မထင်မှတ်ဘဲ တွေ့ဆုံခြင်း
Vol. 10 Ch. 481
အခန်းတံခါး ပိတ်သွားသောအခါ စွန်းဝမ်သည် ထန်ရှုကို အံသြစွာ စိုက်ကြည့်နေသည်။ သူမ၏မျက်စိနှင့်သာ မမြင်မိပါက ယုံနိုင်မိမည်မဟုတ်ပေ။ တွေးကြည့်ပါက ဂုဏ်သိက္ခာရှိသော ထာဝရခန်းမ၏ မန်နေဂျာသည် ထန်ရှုအား အမှန်တကယ် လေးစားမှုရှိပြီး "သူဌေး" ဟုပင် ခေါ်ခဲ့သည်။
"နင် ... နင်က…" သူမ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်ဟန်အမူအရာဖြင့် စွန်းဝမ်၏အောက်နှုတ်ခမ်းသည် တုန်ရီသွားရသည်။
"မင်း စကားတွေ ရပ်လို့ရပြီလား။" လီလောင်ရှန်းက ဒေါသတကြီး ပြောလိုက်သည်။
"ညီအစ်ကိုထန်က ထာဝရခန်းမရဲ့ပိုင်ရှင်။"
စွန်းဝမ်သည် တံတွေးသာ မျိုချလိုက်မိသည်။ ထာဝရခန်းမသည် ရှန်ဟိုင်းရှိ ထိပ်တန်းအဆင့်မြင့် စားသောက်ဆိုင်ဖြစ်ကြောင်း သူမ သိသည်။ ထို့အပြင် ထာဝရခန်းမစားသောက်ဆိုင်သည် ရှန်ဟိုင်းသာမက ပေကျင်း၊ ကျင်းမန်ကျွန်းနှင့် ဟောင်ကောင်တို့တွင်ပါ ဆိုင်ခွဲများရှိကြောင်း သူမ ကြားသိထားသည်။
…ထန်ရှုက ပိုင်ရှင်လား … ဆိုလိုတာက …
…သူက အရမ်းချမ်းသာတာ ဖြစ်နိုင်တာပေါ့…
သူမ၏ရူးမိုက်သောသဘောထားနှင့် ရှက်စရာကောင်းသော လုပ်ရပ်ကို ရုတ်တရက် သူမ နားလည်သွားခဲ့သည်။
ထန်ရှုကို အထင်သေးရုံရှိသေးချိန်တွင် ထိုလူသည် ထာဝရခန်းမ၏ပိုင်ရှင် ဖြစ်နေသဖြင့် သူမ၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
ထန်ရှုသည် အသက်၂၀ ဝန်းကျင်လောက်သာ ရှိဟန်တူသော်လည်း သူသည် ထာဝရခန်းမ၏ ပိုင်ရှင်ဖြစ်နေသည်ဟု သိထားရမည်ဖြစ်သည်။ ထိုသို့သောလူ၏မိသားစုတွင် မည်ကဲ့သို့သော နောက်ခံ ရှိနိုင်သနည်း။
ဆိုလိုသည်မှာ သူ၏အခြားမိသားစုဝင်များသည်လည်း ကြောက်စရာကောင်းသော ပုံရိပ်များ ရှိနိုင်သည် မဟုတ်လား ။
လီလောင်ရှန်းသည် ထန်ရှုနှင့် မည်သည့်အတွက်ကြောင့် သူငယ်ချင်း ဖြစ်ရသည်၊ မည်သည့်အတွက်ကြောင့် သူမအား ဒေါသဖြစ်ခဲ့ရသည်ကို စွန်းဝမ် ယခု နားလည်သွားခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ... သူမသည် သူ့အား အမှန်တကယ် မျက်နှာပျက်စေခဲ့သောကြောင့်ပင်။
လီလောင်ရှန်းအား သတိထားကြည့်လိုက်ရင်း စွန်းဝမ်၏မျက်နှာမှအရောင် ဖျော့သွားသည်။ သူမ၏မျက်နှာထက်တွင် တောင်းပန်သည့် အကြည့်များ ပေါ်လာကာ
