ထိတ်လန့်စေသော အကြောင်းရင်းများ
Vol. 10 Ch. 482
ရင်းနှီးမှုဆိုသည်မှာ ရင်းနှီးမှုခရီးလမ်းတလျှောက် ထိုပတ်သက်ဆက်စပ်နေသူများ၏ နှလုံးသားများကိုသာ အာဟာရဖြည့်တင်းပေးနိုင်ပြီး ဖွံ့ဖြိုးကြီးထွားလာစေရန် စိုစွတ်စေသော သာယာသောနွေဦးကဲ့သို့ ဖြစ်သည်ဟု အများအားဖြင့်ဆိုသည်။
ထန်ရှုနှင့် ယွမ်ချူးလင်တို့ကြားက ရင်းနှီးမှုသည် ထူးထူးခြားခြား လေးနက်သည်မဟုတ်သည့်တိုင်
“လူတစ်ယောက်သည် သူ့အား ကောင်းမွန်စွာ ဆက်ဆံသည့်သူအား အလားတူစွာ ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်။”ဟူသော နိယာမအရ ယွမ်ချူးလင် လုပ်ခဲ့၊ ပြသခဲ့သည်များသည် ထန်ရှု၏ နှလုံးသားထဲတွင် သူ့အား နေရာတစ်ခုရစေသည်။ ထို့ကြောင့် ထန်ရှုသည် နှစ်နာရီကျော်ကြာ အဖော်လုပ်ပေးခဲ့ပြီးမှ ထွက်ခွာလာခဲ့သည်။
ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်ရောက်ပြီးနောက် အာခြောက်နေသဖြင့် လက်ဖက်ရည်သောက်ရန် ကြံရွယ်လိုက်သော်လည်း သူ မေ့လုနီးပါးဖြစ်နေသော တစ်စုံတစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ထိုအရာသည် နိုင်ငံတကာ ခေါ်ဆိုမှုတစ်ခုလည်း ဖြစ်ခဲ့သည်။
"ငါ ဘယ်သူနဲ့ စကားပြောနေရတာပါလဲ။" အိပ်ခန်းပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း ထန်ရှု အေးအေးဆေးဆေး မေးလိုက်သည်။
ဆဲလ်ဖုန်းမှ စူးရှသော အသံက
“ငါပါ သူဌေး။ ကုဝါကိုယာမာမိုတိုပါ။"
ထန်ရှု တခဏမျှ ကြောင်အအ ဖြစ်နေပြီးမှ ဂျပန်ယာမာမိုတိုကလန်မှ အမျိုးသမီးငယ်ကို ချက်ခြင်း ပြန်သတိရသွားသည်။ သူမသည် သူ၏ စိတ်ဝိညာဉ်လွှမ်းမိုးဂါထာအောက်တွင် ကျရောက်ခဲ့သော နင်ဂျာဆရာသခင်တစ်ယောက်၊ မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်း၏ အနာဂတ်သခင်လည်း ဖြစ်သည်။
"တစ်ခုခု ဖြစ်လို့လား။"
"ဒါက အရေးတကြီးကိစ္စပဲ သူဌေး။" ကုဝါကိုယာမာမိုတိုက တလေးတစား ပြောလာသည်။ "ကြယ်တာရာမြို့ရဲ့ ခမ်းနားသောထန်လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုကနေ အချက်အလက်အချို့ကို ခိုးယူဖို့ ကလန်အကြီးအကဲ ငါ့အဖေဆီကနေ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံကို သွားရမယ်ဆိုပြီး အမိန့်တစ်ခု ငါ ရခဲ့တယ်။ နင်က အဲဒီကလာတာ ငါ သိတယ်။ ဒါကြောင့် နင့်ကို ဒီအကြောင်း ပြောပြတာ။"
ထန်ရှု အမူအရာတစ်ချက် ပြောင်းသွားပြီး သူ၏မျက်ဝန်းများထဲတွင် အေးစက်စက် အရိပ် လက်သွားပြီး
