← Chapters

လူ့အဖွဲ့အစည်းကို မုန်းတီးသူများနှင့် ၎င်းတို့၏နည်းလမ်းများ

Vol. 10 Ch. 468

လူ့အဖွဲ့အစည်းကို မုန်းတီးသူများနှင့် ၎င်းတို့၏နည်းလမ်းများ

Vol. 10 Ch. 468

ယင်းမတိုင်မီက ထန်ရှု ထိုကဲ့သို့အတွေးကို ဘယ်သောအခါမှ မတွေးမိချေ။ ကျန်းရှင်းယာ၏ဖျော်ဖြေပွဲအား အစွန်းရောက်ဝါဒီများ အကြမ်းဖက်ရန် ကြိုးစားနေသည့် သတင်းအား နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနလူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ လက်ခံရရှိချိန်တွင် ပြင်ပအခြေအနေအား လျှို့ဝှက်စောင့်ကြည့်ရန် လူတွေ စေလွှတ်ထားသော်လည်း သံသယဖြစ်စရာ မည်သူကိုမှ မတွေ့ရချေ။

ထို့ကြောင့် အစွန်းရောက်သမားများသည် သည်ဖျော်ဖြေရေးနေရာအား မည်သို့ စိမ့်ဝင်သွားသည်ကို သူ မသိခဲ့ပေ။ ခန်းမထဲတွင် အိပ်ချ်အိုင်ဗွီပင်အပ်များနှင့် ချိန်ကိုက်ဗုံးများ ချထားသော အရေအတွက် မည်မျှရှိသည်ကို ဘုရားသခင် သိသည့်အတွက်ကြောင့် အချိန်အများကြီး သုံးရမည်မှာ သေချာသလောက်ပင်။ သို့သော်လည်း လုံခြုံရေးအစောင့်များ အသွင်ယူပြီး ဖုံးကွယ်ထားပါက ၎င်းတို့သည် အဆိုပါစွန့်စားမှုများကို ဆောင်ရွက်နိုင်ချေရှိသောကြောင့် လုံခြုံရေးအစောင့်ရာထူးတွင် အစွန်းရောက်အဖွဲ့ဝင်များ ရှိနေနိုင်ခြေကို ထန်ရှုသည် ယခု တွေးတောမိလာပြီဖြစ်သည်။

အနည်းငယ် စဉ်းစားပြီးနောက် ထန်ရှုသည် လျိုချန်းရှီအား ဖုန်းခေါ်ဆိုလိုက်ပြီး လမ်းလျှောက်ရင်း တီးတိုးလေသံဖြင့်

"မစ္စတာလျို … ကျွန်တော် ဒီမှာ နည်းနည်းစဉ်းစားမိလာတာရှိတယ်။"

"ဘာများလဲ ထန်ရှု။" လျိုချန်းရှီ စိတ်ဝင်တစား မေးလိုက်သည်။

ထန်ရှု သူစဉ်းစားမိသည်ကို ပြောပြရင်း

“လုံခြုံရေးအစောင့်တွေ ဖုံးကွယ်မထားဘူးဆိုရင် အစွန်းရောက်တွေ ခန်းမထဲကို လျှို့ဝှက်စွာ ဝင်ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒီလုံခြုံရေးအစီအစဉ်တွေက နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက လူတွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့အောက်မှာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားတာဆိုတော့လေ။ ဒီနေ့ညဖျော်ဖြေပွဲအတွက် တာဝန်ပေးထားတဲ့ လုံခြုံရေးအစောင့်တွေကို လျှို့ဝှက်စုံစမ်းဖို့ တစ်စုံတစ်ယောက်ကို တာဝန်ပေးနိုင်မလား။"

