ခြိမ်းခြောက်မှု
Vol. 10 Ch. 477
လျိုချန်းရှီက ထိုစကားကို ပြောလိုက်သော်လည်း ထန်ရှု၏မျက်နှာထက်တွင် ကြောက်ရွံ့ခြင်းမရှိပေ။ သူက စိတ်ရှုပ်နေဟန်မရှိဘဲ အေးဆေးတည်ငြိမ်စွာဖြင့် "ခင်ဗျားဘာပြောနေလဲ ကျွန်တော် တကယ်မသိဘူး မစ္စတာလျို။ ဒါပေမယ့် ကျွန်တော့်ကို ခင်ဗျား ခြိမ်းခြောက်နေတာတော့ သေချာတယ်။"
"မင်းကို ငါ ခြိမ်းခြောက်နေတယ်လို့ ထင်နိုင်တယ်။" လျိုချန်းရှီက လေးနက်စွာပြောသည်။
ထန်ရှုက တခဏ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်ပြီး
"ခင်ဗျား သိပါတယ်။ ကျွန်တော်က အရမ်းကြောက်တတ်တဲ့ လူတစ်ယောက်ဖြစ်ပြီး ကျွန်တော် အကြောက်ဆုံးအရာက ဒုက္ခကြုံလာရတာကိုပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အသန်မာဆုံးအချက်က ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရတာကိုတော့ ဘယ်တော့မှ မကြောက်ဘူး။ ခင်ဗျားက နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက တစ်စုံတစ်ယောက် ဖြစ်နိုင်ပေမယ့် အခြေအမြစ်မရှိဘဲ ကျွန်တော့်ကို ပြဿနာရှာရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ခင်ဗျား စဉ်းစားရလိမ့်မယ်။ ဟမ့် … ထန်အိမ်က အရင်တုန်းကထက် အားနည်းကောင်း အားနည်းနိုင်ပေမယ့် ပိန်တဲ့ကုလားအုတ်က မြင်းထက်တော့ ပိုကြီးပါသေးတယ်။ ဒီအချက်ကိုလည်း ခင်ဗျား နားလည်ထားသင့်တယ်။”
“မင်း…” လျိုချန်းရှီ၏အမူအရာ ပြောင်းသွားပြီး သူ၏မျက်လုံးများတွင် ဒေါသအကြည့်တစ်ခု ရှိနေသည်။ ယခင်ကဆို သူကသာ တခြားသူတွေကို ခြိမ်းခြောက်သူဖြစ်သော်လည်း ယခုချိန်တွင် ထန်ရှုက သူ့အား ခြိမ်းခြောက်နေပေသည်။
အရေးကြီးဆုံးအချက်မှာ ထန်ရှု၏ ခြိမ်းခြောက်မှုသည် သူ ငြင်းပယ်ရန် မရနိုင်လောက်သည့်အထိ ထိရောက်မှု ရှိနေသည်။ သူသည် နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနမှ လူတစ်ယောက်ဖြစ်သောကြောင့် နိုင်ငံရေး ရှုထောင့်များကို အခြားသူများထက် ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။ ထန်မိသားစုသာ ၎င်းတို့၏အင်အားကို အသုံးချလိုက်ပါက သူ ကျရောက်သွားနိုင်သည့် အခက်အခဲမှာ ကြီးမားပေလိမ့်မည်။ သူ၏ရာထူးနှင့် အလုပ်အပေါ်မှာပင် အကျိုးသက်ရောက်သွားနိုင်သည်။
နောက်ဆုံးတွင် သူသည် ၂မိနစ်ခန့် တိတ်ဆိတ်နေပြီးမှ ခါးသီးစွာ ပြုံးလိုက်ရင်း
