စကားပြောသော တစ်ညတာ
Vol. 10 Ch. 478
"ဖျော်ဖြေပွဲမစခင်က လူလူ ငါ့ဆီ ဖုန်းဆက်တယ်။" ကျန်းရှင်းယာက တခိခိ ရယ်ရင်း
“အရေးတကြီးကိစ္စရှိလို့ ဖျော်ဖြေပွဲကို သူ မလာနိုင်တော့ဘူးတဲ့။ ဒါပေမယ့် ဖျော်ဖြေပွဲပြီးရင် ငါ့ကို လာတွေ့မယ်လို့ သူ ကတိပေးထားတယ်။ ငါ နင့်အိမ်ကို လာမယ်ဆိုတာကိုလည်း သူ သိတယ်။ ဒီကို အမြန်လိုက်လာလိမ့်မယ်။"
“လူလူက သူ့ရဲ့ရည်ရွယ်ချက်ကို မရှင်းပြဘဲ ရှန်ဟိုင်းကို လာပြီး ဘာတွေ လျှို့ဝှက်ပြင်ဆင်နေတာလဲဆိုတာ ဘုရားမှပဲ သိတော့မယ်။ သူ ဘာလုပ်နေလဲ မင်းရော သိလား။" ထန်ရှုက မေးလိုက်သည်။
"ငါ မသိဘူး။ နောက်ရက်အနည်းငယ်ကြာရင် ငါ အံ့အားသင့်သွားမှာ သေချာတယ်လို့ သူ ပြောတယ်။” ကျန်းရှင်းယာက ခေါင်းယမ်းရင်း ပြောခဲ့သည်။
"အာ … ဒါဆို မေ့လိုက်ကြတောပေါ့။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“လူလူက လျှို့ဝှက်လုပ်ဆောင်ရတာကို နှစ်သက်တော့ သူ့စိတ်ကြိုက် လုပ်ပါစေ။ ဒါနဲ့ ညအချိန်က ပျော်စရာ ကောင်းသေးတယ်။ မင်း ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ ဘာလုပ်စရာရှိသေးလဲ။ ဒီမှာပဲ တစ်ည အိပ်မလား ဒါမှမဟုတ် မင်းရဲ့မန်နေဂျာနဲ့ ပြန်သွားမှာလား။”
“အာ … ဖျော်ဖြေပွဲပြီးသွားပေမယ့် ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဘောတူညီချက်ကို အပြီးသတ်ဖို့ လိုသေးတယ်။ ဒီညတော့ နင့်အိမ်မှာ ဆက်နေလို့ မရဘူး။ ဒါပေမယ့် လီလောင်ရှန်းက မနက်ဖြန်နေ့လည်စာအတွက် နင့်ကို ရက်ချိန်းယူပြီးပြီဆိုတော့ ငါတို့ မနက်ဖြန်ညစာ အတူတူ စားကြရအောင်။”
“အေးပါ။ ဒီတလော အထူးစားသောက်ပွဲတွေ အများကြီး ရှိနေပြီဆိုတာ သိလိုက်ရပြီ။ မနက်ဖြန်ညမှာ မထင်မှတ်ထားတာတွေ ဖြစ်မလာဘူးဆိုရင် ထာဝရခန်းမမှာ ငါတို့ထမင်းစားကြမယ်။”
သူတို့၂ဦး ပထမထပ်သို့ရောက်သောအခါ ကျန်းရှင်းယာ၏ မန်နေဂျာမှလွဲ၍ မုဝမ်ရင်သည် မအိပ်သေးဘဲ ငြိမ်သက်စွာထိုင်ကာ ဖက်ရှင်မဂ္ဂဇင်းများ ဖတ်နေသည်ကို တွေ့လိုက်ရသဖြင့် ထန်ရှု အံ့သြသွားရသည်။ ကျန်းရှင်းယာတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ထန်ရှုသည် ဧည့်ခန်းသို့ ပြန်လာပြီး မုဝမ်ရင်အား
"မင်း ဘာလို့ မအိပ်သေးတာလဲ။"
“ငါ အိပ်မပျော်လို့။” မုဝမ်ရင်က ခပ်ဖျော့ဖျော့ ပြုံးကာ ပြောသည်။
