အားလုံး ဆုံမိကြသည်
Vol. 10 Ch. 476
ထိုအချိန်တွင် ဟူချင်းစုန့်နှင့် အခြားသူများသည် ခြံဝင်းအတွင်း၌ အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်လေးဦး ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အိမ်ထဲသို့ မလိုက်မီ ထန်ရှုကို ထူးဆန်းသော အကြည့်များ ကြည့်ပေးလိုက်ကြသည်။
ဟူချင်းစုန့်၊ ကျောက်လျန့် ၊ မုဝမ်ရင် နှင့် ထန်ရှု၏သူငယ်ချင်းများသည် ထန်ရှု၏အိမ်သို့ အလည်အပတ် ရောက်ဖူးကြသော်လည်း ကျောက်လျန့်၏အဆောင်မှ အခြားသုံးယောက်သည် ဤနေရာကို မရောက်ဖူးပေ။ ထန်ရှုအိမ်သို့လာရာလမ်းတွင် ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းတွင် နေထိုင်ကြောင်း ကြားသိရသော်လည်း သည်ခမ်းနားထည်ဝါသော အိမ်သည် သူတို့စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။ သူတို့သည် ခမ်းနားသောမြင်ကွင်းဥယျာဉ်သို့ လာရောက်လည်ပတ်သည့် အဘွားလျိုကဲ့သို့ပင် — အတွေ့အကြုံနှင့် ခမ်းနားသောပတ်ဝန်းကျင်ကြောင့် အံ့သြတုန်လှုပ်နေသည်။
"ညီအစ်ကိုထန် … သူတို့က ဘယ်သူတွေလဲ။" ထမင်းစားခန်းထဲက ထွက်လာသော လီလောင်ရှန်သည် အိမ်ထဲသို့ လူတစ်စု ဝင်လာသည်ကို တွေ့လိုက်ချိန်တွင် အံ့သြသည့်အကြည့်က ချက်ချင်း သူ့မျက်နှာအား ဖုံးလွှမ်းသွားသည်။
"သူတို့က ကျွန်တော့်ရဲ့အတန်းဖော်တွေလေ အစ်ကိုလီ။" ထန်ရှုက ရယ်မောလိုက်ရင်း
"ကိုယ့်လူတို့ … ဒါက ငါ့သူငယ်ချင်း အစ်ကိုကြီးလီလောင်ရှန်းပါ။"
"မင်္ဂလာပါ အစ်ကိုကြီးလီ။"
လီလောင်ရှန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်သော်ငြား သည်လူကြီးသည် သာမန်လူမဟုတ်ကြောင်း သူ၏ကိုယ်ရောင်ကိုယ်ဝါကနေ သိရှိနိုင်သည်။ ခြံအပြင်ဘက်တွင် သူ၏အမိန့်အတွက် အဆင်သင့်ဖြစ်နေသော သက်တော်စောင့် လေးဦးကိုဆိုရင် ထည့်ပင်မပြောနိုင်တော့ချေ။
"အားလုံးပဲ မင်္ဂလာပါ။ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး ငါတို့နဲ့ အတူတူ သောက်ချင်ကြလား။" လီလောင်ရှန်းက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
ဟူချင်းစုန့်၊ ယွဲ့ခိုင်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ကြပြီး ခေါင်းယမ်းပြသည်။ ယွဲ့ခိုင်က
"သိပ်နောက်ကျနေပြီ အစ်ကိုကြီးလီ။ နောက်ရက် သောက်ကြတာပေါ့။"
