← Chapters

နှိမ့်ချ၍ မထီမဲ့မြင်ပြုခြင်း

Vol. 10 Ch. 480

နှိမ့်ချ၍ မထီမဲ့မြင်ပြုခြင်း

Vol. 10 Ch. 480

ကျောင်းသားများ၏စိတ်သည် တကယ်ကို ရိုးရိုးရှင်းရှင်းပင်။ အထူးသဖြင့် တက္ကသိုလ်စတက်ခါစ ကျောင်းသားများသည် အချို့သော ကျောင်းနေဖက် အပေါင်းအဖော်များကြောင့် လမ်းမှားလိုက်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများ၏လွှမ်းမိုးမှုကို ခံရကာ မိုက်မဲကြခြင်း စသည်တို့ မရှိကြသေးပေ။ အစားအသောက် ဒကာခံမည် … စသော သည်ကဲ့သို့ အသေးအဖွဲလေးကပင် သူတို့အား ပြုံးပျော်ကျေနပ်အောင် လုပ်နိုင်ပေသည်။

ယွဲ့ခိုင်က ရှန်ဟိုင်းဒေသခံသူဌေးလေး ဖြစ်သည်ဟူသော အချက်အား အတန်းထဲကလူတိုင်း ကောင်းစွာသိသည်။ အမှန်လည်း ဘီအမ်ဒဗလျူကားမောင်းကာ ကျောင်းလာတက်သော တက်သစ်စတက္ကသိုလ် ကျောင်းသားဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ ဖြစ်သည်။

သို့သော် ယွဲ့ခိုင်အား ပိုက်ဆံရှင်းစေသည့် ထန်ရှု၏နည်းလမ်းမှာ သူသည်လည်း အခြားသူများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဖြစ်သည်။

သည်မနက် သင်ကြားသည့်အတန်းက ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ ထန်ရှုသည် အတန်းဖော်များ၏ရွှင်မြူးသောပတ်ဝန်းကျင်တွင် နားနားနေနေ အချိန်ပေးလိုက်ပြီးနောက် ကျောင်းစာကြည့်တိုက်သို့ သွားခဲ့သည်။

စာကြည့်တိုက်ကတ်အတွက် သူ၏လျှောက်ထားချက်ကို အတည်ပြုပြီးဖြစ်သဖြင့် စာအုပ်အချို့ကို ငှားကာ ကျောင်းဝင်းထဲမှ အမြန်ထွက်ခွာလာခဲ့သည်။

သူ့အိမ်သို့ ပြန်ရောက်ပြီးနောက် ထန်ရှုသည် ပေတေနေသော အဝတ်အစားများ ဝတ်ထားသည့် ကလေးငါးဦးကို ကြည့်မိသည်။ ကလေးငါးယောက်လုံးသည် သိုင်းပညာ လေ့ကျင့်ထားသောကြောင့် ချွေးဖြိုင်ဖြိုင်ကျလျက် ပေတလူးနေသည်။ သူက လက်ခုပ်တီးလိုက်ရင်း အပြုံးဖြင့်

“ကောင်းပြီ ငါ့ကောင်တွေ။ အခု မင်းတို့မျက်နှာကို သစ်ပြီး ခြေလက်ဆေးလိုက်။ ငါတို့ လိုအပ်တာတွေ သွားဝယ်ကြရအောင်။"

"ဟုတ်ကဲ့ပါ။"

ကလေးများ၏မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာ မဖြစ်လာသည့်တိုင် အံ့အားသင့်သော အမူအရာတော့ ပေါ်ထွက်လာခဲ့သည်။

သူတို့လေးတွေ ကြီးပြင်းလာရသော ဘဝပေးအခြေအနေကြောင့် နူးညံ့သိမ်မွေ့မှုနှင့် မရင့်ကျက်မှုတို့သည် ၎င်းတို့ထံမှ ပျောက်ကွယ်နေပြီဖြစ်ပြီး အရွယ်နှင့်မလိုက်သော ရင့်ကျက်မှုတို့က အစားထိုး ဝင်ရောက်နေခဲ့ပြီဖြစ်သည်။