"ထန်ရှု … ငါ မင်းကို ထွင်းဖောက်မမြင်နိုင်ဘူးဆိုတာ ငါ သိလိုက်ရပြီ။ မင်းက အသက်၂၀ ဝန်းကျင်ပဲ ရှိသေးတယ်ဆိုတာ မသိထားခဲ့ရင် မင်းကို အတွေ့အကြုံများတဲ့ မြေခွေးအိုတစ်ကောင်လို့တောင် ငါ ထင်မိမှာပဲ။ ဘာပဲဖြစ်ဖြစ် ငါ တောင်းပန်ပါတယ်။ ငါရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မင်း မြင်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒီကိစ္စကို သေသေချာချာ မစုံစမ်းနိုင်သရွေ့ ငါ စားဝင်အိပ်ပျော်မှာ မဟုတ်ဘူး။”
"ခင်ဗျားကို ပြောနိုင်တာက ကျွန်တော်နဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်သူတွေကြားမှာ နည်းနည်းလေးတောင် ဆက်ဆံရေး မရှိဘူး။"
ထန်ရှုက အေးဆေးတည်ငြိမ်စွာပြောသည်။ “အစွန်းရောက်သမားတွေရဲ့ ရုပ်အလောင်းတွေက ပျောက်ကွယ်သွားလောက်ပြီ။ တိုတိုပြောရရင် ဒီအစွန်းရောက်တွေနဲ့ ပြဿနာတွေက ပြီးသွားပြီ။”
"ဘာ…"
လျိုချန်းရှီ ရုတ်တရက် ထလာပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်အကြည့်များ ပြည့်နေသည်။ သူ၏ဉာဏ်ပညာနှင့် ထက်မြက်မှုတို့ကြောင့် ဒီရာထူးအား ရယူနိုင်ခဲ့ခြင်းဖြစ်ပေရာ ထန်ရှု ပြောနေသောစကားများမှတဆင့် ကျန်အစွန်းရောက်များ ဖြစ်ပျက်ခဲ့သည်များကို သူ မှန်းဆနိုင်နေပြီဖြစ်သည်။
“မစ္စတာလျို … ကျွန်တော် ခင်ဗျားကို ပြောရမယ့် အကြောင်းအရာတွေနဲ့ မပြောသင့်တဲ့ အကြောင်းအရာတွေကို ပြောပြီးပြီ။ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့် ကျွန်တော့်အပေါ် ကျေးဇူးတင်နေသေးတယ်ဆိုရင် အစွန်းရောက်တွေရဲ့ ကိစ္စကို ဒီမှာပဲ အဆုံးသတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ ကျွန်တော်ထန်ရှုက အမြဲတမ်း တရားမျှတပြီး ကိုယ့်နိုင်ငံကို ထိခိုက်စေတဲ့အရာ ဘာမှ မလုပ်ပါဘူးဆိုတာကိုတော့ အာမခံပါတယ်။ ဒါကြောင့် ကျွန်တော့်ကို နောက်ပိုင်း မနှောင့်ယှက်တာ အကောင်းဆုံးပါပဲ။ ဒါဆို ကျွန်တော်လည်း ခင်ဗျားကို အနှောက်အယှက် မပေးဘူး။”ထန်ရှုက ပြောသည်။
လျိုချန်းရှီ၏ပါးစပ်သည် မဲ့ရွဲ့သွားရကာ ကိစ္စ၏အရင်းအမြစ်နှင့်ထိုလျှို့ဝှက်ဆန်းကြယ်သူများ၏ ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း သိလိုသဖြင့် ထန်ရှု၏စိတ်ကို ဖွင့်ထုတ်လိုက်ချင်စိတ်များတဖွားဖွား ဖြစ်ပေါ်လာရသည်။
