← Chapters

နင်က ငါ့ရဲ့လူ

Vol. 10 Ch. 484

နင်က ငါ့ရဲ့လူ

Vol. 10 Ch. 484

"သူဌေး … အစ်မရှောင်ကျင်း နောက်တစ်ခု ပြီးသွားပါပြီ..." ထန်ရှောင်မုသည် ငရုတ်ပွအုပ်ချက်ထားသော ဝက်သားဟင်းပန်းကန်အား သယ်လာကာ ထမင်းစားခန်းထဲသို့ ပြေးလာသည်။ အိုးရန်လူလူဆီ အကြည့်ရောက်သွားသည့်အခါ သူမ၏ စကားများပင် မဆုံးသေးပေ။

ထန်ရှုက ပန်းကန်ကို ယူလိုက်ပြီး

"ရှောင်မု … ဒါက မင်းရဲ့ဒေါ်လေးလူလူ။"

"မင်္ဂလာပါ ဒေါ်လေးလူလူ…" ထန်ရှောင်မုက ချစ်စဖွယ် အမူအရာလေးဖြင့် နှုတ်ဆက်လိုက်သည်။

…ဒေါ်လေးလား…

အိုးရန်လူလူ၏နှုတ်ခမ်းများ တုန်ရီသွားရသည်။ သူမက ထန်ရှောင်မုအား ခေါင်းညိတ်ပြုံးပြသည်။ ထို့နောက် ထန်ရှုဆီသို့ မေးခွန်း မေးလိုသည့်အမူအရာတစ်ခုဖြင့် လှည့်ကြည့်လိုက်သည်။

“မိဘမဲ့ကလေးငါးယောက်ကို ငါ မွေးစားထားတယ်။ ဒီကလေးက ထန်ရှောင်မု၊ ကျန်တဲ့လေးဦးက ထန်ရှောင်ကျင်း၊ ထန်ရှောင်ရွှေ၊ ထန်ရှောင်ဟိုနဲ့ ထန်ရှောင်ထူ။ ဒီဟင်းတွေကို သူတို့ချက်ထားတာ။”

အိုးရန်လူလူသည် ထကာ မီးဖိုချောင်ဘက်သို့ သွားလိုက်သည်။ ထိုနေရာတွင် အလုပ်ရှုပ်နေကြသော ကလေးလေးယောက်ကို သူမ တွေ့လိုက်ရသောအခါ ထမင်းစားခန်းသို့ ချက်ချင်းပြန်သွားပြီး ထန်ရှုကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်ရင်း

"ပြောပါ ထန်ရှု … နင်က လူမှ ဟုတ်ရဲ့လားဟင်။ သူတို့က ကလေးတွေပဲ ရှိသေးတာလေ။ အဲ့ဒါကို နင်က ထမင်းဟင်း ချက်ခိုင်းနေတာလား။"

"မင်းကရော စားချင်တဲ့သူ မဟုတ်ဘူးလား။ မင်း မစားချင်ရင် ဧည့်ခန်းကို အရင်သွားပြီး အဲ့ဒီမှာ စောင့်နေလေ။"

“နင်…”

သူမသည် ထန်ရှုအား မျက်လုံးပြူးပြလိုက်ပြီး ထန်ရှောင်မု၏လက်ကိုဆွဲကာ တီးတိုး ပြောလိုက်သည်။

"မုလေး … မီးဖိုခန်း သွားရအောင် ဒေါ်လေး ကူချက်ပေးမယ်။"

ဆယ်မိနစ်ခန့်ကြာပြီးနောက် ထမင်းစားခန်းထဲတွင် နောက်ထပ်ဟင်းပွဲများနှင့်အတူ ပူနွေးနေသော ထမင်းဖြူတစ်ပန်းကန်သည် ထန်ရှု၏အရှေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ထန်ရှုသည် ဗိုက်မဆာသည့်တိုင် ကလေးများ ချက်ပြုတ်ထားသော ဟင်းပွဲများ၏ရနံ့သည် သူ၏စားချင်စိတ်အား နိုးထလာစေခဲ့သည်။

