← Chapters

နဂါးဝိညာဉ်

Vol. 10 Ch. 474

နဂါးဝိညာဉ်

Vol. 10 Ch. 474

သူ့အိမ်တွင် ကလေးငါးယောက် ထပ်တိုးခြင်းက ထန်ရှုကို အခက်အခဲ မဖြစ်သည့်အပြင် သူသည်လည်း ကလေးပြုစုပျိုးထောင်ရာတွင် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် အလှည့်ကျ ရေချိုးရန် ညွှန်ကြားထားပြီး သူ နောက်ထပ် မဝတ်တော့သည့် အဝတ်ငါးစုံကို ရှာဖွေခဲ့သည်။ ကလေးများအတွက် ဝတ်ရုံဝတ်ထားသည့်ပုံ ဖြစ်နေရသော်လည်း အနည်းဆုံးတော့ ညစ်ပတ်သော အဝတ်အစားများအား ထပ်ဝတ်ရန် မလိုတော့ပေ။

"မင်းတို့တွေ စားပြီးကြပြီလား။" ခန်းမထဲတွင် ထိုင်နေသော ကလေးငါးယောက်ကို ကြည့်ပြီး ထန်ရှုက အပြုံးဖြင့် မေးသည်။

“ဟင့်အင်း … သမီးတို့ မစားရသေးဘူး။” ထန်ရှောင်ကျင်းက ခေါင်းခါပြီး ပြန်ဖြေသည်။

ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်မိပြီး ချီနန့်ဆီ ဖုန်းဆက်ကာ တစ်ယောက်ယောက်နှင့် စားစရာများ ပို့ပေးရန် ပြောလိုက်သည်။ လီလောင်ရှန်း သူ့အိမ်သို့ ရောက်လာချိန်တွင် ထိုအစားအသောက်များသည် ရောက်ပင် မရောက်သေးပါချေ။

"ငါ နောက်ကျမှရောက်လာလို့ မင်းကို အနှောင့်အယှက် မဖြစ်ပါဘူးနော် ညီအစ်ကိုထန်။"

ဆူဖြိုးသောဗိုက်ကိုသယ်ဆောင်လာသော လီလောင်ရှန်း၏ ပြည့်ပြည့်ဖြိုးဖြိုးမျက်နှာသည် အပြုံးဖြင့် တောက်ပနေသည်။ သူ၏အနောက်သို့ လိုက်ပါလာသော လှပသည့် အမျိုးသမီးအတွင်းရေးမှူးနှင့်အတူ အိမ်၏ခန်းမထဲသို့ ဝင်လာသည့်အချိန်တွင် သက်တော်စောင့်လေးယောက်သည် ခြံဝင်းထဲ၌ စောင့်နေသည်။

"အဆင်ပြေပါတယ်။" ထန်ရှုက ရယ်လိုက်ရင်း

"ဘာပဲဖြစ်ဖြစ် အစ်ကိုလီ ရှန်ဟိုင်းကို လာတာ ကြိုဆိုတဲ့အနေနဲ့ ညစာစားပွဲကို ကျွန်တော်က လုပ်ပေးသင့်တာ။ ဒါပေမယ့် ဒီကလေးငါးယောက်ကို ပြုစုစောင့်ရှောက်ဖို့ တော်တော် အလုပ်များနေတဲ့အပြင် သူတို့ချည်းပဲ အိမ်မှာ ထားခဲ့ဖို့ကလည်း အဆင်မပြေဘူးလေ။ အစ်ကိုလီ့ကို ကျွန်တော့်အိမ်လာဖို့ ပြောလိုက်ရတာ အားနာလိုက်တာဗျာ။"

လီလောင်ရှန်၏အကြည့်များသည် ကလေးငါးဦးအပေါ်  ရောက်သွားသည်။ သူ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာရင်း

“သူတို့လေးတွေက …”

“သူတို့လေးတွေက ကျွန်တော် မွေးစားထားတဲ့ ကလေးတွေလေ။ ကလေးတို့ … အိမ်ကို လာတဲ့ ဧည့်သည်ကို ဘာလို့ နှုတ်မဆက်ကြတာလဲ။” ထန်ရှုက ရယ်ရင်း ပြောလိုက်သည်။