“ငါက မင်းပြောတဲ့ ကုမ္ပဏီရဲ့ပိုင်ရှင်ပဲ။ နတ်ဘုရားဝတ်ရည်ဝိုင်၊ အသားအရည်လှလိမ်းဆေးနဲ့ အမာရွတ်ပျောက်ခရင်မ်တို့က ငါကိုယ်တိုင် သုတေသနပြု တီထွင်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်သုံးမျိုးလေ။ မင်းရဲ့ ယာမာမိုတိုကလန်ကို ငါက ရခွင့်ပြုမယ်လို့ မင်းထင်နေတာလား။"
"တကယ်တောင်းပန်ပါတယ် သူဌေး။" ကုဝါကိုယာမာမိုတိုက ကမန်းကတန်း ပြောလိုက်သည်။ "ခမ်းနားသောထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်က နင်မှန်း ငါ မသိခဲ့သလို အဲ့ဒီထုတ်ကုန်သုံးမျိုးကို နင် တီထွင်ခဲ့တာကိုလည်း ငါ မသိခဲ့ဘူး။ ဒါပေမယ့် အဖေ့ရဲ့အမိန့်ကြောင့်…"
ထန်ရှုက လျင်မြန်စွာ တွေးတောရင်း ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။
“မင်းရဲ့လူတွေကို မင်း ခေါ်သွားနိုင်တယ်။ ဒါပေမယ့် မင်း ကြယ်တာရာမှာ အခြေတကျ ဖြစ်ပြီးရင် ငါ့သတင်းကို စောင့်ပါ။ ငါ အခုလောလောဆယ် ရှန်ဟိုင်းမှာ နေတာမို့လို့ နှစ်ရက်အတွင်း ကြယ်တာရာကို ပြန်လာခဲ့မယ်။ အချိန်တန်ရင် ငါတို့ အဲ့ဒီအကြောင်းကို ပြန်ပြောကြမယ်။ ဒါနဲ့ ကိုယ့်နိုင်ငံကို ပြန်ရောက်ပြီးတော့ တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ။”
ကုဝါကိုယာမာမိုတိုက ပြောသည်။
"နင် ငါ့ကို ပြောပြခဲ့တဲ့ စိတ်ဝိညာဉ်လွှမ်းမိုးဂါထာက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြစရာပဲ သူဌေး။ ငါ့မျိုးနွယ်စုရဲ့ထိပ်တန်းအဖွဲ့ဝင် သုံးပုံတစ်ပုံကို လျှို့ဝှက်စွာ ထိန်းချုပ်ထားပြီးပြီ။ အပေါ်ယံသာ သူတို့တွေက ငါနဲ့ ဝေးကွာနေတယ်ထင်ရပေမယ့် ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို လုံးလုံးလျားလျား ရောက်နေခဲ့ကြပြီ။ နောက်ပြီး အဲ့ဒီဂါထာကို သုံးပြီး ငါ့ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်နိုင်ခဲ့တဲ့ မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းက အကြီးအကဲအချို့လည်း ရှိသေးတယ်။ အထက်တန်းစားနင်ဂျာများစွာကတော့ ငါ့ရဲ့ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ရှိနေတယ်။ အများဆုံးသုံးနှစ်အတွင်း ယာမာမိုတိုကလန်နဲ့ မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းမှာ ရှိတဲ့ ရပိုင်ခွင့်တွေနဲ့ အခွင့်အရေးအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်မှာပါ။"
ထန်ရှုက ကျေနပ်အားရစွာဖြင့်