ထန်ရှုသည် လျင်မြန်စွာ ဗိုက်ဖြည့်လိုက်ပြီးနောက် သူ့နည်းတူစွာ ဗိုက်ပြည့်နေပြီဖြစ်သည့် ကလေးငါးယောက်နှင့် အိုးရန်လူလူကို ကြည့်လိုက်ပြီး "မင်းတို့ငါးယောက် အနားယူရင်း ကိုယ်တိုင် စာလေ့လာကြည့်ပါ။ လူလူ … ဧည့်ခန်းထဲမှာ စကားစမြည် ပြောရအောင်။"

“စောင့်ဦး။ ငါ ပန်းကန်တွေ မဆေးရသေးဘူး။” အိုးရန်လူလူက တုံ့ပြန်သည်။

“နောက်မှ ဆေးလို့ရတယ်။ မင်းလာတာကလည်း အရမ်းနောက်ကျနေပြီ။ မင်း ပြောစရာ တစ်ခုခု ရှိနေတယ် မဟုတ်လား။"

အိုးရန်လူလူ တစ်ခုခုကို သတိရသွားဟန်ဖြင့် ထမင်းစားခန်းဆီသို့ အမြန်ပြန်ပြေးသွားသည်။ သူမ၏အိတ်ကို ယူပြီး အတွင်းမှ အနီရောင်ဖိတ်စာ စာအိတ်ကို ထုတ်လိုက်သည်။ ထိုစာအိတ်အား သူမ၏လက်နှစ်ဖက်ဖြင့် လှမ်းပေးလိုက်ပြီး

“သူဌေးထန် … မနက်ဖြန် ငါ့စားသောက်ဆိုင် ဖွင့်တော့မယ်။ ဖွင့်ပွဲအခမ်းအနားမှာ ပါဝင်ဖို့ ဖိတ်ပါတယ်ရှင့်။”

"မင်းမှာ စားသောက်ဆိုင်ရှိပြီး စီးပွားရေး လုပ်ဖို့အတွက် ဖွင့်တာလား။ ဒါနဲ့ ရှန်ဟိုင်းကို လာပြီး လျှို့လျှို့ဝှက်ဝှက် လုပ်နေတာက အဲဒါကြောင့်လား။”

ထန်ရှုက ထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်သည်။

"ဒါပေါ့…" အိုးရန်လူလူက ဂုဏ်ယူစွာ ပြောသည်။ “ငါ့ရဲ့ စည်းစိမ်ဥစ္စာတွေအကုန်လုံးကို အဲ့ဒီအပေါ်မှာ ပုံအောထားတာ။ အခု ငါ မွဲသွားပြီ။ ဒါပေမယ့် မနက်ဖြန်ကစပြီး ငါ့စားသောက်ဆိုင်ကနေ ဝင်ငွေကောင်းကောင်း ရလိမ့်မယ်။ ငါ့ရဲ့ဘဏ္ဍာရေးအကျပ်အတည်းက သေချာပေါက် ကျော်ဖြတ်သွားလိမ့်မယ်။ ဘယ်လိုလဲ။ ငါ့ဖိတ်ကြားချက်ကို နင် လက်ခံမှာလား။ ငါ နင့်ကို ဖဲကြိုးဖြတ်တဲ့ နေရာကို လုပ်စေချင်လို့ ချန်ထားရတာ။”

ထန်ရှုက ဖိတ်စာကို ယူလိုက်သည်။ ထို့နောက် ခေါင်းယမ်းကာ အပြုံးဖြင့်

“ငါ သေချာပေါက် လာခဲ့မယ်။ ဒါပေမယ့် ဖဲကြိုးဖြတ်ဖို့ မေ့ထားလိုက်ပါ။ ငါက အကောင်ကြီးကြီးလည်းမဟုတ် ကျော်ကြားသူတစ်ယောက်လည်းမဟုတ်... တိုတိုပြောရရင် ဖဲကြိုးဖြတ်တာက မင်း လုပ်ရမယ့် အလုပ်လေ။ နောက်ပြီး ငါ အဲ့ဒါကို လုပ်ရင် လူတွေရဲ့ အာရုံစိုက်မှုကို ရလိမ့်မယ်။ အဲ့ဒါက ငါ့ပုံစံ လုံးဝ မဟုတ်ဘူး။”

အိုးရန်လူလူက ထန်ရှု၏ဘေးသို့ လာကာ ထိုင်လိုက်ပြီး သူ၏လက်မောင်းအား လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ကာ ချွဲချွဲနွဲ့နွဲ့ အမူအရာဖြင့်