"ဘာပဲဖြစ်ဖြစ် မင်းတို့ ဒီမှာ စကားပြောလို့ရတယ်။ ငါက တခြားမြို့က ခုနကမှ ရောက်လာတာ။ ငါ့ဗိုက်က ပြားလုမတတ် ဆာနေတော့ မင်းတို့ကို စောစောက လာပြီး မနှုတ်ဆက်လိုက်နိုင်ဘူး” လီလောင်ရှန်း အပြုံးဖြင့် ပြောလိုက်သည်။
“…”
လူတိုင်း၏အကြည့်များသည် လီလောင်ရှန်း၏ ကျယ်ပြန့်သော ခါးနှင့် ပြည့်ဖြိုးသော မျက်နှာပေါ်သို့ ရောက်သွားသည်။ သူတို့သည် တိတ်တဆိတ် ပြောစရာစကားမဲ့နေကြသည်။
သည်လူကြီးက ဒီလောက် အဆီတွေ ပြည့်ဖြိုးနေတာကို ဗိုက်ဆာလွန်းလို့ ဗိုက်တောင်ပြားကပ်နေတယ်လို့ ပြောနေတုန်းပဲလား။ ဒါဆို ပိန်ပိန်ပါးပါး ကိုယ်လုံးလေးတွေက ဘာပြောစရာရှိတော့လို့တုန်း။
"ကိုယ့်လူတို့ … မင်းတို့ အဆင်ပြေသလို ထိုင်ကြကွာ။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး အပြုံးဖြင့် ပြောလိုက်သည်။
ဧည့်ခန်းတွင် လူအားလုံးထိုင်ပြီးနောက် ယွဲ့ခိုင်က စူးစမ်းလိုသောအကြည့်ဖြင့် ပြောသည်။
"အစ်ကိုကြီးထန် … ဒီအစ်ကိုလီက ဘယ်သူလဲ။ ခြံဝင်းထဲက လူလေးယောက်... သူတို့က သူ့ကိုယ်ရံတော်တွေ မဟုတ်လား။ သူနဲ့ အခု ထွက်လာတဲ့ အလှလေးက သူ့ ရဲ့ အတွင်းရေးမှူး သို့မဟုတ် လက်ထောက်…”
"မင်းက မျက်လုံးကောင်းသားပဲ။" ထန်ရှုက သူ့ကို လက်မထောင်ပြပြီး
"အစ်ကိုကြီးလီက မြောက်ပိုင်းသားဖြစ်ပြီး သံမဏိလုပ်ငန်းမှာ အကြီးစားသူဌေးတစ်ယောက်ပဲ။"
ဟူချင်းစုန့်၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး "သူ့ကို မှတ်မိပြီ။ အဲ့ဒါကြောင့် ငါ သိသလိုလို ရှိနေတာကိုး။ လီလောင်ရှန်းက ဘီလီယံနဲ့ချီပြီး ပိုင်ဆိုင်မှု ရှိတဲ့ အရှေ့မြောက်ဒေသက သံမဏိလုပ်ငန်းသူဌေးကြီးတစ်ဦးပဲ။ သူက သေချာပေါက် ပုံရိပ်ကြီးကြီးမားမားပဲ။ စီးပွားရေးမဂ္ဂဇင်းတစ်ခုရဲ့အင်တာဗျူးတစ်ခုမှာ သူ့ကို တွေ့ဖူးတယ်။ ဝိုး အစ်ကိုကြီးထန်။ မင်းက တကယ်ကို အံ့သြစရာပဲ။ မင်းက ဒီလို သြဇာရှိတဲ့သူနဲ့တောင် သိနေတာလား။”
“အာ… အစ်ကိုကြီးလီကို ပထမဆုံး စတွေ့တုန်းက သူဘယ်သူလဲဆိုတာ ငါတကယ်မသိခဲ့ဘူး။ နောက်ပြီး လူတစ်ယောက်က တခြားလူတစ်ယောက်နဲ့ ဆုံတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ရေစက်ရှိတယ်ဆိုရင် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ဂရုစိုက်စရာမလိုဘူးလေ။ စိတ်တူကိုယ်တူ ရှိနေသရွေ့ သူတို့တွေ သူငယ်ချင်း ဖြစ်သွားနိုင်တာပဲ။” ထန်ရှုက ရယ်ရယ်မောမော ရှင်းပြသည်။
"ကောင်းတယ် အစ်ကိုကြီးထန်။" ဟူချင်းစုန့်က လက်မထောင်ပြသည်။
