မင်းက ကယ်တင်ရှင်တစ်ယောက်ပဲ
Vol. 10 Ch. 472
ချူရှန်းလောင်၏မျက်နှာသည် သုန်မှုန်နေသည်။ သူနှင့်လေဆိပ်ရဲတပ်ဖွဲ့များသည် ချိန်ကိုက်ဗုံးများ ရှိနိုင်မည့် သဲလွန်စများအား ရှာဖွေပြီးဖြစ်သော်လည်း မစ္စတာထန် ရောက်ရုံရှိသေးချိန်တွင် လေဆိပ်ခရီးသည်နားနေခန်းထဲက ဗုံး၃လုံးအား တွေ့ရှိခဲ့ကြောင်း သူ၏ဝန်ထမ်းမှ အကြောင်းကြားလာသည်။ သို့သော် သူ၏အသွင်သည် ပျော်နေဟန် မရှိဘဲ ထိုအစား မှုန်ကုပ်တည်ကြည်မှုက အစားထိုးလာသည်။
“မစ္စတာထန်ရှုရော ဘယ်ရောက်နေလဲ။” လေဆိပ်ခရီးသည်နားနေခန်းသို့ ချူရှန်းလောင် ရောက်သောအခါ ချက်ချင်း မေးလိုက်သည်။
လေဆိပ်ရဲအရာရှိက ချက်ချင်းအဖြေပေးလိုက်သည်။
“မစ္စတာထန်က ဘီအဆောက်အဦးဘက်ကို သွားပါတယ် အကြီးအကဲချူ။ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်အချို့လည်း သူနဲ့ပါသွားတယ်။”
အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ချူရှန်းလောင်သည် ဘီအဆောက်အဦးဆီသို့ အပြေးသွားတော့သည်။ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများ ရှိနေသောကြောင့် ရှာတွေ့ထားသော ဗုံး၃ဗုံးအတွက် သူ မစိုးရိမ်ချေ။
ဘီအဆောက်အဦးတွင် ဖြစ်သည်။
သည်အချိန်တွင် ဂိတ်ဘီ၁၁၌ လွန်ခဲ့သော နာရီဝက်က လူစည်ကားခဲ့သော မြင်ကွင်းနှင့် အတော်ကြီး ဆန့်ကျင်ဘက်ဖြစ်စွာ တိတ်ဆိတ်နေသည်။ ဗုံးများ ရှာဖွေနေသည့် အထူးရဲများနှင့် လေဆိပ်ရဲအရာရှိ အနည်းငယ်သာ ရှိခဲ့သည်။ သို့သော်လည်း ထန်ရှု စိတ်ပူနေသည့်အရာတစ်ခု ရှိနေသေးသည် - သူတို့တွေ့ရှိခဲ့သော ချိန်ကိုက်ဗုံးများအကြောင်းပင် ဖြစ်သည်။
“ချိန်ကိုက်ဗုံး စုစုပေါင်း အရေအတွက်က ငါးခုများလား။”
သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် ထန်ရှုသည် နောက်ဆုံးတွင် ချိန်ကိုက်ဗုံးများ၏ တည်နေရာကို ဆုံးဖြတ်ခဲ့သည်။ သို့သော် အခုအချိန်တွင် ပေါက်ကွဲရန် တစ်မိနစ်နှင့် စက္ကန့်နှစ်ဆယ်သာ ကျန်တော့သည်။
"ဒီနေရာကနေ ချက်ခြင်းထွက်ကြ … မြန်မြန်လေး…"
သူနှင့်အနီးဆုံးနေရာမှ ချိန်ကိုက်ဗုံးတည်နေရာသို့ အပြေးအလွှား သွားပြီး ထန်ရှုသည် ချိန်ကိုက်ဗုံးကို ထုတ်ယူပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်း ဘယ်သူလဲ။" အထူးရဲအရာရှိက အော်လိုက်သည်။