ထန်ရှုသည် ကလေးများ၏အဖြေကြောင့် အတန်ငယ် ကျေနပ်သွားမိသော်လည်း စိတ်တွင်းထဲတွင် အတော်ပင် စိတ်မကောင်းဖြစ်သွားရသည်။

သူတို့သည် မိဘမဲ့ကလေးများ ဖြစ်ကြသည်။ ဆွေမျိုး မိတ်သင်္ဂဟများ မရှိကြဘဲ ကြမ်းတမ်းသော ကံကြမ္မာသာ ပိုင်ဆိုင်ထားကြသည်။ အိမ်ယာမဲ့ ကလေးငယ်များအတွက် အမြဲလိုလို စားစရာ လုံလောက်စွာ မရှိသဖြင့် ၎င်းတို့အတွက် မည်သည့်အရာမဆို ဖြစ်သွားနိုင်ပေသည်။

ထိုကဲ့သို့ ကြေကွဲဖွယ်ကံကြမ္မာသည် သူတို့ ငယ်စဉ်အခါက ကျရောက်လာခဲ့ပြီး တစ်ဖန် မွေးစားခံခဲ့ရသော်လည်း ထိုကံကြမ္မာသည် သူတို့အပေါ် မတည်မြဲခဲ့ပေ။ ၎င်းတို့သည် လအနည်းငယ်ကြာသော် လမ်းပေါ်တွင် ပေတေလေလွင့်နေခဲ့ရပြီး ခေါက်ဆွဲခြောက်လေး၂ထုပ်အတွက် အခြားကလေးအုပ်စုနှင့် ခိုက်ရန်ဖြစ်ပွားရခြင်းမှာ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသည်။

နောက်ဖေးတံခါးဆီသို့ ပြေးသွားကြသော ကလေးများ၏နောက်ကျောကို တိတ်ဆိတ်စွာ ကြည့်နေရင်း ထိုကလေးများသည် သူ ယုံကြည်ရသော လက်အောက်ငယ်သားများ ဖြစ်လာနိုင်သည်ဖြစ်စေ မဖြစ်လာနိုင်သည်ဖြစ်စေ၊ အင်မော်တယ်ကျင့်ကြံနည်းစနစ်များကို သင်ယူခွင့် ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ ထိုကလေးများအား အထီးကျန်ဖြစ်စေခြင်း၊ စွန့်ပစ်ခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်း၊ လက်လွှတ်ခြင်းတို့အား သူ့အနေဖြင့် နောက်ထပ် မလုပ်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

သို့သော် သူတို့ကို စမ်းသပ်ရန် လိုအပ်ပြီး သူတို့အပေါ် ချမှတ်ထားသော သူ၏စည်းကြပ်မှုသည် လျော့သွားမည်မဟုတ်ပေ။

နောင်အခါ၌ မိမိ ယုံကြည်ရမည့် သို့မဟုတ် မိမိ၏ညာလက်ရုံး ဖြစ်လာမည့် သူများသည် သာမန်လူများ မခံနိုင်သော ဝေဒနာနှင့် နာကျင်မှုအား  ခံနိုင်ရည်ရှိရမည်။ ထိုသူတို့သည် ချွေးနှင့်သွေးကို ရင်းပြီး ဘေးဒုက္ခဆိုးကြီးကို တွန်းလှန်ရန် မိမိတွင် ရှိသမျှအရာရာကို အသုံးချရပေမည်။ အားကြီးသော လှိုင်းလုံးကြီးများအား ပြိုပျက်သွားစေသည့် သဲသောင်ပြင်သဖွယ် ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး နောက်ဆုံး အသက်ရှင်ကျန်ရစ်သူများကတော့ အင်မော်တယ်ကမ္ဘာသို့ သူ ပြန်သွားပါက လိုက်ပါရန် အရည်အချင်းပြည့်မီသူများ ဖြစ်ကြပြီး ထိုသူများသည် လက်သီးစွမ်းပြကာ ကျယ်ပြောလှသော ကမ္ဘာ့ပြိုင်ပွဲကွင်းကြီးဆီ အရောက်သွားနိုင်မည့်သူများ ဖြစ်လာပေမည်။

