရှုသည် အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာရင်း သူ၏အနောက်က လူ၂ယောက်အား ကောင်းစွာ သတိပြုမိသော်လည်း သူ၏ခြေလှမ်းများအား ရပ်တန့်ခြင်းမရှိဘဲ မချိပြုံးသာ ပြုံးလိုက်မိသည်။
တောင်ဘက်ဝင်ပေါက်မှ ထွက်လာရာတွင် လွပ်လပ်စွာ ဝင်ထွက်နိုင်သော အလုပ်ကတ်အား လည်ပင်းတွင် ချိတ်ဆွဲထားသောကြောင့် မည်သူမျှ သူ့ကို မတားကြပေ။
ထန်ရှုသည် ထိုနေရာရှိ အလွန်ရှည်လျားစွာ တန်းစီနေကြသည့် လူတန်းလေးကြောင်းကို ကြည့်လိုက်ရင်း မျှော်လင့်ချက်များဖြင့် တက်ကြွနေကြသည့် ပရိသတ်များကိုလည်း ကြည့်မိသည်။ သူတို့သည် ကျန်းရှင်းယာ၏ ပိုစတာများနှင့် တောက်ပသော တုတ်ချောင်းများကို ယူဆောင်လာကြသည်။ အိုင်ဒေါလ်များ ပိုင်ဆိုင်ထားသည့် အကြောင်းအရာတွေအကြောင်း တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ ယူကြုံးမရဖြစ်မိသည်။ သည်ဖျော်ဖြေပွဲ၌ ဤမျှကြီးမားသော ပြသနာအကျပ်အတည်းတစ်ခု ပေါ်ပေါက်လာသည့်တိုင် သာမန်ပရိသတ်များ အားလုံး သတိမမူမိကြပေ။ သူတို့သည် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ တက်ကြွမှုနှင့် မျှော်လင့်ချက်များကိုသာ ကိုယ်တိုင် သယ်ဆောင်လာကာ သူတို့၏အိုင်ဒေါလ်ကို မြင်တွေ့ရန်နှင့် အိုင်ဒေါလ်၏ဖျော်ဖြေတင်ဆက်မှုကို မျက်မြင်ကိုယ်တွေ့ ကြည့်နိုင်ရန် စောင့်မျှော်နေကြသည်။
…ကြီးမားသော စွမ်းအားနှင့် စွမ်းရည်များ ရှိပါက ကြီးလေးသော တာဝန်လည်း ရှိလာမည်မှာ အမှန်ပင်။…
သည်စကားသည် သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
သူနှင့်ကျန်းရှင်းယာ သူငယ်ချင်းမဟုတ်ရင်တောင်မှ သည်ညတွင် အကြမ်းဖက်မှုဖြစ်ပွားမည်ကို သိပါက သူ့အနေဖြင့် ကူညီလုပ်ဆောင်နေဦးမည်သာ ဖြစ်သည်။
“လူတစ်ဦး၏အသက်ကို ကယ်တင်ခြင်းသည် ဘုရားရှင်အတွက် ခုနစ်ထပ်ဘုရားကို တည်ဆောက်ပေးခြင်းထက် သာ၍ကောင်းသည်။”
ဟူသော ဆိုရိုးစကားအား သူ မယုံကြည်စေကာမူ သည်ကဲ့သို့ ငြိမ်းချမ်းသောခေတ်၏ ကမ္ဘာမြေကြီးထက်တွင် ငရဲကဲ့သို့ဆိုးရွားသည့်အရာ ဖြစ်ပွားမည်ကို သူ မမြင်ချင်ပေ။
သူသည် လက်ကိုင်ဖုန်းကို ထုတ်ကာ ရှင်းလီ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီးနောက် တီးတိုးသံဖြင့်
“အခြေအနေ ဘယ်လိုရှိလဲ။ အပြင်မှာ မသင်္ကာစရာလူတွေ တွေ့လား။"
"နှစ်ယောက်တွေ့ထားတယ် သူဌေး။ ငါတို့ အခုထိ စောင့်ကြည့်နေတဲ့ အခြေအနေမှာ ရှိနေတုန်းပဲ။”ရှင်းလီ၏အသံသည် မိုဘိုင်းဖုန်းမှ ထွက်ပေါ်လာသည်။
ထန်ရှု တုန်လှုပ်သွားပြီး
“ဖျော်ဖြေပွဲကို တစ်နာရီ ရွှေ့ဆိုင်းထားလို့ ပရိသတ်ဝင်ရမယ့် အချိန်ကလည်း တစ်နာရီလောက် နောက်ကျလိမ့်မယ်။ အစွန်းရောက်သမားတွေကို တတ်နိုင်သမျှ လိုက်ရှာဖို့ မြန်မြန် ကြိုးစားရမယ်။ ကမူးရှူးထိုး မလုပ်နဲ့ဦး ခန်းမထဲသို့ ဝင်ခါနီးအချိန်ထိ ခဏစောင့်။ ပြီးရင် မင်းတို့တွေ့ထားတဲ့လူတွေကတဆင့် တခြားအစွန်းရောက်တွေရဲ့ အချက်အလက်တွေကို ညှစ်ထုတ်ပါ။”
"နားလည်ပါပြီ။" ရှင်းလီက လေးနက်သော လေသံဖြင့် ပြန်ဖြေသည်။ သို့သော် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းနေပြီးမှ
“သူဌေး … သူတို့က အစွန်းရောက်တွေဖြစ်ရင် ငါတို့ ဘယ်လို ရှင်းလိုက်ရမလဲ။”
“သူတို့ကို အရှင်လတ်လတ် ဖမ်းမိနိုင်ရင် အသက်ရှင်ခွင့်ပေးပြီး ဥပဒေအတိုင်း လုပ်မယ်။ အရှင်ဖမ်းမမိနိုင်ရင် သတ်ပစ်လိုက်။” ထန်ရှုက ဖြေလိုက်သည်။
