← Chapters

ပြေး…

Vol. 10 Ch. 469

ပြေး…

Vol. 10 Ch. 469

ကမ္ဘာသစ်စင်တာမှ ၁.၅ကီလိုမီတာ ကွာဝေးသော မိုးမျှော်တိုက်၏ ခေါင်မိုးထက်တွင် ဝံပုလွေအိုသည် ဆေးလိပ်သောက်ရင်း ထိုနေရာတွင် ဆက်ထိုင်နေသေးသည်။ ဆံပင်ဖြူအဘိုးအိုသည် မှန်ပြောင်းကို ကိုင်ကာ ကမ္ဘာသစ်စင်တာ၏ အရှေ့ဘက်နှင့် တောင်ဘက်ဝင်ပေါက်များကို အဆက်မပြတ် ကြည့်ရှုနေသည်။

ထိုအချိန်တွင် သာမန်သွင်ပြင်ပုံစံနှင့် အရပ်ရှည်ရှည် လူလတ်ပိုင်း အမျိုးသားနှစ်ဦး ရောက်လာသည်။ ထိုသူ၂ယောက်သည် အနက်ရောင်သားရေ လက်ဆွဲသေတ္တာများအား ခေါင်မိုးပေါ်သို့ သယ်လာသည်။ သူတို့ထဲမှ တစ်ယောက်သည် စကားတစ်ခွန်းမှ မပြောဘဲ အနက်ရောင် ခရီးဆောင်အိတ်ကို ဖွင့်လိုက်ပြီး လက်ပ်တော့တစ်လုံးနှင့် တခြားကိရိယာတွေကို ဖြုတ်လိုက်သည်။

"မင်း နောက်ကျတယ် ချိုးနီငှက်…" အဘိုးအိုက ခေါင်းလှည့်လာပြီး အေးစက်စက်အမူအရာဖြင့် ပြောသည်။

လက်ပ်တော့ကို ကိုင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားက

“ဒီနေ့ ငါ ဒီမှာ ရှိနေတာ အတော်ကောင်းတယ်ဆိုတာ ခင်ဗျား သိပါတယ်။ အမေ့အနားမှာ သင်္ဂြိုဟ်ပေးဖို့ လူတချို့ကို ရှာမတွေ့ခဲ့ရင် ဒီစစ်ဆင်ရေးမှာ ငါ ပါဖြစ်မှာတောင် မဟုတ်ဘူး။”

အဘိုးအို၏မျက်လုံးထဲတွင် အေးစက်စက်အရိပ်တစ်ခု လက်သွားကာ

"ချိုးနီငှက် … မင်း ငါတို့အဖွဲ့အစည်းထဲကို ဝင်ပြီးကတည်းက မင်း မသေမချင်း လွယ်လွယ်ကူကူနဲ့ သက်တောင့်သက်သာရှိတဲ့ ဘဝကို ရနိုင်မှာ မဟုတ်ဘူး။ မင်းလက်ခံရရှိတဲ့အရာတွေက ငါတို့အထဲမှာ အကောင်းဆုံးပဲမို့ ငါ့ကို စိတ်မပျက်စေနဲ့။"

ချိုးနီငှက်က မတုံ့ပြန်တော့ဘဲ သူ၏လက်ချောင်းများက လက်တော့ပ်ကီးဘုတ်ပေါ် တွင် အမြန်ရိုက်နေသည်။ လက်တော့ပ်ဖန်သားပြင်ပေါ်တွင် အင်္ဂလိပ်စာလုံးတန်းများနှင့်အတူ ဘောင်ကွက်ငယ်လေးများသည် တဖြည်းဖြည်း တောက်ပလာသည်။ ဘောင်ကွက်ငယ်လေးများဆီမှ ရုပ်ပုံများသည် ဖျော်ဖြေပွဲကျင်းပရာ နေရာ၏ဧရိယာတစ်ခုစီမှ မြင်ကွင်းများဖြစ်သည်။