အနီးနားက ကုန်သွယ်မှုလမ်းတွင် …

ထန်ရှုသည် ကလေးငါးယောက်ကို ဦးဆောင်ပြီး သူတို့အတွက် လိုအပ်သည့် ပစ္စည်းများဝယ်ရန် မိသားစုစတိုးဆိုင်ထဲတွင် လှည့်ပတ်ကြည့်နေသည်။ ကလေးတစ်ဦးချင်းစီအတွက် အဝတ်အစား၊ ဖိနပ်၊ ခြေအိတ် လေးစုံစီဝယ်ခဲ့ရာတွင် ဒီဇိုင်းနှင့် အရောင်တို့ကို သူတို့စိတ်ကြိုက်စွာ လွတ်လပ်စွာ ရွေးချယ်စေခဲ့သည်။ ထိုကလေးများသည် ကျောင်းမတက်ရသေးသော်လည်း အမှန်တကယ်စာဖတ်နိုင်သည်ကို သူတွေ့ရှိသောကြောင့်  နိုင်ငံခြားဘာသာစကားစာအုပ်များအပြင် သင်ရိုးစာအုပ်များစွာကိုလည်း ဝယ်ခဲ့သည်။

နှစ်နာရီကြာသော် မွန်းတည့် ၁၂ နာရီထိုးနေပြီ။ သူ၏ ကားနောက်က ပစ္စည်းများထည့်ရာအခန်းသည်လည်း ယခုအခါ ဝယ်ယူလာသောပစ္စည်းများနှင့် ပြည့်နေသည်။

ထို့နောက် ထန်ရှုသည် လီလောင်ရှန်းနှင့် ချိန်းဆိုထားသောကြောင့် ကလေးများကိုပါ ထာဝရခန်းမသို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။ လီလောင်ရှန်းသည် သာမန်အခန်းတစ်ခုကို ကြိုတင်မှာထားသည်ကို ချီနန်ထံမှ သူ သိရှိခဲ့သည်။ ကလေးတွေကို ချီနန့်ဆီ အပ်ခဲ့ပြီး လီလောင်ရှန်းကို ရှာရန် ချက်ချင်းသွားလိုက်သည်။

***

"အကိုလီ … ငါ ဒီနေ့ခင်းမှာ လုပ်စရာတွေ အများကြီးရှိလို့ ဒီအချိန် မသောက်တော့ဘူး။"

ထန်ရှုက ထိုင်ခုံကို ဆွဲယူပြီး လီလောင်ရှန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း ပြုံးကာ ပြောလိုက်သည်။

လီလောင်ရှန်းက ခေါင်းညိတ်ပြရင်း သူ့လက်တွေကို ပွတ်သပ်ကာ

"ဘာပဲဖြစ်ဖြစ် ညီအစ်ကိုထန် … မင်းရဲ့ခမ်းနားတဲ့ ထန်လုပ်ငန်းစုရဲ့ အနောက်တံခါးကနေ နတ်ဘုရားဝတ်ရည်ဝိုင်တစ်သုတ်လောက် ငါ့ကို ရောင်းပေးနိုင်မလား။"

“အစ်ကိုလီ … နတ်ဘုရားဝတ်ရည်ဝိုင်က လောလောဆယ်မှာ အနည်းစုပဲ ထုတ်လုပ်နေပြီး အခု ဈေးကွက်မှာ မလုံလောက်ဘူး။ ကျွန်တော်က ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်နေပေမယ့် အဲ့ဒီလောက် ပစ္စည်းလက်ကျန်ရှိ၊ မရှိ ကျွန်တော် သေချာမသိဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ နတ်ဘုရားဝတ်ရည်ဝိုင် ဆယ်သေတ္တာယူဖို့ တစ်ယောက်ယောက်ကို ကြယ်တာရာက ခန်းရှဆီ လွှတ်လိုက်ပါ။ ဒီနေ့ အစ်ကိုလီနဲ့ အဖော်လုပ်ပြီး အရက်မသောက်ပေးနိုင်တဲ့အတွက် လျော်ကြေးပေးတယ်လို့ သဘောထားပေးလေ။"