“နောက်ပြီး ဒီအကြမ်းဖက်သမားတွေက အရမ်းအန္တရာယ်များတယ်ဆိုတာ သတိရပါ။ မင်းတို့ရဲ့လုံခြုံရေးကိုလည်း ဂရုစိုက်ရမယ်။”
"သိပါပြီ သူဌေး။" ရှင်းလီက ပြန်ပြောသည်။
"နောက်တစ်ခုက … အစွန်းရောက်သမားတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေ စတင်လာရင် သူတို့ကို မရိပ်မိစေဘဲ စောင့်ကြည့်နေ။ ဒီညဖျော်ဖြေပွဲကို လာကြည့်တဲ့ ပရိသတ်တွေ အများကြီးရှိတယ်။ တကယ်လို့ ဒီနေရာမှာ သွေးထွက်သံယို ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာရင် အထိတ်တလန့်တွေ ဖြစ်လာကြမယ်။ ထောင်သောင်းချီတဲ့ လူအုပ်ထဲမှာ မငြိမ်သက်တာတွေ ဖြစ်လာခဲ့ရင် အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားလိမ့်မယ်။”
“ဟုတ်ကဲ့ပါ။” ရှင်းလီက ပြန်ဖြေသည်။
ဖုန်းချပြီးနောက် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်ပြီး လူတန်း၏အနောက်ဘက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
အစွန်းရောက်သမားတွေသာ လူအုပ်ကြားထဲ ပုန်းအောင်းနေမည်ဆိုပါက ပရိသတ်တွေကိုလည်း လျှို့ဝှက်စွာ စောင့်ကြည့်ဖို့ လိုမည်ဖြစ်သည်။
သူ၏စိတ်ဝိညာဉ်အာရုံဖြင့် သဲလွန်စအချို့ကို အလွယ်တကူ သိရှိနိုင်မည်ဟု သူ ယုံကြည်ထားသည်။
သူမျှော်လင့်ထားသည့်အတိုင်း မီတာ ၁၅၀နီးပါး ဖြည်းညှင်းစွာ လမ်းလျှောက်ပြီး တန်းစီနေသော လူတန်းလေးတန်း၏ အလယ်သို့ ရောက်သောအခါတွင် သူ၏စိတ်ဝိညာဉ်အာရုံသည် တန်းစီစောင့်ဆိုင်းနေသော ပရိသတ်များကြားထဲတွင် ဓားမြှောင်ပါလာသော လူတစ်ယောက်ကို တွေ့ရှိသွားသည်။ ထိုသူသည် ဓားမြှောင်ကို အနက်ရောင် သားရေအိတ်ဖြင့် ပတ်ကာ ထိုလူ၏ဘယ်ဘက်ပေါင်တွင် ချည်ထားသည်။
ထန်ရှုသည် ထိုလူထံသို့ မသိမသာ ချဉ်းကပ်လာပြီး မည်သူမှ မရိပ်မိခင် လျင်မြန်စွာ ဓာတ်ပုံရိုက်ကာ ရှင်းလီထံ ပေးပို့လိုက်သည်။
ရှာဖွေခြင်း … အမဲလိုက်ခြင်း…
ထန်ရှု၏စိတ်ဝိညာဉ်အာရုံသည် ယနေ့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အရှေ့၊ တောင်၊ အနောက်နှင့် မြောက် ဝင်ပေါက်လေးခုမှ ထောင်ချီသော လူပေါင်းများစွာကြားတွင် အန္တရာယ်ရှိသော လက်နက်များကိုင်ဆောင်ထားသည့် လူလေးဦးအား ထန်ရှု ရှာတွေ့ခဲ့သည်။ ထို့အပြင် ထိုသူများ၏ ပေါင်တဝိုက်တွင် သားရေပစ္စည်းဖြင့် ပတ်ထားသည့် အလားတူလက်နက်လည်း ရှိနေခဲ့သည်။
…သူတို့အားလုံး နီးပါးဖြစ်သည်။…
ထန်ရှုနှင့် ရှင်းလီတို့ကြား အပြန်အလှန် သတင်းပေးပို့ခြင်းဖြင့် ထာဝရခန်းမမှ ကျွမ်းကျင်သူများအားလုံးသည် ထိုသံသယလူများကို အနီးနားတွင် လျှို့ဝှက်စောင့်ကြည့်နေကြသည်။ ယခုလုပ်ရမည့် တစ်ခုတည်းသောအရာမှာ ထိုသူတို့အား တိုက်ခိုက်ရန်အတွက် အချိန်နှင့်အခွင့်အရေးကို ရှာဖွေရန်ဖြစ်သည်။
"စည်းမဲ့ကမ်းမဲ့ တန်းမစီပါနဲ့။ စနစ်တကျ တန်းစီပေးပါ။”
လျှပ်စစ်နံပါတ်တုတ် ကိုင်ဆောင်ထားသည့် လုံခြုံရေးအစောင့် လူရွယ်နှစ်ယောက်သည် ထန်ရှု၏ဘေးမှ ဖြတ်သွားသည်။ သူတို့ထဲက တစ်ယောက်သည် သူ၏လျှပ်စစ်နံပါတ်တုတ်ဖြင့် ဖရိုဖရဲဖြစ်နေသော လူတန်းကို ညွှန်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
ထန်ရှုက ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိသည်။ သူသည် ရှေ့သို့ ဆက်လျှောက်လာရင်း စိတ်ထဲတွင် အသိတစ်ချို့ လင်းလက်သွားတော့သည်။
…လုံခြုံရေးအစောင့်လား…
***