အဓိက သံသယဖြစ်စရာအချက်များ
Vol. 10 Ch. 475
ရှန်ဟိုင်းကမ္ဘာသစ်စင်တာရှိ ဖျော်ဖြေပွဲ မြင်ကွင်းသည် စိတ်လှုပ်ရှားမှုတို့ နှင့် ပြည့်ဝနေပြီး ကျန်းရှင်းယာသည်လည်း စင်မြင့်ထက်တွင် စိတ်အားထက်သန်ကာ တက်ကြွသော ဖျော်ဖြေမှုကို တင်ဆက်နေသည်။ သို့သော်လည်း သူမ၏စိတ်အတွင်းတွင် ယောက်ယက်ခတ်နေလျက် တခါမှ စိတ်လက်မပေါ့ပါးသေးချေ။
ဘေးဒုက္ခကို ဖယ်ရှားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ယောက်အား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက စေလွှတ်အကြောင်းကြားခဲ့သော်လည်း ထန်ရှုထံမှ မည်သည့်အကြောင်းပြန်ချက်မှ မရရှိသောကြောင့် ကျန်းရှင်းယာ၏စိတ်အတွင်း၌ အတန်ငယ် ဂနာမငြိမ်ဖြစ်နေရသည်။
သို့သော် သူမထက် စိတ်အနှောက်အယှက်ဖြစ်နေပြီး ဂနာမငြိမ်ဖြစ်နေသော အခြားသူတစ်ဦးလည်း ရှိသေးသည်။ ထိုသူမှာ ရှန်ဟိုင်းလေဆိပ်မှ ပြန်လာသူ လျိုချန်းရှီဖြစ်သည်။ သူ့စိတ်ဂနာမငြိမ်ဖြစ်ရသည့် အကြောင်းရင်းမှာ အစွန်းရောက်နှစ်ဦးကိုသာ တွေ့ရှိသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်သောသူများ၏ခြေရာသဲလွန်စများသည် အမှောင်ထဲတွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။
"အကြီးအကဲလျို … ထောက်လှမ်းရေးဌာနက ထူးခြားတဲ့အခြေအနေတစ်ခုကို တွေ့လိုက်ရတယ်။" ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနမှ နည်းပညာရှင်တစ်ဦးက လျိုချန်းရှီဆီသို့ အပြေးအလွှားလာပြီး တီးတိုးသံဖြင့် သတင်းပို့သည်။
"ဘယ်လို ထူးခြားတဲ့ အခြေအနေလဲ။" လျိုချန်းရှီက စိတ်လေးလံနေသော အသံဖြင့် မေးရင်း သူ၏မျက်နှာသည် ပျက်သွားရသည်။
"ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေး။"
ထို့နောက် ချက်ချင်းပင် လူအနည်းငယ်သည် စင်မြင့်အနောက်ရှိ ယာယီစောင့်ကြည့်ရေးစင်တာသို့ ပြေးသွားကြသည်။ အခန်းထဲဝင်လာပြီးနောက် လျိုချန်းရှီ၏မျက်လုံးများသည် စောင့်ကြည့်ကွန်ပျူတာတန်းတစ်ခုဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။
"အကြီးအကဲလျူ … ဒါတွေက ကမ္ဘာသစ်စင်တာရဲ့ ဝင်ပေါက်လေးခုကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ တပ်ဆင်ထားတဲ့ စောင့်ကြည့်စက်တွေရဲ့ မြင်ကွင်းတွေပါ။ ကြည့်ပါဦး…”
နည်းပညာရှင်က မှတ်တမ်းယူထားသော စောင့်ကြည့်မှုမြင်ကွင်း ဗီဒီယိုအား ဖွင့်လိုက်ပြီး ပြသနှုန်းကို အဆအနည်းငယ် နှေးစေလိုက်သည်။ ထိုမြင်ကွင်းသည် လူနှစ်ယောက်၏ မြင်ကွင်း ဖြစ်သည်။
အမျိုးသားတစ်ဦးစီကို ကိုင်ဆောင်ထားသည့် ထာဝရခန်းမမှ အမျိုးသမီးများသည် တန်းစီနေသည့် လူတန်းလေးခု၏ အနောက်သို့ တိတ်တဆိတ် ရွှေ့လာကြသည်။
