လေဆိပ်မှ ဘေးဒုက္ခ
Vol. 10 Ch. 471
ထန်ရှု၏အမူအရာမှာ သိသိသာသာ ပျက်သွားကာ ချိုးနီငှက်၏ကော်လာကို ဆုပ်ကိုင်လိုက်ရင်း
“ရှန်ဟိုင်းလေဆိပ်မှာ ချိန်ကိုက်ဗုံးတွေ တပ်ထားတာ သေချာရဲ့လား။ မင်း ငါ့ကို လိမ်နေတာ မဟုတ်ပါဘူးနော်။"
"ငါက ဘယ်သူ့ကိုမဆို လှည့်ဖြားဖို့ သတ္တိရှိပေမယ့် သူ့ကိုတော့ မလုပ်ပါဘူး။"
ချိုးနီငှက်က ရှင်းလီကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ဗုံးတည်နေရာတွေကို ပြောပါ။" ထန်ရှုက သူ့လက်သီးကို တင်းတင်းဆုပ်ထားသည်။
“ငါက ဖျော်ဖြေပွဲနေရာကို စောင့်ကြည့်ဖို့ တာဝန်ပေးခံရချိန်မှာ အဲ့ဒီဗုံးတွေက ဝံပုလွေအို တပ်ထားခဲ့တာ။ တည်နေရာကို ငါ မသိပါဘူး။” ချိုးနီငှက်က ခေါင်းယမ်းရင်း ပြန်ပြောသည်။
ထန်ရှုက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရင်း လက်ပတ်နာရီကို တစ်ချက်အမြန်ကြည့်ကာ
"ဒီကနေ လေဆိပ်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ။"
“ကားမောင်းသွားရင် တစ်နာရီလောက် ကြာမယ်။” ချိုးနီငှက်က ဖြေသည်။
ထန်ရှုက သူ၏ဖုန်းကို ထုတ်ပြီး လျိုချန်းရှီဆီ ဆက်လိုက်သည်။
"ထန်ရှု … အခု မင်းဘယ်မှာလဲ။" လျိုချန်းရှီ၏အသံ ထွက်လာသည်။
"မစ္စတာလျို … ကျွန်တော် ဘယ်ရောက်နေလဲဆိုတာ ခဏထားဦး။ ဒီညအတွက် အစွန်းရောက်တွေရဲ့ ပစ်မှတ်က ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲတွင် မကဘူး ရှန်ဟိုင်းလေဆိပ်မှာလည်း ချိန်ကိုက်ဗုံးတွေ တပ်ထားတယ်လို့ သတင်းရထားတယ်။ ပေါက်ကွဲဖို့ကျန်တဲ့ အချိန်က မိနစ်၂၀ … အဲ့လောက်ပဲ ရှိတော့တယ်။”
ဖျော်ဖြေပွဲ၏စင်မြင့်နောက်တွင် လျိုချန်းရှီသည် ထန်ရှုပြောလာသော သတင်းကို ကြားပြီးနောက်တွင် သူ၏မျက်လုံးများ ပြူးသွားကာ နှလုံးခုန်နှုန်းသည် ဟာရီကိန်းတစ်ခုအလား ဗြောင်းသတ်သွားသည်။ သူသည် ထိတ်လန့်တုန်လှုပ်နေရင်း
“ထန်ရှု … ဒီအချက်က တကယ်ကို တိကျပြီး ယုံကြည်စိတ်ချရလား။ ချိန်ကိုက်ဗုံးတွေရဲ့ တည်နေရာ အတိအကျကရော။”
"သတင်းက စိတ်ချရတယ်။ ဒါပေမယ့် သူတို့ ဘယ်မှာ ထားလဲတော့ ကျွန်တော် မသိဘူး။” ထန်ရှုက ဖြေသည်။
လျိုချန်းရှီက လေးနက်သောအသံဖြင့်
“ရှန်ဟိုင်းလေဆိပ်ရဲ့ အာဏာပိုင်တွေကို ငါ ချက်ချင်း ဆက်သွယ်ပြီး ဗုံးတွေရဲ့ တည်နေရာကို တတ်နိုင်သမျှ မြန်မြန်ရှာခိုင်းလိုက်မယ်။ နောက်ပြီး လူတချို့ကိုလည်း လွှတ်လိုက်မယ်။"
“နောက်ကျသွားမှာပဲစိုးရတယ်။ ဒါပေမယ့် လေဆိပ်ကိုတော့ အကြောင်းကြားရမှာပဲ။ နောက်ပြီး အခြားနေရာတစ်ခုကို ကိုင်တွယ်ဖို့ လိုလို့ ကမ္ဘာသစ်စင်တာကနေ ကျွန်တော် ထွက်သွားခဲ့ပြီ။ ကျွန်တော် ရောက်နေတဲ့နေရာက ရှန်ဟိုင်းလေဆိပ်နဲ့ တော်တော်လေးနီးတယ်။ မစ္စတာလျိုက လေဆိပ်အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောပေးပါ။"