“နင့်ရဲ့စရိုက်ကို ငါသိပါတယ်။ ဒါလည်း စံနမူနာတစ်ခု ဖြစ်စရာ မလိုဘူးမဟုတ်ဘူးလား။ နင်က ငါသိတဲ့ အမိုက်စား လူနည်းစုထဲမှာ ပါတယ်။ နောက်ပြီး အဲ့ဒီစားသောက်ဆိုင်က ငါ့ရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုပါ။ အိုးရန်မိသားစုနဲ့ ဘာမှ မဆိုင်ဘူး။ နင် ဖဲကြိုးဖြတ်တဲ့သူ လုပ်ပေးလိမ့်မယ်လို့ ငါ တကယ်မျှော်လင့်တယ်။"

ထန်ရှုသည် စိတ်ထဲတွင် အတန်ငယ် ကူကယ်ရာမဲ့သည့်အလား ခံစားနေရသည်။ သို့သော် အိုးရန်လူလူ၏ မျှော်လင့်နေသောအမူအရာကို မြင်ရသည့်အခါ သူက အားတင်းပြုံးလိုက်ပြီး

“မင်းကိုယ်မင်းပြောသလိုပဲ အဲ့ဒါကို မေ့လိုက်ပါ။ အဲ့ဒါကို စံနမူနာတစ်ခု ထားစရာ မဟုတ်ဘူး။ ဒါနဲ့ မီဒီယာကို မင်း ဖိတ်ထားသေးလား။

"ဟင့်အင်း … လုံးဝ မဖိတ်ထားဘူး။" အိုးရန်လူလူက အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ “မီဒီယာသတင်းထောက်တွေ ရှိဖို့ မပြောနဲ့ သူတို့ရဲ့အရိပ်တွေတောင်မှ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် မြို့က တာဝန်ရှိသူတွေနဲ့ နာမည်ကြီးတွေကို ဖိတ်ထားတယ်။ တခြားသူတွေကတော့  ငါ့ရဲ့သုခဘုံနယ်မြေက ဝန်ထမ်းတွေအပြင် လတ်တလော ကြော်ငြာတွေကြောင့် ဆွဲဆောင်ခံလိုက်ရတဲ့ ဧည့်သည်တွေတော့ ရှိလိမ့်မယ်။ ဒါပေ့ါ … ငါ့အိုးရန်မိသားစုနဲ့ စီးပွားရေးဆက်ဆံရေးရှိတဲ့ ရှန်ဟိုင်းမှာ စီးပွားရေးသမားတချို့လည်း ရှိလိမ့်မယ်။”

"ဒါက တော်တော်ကို ကြီးကျယ်တာပဲ။" ထန်ရှုက ရယ်မောရင်း ပြောသည်။

"ငါ ဘယ်လိုမကြီးဘဲ နေနိုင်ပါ့မလဲ။ ငါ့ရဲ့ စည်းစိမ်ဥစ္စာ အားလုံးကို အဲ့ဒီအထဲကို လောင်းထည့်ထားတာကို။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့သုခဘုံနယ်မြေလေးက အတော် ရေပန်းစားတော့မှာ အသေအချာပဲ။ ဟီဟိ … ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြရဦးမယ်။ ထာဝရခန်းမနဲ့ ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်ကို သွားခဲ့ပြီး သူတို့ရဲ့ ဟင်းပွဲတွေကို အမြန်ယူဖို့ ငါ့ရဲ့ခိုးယူတဲ့ အနုပညာကို အသုံးပြုခဲ့တယ်။ နင့်ဦးလေး ထန်ဒေါင်နဲ့တောင် သူ့ဆီကနေ အသားဝယ်ဖို့ စာချုပ် ချုပ်ခဲ့တယ်။ ငါတို့ရဲ့အထူးဟင်းလျာအချို့ကို ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်က သားရဲကောင်တွေရဲ့ အသားတွေနဲ့ ချက်ထားတာလေ။ အရသာက အရမ်းအရသာရှိမယ်လို့ အာမခံတယ်။ ဧည့်သည်တွေအားလုံး သွားရည်တမြားမြား ကျသွားလိမ့်မယ်။”