“ကျွန်တော်က ထန်ရှု။ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကပါ။ အမိန့်ကို ချက်ချင်းလိုက်နာပြီး လူတိုင်းကို ချက်ခြင်းထွက်သွားဖို့ ပြောလိုက်။"
အထူးရဲအရာရှိက ငေးကြောင်ကြောင် ကြည့်နေစဉ် ကျန်လူများက ထန်ရှု ပြောသည်ကို ကြားပြီးနောက် အပြင်ဘက်သို့ အမြန် ပြေးသွားကြသည်။ ထန်ရှုသည် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ လူတစ်ယောက် ဟုတ်၊မဟုတ် မသေချာသော်လည်း ထန်ရှု၏အမည်ကို သိနေကြပြီး ထန်ရှုမှ ထုတ်ပြန်သည့် အမိန့်တိုင်းကို လိုက်နာရမည်ဟူသော အမိန့်စကားကို လေဆိပ်တွင် တာဝန်ကျထားသည့်လူတိုင်း ရရှိထားသည်။
"စတုတ္ထဗုံး…" ထန်ရှု၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်နေသည်။ စတုတ္ထမြောက်ဗုံးကို သူ ယူလိုက်ချိန်တွင် ပေါက်ကွဲရန် ၂၅ စက္ကန့်သာ ကျန်တော့သည်။ သူနှင့်နောက်ဆုံးချိန်ကိုက်ဗုံးကြားရှိ အကွာအဝေးသည် မီတာ ၂၀၀-၃၀၀ခန့် ရှိသည်။ အကယ်၍ သူသည် ၎င်း၏နေရာကို အမြန် ပြေးပြီး အလျင်မြန်ဆုံး အားစိုက်ထုတ်နိုင်ခဲ့ရင်တောင်မှ ထိုဗုံးတို့အား လူသူကင်းမဲ့သော နေရာတွင် ပစ်ချရန် အချိန်က နှောင်းနေဆဲဖြစ်သည်။
"ပေါက်ကွဲတော့မယ်…"
ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ လှည့်ကာ အဝေးသို့ အပြေးပြေးတော့သည်။ သူသည် လေဆိပ်ထဲသို့ လျင်မြန်စွာ ရောက်လာပြီး ဖွင့်ထားသည့် ပြတင်းပေါက်မှတဆင့် ပြေးလမ်းဆီ ခုန်ချ ပြေးထွက်ခဲ့သည်။ တောက်ပလင်းထိန်နေသည့် ကျယ်ဝန်းသော အာကာသထဲတွင် သူ၏ကြယ်စွမ်းအားကို ခြေထောက်များဆီသို့ လည်ပတ်စေလိုက်ပြီး ပျံသန်းလုနီးပါး ပြေးထွက်ခဲ့ကာ ပြေးလမ်းအလယ်ဆီသို့ ဦးတည်ခဲ့သည်။
ချိန်ကိုက်ဗုံးလေးလုံးအား ပြေးလမ်းအဝေးသို့ ပစ်ချလိုက်သောအခါ ဗုံးများပေါက်ကွဲရန် စက္ကန့်အနည်းငယ်သာ ကျန်တော့သည်။
…အုန်း…ဗုန်း…အုန်း…ဝုန်း…
ချိန်ကိုက်ဗုံးငါးလုံးသည် တစ်ချိန်တည်းတွင် ပေါက်ကွဲခဲ့သည်။ ဘီအဆောက်အဦးအတွင်း ပေါက်ကွဲမှုမှလွဲ၍ ပြေးလမ်းပေါ် မှ ချိန်ကိုက်ဗုံးလေးလုံး၏တုန်လှုပ်ချောက်ခြားဖွယ် လှိုင်းသည် ထန်ရှု၏နောက်ကျောကို ထိမှန်ကာ ဦးစိုက်ဂျွမ်းပြန်ကျသွားသည်။ မြေပြင်ထက်တွင် လှိမ့်သွားကာ ကွန်ကရစ်ကြမ်းပြင်ပေါ် ပြင်းပြင်းထန်ထန် ကျသွားသည်။
ဟူး…