"မင်္ဂလာပါ ဦးလေး … နေကောင်းပါရဲ့လား။" ထန်ရှောင်ကျင်းတို့ ကလေးငါးယောက်အုပ်စုက အလျင်စလို အော်ဟစ် နှုတ်ဆက်လိုက်ကြသည်။

"ဟယ်လို … ကလေးတို့ရေ မင်္ဂလာပါ။" လီလောင်ရှန်းက ကလေးများကို ခေါင်းညိတ်ပြကာ တုံ့ပြန်သည်။

ထိုသို့ပြောပြီးနောက် ထန်ရှုဆီသို့ သူ့အကြည့်ကို ပြောင်းလိုက်ပြီး လက်မထောင်ကာ ချီးမွမ်းလိုက်သည်။

“မင်းက အံ့သြစရာပဲ ညီအစ်ကိုထန်။ မင်းကိုယ်တိုင်က ငယ်ငယ်လေးပဲ ရှိသေးတာတောင် ဒီကလေးတွေကို မွေးစားဖို့ ဆန္ဒရှိတယ်။”

"ကျင်းလေး … မင်းတို့အားလုံး ကိုယ့်အခန်းကို ကိုယ် ပြန်ပြီးနားကြဦး။ အစားအသောက်တွေ ရောက်လာရင် ပြန်ခေါ်လိုက်မယ်။ အစ်ကိုလီ … ကျေးဇူးပြုပြီး ထိုင်ပါဦး။”

ယဉ်ကျေးသိမ်မွေ့သော စကားများဖြင့် အချင်းချင်း ပြောဆိုပြီးနောက် ထန်ရှုက အပြုံးဖြင့်

"အကိုလီ … ဒီတစ်ခေါက် ရှန်ဟိုင်းကို လာရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။"

"ငါ မင်းကို တွေ့ဖို့ လာခဲ့တာလေ။" လီလောင်ရှန်းက ဆိုသည်။

“ကျွန်တော့်မျက်နှာက တကယ်ပဲ ဒီလောက်ကြီးမှန်း တစ်ခါမှ မသိခဲ့ဘူး။ အဲ့ဒါက အစ်ကိုလီ ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့ဖို့ လုံလောက်မယ်လို့ ထင်တယ်။ ဆိုပါဦး ကျွန်တော့်ကို ရှာရတဲ့ အကြောင်းရင်းက ဘာများလဲ။"

“ညီအစ်ကိုထန် … မင်း ထက်မြက်လွန်းတာက မင်းသူငယ်ချင်းတွေအတွက် ခက်ခဲစေတယ်လို့ မထင်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကိစ္စတစ်ခုအတွက် ရှာဖို့ တကယ်လာခဲ့တာပဲ။ ဒါကလည်း အရမ်းအရေးကြီးပါတယ်။"

ဆက်ပြောရန် သူ့အား အချက်ပြလိုက်ပြီး ထန်ရှု ပြုံးရင်း ဆိတ်ဆိတ်နေသည်။

“ငါ ဒီတစ်ကြိမ် ရောက်လာရတဲ့ အကြောင်းရဲ့ အဓိကကတော့ ညီအစ်ကိုထန်ဆီက အကူအညီတစ်ခု တောင်းချင်လို့။ ငါ ပေကျင်းမှာ စီးပွားရေးလုပ်ရင်းနဲ့ နောက်ဆုံးမှာ ပြဿနာတချို့ ကြုံခဲ့တယ်။ တစ်ဖက်လူကလည်း ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ရောင်းတဲ့ လုပ်ငန်းပိုင်ရှင်လည်း ဖြစ်တယ်။ သူက လူတချို့ကို ဆက်သွယ်ပြီး ငါ့ရဲ့ သံမဏိထုတ်ကုန်များစွာကို မရိုးမသား သိမ်းယူခဲ့တယ်။ အဲဒါကြောင့် ညီအစ်ကိုထန်ကို ငါနဲ့ အဲ့ဒီနေရာကို အဖော်လိုက်ပေးဖို့ တောင်းဆိုချင်တယ်။”