“ငါ သိပြီ။ ပြီးရင် ဆေးဖက်ဝင်အပင်နဲ့ တွင်းထွက်ပစ္စည်းအချို့ကို စာရင်းပြုစုထားတဲ့ ကျင့်ကြံမှုအရင်းအမြစ်စာရင်းကို ပို့ပေးမယ်။ ဂျပန်မှာ မင်းရဲ့အင်အားကို သုံးပြီး အဲ့ဒါတွေကို ရှာပေးပါ။ မင်းက အဲ့ဒီပစ္စည်းအများအပြားကို ယူဆောင်လာနိုင်ရင် မင်းကို ဆေးဖက်ဝင်ဆေးလုံးအချို့ကို ငါ ဆုချမယ်။ အဲ့ဒီဆေးလုံးတွေက မင်းရဲ့ ကျင့်ကြံမှုတိုးတက်လာဖို့ကို အရှိန်မြှင့်ကူညီပေးတယ်။”
"ဆေးဖက်ဝင်ဆေးလုံးဟုတ်လား။ အဲ့ဒါ ဘာလဲ။" ကုဝါကို ယာမာမိုတိုက မေးသည်။
“မင်း သိဖို့ မလိုသေးဘူး။ ငါ မင်းကို ပို့မယ့်စာရင်းထဲက ဆေးဖက်ဝင်အပင်တွေနဲ့ တွင်းထွက်ပစ္စည်းတွေကို မင်း ရှာဖို့ပဲ လိုတယ်။ မင်း စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင် ငါပေးမယ့် ဆေးဖက်ဝင်ဆေးလုံးတွေက မင်းရဲ့ ကျင့်ကြံမှု တိုးတက်မှုကို မြန်မြန်ဆန်ဆန် ဖြစ်သွားစေနိုင်တယ်၊ အဆပေါင်းများစွာ ပိုမြန်နိုင်တယ်” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
…အဆပေါင်းများစွာ မြန်တာလား…
ကုဝါကိုယာမာမိုတိုက စိတ်လှုပ်ရှားစွာဖြင့် “တရုတ်နိုင်ငံခရီးစဉ်ကို တတ်နိုင်သမျှ နှောင့်နှေးအောင် ကြိုးစားပါ့မယ် သူဌေး။ နင် လိုအပ်တဲ့ ပစ္စည်းတွေ ရဖို့ ငါ အကောင်းဆုံး ကြိုးစားပေးမယ်။"
"ကောင်းပါပြီ။" ထို့နောက် ထန်ရှု ဖုန်းကိုချလိုက်သည်။
အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်များ နယ်ပယ်သို့ ပြန်လည်ဝင်ရောက်နိုင်ရန်နှင့် သူ၏ကျင့်ကြံမှု အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန်အတွက် ထန်ရှုသည် ကျင့်ကြံမှု အရင်းအမြစ်များစွာ လိုအပ်မည် ဖြစ်သည်။ ထိုကျင့်ကြံမှုအရင်းအမြစ်များကို အသုံးပြုခြင်းဖြင့်သာ သူ၏ခွန်အားကို တိုးစေပြီး နောက်ဆုံးတွင် လက်စားချေခြင်းဟူသော အန္တိမပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဂျပန်သည် အလွန်ထူးခြားသော နိုင်ငံတစ်ခုဖြစ်ပြီး ထန်ရှုသည် ထိုနေရာရှိအခြေအနေကို သိပ်မသိသော်လည်း ထိုနိုင်ငံ၌ သူ အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များနှင့် သတ္တုရိုင်းများ ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။ ကုဝါကိုယာမာမိုတိုက သူ လေ့ကျင့်ပေးနေသည့် သိမ်းငှက် သို့မဟုတ် ခွေးဟု မရည်ရွယ်သော်လည်း သူမသည် သူ၏အသုံးချခံ ဖြစ်လာပြီး သူ့အတွက် အနာဂတ်မှာ အကျိုးရှိစေပေလိမ့်မည်။
****
ပေကျင်း … ထန်မိသားစု၏ ဘိုးဘွားအိမ်တွင် …
လျိုချန်းရှီတစ်ယောက်တည်း သစ်သီးခြင်းကို သယ်ပြီး ခြံအပြင်ဘက်တွင် ရပ်စောင့်နေသည်။ တံခါးဝတွင် မတ်တပ်ရပ်စောင့်နေသည့် လက်နက်ကိုင် စစ်သားတစ်ယောက်က သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်။