သို့သော် လျိုချန်းရှီ ထိုသို့ မလုပ်ရဲပါချေ။
ရုတ်ခြည်းပင် သူက
"ဒီလိုဆိုမှတော့ ငါ့မှာ ဘာမှ ပြောစရာမရှိတော့ပါဘူး။ ဒါပေမယ့်လည်း ငါတို့ရဲ့နိုင်ငံတော်လုံခြုံရေးဌာနကို ဝင်ရောက်ဖို့ ပြန်စဉ်းစားပေးပါဦး။ ဖြစ်နိုင်ရင် စောစောစီးစီး ပူးပေါင်းပါဝင်ပြီး တိုင်းပြည်အတွက် တစ်ခုခု လုပ်ပေးနိုင်မယ်လို့ ငါ ရိုးရိုးသားသား မျှော်လင့်ပါတယ်။”
"ကောလိပ်ကျောင်းမပြီးခင် ဘယ်ဌာနကိုမှ ဝင်ဖို့ မစဉ်းစားဘူးလို့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ် မဟုတ်လား။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြန်ဖြေလိုက်သည်။
လျိုချန်းရှီက အားတင်းပြုံးပြပြီး
"စွမ်းရည်ပိုကြီးလေ လူတစ်ယောက်ရဲ့တာဝန်က ပိုကြီးလေဆိုတာ မင်းမသိဘူးလို့ မပြောနဲ့နော်။ မင်းရဲ့ထူးခြားတဲ့စွမ်းရည်ကို ငါတို့လိုအပ်တယ်။”
“မစ္စတာလျို … ဒီကမ္ဘာကြီးမှာ အဆုံးမဲ့ မယုံကြည်နိုင်စရာတွေနဲ့ အံ့သြဖွယ်ရာတွေ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ အရည်အချင်းရှိတဲ့ ကျွန်တော့်လိုလူမျိုးတွေ အများကြီးရှိသလို ခင်ဗျားရဲ့လုံခြုံရေးဌာနကလည်း သူတို့တွေကို အလေးအနက်ထားပြီး ရှာနေတယ်။ ကျွန်တော်က စာသင်ရင်းနဲ့ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တယ်။ ဆိုတော့ အလုပ်ဝင်ဖို့ အကြောင်းကိုတော့ နောင်ကျမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့။” ထန်ရှုမှ ဖြေသည်။
ထန်ရှုကို စူးစူးနစ်နစ် စိုက်ကြည့်ရင်း လျိုချန်းရှီသည် ဆိုဖာပေါ်မှ ထကာ ပြောသည်။
“မင်းရဲ့ခံယူချက်ကို ပြောပြီးသားမို့ ငါ မင်းကို အတင်းအကျပ် မလုပ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လုံခြုံရေးဌာနက ကျန်တဲ့အစွန်းရောက်တွေကို ဆက်လက်ရှာဖွေနေရဦးမယ်။ တစ်နေ့နေ့မှာ မင်းသိသမျှ ငါ့ကို ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
"ကောင်းပါပြီ။" ထန်ရှုက သူ့အနောက်က လိုက်လာပြီး ပြန်ဖြေသည်။
ထို့နောက် ထန်ရှုက သူတို့အဖွဲ့အား ခြံဝထိ လိုက်ပို့ပေးသည်။ ဧည့်ခန်းသို့ ပြန်ရောက်သောအခါ လီလောင်ရှန်းသည်လည်း သူ့လူများနှင့်အတူ ပြန်သွားခဲ့ပြီကို သိလိုက်ရပြီး မနက်ဖြန်နေ့လည်စာ အတူစားမည်ဟု ပြောထားသည့် စာတိုတစ်စောင် ပို့ထားခဲ့သည်။