"အဲ့ဒါက အဓိက ပြဿနာ မဟုတ်ဘူး မလား။ ကျွန်တော့်ကို အသေးစိတ် ပြောပြလို့ ရမလား။" ထန်ရှုက ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်သည်။

သူ့အား နောက်ထပ်လက်မ ထောင်ပြရင်း လီလောင်ရှန်းက

“မင်းက တကယ်ဉာဏ်ကောင်းတာပဲ ညီအစ်ကိုထန်။ ပြဿနာ အသေးအမွှားလေးဆိုရင် မင်းကို ငါ ဒုက္ခမပေးပါဘူး။ ခက်တာက တဖက်လူက ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းတာမှာ အစွဲအလမ်းကြီးပြီး ငါ့လက်ထဲက ယုချန်ဓားကို အဆက်မပြတ် ဝယ်ချင်နေခဲ့တာလေ။ မင်း သိထားရမှာက  ဒီယုချန်ဓားကို လုံခြုံအောင် ထားဖို့ ငါ့မှာ အများကြီး အားစိုက်ထားရတယ်ဆိုတာပဲ။ ဒါကြောင့် ငါ ဘယ်တော့မှ မရောင်းချင်ဘူး။ ဒါပေမယ့် နောက်ဆုံးတော့ အဲ့ဒီလူက ငါနဲ့ အလောင်းအစား လုပ်လာတယ်။ သူ့ မှာ ပိုကောင်းတဲ့ ရှေးဟောင်းဓားတစ်ချောင်း ပိုင်ဆိုင်ထားတယ်ဆိုပြီး ငါ့ကို ယုချန်ဓားနဲ့အတူ ပေကျင်းကမြေအောက်လေလံပွဲမှာ ပါဖို့ တွန်းအားပေးနေတယ်။ ငါ့ရဲ့ ယုချန်ဓားကို လေလံတင်ရမှာဖြစ်သလို သူ့ရဲ့ရှေးဟောင်းဓားကိုလည်း လေလံတင်ရောင်းချမှာ ဖြစ်တယ်။ ပြီးရင် ငါတို့နှစ်ဦးစလုံးက ရှေးဟောင်းဓားရှည်နှစ်လက်ကို လေလံတင်ရောင်းချရာမှာ ယှဉ်ပြိုင်ရမယ်။ အမြင့်ဆုံးလေလံဆွဲတဲ့သူက အဲ့ဒီဓားနှစ်လက်လုံးကို ရလိမ့်မယ်။"

“ပေကျင်းမှာ မြေအောက်လေလံပွဲ ရှိတာလား။” ထန်ရှုက မေးလိုက်သည်။

“ရှိတယ်။ ရှေးဟောင်းနယ်မြေနဲ့ ကြားခံအဖြစ် စစ်ထူမိသားစုက လျှို့ဝှက်ပြီး ကျင်းပတာ။ အဲ့ဒီမြေအောက်လေလံပွဲက ချင်မင်းဆက်လက်ထက်ကတည်းက ရှိခဲ့တာလေ။ တရုတ်ပြည်ထူထောင်ရေးကာလမှာရော စစ်ပွဲကာလမှာရော လေလံပွဲက လုံး၀ မရပ်ထားဘူး။ ပွဲစဉ်တိုင်းမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး ပါတယ်။ ဒီတစ်ခေါက် ချင်အင်ပါယာရဲ့ ကျောက်စိမ်းတံဆိပ်တောင်မှ ပါတယ်လို့ ကြားတယ်။ ချင်အင်ပါယာရဲ့ကျောက်စိမ်းတံဆိပ်အကြောင်း မင်းလည်း ကြားဖူးတယ်မလား ညီအစ်ကိုထန်။”

“ဟင့်အင်း…ကျွန်တော် မကြားမိဘူး။” ထန်ရှု ခေါင်းယမ်းပြရင်း “အဲ့ဒါ ဘယ်လိုလဲ။”

လီလောင်ရှန်းက လျှို့ဝှက်သောလေသံဖြင့် ပြန်ပြောသည်။ "အဲ့ဒါက ချင်မင်းဆက်အတွင်းမှာ တန်ခိုးအာဏာနဲ့လုပ်ပိုင်ခွင့်တို့ရဲ့သင်္ကေတ - ဧကရာဇ်တံဆိပ်တော်လေ။"