"ဒီအမျိုးသမီးတွေက ဘယ်သူတွေလဲ။"
ဗီဒီယိုကို ကြည့်ပြီးနောက် လျိုချန်းရှီက လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။
“မသိဘူး အကြီးအကဲ။” နည်းပညာရှင်က ခေါင်းခါသည်။ “သူတို့အားလုံး ဘဲခေါင်းဦးထုပ်နဲ့ နေကာမျက်မှန်တွေ ဝတ်ထားတယ်။ ထောက်လှမ်းရေးကင်မရာတွေ ဘယ်မှာ တပ်ဆင်ထားလဲဆိုတာတောင် သူတို့ သိနေပုံရပြီး အဲ့ဒီကင်မရာတွေနဲ့ အမြဲတမ်း မျက်နှာချင်းဆိုင်ပြီး မနေဘူး။ အမှန်တော့ သူတို့ ခေါ်ဆောင်သွားတဲ့ လူလေးဦးကို စစ်ဆေးပြီး သူတို့ရဲ့ မျက်နှာသွင်ပြင်လက္ခဏာတွေကို ပြည်နယ်ရဲ့ ဒေတာဘေ့စ်ကို ကျွန်တော်တို့ ပို့ထားတယ်။ ကျွန်တော်တို့ ရဲဘော်တွေလည်း အဲ့ဒီခေါ်ဆောင်သွားတဲ့ သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လောလောဆယ် ရှာဖွေနေပါတယ်။ သူတို့ရဲ့ အချက်အလက်တွေကို မကြာခင်မှာ ဖော်ထုတ်နိုင်တော့မယ်လို့ ယုံကြည်ပါတယ်။”
လျိုချန်းရှီ မျက်မှောင်ကြုတ်နေသည်။ သူ၏မျက်လုံးများထဲတွင် တွေးဆနေဟန်အကြည့်တစ်ခု ပေါ်လာသည်။ ဗီဒီယိုများအား အကြိမ်ကြိမ်ပြန်ရစ်ကာ ဖွင့်ကြည့်ပြီးနောက်တွင် ဖက်စ်စာတစ်စောင် သူ့လက်ထဲ ရောက်လာသည်။
"အဲ့ဒါက အမျိုးသမီးတွေ ခေါ်ဆောင်သွားတာကို ခံရသူတွေရဲ့ ပတ်သက်တဲ့ အချက်အလက်တွေလား။" လျိုချန်းရှီ ဖြည်းညှင်းစွာ ဂရုတစိုက်ဖတ်နေရင်း စိတ်အတွင်းတွင် အနည်းငယ် ထိတ်လန့်သွားသည်။
"ချန်ဘင်သည် ရှီချန်းရှိ မိုင်းတွင်းဧရိယာတစ်ခုတွင် ပေါက်ကွဲမှုကျွမ်းကျင်သူအဖြစ် တစ်ချိန်က လုပ်ကိုင်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ရန်ပွဲတစ်ခုတွင် ပါဝင်ပတ်သက်မိပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်။ သုံးနှစ်ခွဲကြာ ပျောက်ကွယ်သွားပြီးနောက် ပြန်လည်ပေါ်လာပြီး တစ်ချိန်က သူနှင့် ရန်ဖြစ်ခဲ့သော သူများသည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်း ခံခဲ့ရသည်။ လောလောဆယ်တွင် သူသည် စီမံခန့်ခွဲနေ…”
“အရှေ့မြောက်ပိုင်းရှိ မြေအောက်ဂိုဏ်းအဖွဲ့ဝင် ကျန်းလူသည် လူသတ်မှုအတွက် ထောင်ဒဏ် သုံးနှစ် တစ်ချိန်က ချမှတ်ခံခဲ့ရသည်။ သူ၏စီရင်ချက်သည် လွန်ခဲ့သော ငါးနှစ်ခန့်က ပြီးဆုံးခဲ့ပြီး လွတ်မြောက်ခဲ့သည်။ ထိုအချိန်အတည်းက သူ၏အကြောင်း မည်သည့်သတင်းမှ မရှိခဲ့ဘဲ ဒီငါးနှစ်တာကာလအတွင်း သူ မည်သည့်နေရာတွင် ရှိသည်ကို စုံစမ်းမရပေ။…”