ထန်ရှုက သူမ၏မျက်စောင်းထိုးနားက ခုံတွင် ထိုင်လိုက်ပြီး
"မင်း ဗိုက်ဆာလား။ ငါနဲ့ အပြင်ထွက်ပြီး တစ်ခုခု စားကြမလား။"
"နင် စားပြီးပြီ မဟုတ်ဘူးလား။" မုဝမ်ရင်က အံ့သြစွာ ပြန်မေးလိုက်သည်။
"မင်း ရောက်မလာခင်က ငါ နည်းနည်းစားပြီး ဝိုင်နှစ်ခွက်ပဲ သောက်ရသေးတယ်။ နောက်တော့ ဘာဖြစ်သွားလဲ မင်း သိတာပဲ။ အခုထိ မစားရသေးဘူး။" ထန်ရှုက အားတင်းပြုံးပြီး ပြန်ဖြေသည်။
"ဟုတ်ပြီ။ ညဈေးမှာ သွားစားကြတာပေါ့။" မုဝမ်ရင် ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ဒီနားလေးမှာ ညဈေးတန်းရှိတယ်။ အဲ့ဒီက အသားကင် တော်တော်ကောင်းတယ်။ ငါလည်း မသောက်တာ ကြာပြီဆိုတော့ ဒီည ဘီယာသောက်ချင်တယ်။"
"ကျန်းရှင်းယာရဲ့ဖျော်ဖြေပွဲက ပျော်စရာကောင်းလား။ နောက်မှအချိန်ရရင် ငါတို့နဲ့ သီးခြားဖျော်ဖြေပွဲတစ်ခု လုပ်ဖို့ ရှင်းယာကို ငါတို့နဲ့အတူ ကေတီဗွီကိုခေါ်ပြီး သီချင်းဆိုခိုင်းရမယ်။"
ထန်ရှုက ပြုံးရင်း ပြောသည်။
မုဝမ်ရင်က ခေါင်းယမ်းလိုက်ပြီး
“ဆန့်ကျင်ဘက်ပဲ။ ရိုးရိုးသားသားပြောရရင် ငါ အဲ့ဒီမှာ ပျော်စရာ မခံစားခဲ့ရတဲ့အပြင် နည်းနည်းတောင် ငြီးငွေ့စရာ ကောင်းတယ်။ ဒီညသောက်ချင်ရတာကလည်း ငါ့ရဲ့စိုးရိမ်စိတ်တွေကို အရက်ထဲ နှစ်မြုပ်ပစ်ချင်လို့ပဲ။”
"စိုးရိမ်စရာတွေ ရှိနေလို့လား။" ထန်ရှုက စိတ်ဝင်တစား မေးသည်။
“လူတွေက ပြောကြတယ် ငယ်ရွယ်တဲ့သူတွေက စိုးရိမ်မှုအရသာဆိုတာ ဘယ်လိုမှန်း မသိကြဘူးလို့ ပြောကြတယ်။ မင်းက ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဘာတွေ စိုးရိမ်စရာတွေ ရှိနေတာလဲ။"
"သွားရအောင်။ ညဈေးမှာ လျှောက်ကြည့်ရင်း စကားပြောကြတာပေါ့။” မုဝမ်ရင်က ပြောလိုက်သည်။
ဆယ်မိနစ်အကြာတွင် ထန်ရှုနှင့် မုဝမ်ရင်သည် အနီးနားရှိ ညဈေးလမ်းသို့ ရောက်လာသည်။ အချိန်နောက်ကျနေပြီဖြစ်သော်လည်း ညဈေးလမ်းသည် စည်ကားစိုပြေနေဆဲရှိသေးသည်။ အမျိုးသား အမျိုးသမီး အများအပြားသည် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လေဟာပြင် အသားကင်ဆိုင်များတွင် ထိုင်ကာ ရယ်မောပျော်ရွှင်စွာ စကားပြောရင်း စားသောက်နေကြသည်။
သို့သော်လည်း သူတို့၂ယောက်၏ရောက်ရှိလာမှုသည် လူအများ၏အာရုံစိုက်မှုကို ရရှိထားဆဲဖြစ်ပြီး အာရုံစိုက်မှု အများစုသည် မုဝမ်ရင်အပေါ်တွင် ဖြစ်သည်။