လျိုချန်းရှီ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ထန်ရှု … မင်းပြောတာက အဓိပ္ပါယ်ရှိတယ်။ ဒီပေါ့ဆမှုက ငါတို့ရဲ့အမှားဆိုတာ ငါ ဝန်ခံပါတယ်။ လုံခြုံရေးအစောင့်တွေက ရှန်ဟိုင်းမှာ အလွန်ကျော်ကြားတဲ့ ရွှေဒိုင်း လုံခြုံရေးကုမ္ပဏီကပါ။ တချို့လုံခြုံရေးအစောင့်တွေကတော့ သူတို့ရဲ့ စီးပွားဖက်တွေက ပေးပို့ထားတာ။ အစွန်းရောက်တွေသာ လုံခြုံရေးအစောင့်ရာထူးထဲ စိမ့်ဝင်ပြီး ဒါကိုအယောင်ဆောင်ဝင်မယ်ဆိုရင် ဖျော်ဖြေပွဲခန်းမထဲမှာ ချိန်ကိုက်ဗုံးတွေနဲ့ ပိုးပါတဲ့ပင်အပ်တွေကို တိတ်တဆိတ် ထည့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒါကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို ငါ လွှတ်လိုက်မယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ အဲဒီသံသယရှိသူကို ရှာတွေ့တာနဲ့ ချက်ချင်းဖမ်းဆီးရမှာပဲ။”

“ခင်ဗျားရဲ့လူတွေကို တအား သတိထားဖို့ ပြောထားဦး။ ဒီအစွန်းရောက်တွေက အတော်အန္တရာယ်များတယ်။ သူတို့ ဖော်ထုတ်ခံထားရတာကို သိသွားရင် အသေခံတိုက်ခိုက်မှု ဒါမှမဟုတ် တစ်ခုခု လုပ်မှာကို စိုးထိတ်ရတယ်။” ထန်ရှု သတိပေးလိုက်သည်။

"သေချာတာပေါ့ … ဒါကို ငါ ကောင်းကောင်းသိတယ်။" လျိုချန်းရှီက ပြန်ဖြေသည်။

ကမ္ဘာသစ်စင်တာမှ ၁.၅ကီလိုမီတာအကွာရှိ မိုးမျှော်တိုက်တစ်ခု၏ ခေါင်မိုးတွင် ဆံပင်ဖြူအဘိုးအိုတစ်ဦးသည် စစ်သုံးမှန်ပြောင်းကို ကိုင်ဆောင်ကာ ကမ္ဘာသစ်စင်တာ၏အခြေအနေကို စောင့်ကြည့်နေသည်။ သူ၏ဘေးတွင် ဝံပုလွေအိုဟုခေါ်သော လူတစ်ယောက်သည် ဆေးလိပ်သောက်ရင်း ကန္တာရလင်းယုန်အမည်ရှိသော သေနတ်အား ဆော့ကစားနေသည်။

"ဟေး … ဝံပုလွေအို … ငါ့စိတ်တွေ ရတက်မအေး ဖြစ်နေတယ်လို့ ခံစားရတယ်။ ဘာလို့လဲ မသိဘူး။"

ဝံပုလွေအိုက အသာမော့ကြည့်ကာ စိတ်မပါသောလေသံဖြင့်

“ဘာမှ မဖြစ်ပါဘူး၊ အဲ့ဒါက ခင်ဗျား လုံလောက်အောင် မတော်သေးလို့ပဲ။ ငါတို့အောင်မြင်မလား ဒါမှမဟုတ် ငါ သေရမလား ငါ နည်းနည်းမှ ဂရုမစိုက်နိုင်တော့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့တွေက ငနာကောင်တွေနဲ့ လျင်သူဦးသူစားကြစတမ်း ကစားပြီး လွတ်အောင် ရုန်းထွက်ခဲ့တာ။ ကြိမ်ဖန်များစွာ သူတို့ကို အရှက်ရအောင် လုပ်ခဲ့တယ်။ ခင်ဗျား စိတ်စနိုးစနောင့် ဖြစ်ရတဲ့ အကြောင်းရင်းက အရင်က ဒီလိုကြီးကြီးမားမားတစ်ခုခုကို ခင်ဗျား တစ်ခါမှ မလုပ်ဖူးသေးလို့ပါ။"

ဆံပင်ဖြူအဘိုးအိုက သူ၏မှန်ပြောင်းကို ချလိုက်ပြီး ဝံပုလွေအိုကို လှည့်ကြည့်လိုက်သည်။ အသက်အရွယ်ကြီးရင့်သော သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ

"ဝံပုလွေအို … ငါကိုယ်တိုင်က အစကတည်းက အခုအချိန်အထိ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ မင်းတို့ … မင်းတို့က ဘာလို့ လူတွေကို စက်ဆုပ်ပြီး ဒီနိုင်ငံကို မုန်းနေကြတာလဲ။"