“မင်းရဲ့စကားတွေက လေနုအေးနဲ့ တိမ်တိုက်တွေလို အလွန်ပေါ့ပါးနေပုံရပေမဲ့ တော်တော်နက်နဲပြီး အမှန်တရားတွေ ပြည့်တယ်။ ငါ လက်ခံတယ်၊ ငါယုံတယ်။"
"အစ်ကိုကြီးထန် … ငါ့မိသားစုကြောင့်၊ စီးပွားရေးအသိုင်းအဝိုင်းမှာ အသိအကျွမ်းတွေ အများကြီးရှိတဲ့ ငါ့အဖေကြောင့် ငါက အရမ်းတော်ပြီး ထက်မြက်တယ်ထင်ခဲ့တာ။ ဒါပေမယ့် အခု မင်းနဲ့ နှိုင်းယှဉ်လိုက်ရင် အတော်လိုသေးတာပဲ။ မင်းက အခုကစပြီး ငါ့ရဲ့ အိုင်ဒေါလ်ပဲ သူငယ်ချင်း။ ကျေးဇူးပြုပြီး ဒီကိုလာခဲ့ပါ … ငါ မင်းကို အရိုအသေပေးပါရစေ။"
"တော်စမ်းပါကွာ။" ထန်ရှုက အပြုံးဖြင့် စကားဆိုလိုက်ရသည်။
…တင်းတောင်…
ခြံတံခါးမှ ခေါင်းလောင်းသံ ထပ်မံထွက်ပေါ်လာသည်။
ထန်ရှု၏မျက်နှာပေါ်တွင် အူကြောင်ကြောင် ဖြစ်သွားသော အကြည့်တစ်ခု ရှိနေပြီး မကြာမီတွင် ထူးဆန်းသော အမူအရာဖြင့် အစားထိုးလာကာ တီးတိုးရေရွတ်လိုက်ရင်း
“အခုကရော ဘယ်သူဖြစ်နိုင်မလဲ။ ဒီနေရာက အမြဲတမ်း လူသူကင်းမဲ့နေတာလေ။ ဒီညက ဘာလို့ ဒီလောက် အသက်ဝင်နေရတာလဲ။"
အဝေးထိန်းခလုတ်ပေါ်ရှိ လော့ခ်ဖွင့်ခလုတ်ကို နှိပ်ပြီး မည်သူလဲဆိုတာကို သူ သွားကြည့်သည်။ ထို့နောက် သူသည် လျိုချန်းရှီနှင့်အတူ ပြည်နယ်လုံခြုံရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်များအပြင် ကျန်းရှင်းယာနှင့် သူမ၏မန်နေဂျာတို့ကို တွေ့လိုက်တော့သည်။
"မစ္စတာလျို၊ ရှင်းယာ။" ထန်ရှုက ပြုံးပြီး နှုတ်ဆက်လိုက်သည်။
ထန်ရှုအား မြင်လိုက်သောအခါ ကျန်းရှင်းယာ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသောအကြည့် ပေါ်လာသည်။ သူမစကားပြောချင်သော်လည်း လျိုချန်းရှီက သူမအား တစ်ချက်ကြည့်လိုက်သောကြောင့် သူမ၏ပါးစပ်ကို ပြန်ထိန်းပြီး စကားများ ပြန်မျိုချလိုက်ရသည်။
လျိုချန်းရှီ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာ ပေါ်လာပြီး
"ထန်ရှု … ငါ မင်းကို နောက်ကျမှ လာနှောင့်ယှက်ရတဲ့အတွက် အတော် စိတ်ကသိကအောက်ဖြစ်နေမှာပဲ။ ဒါပေမယ့် ငါ မင်းကို ပြောစရာတစ်ခု ရှိတယ်။"
"ကောင်းပါပြီ။ ဒါပေမယ့် အခုဒီမှာ ဧည့်သည်တွေများတယ်။ ကျွန်တော် သူတို့နဲ့ အရင်စကားပြောလိုက်ဦးမယ်၊ ပြီးရင် ကျွန်တော့်စာကြည့်ခန်းထဲမှာ စကားသွားပြောကြတာပေါ့။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ဧည့်သည်တွေလား။"