"လွန်ခဲ့တဲ့တစ်နာရီက ကျူလေးက ငါ့ကို ဆက်သွယ်ခဲ့တယ်။ ဖျော်ဖြေပွဲနေရာအတွင်းက ချိန်ကိုက်ဗုံးတွေနဲ့ အိပ်ချ်အိုင်ဗွီပိုးပါတဲ့ ပင်အပ်တွေကို နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနလူတွေနဲ့ ရဲတွေက ရှာဖွေတွေ့သွားတယ်လို့ သူက ပြောတယ်။ အခုဆို အဲ့ဒါတွေ သေသေချာချာ ရှင်းလင်းပြီးသွားပြီ။ လွန်ခဲ့တဲ့ ၃ မိနစ်လောက်ကထိ ကျူလေးနဲ့ ငါ အဆက်အသွယ် ရှိနေတုန်းပဲ။ ဒါပေမယ့် သူ ငါ့ကို ထပ် မဆက်သွယ်တော့ဘူး။ သူ မတော်တဆမှု ဒါမှမဟုတ် တစ်ခုခု ဖြစ်ခဲ့တာလို့ ငါ သံသယဖြစ်မိတယ်။” ချိုးနီငှက်က သူ၏အကြည့်များအား လက်တော့ပ်မျက်နှာပြင်ပေါ်တွင် စူးစိုက်ထားသော်လည်း ခံစားချက်မရှိသောလေသံဖြင့် တတွတ်တွတ် ပြောနေခဲ့သည်။

အဘိုးအို၏မျက်နှာပျက်သွားပြီး စကားပြောတော့မည့်ဆဲဆဲတွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီသွားသည်။

"ချီးပဲ … ယုန်သွားက ခုပဲ မတော်တဆမှုတစ်ခုနဲ့ ကြုံသွားပြီ။ အမျိုးသမီးနှစ်ယောက်လား။ တစ်ခုခုတော့ မှားနေပြီ။ ကတုံးလည်း ထူးဆန်းနေတယ်။ အဲဒီအမျိုးသမီးတွေက ဘယ်သူတွေလဲ။ သူတို့ ဘယ်လို ရှာတွေ့…”

လျှပ်တစ်ပြက်အတွင်း သက်လတ်ပိုင်းအမျိုးသား တစ်ယောက်နှင့် ဝံပုလွေအိုတို့သည် ၎င်းတို့၏မှန်ပြောင်းကို ယူကာ အရှေ့ဘက်နှင့် တောင်ဘက်ဝင်ပေါက်များတွင် ကြည့်လိုက်ကြ၏။  မှန်ပြောင်းများမှတဆင့် ၎င်းတို့၏ရဲဘော်နှစ်ဦးကို အမျိုးသမီးနှစ်ဦးစီက သီးခြားစီကိုင်တွယ်ကာ တန်းစီနေသောလူတန်းမှ ခွဲထုတ်နေသည်ကို မြင်ခဲ့ရလေသည်။

ထို့နောက် ဝံပုလွေသည် သူ၏မှန်ပြောင်းအား အရှေ့ဘက်နှင့် တောင်ဘက်ဝင်ပေါက်အား ကြည့်နေရာမှ ကမ္ဘာသစ်စင်တာအနီးရှိ သုံးထပ်အဆောက်အအုံဆီသို့ ရွှေ့လိုက်သည်။ သူ၏မျက်လုံးများရှေ့တွင် မရပ်မနားသော လှုပ်ရှားမှုအား မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုတို့ ရုတ်ချည်းပင် ဖြစ်ပေါ်လာသည်။

"အဲ့ဒါ သူ ဘယ်လိုဖြစ်နိုင်မှာလဲ။"

ဝံပုလွေအိုသည် သေခြင်းတရားကို ကြောက်သောသူ မဟုတ်ပေ။ လူထောင်ပေါင်းများစွာကို သူ၏သင်္ချိုင်းသို့ ဆွဲခေါ်သွားနိုင်သရွေ့ သူ၏သေဆုံးမှုသည် အလွန်ဂုဏ်ယူစရာကောင်းကြောင်း အခိုင်အမာ သူ ယုံကြည်ထားသည်။

သို့သော် ပန်းခြံအလယ်တွင် ထိုင်ကာ ဆေးလိပ်သောက်နေသော လူများကို မြင်ပြီးနောက် သူတကယ်ကို ထိတ်လန့်သွားသည်။ ထိုသူများသည် သူ၏ရဲဘော်နှစ်ယောက် ပုန်းအောင်းနေသည့် သုံးထပ်တိုက်ကို ရံဖန်ရံခါ ကြည့်နေကြသည်။