ဝံပုလွေအိုက အေးစက်စွာ နှာမှုတ်လိုက်ရင်း

“ငါ့ညီမလေးက မိဘမဲ့ဂေဟာမှာ အစာငတ်ပြီး သေဆုံးသွားတယ်။ မမှန်မကန်တရားစွဲဆိုခံရတဲ့ ငါ့ညီလေးကတော့ ထောင်ထဲမှာ လှောင်ပိတ်ခံထားရပြီး ကိုးနှစ်ကြာ လူရောစိတ်ဓာတ်ရော ချုံးချုံးကျခဲ့တယ်။ သူ ထောင်ကထွက်လာတဲ့နေ့မှာ ယာဉ်တိုက်မှု ဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ ငါ နိုင်ငံခြားသွားနိုင်ခဲ့တာက ငါ့ညီရဲ့ ထောင်ဒဏ်အတွက် ရတဲ့လျော်ကြေးကြောင့်ပဲ။ သူ့ကို ကားနဲ့ တိုက်ခဲ့တဲ့တရားခံကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။”

“ဒါက အရမ်းဝမ်းနည်းစရာပဲ။ အရမ်းကို ဆိုးရွားလွန်းတယ်။” အဘိုးအိုက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

"ခင်ဗျားကရော။" ဝံပုလွေအိုက အေးစက်စွာ မေးသည်။

အဘိုးအိုက ပြုံးလိုက်ပြီး သူ၏အကြည့်များသည် မြောက်ဘက်သို့ လှမ်းမျှော်ကြည့်နေရင်း အချိန်အတော်ကြာပြီးနောက်

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က နိုင်ငံကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ ကူးစက်ရောဂါအကြောင်း မင်း ကြားဖူးလား။ အဖျားနည်းနည်းပဲရှိတဲ့ ငါ့ဇနီးကို ကူးစက်ရောဂါရှိတယ်ဆိုပြီး အဖမ်းခံရတယ်။ ငါတို့နဲ့ သီးသန့်ခွဲထားခံရတယ်။ သူမက အမှန်တကယ် ကူးစက်ခံထားရတဲ့သူတွေနဲ့ ပူးပူးကပ်ကပ် နေခဲ့ရတယ်။ ရလဒ်ကတော့ ငါ့ဇနီး သေသွားပြီး ငါနဲ့ သားလေးကို ထားရစ်ခဲ့တယ်။”

"ခင်ဗျားမှာ သားတစ်ယောက် ရှိတာလား။" ဝံပုလွေအိုက မေးလိုက်သည်။

“ဟုတ်တယ် … ငါ့မှာ သားတစ်ယောက်ရှိတယ်။”

အဘိုးအိုက ဝမ်းသာကျေနပ်နေစွာ ပြုံးသည်။

"သူသာ မသေခဲ့ရင် မင်းအသက်အရွယ်လောက် ရှိပြီပေါ့။"

"သူ ဘယ်လို သေသွားတာလဲ။" ဝံပုလွေအိုက ထပ်မေးလိုက်သည်။

“သူဟာ လူကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တာ။ သူ့ကို ငါ သင်ယူစေခဲ့တာ၊ သင်ကြားပေးခဲ့တာတွေကလည်း သူ့ကို လူကောင်းတစ်ယောက်၊ ကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်ဖို့ပဲ။” အဘိုးအိုက သူ့ပါးကိုသူ ပွတ်နေသည်။

“စစ်တက္ကသိုလ်က ဘွဲ့ရပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ စစ်တပ်ထဲ ဝင်ခဲ့တယ်။ ဒါပေမယ့် ရလဒ်က သူဟာ စစ်မြေပြင်မှာ သေရမယ့်အစား အဲ့ဒီနှစ်က ရေကြီးရေလျှံမှုကို တိုက်ဖျက်ရင်း၊ ကယ်ဆယ်ရေးတာဝန်ကို ထမ်းဆောင်ရင်း သေဆုံးသွားရတယ်။ ဟားဟား … အဲဒါ ကမောက်ကမ ဖြစ်နေတာ မဟုတ်ဘူးလား။ ငါက အာဇာနည်မိသားစုထဲက တစ်ယောက်ပါ။"

“ကမ္ဘာကြီးနဲ့ သူ့ရဲ့လူ့အဖွဲ့အစည်းကို အစကတည်းက ခင်ဗျား ရွံမုန်းနေတဲ့သူတစ်ယောက် မဟုတ်ဘူးလား။” ဝံပုလွေအိုက ခံစားချက်မဲ့စွာ ပြောလိုက်သည်။