လျိုချန်းရှီ ချက်ချင်းပင် အံ့အားသင့်သွားရပြီး ထန်ရှု၏ အထူးစွမ်းရည်များကို ပြန်သတိရသွားသောအခါ
"ကောင်းပြီ … အဲ့ဒါ ကောင်းလိမ့်မယ်။ ငါသူတို့ကို သေချာ အကြောင်းကြားထားပေးမယ်။ ကျေးဇူးပြုပြီး အဲ့ဒါကိုလုပ်ပေးပါ ထန်ရှု…”
"အင်း…" ထန်ရှု ဖုန်းဆက်ခြင်းကို အဆုံးသတ်ပြီး အပြင်ဘက်သို့ လျှောက်လာသည်။ ထို့နောက် သူ၏အနောက်ကို လိုက်နေသော ရှင်းလီအား
"မင်းတို့အားလုံး ကျင်းမန်ကျွန်းကို ပြန်သွားကြတော့။ အဖွဲ့လေးတွေ ခွဲပြီး တိတ်တိတ်ဆိတ်ဆိတ် ပြန်ဖို့ သတိထားဦး။ ရထား၊ လေယာဉ် အများသူငှာအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးတွေကို မသုံးနဲ့။ အဲ့ဒါတွေက မင်းတို့တွေရဲ့ အထောက်အထားတွေကို လွယ်လွယ်ကူကူ ဖော်ထုတ်နိုင်လိမ့်မယ်။”
"အဲ့ဒါကို သတိထားပါမယ်။" ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောကို ကြည့်ရင်း ရှင်းလီ အနောက်မှ လိုက်နေခြင်းအား ရပ်တန့်လိုက်သည်။ တခြားသူများကို အကြောင်းကြားရန် အခန်းထဲသို့ အမြန်ပြန်သွားပြီး လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ည၏အမှောင်ထုထဲတွင် ထန်ရှုသည် သုံးထပ်တိုက်မှ ထွက်လာခဲ့သည်။ သူ၏ပုံစံသည် ဝိညာဉ်တစ်ခု လွင့်နေသည့်အလား လွန်စွာ မြန်ဆန်ပေသည်။ နှစ်မိနစ်အတွင်းမှာပင် သူသည် မြေအောက်ကားပါကင်သို့ ရောက်ရှိပြီး အရှိန်ပြင်းစွာ ကားမောင်းထွက်သွားသည်။
လက်ရှိအချိန်တွင် သူ့၏ကားမောင်းမှုစွမ်းရည်သည် ပြိုင်ဖက်မရှိဖြစ်သည်။ တုံ့ပြန်မှုအရှိန်နှင့် အမြင်အာရုံတို့သည် သာမန်လူများထက် အဆများစွာ ပိုမိုသန်မာပေသည်။ သူ့၏ မောင်းနှင်မှုအရှိန်က လက်တွေ့တွင် တားမြစ်ထားသော အရှိန်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ကားသည် လမ်းမကျယ်ကြီးထက်တွင် အမေရိကန် မြင်းရိုင်းတစ်ကောင် ပြေးလွှားနေသည့်အလား အမြန်နှုန်းပြကိရိယာတွင် တစ်နာရီ ကီလိုမီတာ ၂၀၀နှုန်းဖြင့် ပြေးနေခဲ့သည်။ မီးနီများစွာကို တိုက်ရိုက်ဖြတ်ကျော်ရန် သူ၏မြန်ဆန်သော တုံ့ပြန်မှုအရှိန်ကိုပင် အသုံးပြုခဲ့သည်။
အချိန်သည် အလွန်အမင်းကို တိုတောင်းနေသည်ကို သူ ကောင်းစွာ သိသည်။ ပုံမှန်အားဖြင့် တစ်နာရီကြာသည့် လေဆိပ်ခရီးအတွက် လေဆိပ်ရောက်ရန် မိနစ် ၂၀သာ သူ့အတွက် အချိန်ရသည်။ ထို့ကြောင့် သူ့ကားကို အလွန်အမင်း အရှိန်မြှင့်ရမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံပါက ကားကို ထားပစ်ခဲ့ရန်ပင် စီစဉ်ထားသည်။
သူ၏လက်ရှိကျင့်ကြံမှုသည် အလွန်နိမ့်သော်လည်း အကန့်အသတ်ထိ တွန်းပို့လိုက်ပါက လင်ရိုဗာ၏အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်ပေသည်။
…ရှန်ဟိုင်းလေဆိပ်တွင် ဖြစ်သည်...
