နာခံတတ်သော ကလေးများ
Vol. 10 Ch. 473
ရှန်ဟိုင်းလေဆိပ်မှ ပြန်လာပြီးနောက် ထန်ရှုသည် ကျန်းရှင်းယာ၏ဖျော်ဖြေပွဲသို့ သွားမည့်အစား တက္ကစီစီးကာ ကြယ်ပြာအိမ်ရာသို့ ပြန်လာခဲ့သည်။
"သူဌေး…"
ဘန်ရှို့သည် ကြယ်ပြာအိမ်ရာဝင်းဝင်ပေါက်အနီးတွင် ထိုင်နေသည်။ သူ ထိုင်စောင့်နေရင်း စီးကရက်အနည်းငယ်ပင် သောက်ပြီးဖြစ်သည်။ ထန်ရှု တက္ကစီပေါ်မှ ဆင်းလာသည်ကို တွေ့သောအခါ နှုတ်ဆက်ရန် အလျင်အမြန် လျှောက်လာခဲ့သည်။
ထန်ရှုသည် ဆယ်မီတာကျော်အကွာတွင် ရပ်ထားသော လုပ်ငန်းသုံးကားတစ်စီးကို လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်ပြီး
"မင်း နောက်ထပ် ထပ်ခေါ်လာတာလား။"
“စုစုပေါင်း ငါးယောက်။ ဒါပေမယ့် သူတို့က နည်းနည်း ထူးခြားတယ်။” ဘန်ရှို့က ပြောလိုက်သည်။
"သူတို့ အခြေအနေက ဘယ်လိုလဲ။" ထန်ရှုက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
“ဒီကလေးငါးယောက်လုံးက ခုနစ်နှစ်ရှိပြီ။ စုစုပေါင်း မိန်းကလေး သုံးဦးနဲ့ယောက်ျားလေး နှစ်ဦးပါ။ သူတို့တွေက မွေးစားခံထားရပေမယ့် မွေးစားထားတဲ့ အဘိုးအိုက ဦးနှောက်သွေးကြောပေါက်ရောဂါနဲ့ ကွယ်လွန်သွားတယ်။ သူတို့ငါးဦးကို အဲ့ဒီအဘိုးအိုရဲ့ သားသမီးတွေက မောင်းထုတ်ခဲ့လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လမ်းတွေထဲ လှည့်လည်နေထိုင်နေရတယ်။ ကျွန်တော်တို့လူတွေ သူတို့ကို တွေ့တုန်းက ခေါက်ဆွဲခြောက်၂ထုပ်အတွက် ကလေးအုပ်စုနဲ့ ရန်ဖြစ်နေကြတာ။”
" အသင့်စားခေါက်ဆွဲတွေအတွက် ရန်ဖြစ်နေကြတာလား။" ထန်ရှု၏ မျက်ခုံးများ တွန့်သွားရသည်။
“ဟုတ်တယ်။ သူတို့သည် လမ်းတွေပေါ် နေလာရတာ လေးလကျော်သွားပြီဆိုတော့ ဗိုက်ကို အမြဲတမ်း မဖြည့်နိုင်တော့ဘူး။ နောက်ဆုံးမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျောင်းနေဖက်တွေ အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ သူတို့တွေ တွေ့ကြတယ်။ ကောင်လေးက သူ့ကို အနိုင်ကျင့်တဲ့ ကျောင်းနေဖက်ကို သင်ခန်းစာကို ပေး ပေးမယ်ဆိုရင် ခေါက်ဆွဲခြောက်ထုပ် နှစ်ထုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်။” ဘန်ရှိုက ရှင်းပြသည်။
"ပြီးတော့ ရလဒ်ကရော။" ထန်ရှုက ထူးဆန်းသောအမူအရာဖြင့် မေးလိုက်သည်။
“သူတို့ နိုင်ခဲ့ပေမယ့် ဆုလည်း မရခဲ့ဘူး။” ဘန်ရှို့က မချိပြုံး ပြုံးလိုက်ရင်း