လျိုချန်းရှီ မင်သက်သွားသည်။ ကမ္ဘာသစ်စင်တာတွင် ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သူတွေအကြောင်း သူ့စိတ်ထဲတွင် ချက်ချင်းတွေးလိုက်မိပြီး မဆိုင်းမတွ ခေါင်းညိတ်ပြကာ ထန်ရှုအနောက်မှ အထဲသို့ လိုက်သွားခဲ့သည်။
"ဘုရားသခင် … ငါ အိပ်မက်မက်နေတာလား တစ်ခုခုလား။ မိန်းကလေးက … ငါ့နတ်သမီးလေး ကျန်းရှင်းယာလား။ ချင်းစုန့် … ငါ့ကို မြန်မြန် ဆိတ်ဆွဲစမ်းပါ။ ငါ အိပ်မက်မက်နေတာလားလို့ သိချင်တယ်။”
ကျောက်လျန့်က တံခါးကို ကြည့်မိသောအခါ သူ၏အကြည့်များသည် လျိုချန်းရှီနှင့် သူ၏လူများထံမှ ပြောင်းသွားပြီး ကျန်းရှင်းယာဆီသို့ ရောက်သွားကာ ရုတ်တရက် ခုန်ထလိုက်မိရင်း မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
ဟူချင်းစုန့်သည်လည်း အံ့အားသင့်နေသောကြောင့် သူ့အား လျစ်လျူရှုထားသည်။
လက်ရှိတွင် အံ့သြမသွားသောသူဟူ၍ မုဝမ်ရင်နှင့် ယွဲ့ခိုင်တို့ နှစ်ဦးသာရှိသည်။ ယနေ့ညတွင် မုဝမ်ရင်သည် အလွန်တိတ်ဆိတ်နေပြီး ကျန်းရှင်းယာကို တွေ့လိုက်ရသောအခါ သူမ၏စိတ်ခံစားချက်သည် ပိုဆိုးလာသည်ဟု ခံစားရသည်။
သို့သော် ယွဲ့ခိုင်သည် ကျန်းရှင်းယာကို ကြည့်သောအခါတွင် ထူးဆန်းသောအမူအရာရှိခဲ့ပြီး ထန်ရှုဆီ သူ၏အကြည့်အား ပြောင်းလိုက်သည်။
သူတို့၏မျက်နှာအမူအရာကို ကြည့်ရင်း ထန်ရှုသည် စိတ်အတွင်းတွင်သာ ပြုံးလိုက်မိသည်။ သူက သည်လူများအား မိတ်ဆက်ပေးမနေတော့ဘဲ
“သူငယ်ချင်းတို့ … မင်းတို့ဆက်ပြီး စကားပြောနေလို့ရတယ်နော်။ ဒါပေမယ့် ငါကတော့ မင်းတို့ကို အဖော်မလုပ်ပေးနိုင်တော့ဘူး။ ရှင်းယာ … မင်း ဖျော်ဖြေပွဲက ခုလေးတင် ပြီးသွားတာဆိုတော့ ဗိုက်ဆာနေလိမ့်မယ်။ ငါမွေးစားထားတဲ့ ကလေးတွေနဲ့ သူငယ်ချင်းအချို့ ထမင်းစားနေတဲ့ ထမင်းစားခန်းကို သူတို့ကိုပါ ခေါ်သွားပါ။ မင်းလည်း အဲ့ဒီကိုသွားပြီး စားလိုက်ဦး။"
“ငါ ဗိုက်မဆာဘူး။ ငါလည်း နင်နဲ့ စာကြည့်ခန်းကို လိုက်ချင်တယ်။" ကျန်းရှင်းယာက ခေါင်းယမ်းပြီး ပြောလိုက်သည်။
"မလိုက်ပါနဲ့။ ငါတို့ပြောမယ့်ကိစ္စတွေမှာ မင်း ဝင်ပါလို့မရနိုင်ဘူး။" ထန်ရှုက ခေါင်းယမ်းရင်း
"စိတ်ချလက်ချ နေပါ။ ဒီညတော့ အားလုံး ပြေလည်သွားပါပြီ။ စားပြီး အနားယူရုံပါပဲ။”