တစ်ချိန်က သူ့အိပ်မက်ဆိုးများ၏အရင်းခံ ဖြစ်သော ပုံရိပ်များစွာ ရှိခဲ့သည်။ သူ ပြည်ပကို ရောက်ခဲ့သည့်နှစ်များတွင် သာမန်လူများ တွေးကြည့်လို့မရသည့် ငရဲကဲ့သို့ ထိတ်လန့်ခြောက်ခြားစရာ၊ သေလုမတတ် နာကျင်ရသည့်အရာများစွာနှင့် ကြုံခဲ့ရသည်။ သေခြင်းတရားကို မကြောက်သော သူအတွက် သူ့အရိုးထဲကပင် ကြောက်ရွံ့ထိတ်လန့်ရသည့် လူအချို့ နှင့်ပင် တွေ့ဖူးခဲ့လေ၏။ လက်ရှိအချိန်တွင် သူ၏မျက်စိအရှေ့မှ ထိုလူသည် သူ၏အကြောက်တရားများထဲမှတစ်ယောက်ဖြစ်သည်မှာ အသေအချာပင်။

အဘိုးအိုက သူ၏မှန်ပြောင်းကို ချလိုက်သည်။ သူ၏အမူအရာသည် အုံ့ မှိုင်းနေသော တိမ်သဖွယ် မှုန်မှိုင်းကာနေသည်။ ဝံပုလွေအိုအား နှစ်ပေါင်းများစွာက သိနေခဲ့သော်လည်း သူ၏မျက်နှာထက်မှ ကြောက်ရွံ့မှုကို အဘိုးအို လှည့်ကြည့်ရင်း မြင်လိုက်ရသောအခါ တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သည်နှစ်များထဲတွင် ဝံပုလွေ၏မျက်နှာထက်မှ ထိုကဲ့သို့သော ကြောက်ရွံ့မှုကို အဘိုးအို တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် ဖြစ်လေသည်။

"ဟေ့ ဝံပုလွေအို … မင်း ဘာဖြစ်နေတာလဲ။"

ဝံပုလွေအိုက လက်ထဲမှ မှန်ပြောင်းကို ဖယ်လိုက်ပြီး ပစ္စေတိုကို သူ၏ခါးတွင် ထိုးကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးနက်သော လေသံဖြင့်

"ဒီစစ်ဆင်ရေးကို စွန့်လွှတ်လိုက်ကြရအောင်။ နို့မဟုတ်ရင် သေခြင်းတရားက ငါတို့ကို စောင့်ကြိုနေလိမ့်မယ်။ ငါတို့ရဲ့ သေခြင်းက ဘာအဓိပ္ပါယ်၊ ဘာတန်ဖိုးမှ ရှိတော့မှာမဟုတ်ဘူး။”

"ငါ့ကို အကြောင်းပြချက်တစ်ခု ပေးပါ။ ငါ ရှင်းပြချက်တစ်ခု လိုတယ်။" အဘိုးအိုက မျက်မှောင်ကြုတ်ကာ ပြောသည်။

“နတ်ဆိုးပဲ။ သူက တရုတ်ပြည် ဒီနေရာမှာ ရှိနေတယ်။” ဝံပုလွေအိုက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ တုံ့နှေးစွာ ပြန်ဖြေလာသည်။

ချိုးနီငှက်သည် အလျင်စလို မမော့ကြည့်ဘဲ အေးစက်သော လေသံဖြင့်

"မင်း ဘယ်နတ်ဆိုးတွေအကြောင်းကို ပြောနေတာလဲ။"

"ချိုးနီငှက်…မင်းက တရုတ်နိုင်ငံရဲ့ ထိပ်တန်းဟက်ကာတစ်ယောက်။ တကယ်လို့ ငါ့မှတ်ဉာဏ် မမှားဘူးဆိုရင် ဟက်ကာတွေအတွက် 'အထွတ်အထိပ်ကြယ်ကမ္ဘာ' တိုက်ပွဲမှာ မင်း ပါဝင်ခဲ့ပြီး အဲ့ဒီနတ်ဆိုးတွေရဲ့အချက်အလက်တွေကို ကြားဖြတ်ဖြတ်ယူခဲ့တယ် မဟုတ်လား။ သူတို့ကိုယ်သူတို့  နတ်ဆိုးတွေလို့ ပြောဝံ့တဲ့သူ ဘယ်နှစ်ယောက်လောက်ရှိမယ်လို့ မင်း ထင်လဲ။”