"ကျားရှောင်ချန်းသည် ယွီကျန်းမြို့၏ စတုတ္ထပြည်သူ့ဆေးရုံမှ အရိုးအထူးကုနှင့် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည်။ သီးသန့်နေတတ်သော အကျင့်စရိုက်ရှိပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အဆင်မပြေချေ။ လွန်ခဲ့သည့်လေးနှစ်က ခွဲစိတ်မှုတွင် အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရပြီး ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် အလုပ်က အထုတ်ခံရကာ အလုပ်လက်မဲ့ ဖြစ်သွားသည်…”
လျိုချန်းရှီက အချက်အလက်များကို သေချာစွာ ဖတ်ပြီးနောက် နည်းပညာရှင်ကို လှည့်ကြည့်လိုက်ကာ
"ဒီအချက်အလက်က လူသုံးယောက်အကြောင်းပဲ ရှိတယ်။ စတုတ္ထလူကအကြောင်းကရော ဘယ်လိုလဲ။”
"သူ့အကြောင်း ဘာမှမရှိဘူး။” နည်းပညာရှင်က မချိပြုံး ပြုံးလိုက်သည်။
“ကျွန်တော်တို့ ဒေတာဘဏ်မှာ သူ့မျက်နှာကို နှိုင်းယှဉ်ပြီး စစ်ဆေးခဲ့ပါတယ်။ သူက ဘယ်ကနေ ထွက်လာတာလဲဆိုတာ သူ့အကြောင်း အချက်အလက် မရှိဘူး။”
လျိုချန်းရှီက ခဏလောက် စဉ်းစားပြီး
“သယ်ယူပို့ဆောင်ရေးဌာနကို ဆက်သွယ်လိုက်။ ကမ္ဘာသစ်စင်တာအနီး ငါးကီလိုမီတာအကွာအဝေးအတွင်း စောင့်ကြည့်ဗီဒီယိုအားလုံးကို တတ်နိုင်သမျှ မြန်မြန်ပို့ပေးဖို့ သူတို့ကို ပြောပေးပါ။”
“ဟုတ်ကဲ့ အကြီးအကဲ…”
အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်သည်။ ကျန်းရှင်းယာ၏ဖျော်ဖြေပွဲသည် သုံးနာရီကြာပြီးနောက် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
သည်တစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေးဌာနသည် ထောက်လှမ်းရေးဗီဒီယို ဒါဇင်ပေါင်းများစွာကို နောက်ဆုံးတွင် ပေးပို့ပေးခဲ့သည်။
…ဒေါက်…ဒေါက်…ဒေါက်…
တံခါးခေါက်သံ ထွက်ပေါ်လာပြီး ကျန်းရှင်းယာသည် သူမ၏လက်ထောက်နှစ်ယောက်နှင့်အတူ ဝင်လာသည်။ သူမသည် မိတ်ကပ်မဖျက်ရသေး၊ အဝတ်အစားပင် မလဲရသေးပါချေ။ စောင့်ကြည့်ရေးအခန်းထဲသို့ ဝင်လာရန် ဖိတ်ခေါ်ခံရပြီးနောက် သူမက
“အခြေအနေ ဘယ်လိုရှိလဲ မစ္စတာလျို။ ရာဇဝတ်ကောင်တွေကို တွေ့ပြီလား။"
“ငါတို့တွေ လူနှစ်ဦးကို ပစ်ခတ်ပြီး အသေဖမ်းခဲ့တယ်။ အခုအချိန်မှာ အဲ့ဒီလူ၂ဦးက ဘယ်သူဘယ်ဝါဆိုတာနဲ့ ကျန်တဲ့သူတွေရဲ့ နေရာကို စုံစမ်းနေတယ်။ ဖျော်ဖြေပွဲ ပြီးဆုံးသွားပေမယ့် သောင်းနဲ့ချီတဲ့ ပရိသတ်တွေက ထွက်ခွာနေကြဆဲမို့ အပြင်ဘက်မှ ရှိတဲ့ ငါတို့လူတွေက လက်ရှိမှာ သူတို့တွေ စနစ်တကျ ထွက်ခွာစေဖို့ စီမံထားတယ်။ သူတို့ အကုန်ထွက်သွားတော့မှသာ ငါတို့တွေ တကယ် စိတ်အေးလက်အေး ရှိနိုင်မှာပါ။”
"ထန်ရှုကရော … ရာဇဝတ်ကောင်တွေရဲ့ နေရာကို ရှာဖို့ ရှင်နဲ့သူ ပူးပေါင်းခဲ့တာ မဟုတ်ဘူးလား။" ကျန်းရှင်းယာက မေးသည်။
"လောလောဆယ်တော့ သူ ဘယ်မှာလဲ မသိဘူး။" လျိုချန်းရှီက ခေါင်းခါလိုက်ရင်း