“မစ္စတာလျို … အကြီးအကဲထန်က အိမ်နောက်ဖေးဥယျာဉ်မှာ ရှိတယ်။ ဝင်သွားရင် လူတစ်ယောက်က သူ့ကိုတွေ့ဖို့ ခင်ဗျားကို လာခေါ်သွားလိမ့်မယ်။"
အိမ်ရှေ့ ခြံဝင်းထဲက ထွက်လာသည့် လက်နက်ကိုင် စစ်သားတယောက်က သူ့ကို အသံဝါကြီးနှင့် လှမ်းပြောလိုက်သည်။
လျိုချန်းရှီက ခေါင်းညိတ်ပြရင်း ခြံဝင်းထဲသို့ ခြေလှမ်းကြဲကြီးများဖြင့် ဝင်လာသည်။ ပထမအရှေ့တံခါးကိုဖြတ်ပြီးသောအခါ သူ၏အရှေ့တွင် ရေကန်တစ်ခုပေါ်လာသည်။ ရေကန်၏ ဘယ်ဘက်တွင် သေးငယ်သော စက်ဝိုင်းတံခါးတစ်ခု ရှိပြီး အကွက်ဖော်စိုက်ပျိုးထားသော ရောင်စုံပန်းပွင့်များစွာက မျက်စိပသာဒ ဖြစ်စေသည်။
စိမ်းစိုသောသစ်ကိုင်းများထက်တွင် ငှက်လှောင်အိမ်များစွာကို ချိတ်ဆွဲထားပြီး သာယာနာပျော်ဖွယ် တီတီတျာတျာတေးဆိုသံများကို ထိုနေရာမှ ကြားနေရသည်။
ဥယျာဉ်၏အလယ်ဗဟိုတွင် ထန်ကောရှန့်နှင့် ထန်ကောရှို့တို့သည် ရှုခင်းကြည့်ရန် သီးသန့်ပြုလုပ်ထားသည့် ရှေးဟောင်းပုံစံ အဆောက်အအုံငယ်အတွင်းတွင် စစ်တုရင် ကစားနေသည်။ လက်ရှိတွင် ကစားနေသည်မှာ အကြိတ်အနယ် အခြေအနေဖြစ်နေသောကြောင့် စစ်တုရင်ရုပ်များသည် စစ်တုရင်ခုံတစ်ခုလုံးကို ဖုံးလွှမ်းတော့မည်ဖြစ်သည်။ သူတို့၏ဘေးတွင် ကြေးဝါဖြင့် လုပ်ထားသည့် ရှေးဟောင်းအမွှေးတိုင်အိုး တစ်ခု ရှိနေပြီး ဖျော့တော့သော မီးခိုးနံ့သင်းသင်းသည် သည်နေရာလေးအား ဖုံးလွှမ်းလျက် ရှိသည်။
လျိုချန်းရှီ ရောက်ရှိလာသော်လည်း ရှေးဟောင်းပုံစံ အဆောက်အအုံငယ်၏အပြင်ဘက်တွင် ငြိမ်သက်စွာဖြင့် ၎င်းတို့နှစ်ဦးကို မနှောင့်ယှက်ဘဲ ရပ်နေလိုက်သည်။ သစ်သီးခြင်းကိုမူ သူနှင့်အတူ ပါလာသည့်အိမ်ထိန်းကို ပေးလိုက်ပြီးဖြစ်သည်။
"သတိမမူ ဂူမမြင်…"
ထန်ကောရှို့၏မျက်နှာကို ဖုံးအုပ်ထားသည့် အရေးအကြောင်းများသည် တောက်ပသော အပြုံးဖြင့် ဆန့်တင်းနေသည်။
ထန်ကောရှန့်က ခေါင်းယမ်းလိုက်သော်လည်း သူ၏မျက်နှာသည် ထူးထူးခြားခြား ငြိမ်သက်နေသည်။ ထို့နောက် သူ၏အကြည့်များသည် စစ်တုရင်ခုံမှတဆင့် လျိုချန်းရှီဆီသို့ ကူးပြောင်းပြီး လက်ပြနှုတ်ဆက်သည်။
"အကြီးအကဲထန်…" လျိုချန်းရှီက ထိုလူနှစ်ယောက်အား တလေးတစား ခေါ်သည်။
"လျိုလေး … ဒီနေ့ ဒီအဘိုးကြီးကို တွေ့ဖို့ မင်း ဘယ်လို သတိရလိုက်တာလဲ။" ထန်ကောရှန့်က အပြုံးဖြင့် ပြောလိုက်သည်။
“တကယ်တော့ စောစောလာဖို့ စီစဉ်ထားခဲ့တာပဲ။ ရုံးလုပ်ငန်းတွေက ကျွန်တော့်ကို အပြင်မှာ အမြဲတမ်း မအားလပ်လုပ်အောင် လုပ်ထားတယ်လေ။ အချိန်မနည်းလုပြီး ရှန်ဟိုင်းကနေ ဒီကို အမြန်ပြေးခဲ့ရတယ်။ အကြီးအကဲနှစ်ယောက်လုံး အစစ အဆင်ပြေတယ်မလား။"