"သူဌေး … ဆိတ်သားကင် အချောင်းနှစ်ဆယ် ပေးပါ။ နောက်ထပ်လည်း ထပ်ကင်ထားပေးဦး ..." မုဝမ်ရင်က ဆိုင်ပိုင်ရှင်ကို နှုတ်ဆက်ပြီး ထန်ရှုအား လူရှင်းသောထောင့်တစ်နေရာရှိ စားပွဲတစ်ခုဆီသို့ ဆွဲခေါ်လာသည်။
ထန်ရှုက ထူးဆန်းသောအမူအရာဖြင့်
"မင်းက ဒီနေရာနဲ့ ရင်းနှီးနေပုံပဲ။ ဒီကို ခဏခဏ လာတာလား။"
“ငါ ဒီကို အဆောင်ညီအစ်မတွေနဲ့ အတူတူ ခဏခဏ ရောက်ဖူးတယ်။ ဒါပေမယ့် အချိန်မတော်မှ လာတာကတော့ ဒါ ပထမဆုံးပဲ။”
ထန်ရှုက ပြုံးပြီး နောက်ထပ်မှာယူလိုက်သည်။ ထို့နောက် အသားကင်ဆိုင်ပိုင်ရှင်မှ လာချပေးသော ဘီယာနှစ်ပုလင်းကို ဖွင့်ကာ ဖန်ခွက်နှစ်လုံးထဲ လောင်းထည့်ပြီးနောက် သူက အပြုံးဖြင့်
“ကောင်းပြီ။ အခု မင်း ဘာတွေ စိုးရိမ်စရာ ရှိနေတယ်ဆိုတာ ငါ့ကို ပြောပြ။”
မုဝမ်ရင်က “ငါ့မှာ စိုးရိမ်စရာအချက်နှစ်ချက် ရှိတယ်။”
"အဲ့ဒါတွေက ဘာတွေလဲ။" ထန်ရှုက စိတ်ဝင်တစား မေးသည်။
“ပထမအချက်က ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ဖို့။ ဒုတိယအချက်ကတော့ စီးပွားရေးလောကထဲကို ဝင်ဖို့။” မုဝမ်ရင်မှ ဖြေသည်။
ထန်ရှုက မုဝမ်ရင်အား ထူးဆန်းနေဟန်ဖြင့် ကြည့်ကာ ကြောင်အအဖြစ်နေသည်။
“ဝမ်ရင် … မင်းက ပေကျင်းရဲ့ နံပါတ်တစ်အလှလေးဖြစ်ပြီး ရှန်ဟိုင်းတက္ကသိုလ်ရဲ့ နံပါတ်တစ်မိန်းမလှလေးဆိုလဲ ဟုတ်တယ်။ အိမ်ထောင်ပြုဖို့ ဘာ စိုးရိမ်စရာ ရှိလဲ။ မင်း ငါ့ကို လာနောက်နေသလိုပဲနော်။ မင်းအတွက် တန်းစီနေတဲ့ အမျိုးသားတွေထဲက ကြိုက်တဲ့လူကို ခေါင်းခေါက်ရွေးဖို့ပဲ လိုတာမလား။"
မုဝမ်ရင်က ထန်ရှုအား အလွန်လေးနက်သော အကြည့်ဖြင့် ကြည့်ပြီး ဘီယာခွက်အား မော့သောက်လိုက်သည်။ ဖန်ခွက်ကို ချလိုက်ပြီးနောက် သူမက
“ငါ့စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ အမျိုးသားလေးက ခုထိ တစ်ယောက်ပဲ ရှိသေးပေမယ့် သူ့ပတ်ဝန်းကျင်မှာ လှပတဲ့ မိန်းကလေးတွေက အများကြီးပဲ။ အဲဒီထဲက တစ်ယောက်က ငါ့ကို ဖိအားတွေ ဖြစ်စေတယ်။”
"အဲ့ဒီလူက ဘယ်သူလဲ။" ထန်ရှု တအံ့တသြ မေးလိုက်သည်။ သူ မေးလိုက်ပြီးနောက် ချက်ချင်းဆိုသလို တခုခုကို သဘောပေါက်သွားသဖြင့် စိတ်ထဲတွင် မချိပြုံး ပြုံးလိုက်သည်။
သူက အနေရခက်သည်ကို ရှောင်ရန် အလျင်စလို စကားပြောင်းလိုက်ပြီး