ထန်ရှုက ခေါင်းတစ်ချက်ညိတ်ရင်း

“ဒါပေမယ့် ကျွန်တော် တစ်ခုတော့ နားမလည်သေးဘူး အစ်ကိုလီ။ ဘယ်လိုပြဿနာမျိုးမှာ ကျွန်တော့်ကို ကူညီပေးစေချင်တာလဲ။ ငွေနဲ့ပတ်သက်ရင်တော့ ကျွန်တော်က အစ်ကိုလီလောက် မချမ်းသာတော့ အများကြီး အကူအညီ မပေးနိုင်မှာစိုးမိပါတယ်။"

“ငွေနဲ့ မပတ်သက်ပါဘူး။ ဒါက ငါ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ပြဿနာပါ။ လွန်ခဲ့တဲ့၁၅နှစ် ငါ ပထမဆုံး လေလံပွဲထဲ ပါဝင်ခဲ့တဲ့အချိန်ကစပြီး ဒီလေလံစံအိမ်ရဲ့ သဘောသဘာဝကို လေ့လာခဲ့တယ်။ အလွန်အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းတွေကို လေလံဆွဲဝယ်ယူတဲ့ ဝယ်သူတွေအတွက် ပစ်မှတ်ထားခံရဖို့ အလားအလာများပြီး အန္တရာယ်အပြည့်ပဲဆိုတာ သိခဲ့ရတယ်။ ညီအစ်ကိုထန်ကိုယ်တိုင်က အရမ်းအစွမ်းထက်ပြီး မင်းရဲ့လူတွေကလည်း အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေပါ။ မင်းသာ ငါနဲ့အတူရှိနေရင် ငါ့အတွက် လုံခြုံစေမှာ သေချာတယ်။"

ထန်ရှု လျှပ်တပြက်အတွင်း နားလည်သွားပြီး “လေလံပွဲကျင်းပမယ့်အချိန်ကို ပြောပြလို့ရမလား။”

"အောက်တိုဘာ ၇ ရက်" လီလောင်ရှန်းက ဖြေသည်။

ထန်ရှု တခဏလောက် စဉ်းစားကာ ခေါင်းညိတ်လိုက်ပြီး "အရိုးသားဆုံး ပြောရရင် ဒီမြေအောက်လေလံပွဲကို ကျွန်တော်လည်း အတော် စိတ်ဝင်စားတယ်။ အချိန်တန်ရင် အစ်ကိုလီနဲ့လိုက်ခဲ့မယ်။"

သူ၏ကတိကို ကြားသောအခါ လီလောင်ရှန်း ချက်ချင်းပင် အပျော်လွန်သွားရပြီး လှပသောအမျိုးသမီးအတွင်းရေးမှူးအား လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် အမျိုးသမီးအတွင်းရေး၏ လက်ထဲရှိ လက်ဆွဲအိတ်ထဲမှ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် သေတ္တာငယ်တစ်ခုကို ယူကာ ထန်ရှုအား ပေးလိုက်သည်။

"ဒါ ဘာကြီးလဲအစ်ကိုလီ။" သေတ္တာငယ်ကို လက်ခံပြီးနောက် ထန်ရှုက ထူးဆန်းသော အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"ဒါက မင်းရဲ့အစ်ကိုကြီး တစ်ချိန်တုန်းက ရခဲ့တဲ့အရာပဲ။ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ နဂါးပုံသဏ္ဍာန် အစစ်အမှန် ကျောက်စိမ်းပြားလေ။ မင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ သင်္ကေတတစ်ခုအနေနဲ့ ငါ့ရဲ့လက်ဆောင်တစ်ခုပါ။" လီလောင်ရှန်က ရယ်ရင်း ပြောလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်။" ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ သေတ္တာငယ်၏အဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်။ ထန်ရှု ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက်ပြက် အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့မျက်လုံးများသည် ချက်ခြင်း မှိတ်သွားကာ ဝုန်းကနဲ ထလိုက်မိသည်။