…ဆယ်သေတ္တာလား…

လီလောင်ရှန်သည် အလွန်ဝမ်းမြောက်စွာဖြင့် “ညီအစ်ကိုထန် … နတ်ဘုရားဝတ်ရည်ဝိုင်က ဈေးမသေးဘူးဆိုတာ ငါသိတယ်။ အဲ့ဒါကြောင့် ငါ ကျသင့်ငွေ ပေးပါရစေ။ ဆယ်သေတ္တာလောက်ဆို လုံလောက်တယ်။ မင်းကတော့ သိမှာမဟုတ်ဘူး။ ငါတို့လိုမြောက်အရပ်က စီးပွားရေးသမားအတွက်က နတ်ဘုရားဝတ်ရည်ဝိုင်ကို ဂုဏ်ယူစွာနဲ့ သောက်တာလေ။ မင်း တစ်ယောက်ယောက်ကို ညစာ ဖိတ်ကျွေးပြီး နတ်ဘုရားဝတ်ရည်ဝိုင်နဲ့ဧည့်ခံရင် ဧည့်သည်တွေကို ကျေနပ်စေတယ်။  လက်ဆောင်ပါ ပေးလိုက်ရင်တော့ သူတို့တွေကို မျက်နှာသာပေးတယ်လို့ မှတ်ယူကြတယ်။”

ထိုစကားကို ပြောပြီးနောက် သူက မျက်စိမှိတ်ပြလိုက်ပြီး အသံတိုးတိုးဖြင့်

“ညီအစ်ကိုထန် … မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောရဦးမယ်။ အခုခေတ်မှာ ပိုက်ဆံ လက်ဆောင်ပေးတာက နတ်ဘုရားဝတ်ရည်ဝိုင်ကို လက်ဆောင်ပေးတာလောက် မကောင်းတော့ဘူး။ ဒီဝိုင်ကို ဝယ်ရတာ အရမ်းခက်လို့လေ။ ပိုက်ဆံ ရှိရင်တောင် ဝယ်ဖို့မလွယ်ဘူး။”

"ကြည့်ရတာ နတ်ဘုရားဝတ်ရည်ဝိုင်က အတော် နာမည်ကြီးနေပုံပဲ။" ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်။ မင်း ငါ့ကိုမေးရင် နာမည်ကြီးတာထက် အများကြီး ပိုပါတယ်လို့ ဆိုရမှာပဲ။"

လီလောင်ရှန်းမှ ဆက်ပြောသည်။

“မရေမတွက်နိုင်တဲ့ လူတွေက အဲ့ဒီဝိုင်ကို လိုက်ရှာကြတယ်။ ချီးကျူးကြတယ်။ ခမ်းနားသော ထန်လုပ်ငန်းစုက ဝိုင်ကို အလွန်အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာက စိတ်မကောင်းစရာပဲ။ မင်း သိမှာပါ … ငါက လူတွေကို စေလွှတ်ပြီး အားထုတ်မှုအများကြီးကို လုပ်ခဲ့တာတောင် ငါ့မှာ တစ်သေတ္တာပဲ ရခဲ့တယ်။ နတ်ဘုရားဝိုင်ကို မြည်းစမ်းပြီးကတည်းက ငါ တခြားဝိုင်တွေကို အနံ့မခံနိုင်တော့ဘူး။ အာ … ဟုတ်သားပဲ။ မင်းကုမ္ပဏီ အရင်းအနှီး လိုနေသေးလား။ လိုရင် ငါ့ကို ပြောလေ။ ဒီလုပ်ရပ်အတွက် ငါ ရင်ဆိုင်ရမယ်ဆိုရင်တောင် မင်းရဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက နတ်ဘုရားဝိုင် ထုတ်လုပ်မှုလိုင်းကို နောက်ထပ် အနည်းငယ် ထပ်ထည့်ထားဖို့ ယွမ်ငွေ မီလီယံရာပေါင်းများစွာ ထုတ်ယူတာက ငါ့အတွက် ပြဿနာမဟုတ်ပါဘူး။ စိတ်ချပါ ညီအစ်ကို။ မင်းရဲ့အစ်ကိုက ဒီချေးငွေအပေါ် အတိုးမလိုချင်ဘူး၊ ဘယ်အချိန် ပြန်ဆပ်မလဲဆိုတာ မင်းဘာသာ ဆုံးဖြတ်နိုင်တယ်။"