ထိုနေရာတွင် ရာထူးအမြင့်ဆုံးရှိသူမှာ ပေကျင်းမှ ပြန်ရောက်လာသော လေဆိပ်ကြီးကြပ်ရေးမှူး ချူရှန်းလောင် ဖြစ်သည်။ သူ၏ဘေးတွင် လေဆိပ်အမှုဆောင်အရာရှိ နှစ်ယောက်သည် လေယာဉ်ခန်းမှထွက်ကာ သူ့နောက်ကို လိုက်နေသည်။
"ဟင်…"
ချူရှန်းလောင် လှေခါးမှ ဆင်းလိုက်သောအခါ မီတာတစ်ရာကျော်အကွာမှ လေဆိပ်လုံခြုံရေးအုပ်စုတစ်စုဝန်းရံလာသော လေဆိပ်၏အမှုဆောင်အရာရှိအများအပြားသည် သူ့ဆီသို့ အပြေးအလွှားရောက်ရှိလာကြသဖြင့် မျက်မှောင်ကြုတ်သွားရသည်။
"တစ်ခုခု ဖြစ်နေလို့လား။" ချူရှန်းလောင်က သူ၏အနောက်က လေဆိပ်အမှုဆောင်နှစ်ယောက်အား ခပ်ပေါ့ပေါ့ မေးလိုက်သည်။
“ကျွန်တော်တို့ မသိဘူး။” နှစ်ယောက်စလုံးက စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းခါပြသည်။
နောက်ဆုံးတွင် လေဆိပ်၏ ထိပ်တန်းအမှုဆောင် အရာရှိများသည် ချူရှန်းလောင်၏အရှေ့သို့ လျင်မြန်စွာ ရောက်လာကြသည်။ ၎င်းတို့အနက်မှ တစ်ဦးက
"အကြီးအကဲချူ … မတော်တဆမှုတစ်ခုရှိနေတယ်။"
"ဘာဖြစ်တာလဲ။" ချူရှန်းလောင်သည် မျက်ခုံးတွန့်ကာ အသံဝါကြီးဖြင့် မေးလိုက်သည်။
“နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက မစ္စတာလျိုက လေဆိပ်မှာ ချိန်ကိုက်ဗုံးတွေ ရှိတယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားတယ်။ ဒီဖုန်းနံပါတ်ကို ကျေးဇူးပြုပြီး ခေါ်လိုက်ရင် အကြီးအကဲ အတိအကျ သိသွားမှာပါ။” အဆိုပါလူက ထပ်မံပြောပြသည်။
ချူရှန်းလောင်သည် သိသိသာသာ ပျက်သွားသော အမူအရာဖြင့် ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုလိုက်သည်။ တစ်ဖက်က ပြန်ဖြေလာသောအခါတွင် သူက
"ငါက ချူရှန်းလောင်ပါ။ မင်းက ဘယ်သူလဲလို့ မေးလို့ရမလား။"
“ငါက လျိုချန်းရှီပါ…”
“…”
မိနစ်ဝက်အကြာတွင် ချူရှန်းလောင်သည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ခဲ့သည်။ သူ၏အမူအရာသည် လေးနက်နေပြီး ချက်ချင်းပင်
“လေဆိပ်မှာရှိတဲ့ လမ်းကြောင်းအားလုံးကို ပိတ်ထားလိုက်တော့။ ထွက်ခွာမယ့် လေယာဉ်အားလုံးကို ခေတ္တရပ်ဆိုင်းပြီး ခရီးသည်အားလုံးကို လေဆိပ်ကနေ ထွက်ခွာခိုင်းလိုက်။ ချိန်ကိုက်ဗုံးတွေ ဖယ်ရှားဖို့ ရဲတပ်ဖွဲ့နဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ လေဆိပ်ကို ခေါ်ပါ။ နောက်ပြီး မစ္စတာထန်ရှုလို့ခေါ်တဲ့ လူတစ်ယောက် ရောက်လာရင် ချက်ချင်းခေါ်သွားပြီး သူလိုအပ်တဲ့ အရာအားလုံးကို ပြင်ဆင်ထားဖို့ ငါတို့ရဲ့လူအားလုံးကို အသိပေးထား။”