“မစ္စတာထန် … ငါပြောခဲ့တာတွေအတွက် တကယ်ကို တောင်းပန်ပါတယ်။"
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး အပြုံးဖြင့် "ဒါလေးက ဘာမှ မဟုတ်ပါဘူး။ ရင်းနှီးတဲ့သူတွေကြား ဒီလိုစကားမျိုးတွေ ပြောစရာမလိုဘူးလို့ ငါ ပြောခဲ့တယ် မဟုတ်ဘူးလား။ နောက်ပြီး ခင်ဗျားက အကိုလီရဲ့ မိန်းမ ဖြစ်လို့ မိတ်ဆွေတစ်ယောက်လို့ ဆိုနိုင်ပါတယ်။"
လီလောင်ရှန်း၏ဒေါသမှာ အနည်းငယ် လျော့သွားသည်။ ထန်ရှု၏မျက်နှာအား အကဲခတ်ပြီးနောက် သူ၏မျက်နှာထက်တွင် အနေရခက်သော မချိပြုံးတစ်ခုအား အားယူပြုံးရင်း "ညီအစ်ကိုထန် … မင်းက ဒီကိုယ်ရေးကိုယ်တာကိစ္စမှာ တကယ်ကို ထူးထူးခြားခြားပဲ။ အသက်ငယ်ရွယ်ပြီး ဒီလိုပွင့်လင်းတဲ့စိတ်ထားက ရှိနှင့်ပြီးသား။ နောက်ပြီး မယုံနိုင်လောက်အောင်ကိုပဲ ငါတို့တွေ အသက်အရွယ် မတူပေမယ့် ကွာခြားချက် ရှိတယ်လို့ ငါ ဘယ်တုန်းကမှ မခံစားရဘူး။ ငါ့အသက်အရွယ် လူတစ်ယောက်နဲ့ ဆက်ဆံနေရသလိုပဲ။"
"ကျွန်တော်က အသက်ကြီးနေပြီလို့ ဆိုလိုတာလား။ ဒီလောက် သိသာနေတာလား။" ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
…အဟွတ် … အဟွတ် …
လီလောင်ရှန်းသည် ထန်ရှု၏ ပြန်ကြားချက်ကို ကြားရချိန်တွင် တံတွေးသီးသွားသည်။
ဝိုင်အရက် မသောက်ကြသည့်အတွက် နေ့လယ်စာ စားချိန်က မြန်မြန် ပြီးဆုံးသွားသည်။ နေ့လည်စာစားပြီးချိန်တွင် လီလောင်ရှန်းသည် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် မနက်ဖြန် ပေကျင်းမြို့သို့ သူ သွားမည်ဟု ထန်ရှုအား ပြောခဲ့သည်။
ထို့နောက် ထန်ရှုသည် ချီနန်၏ရုံးခန်းသို့ သွားခဲ့ရာ ဆိုဖာပေါ်တွင် နာခံစွာထိုင်နေသော ကလေးများကို တွေ့လိုက်ရသည်။ ထန်ရှုက ချီနန်ကို လှည့်ကြည့်လိုက်ပြီး အပြုံးဖြင့်
“မင်းကို ပင်ပန်းစေရပြီ။"
"နင့်အတွက် အမှုဆောင်ရတာ ဂုဏ်ယူပါတယ် သူဌေး..." ချီနန်က ပြုံးပြီးပြောသည်။
"မင်းက ဒါကို ဂုဏ်ယူစရာလို့ ခံစားရတဲ့အတွက် နောက်ထပ် တာဝန်တစ်ခု ပေးလိုက်မယ်။" ထန်ရှုက ပြုံးစစဖြင့် ပြောလိုက်သည်။
“မြေအောက်အဖွဲ့တချို့ကို စုံစမ်းဖော်ထုတ်ဖို့ ဌာနချုပ်ကို ငါ့ရဲ့ အကြောင်းကြားစာ ပို့ပေးပါဦး။ တစ်ခုက အီတလီရဲ့ ကူဘိုကလန်၊ နောက်တစ်ခုက အမေရိကန်ရဲ့ ဘရောင်းအုပ်စု။ အသေးစိတ် ပိုသိရလေ ပိုကောင်းလေပဲ။”