“ငါ…” ကျန်းရှင်းယာသည် ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သူမသည် ချစ်စရာကောင်းသော အမူအရာလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မုဝမ်ရင်မှလွဲ၍ ဤမြင်ကွင်းသည် အခြားသူများကို လုံးဝ အံအားသင့်သွားစေသည်။ သူတို့အနေဖြင့် အဝေးမှသာ ငေးကြည့်နေရသော အနုပညာကြယ်ပွင့်တစ်ဦးဖြစ်သူ နတ်ဘုရားမလေး ကျန်းရှင်းယာသည် ချစ်စရာ ချွေးမငယ်တစ်ဦးကဲ့သို့ အမှန်တကယ် ပြုမူလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မတွေးထားဖူးချေ။ သူမနဲ့ ထန်ရှုရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။
"အိုး … နောက်ထပ် ဧည့်သည်တွေ ရောက်နေသေးတာလား။"
လီလောင်ရှန်း ထမင်းစားခန်းထဲက ထွက်လာသည်။ ကျန်းရှင်းယာကို မြင်လိုက်ရသောအခါ အံ့သြသွားပြီး လျိုချန်းရှီကို မြင်သောအခါ သူ့မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။ ချက်ခြင်းပင် သူက လျိုချန်းရှီဘက်သို့ လျှောက်လာပြီး
"မစ္စတာလျို … မင်းနဲ့ ဒီမှာ ဆုံလိမ့်မယ်လို့ မထင်ထားဘူး။"
"ငါရောပဲ … ထန်ရှုရဲ့ဧည့်သည်က မင်းပဲဖြစ်လိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူး အစ်ကိုလီ။ ငါတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တာ နှစ်တွေကြာခဲ့ပြီ။ မင်းရဲ့ ခန့်ညားတဲ့ပုံစံက အရင်အတိုင်းပဲ။”
လီလောင်ရှန်းက ရယ်မောပြီး ကျယ်လောင်သည့် အသံဖြင့် ပြန်ပြောသည်။
"ဒီလိုပြောတဲ့အတွက် ကျေးဇူးတင်တယ် အစ်ကိုလျို။ ဒါနဲ့ မင်းနဲ့ ထန်ရှု...”
အတွင်းစိတ်တွင် လီလောင်ရှန်း လန့်သွားပြီး ထန်ရှုအား မေးခွန်းထုတ်သောအမူအရာဖြင့် ချက်ခြင်းကြည့်လိုက်သည်။ လျိုချိန်းရှီ မည်သူမည်ဝါဖြစ်သည်ကို သူ သိထားပြီး ပင်ကိုယ်စရိုက်အမှန်ကိုလည်း သူ သိပေသည်။ သူတို့၂ယောက်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က အရှေ့မြောက်ဒေသတွင် ကြီးမားသော ကိစ္စရပ်တစ်ခုအတွင်း အချိန်အတန်ကြာ အဆက်အသွယ်ရှိခဲ့ပြီး နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနမှ လူများကို ထိုနေရာတွင် အချိန်အတော်ကြာ နေထိုင်စေခဲ့သည်။
လီလောင်ရှန်း စိတ်ပူသွားရသည်။ လျိုချန်းရှီက သူ့အား ဖိအားများပေးကာ ထန်ရှု့အား အခက်အခဲဖြစ်စေမှာကို စိုးရိမ်မိသည်။
“အစ်ကိုလီ … မစ္စတာလျိုနဲ့ ကျွန်တော်က မိတ်ဆွေတွေပါ။ အေးအေးဆေးဆေး ဆက်စားပါ။ ကျွန်တော်တို့ တခြားနေရာမှာ စကားပြောလိုက်မယ်။ စကားပြောပြီးရင် အစ်ကိုလီနဲ့ ကျွန်တော် အဖော်လုပ်ပြီး သောက်ပေးပါမယ်။"
“ဒါ…” လီလောင်ရှန်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