"စီစဉ်ထားပြီးပါပြီ အကြီးအကဲချူ…"
"ဒါဆို သေချာအောင် ထပ်လုပ်ပါ။ ငါတို့ရဲ့လေဆိပ်ထဲ ချိန်ကိုက်ဗုံးများ အမှန်တကယ်ရှိနေပြီး လက်ကျန်အချိန်အတွင်း အဲ့ဒါတွေကို ရှာမတွေ့ဘူးဆိုရင် ငါတို့ရဲ့ထိခိုက်ပျက်စီးမှုက ကြီးမားလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ချင်းစီက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လိုတယ်။”
“နားလည်ပါပြီ။”
ယခုအချိန်တွင် ပေကျင်းမှ ခရီးသည်တင်လေယာဉ်သည် ရှန်ဟိုင်းလေဆိပ်သို့ ဆင်းသက်နေပြီဖြစ်သည်။ ပြေးလမ်းပေါ်မှ အရှိန်နှေးကွေးလာပြီး ကြိုတင်သတ်မှတ်ထားသော နေရာတွင် အမြန်ရပ်လိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ဆူဖြိုးနေသောဗိုက်၊ ပြည့်ဖောင်းနေသောမျက်နှာဖြင့် လီလောင်ရှန်းသည် လေယာဉ်ခန်းတံခါးဝတွင် ပေါ်လာသည်။ လှေခါးမှ ဖြည်းညှင်းစွာ ဆင်းလာရင်း သူ မျက်မှောင်ကြုတ်နေသည်။ သူ့အနောက်တွင် ပိန်ပိန်ပါးပါးနှင့် ကောင်းမွန်စွာ ဝတ်စားထားသည့် လှပသော အတွင်းရေးမှူးအမျိုးသမီးတစ်ဦး၊ အနက်ရောင်ဝတ်စုံနှင့် ကိုယ်ရံတော်လေးယောက် ရှိနေသည်။
“အချက်ပေး ဥဩဖွင့်ထားတယ် … သူဌေး။” သက်တော်စောင့်တစ်ဦးက အနီးပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်ရင်း ပြောသည်။
“ဘာဖြစ်ခဲ့လဲ မေးကြည့်လိုက်။” လီလောင်ရှန်းက ခေါင်းညိတ်ရင်း ပြောသည်။
"ဟုတ်ကဲ့ … သူဌေး" သက်တော်စောင့်က လေးလေးစားစား တုံ့ပြန်သည်။
ထိုအခိုက်တွင် လေဆိပ်အသံစနစ်မှ အသံတစ်ခုအား ပဲ့တင်ထပ်အသံလွှင့်လာသည်။
"လူကြီးမင်းတို့ ကျေးဇူးပြုပြီး နားဆင်ပေးပါ။ လုံခြုံရေးပြဿနာကြောင့် လေဆိပ်ထဲရှိ လမ်းကြောင်းအားလုံးကို ချက်ခြင်းပိတ်မည် ဖြစ်ပါသောကြောင့် ခရီးသည်အားလုံး လေဆိပ်မှ ချက်ချင်း အမြန်ထွက်ခွာပေးပါရန် လိုအပ်ပါသည်…”
လုံခြုံရေးနှင့် ဘေးကင်းရေးပြဿနာလား…
လီလောင်ရှန်း၏မျက်နှာ ပျက်သွားသည်။ ဤအသံထုတ်လွှင့်မှု အမျိုးအစား၏နောက်ကွယ်မှ အဓိပ္ပါယ်ကို သူ ကောင်းစွာ သိရှိသည်။ ပြည်တွင်းလေဆိပ်အများအပြားတွင် အလားတူ အခြေအနေမျိုး ကြုံခဲ့ရဖူးသည်။
အများစုမှာ ပေါက်ကွဲမှုနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်။