"အကိုလီ … ရိုးရိုးသားသားပြောရရင် ငါက အရင်းအနှီးမရှိလို့ မဟုတ်ဘူး။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို တည်ထောင်တာက အရမ်းကို နုသေးတဲ့အပြင် ကျွန်တော်တို့ အရက်လုပ်ငန်းကို စဝင်တာကလည်း အချိန်တိုလေးပဲ ရှိပါသေးတယ်။ ဝိုင်က ဈေးကွက်မှာ ကောင်းနေပေမဲ့ ထုတ်လုပ်မှုကို ခပ်ဖြည်းဖြည်းပဲ သွားရမယ်။ နို့မဟုတ်ရင် ငါ ဝါးနိုင်တာထက် ပိုစားမိရင် စားပိုးနင့်ပြီး သေတောင် သေသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုလီရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို ငါ လက်ခံပါတယ်။ ဒါပေမယ့် ပိုက်ဆံချေးဖို့တော့ မေ့လိုက်ပါ။ ဒီနတ်ဘုရားဝိုင်ရည်တစ်သုတ်ပြီးရင် ကြယ်တာရာမှာ ခန်းရှကို တိုက်ရိုက်သွားရှာနိုင်ပါတယ်။"

လီလောင်ရှန်းက ခေါင်းညိတ်ပြပြီး တွေးတွေးဆဆဟန်ဖြင့်

“မင်းပြောတာ မှန်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအကြောင်းကို ငါတို့ ဆက်မပြောတော့ဘူး။ ပြောရ…”

…ဒေါက် … ဒေါက် …

တံခါးခေါက်သံကြောင့် သူ၏စကား ရပ်သွားသည်။

အခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး အနီရောင် ဂါဝန်ရှည်၊ အနီရောင် ဒေါက်မြင့်ဖိနပ်တို့ ဝတ်ဆင်ထားသည့် ဆံပင်ရှည်ရှည်ဖြင့် နုပျိုလှပသော အမျိုးသမီးတစ်ဦးသည် ပြုံးလျက် အခန်းထဲသို့ ဝင်လာသည်။ သူမ ကိုင်ဆောင်လာသော အိတ်နှင့် လက်ဝတ်ရတနာများအပါအဝင် သူမ ဝတ်စားဆင်ယင်ထားသမျှသည် နာမည်ကြီးတံဆိပ်များ ဖြစ်ပြီး အလွန်ဈေးကြီးသော အရာများ ဖြစ်သည်။

"ဟန်နီ … ကျွန်မ နောက်မကျသေးဘူးမဟုတ်လား။" ထိုအမျိုးသမီး၏သွယ်လျသောခါးသည် မိုးမခသစ်ပင်နှင့်တူပြီး လီလောင်ရှန်းဆီသို့ ခါးလေးနွဲ့ကာ နွဲ့ကာ လျှောက်လာသည်။

လီလောင်ရှန်း၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏လက်ဖဝါးသည် အမျိုးသမီး၏ တင်ပါးအား အသာရိုက်လိုက်သည်။ ထို့နောက် အပြုံးဖြင့်