"အစ်ကိုလီ … ထန်ရှုက ငါ့ကို ကိစ္စနည်းနည်း ကူညီပေးတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော် ရောက်လာရတာ တခြားအကြောင်းကြောင့်ပါ။"
သူ့ကိုယ်သူ လီလောင်ရှန်းကို ရှင်းပြဖို့ လိုသည်ဟု လျိုချန်းရှီ မည်သည့်အခါကမှ ခံစားမိမှာ မဟုတ်ပါပေ။ သို့သော် လီလောင်ရှန်းသည် ထန်ရှု၏ သူငယ်ချင်းဖြစ်သည်ကို အမှန်ပင် သိထားသောကြောင့် လျစ်လျူရှုထားလိုခြင်းမရှိသည်မှာ သဘာဝပင်ဖြစ်သည်။ ပထမဦးစွာ ထန်ရှုတွင် ထူးခြားသောလက္ခဏာနှင့် စွမ်းရည်ရှိကြောင်းကို မပြောလျှင်ပင် ယနေ့ည ထန်ရှုလုပ်ခဲ့သည့်အရာများက သူ့အား ကျေးဇူးတင်စိတ် ဖြစ်ပေါ်မိစေသည်။
ထိုစကားကြောင့် ချက်ချင်းပင် လီလောင်ရှန်း စိတ်သက်သာရာ ရသွားသည်။ ထို့နောက် သူက ခေါင်းညိတ်ပြီး ပြုံးကာ
"အင်း မင်းပြောစရာရှိရင် သွားပြောလေ။ ဒါပေမဲ့ ပြီးသွားရင် ငါတို့နဲ့ ခွက်နည်းနည်း သောက်သွားဦး အစ်ကိုလျူ…”
"ကောင်းပါပြီ။" လျိုချန်းရှီ ခေါင်းညိတ်ပြပြီး ထန်ရှု၏အနောက်မှ ဒုတိယထပ်သို့ လိုက်သွားခဲ့သည်။
စာကြည့်ခန်းထဲတွင် …
လျိုချန်းရှီအား ထိုင်ရန် လက်ဟန်ပြပြီး ထန်ရှုသည် ဗီရိုထဲမှ ဝိုင်နီတစ်ပုလင်းကိုယူကာ ဖန်ခွက်နှစ်ခွက်ထဲ လောင်းထည့်လိုက်သည်။ သူသည် လျိုချန်းရှီအား တစ်ခွက်ပေးလိုက်ရင်း
"မစ္စတာလျို … တစ်ခုခု ဆွေးနွေးဖို့ ရှိနေတာလား ... တစ်ခုခုဖြစ်သွားပြီလား။"
လျိုချန်းရှီက ဝိုင်နီတစ်ခွက်ကို လက်ခံယူပြီး သူ့ရှေ့က ကော်ဖီစားပွဲပေါ်မှာ တင်လိုက်သည်။ သူက ထန်ရှုအား စူးစူးနစ်နစ် စိုက်ကြည့်လိုက်ပြီးနောက်
"ထန်ရှု … ငါတို့ လုံခြုံရေးဌာနအကြောင်း မင်း ဘယ်လောက်သိလဲ။"
"ကျွန်တော် ဘာမှ မသိပါဘူး။" ထန်ရှု ခေါင်းခါလိုက်သည်။
"ဒါဆို ငါပြောပြမယ်။" လျိုချန်းရှီက ပြောသည် ။
“ငါတို့နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းပြီး နိုင်ငံတွင်း အန္တရာယ်ရှိတဲ့ အစိတ်အပိုင်းအားလုံးကို ဖြိုခွဲဖို့ တာဝန်ရှိတယ်။ ငါတို့တွေက တည်ငြိမ်အေးချမ်းမှု၊ ပြည်သူများရဲ့ဘဝလုံခြုံမှုနဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို သေချာစေဖို့အတွက်လည်း တာဝန်ရှိသလို အခြေအနေ မတည်မငြိမ်စေနိုင်တဲ့၊ ပြောင်းလဲနိုင်တဲ့ ပြောင်းလဲမှုအားလုံးကိုလည်း ငါတို့ စုံစမ်းစစ်ဆေးရတယ်။”