ထန်ရှုသည် ပြင်းထန်သော စိတ်လှုပ်ရှားမှု လျော့နည်းသွားစေရန် အသက်ပြင်းပြင်းရှည်ရှည်တစ်ချက် ရှူလိုက်ရသည်။ ချိန်ကိုက်ဗုံးလေးလုံး၏ပေါက်ကွဲသွားသော ပြင်းအားကြောင့် သူ့ကို ကြည့်ရသည်မှာ သနားစရာပင်ကောင်းနေတော့သည်။ သူသည် ယခုအချိန်တွင် သူ၏ကျင့်ကြံမှုအဆင့် အားနည်းနေသောကြောင့် ချိန်ကိုက်ဗုံးလေးလုံး၏ပေါက်ကွဲမှုသာ တိုက်ရိုက်ထိမှန်ပါက ပြင်းထန်စွာ ဒဏ်ရာ ရသွားမည်ဖြစ်သည်။
သူ မြေပြင်ပေါ်မှ တွားသွားထလိုက်ပြီး အဆောက်အဦးဆီသို့ အမြန်ပြန်လာခဲ့သည်။ ချိန်ကိုက်ဗုံး ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရပြီးမှ သူ အတော် ကံကောင်းသည်ဟု ခံစားမိသည်။ စင်စစ်အားဖြင့် ကမ္ဘာသစ်စင်တာမှ အမြန်ပြေးသွားရကတည်းက လေဆိပ်ဗုံးခွဲခံရလိမ့်မည်ကို တွေးထားပြီးဖြစ်သော်လည်း လူအများအပြား ထိခိုက်ဒဏ်ရာရခြင်း မရှိစေရေးအတွက် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ယခုလည်း လေဆိပ်ပေါက်ကွဲမှု အမှန်တကယ် ဖြစ်ပွားခဲ့သော်လည်း သေဆုံးသူ မရှိဟု ထင်ရသည်။ ရှန်ဟိုင်းလေဆိပ်သည် ထိုသို့သော ဆုံးရှုံးမှုလောက်ကို တတ်နိုင်သည်ဟု သူယုံကြည်သည်။
…ရှပ်…ရှပ်…ရှပ်…
ကော်ရစ်ဒါလမ်းတစ်လျှောက် အမြန်လာနေသော ခြေသံများကို အဝေးမှ ကြားနေရသည်။
ထန်ရှု ဘေးပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ လေဆိပ်ရာထူးအမြင့်ပိုင်းဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ရဲအရာရှိ ဒါဇင်များစွာနှင့် သူ့ဆီ အပြေးလာနေသည်။
"အသေအပျောက် ရှိသလား။" ချူရှန်းလောင် ရောက်ရှိလာသောအခါ ခန်းမတစ်ခုလုံး ရှုပ်ပွနေသည်။
ထိုနေရာတွင် ရှိနေသူသည် ထန်ရှုတစ်ယောက်သာ ဖြစ်သောကြောင့် ထိုလူက သူ့အား အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
"မရှိဘူး။ အားလုံးက ဘေးလွတ်ရာ ပြေးသွားကြပြီးပြီ။" ထန်ရှုက ခေါင်းယမ်းကာ ဖြေလိုက်သည်။
ချူရှန်းလောင်၏နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုနှင့် ယောက်ယက်ခတ်နေရမှုများသည် နောက်ဆုံးတွင် ပြေလျော့သွားသည်။ ပေါက်ကွဲမှုများ ဖြစ်ပါက မည်သည့်အရာများ ဖြစ်မည်ဆိုတာ သူ သိထားပြီး သူ အစိုးရိမ်ဆုံးအရာသည် လူအသေအပျောက်ဖြစ်သည်။ အခု ထန်ရှု၏အဖြေကို ကြားပြီးနောက်တွင် သူက ခေါင်းညိတ်ပြီး မေးလာသည်။