"ဒီနည်းနဲ့ ဘယ်သူ ခံနိုင်ရည် ရှိနိုင်မလဲ။"

အဘိုးအိုက သရော်ရယ် ရယ်လိုက်သည်။

“ငါ့သားတို့အဖွဲ့တွေက ဒီခွေးမသားတွေရဲ့ ဖိအားပေးခိုင်းစေမှုအားလုံးကို ခံခဲ့ရတယ်။ ငါ့မိန်းမ သေဆုံးတုန်းက ငါ ခံနိုင်ရည်ရှိနေတုန်းပဲ။ ဒါပေမယ့် ငါ့သား … ငါ့သားလေးက အရမ်းတော်တဲ့ ကောင်လေး။ ငါက ပျင်းရိစရာကောင်းတဲ့ အဖိုးကြီးတစ်ယောက်ဆိုတာကလွဲပြီး ဘာမှ အသုံးမကျပေမယ့် ရှင်သန်နေခဲ့ရတယ်။ ငါ အရမ်း ဒေါသထွက်လွန်းလို့ လူပါသတ်ချင်တယ်။ လူကောင်းတစ်ယောက်က ထောင်စုနှစ်တစ်ခု ကြာအောင် ဒဏ်ခတ်ခံရစဉ် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတယ်ဆိုတဲ့ စကားက ဘယ်လောက်မှန်သလဲ။ လူကောင်းတစ်ယောက် ဖြစ်လာပြီး ဆုလာဘ်မရကတည်းက ငရဲက ဘာလို့ ဒီလူအိုကြီးကို ကောင်းမှုကုသိုလ်တွေ လုပ်စေခဲ့တာလဲ။ သေခြင်းတရားက ဒုက္ခအပေါင်းကို ချုပ်ငြိမ်းစေတဲ့အတွက် လူကောင်းတစ်ယောက်က စောစောသေရမယ်ပေါ့။ မင်း မှတ်ထား … ငါသေရင် ငါ့မိန်းမနဲ့ ကလေးကို အဖော်လုပ်ပေးနိုင်တယ်။"

ဝံပုလွေအို တိတ်ဆိတ်သွားသော်လည်း သူ့ဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအော်ရာသည် ပိုမိုပြင်းထန်လာခဲ့သည်။

…ဘိ…ဘိ…ဘိ…

အဘိုးအို၏လက်ကိုင်ဖုန်းမှ စာဝင်သည့် အကြောင်းကြားချက် အကြိမ်အနည်းငယ်ခန့် အသံထွက်လာသည်။ သူ၏ဖုန်းကို ကိုင်ပြီး စာတိုကို ဖတ်လိုက်သည့်အခါ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် လေသံဖြင့်

"ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို တစ်နာရီလောက် ရွှေ့ဆိုင်းမယ်လို့ ကြေညာထားတယ်။ အဲ့ဒါဆို ပရိတ်သတ်တွေ ဖျော်ဖြေတဲ့နေရာဆီ ဝင်ဖို့ကလည်း တစ်နာရီလောက် နောက်ဆုတ်သွားတော့မှာပဲ။ ချီးပဲ … ချိန်ကိုက်ဗုံးတွေ ပေါက်ကွဲဖို့က ဘယ်အချိန်လဲ။”