"ငါ အဲ့ဒီအဖွဲ့နှစ်ခုအကြောင်း နည်းနည်း သိတယ် သူဌေး။ ဒါပေမယ့် သိပ်တော့ မများဘူး။" ချီနန်က အမူအရာပြောင်းသွားကာ ပြောလိုက်သည်။
"ငါ့ကို ပြောပြပါဦး။" ထန်ရှုက အံ့သြသည့်အမူအရာဖြင့် ပြောလိုက်သည်။
“အဲ့ဒီ အီတလီမြေအောက်အဖွဲ့က အကြီးဆုံး ရာဇဝတ်ဂိုဏ်းကြီးပဲ။ အဖွဲ့ဝင် ၁၀၀,၀၀၀ ကျော်ရှိတယ်။ ကူဘိုအသင်းစုဆိုတာ အဲ့ဒီနေရာက ရာဇဝတ်ဂိုဏ်းတွေကြားထဲက အရင်းအနှီးကြီးမားတဲ့ မာဖီးယားဂိုဏ်းသုံးခု ဖွဲ့ထားတာပဲ။ ကူဘိုအသင်းစုအဖွဲ့ဝင်တချို့ကို ငါ တစ်ခါ သတ်ခဲ့ဖူးတယ်။ အမေရိကန်က ဘရောင်းအဖွဲ့ကတော့ မူးယစ်ဆေးနဲ့အရက်လုပ်ငန်းကို အဓိက စီးပွားရေးအနေနဲ့ လုပ်ကိုင်နေတဲ့ ဂိုဏ်းတစ်ခုပဲ။ ငါ သိသလောက်တော့ သူတို့မှာ ဒါဇင်နဲ့ချီတဲ့ ဝိုင်စက်ရုံတွေ ရှိတယ်။
“အဲ့ဒီအင်အားစုနှစ်ခုမှာ လူမိုက်တွေအများကြီး ရှိတယ်။ အဲ့ဒီလူအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေး ကုမ္ပဏီတွေရဲ့ အဖွဲ့ဝင်တွေချည်းပဲ။ နောက်ပြီး နိုင်ငံတကာ ကြေးစားကုမ္ပဏီတွေနဲ့ ရှုပ်ထွေးတဲ့ ချိတ်ဆက်မှုတွေ ရှိသေးတယ်။ ပြည်ပမှာတော့ သူတို့ကို ဆန့်ကျင်ချင်တဲ့လူက အနည်းငယ်လောက်ပဲ ရှိမယ်။”
ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ချက် ဖျတ်ကနဲ ပေါ်သွားပြီး သက်တောင့်သက်သာ ပြောလိုက်သည်။
“ဒီအင်အားစု၂ခုက ငါ့ရဲ့ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုကို ပြသနာ ရှာနေတယ်။ ငါ့ရဲ့နောက်ဆုံးအကန့်အသတ်ကို လာထိရဲရင် အဲ့ဒီကောင်တွေကို အပြုတ်ဖြုတ်ဖို့ ငါ ၂ခါ စဉ်းစားမနေဘူး။”
ချီနန်၏အမူအရာ အနည်းငယ် ပြောင်းသွားပြီး လေးနက်သောအသံဖြင့်
“သူဌေး … လွန်ခဲ့တဲ့လအနည်းလောက်ကဆို ငါတို့ ထာဝရခန်းမကတောင် သူတို့ကို အတန်ငယ် ကြောက်လန့်ရတယ်။ ဒါပေမယ့် အခုတော့ … ဟမ့်…”
ထန်ရှု ခေါင်းညိတ်သည်။ ချီနန် ပြောချင်သော စကား၏ အဓိပ္ပာယ်အား သူ နားလည်သည်။ လက်ရှိတွင် ထာဝရခန်းမ၏ အဓိကအဖွဲ့ဝင် တစ်ရာကျော်သည် ကျင့်ကြံမှုနည်းစနစ်အား ကျင့်ကြံအားထုတ်နေပြီဖြစ်ရာ သူတို့၏ခွန်အားသည် ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။