“သူက ရှန်ဟိုင်းလေဆိပ်က အခြေအနေကို ကူညီဖြေရှင်းပေးပြီး ချက်ချင်း ထွက်သွားခဲ့တယ်။ မင်းက သူ့သူငယ်ချင်း မဟုတ်ဘူးလား။ ဘာလို့ သူ့ဆီ ဖုန်းမဆက်တာလဲ။"
ရှန်ဟိုင်းလေဆိပ်လား…
"ရှန်ဟိုင်းလေဆိပ်အခြေအနေကရော ဘယ်လိုလဲ။ အဲ့ဒီမှာရော ဖြစ်နိုင်တာလား…။” ကျန်းရှင်းယန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒီအစွန်းရောက်တွေက တကယ်ကို ရူးနေကြပြီ။ ရှန်ဟိုင်းလေဆိပ်မှာလည်း…” လျိုချန်းရှီက ခေါင်းညိတ်ရင်း
"အင်း ထားလိုက်တော့ အဲ့ဒီအကြောင်း မဆွေးနွေးတော့ဘူး။ အတိုချုပ်ပြောရရင် ထန်ရှု မရှိခဲ့ဘူးဆိုရင် ပျက်စီးမှု ကြီးကြီးမားမား ဖြစ်သွားမှာပဲ။ သူက ဒီနေ့ညမှာ လူထောင်သောင်းချီရဲ့ အသက်တွေကို လက်တွေ့ကျကျ ကယ်ဆယ်နိုင်ခဲ့တာပဲ။"
ထောင်သောင်းချီတဲ့ လူတွေကို ကယ်တင်ခဲ့တာလား…
ကျန်းရှင်းယာသည် ပျော်ရွှင်ရမည့်အစား ကျောရိုးထဲ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအစွန်းရောက်ဝါဒီများ မည်မျှ ရူးသွပ်ပြီး အရူးအမူး ဖြစ်နေကြသည်ကို သူမ တွေးကြည့်ရန် ခဲယဉ်းလှသည်။
"ငါ့ကို ဖုန်း ပေးပါဦး။" ကျန်းရှင်းယာက သူမနှင့်အတူ ပါလာသော လက်ထောက်ဆီက ဖုန်းတောင်းကာ ထန်ရှုဆီသို့ ဖုန်းဆက်လိုက်ရာ ကြယ်ပြာအိမ်ရာဝင်းသို့ စောစောက ပြန်ရောက်ခဲ့ကြောင်း သိလိုက်ရသည်။ သူမ ဖြတ်သွားရင်း ဝင်တွေ့မည်ဟု ချက်ချင်း ပြောလိုက်သည်။
"မစ္စကျန်း … အတူတူသွားရအောင်။ ထန်ရှုနဲ့ ငါ ဆွေးနွေးစရာတွေ ရှိနေသေးတယ်။” လျိုချန်းရှီမှ ပြောလိုက်သည်။
ကျန်းရှင်းယာ တခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်ရင်း “ကောင်းပါပြီ။ ကျွန်မ မိတ်ကပ်တွေကို အရင်ဖျက်လိုက်ဦးမယ်။ ပြီးရင် အရှေ့ဝင်ပေါက်မှာ ဆုံကြမယ်လေ။"
****
ဖျော်ဖြေရေးကွင်းအပြင်ဘက်တွင်…
ရှန်ဟိုင်းတက္ကသိုလ်မှ ကျောင်းသားတစ်စု စုရုံးရောက်ရှိလာသည်။ သည်ညသည် တကယ်ကို ပျော်စရာကောင်းပြီး ကြည်နူးစရာဟု တွေးမိလိုက်တိုင်း သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။ ကျန်းရှင်းယာ၏ ဖျော်ဖြေပွဲသည် ဖျော်ဖြေမှုတစ်လျှောက်လုံး အားပေးမှုများနှင့် လက်ခုပ်သံများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့ပြီး အလွန်အောင်မြင်ခဲ့သည်။ ကျန်းရှင်းယာ၏ အံ့သြဖွယ်ကောင်းသော အသံသည် သူတို့အား ကြီးကျယ်ခမ်းနားသော ဂီတပွဲတစ်ခု သယ်ယူလာပေးခဲ့သည်။