"စိတ်အေးအေးထား။ ဖျော်ဖြေပွဲက နောက်တစ်နာရီဆို ကျင်းပမှာပါ။ အဲ့ဒီအချိန်ဆို ပရိသတ်အားလုံး ဖျော်ဖြေမယ့်နေရာထဲ ရောက်လာလိမ့်မယ်။ ဖျော်ဖြေပွဲမစသေးဘူးဆိုရင်တောင် လူထောင်ပေါင်းများစွာကို သတ်နိုင်ပါသေးတယ်။” ဝံပုလွေအိုမှ အေးစက်စွာ ပြောလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်ပြီးနောက် သူ၏ မှန်ပြောင်းကို မြှောက်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ခဏစောင့်ကြတာပေါ့။ အမှားအယွင်း မရှိဖို့ပဲ မျှော်လင့်တယ်။ ဟွမ်လန်ကို အကြောင်းကြားထားဦး။ အနောက်မှာ ဘာပဲဖြစ်နေနေ ကားဗုံးကိစ္စက ဘာပြဿနာမှ ဖြစ်လို့မရဘူး။ ဖျော်ဖြေမယ့် နေရာထဲက ချိန်ကိုက်ဗုံးကို တွေ့လို့ အဖယ်ခံလိုက်ရရင်တောင် လူနေထူထပ်တဲ့ နေရာတွေက ကားဗုံးတွေ ပေါက်ကွဲရမယ်။ နာကျင်ဝမ်းနည်းမှုတွေနဲ့ ငိုကြွေးနေတဲ့ ပရိတ်သတ်ကောင်လေးတွေ၊ ကောင်မလေးတွေကို မြင်ချင်တယ်။ နေရာတိုင်းမှာ သူတို့ရဲ့ အလောင်းတွေနဲ့ ပြည့်နေတဲ့ ငရဲမြင်ကွင်းတွေကို မြင်ချင်မိတယ်။”

"သိပြီ။" ဝံပုလွေအိုက စိတ်မပါသော အမူအရာဖြင့် ခေါင်းညိတ်သည်။

တစ်နာရီကြာပြီးနောက် ဖျော်ဖြေမည့်နေရာ၏စင်အရှေ့တွင် သူ့ဆီ လမ်းလျှောက်လာသော လျိုချန်းရှီအား ထန်ရှု ကြည့်နေသည်။ လျိုချန်းရှီ၏တည်ကြည်လေးနက်သော အမူအရာကို သူ မြင်လိုက်ရသောကြောင့် မျက်ခုံးတွန့်သွားရရင်း

“ပြသနာ ရှိနေလို့လား။”

လျိုချန်းရှီက ခေါင်းညိတ်ပြရင်း

“အခြေအနေတစ်ခု ရှိနေတယ်။ သံသယဖြစ်ဖွယ် လူ၂ယောက်ကို ငါတို့ တွေ့ထားတယ်။ တစ်ယောက်က ရွှေဒိုင်းလုံခြုံရေးကုမ္ပဏီထဲကို လွန်ခဲ့တဲ့ ၄-၅နှစ်လောက်က စိမ့်ဝင်နေတဲ့ အလိုရှိစာရင်းဝင် တရားခံတစ်ယောက်ပဲ။ နောက်တစ်ယောက်က နောက်ကြောင်းအမှန်ကို မသုံးထားတဲ့ လူတစ်ယောက်ဆိုတာ ငါတို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ကွာ … သူနဲ့ပတ်သက်ပြီး လေးနက်တဲ့ပြသနာတစ်ခု ရှိနေတယ်ဆိုရမယ်။ ငါတို့လူတွေ သူ့ကို ဖမ်းဖို့ ကြိုးစားတော့ သူက ငါတို့အဖွဲ့ဝင်တစ်ယောက်ကို ဒဏ်ရာပြင်းထန်စွာ ရအောင် လုပ်လိုက်တယ်။ ဖမ်းမိသွားတဲ့အချိန်ကျ သူက သူ့နှလုံးသားကို ဓားနဲ့ထိုးစိုက်ပစ်လိုက်တယ်။”

“သူတို့ကို ရှာနိုင်ရင် ကျွန်တော်တို့ အလုပ်လုပ်နေတယ်လို့ ဆိုနိုင်တာပဲ။ သူတို့ သေမယ်ဆိုရင် သေခွင့်ပြုလိုက်။ ဒီလိုဆိုးယုတ်တဲ့ကောင်တွေ သေတာက သူတို့နောက်ထပ် ဒုက္ခမပေးနိုင်တော့ဘူးလို့ ဆိုလိုတာပဲ။”

လျိုချန်းရှီ အောင့်သက်သက် ပြုံးလိုက်ရင်း

“ငါ အစိုးရိမ်ဆုံးက ကျန်နေသေးတဲ့ အကြမ်းဖက်သမားတွေက ဒီကောင့်လိုမျိုး သေရမှာ မကြောက်ဘူးဆိုရင် ပြသနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ပြည်ပတိုင်းပြည်တွေမှာ ဆိုးရွားတဲ့အဖြစ်တွေ အများကြီး ဖြစ်ခဲ့ဖူးတယ်မလား။ အသေခံတိုက်ခိုက်တာက အလွန်အမင်းကို ပျက်စီးစေတယ်ဆိုတာ မင်းလည်း ကြားဖူးလိမ့်မယ်လို့ ငါ ယုံတယ်။”