“မင်းက ဘယ်သူလဲ။ မင်းက ရဲတပ်ဖွဲ့ဝင် ဒါမှမဟုတ် လေဆိပ်ဝန်ထမ်းတစ်ယောက် မဟုတ်ဘူးမလား။"
"ကျွန်တော် ထန်ရှုပါ။" ထန်ရှုက လေးနက်သောအသံဖြင့် ပြန်ဖြေသည်။
စိတ်အတွင်းမှ တုန်လှုပ်သွားသော ချူရှန်းလောင်က သူ့အား နှုတ်ဆက်ရန် လျင်မြန်စွာ ရှေ့တိုးကာ
“ဟယ်လို မစ္စတာထန် … မစ္စတာလျိုဆီကနေ ဖုန်းလက်ခံရရှိထားပါတယ်။ ငါတို့လေဆိပ်အတွက် မင်းလုပ်ပေးခဲ့တဲ့အရာအားလုံးကို ကျေးဇူးတင်ပါတယ်။"
"ကျေးဇူးတင်စရာ မလိုပါဘူးဗျာ။" ထန်ရှု ခေါင်းခါလိုက်သည်။ “နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ဖို့က နိုင်ငံသားတိုင်းရဲ့တာဝန်ပါ။ ဒါကြောင့် အဲ့လိုတွေ ပြောဖို့မလိုအပ်ပါဘူး။ အာ ဟုတ်သားပဲ ခင်ဗျားက ဘယ်သူလဲမသိဘူး။"
သူ့လက်ကို ဆန့်တန်းပြီး ချူရှန်းလောင်က
“ငါက ရှန်ဟိုင်းလေဆိပ်ရဲ့ လေဆိပ်ကြီးကြပ်ရေးမှူး ချူရှန်းလောင်ပါ။ ဒီနေရာမှာ အမြင့်ဆုံး အာဏာရှိသူလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မစ္စတာထန် … မင်းရဲ့ လုပ်ဆောင်ချက်တွေကို ငါ အခုလေးတင် သိလိုက်ရပြီ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ချင်ပါတယ် … မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ရှန်ဟိုင်းလေဆိပ်က ကြီးမားတဲ့ အပျက်အစီး ဖြစ်သွားတော့မှာပဲ။"
"ကျွန်တော် ပြောပြီးသားပဲ အဲ့လိုတွေ မပြောပါနဲ့ဗျာ။" ထန်ရှုက ခေါင်းခါပြီး ခပ်ဖွဖွ ပြုံးလိုက်ရင်း
“အဲဒီအစွန်းရောက်အကြမ်းဖက်သမားတွေက ချိန်ကိုက်ဗုံးရှစ်လုံးပဲ တပ်ဆင်နိုင်ခဲ့လို့ အရမ်းကံကောင်းသွားတယ်။ နို့မဟုတ်ရင် ကျွန်တော် အချိန်ကို ထပ်ပြီး ပြိုင်လုလုပ်ရရင်တောင် အရမ်း နောက်ကျသွားလိမ့်မယ်။”
အစွန်းရောက်သမားတွေလား…
ချူရှန်းလောင်၏အမူအရာ ပြောင်းလဲသွားပြီး
"မစ္စတာထန် … လေဆိပ်ပြေးလမ်းကနေ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ မင်း…”
ထန်ရှုက သူ့စကားအား ကြားဖြတ်ရင်း
“အဲဒီဘက်မှာ ချိန်ကိုက်ဗုံးလေးလုံးရှိတာကို တွေ့လို့ အဲ့ဒီနေရာမှာ ပစ်ချလိုက်တာ။ ချိန်ကိုက်ဗုံး လေးလုံးသာ ဒီနေရာမှာ ပေါက်ကွဲခဲ့ ရင် အဆောက်အဦးတစ်ခုလုံး ပေါက်ကွဲသွားတော့မှာလေ။ ဒါပေမယ့် အခုတော့ လေဆိပ်ပြေးလမ်းတချို့ကိုပဲ ပြုပြင်ဖို့လိုလိမ့်မယ်။”
"အဲ့ဒါ မင်းလား။"