"ဒါက ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ဖြစ်သွားပုံပဲ။" လီလောင်ရှန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး
"အထူးလမ်းကြောင်းကနေ ထွက်ကြစို့။"
လေဆိပ်နှင့် ၁၀ကီလိုမီတာကျော်ရှိ လမ်းမထက်တွင် ထန်ရှု၏အမူအရာသည် မှုန်ကုပ်နေသည်။ သူ စိုးရိမ်ခဲ့သောအရာသည် နောက်ဆုံးတွင် ဖြစ်လာခဲ့ပြီဖြစ်သည်။ လမ်းမထက်မှ ကားများစွာ ပိတ်နေသည့်ကားလမ်းကြောင်းထဲ သူ ရောက်ရှိနေခဲ့သည်။
လမ်းတလျှောက် မီးပွိုင့်အချို့နှင့် မတော်တဆ ဖြစ်ပွားမှုအချို့ ဖြစ်ပွားခဲ့သည့်တိုင် သူသည် ကားကို မိုင်ကုန်မောင်းလာခဲ့သည်။ ယာဉ်ထိန်းရဲအချို့က သူ့အား တားမြစ်ကာ ပြစ်ဒဏ်ပေးရန် လုပ်ကြသော်လည်း မစ္စတာလျိုအား ဖုန်းဆက်လိုက်သည်နှင့်မကြာမီ သူတို့ ပျောက်ကွယ်သွားကြသည်။
“ဒီကားကို ထားပစ်ခဲ့ဖို့ကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး။”
သူ၏အရှေ့မှ ပိတ်ဆို့နေသော ကားတန်းကြီးအား ကြည့်ရင်း ထန်ရှု၏ စိတ်မရှည်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုအား အမြန်ချလိုက်သည်။
ကားပေါ်မှဆင်းလိုက်ပြီးနောက် သူသည် လမ်းဘေးတစ်ဖက်မှ လမ်းကြားလေးဆီသို့ လျင်မြန်စွာ တိုးဝင်သွားသည်။
ညအလင်းရောင်မှိန်မှိန်ကြားတွင် ထန်ရှုသည် ညဉ့်နတ်ဘုရား ပြန်လည်ဝင်စားလာသည့်အလား လျင်မြန်စွာ ရွေ့လျားနေရာ သာမန်မျက်စိဖြင့် ကြည့်ပါက မြင်နိုင်မည်မဟုတ်ပေ။ အလွန်အာရုံစိုက်ကာ ကြည့်ပါမှ လျှပ်စီးတန်းအလား ရွေ့လျားနေသော အရိပ်ကိုသာ မှန်းဆမြင်နိုင်ပေမည်။
“လေဆိပ်နဲ့ဒီနေရာက ၁၀ကီလိုမီတာ ဝေးသေးတာဆိုတော့ ငါလည်း လေဆိပ်ရောက်ရော မိနစ်၂၀အချိန်က ကုန်သွားပြီ။”
ချိန်ကိုက်ဗုံး၏အချိန်အား ဆွဲဆန့်ထားနိုင်စေရန်သာ ထန်ရှု ဆုတောင်းနေရသည်။ မိနစ်အနည်းငယ်အတွင်း သူသာ လေဆိပ်သို့ အပြေးရောက်နိုင်ခဲ့ပါက လေဆိပ်တစ်ခုလုံး အမြန်ရှာဖွေရန် သူ ယုံကြည်ချက် ရှိပေသည်။ သူ၏စိတ်ဝိညာဉ်အာရုံ လွှမ်းခြုံထားသော ဧရိယာအတွင်း မည်သည့်အရာမှ လွတ်ထွက်သွားနိုင်မည်မဟုတ်ပေ။
လေဆိပ်မှ ၂ကီလိုမီတာ ကွာဝေးသော နေရာသို့ သူ ရောက်လာသောအခါ သူ၏စူးရှသော အကြည့်များသည် လေဆိပ်ထဲမှ အပြေးမောင်းထွက်လာသော ကားများကိုသာမက ခရီးဆောင်အိတ်များသယ်ကာ ပြေးထွက်လာကြသော လူများစွာကိုပင် မြင်လိုက်ရသည်။
“ကြည့်ရတာ လေဆိပ်က ဒီဖြစ်ပွားမယ့်အရာကို အခိုင်အမာ ကြိုတင်ကာကွယ်မှု ယူထားတာပဲ။”