ချိုးနီငှက်သည် တွေတွေကြီး ဖြစ်နေဟန်ရှိသော်လည်း သူ၏အမူအရာက အဆက်မပြတ် တလှုပ်လှုပ် ဖြစ်နေခြင်းဖြင့်  သစ္စာဖောက်နေသည်။ လက်တော့ပ်ကို ချက်ချင်းပိတ်ပြီး အနက်ရောင်သေတ္တာထဲသို့ အမြန်ထည့်လိုက်သည်။ မတ်တတ်ရပ်လိုက်ပြီးနောက် သူက လေးလံသောလေသံဖြင့်

“ဝံပုလွေအို … မင်းပြောတာက သူလား။ သူက တရုတ်ပြည်ကို တကယ်လာတာလား။"

အဝေးက သုံးထပ်တိုက်ကို လက်ညှိုးထိုးပြပြီး ဝံပုလွေအိုက

“မယုံရင် ကိုယ့်ဘာသာကြည့်လိုက်။ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ နှစ်အတော်ကြာခဲ့နေပေမယ့် သူ ပြာဖြစ်သွားရင်တောင်မှ မှတ်မိပါသေးတယ်။ ငါ့ဘယ်ဘက်ရင်အုံမှာ အမာရွတ်ချန်ထားခဲ့တဲ့ လူကို မင်း အမြဲ သိချင်နေတာမလား။ အဲ့ဒါ သူပဲ။ ငါတို့ထဲက တစ်ဆယ့်လေးယောက်တိတိကို သူကိုယ်တိုင် သတ်ခဲ့တယ်။ သာမာန်လူတွေနဲ့မတူတဲ့ ငါ့နှလုံးရဲ့ နေရာအနေအထားကြောင့်သာ ငါ ကံကောင်းပြီး အသက်ရှင် လွတ်မြောက်နိုင်ခဲ့တာ။”

ချိုးနီငှက်သည် မှန်ပြောင်းကို ဆုပ်ကိုင်လိုက်ပြီး အဝေးမှထိုပုံရိပ်အား မြင်သောအခါ သူ၏ပါးစပ်သည် ကြိမ်ဖန်များစွာ မဲ့ရွဲ့သွားရပြီး ခါးခါးသီးသီးလေသံဖြင့်

“သူ ဒီမှာ ပေါ်လာမယ်လို့ တကယ် မထင်ခဲ့မိဘူး။ ငါ့ရဲ့ ခန့်မှန်းချက်မှန်ရင် သူ့အနီးက အဆောက်အဦးလေးမှာ ပုန်းနေတဲ့ ငါတို့ရဲဘော်နှစ်ယောက် ထွက်မပြေးနိုင်မှာကို ငါကြောက်တယ်။”

"မင်းတို့ ပြောနေတဲ့ ဒီနတ်ဆိုးက ဘယ်သူတုန်း။ ငါ့ကို ရှင်းရှင်းလင်းလင်း ပြောကြဦး။" အဘိုးအိုက မျက်မှောင်ကြီးကြုတ်ကာ အမိန့်ပေးသည်။

“နတ်ဆိုးက လေးနှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ကြေးစားလူသတ်သမားစာရင်းမှာ ပထမအဆင့်ကို သိမ်းပိုက်ထားတဲ့သူ။ တစ်ချိန်တည်းမှာပဲ သူက လူအရေအတွက် အလွန်နည်းတဲ့ ငရဲသို့ပို့ဆောင်သူဆိုတဲ့ ကြေးစားအမှုထမ်းကုမ္ပဏီရဲ့ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်။ လူဦးရေ ဆယ်ဂဏန်းထက် မပိုဘူးလို့ ကောလဟာလတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလို ကြေးစားကုမ္ပဏီငယ်လေးက ကမ္ဘာ့ကြေးစားလောကရဲ့ ထိပ်ဆုံးသုံးဖွဲ့ထဲ စာရင်းဝင်တယ်။ ပထမနဲ့ဒုတိယနေရာတွေမှာ ရှိတဲ့ ကြေးစားကုမ္ပဏီတွေကတောင် သူတို့နဲ့ ကောင်းမွန်တဲ့ စည်းမျဉ်းတွေ ဆက်ရှိနေရမယ်လို့ တစ်ချိန်က ပြောခဲ့ဖူးတယ်။” ဝံပုလွေအိုက ရှင်းပြသည်။