စိတ်တွင်းမှ ထိတ်လန့်တုန်လှုပ်သွားရင်း ပြင်းထန်သော ကျေးဇူးတရားသည် ချူရှန်းလောင်၏နှလုံးသားကို ပြည့်လျှံစေသည်။ ချိန်ကိုက်ဗုံးလေးလုံးသာ ဤအဆောက်အဦးနေရာတွင် အမှန်တကယ် ပေါက်ကွဲခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် ဆုံးရှုံးမှုများ မည်မျှ ကြီးမားမည်ကို သူ တွေးကြည့်ရန် ခက်ခဲပေသည်။
"ကောင်းပြီ … ဒီမှာ ကျွန်တော့်တာဝန် ပြီးသွားပြီ။" ထန်ရှုက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ရင်း
“ဒါပေမယ့် ဒီအခြေအနေမျိုးမှာ ခင်ဗျားရဲ့လေဆိပ်ဝန်ထမ်းတွေက လေဆိပ်ဧရိယာကို ထပ်ပြီး စစ်ဆေးသင့်တယ်။ ဒါနဲ့ ကျွန်တော့်မှာ ကိုင်တွယ်ဖြေရှင်းရမယ့်အရာတွေ ရှိနေတုန်းမို့ ကျွန်တော် ဒီမှာ ဆက်မနေတော့ဘူး။"
"မစ္စတာထန် … ဗုံးတွေ ကူပြီးထပ်ရှာပေးဖို့ မင်းကိုပဲ ငါတို့ အနှောက်အယှက်ပေးရတော့မှာပဲ။ ဗုံးခွဲတိုက်ခိုက်မှုက ပထမလှိုင်းဖြစ်နေမှာကိုပဲ ငါ စိုးထိတ်နေတာ။ အဲ့ဒါတွေက ချိန်ကိုက်ဗုံးတွေဆိုတော့ ငါတို့ အဆင့်ထဲမှာ ဘယ်သူမှ ဒီအစွန်းရောက်တွေ ဘယ်သူတွေလဲဆိုတာ မသိနိုင်ဘူး။ တခြားချိန်ကိုက်ဗုံးတချို့ကိုလည်း တခြားနေရာမှာ တပ်ဆင်ထားနိုင်တယ်။"
“အာ…” ထန်ရှု တွေတွေကြီး စိုက်ကြည့်နေမိပြီး ချူရှန်းလောင်၏ တောင်းဆိုချက်ထဲက အမှန်တရားကို ချက်ချင်း သဘောပေါက်သွားသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီ … ဒါဆို လေဆိပ်တစ်ခုလုံးကို ရှာဖွေဖို့ ကျွန်တော် ကူညီပေးမယ်။ ဒါပေမယ့် ခင်ဗျားရဲ့လူတွေက ကျွန်တော့်နောက်ကို လိုက်နေစရာ မလိုဘူး။ ကျွန်တော့်ရဲ့ ခြေရာခံစုံစမ်းမှု နည်းလမ်းက ခင်ဗျားတို့နဲ့ မတူဘူး။”
ထန်ရှုတွင် အထူးခြေရာခံနည်းလမ်းများ ရှိရမည်ကို ချူရှန်းလောင် ကောင်းစွာ သတိပြုမိသည်။ သို့မဟုတ်ပါက သူသည် ထိုကဲ့သို့ ချိန်ကိုက်ဗုံးများစွာကို အမြန် ရှာတွေ့နိုင်မည် မဟုတ်ပေ။ သူ၏နည်းလမ်းများသည် သာမန်လူတစ်ယောက် လုပ်နိုင်သည့်အရာမျိုး မဟုတ်သည်မှာ သေချာသည်။
"ကျေးဇူးပြုပြီး လုပ်ပါ။"
နာရီဝက်ကြာသော် ထန်ရှုသည် လေဆိပ်တစ်ခုလုံးကို တစ်ဖန် လှည့်ပတ်ကြည့်ရှုခဲ့ပြီး လေဆိပ်နေရာတွင် ချိန်ကိုက်ဗုံးများ ဝှက်ထားခြင်းမရှိတော့ကြောင်း သေချာသွားခဲ့သည်။
…လေဆိပ်ခရီးသည်နားနေခန်းထဲတွင်...