ထန်ရှုသည် လမ်းမပေါ် ပြေးခြင်းအား ရှောင်ပြီး အမြန်နှုန်းကိုမူ မလျှော့ပေ။ လေဆိပ်အနီး ရောက်သောအခါ သူ၏ပုံရိပ်သည် ညအမှောင်ထုတွင် ဘွားကနဲ ပေါ်လာကာ လေဆိပ်ဝင်ပေါက်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
“လေဆိပ်က ပိတ်ထားလိုက်ပြီ။ ဘယ်သူမှ ဝင်ခွင့်မပြုဘူး။”
ဒါဇင်ချီသော ရဲအရာရှိများက ထန်ရှုအား သတိအနေအထားဖြင့် ကြည့်ကာ တစ်ယောက်က အော်ပြောလိုက်ခြင်းဖြစ်သည်။
ထန်ရှု မျက်မှောင်ကြုပ်သွားရင်း
“ကျွန်တော်က ထန်ရှု။ ကျွန်တော် အထဲကို ဝင်မှ ဖြစ်မယ်။”
ထန်ရှုလား…
ရဲအရာရှိ၏အမူအရာ ပြောင်းလဲသွားသည်။ ထန်ရှုကို တားခဲ့သည့် ရဲအရာရှိက လျင်မြန်စွာ ပြောလိုက်သည်။
“မင်းက မစ္စတာထန်လား။ မင်း ရောက်လာရင် ချက်ချင်း ပေးဝင်ဖို့ ငါတို့ အကြောင်းကြားစာ ရထားတယ်။ ငါတို့လေဆိပ်ခေါင်းဆောင်တွေက…”
ထိုသူ၏စကားဆုံးသည့်အထိ မစောင့်ဘဲ ထန်ရှု လေဆိပ်အတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် မီတာ၂၀၀-၃၀၀အတွင်း လွှမ်းခြုံနိုင်သော သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်သည်။ လေဆိပ်ခရီးသည် နားနေခန်းသို့ ထန်ရှု ရောက်သောအခါ သူ၏အမူအရာ အနည်းငယ် ပျက်သွားသည်။
“ဗုံး၃လုံး … ပေါက်ကွဲဖို့ ၃မိနစ်နဲ့ သုံးစက္ကန့်ပဲလိုတော့တယ်။”
ထန်ရှု ဘေးပတ်လည်အား လျင်မြန်စွာ ကြည့်လိုက်ရာ ချိန်ကိုက်ဗုံးအား ရှာဖွေနေကြသော ရဲများစွာကို တွေ့လိုက်ရသဖြင့် ရုတ်ခြည်းပင် အော်ပြောလိုက်သည်။
“အမှိုက်ပုံးထဲမှာ ချိန်ကိုက်ဗုံးတစ်လုံး ရှိတယ်။ တစ်ယောက်ယောက်ကို အဲ့ဒါကို အဝေးယူသွားဖို့ ခိုင်းလိုက်ပါ။ မီးသတ်ပိုက်ထည့်ထားတဲ့နေရာမှာလည်း တစ်လုံး။ နောက်တစ်လုံးက ဘယ်ဘက်က အိုးပေါ်မှာ ရှိတယ်။ သောက်ကျိုးနည်း … ခင်ဗျားတို့ ဘာတွေ ငေးကြည့်နေတာလဲ။ အဲ့ဒီဗုံးတွေကို မြန်မြန်သွားယူဗျ။ ပေါက်ကွဲဖို့ ၃မိနစ်ပဲ လိုတော့တယ်။”
ငေးကြောင်နေသော ဒါဇင်ချီသည့် လေဆိပ်ရဲအရာရှိများသည် ချက်ချင်းပင် ထန်ရှု ပြောသော နေရာ၃နေရာဆီသို့ အပြေးသွားကြပြီး အနက်ရောင်သေတ္တာ၃ခုအား ဂရုတစိုက် ဖယ်ရှားလိုက်သည်။ ဗုံးကျွမ်းကျင်သူ ၂ယောက်သည် လေဆိပ်ခရီးသည်နားနေခန်းဆီသို့ အပြေးရောက်လာကြပြီး ထိုဗုံးများအား စစ်ဆေးကြသည်။ နောက်ဆုံးတွင် ထိုဗုံးများသည် အထူးစီမံထုတ်လုပ်ထားသော ပေါက်ကွဲအား အလွန်ပြင်းထန်သည့် ချိန်ကိုက်ဗုံးများဖြစ်သည်ဟု သူတို့ ကောက်ချက်ချနိုင်လိုက်ကြသည်။
***