"ဘာဖြစ်တာလဲ ညီအစ်ကိုထန်။" လီလောင်ရှန်း လန့်သွားကာ မေးလိုက်သည်။

"အစ်ကိုလီ အဲ့ဒါကို အခု မတွေ့လိုက်ဘူးလား။" လီလောင်ရှန်းကို ခေါင်းလှည့်ကြည့်ကာ ထန်ရှုက မေးလိုက်သည်။

"ဘာမြင်လိုက်လို့လဲ။" လီလောင်ရှန်း စိတ်ရှုပ်သွားရင်း သံသယဖြင့် မေးလိုက်သည်။

ထန်ရှုက ပြန်မဖြေဘဲ ထိုအစား အတွင်းပိုင်းတွင် အနီရောင်နဂါးပုံသဏ္ဍာန်ရှိသော အရည်လဲ့ကာ ကြည်လင်နေသည့် ကျောက်စိမ်းပြားအပေါ် သူ၏အကြည့်အား စူးစိုက်လိုက်သည်။ သူ၏နှလုံးခုန်သံသည် ပုံမှန်ထက် ပိုမြန်လာပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဒါ နဂါးဝိညာဉ်တစ်ခုပဲ။

မထင်မှတ်စွာ ဒီကျောက်စိမ်းပြားအတွင်း ချိပ်ပိတ်ထားသည့် နဂါးဝိညာဉ်တစ်ခု ရှိနေခဲ့သည်။

ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား ကျောက်စိမ်းပြားအတွင်းသို့ စိမ့်ဝင်ရောက်သွားစေသည်။ သူ့အတွက် များစွာ ထိတ်လန့်အံ့အားသင့်ခဲ့ရသည်မှာ ကျောက်စိမ်းပြားအတွင်း နေရာလွတ်တစ်ခု ရှိနေပြီး ခြေသည်းကိုးခုပါ ကြက်သွေးရောင်နဂါးကြီး၏ ဝိညာဉ်သည် ၎င်းနေရာလွတ်အတွင်း၌ အဆက်မပြတ် လှည့်ပတ်သွားလာနေသည်။

အကယ်၍သာ ၎င်းသည် နဂါးမျိုးနွယ်၏ သာမာန်နဂါးဝိညာဉ်သာ ဖြစ်ပါက ထန်ရှု ဤမျှထိတ်လန့်အံ့သြနေမည်မဟုတ်ပေ။ သို့သော် ခြေသည်းကိုးခုပါ ကြက်သွေးရောင်နဂါးသည် အင်မော်တယ်ကမ္ဘာတွင်ပင် အလွန်အမင်း ရှားပါးပေသည်။ ပို၍အရေးကြီးသည်မှာ ခြေသည်းကိုးခုပါ ကြက်သွေးရောင် နဂါးငယ်သည် အရွယ်ရောက် ခြေသည်းငါးခုပါ ရွှေရောင်နဂါးကို တိုက်ခိုက်အနိုင်ယူနိုင်သည်။ အဖိုးထိုက်တန်ပြီး ကြောက်မက်ဖွယ်ကောင်းသောစွမ်းရည်အရ နဂါးမျိုးရိုးတွင် အဆင့်သတ်မှတ်ချက်စာရင်းတစ်ခု ရှိမည်ဆိုပါက  ခြေသည်းကိုးခုပါ ကြက်သွေးရောင် နဂါးတစ်ကောင်သည် ထိပ်တန်းသုံးကောင်တွင် သေချာပေါက် စာရင်းဝင်လိမ့်မည်ဖြစ်သည်။

နဂါးများသည် အင်မော်တယ်ကမ္ဘာတွင် ကြောက်မက်ဖွယ် အကောင်းဆုံး မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် သြဇာအာဏာကြီးမားပြီး လွှမ်းမိုးနိုင်သော သိုင်းအဓိပတိဖြစ်လာပြီးနောက်တွင်ပင် သူသည် ထိုမျိုးနွယ်စုအား အလွယ်တကူ မပြစ်မှားဝံ့ပေ။