“ခင်ဗျားဆိုလိုတာက …”

ထန်ရှု မျက်မှောင်ကြုပ်သွားသည်။

“ဟုတ်တယ်။ ဒီကောင်တွေ ရူးရူးမိုက်မိုက်နဲ့ ဗုံးတွေသယ်လာပြီး ကမ္ဘာသစ်စင်တာထဲကို ဝင်လာမှာကို ငါ ကြောက်တယ်။ အဲ့ဒါ ပြသနာကြီးပဲ။ ဗုံးတစ်လုံးရဲ့ပေါက်ကွဲအားက အရမ်းကို ပြင်းလွန်းတယ်။ သူတို့တွေသာ ဗုံးတွေအများကြီးနဲ့ အသေခံ ဗုံးခွဲခဲ့ရင် ငါတို့တွေတော့ သွားပြီပဲ။”

ထန်ရှု တစ်ခဏတွေးတောလိုက်ပြီးနောက်

“ဒါက အမှန်တကယ်ကို ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပဲ။ ဒါဆို ကျွန်တော်တို့ အဲ့ဒီအတွက် တန်ပြန်အစီအစဉ်တွေ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ထင်တယ်။ ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်အထူးရဲတပ်ဖွဲ့တွေက ကမ္ဘာသစ်စင်တာကို အာရုံစိုက်ပြီး နေရာတိုင်းကို စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးရမယ်။ ၂ကီလိုမီတာအတွင်းက အဓိက ကားလမ်းမတွေအားလုံးကိုပါ ပိတ်ပြီး စစ်ဆေးရင် အကောင်းဆုံးပဲ။”

“’ဒါက ရန်သူတွေကို သတိပေးသလို ဖြစ်သွားလိမ့်မယ်။” လျိုချန်းရှီက ဆိုသည်။

“တကယ်ကို ရန်သူတွေကို သတိပေးသလို ဖြစ်မှာပဲ။ ဒါပေမယ့် သိုးအခိုးခံရပြီးမှ သိုးခြံကို ပြင်တာထက်စာရင် ပိုကောင်းတယ် မဟုတ်ဘူးလား။” ထန်ရှု ပေါ့ပေါ့ပါးပါးပင် စောဒကတက်လိုက်သည်။

လျိုချန်းရှီ တခဏ စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ကောင်းပြီ။ ဒီတစ်ခေါက် အဲ့ဒီအစွန်းရောက်သမားတွေကို ငါတို့ အပြည့်အ၀ တရားမစီရင်နိုင်ရင်တောင်မှ နိုင်ငံသားတွေ ဘေးကင်းလုံခြုံအောင်တော့ သေချာလုပ်ရမယ်။ ငါ အခုပဲ သွားစီစဉ်လိုက်တော့မယ်။”

ပြောပြီးသည်နှင့် လျိုချန်းရှီ ချာကနဲ လှည့်ထွက်သွားတော့သည်။

လျိုချန်းရှီ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် ဖျော်ဖြေမည့်နေရာသို့ အဆက်မပြတ် ရောက်ရှိနေသော ပရိသတ်များအား ကြည့်ရင်း ထန်ရှု စာတိုတစ်စောင် ရိုက်ကာ ရှင်းလီဆီသို့ ပို့လိုက်သည်။

“အခု လှုပ်ရှားတော့။”

****

ကမ္ဘာသစ်စင်တာအပြင်ဘက်ရှိ အရှေ့ဘက်ဝင်ပေါက်တွင် တန်းစီနေသော လူတန်းရှည်ကြီးသည် ရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ ထာဝရခန်းမမှ ကျွမ်းကျင်ပညာရှင်အမျိုးသမီး ၂ယောက်သည် ပိုစတာတစ်ခုအား ကိုင်ကာ လူငယ်ပရိသတ်စီးကြောင်းနှင့်အတူ အရှေ့သို့ ရွေ့လျားနေသည်။

"ဘာဖြစ်နေလဲ ဘရို…"