အဘိုးအို၏မျက်နှာထက်တွင် အံ့အားသင့်မှုတစ်ခု ပေါ်လာသည်။ သူသည် ကြေးစားလူစာရင်းများ၊ ကြေးစားကုမ္ပဏီများအကြောင်း မသိသောကြောင့် သူသည် အကြောက်လွန်ကဲမှု မဖြစ်ချေ။ သို့သော် ချိုးနီငှက်သည် အလွန်ထိတ်လန့်နေဟန် ရှိပြီး ဝံပုလွအိုသည်လည်း သူ့အနားကပ်ကာ ဗုံးပေါက်ကွဲလိုက်သလို ကြောက်ရွံ့နေပေသည်။

ခဏအကြာတွင် ချိုးနီငှက်သည် သူ့ဘာသာသူ တီးတိုးရေရွတ်ခဲ့သည်။

“သူက ဘယ်လိုလူစားမျိုးဆိုတာကို ထုတ်ဖော်လို့ မရသလို မြင်လည်း မမြင်ရဘူး။ သူက နေ့အလင်းရောင်မှာ ပေါ်လာတတ်တဲ့သူမျိုးလည်း မဟုတ်ဘူး။ ဒါပေမယ့် သူ ဒီနေရာမှာ ဘယ်လို ပေါ်လာရဲတာလဲ။”

“ငါ့ခန့်မှန်းချက်က မှန်တယ်ဆိုရင် အထောက်အထား လဲလှယ်ဖို့ ဒါမှမဟုတ် တစ်ခုခုအတွက် တရုတ်အစိုးရက သူတို့ကို အလုပ်ပေးဖို့ ခေါ်ထားတာထင်တယ်။ ငါတို့ ဆုတ်ကြရအောင်။ ဒီတစ်ကြိမ် အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ရင်တောင် ဘာသက်ရောက်မှုမှ မဖြစ်မှာကိုစိုးတယ်။” ဝံပုလွေအိုက မျက်မှောင်ကြုတ်ကာ ပြောသည်။

ချိုးနီငှက်က မဆိုင်းမတွ ခေါင်းညိတ်သည်။

…ဘိ…ဘိ…

အဘိုးအို၏မျက်နှာသည် မှိုင်းညို့ကာ ရေကဲ့သို့ အေးစက်လာသောအခါတွင် သူ၏လက်ကိုင်ဖုန်းမှ အကြောင်းကြားချက်အသံတစ်ခု ထွက်ပေါ်လာသည်။ လက်ကိုင်ဖုန်းကို ယူ၍ စာတိုလေးကို ဖတ်လိုက်သောအခါတွင် သူ၏အမူအရာသည် ရုတ်တရက် ပျက်သွားသည်။ သည်တစ်ကြိမ်တွင် ဟွမ်လန်က စကားလုံးတစ်လုံးထဲသာပါသော စာသားမက်ဆေ့ခ်ျကို ပေးပို့ခဲ့သည်။

…ပြေး…

"ပြေးရတော့မှာတဲ့လား။"

ဆန္ဒမရှိသော်လည်း ယခုအချိန်သည် အမှန်တကယ် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း ပြနေသည့် အရိပ်အယောင်များအားလုံးကို အဖိုးအိုက ကောင်းစွာသိရှိခဲ့သည်။ အကယ်၍ သူတို့၏ နောက်ဆုံးအားကိုးရာကို ထုတ်ခဲ့လျှင်ပင် တစ်ဖက်အဖွဲ့သည် တကယ်ပင် အားကောင်းနေပါက သက်ရောက်မှုသည် ကြီးကြီးမားမား ရှိတော့မည်မဟုတ်ပေ။

"ဝံပုလွေအို … တခြားသူတွေကို ပြေးဖို့ ပြောတော့။"

ဝံပုလွေအို ခေါင်းညိတ်ပြီး တခြားသူများအား ဖုန်းခေါ်ဆိုလိုက်သော်လည်း မည်သူမျှ သူ၏ခေါ်ဆိုမှုကို မဖြေကြားသောကြောင့် မျက်မှောင်ကြုတ်သွားရသည်။