"ကြည့်ရတာ မင်း တကယ်ကို ပုံအပ်ထားတာပဲ။" ထန်ရှုက ရယ်မောပြီး ပြောလိုက်သည်။

"ဒါပေါ့။" အိုးရန်လူလူက ဝမ်းသာအားရ ပြုံးပြီး ဂုဏ်ယူစွာ ပြန်ပြောသည်။

နာရီဝက်အကြာတွင် ဆိုင်ဖွင့်ပွဲကိစ္စအနည်းငယ်ကို ဂရုစိုက်ရန် လိုသောကြောင့် သူမ အမြန် ပြန်ထွက်သွားသည်။ သို့သော်လည်း ထန်ရှု အတွင်းသို့ ဝင်လာရုံရှိသေး မုဝမ်ရင်သည် ပစ္စည်းများစွာကို သယ်ဆောင်ကာ ရောက်ချလာခဲ့သည်။

"ဒါတွေက ဘာတွေလဲ။" မုဝမ်ရင် သယ်လာသည့် အိတ်ပေါင်းများစွာကို ကြည့်ရင်း ထန်ရှုက မေးလိုက်သည်။

"ငါ ရှောင်ကျင်းတို့ကလေးတွေအတွက် မုန့်တွေအပြင် အဝတ်အစားတချို့ ဝယ်လာခဲ့တာ။ ခရီးဆောင်အိတ်တွေက ငါ့ပစ္စည်းတွေ။ ငါ့အဆောင်က မကြာသေးမီက မီးပြတ်သွားတော့ ဆူညံနေရောပဲ။ ဒါကြောင့် ငါ ဒီမှာ နောက်ထပ် နှစ်ညလောက် နေဦးမလို့။ သဘက်ခါကျရင်တော့ ပေကျင်းကို သွားမယ်။"

…ငါ့အိမ်က ဟိုတယ်တစ်ခု မဟုတ်ဘူးလေ အစ်မကြီး …

ထန်ရှု စိတ်တွင်းက ညည်းတွားနေမိရင်း သူ၏လက်ကို ဝှေ့ယမ်းကာ

“အခန်းတစ်ခန်း လွပ်လွပ်လပ်လပ် ရွေးပါ။ ဒါနဲ့ ငါ မနက်ဖြန် အတန်းတက်တော့မှာမို့ အနားယူတော့မယ်။"

"ကောင်းပါပြီ။"

ထို့နောက် မုဝမ်ရင်က သူမ၏အိတ်ကြီးထဲမှ ပစ္စည်းများကို ရွေးယူကာ ထန် ရှောင်ကျင်းတို့ ကလေး၅ယောက် ရှိနေသည့်အခန်းဆီသို့ ဦးတည်သွားလိုက်သည်။

နောက်တစ်နေ့မနက်တွင် ထန်ရှုသည် ကျောင်းသို့ သွားကာ အတန်းတက်သည်။ နေ့ခင်းဘက်တွင် အမြန်ပြေးပြီး ဖိတ်စာမှ လိပ်စာဆီသို့ အရောက်သွားခဲ့သည်။ သူ့အား အံ့အားသင့်ရစေသည်မှာ သုခဘုံနယ်မြေသည် ကျယ်ဝန်းသောဧရိယာနှင့် အလွန်ကောင်းမွန်သော ဒေသပတ်ဝန်းကျင်တွင် တည်ရှိသည်။ တည်နေရာသည် ရှန်ဟိုင်းတက္ကသိုလ်မှ ၂၀ကီလိုမီတာသာ ဝေးသည်။

ယခု ထိုနေရာအား မီးပုံးများ၊ ရောင်စုံမီးပန်းများဖြင့် အလှဆင်ထားပြီး ပျော်ရွှင်နေသော အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

ထန်ရှု ရောက်သွားချိန်တွင် ကျယ်ဝန်းသော ကားပါကင်သည် ပြည့်ကျပ်နေပြီဖြစ်ပြီး အများစုမှာ ဇိမ်ခံကားများဖြစ်ကြသည်ကို တွေ့လိုက်ရသည်။ 品ပုံစံတူ အဆောက်အအုံများသို့ ဧည့်သည်များကို ကြိုဆိုရန် အထူးစီစဉ်ထားသည့် ရှုခင်းကြည့်ယာဉ်ကို မစီးမီ ထန်ရှုသည် ဒီဇိုင်းနာ၏လိမ္မာပါးနပ်မှုကို တိတ်တဆိတ် သက်ပြင်းချရသည်။