“ယောက်ျားတစ်ယောက်ကို ရှာရတာ သိပ်အရေးမကြီးပါဘူးကွာ။ မင်းက ငယ်သေးတာပဲ။ လိုက်ဖက်တဲ့ ယောက်ျားကောင်းတွေနဲ့ တွေ့ဖို့ အချိန်တွေ အများကြီး ကျန်သေးတယ်။ ဒါနဲ့ စီးပွားရေးအကြောင်း ပြောရင် မင်းကိုယ်တိုင် စီးပွားရေးတစ်ခု လုပ်နေတာမဟုတ်ဘူးလား။"
မုဝမ်ရင်သည် ထန်ရှု၏အတွေးအား ရိပ်မိသောကြောင့် စိတ်အတွင်းထဲမှ တိတ်တဆိတ် သက်ပြင်းချမိသည်။ ထန်ရှုက ထိုအကြောင်းကို ဆက်မပြောချင်တော့ဟန် ရှိသောကြောင့် သူမလည်း ဆက်မပြောတော့ဘဲ
“ဟုတ်တယ်။ အထက်တန်းကျောင်းကတည်းက အသေးစားစီးပွားရေးလုပ်ငန်းလေးတွေ လုပ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် ထောက်ပံ့နိုင်တဲ့ ဝင်ငွေ ဆိုပေမယ့် တီယန်ကျင်းမြို့မှာ နင်နဲ့ တွေ့တဲ့အချိန်က ငါ့လုပ်ငန်းက ဒေဝါလီခံရခါနီးနေပြီ။ နွေရာသီအားလပ်ချိန်တုန်းက တခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံခဲ့သေးတယ်။ လုပ်ငန်းအစပိုင်းကတော့ အရာအားလုံးက အရမ်းခက်ခဲတယ်လေ။ ဒီလုပ်ငန်းကလည်း အလားတူ ဖြစ်တာပါပဲ။”
"အဲ့ဒါက ဘာစီးပွားရေးလဲ။" ထန်ရှု မေးလိုက်သည်။
“ဒါက အဝတ်အထည်လုပ်ငန်းပဲ။” မုဝမ်ရင်က ဖြေသည်။
"အဝတ်အထည်လုပ်ငန်းအကြောင်း ငါ သိပ်မသိဘူး။" ထန်ရှုက ခေါင်းညိတ်ပြီး မချိပြုံးဖြင့်
“အဲ့ဒါကြောင့် ငါ မင်းကို အများကြီး ကူညီနိုင်မယ်မထင်ဘူး။ မင်း အရင်းအနှီးနည်းရင်တော့ ငါ့ကို ပြောလေ။ အခု ငါ့လက်ထဲမှာ ပိုက်ဆံ အများကြီး မရှိပေမယ့် မင်းကို ဒီကိစ္စလေး ကူညီတာလောက်ကတော့ ပြဿနာမရှိပါဘူး။”
“ငါ ဒေဝါလီခံရပေမယ့် ရင်းနှီးမြုပ်နှံဖို့ ငွေ အလုံအလောက် မရှိတာမဟုတ်ပါဘူး။ ငါ ဖြစ်နေတဲ့ ပြသနာက တစ်စုံတစ်ယောက်က ငါ့ကို ဖိအားတွေ အရမ်းပေးနေတာကို ခံစားနေရတာ။ ငါ ငွေကို အသည်းအသန် မရှာရင် ငါနဲ့ သူကြားက ကွာဟချက်က ပို ပိုပြီး ကြီးလာမယ်။ အဲ့ဒီအခြေအနေက ငါ ရင်ဆိုင်ရတာ အရမ်းမုန်းတဲ့ အခြေအနေပဲ။”
"ဘယ်သူလဲ။" ထန်ရှုက မေးလိုက်သည်။
"အဲ့ဒါ နင်လေ။" မုဝမ်ရင်က ဖြေသည်။
ထန်ရှု အံ့အားသင့်ကာ ကြောင်အအ ဖြစ်သွားရပြန်သည်။ သူက အားရပါးရ ထရယ်လိုက်ပြီး