"သူတို့တွေ ကံဆိုးမိုးမှောင်ကျသွားလို့များလား။"

ဖုန်းချလိုက်ပြီးနောက် နောက်တစ်ယောက်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ် ကြိုးစားပြီးနောက်တွင် လူတစ်ယောက်၏ ဖုန်းကို ချိတ်ဆက်မိသွားသည်။

"မင်းရဲ့နည်းလမ်းတွေက ကောင်းတယ် … သိပ်ကောင်းတယ်။ အဲ့ဒီမှာ စောင့်နေလိုက်။ သေမင်းက မင်းရဲ့ခေါင်းကို သိမ်းဖို့ မကြာခင် ရောက်လာခဲ့မယ်။” ဝံပုလွေအို စကားမပြောရသေးမီ ဖုန်းထဲမှ အေးစက်စက်နှင့် ခပ်ကြမ်းကြမ်း စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝံပုလွေအို သိသိသာသာ အမူအရာပျက်သွားကာ အော်ဟစ်မိသည်။

“မင်း ဘယ်သူလဲ။”

…ပီပီ…ပီပီ...

ဖုန်းကျသွားသော အသံသည်သာ အဖြေဖြစ်တော့သည်။

ဝံပုလွေ၏မျက်လုံးများတွင် ဂနာမငြိမ်သောအကြည့်ကို မြင်နိုင်ပြီး သူ၏ပါးစပ်သည် ကြိမ်ဖန်များစွာ တုန်ရီသွားသည်။ ထို့နောက် သူက ဖုန်းကို ရိုက်ချိုးလိုက်ပြီး အလျင်လိုနေသော အသံဖြင့် “ကျန်တဲ့လူတိုင်း အဆုံးသတ်မလှမှာကို ကြောက်ရတယ်။ တတ်နိုင်သမျှ မြန်မြန် ပြေးကြရအောင်။ ဝေးလေ ကောင်းလေပဲ။”

“ဟီးဟီး … နင် ပြေးဖို့ အခွင့်အရေး မရှိမှာကို ငါကြောက်တယ်။”

လှေကားထစ်မှ ခေါင်းလောင်းသံကဲ့သို့ သာယာသောအသံကို သူတို့ ကြားလိုက်ရသည်။ ခဏအကြာတွင် နက်ပြောင်နေသော သေနတ်ပြောင်းဝနှစ်ခုသည် သူတို့၏ မြင်ကွင်းထဲသို့ ပထမဆုံး ရောက်ရှိလာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် ညမျက်မှန် တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ချက်ချင်းပင် ပေါ်လာသည်။

…ဖောက်…ဖောက်...

သေနတ်သံနှစ်ချက် လျင်မြန်စွာ ထွက်ပေါ်လာကာ ဝံပုလွေအိုနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားတို့သည် နဖူးအလယ်အား သေနတ် ပစ်ခံရပြီး တစ်ခါတည်း သေဆုံးခဲ့သည်။

အဘိုးအိုနှင့် ချိုးနီငှက်တို့သည် အကြောများ တုံ့ဆိုင်းနေသည့်အလား တွေတွေကြီး ဖြစ်နေသည်။ သူတို့၂ယောက်သည် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်၏အနောက်မှ ပြုံးနေသော အမျိုးသမီးနှင့် သူမ၏အနောက်တွင် ညကြည့်မျက်မှန်တပ်ထားသည့် အမျိုးသားကြီး ခြောက်ဦးကို မြင်တွေ့လာသည်။

"မင်းတို့က ဘယ်သူတွေလဲ။"

အသက်အရွယ်ကြီးရင့်ပြီး အတွေ့အကြုံရင့်ကျက်သူပီပီ အဘိုးအိုသည် ဝံပုလွေနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတို့ အသတ်ခံလိုက်ရသည့်အချိန်၌ အဆိုပါလူများသည် သေချာပေါက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲမှ့ မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ အစိုးရအဖွဲ့ဝင်များသည် သွေးအေးအေးဖြင့် ယခုကဲ့သို့ တန်းပစ်သတ်မည်မဟုတ်ပေ။