"မင်း နောက်မကျသေးသလို ဟင်းတွေကလည်း မအေးသေးပါဘူး။ ဒါနဲ့ ညီအစ်ကိုထန် … ဝမ်ဝမ် … စွန်းဝမ်နဲ့ မိတ်ဆက်ပေးပါရစေ။ သူမက ရှန်ဟိုင်းက ငါ့မိန်းမလေ။ ငါက အိမ်ပြုပြင်မွမ်းမံတဲ့ ကုမ္ပဏီငယ်တစ်ခုကို ရှန်ဟိုင်းမှာ တည်ထောင်ထားတယ်။ ငါ့ကိုယ်စား အဲ့ဒီကုမ္ပဏီကို စီမံခန့်ခွဲဖို့ သူမမှာ တာဝန်ရှိသွားတာပေါ့။"

"ကျေးဇူးပြုပြီး ထိုင်ပါဦး။" ထန်ရှုက ခပ်ယဲ့ယဲ့ပြုံးကာ လက်ဟန်ပြသည်။

ထန်ရှုသည် လီလောင်ရှန်း၏ကိုယ်ပိုင်ဘဝအား အာရုံစိုက်လိုခြင်းမရှိသည့်အပြင် သူမသည် လီလောင်ရှန်း၏အမျိုးသမီးဖြစ်သောကြောင့် ထိုအမျိုးသမီးအား မနှစ်လိုခြင်းမဖြစ်ပေ။

နှုတ်ဆက်လိုက်ကြပြီးနောက် ထန်ရှုက ပေါ့ပေါ့ပါးပါး အပြုံးဖြင့်

"အကိုလီက ဘဝကို ဘယ်လို ပျော်ပျော်နေရမယ်ဆိုတာ တကယ်သိတဲ့ သူတစ်ယောက်ပဲ။ ဒါပေမယ့် ရှန်ဟိုင်းမှာလည်း ကုမ္ပဏီတစ်ခု ရှိမယ်လို့ မထင်ခဲ့ဘူး။”

ထန်ရှု၏စကားများထဲမှ သိမ်မွေ့သော အဓိပ္ပါယ်ကို ကြားလိုက်ရသောအခါတွင် လီလောင်ရှန်းက ခဏတာမျှ အနေရခက်သွားကာ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ထို့နောက် သူက ရယ်လိုက်ပြီး

“အာ … ရယ်စရာတော့ မဖြစ်ဘူးမဟုတ်လား ညီအစ်ကိုထန်။ ဘာပဲဖြစ်ဖြစ် ဝမ်ဝမ်ကြောင့် ရှန်ဟိုင်းမှာ ကုမ္ပဏီငယ်တစ်ခု ထူထောင်ခဲ့တယ်။ ဝမ်ဝမ်က အရှေ့မြောက်ပိုင်းဒေသမှာ မနေချင်ဘူးလေ။ အဲ့ဒါကြောင့် သူ့ကို ဒီမှာ နေခွင့်ပြုလိုက်ရတယ်။ ဒါနဲ့ ဝမ်ဝမ် … သူက ထန်ရှုလေ ငါ့သူငယ်ချင်း။"

ထန်ရှုအား ပါးနပ်စွာ အကဲခတ်လိုက်ပြီး  စွန်းဝမ်က လီလောင်ရှန်း၏ဘေးတွင်ဝင်ထိုင်ကာ "ဟယ်လို…မောင်လေး။ ငါတို့မိသားစုက အဖိုးကြီးလီရဲ့ မျက်လုံးထဲ ရောက်တဲ့သူက သိပ်များများစားစား မရှိပါဘူး။ ဒါနဲ့ မောင်လေးကရော လက်ရှိ ဘာအလုပ်လုပ် နေတာလဲ။”

…မောင်လေး…

ထန်ရှု၏အမူအရာသည် အေးခဲသွားပြီး လီလောင်ရှန်းမှာ ကျောက်ရုပ်ဖြစ်သွားသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက တည်ငြိမ်စွာဖြင့်

"ကျွန်တော်က ကျောင်းသားပါ။"