“သူတို့ရဲ့ ပြိုင်ဘက်အရေအတွက်က ပိုများတယ်။ ငါးယောက်-၁၂ယောက် ချကြတာလေ ဟီးဟီး။”
"သူတို့ကလေးငါးယောက်က ကလေး၁၂ယောက်ကို အနိုင်ရခဲ့တာ သေချာရဲ့လား။" ထန်ရှုက သေချာအောင် မေးလိုက်သည်။
“သေချာတယ်။ သူတို့ကို စတွေ့တုန်းက သူတို့တွေ အဲ့ဒီကလေးအုပ်စုနဲ့ ရန်ဖြစ်နေကြတာ။ ငါ သူတို့ကို မေးကြည့်တော့ သူတို့ငါးယောက်ကို တစ်ချိန်က အဘိုးအိုတစ်ယောက်က မွေးစားခဲ့ပြီး သိုင်းပညာအချို့ကို သင်ပေးခဲ့တယ်တဲ့။ အဲ့ဒီအဖိုးအိုရဲ့ အကြောင်းကိုလည်း လေ့လာကြည့်လိုက်တော့ သူက ကိုယ်ခံပညာမှာ ပညာရှင်တစ်ယောက်ဆိုတာ သိရတယ်။ ဟိုးအရင်တုန်း တခြားသူတွေက ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခံရတဲ့အချိန် ပြိုင်ဖက်ကြောင့် သူ့ခြေထောက် ကျိုးသွားလို့ လူတွေနဲ့ သိပ်မရောဘဲ နေထိုင်ခဲ့တာလို့ ပြောကြတယ်။"
ထန်ရှုက ခေါင်းညိတ်ပြီး
"ကားပေါ် တက်ပြီး အိမ်ထဲမှာ စကားပြောရအောင်။"
"ကောင်းပါပြီ။"ဘန်ရှို့က ပြန်ပြောပြီး ထန်ရှု၏အနောက်မှ လုပ်ငန်းသုံးကားဆီသို့ လိုက်လာခဲ့သည်။
ကားတံခါးကိုဖွင့်ပြီးနောက် ထန်ရှုသည် ရှေ့ခုံတွင် တန်းဝင်ထိုင်လိုက်သည်။ ဘန်ရှို့သည် အိမ်ရာဝင်းဝင်ပေါက်တံခါးတွင် စာရင်းသွင်းပြီးနောက် သူသည် အိမ်ရာအဆောက်အအုံအတွင်းသို့ ကားကို မောင်းနှင်ခဲ့သည်။ ထန်ရှုသည် ကားနောက်ခန်းတွင် ကလေးငါးယောက်ထိုင်နေသည်ကို သူ သိသော်လည်း လှည့်မကြည့်ခဲ့ပဲ သူ၏မျက်လုံးများအစား ၎င်းတို့အား ကြည့်ရှုရန် သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြုခဲ့သည်။
…ယောက်ျားလေး နှစ်ယောက် မိန်းကလေး သုံးယောက်…
ကလေးများသည် ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး သူတို့၏ အသွင်အပြင်သည်လည်း လွန်စွာ ရိုးရှင်းပေသည်။ ငါးဦးလုံး ဒဏ်ရာရထားသော်လည်း အသေးစားဒဏ်ရာများသာ ဖြစ်ပြီး ပြင်းထန်မှုတစ်စုံတစ်ရာမရှိပေ။ ထိုအခိုက်တွင် သူတို့သည် ထန်ရှုအား စိုက်ကြည့်နေကြကာ သိလိုစိတ် အတန်ငယ် ရှိနေကြသည့်နည်းတူ သတိနှင့်လည်း ကြည့်နေကြသည်။
"စိတ်အေးအေးထားပါ။ ငါက လူကုန်ကူးတဲ့သူ မဟုတ်ဘူး။" အိမ်ခြံဝင်းထဲတွင် လုပ်ငန်းသုံးကား ရပ်ပြီးနောက် ထန်ရှုက ထိုကလေးများအား လှည့်ကာပြောလိုက်သည်။ ထို့နောက် သူသည် ပေါ့ပါးသော အပြုံးကို ပြုးလိုက်ပြီးမှ ဆင်းလိုက်သည်။ ထို့နောက် အိမ်၏ဧည့်ခန်းထဲသို့ ကလေးများကို ခေါ်သွားပြီး