လျိုချန်းရှီသည် သူ၏လူများနှင့်အတူ အပြေးအလွှား ရောက်လာသည်။ မှုန်ကုပ်ကုပ်နှင့် ကြည့်နေသော ချူရှန်းလုံအား သူ မြင်လိုက်ရသည်။
"အခြေအနေ ဘယ်လိုရှိလဲ အကြီးအကဲချူ…"
လျိုချန်းရှီသည် ချူရှန်းလောင်အား ယခင်ကပင် သိထားသောကြောင့် ပွင့်ပွင့်လင်းလင်း မေးသည်။
ချူရှန်းလောင်က ခါးသီးစွာ ပြုံးကာ
“ဘီအဆောက်အဦးအတွင်း ချိန်ကိုက်ဗုံး ပေါက်ကွဲသွားပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူး။ မစ္စတာထန်က တွေ့ရှိခဲ့တဲ့ ချိန်ကိုက်ဗုံး လေးလုံးကို ပြေးလမ်းပေါ်တွင် ပစ်ချခဲ့လို့ ပြေးလမ်းတွေပဲ ပျက်စီးခဲ့တယ်။ လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူး။ နောက်ပြီး အရင်ဦးဆုံးတွေ့တဲ့ ချိန်ကိုက်ဗုံးသုံးလုံး ရှိသေးတယ်။ အဲ့ဒီဗုံးတွေကိုတော့ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူတွေက အလုံပိတ် အထူးကွန်တိန်နာထဲ လုံလုံခြုံခြုံ သိမ်းဆည်းထားတယ်။”
"ထန်ရှုက တကယ်ပဲ ချိန်ကိုက်ဗုံး လေးလုံးကို ရှာတွေ့ခဲ့တာလား။ အချိန်တိုလေးအတွင်းမှာ သူရောက်လာပေမယ့် မထင်မှတ်ပဲ…” လျိုချန်းရှီ အံ့သြသွားပြီး မှတ်ချက်ချလိုက်သည်။
“မစ္စတာလျို … မစ္စတာထန်က ချိန်ကိုက်ဗုံး လေးလုံးတည်း တွေ့တာမဟုတ်ဘူး။ အဲ့ဒီအစား စုစုပေါင်းဗုံးရှစ်လုံးထဲကနေ ဗုံးခြောက်လုံးကို တွေ့ရှိခဲ့တာ။ စောင့်ဆိုင်းခန်းထဲမှာ ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူတွေက စစ်ဆေးပြီးသွားတဲ့ အဲ့ဒီဗုံး၃လုံးထဲက တစ်လုံး ဒါမှမဟုတ် နှစ်လုံးကိုတောင်မှ သူတွေ့ခဲ့တာပါ။” လျိုချန်းရှီ၏စကားအား ကြားဖြတ်ကာ ချူရှန်းလောင်က ပြောလိုက်သည်။ သူ၏ လေးထောင့်မျက်နှာပေါ်တွင် လေးစားသောအမူအရာ ရှိနေသည်။
ရှူး…
ထန်ရှုတွင် အထူးစွမ်းရည်ရှိမှန်း လျိုချန်းရှီ သိသော်လည်း သူသည် ချိန်ကိုက်ဗုံး ခုနစ်လုံးကို ရှာတွေ့နိုင်သည်ဟု ကြားသိရသည့်အတွက် တုန်လှုပ်နေဆဲဖြစ်သည်။
"မစ္စတာထန် ပြန်လာပြီ။"
ချူရှန်းလောင်၏အနောက်က လိုက်နေသည့် ရဲအရာရှိတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
လျှပ်တပြက်အတွင်း အားလုံး၏အကြည့်များသည် ထန်ရှုလာနေသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
လျိုချန်းရှီသည် ထန်ရှုဆီသို့ ပြေးသွားကာ သူ၏လက်ကို ဆန့်လိုက်ပြီး