…ကျောင်းသားလား…

စွန်းဝမ်သည် တခဏမျှ အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများတွင် အထင်သေးသော အကြည့်တစ်ခု ပေါ်လာသည်။ လီလောင်ရှန်း၏ မိတ်ဆက်ပေးခြင်းကြောင့် မူလက ထန်ရှုအပေါ် စိတ်ဝင်စားခဲ့သော်လည်း သူ၏အဖြေကြောင့် သူမသည် လုံးဝ စိတ်မဝင်စားတော့ပါချေ။

“အင်း … ကျောင်းသားတစ်ယောက်ဖြစ်ရတာ အရမ်းကောင်းပါတယ်။ သူတို့က ဖန်လုံအိမ်ထဲက ပန်းတွေလို၊ ပုခက်ထဲမှာ အိပ်မက်မက်တဲ့ အရွယ်တစ်ခုလိုပါပဲ။ ငါ့မိသားစုရဲ့ အဖိုးကြီးလီက တကယ်တော်တယ် … သူငယ်ချင်းဖွဲ့ရင် တခြားသူတွေရဲ့ အဆင့်အတန်းကို ဘယ်တော့မှ မကြည့်ဘူး။ သူ သဘောကျနေသရွေ့ ဘယ်သူမဆို သူ့ရဲ့ အပေါင်းအသင်းကောင်း ဖြစ်လာနိုင်ပါတယ်။ မောင်လေး … ကြည့်ရတာ မင်းရဲ့ စိတ်နေစိတ်ထားနဲ့ အစီအစဉ်တွေက အဖိုးကြီးလီကို တကယ်ကို ရိုက်ခတ်သွားပုံပဲ။”

"ပါးစပ်ပိတ်ထား။"

လီလောင်ရှန်းသည် နောက်ဆုံးတွင် တုံ့ပြန်နိုင်လာပြီ ဖြစ်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ထန်ရှုက ပြုံးကာ လက်ကိုဝှေ့ယမ်းပြီး

"ခင်ဗျား ပြောတာမှန်တယ်။ အစ်ကိုလီနဲ့ ကျွန်တော်က တော်တော်လေးကို ခင်မင်ကြတယ်။ နောက်ပြီး ကျွန်တော်တို့တွေ သူငယ်ချင်းဖြစ်လာချိန်မှာ မိသားစုနောက်ခံတွေနဲ့ အစစ်အမှန်ပုံရိပ်တွေ စတဲ့ ခေတ်မမီတဲ့အတွေးအခေါ်၊အရာတွေကို သိပ်ကို ဂရုမစိုက်တာ အမှန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုလီ့ကို တကယ် နားလည်ပေးတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့ခွင့်ရတဲ့အတွက် သူ အရမ်း ကံကောင်းတယ်။”

တစ်နည်းနည်းဖြင့် စွန်းဝမ်၏အမူအရာက အနည်းငယ် ထူးဆန်းနေကာ သူမ တခဏ တုံ့ဆိုင်းသွားပြီး

“ငါ နင့်ကို ပြောပြမယ်။ ငါတို့မိသားစုရဲ့အဖိုးကြီးလီက ထူးခြားတဲ့ အမြင်ရှိတယ်။ ကမ္ဘာပေါ်မှာ သူနဲ့ ယှဉ်နိုင်တဲ့ လူအနည်းငယ်သာ ရှိတယ်ဆိုပေမယ့် အဲ့လိုလူတွေကို ငါ တစ်ခါမှ မတွေ့ဖူးသေးဘူး။”

“ထွက်သွား။”

လီလောင်ရှန်းသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူက စားပွဲခုံကို ဖျန်းကနဲ ရိုက်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။

“အချစ်…” စွန်းဝမ် ကြောင်အအ ဖြစ်သွားသည် ။ သူမသည် အခြားလူတစ်ယောက်၏အရှေ့တွင် သူ့အား ချီးမွမ်းနေခဲ့သည်။ လီလောင်ရှန်းက အဘယ်ကြောင့် သူ့အား ဒေါသထွက်ပြီး ဆူပူနေသည်ကို သူမ နားမလည်ပေ။