"ထန်ရှု … စကားပြောရအောင်။" ကျန်းရှင်းယာက လူတိုင်း၏အကြည့်များအောက်တွင် တီးတိုး ပြောလာခဲ့သည်။
ထန်ရှုက ခေါင်းညိတ်ပြပြီး ကျန်းရှင်းယာနှင့်အတူ ရှိနေကြသော ကလေးငါးယောက်ကို ကြည့်ကာ "ကလေးတွေ အိပ်ကြတော့။ ညနက်နေပြီ။ မနက်ဖြန် မနက်လေးနာရီမှာ အိပ်ယာထရမယ်။"
"ဟုတ်ကဲ့ပါ။"
ကလေးငါးယောက်က နာခံမှုအပြည့်ဖြင့် လိုက်နာသည်။ သူတို့၏ညစာစားချိန်တစ်ဝက်တွင် ကျန်းရှင်းယာနှင့်တွေ့ဆုံပြီး သူမ၏နူးညံ့ကြင်နာသော အမူအရာကို နှစ်သက်နေကြသော်လည်း ထန်ရှု၏အမိန့်ကို နားထောင်ကာ သက်ဆိုင်ရာ အခန်းများဆီသို့ ပြန်အိပ်ကြသည်။
“အစ်ကိုကြီးထန် … ငါတို့ရော…”
ယွဲ့ခိုင်က မေးလိုက်သည်။
ထန်ရှောင်ကျင်း၏အခန်းနှင့် ကျန်သောအခန်းများ ရှိသောဘက်သို့ ညွှန်ပြရင်း ထန်ရှုက ခေါင်းယမ်းလိုက်ကာ
"မင်း ဒီညတော့ ဒီမှာ နေလို့မရတော့ဘူး သူငယ်ချင်း။"
“ကောင်းပြီ။ ငါတို့ဟိုတယ်မှာ တစ်ညအိပ်လိုက်မယ်" ယွဲ့ခိုင်က အားတင်းပြုံးပြသည်။
“နောက်ပြီး ဒီနေ့ည ဒီကိုလာရတဲ့ အကြောင်းရင်းက မင်း တစ်ခုခု ဖြစ်ခဲ့သလားဆိုပြီး သိချင်ရုံပဲ။”
"ငါ မနက်ဖြန် ကျောင်းကို လာခဲ့မယ်။" ထန်ရှုက တည်ငြိမ်သော အပြုံးဖြင့် ပြောသည်။
"ကောင်းပြီ ဒါဆို ငါတို့ အရင်သွားလိုက်ဦးမယ်။ မနက်ဖြန်တွေ့မယ် သူငယ်ချင်း။"
ယွဲ့ခိုင် ခေါင်းညိတ်သည်။
ရုတ်တရက် မုဝမ်ရင် ရှေ့ကို တိုးလာသည်။ သူမက ထန်ရှုနှင့် ကျန်းရှင်းယာကို တစ်လှည့်စီ ကြည့်လိုက်ပြီး
"ထန်ရှု … ဟိုတယ်မှာ မိန်းကလေးတွေချည်းပဲ တည်းဖို့ အဆင်မပြေဘူး။ နင့်အိမ်မှာ တခြားအခန်းတွေ အများကြီး ရှိတယ်။ ငါတို့ကတော့ ဒီမှာနေဖို့ ပြဿနာမရှိဘူးမလား။"
“မင်းတို့ မိန်းကလေးတွေက လူနည်းတော့ ကျန်တဲ့အခန်းနှစ်ခန်းမှာ နေနိုင်တယ်။ မင်းတို့ ဒီကို လာတာလည်း ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတော့ ကြိုက်တဲ့အခန်း ရွေးလိုက်လေ။ ရှင်းယာနဲ့ငါ စာကြည့်ခန်းကို သွားလိုက်ဦးမယ်။”
ထန်ရှုက ပြောသည်။
တစ်မိနစ်အကြာတွင် ထန်ရှုနှင့် ကျန်းရှင်းယာသည် စာကြည့်ခန်းသို့ ရောက်လာသည်။ သူတို့ ထိုင်ပြီးနောက် ထန်ရှု၏အမူအရာမှာ လုံးဝ ပြောင်းလဲသွားသည်။ ကျန်းရှင်းယာ၏မျက်နှာထက်ရှိ တွေဝမေိန်းမောနေသော အမူအရာကို ကြည့်ပြီး ထန်ရှုသည် စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိဖွာရှိုက်လိုက်ရင်း ပြုံးတုံ့တုံ့ဖြင့်