ယခင်က ရန်သူတစ်ရာကို အနိုင်မယူနိုင်သော တည်ရှိမှုဟု ဆိုနိုင်ပါက ယခု ၎င်းတို့တစ်ဦးစီသာ ထွက်လာပါက ထိုအင်အားစု၂စုသည် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည့် ကြောက်မက်ဖွယ် အင်အားတစ်ခုစီ ပိုင်ဆိုင်ထားကြပြီဖြစ်သည်။
“ငါတို့ စောင့်ကြည့်ကြတာပေါ့။ သူတို့အကြောင်း အသေးစိတ်သာ ငါ့ကို အရင်ပို့ပေးပါ။”
“ရုံးချုပ်ကို သူဌေးရဲ့စာ ချက်ချင်း အကြောင်းကြား လိုက်မယ်။” ချီနန်က ခေါင်းတစ်ချက် ညိတ်ကာ ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာသော် ထန်ရှုနှင့် ထန်ရှောင်ကျင်းတို့ ကလေး၅ယောက်အဖွဲ့သည် ထာဝရခန်းမမှ ပြန်လာခဲ့သည်။ ကလေးများအား အိမ်တွင် နေရန် မှာခဲ့ပြီးနောက် ထန်ရှုသည် ကြယ်ပြာအိမ်ရာဝင်းမှ ထွက်လာခဲ့သည်။
****
ရှန်ဟိုင်းပထမပြည်သူ့ဆေးရုံတွင် ဖြစ်သည်။
ထန်ရှုသည် ယွမ်ချူးလင်တို့ ဆေးရုံတက်နေသော အတွင်းလူနာဆောင်သို့ ရောက်လာသည်။ သူ ပဟေဠိ ဖြစ်သွားရသည်မှာ ယွမ်ချူးလင်သည် လူနာကုတင်ထက်တွင် မရှိပေ။ သူ၏အတန်းဖော်၂ယောက်သာ ကုတင်ပေါ်တွင် ရှိသည်။
“မင်း ဘယ်သူ့ကို ရှာနေတာလဲ။” လူငယ်တစ်ယောက်က ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။
“ငါက ယွမ်ချူးလင်ရဲ့သူငယ်ချင်းပါ။ သူ ဘယ်ရောက်နေလဲ။” ထန်ရှုက မေးသည်။
“သူက လူနာဆောင်ထဲမှာ နေရတာပျင်းလို့တဲ့။ အပြင်ဘက် ထွက်ပြီး သူနာပြုတွေနဲ့ စကားသွားပြောနေတယ်။ မင်း … မင်းက ထန်ရှု … ယွမ်ချူးလင် ပြော ပြောနေတဲ့ အစ်ကိုကြီးထန်လား။”
“ဟုတ်တယ်။ ငါပါ။” ထန်ရှုက ပြုံးပြီး တုံ့ပြန်လိုက်သည်။
လူငယ်က လျင်မြန်စွာ အားယူထလိုက်ပြီး ကျေးဇူးတင်စကား ဆိုလာသည်။
“အစ်ကိုကြီး ထန် … မင်း လုပ်ပေးတဲ့ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ငါ ကြားခဲ့ပြီးပြီ။ မင်းသာ မလုပ်ပေးခဲ့ရင် တက္ကသိုလ်ကျောင်းနဲ့ ပတ်သက်ပြီး စိတ်ပျက်လက်ပျက်နဲ့ပဲ ငါတို့ ကူကယ်ရာမဲ့စွာ ဒုက္ခရောက်နေရတော့မယ်။”
“မင်းတို့က ယွမ်ချူးလင်ရဲ့အတန်းဖော်တွေပဲလေကွာ။ သူစိမ်းတွေမှ မဟုတ်တာ။ မင်းတို့ ကောင်းကောင်း အနားယူကြဦး။ ငါ သူ့ကို လိုက် ရှာလိုက်ဦးမယ်။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