လျိုချန်းရှီက ပြုံးကာ ပြောလိုက်သည်။
…ရှန်ဟိုင်းကလား…
ရှန်ဟိုင်းရှိ အစွန်းရောက်ဝါဒီ အကြမ်းဖက်သမားများနှင့် အဖြစ်အပျက်သည် ထန်ကောရှန့်၏နားထဲသို့ ပြန်လည်ရောက်လာပြီး သူ၏မျက်လုံးများသည် ချက်ချင်းပင် မှေးသွားခဲ့သည်။ လျိုချန်းရှီက ဘာမှ မပြောသေးသော်လည်း ထိုအဖြစ်အပျက်သည် သူ၏ အဖိုးတန်မြေးလေးနှင့် ဆက်စပ်နိုင်သည်ဟု ဝိုးတဝါး မှန်းဆနိုင်သည်။
"ချာတိတ် … မင်းရဲ့စိတ်နဲ့ နှလုံးသားထဲမှာရှိတဲ့ အရာတွေက ကောင်းကင်က ကြယ်တွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ ဒါနဲ့ ဒီကို လာတဲ့ ရည်ရွယ်ချက်က ဘာများလဲ။”
လျိုချန်းရှီသည် အနေရခက်စွာ ပြုံးပြရင်း
"အကြီးအကဲထန် … ဒီတစ်ခေါက် လာရောက်ရတဲ့ ရည်ရွယ်ချက်က ထန်ရှုအတွက် အဓိကပါ။ အကြီးအကဲက သူ့အဘိုးဆိုတော့ အကြီးအကဲရဲ့စကား နားထောင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။"
…မျှော်လင့်ထားသည့်အတိုင်းပင်…
ထန်ကောရှန့်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ၏မျက်နှာထက်မှ အပြုံးအား ထိန်းထားရင်း
"ဆက်ပြောပါ။"
လျိုချန်းရှီက ဆက်ပြောသည်။
“အကြီးအကဲထန် … ရှန်ဟိုင်းကနေ သတင်းရမယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲ့ဒီတုန်းက ထန်ရှု ရှိနေခဲ့လို့ တကယ်ကံကောင်းသွားတာ။ သူသာ မရှိရင် ကျန်းရှင်းယာရဲ့ ဖျော်ဖြေပွဲက သောင်းချီတဲ့ ပရိသတ်တွေရဲ့ ကမ္ဘာ့ကြေကွဲစရာအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်။ ရှန်ဟိုင်းလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကိုလည်း ရှောင်ရှားခဲ့ပြီး ဆုံးရှုံးမှုကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ထန်ရှုကို ရက်အနည်းငယ်အတွင်း သူ လုပ်ခဲ့တဲ့အလုပ်အတွက် ဆုချဖို့ အထက်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ ကျွန်တော်က သူ့ကို လုံခြုံရေးဌာနမှာ ပါဝင်စေချင်လို့ အကြီးအကဲကို ဒီတစ်ခေါက် လာတွေ့တာပါ။ သူနဲ့ကျွန်တော်တို့ ပူးပေါင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရာမှာ ပိုကောင်းတဲ့အခန်းကဏ္ဍကနေ လုပ်ဆောင်လာနိုင်မှာ သေချာပါတယ်။