"မင်းတို့ငါးယောက် ဒီနေရာကို ကိုယ့်အိမ်လို သဘောထားပြီးနေပါ။ ဘယ်အရာကိုမဆို လွတ်လွတ်လပ်လပ် ကြည့်လို့ရတယ်။"
ထိုစကားကိုပြောပြီးနောက် ထန်ရှုက ဘန်ရှို့ကို ကြည့်ကာ မျက်နှာချင်းဆိုင်ဆိုဖာကို လက်ညှိုးထိုးပြလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ဒီတလော လမ်းဘေးကလေးငယ်တွေကို မင်း အဆက်မပြတ်လိုက်ရှာနေရတော့ ဒီအပေါ်မှာ မင်းဘယ်လိုခံစားရလဲ ငါ့ကို ပြောပြပါဦး။"
“သူဌေး … သူဌေးက ငါတို့ကို အရမ်းအဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်ခိုင်းနေပေမယ့် ငါ စကားအများကြီး မပြောချင်ဘူး။ ငါ တော်တော်များများကို တွေ့ဖူးတယ်။ သိလည်း သိပါတယ်။ ဒါပေမယ့် ဒီမိဘမဲ့ကလေးတွေနဲ့ လမ်းဘေးကလေးတွေကို မြင်ရတိုင်း ... အရိုးသားဆုံးပြောရရင် ရင်ထဲမှာ ဝမ်းနည်းနေမိတယ်။ ငါတို့တွေက ဒီကလေးတွေထက် ပိုကံကောင်းပြီး ပိုပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်။ ငါ လမ်းလူမိုက်အသေးစား ဖြစ်တဲ့ချိန်ကို ပြန်တွေးမိရင် အခုပုံစံအတိုင်း နေထိုင်ရတာ အဓိပ္ပါယ်ရှိပြီး အရမ်းတန်ဖိုးရှိတယ်လို့ ခံစားရတယ်။”
"မင်း ကြိုက်တာကို လုပ်ရင်း၊ အဓိပ္ပါယ်ရှိတဲ့အရာကို လုပ်ရင်းကနေ အခု မင်း ပျော်နေတယ်ဆိုတာ သက်သေပြနေတယ်။" ထန်ရှုက အပြုံးဖြင့်
“မင်း ဒီအလုပ်ကို ကြိုက်တယ်ဆိုရင် ကောင်းကောင်းလုပ်ပါ။ ငါ မင်းကို မေးတာက အရေအတွက် မဟုတ်ဘဲ အရည်အသွေးကို မေးတာပါ။ ဒါပေါ့ … အရည်အချင်း မပြည့်မီတဲ့ လမ်းဘေးကလေးငယ်များကို ပြုစုစောင့်ရှောက်ဖို့ နည်းလမ်းတွေကိုလည်း မင်းက စဉ်းစားပေးလို့ရတယ်။ ဥပမာအားဖြင့် သူတို့ကို မိဘမဲ့ဂေဟာသို့ ပို့ပေးတာ၊ နယ်မြေခံရဲတွေဆီ ပေးပို့တာ။ အဲ့ဒါတွေကနေ ကလေးတွေအတွက် ဖြေရှင်းစရာနည်းလမ်း ရှိသွားတယ်။ မင်းရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ငါ အရမ်း ကျေနပ်ပါတယ်။ မင်းရဲ့ကြိုးစားမှုတွေ ဆက်ရှိနေဖို့လည်း ငါ မျှော်လင့်နေတယ်။"
"ငါ ကောင်းသည်ထက် ကောင်းအောင်လုပ်မယ်လို့ ကတိပေးပါတယ်သူဌေး…" ဘန်ရှို့က လေးလေးနက်နက် ပြောလိုက်သည်။
"ကောင်းပြီ ဒီကလေးငါးယောက်အကြောင်း ပြောပါဦး။" ထန်ရှု ကလေး၅ယောက်အကြောင်း မေးလိုက်သည်။