ထိုအဆောက်အအုံသုံးလုံးသည် သုံးထပ်စီ ပါဝင်သည်။ ထိုအဆောက်အဦး၃လုံးအနက် တစ်လုံးသည် ရှေးဟောင်းပုံစံ၊ တစ်လုံးသည် ဘုံအဆင့်ပြသာဒ်ပုံစံနှင့် နောက်တစ်လုံးသည် ခေတ်သစ်ဥရောပစတိုင်ဖြစ်သည်။ ဘုံအဆင့်ပြသာဒ်ပုံစံအဆောက်အဦးအား အလယ်တွင် နောက်ခံအနေဖြင့် ထားကာ ဧည့်သည်အများစုသည် ထိုအဆောက်အဦး၏အပြင်ဘက် ရေပန်းရင်ပြင်၌ စုဝေးနေကြသည်။

ထန်ရှု တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး ရင်းနှီးသောလူတစ်ယောက်မှ မရှိသည်ကို တွေ့ရသဖြင့် အဆောက်အဦးထဲသို့ ဝင်သွားသည်။ ခန်းမထဲတွင် ဧည့်သည်များကို အိုးရန်လူလူ နှုတ်ဆက်နေသည်ကို သူ တွေ့လိုက်ရသောကြောင့် သူမကို လက်ပြနှုတ်ဆက်ပြီး အတွင်းထဲသို့ ဝင်လာခဲ့သည်။ ထောင့်တစ်နေရာတွင် ထိုင်လို့ကောင်းမည့် နေရာတစ်ခုရှိနေသဖြင့် သူက ဆိုဖာပေါ်ထိုင်ပြီး ဖုန်းကလိနေလိုက်သည်။

…အာ ဒီကောင်ကတော့ တကယ်ပါပဲ…

ထန်ရှု မည်သည့်အရာ လုပ်နေသည်ကို မြင်လိုက်သော အိုးရန်လူလူ၏ရင်ထဲတွင် တုန်လှုပ်သွားရသကဲ့သို့ ခံစားလိုက်ရသည်။ ဧည့်သည်အနည်းငယ်ကို နှုတ်ဆက်ပြီးနောက် သူမသည် သူ့ဆီသို့ လျှောက်သွားကာ

“နင် ဘယ်လိုဖြစ်ပြီး ငြိမ်သက်နေရတာလဲ။

ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ငါနဲ့လိုက်ခဲ့လေ။"

"ဟင်…" ထန်ရှု ဇဝဇေဝါ ဖြစ်သွားသည်။

"ငါက သူဌေးလည်း မဟုတ်သလို မန်နေဂျာလည်း မဟုတ်ဘူးလေ။ ဧည့်သည်တွေကို ဘာဖြစ်လို့ နှုတ်ဆက်ရမှာလဲ ။ နောက်ပြီး ငါ သူတို့ကို သိတောင် မသိဘူး။"

အိုးရန်လူလူက မကျေမနပ်ဖြင့်

"ဒီသုခဘုံနယ်မြေက ငါ့ရဲ့ ခန်းဝင်ပစ္စည်း ဖြစ်လာလိမ့်မယ်။"

"မင်းရဲ့ ခန်းဝင်ပစ္စည်းက ငါနဲ့ ပတ်သက်စရာ ဘာရှိလဲ။" ထန်ရှုကို ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

အိုးရန်လူလူက သူမ၏နဖူးကို ရိုက်လိုက်ပြီးနောက် ထန်ရှု၏ဘေးတွင် ဝင်ထိုင်လိုက်ကာ သူ၏လက်မောင်းကို ဆွဲလိုက်ပြီး

"ဒီအိုးရန်လူလူရဲ့အမြင်တွေက အရမ်းမြင့်လွန်းတယ်။ နင်တစ်ယောက်တည်းသာ ငါ့မျက်လုံးထဲကို ဝင်နိုင်တဲ့သူပဲ။ ဒါကြောင့် ငါ့ရဲ့အနာဂတ်ခင်ပွန်းက နင်ပဲ ဖြစ်လိမ့်မယ်။ ဒီသုခဘုံနယ်မြေကလည်း နင့်ရဲ့ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်။ အဲ့ဒါကြောင့် နင်က ငါ့နောက်ကို လိုက်ပြီး ဧည့်သည်တွေကို ကြိုဆိုရမယ်လေ။ ငါက နင်တို့တွေကို မိတ်ဆက်ပေးမှာပေါ့။”