“ကျွန်တော်ကိုယ်တိုင်က သူ့ကို အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ပြီးပြီ ဆိုပေမယ့် ပညာရေးကို အကြောင်းပြပြီး သူက ငြင်းထားတယ်။ အဲ့ဒါကြောင့် အကြီးအကဲ သူ့ကို ဖျောင်းဖျနိုင်ရင် ကျေးဇူးပြုပြီး ကျွန်တော်တို့လုံခြုံရေးဌာနတွင် ပါဝင်ခိုင်းပေးပါ။ အကြီးအကဲ စိတ်ချပါ။ ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်အရ သူ့အတွက် အခွင့်ထူးတွေ အများကြီး မပေးနိုင်ပေမယ့် ဖြစ်နိုင်သမျှ အကောင်းဆုံး ပေးမယ်လို့ အာမခံ ထားပါတယ်။ သူ အလုပ်တစ်ခု ကောင်းကောင်း လုပ်ထားသရွေ့ သူကို ကျွန်တော့်ရာထူးအတွက်တောင် အာမခံပေးနိုင်ပါတယ်။”
လျိုချန်းရှီအား မျက်လုံးစွေကြည့်ရင်း ထန်ကောရှန့်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ထိုအပြုံးက အရင်ကထက်ပင် ပိုမိုတောက်ပနေသေးသည်။ သို့သော် သူ့မြေး၏ စရိုက်ကို ပြန်သတိရသောအခါ မချိပြုံး ပြုံးပြရုံမှတပါး သူ၏ခံစားချက်အား အခြားဘာသာစကားဖြင့် မဖော်ပြနိုင်ပါပေ။
"လျိုလေး … ရှုအာက ငါ့မြေးအရင်းဆိုပေမဲ့ သူက အပြင်မှာ နှစ်များစွာ နေထိုင်ခဲ့ရပြီး မကြာသေးမီကမှ သူ့ကို ငါတို့ ပြန်တွေ့ခဲ့တယ်။ သူ့ဘာသာ အရွယ်ရောက်လာရတဲ့သူဆိုတော့ သူ့မှာ ကိုယ်ပိုင် အတွေးအခေါ် နဲ့ တွေးခေါ်ပုံနည်းတွေက ရှိပြီးသား။ အဲ့ဒါကြောင့် ငါကိုယ်တိုင် သူ့အဘိုးဖြစ်ပေမယ့် သူ့ဆုံးဖြတ်ချက်ကို စွက်ဖက်ဖို့ မသင့်ဘူး။ ဒီကိစ္စကို ငါ သိပြီးသွားပြီဆိုတော့ သူနဲ့ စကားပြောကြည့်ပါဦးမယ်။ ဒါပေမယ့် ရလဒ်နဲ့ ပတ်သက်ပြီးတော့ အာမခံချက် မပေးနိုင်ဘူး။”
လျိုချန်းရှီက တွေတွေကြီး စိုက်ကြည့်ပြီး "အကြီးအကဲထန် … သူ့အတွက် ဆုံးဖြတ်ချက် မချနိုင်ဘူးလား။ ဒါက …”
"သူက သာမန်ကလေးတစ်ယောက်သာဆို ငါက သူ့ကို ဆုံးဖြတ်ချက်ချရာမှာ ကူညီပေးနိုင်တာ သဘာဝပါပဲ။ ဒါပေမယ့် မင်း ငါ့ကို ရှာရအောင်အထိ လုပ်နိုင်တဲ့သူက သာမန်ကလေးတစ်ယောက်လို့ မင်းထင်လား။"
"ခင်ဗျား ပြောတာ မှန်တယ် အကြီးအကဲထန်။" လျိုချန်းရှီက အားတင်းပြုံးကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်း ငါတို့နဲ့နေပြီး ညစာအတူ စားသွားပါလား။" ထန်ကောရှန့်က မေးသည်။
"မစားနိုင်တော့ဘူး။ ကျွန်တော့်ဌာနကို ပြန်ရမယ်။” လျိုချန်းရှီက အမြန် ပြောလိုက်သည်။
"မဖြေရှင်းရသေးတဲ့အရာတွေ ရှိသေးတယ်။ ထန်ရှုက ကျွန်တော့်ကို အမှန်အတိုင်း မပြောချင်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အဲ့ဒါတွေကို စစ်ဆေးရတော့မယ်။"
"အဲ့ဒါက ဘာလဲ။" ထန်ကောရှန့်က မျက်ခုံးပင့်ကာ မေးသည်။