“အင်း…” လူငယ်၂ဦးလုံး ခေါင်းညိတ်သည်။
လူနာဆောင်မှ ထွက်လာပြီးနောက် ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်ရာ ယွမ်ချူးလင်အား ဆရာဝန်ခန်းတစ်ခန်းထဲတွင် တွေ့လိုက်သည်။ သူသည် သူနာပြုဆရာမတစ်ဦး၏ လက်အား ကိုင်ထားကာ လက္ခဏာဖတ်နေသည်။
…ဒီချီးထုပ်ကတော့…
ထန်ရှု ခေါင်းယမ်းပြီး ထိုနေရာသို့ အပြေးသွားလိုက်ပြီး တံခါးတန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။
“အား…”
ယွမ်ချူလင်း၏လက်ကို ဆုပ်ကိုင်ထားသည့် အမျိုးသမီးသူနာပြုသည် ထန်ရှုကြောင့် လန့်သွားကာ အော်ဟစ်လိုက်ပြီး ဓာတ်လိုက်သွားသကဲ့သို့ လက်ကို ပြန်ယူလိုက်သည်။
ယွမ်ချူးလင်သည် အရေးကောင်း ဒိန်းဒေါင်းဖျက်သော ထန်ရှုကို မြင်လိုက်ရသဖြင့် စိတ်တိုသွားသဖြင် စိတ်ဆိုးနေသောအသံဖြင့် ချက်ချင်း ထအော်သည်။
"ဟေ့ အစ်ကိုကြီးထန် … မင်း ဘယ်လို ရှာတွေ့တာလဲ။ နောက်ပြီး မင်း ဘာလို့ အချိန်မှားပြီး ရောက်လာတာလဲ။"
"ဖက်တီးယွမ် … မင်း သူနာပြုတွေကို မထိခိုက်တာက ပိုကောင်းတယ်မဟုတ်ဘူးလား။ မင်း ပိုင်တဲ့ လူနာဆောင်ကို ပြန်သွားပြီး ဟိုမှာ ကောင်းကောင်း အနားယူစမ်းပါကွ။ ဆေးရုံက မကြာခင်ထွက်သွားလေ ပိုကောင်းလေပဲ။” ထန်ရှု ခပ်ဟဟ ရယ်လိုက်သည်။
ယွမ်ချူးလင်သည် မျက်လုံးလှန်ပြလိုက်ပြီး အနည်းငယ် ယောက်ယတ်ခတ်သွားသော သိမ်သိမ်မွေ့မွေ့ လှလှပပ သူနာပြုဆရာမလေးသို့ လှည့်ကြည့်လိုက်သည်။
“မမလှလှ … ဒီနေ့တော့ ငါတို့စကားက ဒီမှာပဲ ပြီးသွားပုံရတယ်။ လူတိုင်းက လက္ခဏာကနေတဆင့် ကိုယ့်ရဲ့ဘဝကို တကယ် သိနိုင်ပါတယ်။ ငါ မင်းကို တစ်ရက်ရက်ကျရင် အဲ့ဒီအကြောင်း ပြောပြမယ်။"
သူက ဘီးတပ်ကုလားထိုင်အား လက်နှစ်ဘက်ဖြင့် ထိန်းကာ တံခါးဆီသို့ သွားလိုက်သည်။
ထန်ရှု တိတ်တဆိတ်သာ ပြုံးမိသည်။ ယောက်ျားလေးတိုင်းသည် အသက်အရွယ် ကြီးလာသည်နှင့်အမျှ မိန်းကလေးများနှင့် အမျိုးသမီးများအကြောင်းသာ အတွေးရှိနေသည့် ကာမဆန္ဒပြင်းထန်သည့် သူတစ်ယောက် သို့မဟုတ် ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှင့်တူကြောင်း သူ သိရှိခဲ့ရပေသည်။
ရှေ့သို့ လျင်မြန်စွာ ရွေ့လျားရင်း ယွမ်ချူးလင်၏ ဘီးတပ်ကုလားထိုင်ကို တွန်းပေးလိုက်ကာ