“ပြောလေ ကြယ်ပွင့်လေး … မင်းက ငါ့ကို စကားပြောချင်တယ်လို့ ပြောတယ်။ အဲဒါက ဆင်ခြေပေးတာ မဟုတ်လား။ မင်းရဲ့ အမူအရာကို ကြည့်ရတာ ငါ့ကို ပြောစရာ စကားရှိတယ်လို့ မခံစားရဘူး။ မင်းက ငါနဲ့ ၂ယောက်တည်း နေချင်လို့ အကြောင်းပြချက်တစ်ခု ပေးလိုက်တယ်ဆိုတာ ရှင်းနေတာကြီး။ ပြောပါဦး ... မင်း ငါ့ကို သဘောကျနေတာများလား။"
ကျန်းရှင်းယာ အသိ ပြန်ဝင်လာပြီး ထန်ရှု၏စကားကို ကြားသော် မျက်ရည်များ ထွက်အောင်ရယ်မောရင်း မျက်ရည်များကြားမှ ပြန်ပြောသည်။
"ဒါက နင့်ကိုနင် အထင်ကြီးနေတာပဲ ထန်ရှု။ ငါ နင့်ကို အရမ်းလေးစားတယ်ဆိုပေမယ့်လည်း ချစ်ဖို့အတွက်တော့ အချိန် နည်းနည်းစောနေသေးတယ် ဆိုတာ နင် သိတယ်ဟုတ်။ ငါက တစ်ချို့ကိစ္စတွေကို တွေးနေတာပါ။”
"ဘာများလဲ။" ထန်ရှုက ပြုံးပြီး မေးသည်။
ကျန်းရှင်းယာ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး
"ငါက ပိုလှလား ဒါမှမဟုတ် မုဝမ်ရင်က ပိုလှလား။"
“မင်းက မေးရင် မင်း လှတယ်လို့ ငါ ပြောမှာ သေချာတယ်။ ငါ့ကို မေးတဲ့လူက မုဝမ်ရင်ဆိုရင် သူ့ကိုလည်း လှတယ်လို့ ငါ သေချာပေါက်ပြောမိမှာပဲ။ မင်းတို့နှစ်ယောက်က အတူတူ ရှိနေရင် မင်းတို့အားလုံးက ချောမောလှပတဲ့ မိန်းကလေးတွေလို့ ငါ ဖြေမယ်။”
ကျန်းရှင်းယာက ထန်ရှုအား ချစ်စရာကောင်းသည့် ဖြူဖြူစင်စင် မျက်လုံးများဖြင့် မျက်စောင်းပစ်ထိုးလိုက်ပြီး "နင်တို့ယောကျာ်းတွေအားလုံးက အတူတူပါပဲ။ လျှာအရိုးမရှိတိုင်း ပြောနေကြတာ။”
"ငါက အဲ့လိုစကားချိုချိုလေးတွေ မပြောလို့ မဖြစ်ဘူးလေ။ နုနယ်လှပတဲ့အမျိုးသမီးလေးတွေကို ငါ့စကားကြောင့် စိတ်ချမ်းသာစေချင်တာလေ။”ထန်ရှု ပြုံးစိစိဖြင့် ပြောလိုက်သည်။
ထိုစကားကို ပြောနေရင်း ထန်ရှု ရုတ်တရက် အံ့အားသင့်သွားမိပြီး သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ၏နှုတ်ခမ်းအား အယောင်ယောင်အမှားမှားဖြင့် ကိုင်မိသွားသည်။ သူ၏စာနာတတ်သော စိတ်ထားနှင့်စိတ်ပိုင်းဆိုင်ရာ ခံစားချက်များက ပိုမြင့်လာ၊ သို့မဟုတ် ပိုကောင်းလာသည်များလား။ ခုနက သူ ပြောလိုက်သော စကားများသည် သူ၏အတွေးထဲတွင် ထိုသို့ပြောရန် စိတ်ကူးမရှိသည်မှာ သေချာသည်။
ဖြစ်နိုင်သည်က…
ဒါများ ဖြစ်နိုင်လား … ယွဲ့ခိုင်၊ ဟူချင်းစုန့်တို့နှင့် အချိန် အများကြီး အတူတူရှိနေခဲ့သောကြောင့် ထိုသူများ၏ စိတ်နေအကျင့်စရိုက်များ လွှမ်းမိုးခံလိုက်ရလေသလား။