"ပြီးတော့ရော…" ထန်ရှု ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ဒီနေ့ညမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ချောချောမွေ့မွေ့နဲ့ လေဆိပ်ကို ထိခိုက်ပျက်စီးမှု သိပ်မရှိပေမယ့် အစွန်းရောက်အဖွဲ့ထဲက လူနှစ်ယောက်ပဲ ငါတို့ ဖမ်းမိခဲ့တယ်။ ငါ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ဒီအစွန်းရောက်အဖွဲ့အစည်းရဲ့ လူအရေအတွက်က ဒီထက်ပိုများနိုင်တယ်။ ကနေ့ညအထိတော့ ပြည်နယ်လုံခြုံရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဦးစီးဌာနနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီ။ ကမ္ဘာသစ်စင်တာအနီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်စု ပေါ်လာတာကို ငါတို့ တွေ့ခဲ့တယ်။ နောက်ဆုံးတော့ အဲ့ဒီလူတွေက တစ်ခုခုလုပ်ပြီးသွားတော့ လုံးဝပျောက်သွားတယ်။”
သူ၏စကား ထိုနေရာသို့ အရောက်တွင် လျိုချန်းရှီသည် ထန်ရှု၏မျက်လုံးများကို စိုက်ကြည့်နေသည်။ ထို့နောက် မျက်တောင်တစ်ချက်ခတ်လိုက်ကာ
“ဒီကိုလာတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က အမှန်တရားကို သိချင်တာပါ။”
"မစ္စတာလျို … အမှန်တရားကိုသိချင်ရင် စုံစမ်းစစ်ဆေးရေးရုံးကို သွားရမယ်ထင်တယ်။" ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ခင်ဗျားရဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်အရဆိုရင် သူတို့ကို စုံစမ်းဖို့ ခက်မယ် မထင်ဘူး။ ဒါနဲ့ ကျွန်တော့်ကို ရှာနေတာ ဘာကြောင့်လဲ။"
"ထန်ရှု … ဒီနေ့ညရဲ့ စစ်ဆင်ရေးမှာ ငါတို့ကလွဲရင် အခြားလူစိမ်းဆိုလို့ မင်းတစ်ယောက်တည်းပဲ သိတဲ့သူရှိတာ။ ကမ္ဘာသစ်စင်တာက ဝင်ပေါက်လေးခုရှိသလို ဝင်ပေါက်တစ်ခုစီရဲ့ရှေ့က အစွန်းရောက်တစ်ဦးစီကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူတွေ ရှိနေတယ်။ ဒါကို မင်းသိလိမ့်မယ်ထင်တယ်။"
"ခင်ဗျား ဘာတွေပြောနေတာလဲ တကယ်မသိဘူး။" ထန်ရှုက သူ့မျက်ခုံးများကို ရည်ရွယ်ချက်ရှိရှိ တွန့်လိုက်ရင်း ပြောလိုက်သည်။
လျိုချန်းရှီက ထန်ရှုအား မျက်လုံးချင်း ဆုံအောင် စိုက်ကြည့်ပြီး စကားတစ်လုံးချင်းစီ ပြောလိုက်သည်။
"ထန်ရှု … ငါတို့အားလုံးက ဒီမှာ ထက်မြက်ပြီး အသိဉာဏ်ရှိတဲ့ လူတွေပါ။ မင်း ငါ့ကို ပြောပြချင်လား။ ဒါမှမဟုတ် အဲဒီလူတွေကို ရှာဖွေဖို့အတွက် မင်းကို နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနက မျက်လုံးဒေါက်ထောက်ကြည့်တာ ခံချင်သလား။”
***