"မင်း ဘီးတပ်ကုလားထိုင်ကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်ရတဲ့ လုံခြုံတဲ့ဘဝမှာ မနေနိုင်ဘူးလား။"
ယွမ်ချူးလင်က တဟိဟိရယ်ပြီး
"ငါတို့က လူပျိုပေါက်လေးတွေ မဟုတ်လား။ လူပျိုပေါက်ဆိုတာက ငါတို့တွေက နွေဦးရာသီထဲ ရောက်နေတာလို့ ဆိုလိုတာပဲ။ မင်း ငါ့ကို မပြောနဲ့ …”
"ထန်ရှုလား…"
လူတစ်ယောက်၏အသံက ယွမ်ချူးလင်၏ စကားသံအား အနှောင့်အယှက်ပေးလိုက်သည်။ ထိုအသံသည် သူတို့အနီးရှိ တံခါးကနေ ထွက်လာခြင်း ဖြစ်သည်။
ထန်ရှု လှည့်ကြည့်လိုက်ရာ ထိုလူအား တွေ့လိုက်ရာတွင် အံ့အားသင့်သွားပြီး
"ကျားလွေဒေါင်လား … ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ။"
ကျားလွေဒေါင်က အခန်းထဲမှ ထွက်လာပြီး သူ၏လက်အား အလျင်စလို ကမ်းပေးလိုက်ပြီး
"ထန်ရှု … မင်း တကယ်ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ "
"အာ … ကျွန်တော့်သူငယ်ချင်းက ဒီမှာ ဆေးရုံတင်ထားတယ်လေ။ သူ့ကို လာတွေ့တာ။" ထန်ရှုက ပြုံးပြီး ဖြေသည်။
ကျားလွေဒေါင်သည် ယွမ်ချူးလင်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး
"ငါတို့ နောက်ဆုံးတွေ့ခဲ့တာက ကျင်းမန်ကျွန်းမှာ။ လတောင် အတော်ကြာနေပြီ မဟုတ်လား။ ရှန်ဟိုင်းမှာ မင်းကို ပြန်တွေ့ရမယ်လို့ မထင်ထားမိဘူး။”
“ကျွန်တော် ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတာ။ ခင်ဗျားကရော … ရှန်ဟိုင်းကို ဘာက ခေါ်လာတာလဲ။"
ထန်ရှုက ရယ်ရင်း မေးသည်။
“ငါက မကြာသေးခင်ကမှ လုပ်ငန်းအချို့လုပ်ခဲ့ပြီး ကုမ္ပဏီကို ရှန်ဟိုင်းကို ပြောင်းဖို့ စီစဉ်နေတယ်။ အခု နေလို့ သိပ်မကောင်းလို့ ဆေးစစ်ဖို့ ဒီကို လာခဲ့တာ။” ကျားလွေဒေါင်က ပြုံးပြီး ပြောသည်။
"ခင်ဗျား ဘာစီးပွားရေးတွေ လုပ်နေလဲ။" ထန်ရှုက မေးလိုက်သည်။
“ငါ့လက်ကို သန့်စင်ဖို့ ရည်ရွယ်ပြီး လောင်းကစားလုပ်ငန်းကနေ အနားယူဖို့ လုပ်ထားတယ်။ ဒါကြောင့် ဂိမ်းကစားရုံတချို့ကို ဖွင့်ခဲ့တယ်။ စကားမစပ် … ရှန်ဟိုင်းတက္ကသိုလ်နားက ကုန်သည်လမ်းမှာ စတိုးဆိုင်နေရာကြီးတစ်ခုရှိတယ်။ အခု လောလောဆယ်မှာ ပြုပြင်မွမ်းမံနေတယ်။" ကျားလွေဒေါင်က ပြောသည်။
"အဲ့ဒါ အရမ်းကောင်းတယ်။" ထန်ရှုက အားပေးလိုက်သည်။