“ဒီငါးယောက်အကြောင်းကို စုံစမ်းပြီးပါပြီ။ ရီလေးနှင့် အာလေးက အမြွှာညီအစ်ကိုတွေပါ။ အဖိုးအို မြစ်ကမ်းစပ်မှာ မနက်ခင်း အပြေးလေ့ကျင့်ရင်း သူတို့ကို တွေ့တုန်းက သူတို့က ကလေးငယ်တွေပဲ ရှိပါသေးတယ်။ ကျန်သုံးဦးကလည်း စွန့်ပစ်ခံထားရပြီးတော့ ဒေသခံမိဘမဲ့ဂေဟာသို့ ပို့ဆောင်ခံရတယ်။ နောက်ဆုံးတော့ မိဘမဲ့ဂေဟာက ပိတ်သွားခဲ့ရပြီး အဲ့ဒီနေရာက ကလေးတွေကို နေရာချထားရေးကိစ္စက မဖြေရှင်းနိုင်ဘဲ ကျန်နေခဲ့တယ်။ မိဘမဲ့ဂေဟာရဲ့ ပြုစုစောင့်ရှောက်ရေးမှူးက သူတို့အားလုံးအတွက် အိမ်တွေ ကြိုးစားရှာခဲ့ပေမယ့် နောက်ဆုံးမှာ သူတို့သုံးယောက်ပဲ ကျန်ရစ်ခဲ့တယ်။ မိဘမဲ့ဂေဟာအနီးမှာ နေထိုင်တဲ့ အဘိုးအိုက ဒီအကြောင်းကို ကြားပြီး ဒီသုံးယောက်ကို မွေးစားခဲ့တယ်။”
"ဒါဆို တစ်နည်းပြောရရင် သူတို့ရဲ့ မိသားစုဝင်တွေကို ရှာမတွေ့ဘူးပေါ့ ဟုတ်လား။" ထန်ရှုက မေးလိုက်သည်။
ဘန်ရှို့က အားတင်းပြုံးပြပြီး
"သူတို့ကို ရှာမတွေ့ခဲ့ဘူး။"
"ဒါဆို မင်း ဆက်ရှာနေစရာ မလိုတော့ဘူး။ ဒါနဲ့ ကလေးငါးယောက်ကို တစ်ခုလောက် ငါ မေးချင်တယ်။ မင်းတို့ ငါ မွေးစားတာခံချင်တာလား။ ဒါပေါ့ … မင်းတို့ကို ဘဝရဲ့ လိုအပ်တဲ့အရာတွေအားလုံးကို သင်ပေးမှာဖြစ်သလို သိုင်းပညာကိုလည်း ငါ သင်ပေးမယ်။ ဒါဆို အနာဂတ်မှာ မင်းတို့တွေက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်တယ်။” ထန်ရှုက ပြောသည်။
ထန်ရှုနှင့် ဘန်ရှို့ စကားပြောနေချိန်တွင် ကလေးငါးယောက်သည် အဝေးသို့ လျှောက်မသွားကြချေ။ သည်နေရာသည် အလွန် တန်ဖိုးကြီးသောကြောင့် သတိနှင့် စူးစမ်းချင်စိတ်တို့ တစ်ချိန်တည်းတွင် ဖြစ်ပေါ်နေလျက် အနီးနားတွင် ရပ်နေကြသည်။ ထန်ရှု၏စကားကို ကြားသောအခါ ထန်ရှုဆီသို့ လျှောက်လာကြသည်။ သူတို့အထဲတွင် အရပ်အရှည်ဆုံး မိန်းကလေးတစ်ယောက်က မေးလာသည်။
“ဦးလေးက သမီးတို့နဲ့ ဘာတွေ လုပ်စရာရှိလို့လဲ။”
"မင်းက ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်တဲ့ ကလေးလဲ။" ထန်ရှုက ပြုံးပြုံးရွှင်ရွှင်ဖြင့်
“မင်းရဲ့အဖော်တွေထက် အများကြီး ပိုရင့်ကျက်တယ်ဆိုတာ သိသာတယ်။ ဘာပဲဖြစ်ဖြစ် ငါ အခု မင်းတို့ကို ပြောလိုက်တာ ကောင်းပါတယ်။ ဆိုတော့ ငါ ပြောချင်တာက မင်းတို့ကို ငါ ဒီတလော ဒီနေရာမှာ နေခွင့်ပေးမယ်။ ဒီမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ပြီးရင် နောက်ထပ် အိမ်ယာမဲ့ ကလေးတချို့လည်း ဒီနေရာကို ရောက်လာလိမ့်မယ်။ ပြီးရင် မင်းတို့တွေကို ကျင်းမန်ကျွန်းဆီ ပို့လိုက်မယ်။ မင်းတို့အားလုံး အဲ့ဒီနေရာမှာ နှစ်အနည်းငယ် ကြာအောင် နေထိုင်ပြီး မင်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ရင် ငါ့အိမ်ကို ခေါ်သွားမယ်။"