ထန်ရှု၏မျက်နှာ တစ်ချက်ပြာသွားပြီး အိုးရန်လူလူ၏လက်ကို တွန်းလိုက်ကာ

"လူလူ … ငါက မင်းကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားတယ်။ ဒါကြောင့် မင်း နောက်ပြောင်တာကို ရပ်လိုက်ပါ။ နောက်နှစ်အနည်းငယ်ကြာတဲ့အထိ မိန်းမ မယူဘူးဆိုတာ ငါ ပြောထားပြီးသား။ ငါ့အတွက် ကလေးတစ်ယောက် မွေးပေးမယ့် ဇနီးမယားရှိဖို့ ကိစ္စက ငါနဲ့ အဝေးကြီးပဲ။ ငါ့စိတ်နေသဘောထားကို မင်း ကောင်းကောင်း သိထားတာမို့ ဒီနေရာမှာ ရပ်လိုက်ဖို့ ငါမျှော်လင့်တယ်။"

အိုးရန်လူလူ၏မျက်လုံးများအတွင်း အတန်ငယ် စိတ်ပျက်သွားသည့်ဟန် ပေါ်လာပြီး စိတ်အတွင်းပိုင်းတွင်လည်း အတော်လေး မသက်မသာ ခံစားလိုက်ရသည်။ သို့တိုင် သူမသည် လေးလေးနက်နက် ပြန်ပြောလိုက်သေးသည်။ “ကြည့်…ငါ နင့်ကို နောက်နေတာမဟုတ်ဘူး။ ဒီနေ့ နင့်ကို တခြားသူတွေနဲ့ ငါ မမိတ်ဆက်ပေးရရင်တောင် နောင်အနာဂတ်မှာ နင်က ငါ့ခင်ပွန်းပဲ။  အခုချိန်မှာ နင်က မိန်းမနဲ့ ပတ်သက်တာ မပြောချင်ဘူးလို့ ဆိုတဲ့အတွက် ငါ နင့်ကို စောင့်နေမယ်။ နောင်တစ်ချိန်မှာ နင့်အတွက် ကလေးမွေးပေးဖို့ တခြားမိန်းမကို ယူမယ်လို့ နင် ပြောရင်တောင် ငါ နင့်ကို စောင့်နေဦးမှာပဲ။ အိုးရန်လူလူဆိုတဲ့ ငါက ငါတို့နှစ်ယောက် အသက်တွေကြီးပြီး ဆံပင်တွေဖြူသွားပေမယ့် စောင့်နေနိုင်တယ်။"

“မင်း…”

ထိုကဲ့သို့ အရေထူသည့်တစ်ယောက်နှင့် ပတ်သက်၍ ထန်ရှု မည်သည့်စကားမျှ မပြောနိုင်အောင် ဖြစ်သွားရသည်။

အိုးရန်လူလူက ထန်ရှု၏လက်ကို ပြန်ဆုပ်ကိုင်ထားပြီး "နင်က ဘာလဲ ငါကရော ဘာလဲ ဟာဟ။ ငါ့နှလုံးသားကို ခိုးယူသွားလို့ နင် တာဝန်ယူဖို့ မလိုဘူးလို့ ငါ့ကို မပြောနဲ့နော် ဟမ့်။ ငါကတော့ ဂရုမစိုက်ဘူး။ တိုတိုပြောရရင် နင်က အိုးရန်လူလူရဲ့လူပဲ။ ငါ့ရဲ့ ပစ္စည်းဥစ္စာကို နင် ပိုင်လိမ့်မယ်။ နင် အခုလိုချင်ရင် အခု ပေးမယ်။ အနာဂတ်ကျမှ လိုချင်ရင် နောင်ကျမှ ပေးမယ်။"