ထာဝရခန်းမ၏ကျွမ်းကျင်ပညာရှင်အမျိုးသမီးက လူရွယ်၏ခါးကို ရုတ်တရက် ဆုပ်ကိုင်လိုက်ကာ အခြားလက်တစ်ဖက်သည် လူရွယ်၏သေစေနိုင်သည့်အမှတ်ကို ဖိထားသည်။ အစစ်အမှန်ချီမျှင်သည် လူရွယ်၏သေစေနိုင်သည့် သွေးကြောမှတ်များဆီသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် သူ၏မျက်လုံးများသည် ရုတ်တရက် ပိတ်သွားကာ ခန္ဓာကိုယ်သည် တောင့်တင်းပြီး မလှုပ်မယှက် ဖြစ်သွားသည်။ အခြားအမျိုးသမီးကျွမ်းကျင်ပညာရှင်တစ်ဦးသည် သူ၏လက်မောင်းတစ်ဖက်အား ကိုင်ထားပြီး ထိုလူ၏ပခုံးအောက်ရှိ အလွန်အရေးကြီးသော သွေးကြောအမှတ်အား ချွန်ထက်သောဓားငယ်ဖြင့် ထိုးဖောက်လိုက်သည်။

…ခရက်…

လူရွယ်၏လက်ကောက်ဝတ်ကို ကြေမွသွားစဉ် သူ၏အသံလမ်းကြောင်းသည်လည်း ထိခတ်သွားသည်။ အခင်းဖြစ်ပွားရာကို ကြည့်ရှုနေသော အခြားအမျိုးသမီးနှစ်ဦး၏ အကြည့်များတွင် သူမတို့၂ယောက်သည် လူအုပ်စု၏အလယ်တွင် လူရွယ်အား မလဲပြိုစေရန် သူ၏နောက်ကျောမှနေ၍ ကျားကန်ပေးနေရသည့်ဟန် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအသေးအမွှားအနှောက်အယှက်သည် လူအများ၏အာရုံကို ဖမ်းစားနိုင်ခြင်းမရှိပေ။

လူတန်းရှည်၏နောက်ဆုံးအပိုင်းတွင် အမျိုးသမီးနှစ်ဦး ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်ပြီးနောက် လူရွယ်အား ဖြေလျှော့ကာ အဝေးသို့ လှမ်းဆွဲခေါ်သွားခဲ့သည်။

တောင်ဘက်ဝင်ပေါက်တွင် ထာဝရခန်းမမှ ကျွမ်းကျင်ပညာရှင် အမျိုးသမီးနှစ်ဦး ရှိနေသည်။ သူမတို့ စောင့်ကြည့်နေသည့် လူလတ်ပိုင်း အမျိုးသားနှင့် နီးကပ်လာချိန်တွင် အမျိုးသမီးတစ်ယောက်က ထိုသူ၏လည်ချောင်းအား တန်းခွဲချလိုက်ပြီး ထိုအမျိုးသားက လည်ချောင်းကို အုပ်ဖို့ သူ၏လက်အား မြှောက်လိုက်ချိန်တွင် သူမသည် နောက်ကို အမြန် ပြန်ဆုတ်လိုက်သည်။ သူမတို့သည် အန္တရာယ်များသော လှုပ်ရှားမှုတစ်ခုအား လုပ်ခဲ့သည်။ ဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည့်ဟန်ပြုလုပ်ပြီး လူလတ်ပိုင်းအရွယ် ထိုအမျိုးသားအား တန်းစီနေသော လူတန်း၏အနောက်ဘက်သို့ ကျားကန်ကာ တွန်းပို့လိုက်သည့် ပုံစံကိုလည်း ကောင်းစွာ ပြုလုပ်နိုင်ခဲ့သည်။

အနောက်ဘက်နှင့် မြောက်ဝင်ပေါက်များတွင်လည်း ထာဝရခန်းမမှ ကျွမ်းကျင်ပညာရှင် အမျိုးသမီးနှစ်ဦးစီသည် လုပ်ကြံသတ်ဖြတ်မှုများကိုယ်စီ ပြုလုပ်ခဲ့ကြသည်။ သူတို့သည် တိုးဝှေ့တန်းစီနေသော လူစီးကြောင်းအလယ်တွင် ပစ်မှတ်များကို တိတ်တဆိတ် လုပ်ကြံနိုင်ခဲ့ပြီး မည်သူမှ သတိမထားမိဘဲ အလောင်းတွေကိုပင် သယ်ဆောင်သွားကြပေသည်။

***

All Chapters