“ထန်ရှု … ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။"
"ကျေးဇူးပြုပြီး အဲ့လိုတွေ မလုပ်ပါနဲ့ မစ္စတာလျို…" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"မဟုတ်ဘူး ထန်ရှု။ ဒီကျေးဇူးတရားက ငါ့ရင်ထဲက အမှန်တကယ် ထွက်လာတာပါ။ မင်းသာ မရှိရင် ဒီည ရှန်ဟိုင်းမှာ အစုလိုက်အပြုံလိုက် သေဆုံးစေမယ့် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ကမ္ဘာသစ်စင်တာက ဗိုင်းရပ်စ်တွေပါတဲ့ ပင်အပ်တွေနဲ့ ချိန်ကိုက်ဗုံးတွေအားလုံးကို ငါတို့ လုံးဝရှင်းပြီးသွားပြီ။ ရှီပြောင်နဲ့ တခြား အစွန်းရောက်သမားတွေလည်း ဖမ်းမိထားသေးတယ်။ ဒါပေမယ့် လေဆိပ်ရဲ့ အခြေအနေကို ငါတို့ကို မင်းသာ အကြောင်းမကြားခဲ့ရင် ခရီးသည်တွေ အများကြီးနဲ့ လေဆိပ်ဝန်ထမ်းတွေက ဗုံးတွေအကြောင်း ဘယ်သူမှမသိတဲ့ အခြေအနေမှာ သေသွားမှာကို ငါကြောက်တယ်။ မင်းက ... တကယ်တော့ သူတို့ရဲ့ကယ်တင်ရှင်ပဲ။"
…ကယ်တင်ရှင်လား…
ထန်ရှု ထိုစကားကို ကြားသည့်အခါ အော်ရယ်လုနီးပါး ဖြစ်သွားရသည်။
သို့သော် ပင်ပန်းနွမ်းနယ်သည့်အထိ အင်အားများစွာ စိုက်ထုတ်ကာ ထောင်ပေါင်းများစွာသော လူများကို ကယ်တင်နိုင်လိုက်ခြင်းအား ပြန်သတိရသွားသောအခါ ထိုအရာသည် သူ့အား အလွန်ကောင်းမွန်သော ခံစားချက်တစ်ခု ဖြစ်စေခဲ့သည်။
ထန်ရှုက ပြုံးလိုက်ပြီး
"မစ္စတာလျို … ခင်ဗျားက အရမ်း အလေးထားလွန်းတော့ ကျွန်တော့်ကို အနေရခက်စေတယ်ဗျ။ လေဆိပ်တစ်ခုလုံးကို ကျွန်တော် ထပ်ပြီးစစ်ဆေးပြီးပြီ။ လျှို့ဝှက်ထားတဲ့ အန္တရာယ်တွေ မရှိတော့ပါဘူး။ တခြား ဘာမှ မရှိတော့ရင် ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စလေး လုပ်စရာရှိလို့ အရင် နှုတ်ဆက်ပါတယ်ဗျာ။”
"မင်းကို ငါ တစ်ယောက်ယောက် လိုက်ပိုခိုင်းလိုက်မယ်။" လျိုချန်းရှီက အမြန်ပြောသည်။
"မပို့ခိုင်းပါနဲ့တော့ ကျေးဇူးတင်ပါတယ်။" ထန်ရှု ခေါင်းခါလိုက်သည်။ “ဒါပေမယ့် အပြေးအလွှားသွားတဲ့အခါ ယာဉ်စည်းကမ်းအချို့ကို ဖောက်ဖျက်တဲ့အတွက် ဒုက္ခရောက်တယ်။ ပြီးတော့ ကျွန်တော့်ကားကို ဒီကိုလာတဲ့ လမ်းတစ်ဝက်မှာ ထားခဲ့တယ်။ အဲ့ဒါလေးတွေတော့ ကျွန်တော့်ကို ကူပြီးဖြေရှင်းပေးဖို့ မစ္စတာလျိုကို အနှောင့်အယှက် ပေးရတော့မှာပဲ။"
***