ပြုံးနေသော အမျိုးသမီးက လက်ခုပ်လက်ဝါးတီးကာ

“ငါတို့ ဘယ်သူလဲ ဟုတ်လား။ ဘာပဲဖြစ်ဖြစ် ရှင် ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ခုချိန် ရှင် ခန့်မှန်းရမှာက ရှင်တို့အားလုံး သေရမယ်ဆိုတာကိုပဲ။ ရှင်တို့လိုပုစွန်လေးတွေကို ကိုင်တွယ်ဖို့ သူဌေးက ငါတို့တွေကို ဘာလို့ ဒီကို ဆွဲခေါ်လာတာလဲဆိုတာ ငါ တကယ်ကို နားမလည်ဘူး။"

ထိုအခိုက်အတန့်တွင် အကြောက်တရားသည် ချိုးနီငှက်၏ မျက်လုံးများအတွင်း ပြည့်လွှမ်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားကာ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်သွားသည်။

"ညဉ့်တစ္ဆေ … မင်းက ငရဲသို့ပို့ဆောင်သူ ကြေးစားကုမ္ပဏီက ညဉ့်တစ္ဆေပဲ။"

အမျိုးသမီးက အံ့သြသွားပြီး

“နင် ငါ့ကို သိတယ်ဟုတ်လား။ အရမ်း ထူးဆန်းတယ်။ ငါ ဘယ်သူလဲဆိုတာ သိတဲ့သူတွေ အကုန်လုံးနီးပါး သေကုန်ပြီ။ ငါ့အကြောင်း နင် ဘယ်လိုသိတာလဲ။"

ချိုးနီငှက် တံတွေးမျိုချလိုက်စဉ် သူ၏ခြေထောက်များသည် ထိန်းမနိုင်သိမ်းမရဘဲ တုန်ရီနေတော့သည်။ သူသည် အဘိုးအိုဆီ ခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ပြီး

"မော့စ်ရဲ့ ကွန်ပျူတာစနစ်ထဲကို ဖောက်ပြီး မင်းရဲ့ ငရဲသို့ပို့ဆောင်သူကြေးစားအဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ခိုးကြည့်ခဲ့ဖူးတယ်။ သတင်းနည်းနည်းပဲ ရခဲ့ပေမယ့် မင်းရဲ့ဓာတ်ပုံကို အဲ့ဒီမှာ တွေ့ဖူးနေတော့ ငါမှတ်မိတယ်။"

ညဉ့်တစ္ဆေ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏မျက်နှာထက်ရှိ အပြုံးသည် ပျောက်ကွယ်သွားရပြီး လူသတ်လိုစိတ်က ချက်ချင်း အစားထိုးလာသည်။ သူမသည် ပစ္စေတိုတစ်လက်ဖြင့် သူ့အား ချိန်ရွယ်လိုက်ပြီး

“မော့စ်ကို လွန်ခဲ့တဲ့ ၃နှစ်က ငါတို့က သတ်ပစ်ခဲ့ပြီး သူ့ရဲ့ဒေတာဘေ့စ်ထဲက အချက်အလက်တွေကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီးပြီ။ နင်က ဘယ်သူလဲ။"

ချိုးနီငှက်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ပြန်ဖွင့်လိုက်သည်။ ထို့နောက် မြောက်ဘက်သို့ မျက်နှာမူကာ ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် အရိုအသေပေးကာ

“အမေ … ဒီသားကတော့ အမေရဲ့သင်္ချိုင်းကို အဖော်လိုက်ပေးဖို့ လူတစ်သောင်းရဲ့အသက်ကို မစေလွှတ်နိုင်တော့ဘူး။ အမေ့သားက တာဝန်မကျေပါဘူးအမေ။ နောင်ဘဝမှာလည်း အမေ့ရဲ့သားပဲ ကျွန်တော် ဖြစ်ချင်ပါတယ်အမေ။"

ပြောပြီးသည်နှင့် သူ ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။ သူ၏မျက်လုံးထဲမှ အကြောက်တရားများသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး

“ငါက ဟက်ကာအဖွဲ့အစည်းမှာ စတုတ္ထအဆင့်ရှိတဲ့ ဟက်ကာတစ်ယောက်ပဲ။ ငါ့နာမည်က ချိုးနီငှက်ပါ။”

ဟက်ကာအဖွဲ့အစည်းဟုတ်လား။ ကမ္ဘာတစ်ဝှမ်းက ဟက်ကာစာရင်းရဲ့စတုတ္ထအဆင့် ရှိသူတဲ့လား။

***

All Chapters