“ကိုယ့်ကိုကိုယ် ငါနဲ့ မနှိုင်းပါနဲ့။ ငါ ရထားတဲ့ ငွေတွေရဲ့ မူလဇစ်မြစ်က ပြဿနာတချို့ ရှိတယ်။ ဒါပေါ့ … သူတို့က တရားမဝင်ရထားတာမျိုးတော့ မဟုတ်ပါဘူး။ ဘယ်လိုပြောရမလဲဆိုရင် ညမြက်တွေ စားပြီး ဝလာတဲ့ မြင်းတွေလိုပါပဲ။ လူတစ်ယောက်က ကံကြမ္မာအချိန် မကျသေးဘူးဆိုရင် မချမ်းသာနိုင်သေးဘူးလေ။ ငါ့ရဲ့ကံကြမ္မာက အချိန်ကျလာလို့သာ အရင်းအမြစ်တွေ အများကြီးရှိလာတာလို့ ဆိုရမယ်။”
မုဝမ်ရင်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက တခိခိရယ်ရင်း
"ဒါဆို ငါလည်း နင်နဲ့အတူ တစ်လှေတည်းစီးရင် ချမ်းသာနိုင်မလား။"
"တကယ်တော့ ငါက အဲ့ဒီလိုချမ်းသာတာမျိုး တကယ် မလိုချင်ခဲ့တာပါ။ တချို့အရာတွေက ငါ့ကို လက်ဆောင်ပေးတာဆိုတော့ ငြင်းစရာ အကြောင်းလည်း မရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါတို့တွေက ရိုးရိုးသားသားနဲ့ စိတ်ထားမှန်တဲ့ လူတွေမလား။ ငါကတော့ ဘေးကင်းလုံခြုံပြီး ချောချောမွေ့မွေ့နဲ့ ငွေရှာတဲ့နည်းကိုပဲ အမြဲစဉ်းစားတယ်။”
“နင်မှ မလုပ်ချင်တော့ရင် မေ့လိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့နောက်မေးခွန်းတစ်ခုကို ဂရုစိုက်ဖြေပါဦး။" မုဝမ်ရင်က ပြုံးပြီး မေးသည်။
"ပြောပါ။" ထန်ရှုက ပြုံးပြီး ပြန်ပြောသည်။
“လက်ရေးလှစာပန်းချီနဲ့ ပန်းချီရေးဆွဲတဲ့နေရာမှာ နင်က အထွတ်အထိပ်ထိ အောင်မြင်ပြီးပြီဆိုတာ ငါ သိတယ်။ ဂီတနယ်ပယ်မှာဆိုလည်း အနုပညာပါရဂူအဆင့်ထိ နင် အောင်မြင်ခဲ့တယ်ဆိုတာလည်း ငါ သိပြီးသား။ စောင်းတီး၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီတွေကို ကျွမ်းကျင်တယ်လို့ နင် ပြောဖူးသလို ကဗျာလင်္ကာတွေနဲ့ သီချင်းစပ်ဆိုရာမှာလည်း ကျွမ်းကျင်တယ်လို့ နင် ပြောဖူးတာကို ငါ တစ်ခါ ကြားဖူးထားတယ်။ အဲ့ဒါတွေကရော ဇီသာ၊ လက်ရေးလှ၊ ပန်းချီရေးဆွဲရာမှာ ကောင်းသလိုမျိုး ကောင်းတာလား။”
ထန်ရှုက ယုံကြည်ချက်ရှိစွာဖြင့်
"အသိပညာဗဟုသုတဆိုတာ အတိုင်းအဆမရှိ ကျယ်ပြောပြီး သူ့ထက်သူ ပိုကောင်းတဲ့ လူတစ်ယောက်ကလည်း အမြဲရှိတယ်လို့ ပြောကြပေမယ့်လည်း ငါ့ပြိုင်ဖက်နဲ့တော့ ဘယ်တော့မှ မဆုံနိုင်ဘူးလို့ ငါ ယုံတယ်။"
မုဝမ်ရင်၏မျက်လုံးများ အရောင်လက်သွားကာ အပြုံးဖြင့်
“ဒါတွေအပြင် နင် ဘာတွေ ကျွမ်းကျင်သေးလဲ။”
“ငါ့မှာ အများကြီးရှိတယ်။ ငါ ပြောချင်တာက တခြားအရည်အချင်းတွေကို ပြောတာပါ။” ထန်ရှုက ရယ်ကြကြဲဖြင့် ပြောလိုက်သည်။