"သူမက ငါ့ရဲ့နတ်ဘုရားမအဖြစ်နဲ့ တကယ် ထိုက်တန်တယ်။ ကျန်းရှင်းယာရဲ့သီဆိုသံက မညာစတမ်း အကောင်းဆုံးဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးမှာ နားထောင်လို့ အကောင်းဆုံးပဲ။ ငါ အလုပ်ကြိုးစားရမယ်၊ ချမ်းသာအောင်လုပ်ပြီး အနာဂတ်မှာ ကမ္ဘာ့ထိပ်သီး ဖြစ်ရမယ်၊ ပြီးတော့ ငါ့နှလုံးသားထဲက နတ်ဘုရားမနဲ့ လက်ထပ်ရမယ်။" ကျောက်လျန့်က သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ စိတ်ပိုင်းဖြတ်ထားဟန်သည် သူ၏မျက်နှာထက်တွင် ပေါ်လွင်နေသည်။
"တော်.တန်.တိတ်…" လက်ခလယ် ဒါဇင်ပေါင်းများစွာက သူ့အား တပြိုင်တည်း မြှောက်ပြလိုက်ကြသည်။
…အဟွတ်…အဟွတ်...
အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးရင်း ကျောက်လျန့်က သူ၏လက်ကို မြှောက်ကာ ကသိကအောက်ဖြစ်စွာ ပြုံးလိုက်ရင်း
"နောက်နေတာပါ ကိုယ့်လူတွေရ။ ဒီလောက်ကြီး အလေးအနက် မထားစမ်းပါနဲ့။ အဟားဟားဟား … ဒါနဲ့ ဒီည လ သာမှာ သေချာတယ်…”
ဒီညမှာ လက တကယ် သာနေမှာလား…
လူအုပ်ကြီးက ညကောင်းကင်ယံကို မျှော်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် သူ့ဆီ ခေါင်းလှည့်လာကာ မျက်လုံးပြူးပြကြသည်။ သည်နေ့ည၏ရာသီဥတုက အတန်ငယ်ပင် တိမ်ထူထပ်ပြီး မှောင်နေသည်။ အဲ့ဒီအပေါ်မှာ လက ဘယ်လိုရှိနိုင်မှာလဲ။
ယွဲ့ခိုင်၏မျက်နှာထက်ရှိ အပြုံးသည် လျော့လာပြီး သူ့ဘာသာ တီးတိုး ပြောလိုက်သည်။
“ အစ်ကိုကြီးထန်က သူ့ကတိကို အမြဲတည်တယ်။ ဒီညကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲကို လာကြည့်မယ်လို့ ပြောခဲ့ပေမယ့် အခုအချိန်အထိ သူ့ကို မတွေ့သေးဘူး။ တစ်စုံတစ်ရာကြောင့် သူ နှောင့်နှေးနေတာလား။”
ဟူချင်းစုန့် တခဏ တွေဝသွေားပြီး ခေါင်းညိတ်ကာ
"ဟုတ်တယ် … မင်းပြောတာ မှန်တယ်။ အစ်ကိုကြီးထန်က သူ့စကားကို အမြဲတည်တယ်။ ပွဲအစ ငါတို့ထိုင်ခုံကို ရောက်တဲ့အထိ သူ မပေါ်လာဘူး။ သူ တစ်ခုခုဖြစ်သွားမှာကိုစိုးမိတယ်။ ငါတို့ သူ့ကို ဖုန်းဆက်ကြည့်ရင်ရော။”
"ကောင်းပြီ။" ယွဲ့ခိုင်က ထန်ရှုဆီ ဖုန်းဆက်လိုက်သည်။
စကားပြောဆိုပြီးနောက် သူက ဖုန်းချလိုက်ပြီး လူတိုင်းကို လှည့်ကြည့်ကာ
"အစ်ကိုကြီးထန်ကို နှောင့်နှေးစေတဲ့ အရာတစ်ခု ရှိတာ အမှန်ပဲကွ။ သူ အခု ကြယ်တာရာအိမ်ရာဝင်းထဲမှာ ရှိနေတယ်။ ငါတို့ကျောင်းဝင်းထဲက အဆောင်တွေက အခုသော့ပိတ်နေပြီဆိုတော့ ငါတို့တွေ သူ့အိမ်ကို သွားပြီး ညအိပ်ကြမလား။”
“ငါတို့တွေက အများကြီးပဲ ကိုယ့်လူ။ အစ်ကိုကြီးထန်ရဲ့အိမ်မှာ အခန်းတွေ အများကြီးရှိတယ်ဆိုတာ ငါသိပေမယ့် ငါတို့အားလုံး အဲဒီမှာ တစ်ညအိပ်ဖို့ အဆင်ပြေပါ့မလား။”
ယွဲ့ခိုင် ခေတ္တရပ်လိုက်သည်။ တခဏ တုံ့ဆိုင်းသွားပြီးနောက် သူက “အဆင်ပြေမှာပါ။ အဆောင် ၃ခန်းက ငါတို့လူတွေ ၁၂ ယောက် ရှိတယ်။ နှစ်ယောက်တစ်ခန်းနေရင် အဆင်ပြေမယ်ထင်တယ်။ ပထမဆုံး အစ်ကိုကြီးထန်ရဲ့ နေရာကို သွားကြရအောင်။ အဲဒီကိုရောက်လို့ ငါတို့ တကယ်နေလို့မရနိုင်ရင် အနီးနားက ဟိုတယ်တစ်ခုကိုပဲ ရှာလိုက်ကြတာပေါ့။”