"အိမ်ကို သွားမှာလား။ အဲ့ဒါ ဘယ်နေရာလဲ။" ကောင်မလေးက သိလိုစိတ်ဖြင့် မေးလာသည်။
“အဲ့ဒါ ငါ့အိမ်ပဲ။ အမှန်ကန်ဆုံးသိမြင်ခံစားမှုထဲမှာ ရှိတဲ့ ငါ့အိမ်ပေါ့။ အလားတူပဲ မင်းတို့က ပြင်းပြင်းထန်ထန် လေ့လာမယ်၊ သိုင်းပညာကိုလည်း အလေးအနက်ထား လေ့ကျင့်မယ်ဆိုရင် ငါ့ရဲ့ ခွင့်ပြုချက်ကို မင်းတို့ ရတာနဲ့ ငါ့အိမ်ဆီ သွားရလိမ့်မယ်။ အဲ့ဒီအိမ်က မင်းရဲ့အိမ်လည်း ဖြစ်လိမ့်မယ်။” ထန်ရှုက ရှင်းပြသည်။
"ဦးလေးက သမီးတို့ကို သိုင်းပညာတွေ ဆက်လေ့ကျင့်စေချင်တယ်လို့ ပြောနေတာလား။ ဦးလေးက သိုင်းသမားလား။ အနုပညာသမားလား ဘာလား။" ကောင်မလေးက ထပ်မေးသည်။
“ငါလား … ဒါပေါ့ … ဟုတ်တာပေါ့။ နောက်ပြီး ငါက စွမ်းအားကြီးတဲ့သူတစ်ယောက်လည်း ဖြစ်နေသေးတယ်။” ထန်ရှုက ခေါင်းညိတ်ပြသည်။
ကောင်မလေးက ခေါင်းလှည့်ပြီး ကျန်လေးယောက်ကို တီးတိုးပြောလိုက်ပြီးနောက် သူမက ထန်ရှုကို မော့ကြည့်လိုက်ပြီး "ဦးလေးအတွက် နောက်ဆုံးမေးခွန်းတစ်ခု ရှိသေးတယ်။ မိဘမဲ့တွေနဲ့ သမီးတို့လို အိမ်ယာမဲ့ကလေးတွေကို ဘာဖြစ်လို့ ဒီလိုအများကြီး မွေးစားနေတာလဲ။”
ထန်ရှု၏မျက်နှာထက်က အပြုံးသည် ပိုမို သိပ်သည်းလာကာ "မင်းက ငယ်သေးပေမယ့် နားလည်မယ်လို့ ငါ ယုံတယ်။ မင်းမှာ လူများလေလေ၊ မင်းက အားကောင်းလေလေပဲ။ မိဘမဲ့ကလေးတွေနဲ့ အိမ်ယာမဲ့ကလေးတွေ အများကြီး စုစည်းပြီး အတူတကွ လေ့လာကြမယ်၊ အတူတကွ သိုင်းပညာကို သင်ယူလေ့ကျင့်ကြမယ်။ နောင်တစ်ချိန် မင်းတို့အားလုံး ကြီးပြင်းလာတဲ့အခါ ငါတို့ မိသားစုဝင်တွေကို အနိုင်ကျင့်ဝံ့တဲ့ ကိစ္စတွေနဲ့ကြုံကောင်းကြုံလာလိမ့်မယ်။ အဲ့ဒီလို အနိုင်ကျင့်ရဲတဲ့ ဘယ်သူ့ကိုမဆို ငါတို့တွေက အတူလက်တွဲပြီး ရင်ဆိုင်ကြမယ်။ ဆိုတော့ကာ ငါ့ရဲ့ရှင်းပြချက်ကို အခု မင်းတို့ ကျေနပ်ရဲ့လား။"
"ဟုတ်ကဲ့။" ကလေးငါးယောက် အချင်းချင်း တီးတိုးပြောပြီးနောက် အရပ်အရှည်ဆုံး မိန်းကလေးက ခေါင်းညိတ်ကာ လေးလေးနက်နက် ပြန်ဖြေသည်။
“ကောင်းပြီ။ ဒါဆို … မင်းနာမည်ကို ပြောပြပါဦး။" ထန်ရှုက အပြုံးဖြင့် မေးလိုက်သည်။
"သမီးနာမည်က ရီလေး။ သူတို့က လန်လေးနဲ့ ချင်လေးပါ။ ဒီညီအစ်ကို၂ယောက်က ရီလေးနဲ့ အာလေးလို့ ခေါ်တယ်။” အရပ်အရှည်ဆုံး ကလေးမလေးက ပြောသည်။
"မင်းတို့မှာ မိသားစုနာမည်မရှိဘူးလား။" ထန်ရှုက စိတ်ဝင်တစား မေးသည်။