လျိုချန်းရှီ တခဏလောက် တုံ့ဆိုင်းသွားပြီးနောက် “ဒါက တကယ်တော့ ကျွန်တော် ဒီကိုလာရတဲ့ ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ ထောက်လှမ်းရေး မှတ်တမ်းတွေအရဆိုရင် အစွန်းရောက်အဖွဲ့ဝင်လို့ သံသယရှိသူတွေကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူအချို့က လုယူသွားခဲ့တာ။ နောက်ပြီး ရှန်ဟိုင်းကမ္ဘာသစ်စင်တာကနေ ငါးကီလိုမီတာအတွင်း မှုခင်းမြင်ကွင်းတွေအပြင် ယာဉ်ကြောစောင့်ကြည့်ခြင်း ဗီဒီယိုအားလုံးကိုလည်း စုံစမ်းထားတယ်။ အနီးနားက စီးပွားရေး အဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ စတိုးဆိုင်တွေရဲ့ စောင့်ကြည့်ခြင်း ဗီဒီယိုတွေပါ ရှိပေမယ့် အဲ့ဒီလူတွေက ကျွန်တော်တို့ကို ခေါင်းကိုက်စေတယ်။ သူတို့တွေရဲ့ တန်ပြန်ထောက်လှမ်းမှုနဲ့ ခြေရာခံနိုင်မှုစွမ်းရည်တွေက ကျွန်တော်တို့ထက် ပိုသာလွန်နေတယ်။ ရာနဲ့ချီတဲ့ စောင့်ကြည့်ဗီဒီယိုတွေထဲကနေ သူတို့ကို ရှာမတွေ့နိုင်ခဲ့ဘူး။”
"ဘယ်လို…"
ထန်ကောရှန့်နှင့် ထန်ကောရှို့တို့ ထိတ်လန့်အံ့သြသွားကြသည်။ သူတို့တွေသည် တစ်ချိန်က သြဇာအာဏာကြီးမားကာ အခွင့်ထူးရှိသူများ ဖြစ်ခဲ့ကြသောကြောင့် အချို့သော စုံစမ်းစစ်ဆေးရေး နည်းလမ်းများကို သိရှိထားသည်။ သည်သတင်းသည် သူတို့အတွက် မယုံနိုင်လောက်အောင်ပင်။
ရာနှင့်ချီသော နယ်မြေများကို စောင့်ကြည့်နေသည့် ထောက်လှမ်းရေးကင်မရာများဖြင့် ဤလျှို့ဝှက်ဆန်းကြယ်သူများကို ဖမ်းယူနိုင်ခြင်းမရှိဘူးတဲ့လား။ သူတို့ ... သူတို့တွေနဲ့ ဆက်ဆံရတာ အရမ်းခက်ခဲမှာ မဟုတ်ဘူးလား။
ထန်ကောရှန့်က အသက်ပြင်းပြင်းရှူပြီး လေးလေးနက်နက် အသံဖြင့်
"ရှုအာက ဒီလူတွေရဲ့အကြောင်းကို သိတယ်လို့ ပြောချင်တာလား။"
လျိုချန်းရှီက ခေါင်းညိတ်လိုက်ပြီး
"ထန်ရှုက သူတို့အကြောင်းကို သိရုံတင်မကဘူး သူတို့တွေ ဘယ်သူလဲဆိုတာတောင် သိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ အစွန်းရောက်တွေရဲ့ အသွင်အပြင်ကို ငါတို့ လုံခြုံရေးဌာနနဲ့ ရဲ တပ်ဖွဲ့က လူတွေကလွဲလို့ သိတဲ့သူ မရှိလို့ပါပဲ။”
ထန်ကောရှန့်၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ဝေ့ဝဲနေသည်။ တောင်ပိုင်းရှိ ယောင်မိသားစုနှင့် ထန်ရှု ကစားခဲ့သည့် အဖြစ်အပျက်ကို သတိရသွားသည်။ ထိုအချိန်တုန်းက လျှို့ဝှက်ဆန်းကြယ်ကျွမ်းကျင်သူများအား ထန်ရှု ပြန်လည်ခေါ်ဆောင်သွားသည်ကို ပြန်သတိရသွားသည့်အခါ သူ့မြေးလေးအကြောင်း အနည်းငယ်သာ သူ သိသေးသည်ကို ရုတ်တရက် နားလည်သွားသည်။ သို့သော်လည်း အလွန်ထူးခြားသော ပုံရိပ်ရှိသော လျူချန်ရှီကို ရင်ဆိုင်ရင်း သူ့စိတ်ထဲတွင် ရှိနေသောအရာကို ထုတ်မပြောသည်မှာ သဘာဝကျပေသည်။
***