"ဒါကို ဘယ်သူလုပ်ခဲ့တာလဲ။ တွေးကြည့်လိုက်ရင် ဒီလိုလုပ်တဲ့သူက မှော်အစွမ်းတွေ အများကြီး ပိုင်ဆိုင်ထားလို့ အရွယ်ရောက် ခြေသည်းကိုးခုပါ ကြက်သွေးရောင် နဂါးကြီးကို ဖမ်းနိုင်ခဲ့တယ်... သူ ဘာကြောင့် နဂါးကြီးရဲ့ဝိညာဉ်ကို ထုတ်ယူပြီး ဒီနေရာမှာ ချိပ်ပိတ်ထားတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါ အတော် ကံကောင်းတယ်ပြောရမယ် … ဒီကျောက်စိမ်းကို ထွင်းထုတဲ့အချိန် ဖြတ်တောက်တာတွေက ကျောက်စိမ်းရဲ့အတွင်းပိုင်းနေရာကို မထိခဲ့လို့သာပဲ။ နို့မဟုတ်ရင် နေရာလွတ်ရော၊ အတွင်းမှာရှိတဲ့ နဂါးဝိညာဉ်ရော ပျက်စီးသွားလိမ့်မယ်။”

စိတ်တွင်းထဲမှ တိတ်တဆိတ် ဝမ်းသာနေရင်း လီလောင်ရှန်းအား ထန်ရှု ကြည့်သည့်ပုံစံပင် ယခင်နှင့် မတူတော့ဘဲ ပြောင်းလဲသွားရသည်။ ထန်ရှု တခဏလောက် နှုတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အကိုလီ … ကျွန်တော့်ကို နှစ်နှစ်လောက် အချိန်ပေးပါ။ ဒီနှစ်နှစ်အတွင်းမှာ ခင်ဗျားကို ကျွန်တော် အခွင့်အရေးကြီးတစ်ခု ပေးပါမယ်။ အတိအကျ ပြောရမယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ကံကြမ္မာပါပဲ။”

"အခွင့်အရေးကြီးတစ်ခုလား … ကြီးမားတဲ့ ကံကြမ္မာတစ်ခုလား။ မင်း ဘယ်အကြောင်း ပြောနေတာလဲ။"

လီလောင်ရှန်းက အံ့သြစွာမေးလိုက်သည်။

“ကျွန်တော် အခုတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် နှစ်နှစ်အတွင်းမှာ အစ်ကိုလီ သဘောပေါက်လာလိမ့်မယ်။ ဒီကျောက်စိမ်းပြားကို ကျွန်တော် လက်ခံပြီး နှစ်နှစ်အကြာ … ဒီဟာကို ကျွန်တော့်ကို မျက်နှာသာပေးတယ်လို့ပဲ မှတ်ယူထားမယ်။”ထန်ရှုက ဆိုသည်။

“မင်း အဲ့ဒီလို လေးလေးနက်နက် ပြောတော့ ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ် ညီအစ်ကိုထန်။” လီလောင်ရှန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးပြရင်း

“မင်း ငါနဲ့ ပေကျင်းကို အဖော်လိုက်ပေးတာကလည်း ဒီမျက်နှာသာ ပေးတာလိုပါပဲ။ ရိုးရိုးသားသားပြောရရင် ငါ့ရဲ့ ဒီလက်ဆောင်က မင်းကျေနပ်မှုနဲ့ အရမ်းထိုက်တန်ပါ့မလားဆိုပြီးတောင် ငါ တွေးကြောက်နေတာ။"

"ကျွန်တော် ခင်ဗျားကို ပြောရမယ်ဆိုရင် ဒီကျောက်စိမ်းပြားက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။" ထန်ရှုကပြောသည် ။

သည်စကားသည် အမှန်ပင်။ ထိုကျောက်စိမ်းပြားသည် ထန်ရှုအတွက် အလွန်အရေးကြီးပေသည်။

ယခုအချိန်တွင် ထန်ရှုသည် သူ၏ကျင့်ကြံမှုတိုးတက်မှုဖြစ်စဉ်တွင် တစ်ဆို့နေပြီဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် သူ၏ကျင့်ကြံမှု တိုးတက်ရန်ဆိုသည်မှာလည်း ပိုမိုခက်ခဲလာမည်ဖြစ်သည်။ သို့သော် သူ့တွင် ခြေသည်းကိုးခုပါ ကြက်သွေးရောင် နဂါးကြီး၏ ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီဖြစ်သောကြောင့် သူ၏ကျင့်ကြံမှုသည် “ကောင်းကင်စကြာဝဠာပညာရပ်” ၏ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ပြီးသည်နှင့် ကွဲပြားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေတော့မည်။