“အချစ် … ရှင် ဘာကြောင့်…”

လီလောင်ရှန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသတကြီး အော်လိုက်ပြီး

“မင်း ငါပြောတာ မကြားဘူးလား။ ထွက်သွား … ငါ ပြန်သွားတဲ့အခါ မင်းကို ဘယ်လို ဆုံးမ မလဲ ဆိုတာ ကြည့်လိုက်။ မင်းက သိပ်ရှက်ဖို့ကောင်းတာပဲ။"

ထန်ရှု၏ပါးစပ်သည် အကြိမ်အနည်းငယ် လှုပ်ခါသွားရပြီး စိတ်တွင်းတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ စွန်းဝမ်၏ပညာမဲ့သော အပြောအဆိုနှင့် အမူအရာများကို သူ ခံစားသိရှိနိုင်သောကြောင့် စွန်းဝမ်အပေါ် အထင်ကြီးနှစ်သက်ခြင်း မရှိပေ။ သို့သော် သူမ ဝင်လာတုန်းက အလွန် စမတ်ကျသည့် ပုံမပေါ်ခဲ့ဘူးလား။

“အစ်ကိုလီ … ငါတို့ရင်းနှီးတဲ့သူတွေကြားထဲ ဒီလိုစကားမျိုးတွေ မလိုပါဘူး။ ဒါကို မေ့လိုက်ရအောင်။ ဒီလိုအသေးအဖွဲကိစ္စကြောင့် စိတ်မဆိုးပါနဲ့။ အတူတူ ပျော်ပျော်ပါးပါး စားကြစို့လား။”

…ဒေါက် … ဒေါက်...

တံခါးခေါက်သံ ပေါ်လာပြန်သည်။ တံခါးကို တွန်းဖွင့်လိုက်ကာ ချီနန်သည် ဟင်းပွဲနှစ်ပွဲအား ကိုယ်တိုင် အခန်းထဲသို့ သယ်လာခဲ့သည်။ စားပွဲပေါ်တင်ပြီးနောက် သူမက ထန်ရှုကို ကြည့်ကာ အပြုံးဖြင့်

"သူဌေး … ကလေးတွေက လောလောဆယ် ဘေးအခန်းထဲမှာ စားနေကြပြီ။ သူတို့ ထမင်းစားပြီးရင် နင့်ကို ငါ့ရုံးခန်းထဲ သွားစောင့်နေဖို့ ပြောလိုက်မယ်။"

"ကောင်းပါပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ သူ ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့်

"ချီနန် … သူတို့တွေ ငါနဲ့ အချိန်အတော်ကြာအောင် အတူနေလိမ့်မယ်။ နေ့စဉ်ဝယျောဝစ္စတွေမှာ ကူညီမယ့် အိမ်အကူအချို့ ငါ့ကို ကူရှာပေးပါဦး။ နောက်ပြီး သီးသန့်ကျူရှင်ဆရာတွေကိုလည်း ရှာပေးပါ။ ဘာသာရပ်အသီးသီးအတွက် ကျူရှင်ဆရာတွေက သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြီး အခြေခံအသိပညာကနေ စပြီးသင်ပေးရလိမ့်မယ်။”

“သူဌေး … အချိန်ကရော…” ချီနန်က မေးလိုက်သည်။

"အများဆုံး တစ်လပဲ။" ထန်ရှုက ဖြေသည်။

"ကောင်းပါပြီ။ အဲဒါကို စိတ်ထဲမှာ မှတ်ထားပြီး ချက်ချင်း ဆက်သွယ်လိုက်မယ်။ နောက်မှ သူတို့ကို ကြယ်ပြာအိမ်ရာဝင်းကို ခေါ်လာလိုက်မယ်။” ချီနန်က အစီအစဉ်အား တလေးတစား ပြောလိုက်သည်။

"ကောင်းပါပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

***

All Chapters