“ကောင်းပြီ … သွားကြရအောင်…” ဟူချင်းစုန့် ခေါင်းညိတ်သည်။
သူတို့အားလုံး ကြယ်တာရာအိမ်ရာဝင်းသို့ အပြေးသွားကြသည်။
ကမ္ဘာသစ်စင်တာ၏စင်မြင့်အနောက်ရှိ စောင့်ကြည့်ရေးအခန်းတွင် လျိုချန်းရှီနှင့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်တစ်ဒါဇင်တို့သည် ထောက်လှမ်းရေးဗီဒီယိုများကို ကြည့်ရှုခဲ့ကြသည်။
သူတို့အား ကျောက်ရုပ်ဖြစ်စေသည့် အချက်မှာ ထိုအမျိုးသမီးများ ဖမ်းထားခဲ့သည့် အမျိုးသားလေးဦးအား မည်သည့်နေရာတွင်မှ ရှာမတွေ့ခြင်းပင်ဖြစ်သည်။ ထိုအမျိုးသမီးရှစ်ဦးသည်လည်း ပျောက်ကွယ်သွားဟန်ရှိပြီး ပြန်လည်ထွက်ခွာသွားသည့် အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူတို့အတွက် မယုံကြည်နိုင်ဆုံးအချက်သည် ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့က အနီးနားတွင် စေ့စေ့စပ်စပ်ရှာဖွေခဲ့သော်လည်း သဲလွန်စအနည်းငယ်မျှ မတွေ့ရှိသေးခြင်းပင်တည်း။
"အကြီးအကဲ လျို … ဒီနှစ်ယောက်ကို ကြည့်ပါဦး။ သူတို့ရဲ့ လှုပ်ရှားပုံတွေက အတော် သံသယဖြစ်စရာ ကောင်းတယ်။ ထောက်လှမ်းရေးကင်မရာတွေထဲမှာ သူတို့တွေရဲ့မျက်နှာတွေကို လုံးဝ ရိုက်မိထားတာ မရှိဘူး။ ခုနက လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး ရှစ်ယောက်လိုပဲ သူတို့ ပြန်ထွက်သွားတဲ့ အရိပ်အယောင်မျိုး မတွေ့ရပါဘူး။” ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ရုပ်ပုံနှစ်ပုံ၏ နောက်ကျောကို ညွှန်ပြရင်း ပြည်နယ်လုံခြုံရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးက ပြောလိုက်သည်။
လျိုချန်းရှီက ဗီဒီယိုကို ဆယ်စက္ကန့်ကျော်ကြာ ဂရုတစိုက် ကြည့်ခဲ့ပြီးနောက် ခါးသီးစွာ ပြုံးလိုက်ရင်း
“ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့တွေက ပတ်ဝန်းကျင်က စောင့်ကြည့်ကင်မရာတွေအကြောင်း သိနေပုံရလို့ စောင့်ကြည့်ကင်မရာတွေကို ရှောင်နေတဲ့ပုံပဲ။ ငါ သိတာမှန်ရင် သူတို့ဖမ်းထားတဲ့ လူလေးယောက်က အစွန်းရောက် အကြမ်းဖက်သမားတွေပါ။ ဒါပေမယ့် ငါတို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက လူတွေနဲ့ ရဲတပ်ဖွဲ့ကလွဲရင် ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး သိတဲ့လူ မရှိပါဘူး…”
ရုတ်တရက် သူ့စကားရပ်သွားပြီး ငယ်ရွယ်ချောမောသည့် မျက်နှာတစ်ခုသည် သူ၏စိတ်ထဲတွင်ပေါ်လာသည်။
…ထန်ရှု … သူများ ဖြစ်နိုင်မလား...