"ထန်ရှု … ရှန်ဟိုင်းမှာ မင်းနဲ့တွေ့နိုင်တယ်ဆိုကတည်းက ငါတို့ရဲ့ကံကြမ္မာက တော်တော်နက်ရှိုင်းတယ်ဆိုတာ ပြနေတာပဲမဟုတ်လား။ ဒီည မင်း အားလပ်ချိန်ရှိရင် ငါ မင်းကို ညစာကျွေးပါရစေ။" ကျားလွေဒေါင်က ဖိတ်လိုက်သည်။
"ဒီည ကျွန်တော် ချိန်းပြီးသား ဖြစ်နေတယ်ဗျာ။ တခြားနေ့ရော ဘယ်လိုလဲ။" ထန်ရှု ရယ်ရယ်မောမော ပြန်ဖြေသည်။
“ကောင်းပြီ။ ငါ ရှန်ဟိုင်းမှာ နောက်ထပ်လ အနည်းငယ်လောက် နေဦးမယ်ဆိုတော့ တခြားအချိန် ရလာမှာပါ။ အဆက်အသွယ် မပြတ်စေနဲ့။” ကျားလွေဒေါင်က ပြုံးကာရယ်ကာဖြင့် ပြန်ပြောလိုက်သည်။
ထန်ရှုက သူ့ကို ခေါင်းညိတ်ပြုံးပြနှုတ်ဆက်ပြီးနောက် ယွမ်ချူးလင်၏ဘီးတပ်ကုလားထိုင်ကို သူ၏လူနာဆောင်ဆီသို့ တွန်းလိုက်သည်။
"အဲ့ဒီလူက ဘယ်သူလဲ အစ်ကိုကြီးထန်" ယွမ်ချူးလင်က စိတ်ဝင်တစား မေးသည်။
“ငါ့မိတ်ဆွေတစ်ယောက်ပါ။” ထန်ရှုက ဖြေသည်။
“သူ လောင်းကစားနယ်ကနေ ရှင်းရှင်းလင်းလင်း ရုန်းထွက်လိုက်တယ်လို့ ပြောနေတာ ကြားလိုက်လို့။ သူ့အခြေအနေက ဘယ်လိုလဲ။ သူက ပရော်ဖက်ရှင်နယ် လောင်းကစားသမားလား … ဒါမှမဟုတ် တစ်ခုခုလား။” ယွမ်ချူးလင်က မေးလိုက်သည်။
"မင်း ထင်တဲ့အတိုင်းပဲ သူငယ်ချင်း။ သူက အမှန်တကယ်ကို ပရော်ဖက်ရှင်နယ် လောင်းကစားသမားတစ်ဦး ဖြစ်သလို အတော်လည်း ကောင်းတဲ့သူတစ်ယောက်ပဲ။ ဒါပေမယ့် လောင်းကစားဆိုတာမျိုးက သင့်လျော်တဲ့ အလုပ်မဟုတ်ဘူးလေ။ တစ်ခါက ငါ သူ့ကို ပြဿနာတချို့မှာ ကူညီခဲ့ပြီး သူ့ရဲ့ဆုံးရှုံးမှုကို လျော့ပါးစေခဲ့တယ်။ အဲ့ဒီနောက်တော့ သူ လောင်းကစားလောကကနေ အနားယူလိုက်ပြီး ဘယ်တော့မှ မပါဝင်တော့တဲ့ပုံပဲ။” ထန်ရှုက ရှင်းပြသည်။
"မင်းက တကယ်ကို လူကောင်းတစ်ယောက်ပဲ အစ်ကိုကြီးထန်။" ယွမ်ချူးလင်က သူ့ကို လက်မထောင်ပြပြီး ချီးကျူးစကားဆိုကာ
"မင်း တစ်စုံတစ်ယောက်နဲ့ မထင်မှတ်ဘဲ တွေ့ဆုံမိပြီး အဲ့ဒီလူက မင်းဆီက အကူအညီတွေတောင် ရခဲ့တယ်။ ကျားလွေဒေါင်က မင်းကို အရမ်းလေးစားပုံရတယ် အစ်ကိုကြီးထန်။"
“ငါ့ကို မချီးကျူးနဲ့။ ငါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ငတုံးတစ်ယောက် ဖြစ်အောင် လုပ်မိလိမ့်မယ် မင်းသိရဲ့လား။" ထန်ရှုက ရယ်မောကာ တုံ့ပြန်လိုက်သည်။
***