ဆိုလိုသည်မှာ သူသည် အမြုတေကိုးခုအဆင့် ဖွဲ့စည်းခြင်း၏ နဝမအလွှာသို့ရောက်ရှိပြီးချိန်တွင် ၎င်းနဂါးဝိဉာဉ်ကို ဝါးမျိုလိုက်ခြင်းဖြင့် ပထမအဆင့်ကို ကျော်လွှားနိုင်ကာ ဒုတိယအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်မည်ဖြစ်သည်။

ထန်ရှုသည် ကောင်းကင်စကြာဝဠာပညာရပ် ကျင့်စဉ်အား စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာ လေ့လာထားခဲ့ပြီးဖြစ်ရာ သူသည် ထိုဒုတိယအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် အင်မော်တယ်နယ်ပယ်သို့ ခြေလှမ်းချမိသော သာမာန်ကျင့်ကြံသူနှင့် အဆင့်ညီမျှကြောင်း သိရှိခဲ့သည်။

အချို့သော ကျင့်ကြံသူများသည် ၎င်းတို့၏ဘဝတစ်လျှောက်တွင် နောက်ဆုံးသော ပိတ်ဆို့မှုကို မဖြတ်ကျော်နိုင်သောကြောင့် အင်မော်တယ် မဖြစ်လာနိုင်ကြတော့ချေ။

အချို့သူများသည် မရေမတွက်နိုင်သော ကြိုးစားမှု၊ မရေမတွက်နိုင်သော ခက်ခဲမှုများနှင့် အန္တရာယ်များအား ကြုံတွေ့ဖြတ်သန်းလာပြီး နောက်ဆုံးတွင် အင်မော်တယ်များ ဖြစ်လာကြသည်။

သူ့အနေဖြင့် ထိုအချိန်တွင် ကြက်သွေးရောင်နဂါးဝိညာဉ်အား မျိုလိုက်လျှင် ထိုဝိညာဉ်သည် သူ့အား အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းစေရုံသာမက အင်မော်တယ်ဝိညာဉ်ကိုပင် အခြေတည် ဖြစ်ပေါ်လာစေမည့် အခွင့်အရေးပင် ဖြစ်သည်။ သူ၏ အင်မော်တယ်ဝိညာဉ်သည် ဤနဂါးဝိညာဉ်နှင့် ပေါင်းစပ်ပြီးချိန်တွင် နဂါးမျိုးနွယ်၏မှော်စွမ်းအားများနှင့် လျှို့ဝှက်ပညာရပ်များကို ကျင့်ကြံနိုင်မည်ကို သူ သေချာပေါက် သိသည်။နဂါးဆိုသည်မှာ ခေါင်းမှ အမြီးအထိ ရတနာများဖြင့် အပြည့်ဖြစ်လေရာ  ဝိညာဉ်ရေးအရရော ရုပ်ပိုင်းဆိုင်ရာပါ အစွမ်းထက်ကြသည်။

သူသာ ဤနဂါးဝိညာဉ်ကို မျိုချလိုက်ပြီးနောက်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံသည် အခြားအင်မော်တယ်များထက် ပိုမိုအားကောင်းလာမည်ကို ထန်ရှု သေချာပေါက်သိသည်။ နတ်ဆိုးလောကတွင် ရှိသော နတ်ဆိုးမျိုးနွယ်ပင် သူနှင့်ယှဉ်ပါက အနည်းငယ် နိမ့်ကျသွားပေလိမ့်မည်။

အတွေးထဲတွင် နစ်မြုပ်နေသော ထန်ရှုကိုကြည့်ရင်း လီလောင်ရှန်းက သိလိုစိတ်ဖြင့် မေးသည်။

"ညီအစ်ကိုထန် … ဒါက ကျောက်စိမ်းတစ်ပိုင်းပဲ မဟုတ်လား။ အဲ့ဒါက ဒီလို လွန်လွန်ကျူးကျူး စကားတွေ ပြောဖို့တောင် ထိုက်တန်သလား။”