လျိုချန်းရှီက သူ၏အပေါ်ထပ်ကုတ်အင်္ကျီကို အမြန်ဆွဲယူပြီး “ကြယ်တာရာအိမ်ရာဝင်းကို ငါ့နဲ့အတူ လိုက်ခဲ့။ ကျန်တဲ့ဟာတွေ နောက်ဆက်တွဲ ရှင်းရမယ်။”
ကြယ်ပြာအိမ်ရာဝင်းတွင်…
ထန်ရှု၊ လီလောင်ရှန်းနှင့် သူ၏အတွင်းရေးမှူးအမျိုးသမီးတို့သည် အနံ့အရသာပြည့်စုံသည့် ဟင်းပွဲများအပြည့်ဖြစ်နေသော ညစာစားပွဲ၏ရှေ့တွင် ထိုင်နေကြသည်။ ဤမျှ များပြားသော အစားအစာများကို မစားဖူးကြသော ကလေးငါးယောက်သည် အသီးသီး အငမ်းမရ စားနေကြသည်။
…တင်းတောင်…
အိမ်၏ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ထန်ရှုသည် သော့ကို တန်းထုတ်ပြီး အပေါ်မှခလုတ်ကို နှိပ်လိုက်သည်။ သူ၏မျက်နှာထက်တွင် ပဟေဠိဖြစ်သွားသော အမူအရာတစ်ခုပေါ်လာကာ
"နောက်တောင်ကျနေပြီ။ ဘယ်သူများပါလိမ့်။"
"မင်းက တကယ်အလုပ်များတဲ့လူပဲ ညီအစ်ကိုထန်။" လီလောင်ရှန်းက အပြုံးဖြင့် ပြောလိုက်သည်။
“ဧည့်သည်တွေကို သွားတွေ့လိုက်ပါဦး။ ငါ့ကို အားမနာနဲ့။ ငါတို့ ထမင်းစားပြီးရင် ပြန်လိုက်မယ်။”
ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အိမ်၏ခန်းမထဲသို့ သူ ရောက်လာချိန်တွင် ကားသုံးစီးသည် ခြံအနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို သူ တွေ့လိုက်ရပြီး ကားများရပ်ပြီးနောက် လူတစ်စု ဆင်းလာသည်။
"အစ်ကိုကြီးထန် … မင်း အိမ်မှာ တကယ်ရှိတယ်။" ဟုချင်းစုန့်က လေသံကြမ်းကြမ်းဖြင့် အော်လိုက်သည်။
“အိမ်မှာ ကိစ္စတစ်ခုခု ရှိနေလို့ အမြန်ပြန်ခဲ့တာ။ ဖျော်ဖြေပွဲကို အဆုံးထိ ကြည့်ခဲ့ကြလား။”
ထန်ရှုက အပြုံးဖြင့် မေးသည်။
“ကြည့်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် မင်းက ပြောတဲ့စကားအတိုင်း အမြဲတည်တယ် … ဒီညတော့ မင်း စကားမတည်လို့ မင်းတစ်ခုခု ဖြစ်သွားမှာကို ငါတို့ကြောက်ပြီး ဒီကို အမြန်လာခဲ့တာ သူငယ်ချင်း။ ဟင် … အနံ့လေးက မွှေးလိုက်တာ။ မင်း အခုမှ ထမင်းစားနေတာလား။" ဟုချင်းစုန့်က ပြောလိုက်သည်။
“သူငယ်ချင်းတစ်ယောက် အလည်လာတာ။ အထဲကို လာကြလေ။” ထန်ရှုက ရယ်ကာ ပြောလိုက်သည်။
***