ရုတ်တရက် သူမ၏မျက်လုံးလေးတွေကို ကစားလိုက်ပြီး လေသံတိုးတိုးဖြင့်

"မှန်တယ် … ဒါကတော့ ငါ့ရဲ့ပိုင်ဆိုင်မှု။ မလုံလောက်သေးရင် အိုးရန်မိသားစုက အနာဂတ်မှာ ခန်းဝင်ပစ္စည်း အများအပြား ပေးလိမ့်မယ်။ နောင်လာမည့်ကာလတွေမှာ ငါက နင့်ကို မရှိမဖြစ် လိုအပ်တဲ့အရာများစွာကို ကူညီပေးနိုင်တယ်။ ဥပမာပြောရရင် အိုးရန်တွေက ချမ်းသာတဲ့မိသားစုလေ။”

ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်နေပေသည်။ ရုတ်တရက် ဘိုးဘေးဘီဘင်တွေဆီက ကြားဖူးသည့် သစ္စာတရား၏ အနှစ်သာရဖြစ်သော ကျော်ကြားသည့် စကားတစ်ခွန်းသည် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

…အိမ်ထောင်ပြုရန် မိသားစုမှ ထွက်သွားသော အပျိုမလေးသည် ဆုံးရှုံးသွားသော အရာနှင့် ထပ်တူ၍ ပြန်မရနိုင်တော့ပေ။…

ပြီးတော့ ထိုအမျိုးသမီးလေးသည် တကယ်ပင် အပြင်ထွက်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။

…နောင် ငါ့မှာသာ ဒီလိုသမီးလေးတစ်ယောက်သာ ရခဲ့မယ်ဆိုရင် သူ့ကို သေအောင် လည်ပင်းညှစ်မိမလားမသိ…

ထန်ရှု၏စိတ်ထဲတွင် အဓိပ္ပါယ်မဲ့ကာ ရယ်စရာကောင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

“သူဌေး … မြို့ခေါင်းဆောင်တွေ အများကြီး လာနေပြီ။”ဝတ်ကောင်းစားလှ ဝတ်စားထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ပြောလာသည်။

"ထန်ရှု … နင် ငါနဲ့အတူ ဧည့်သည်တွေကို ကြိုဆိုဖို့ ဆန္ဒ မရှိဘူးလား။" အိုးရန်လူလူက မေးလိုက်သည်။

"ဟင့်အင်း … ငါ မရှိဘူး။" ထန်ရှုက ခေါင်းခါပြီး ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

ထန်ရှု၏လက်မောင်းကို ဖြည်ပေးလိုက်ရင်း အိုးရန်လူလူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“နင် မသွားချင်ဘူးဆိုရင် ငါ နင့်ကို အတင်းအကြပ် မတိုက်တွန်းတော့ပါဘူး။ မန်နေဂျာဟွမ် … သူ့ကို အလစ်မပေးဘဲ စောင့်ကြည့်နေပါ။ ဖဲကြိုးဖြတ်ရမည့် အချိန်ရောက်ရင် သူ့ကို ငါ့ဆီ ခေါ်လာခဲ့ပေး။ သုခဘုံနယ်မြေမှာ သူက အကြီးဆုံးသူဌေးဆိုတာကို သတိရကြ။ သူ့အမိန့်က ငါ့ထက် ပိုထိရောက်ပြီး မရှိမဖြစ် လိုအပ်တယ်။”

"သူဌေး … မှားများ မှားနေတာလား။ သူ…” မန်နေဂျာဟွမ်က မယုံကြည်နိုင်ဟန်အမူအရာဖြင့် ပြန်ဖြေသည်။

"မဟုတ်ဘူး … ငါ အမှား မလုပ်ပါဘူး။ ငါ ပြောနေတာတွေကို ငါ သိတယ်။” အိုးရန်လူလူက ခိုင်မာစွာ ပြောလိုက်သည်။

“သူက မကြာမီ ငါ အိုးရန်လူလူရဲ့ ချစ်သူ ဖြစ်လာတော့မှာ။ အနာဂတ်မှာ ငါ့ခင်ပွန်း၊ ငါ့ကလေးလေးတွေရဲ့အဖေ ဖြစ်လာမယ့်သူ။"

မန်နေဂျာဟွမ်က ထန်ရှုအား တွေးဆနေသည့် အမူအရာဖြင့် စိုက်ကြည့်ပြီးနောက် အိုးရန်လူလူကို ပြန်ကြည့်သည်။ သူမ၏နှုတ်ခမ်းများ အကြိမ်အနည်းငယ် လှုပ်ခါသွားပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“နားလည်ပါပြီ။”

***

All Chapters