တော်သေးသည်။ ကျန်းရှင်းယာက ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ
"ဒီည နင် ဘာတွေ လုပ်ခဲ့တာလဲ ထန်ရှု။ ငါမေးတိုင်း မစ္စတာလျိုက အမြဲ လျှို့လျှို့ဝှက်ဝှက်နဲ့ စကားနည်းနည်းပဲ ဖြေလို့။ အဲ့ဒီအစွန်းရောက် အကြမ်းဖက်သမားတွေက အရမ်းကြောက်စရာ ကောင်းလွန်းတယ်။ သူတို့အားလုံး အပြစ်ပေးခံလိုက်ရပြီလား ဒါမှမဟုတ် တစ်ခုခုဖြစ်သွားတာလား။”
"အင်း … သူတို့အားလုံး သင့်တော်တဲ့ အပြစ်ဒဏ် ခံလိုက်ရပြီ။" ထန်ရှုက ဖြေသည်။
ကျန်းရှင်းယာ၏မျက်နှာထက်တွင် စိတ်ရှုပ်သွားသော အမူအရာဖြစ်သွားပြီး တခဏမျှ တုံ့ဆိုင်းသွားပြီးမှ
"ထန်ရှု … ငါ နင့်ကို တစ်ခုလောက် တောင်းဆိုချင်တာ နင် လိုက်လျောပေးနိုင်မလား။"
“ပြောကြည့်လေ။” ထန်ရှု ပခုံးတွန့်ကာ ပြောလိုက်သည်။
“ဒီနေ့ခေတ်လူ့အဖွဲ့အစည်းက ဥပဒေနဲ့အညီ အုပ်ချုပ်နေတာလေ။ နင့်ရဲ့ကမ္ဘာနဲ့ ငါနေထိုင်တဲ့ ကမ္ဘာကြားက ခြားနားချက်ကို ငါ မသိနိုင်ပေမယ့် ဘယ်သူ့ကိုမှ နင် စိတ်ထင်တိုင်း မသတ်ဖို့ ငါ နင့်ကို ဖျောင်းဖျချင်တယ်။ နင်ကိုယ်တိုင်က အလွန်အားကောင်းသလို နင့်ဆီမှာ အလားတူ အားကောင်းလွန်းတဲ့လူတွေ ရှိတာလည်း ငါ သိတယ်။ ဒါပေမယ့် ဒီနိုင်ငံက ပိုင်ဆိုင်တဲ့ အချို့အရာကြီးတွေနဲ့ ယှဉ်ရင် နင် နိမ့်ကျနေသေးတယ်။ ငါ ကြောက်တာက ... တစ်နေ့ နင် တစ်ခုခု ဖြစ်သွားမှာကို ငါ ကြောက်တယ်။"
“မင်း ပြောတာကို ငါ နားလည်တယ်။ တကယ်ပြောတာပါ။" ထန်ရှု ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ဒါပေမဲ့ ငါ သတ်ခဲ့တဲ့သူတွေက သေသင့်သေထိုက်သူတွေလို့ ငါ ရိုးရိုးသားသား ပြောနိုင်တယ်။ ဥပမာ ဒီတစ်ခေါက်ကိစ္စကိုပဲ ကြည့်။ ငါ့လူတွေရဲ့လက်နဲ့သေတဲ့လူတွေ အများကြီးရှိပေမယ့် နှစ်ဖက်စလုံးက ကွပ်မျက်သူတွေဖြစ်ပြီး လက်တွေက သွေးတွေစွန်းနေကြပြီးသား။ ငါ့လူတွေသာ မရှိရင် မင်းရဲ့ဖျော်ဖြေပွဲက ကမ္ဘာ့ငရဲဖြစ်သွားလိမ့်မယ်။ အနည်းဆုံး လူပေါင်း သောင်းနဲ့ချီ သေကြေပျက်စီးကြမှာဖြစ်တဲ့အပြင် ကမ္ဘာလှည့်ခရီးသည်အများအပြားကလည်း လေဆိပ်မှာ သေဆုံးကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဟောင်ကောင်က လူတွေကို ငါ သတ်ခဲ့တဲ့အကြောင်းကို ပြန်သွားကြရအောင်။ ငါ သူတို့ကို သတ်ရတဲ့ အကြောင်းရင်းကို ပြောရရင် သူတို့အများစုက လူ့အသက်များစွာကို သတ်ပြီး သူတို့ကြောင့် လူပေါင်း များစွာ ဒုက္ခရောက်ခဲ့ကြတယ်။ လူကောင်းများစွာကို ကယ်တင်နိုင်ဖို့ လူဆိုးတစ်ယောက်ကို ငါ သတ်မယ်။ အခု ငါ့ကို ဖြေပါဦး … ငါ သတ်သင့်တယ်လို့ မင်းထင်သလား၊ မထင်ဘူးလား။"