“အချိန်ကြာလာတာနဲ့အမျှ အဲ့ဒါတွေကို မင်း သိလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခွက် မော့လိုက်ရအောင်။ အသားကင်ချောင်းတွေ လာတော့မယ်ဆိုတော့ လည်ချောင်းကို အရင် ရှင်းထားရမယ်။"
“ဟ.ဟ.။” မုဝမ်ရင်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
အပြန်လမ်းတွင် ထန်ရှု၏စိတ်ထဲတွင် မုဝမ်ရင်၏အရက်စကေးအား ပိုမို လေးစားသွားရသည်။ သည်မိန်းကလေးသည် ဘီယာသုံးပုလင်း သောက်ထားသည့်တိုင် သူမ၏လှပသည့် မျက်နှာလေးသည် ဖြူဖျော့ခြင်း သို့မဟုတ် နီရဲခြင်း ရှိမနေပါချေ။ သူမ စကားပြောစဉ်အချိန်တွင်သာ သူမ၏ပါးစပ်မှ ဘီယာနံ့ အနည်းငယ် ထွက်လာ၍သာ သောက်ထားသည်ဟု သိရပေမည်။
နောက်တစ်နေ့ မနက် ၄ နာရီတွင် ထန်ရှု အိပ်ရာက ထပြီး ထန်ရှောင်ကျင်းနှင့် ကျန်သော ကလေးများကို နှိုးလိုက်သည်။ ယခင်က ထိုကလေးများ လေ့ကျင့်ခဲ့သော ကိုယ်ခံပညာကို သိရှိစေရန် ခြံထဲတွင် လေ့ကျင့်ခိုင်းလိုက်သည်။
"မင်းတို့ရဲ့အခြေခံက ကောင်းတယ်။ မွေးစားခဲ့တဲ့ အဘိုးက မင်းတို့ကို ကောင်းကောင်း လေ့ကျင့်ပေးထားခဲ့တာပဲ။ ဒီနေ့တော့ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ပျော့ပြောင်းစေတဲ့ နည်းစနစ်တစ်စုံကို သင်ပေးမယ်။ အဲ့ဒီအထဲမှာ စုစုပေါင်း လှုပ်ရှားမှု ၃မျိုးနဲ့ ပုံစံ၂၇မျိုးသာ ပါရှိတယ်။ အဲ့ဒါက အတော်ရိုးရှင်းတဲ့ ခန္ဓာကိုယ်နည်းစနစ်တစ်ခုပဲ။ မင်းတို့ ငါးယောက်လုံး အခြားသူတွေကို လျှို့ဝှက်ပြီး သင်ပေးလို့မရဘူး။ အဲ့ဒီလှုပ်ရှားမှုသုံးရပ်ကို နံနက်တိုင်း ညနေတိုင်း လေ့ကျင့်ရမယ်။ သေချာကြည့်ထား။"
ထန်ရှုသည် ကလေးငါးဦးအား အင်မော်တယ်ကမ္ဘာမှ အလွန်သာမာန်ဆန်သော ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ပျော့ပြောင်းစေသည့် နည်းစနစ်ကို သင်ပေးခဲ့သည်။ ထိုကလေးများသည် အလွန်နှေးကွေးစွာ လေ့ကျင့်ခြင်းကြောင့် ထန်ရှုသည် ဆယ်ကြိမ်ထက်မနည်း လမ်းညွှန်ပြခဲ့ပြီး သူတို့၏အမှားများကို နှစ်နာရီနီးပါးကြာအောင် အလေးအနက်ထား ထောက်ပြပေးခဲ့သည်။ အရှေ့မိုးကုပ်စက်ဝိုင်းမှ အရုဏ်ဦးဆည်းဆာ ပေါ်ထွက်လာသောအခါ နောက်ဆုံးတွင် ထိုကလေးများသည် ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ပျော့ပြောင်းစေသည့် နည်းစနစ်အား လုံး၀ ကျွမ်းကျင်သွားကြပြီဖြစ်သည်။