“မရှိဘူး။ အဘိုးက သမီးတို့မိသားစုနာမည်ကို မပြောဘူး။”ကလေးမလေးက ရိုးသားစွာ ပြောရှာသည်။
ထန်ရှု တခဏလောက် နှုတ်ဆိတ်သွားပြီး
"ဒါဆို မင်းတို့ရဲ့ မိသားစုနာမည်အဖြစ် နောက်ဆို ထန် လို့ သတ်မှတ်မယ်။ မင်းတို့ရဲ့ကိုယ်ပိုင်နာမည်အတွက် နာမည်ပြောင်းဖို့ ငါ စဉ်းစားထားတယ်ဆိုတော့ အခုပဲ မင်းတို့ကို နာမည်ပြောင်းပေးလိုက်မယ်။"
"ဒါဆို သမီးတို့ ဘာနာမည်တွေ ရှိလာမှာလဲ။" ကောင်မလေးက မေးလိုက်သည်။
“ဒြပ်ငါးပါးနဲ့အညီ မင်းတို့ကို နာမည်ပေးမယ်။ သတ္တု (ကျင်း)၊ သစ် (မု)၊ ရေ (ရွှေ)၊ မီး (ဟို)၊ မြေကြီး (ထူ)ဆိုတော့ မင်းကို ထန်ရှောင်ကျင်းလို့ ခေါ်မယ်။ သူတို့တွေက ထန်ရှောင်မု၊ ထန်ရှောင်ရွှေ၊ ထန်ရှောင်ဟိုနဲ့ ထန်ရှောင်ထူဆိုပြီး အသီးသီး ဖြစ်မယ်။ ဘယ်လိုလဲ ကောင်းတယ်မဟုတ်လား။"
ကလေးငါးယောက် ပြန်စုဝေးလိုက်ကြပြီး တစ်ခဏ အချင်းချင်း စကားပြောလိုက်ကြပြီးနောက် နောက်ဆုံးတွင် ၎င်းတို့၏ အမည်သစ်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ယခုတော့ သူတို့မျက်နှာထက်တွင် အပြုံးရိပ်များ ပေါ်လာခဲ့ပြီဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဘန်ရှို့သည် ကားမောင်းကာ ပြန်သွားသည်။ ထို့နောက် ထန်ရှုက ထန်ရှောင်ကျင်းအပါအဝင် ကလေးငါးဦးအား အိမ်အတွင်း လှည့်ပတ်ပြပြီး ၎င်းတို့သိလိုသည့် အကြောင်းအရာများကို ပြောပြသည်။ နောက်ဆုံးတွင် ပထမထပ်ရှိ ခန်းမသို့ ပြန်ရောက်လာပြီးနောက် သူက
“မင်းတို့တွေ ပထမထပ်မှာ နေရလိမ့်မယ်။ ရှောင်ကျင်းက သတ်သတ် တစ်ခန်း။ ရှောင်မု၊ ရှောင်ရွှေ၊ ရှောင်ဟိုနဲ့ ရှောင်ထူတို့က တစ်ခန်းတည်း အတူတူနေ။ မနက်ဖြန်ကျရင် အဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ ရိုးရှင်းတဲ့ သင်တန်းစာအုပ်အချို့ ငါ သွားဝယ်လိုက်မယ်။ မင်းတို့ကို စာရေးစာဖတ်တတ်အောင် သင်ပေးမယ့် ဆရာတွေကိုလည်း ငှားပေးမယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး မင်းတို့တွေ စိတ်ပူစရာ မလိုဘူးနော်။ မင်းတို့ရဲ့နေ့စဉ်ဘဝတွေကို ဂရုစိုက်ပေးဖို့ အိမ်ထိန်းတွေကိုလည်း ငါ ငှားမှာပါ။ နောက်ပြီး…”
…ဖုန်းမြည်သံ…
ထန်ရှု၏ဖုန်းမှ အသံမြည်လာသောကြောင့် သူ၏ပြောလက်စကားများ ရပ်တန့်သွားရသည်။
ထန်ရှု ဖုန်းကို ထုတ်ပြီးကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုသူသည် မမျှော်လင့်ဘဲ လီလောင်ရှန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်း အဖြေခလုတ်ကို နှိပ်လိုက်ပြီး