"ဒါပေမယ့်... ရဲတွေမရှိဘူးလား။" ကျန်းရှင်းယာက မေးသည်။
“ရှိတယ်။ တကယ်တော့ ရဲတွေ ရှိတာပေါ့။ ဒါပေမယ့် မသတ်ပစ်ဘဲ အဲ့ဒီလူတွေကို ဘာကြောင့် အသက်ရှင် နေထိုင်ခွင့် ပေးရဦးမှာလဲ။ အသိတရား ရကြမှာ မဟုတ်တဲ့လူတွေဆိုတော့ သူတို့ကျူးလွန်တဲ့ မကောင်းမှု အမျိုးမျိုးအတွက် အပြစ်ပေးခံဖို့ မထိုက်တန်ဘူးလား။”
ထန်ရှု ထောက်ပြလိုက်သည်။
“ဒါ…”
ကျန်းရှင်းယာ ပြန်လည်မချေပနိုင်ဖြစ်နေသည်။
ထန်ရှုက စီးကရက်ကို ဖွာရှိုက်လိုက်ပြီး
"ရှင်းယာ … စိတ်အေးအေးထား။ မင်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ကြင်နာမှုကို ငါ ခံစားမိပါတယ်။ နှလုံးသားနဲ့ သိနားလည်ပြီး လူကောင်းတွေကို ဘယ်တော့မှ မထိခိုက်စေရဘူးဆိုတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ငါ နေထိုင်ပါတယ်။ ဒါတင်မကဘူး သူတို့ကို ကူညီဖို့လည်း ငါ အစွမ်းကုန် ကြိုးစားမှာပါ။ ဒါပေမယ့် လူဆိုးတွေအတွက်တော့ မလုပ်နိုင်ဘူး။ ဘယ်သတင်းကမှ မဖော်ပြတဲ့ လူဆိုးတွေဆိုရင် ငါ အပြတ်ရှင်းပစ်မယ်။ ဒါပေမယ့် သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြဖို့ အလားအလာ ရှိတဲ့သူမျိုးဆိုရင်တော့ ဥပဒေဘောင်အတွင်းက တရားစီရင်စေဖို့ မီးတောက်ထဲ လောင်စာထည့်တာမျိုးလို တခြားနည်းလမ်းတွေကို သဘာဝကျကျ ငါ စဉ်းစားရလိမ့်မယ်။”
ကျန်းရှင်းယာက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏မျက်နှာထက်တွင် အပြုံးချိုချိုလေးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ပြရင်း
“နင့်နှလုံးသားထဲမှာ ဘာတွေ ရှိတယ်ဆိုတာ နင် ကောင်းကောင်း သိတယ်။ နင် ငါ့ကို အကြိမ်ကြိမ် ကူညီဖူးတယ်ဆိုတာလည်း ငါ သိတယ်။ ငါ့စိတ်ထဲမှာ နင်ကလည်း လူလူ့လို အရေးကြီးတဲ့လူတစ်ယောက်ပါ။ ဒါကြောင့် နင်တို့ကို ငါ တကယ် တန်ဖိုးထားတယ်။"
ထန်ရှုက အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
"အိုးရန်လူလူ … ဒီည ဘာလို့ ဒီလောက် ငြိမ်နေတာလဲ။ သူ့စိတ်သဘာဝအရဆိုရင် ဒီမှာ ရှိသင့်တယ် မဟုတ်လား။"
***