“မုဝမ်ရင် … မင်း ငါ့ရဲ့ နည်းစနစ်ကို ခိုးသင်ပြီးသွားပြီလား။ ဆက်မအိပ်ချင်ရင် ကျန်သုံးယောက်ကို နှိုးလိုက်တော့။ ငါ မနက်စာသွားဝယ်တာကို စောင့်ပြီးရင် မနက်စာစားပြီး ကျောင်းကို သွားကြမယ်။”
ထန်ရှုက အိပ်ခန်းပြတင်းပေါက်တစ်ခုဆီသို့ လှမ်းအော်လိုက်သည်။
အိပ်ခန်းအတွင်း ပြတင်းပေါက်ရှေ့တွင် မုဝမ်ရင်၏ လှပသောမျက်နှာလေးသည် ရှက်စိတ်ကြောင့် နီရဲနေသည်။ သူမသည် အအိပ်ဆတ်သောကြောင့် ထန်ရှုနှင့် ကလေး၅ယောက်၏အသံများသည် သူမအား နိုးလာစေသည်။ ထန်ရှုက ထန်ရှောင်ကျင်းတို့အား ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ပျော့ပြောင်းစေသည့် နည်းစနစ်အား သင်ပေးနေသည်ကို သူမ မြင်လိုက်ရသဖြင့် အဝတ်အစားများလဲကာ ပြတင်းပေါက်မှာ မှီကာ ကြည့်နေမိသည်။ သူမသည် အစပိုင်းတွင် သူတို့အား ရယ်မောစွာ ကြည့်ခဲ့သော်လည်း ပိုကြည့်မိလေ၊ သူမ သည်းမခံနိုင်တော့ဘဲ ထိုနည်းစနစ်အား သင်ယူမိချင်လေလေ ဖြစ်လာသည်။
တကယ်တော့ သူမသည် လွန်ခဲ့သော တစ်နာရီကတည်းက ထန်ရှု ပြသခဲ့သော လှုပ်ရှားမှုသုံးရပ်နှင့် ပုံစံနှစ်ဆယ့်ခုနစ်မျိုးကို အလွတ်ကျက်မှတ်ထားပြီးနောက် ပြတင်းပေါက်ရှေ့တွင် ငြိမ်သက်စွာ လေ့ကျင့်နေခဲ့သည်။
"ငါ့ကို စောင့်ဦး။ ငါ သူတို့ကို နှိုးထားခဲ့ပြီး နင်နဲ့လိုက်ခဲ့မယ်။”
မုဝမ်ရင်က နီရဲနေသောမျက်နှာလေးဖြင့် ပြန်ပြောကာ ပြတင်းပေါက်မှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
****
ထန်ရှု နှင့် မုဝမ်ရင်တို့ များပြားစွာ ဝယ်ယူလာမှုကြောင့် မနက်ခင်း စားသုံးရန် မနက်စာများသည် စုံလင်နေတော့သည်။ ထန်ရှောင်ကျင်းတို့အဖွဲ့သည် ကြီးထွားဆဲအရွယ် ဖြစ်သောကြောင့် ထန်ရှုသည် ထိုကလေးများအတွက် လောလောလတ်လတ် ချက်ပြုတ်ထားသော အမဲသားဆန်ပြုတ်ကိုပင် ဝယ်လာခဲ့သည်။
မနက်စာစားပြီးနောက် ထန်ရှောင်ကျင်းနှင့် ကလေးလေးဦးကို အိမ်တွင် နေရန် ထန်ရှု မှာကြားသည်။ အတန်းတက်ပြီးပါက သူ ပြန်လာမည်ဖြစ်ပြီး ကလေးများအား အဝတ်အစား၊ စာအုပ်များနှင့် နေ့စဉ်သုံးပစ္စည်းများဝယ်ရန် ခေါ်ဆောင်သွားမည်ဟု ပြောပြီးနောက် မုဝမ်ရင်တို့ လေးယောက်အဖွဲ့နှင့်အတူ ကျောင်းသို့ တက္ကစီတစ်စီးဖြင့် အမြန်သွားခဲ့သည်။
***