"ဟေး အစ်ကိုလီ … ကျွန်တော့်ကို ခေါ်ဖို့ သတိရသေးတာပဲ။"
"ညီအစ်ကိုထန် … ငါ အခု ရှန်ဟိုင်းကို ရောက်နေပြီ။ မင်း အခု အားလား။" လီလောင်ရှန်း၏ရယ်မောသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
ထန်ရှု တခဏလောက် ချီတုံချတုံဖြစ်သွားကာ ပြုံးလိုက်ပြီး "အစ်ကိုကြီးလီ … တခြားအချိန်ဆိုရင် အဆင်ပြေမှာပါ။ ဒါပေမယ့် ကျွန်တော့်မှာ လောလောဆယ် ကိုင်တွယ်ရမယ့် ကိစ္စလေးတစ်ခု ရှိနေလို့ အခု အပြင်မထွက်နိုင်တော့လောက်ဘူး။ အစ်ကိုလီ ကျွန်တော့်နေရာကို တန်းလာရင်ရော ဘယ်လိုလဲ။"
"မင်းနေရာကို ငါအခု လာရမှာလား။" လီလောင်ရှန်းက အံ့သြစွာ မေးလိုက်သည်။
"ဒီလို နောက်ကျမှ လာရင် မင်းမိသားစုဝင်တွေကို အနှောက်အယှက် ပေးရာကျနေမလား။"
"သေချာပေါက် မဖြစ်ပါဘူး။" ထန်ရှု ရယ်လိုက်သည်။
"အင်း ဒါဆို မင်းရဲ့ လိပ်စာကို ပြောပြ … ငါ အခု လာခဲ့မယ်။” လီလောင်ရှန်က ပြုံးလိုက်ရင်း
“ဒါနဲ့ မင်းတို့အတွက် စားစရာ၊ ဝိုင် ဒါမှမဟုတ် တစ်ခုခု ယူလာပေးစေချင်လား။ ငါ အခုမှ ရှန်ဟိုင်းကို ရောက်ပြီး ဟိုတယ်မှာ နေရာတကျဖြစ်အောင် လုပ်နေတာဆိုတော့ ဗိုက်အတော်ဆာနေပြီ။”
"ကျွန်တော်တို့အတွက် မလိုပါဘူး ကျေးဇူးတင်ပါတယ်။'' ထန်ရှုက ရယ်မောလိုက်သည်။
"အစ်ကို ဒီကိုလာလည်ရင်ကို ကောင်းနေပါပြီ။"
ဖုန်းချပြီးနောက် ထန်ရှုသည် လီလောင်ရှန်းဆီ သူ၏လိပ်စာကို စာပေးပို့လိုက်သည်။ ထို့နောက် ကလေးငါးယောက်ကိုကြည့်ကာ "မင်းတို့ရဲ့နေ့စဉ်ဘဝအတွက် စိတ်ပူစရာမလိုပါဘူး။ မင်းတို့ဆီက ငါ တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်။"
"ဘာ တောင်းဆိုချင်တာလဲ။" ထန်ရှောင်ကျင်းက စိတ်ဝင်တစား မေးသည်။
ထန်ရှုက
"ငါ့အမိန့်အားလုံးကို နာခံဖို့ပါပဲ။ အရှေ့ကို သွားရမယ်လို့ ငါပြောရင် အနောက်ကို ဘယ်တော့မှ မသွားရဘူး။ မတ်တပ်ရပ်ခိုင်းရင် မထိုင်ရဘူး။ တိုတိုပြောရရင် ငါ့အမိန့်က တခြားအရာတွေရဲ့ အထက်မှာ ရှိတယ်။ ဟုတ်ပြီလား။"
"နားလည်ပါပြီ။" ကလေးငါးယောက်ဖြစ်သည့် ကျင်း, မု, ရွှေ, ဟိုနှင့် ထူတို့က ထပ်တလဲလဲ ခေါင်းညိတ်ကြသည်။
နာခံမှု … သည်အရာက သူတို့၏သန်မာသော အချက်ဖြစ်သည်။ ဤသည်မှာ အဘိုးအိုက ထိုကလေးများအား မွေးစားပြီးနောက် အသက်ကြီးသူများ၏ စကားကို လိုက်နာ နာခံရန်အတွက် သင်ကြားပို့ချပေးခဲ့သော ပညာရပ်ဖြစ်သည်။
***