“အစ်ကိုလီ … ဒီအရာက မင်းအတွက် အများကြီး အကျိုးမရှိပေမယ့် ငါ့အတွက် အရမ်းအရေးကြီးတယ်။ စိတ်ဝိညာဉ်ကို အခြေတည်စေဖို့ စိတ်ဝိညာဉ်ကို မျိုဆိုတဲ့ စကားလုံးများ ကြားဖူးပါသလား။” ထန်ရှုက ခေါင်းယမ်းပြီး ပြန်ပြောသည်။

“အဲ့ဒါကို ငါ တစ်ခါမှ မကြားဖူးဘူး။” လီလောင်ရှန်းက ခေါင်းယမ်းကာ ပြန်ပြောသည်။

ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး အကျယ်တဝင့် မရှင်းပြပေ။ ကျောက်စိမ်းပြားကို သူ့အိတ်ကပ်ထဲ ထည့်ရင်း သိုလှောင်လက်စွပ်ထဲ လျှို့ဝှက်စွာ ထည့်လိုက်သည်။ ထို့နောက် သူက အပြုံးဖြင့်

“ဒါဆိုလည်း ထားလိုက်တော့။ အခွင့်အရေးရရင် နောက်မှ ရှင်းပြမယ်။ ဘာပဲဖြစ်ဖြစ် အစားအသောက်တွေနဲ့ ဝိုင်တွေ မကြာခင် ရောက်လာတော့မှာမို့လို့ ကျွန်တော်တို့ ညီအစ်ကိုတွေ နည်းနည်းလောက် သောက်ကြမလား။”

"အဲ့ဒါက ပြဿနာမရှိဘူး။" လီလောင်ရှန်းက ရယ်လိုက်ရင်း

"မင်းနဲ့ အတူသောက်ပြီး ထမင်းစားရတာ ပျော်စရာကောင်းတယ် ညီအစ်ကိုထန်"

“ဒါနဲ့ အစ်ကိုလီရဲ့ သံမဏိထုတ်ကုန်ပြဿနာကို ရှင်းပြပါဦး။ အစ်ကိုလီရဲ့ သံမဏိပစ္စည်းတွေကို သူ ဘာလို့ ယူရတယ်ဆိုတာ ကျွန်တော် တကယ် နားမလည်ဘူး။"

“မင်းသိတဲ့အတိုင်း တစ်ဖက်လူက ပေကျင်းမှာ တော်တော်လေး သြဇာရှိတယ်။ သူက ငါ့ရဲ့ သံမဏိပစ္စည်းတွေကို ယူပြီး ဥပဒေအရ စီရင်ဖို့ အစိုးရဘက်က အရာရှိတချို့ကို ဖိတ်ကြားခဲ့တာ ဖြစ်မယ်။ ဒါပေမယ့် လေလံပွဲကို ငါ့ရဲ့ ယုချန်ဓား ယူလာသရွေ့ လေလံပွဲမှာ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ပစ္စည်းတွေကို ပြန်ပေးမယ်လို့ သူ ပြောဖူးတယ်။ သူက အနာဂတ်မှာ ငါ့ရဲ့လုပ်ငန်းကို နောက်တစ်ကြိမ် ထပ်မတားတော့ဘဲ ငါ့ကို အကူအညီပေးမယ်ဆိုပဲ။"

"ဒါဆို တစ်ဖက်လူက ရန်သူမဟုတ်ဘူး ထင်တာပဲ။" ထန်ရှုက မှတ်ချက် ချသည်။

“တကယ်တော့ သူက ရန်သူလို့ မပြောနိုင်ပေမယ့် အကြံများတဲ့သူ ဖြစ်လို့ သူ့ကို သဘောမကျဘူး။ အနာဂတ်မှာ သူနဲ့ ထိတွေ့ဆက်ဆံရမယ်ဆိုရင် တတ်နိုင်သမျှ သူနဲ့ ထိတွေ့ဆက်ဆံတာ နည်းနိုင်သမျှ နည်းနိုင်ရင် ပိုကောင်းတယ်။”

***

All Chapters